မျှော်လင့်မထားသော ကောလဟလသတင်း
Vol. 47 Ch. 654
ကျောက်တုံးအစီအရင်ထဲမှ ထွက်ပြီးနောက် ထန်ရှုသည် ၎င်းနေရာ၏ပတ်ဝန်းကျင်တွင် အစီအရင်၃ခု ခင်းကျင်းခဲ့သည်။ ၎င်းတို့ မှာ ပုံရိပ်ယောင်အစီအရင်၊ အမြဲပြောင်းလဲနေသောခုနှစ်စင်ကြယ်အစီအရင်နှင့် ခုခံကာကွယ်ရေးအစီအရင်တို့ဖြစ်သည်။ ပုံရိပ်ယောင်အစီအရင်သည် အခြားသူများ၏မျက်လုံးများကို ဇဝဇေဝါဖြင့် ရောထွေးစေနိုင်သောကြောင့် ကျောက်တုံးအစီအရင်၏တည်ရှိမှုကို အလွယ်တကူ တွေ့နိုင်မည်မဟုတ်ပေ။ ခုနှစ်စင်ကြယ်အစီအရင်သည် ထိုသူတို့အား အပြင်ဘက်သို့ လမ်းလွှဲပြောင်းပေးမည်ဖြစ်ပြီး အတွင်းဘက်အကျဆုံးရှိ ခုခံကာကွယ်ရေးအစီအရင်သည် ကျင့်ကြံသူများကို ကာကွယ်ရန် အထူးစီစဉ်ထားခြင်းဖြစ်သည်။ ထိုသူတို့သည် ရွှေအမြုတေအဆင့်သို့ ရောက်မနေပါက သည်အစီအရင်အား ဖြတ်ကျော်ရန် လွန်စွာ ခက်ခဲလိမ့်မည်ဖြစ်သည်။ သည်အစီအရင်သုံးဆင့်သည် ၎င်းတို့၏စွမ်းရည်များ တဖြည်းဖြည်း တိုးမြင့်လာစေရန် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ယှက်နွယ်ထားသည်။
“ပြီးသွားပြီ။”
ထန်ရှုသည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူသည် အစီအရင်ခင်းကျင်းဖွဲ့စည်းပုံကို နှစ်နာရီကျော် အချိန်ယူခဲ့ရသည်။ ထိုကဲ့သို့သော အစီအရင် ခင်းကျင်းမှုသည် အာရုံစူးစိုက်မှုမြင့်မားစွာ ထားရန် လိုအပ်ပြီး သူ၏စိတ်စွမ်းအားကို အသုံးပြုရသောကြောင့် ခက်ခက်ခဲခဲ လုပ်ယူရခြင်းဖြစ်သည်။ သည်အစီအရင်သုံးဆင့်သည် ထန်ရှု ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် သူ ခင်းကျင်းခဲ့ဖူးသမျှထဲတွင် အနက်နဲဆုံး အစီအရင် ဖြစ်တော့သည်။
ခန်းရှသည် သူမ အမြဲဆောင်ထားလေ့ရှိသော လက်ကိုင်ပုဝါကို ထုတ်ကာ ထန်ရှု၏နဖူးမှ ချွေးများကို ဂရုတစိုက် သုတ်ပေးလိုက်ပြီး
"နင် အဆင်ပြေရဲ့လား။"
"ကိုယ် အဆင်ပြေပါတယ်။ စိတ်စွမ်းအားကို အများကြီး သုံးလိုက်မိရုံပါ။" ထန်ရှုက ခေါင်းယမ်းကာ အပြုံးဖြင့် ပြောသည်။
"ဒါပေမယ့် ကိုယ်တို့လူနည်းစုကလွဲရင် ဒီစိတ်ဝိညာဉ်စမ်းချောင်းရဲ့တည်ရှိမှုအကြောင်း ဘယ်သူ့ကိုမှ မပြောမိဖို့ မှတ်ထားကြပါ။ ဒီကမ္ဘာ့သွေးကြောရဲ့ စိတ်ဝိညာဉ်စမ်းချောင်းဆိုတာ အမှန်တကယ်တော့ ရတနာသိုက်တစ်ခုလိုပဲ။ ဒီဟာကို အခြားသူတွေ သိသွားကြရင် ငါတို့တွေ ဆုံးရှုံးမှု ကြီးကြီးမားမားကို ခံစားရလိမ့်မယ်။”
“သဘောပေါက်ပါပြီ။” ခန်းရှ၊ အင်ဒီ၊ ဂူရင်နှင့် ထန်ရှောင်ဟန်တို့ ခေါင်းညိတ်ပြလိုက်ကြသည်။
အသံတစ်ချက်မကြားရသော တိတ်ဆိတ်နေသောည …
အအေးလှိုင်းသည် တောင်ခြေရင်းရှိ ဆာ့ဖ်ကားနှစ်စီးကို ထိခိုက်ဖျက်ဆီးတော့မည့်အလား တိုက်ခတ်သွားသည်။ သို့သော် ကြံ့ခိုင်သော လူအချို့သည် ကားဘေးတွင် ရပ်နေကာ လရောင်အောက်ရှိ တောင်ထိပ်ပေါ်သို့ အဆက်မပြတ် စိုက်ကြည့်နေသည်။
နှစ်ကီလိုမီတာအကွာတွင် ကျောက်တုန်ဟဲသည် စုမိသားစုကျေးရွာရှိ အိမ်အသေးတစ်လုံး၏ ဒုတိယထပ်တွင် ရပ်နေပြီး ဆာ့ဖ်ကားနှစ်စီးဘေးမှ လူများအား မှန်ပြောင်းဖြင့် ကြည့်နေသည်။ သူ့ရှေ့တွင် ယူနီဖောင်းဝတ်ထားသော ရဲအရာရှိတစ်ဒါဇင်ကျော် မတ်တပ်ရပ်နေကာ သူတို့ထံတွင် အထူးခြားဆုံး မြင်ရသည်မှာ ခါးတွင် တစ်စုံတစ်ခု ရှိနေခြင်းပင်။ သူတို့ လက်နက်ကိုင်ထားသည်မှာ ထင်ရှားပေသည်။
"အကြီးအကဲ ကျောက် … ငါးရက်တောင် ရှိနေပြီ။ သူတို့တွေ အဲ့ဒီနေရာမှာ ဘာလုပ်ချင်နေတာလဲ။" ပင်ပန်းနွမ်းနယ်နေဟန်ရှိသည့် ရဲအရာရှိလူရွယ်က သမ်းဝရေင်း မေးလိုက်သည်။
"မင်း ပင်ပန်းနေပြီလား။" ကျောက်တုန်ဟဲက သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ရဲဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်ကြိုးစားပြီး ခံနိုင်ရည်ရှိရမယ်။ ငါ မြို့ရဲ့မှုခင်းတစ်ခုဖြစ်စဉ်တုန်းက တစ်နေရာတည်းမှာ တစ်ယောက်တည်း ငါးရက်နေတာ မပြောနဲ့ လဝက်အထိတောင်မှ နေခဲ့ဖူးတယ်။ အခု ဒီလူတွေက သံသယဖြစ်စရာကောင်းပြီး ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေရှိနေကြသလိုပဲ။ဒါကြောင့် ငါတို့ ဒီအအေးဒဏ်ကို ကြံ့ကြံ့ခံပြီး သူတို့ကို စောင့်ကြည့်ရမှာပဲ။”
ရဲအရာရှိလူရွယ်က အနေရခက်သွားဟန်ရသည်။ သူက ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြီး ပြန်ဖြေလိုက်သည်။ “ကျွန်တော် နားလည်ပါပြီ။ အကြီးအကဲကျောက် ကျွန်တော့်ကို သင်ပေးခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး တောင်နောက်ဘက်မှာ သူတို့တွေ ငါးရက်လောက် နေပြီး ဘာလုပ်ချင်နေတာလဲဆိုတာကို ကျွန်တော် တကယ် သိချင်မိနေတယ်။”
"အဲ့ဒီမှာ သူတို့တွေ ကြာကြာလေး ငြိမ်နေလေလေ … ဇာတ်ကွက်က ပိုကြီးလေလေပဲ။" ကျောက်တုန်ဟဲက ပြောလိုက်သည်။
"ကောင်းပြီ။ ငါ ခဏ အနားယူလိုက်ဦးမယ်။ မူမမှန်တာ တစ်ခုခုတွေ့ရင် ငါ့ကို နှိုးလိုက်ပါ။"
ရဲအရာရှိလေးသည် မှန်ပြောင်းကို ယူလိုက်ပြီး ကျောက်တုန်ဟဲ ထွက်ခွာသွားတော့မှ စကြည့်ခဲ့သည်။ ကျောက်တုန်ဟဲ လှေခါးမှ ဆင်းခါနီးတွင် ထိုရဲအရာရှိလေး၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး
"အကြီးအကဲကျောက် … တစ်ခုခုဖြစ်နေပြီ!"
ကျောက်တုန်ဟဲသည် တစ်စက္ကန့်ခန့် တွေဝသွေားပြီး ချက်ချင်း နောက်ပြန်လှည့်ကာ မြင်ကွင်းကို ကြည့်ရှုရန် မှန်ပြောင်းကို ကိုင်လိုက်သည်။
“အမ် … အဲ့ဒါ … မဟုတ်လား…”
တောင်ခြေတွင်…
ထန်ရှုတို့အဖွဲ့သည် တောင်ပေါ်မှ ထွက်လာရန် ငါးနာရီကြာ အချိန်ယူရလိုက်ရသည်။ ထိုနေရာသို့ ရောက်သောအခါ သူ့အား နှုတ်ဆက်နေသော မိုအားဝူတို့အုပ်စုကို ကြည့်ပြီး အပြုံးဖြင့် "မင်းတို့ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သေးလား။ "
"အမှောင်ထဲမှာ ရဲတွေ ပုန်းကွယ်ပြီး ငါတို့ကို ကာကွယ်ပေးနေကြတယ် သူဌေး။ ဒါကြောင့် မထင်မှတ်တာတွေ ဘာမှ မဖြစ်ခဲ့ဘူး။ သူဌေး တောင်ပေါ် ကို ပထမဆုံး ခြေချတဲ့နေ့မှာ အနီးနားက ရွာသူရွာသား တချို့က ငါတို့ဆီ ရောက်လာသလို ရဲတွေလည်း လာခဲ့ကြပေမယ့် နောက်ပိုင်း ဘယ်သူမှ ထပ်မလာတော့ဘူး။"
ရဲတွေလား…
ထန်ရှု မျက်မှောင်ကြုတ်သွားပြီး
"ဒီနားမှာ ရဲတွေ ရှိနေတာလား။"
“ဟုတ်တယ်။” မိုအားဝူ ခေါင်းညိတ်ရင်း “ဒီကနေ ၂ကီလိုမီတာကျော်အကွာက ရွာမှာ သူတို့ ရှိကြတယ်။ ငါတို့လည်း သူတို့ကို စောင့်ကြည့်နေသလို သူတို့ကလည်း မှန်ပြောင်းနဲ့ ကြည့်နေတယ်။ မြို့ကိုသွားပြီး ပြောင်ဝမ် အစားအသောက်ဝယ်တဲ့ အချိန်ဆို သူတို့ကို အကဲခတ်ဖို့ အခွင့်အရေးရတယ်လေ။ သူတို့အထဲ ခိုးဝင်ပြီး ရဲတပ်ဖွဲ့ဝင်တွေအကြောင်း ရှင်းရှင်းလင်းလင်း သိအောင်လုပ်လိုက်တော့ သူတို့တွေက ချင်ဟီခရိုင်ရဲ့ ပြည်သူ့လုံခြုံရေးဗျူရိုက ဖြစ်နေတယ်။”
ထန်ရှုက ခေါင်းညိတ်ပြပြီး
"ဒီနေရာမှာ နေတာ ကြာသွားတော့ လူတွေက သံသယဝင်သွားကြတာ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ထားလိုက်တော့ … ဒါက နားလည်မှုလွဲနေတာဖြစ်မယ်။"
ထို့နောက် ကားနှစ်စီးသည် စုမိသားစုကျေးရွာအနီးသို့ မောင်းနှင်လာခဲ့သည်။
ထိုနေရာသို့ ရောက်ရုံရှိသေးချိန်တွင် ရဲကားလေးစီးက သူတို့ကို ပိတ်ဆို့လာသည်။ ထန်ရှုက အလျင်စလို မဆင်းဘဲ အရှေ့တွင် ယောက်ယက်ခတ်နေသော ရဲများကိုသာ ကြည့်နေသည်။ ကျောက်တုန်ဟဲနှင့် ရဲနှစ်ယောက် ထွက်လာသည့်အခါတွင်တော့ ထန်ရှု၏ မျက်ခုံးများ တွန့်သွားပြီး ကားတံခါးကို ဖွင့်ကာ ထွက်လာလိုက်သည်။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ ထန်ရှု…" ကျောက်တုန်ဟဲက မချိပြုံး ပြုံးကာ သူ့ကို စီးကရက်တစ်လိပ် လှမ်းပေးလိုက်သည်။
ထန်ရှုက စီးကရက်ကို လှမ်းယူလိုက်ပြီး အပြုံးဖြင့်
"ကျွန်တော့်ခန့်မှန်းချက် မှန်ရင် ကျွန်တော်တို့ ဒီမှာ မထင်မှတ်တဲ့ ကောလဟလတစ်ခု ဖန်တီးခဲ့သလို ဖြစ်သွားပြီထင်တယ် အကြီးအကဲကျောက်။ ကျွန်တော့်သက်တော်စောင့်တွေဆီက ဒီငါးရက်အတွင်း အကြီးအကဲကျောက်တို့ သူတို့ကို လျှို့ဝှက်စွာ အကာအကွယ်ပေးနေတယ် ဆိုတာ ကျွန်တော် ကြားရတယ်။ တကယ်က ကျွန်တော့်ရဲ့မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ တောင်ပေါ်ကို တက်သွားခဲ့တာပါ။ တောင်ရဲ့အနောက်မှာ လမ်းပျောက်နေတော့ လမ်းလွှဲသွားပြီး ထွက်လာဖို့ ရက်အတော်ကြာ သွားခဲ့ရတာပါ။”
ကျောက်တုန်ဟဲ အံ့အားသင့်သွားသည်။ ပြည်သူ့လုံခြုံရေးဗျူရိုသို့ ပေးပို့လာသည့် အစီရင်ခံစာသည် ဤကဲ့သို့ မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ထိုအစီရင်ခံစာတွင် သံသယဖြစ်ဖွယ် လူများသည် ဤနေရာအနီးတစ်ဝိုက်တွင် လျှောက်သွားနေသည်ကို မြင်ခဲ့ရသည်ဟု ဖော်ပြထားသည်။ သည်ကဲ့သို့ အေးသော ရာသီဥတုတွင် ငါးရက်လောက်နေပြီး ထိုကိစ္စအား ဖြေရှင်းရန်အတွက် သူ လက်ရှိကိုင်တွယ်နေသော တခြားကိစ္စများအားလုံးကို ချန်ထားခဲ့ရသည်။
ခန်းရှနှင့် အင်ဒီတို့အား ကျောက်တုန်ဟဲ ကြည့်မိရုံသာမက ဂူရင်နှင့် ထန်ရှောင်ဟန်တို့ကိုပါ ကြည့်မိပြီး သူ၏နှုတ်ခမ်းများ အနည်းငယ် မဲ့ရွဲ့သွားကာ ပြောစရာစကားများပင် ပျောက်ဆုံးသွားရသည်။ ခန်းရှနှင့် အင်ဒီက သူ့အား အသက်ရှုမှားလောက်စရာ ခံစားချက်ကို ပေးသော်လည်း ထန်ရှုသည် ကလေးများကို ခေါ်ဆောင်လာကတည်းက ထိုအမျိုးသမီးများအား မဖွယ်မရာ ပြုမည်မဟုတ်ဟု သူ ယုံကြည်သည်။
“အဟွတ် … အဟွတ် … ဒါက နားလည်မှုလွဲတာဆိုတော့ ငါတို့ ဒီမှာ ဆက်ပြီး ဒုက္ခခံနေစရာ မလိုတော့ဘူး။ ထန်ရှု … မင်း ဒီကို ထပ်လာကစားဦးမယ်ဆိုရင် ငါတို့ကို တရားဝင် ကြိုပြောပေး။ နို့မဟုတ်ရင် လူတွေဆီက ငါတို့ အစီရင်ခံစာတွေ ထပ်ပြီးရနေလိမ့်မယ်။”
သူ့လေသံကြောင့် ထန်ရှု အနည်းငယ် အားနာသွားကာ တောင်းပန်သည့်အကြည့်ဖြင့် ချက်ချင်းပြုံးပြလိုက်ရင်း "အကြီးအကဲကျောက် တကယ်တောင်းပန်ပါတယ်ဗျာ။ မိသားစုနဲ့ သူငယ်ချင်းတွေ ပျော်ရွှင်အောင်လုပ်ဖို့ပဲ တွေးမိပြီး ဒီလိုနားလည်မှုလွဲသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ပြည်သူ့လုံခြုံရေးဗျူရိုရုံးရဲ့ မီးဖိုချောင်က ဟောင်းနွမ်းနေပြီး ပြန်လည်ပြုပြင်သင့်နေပြီလို့ ကျွန်တော် ကြားတယ်။ ဒီလိုဆိုရင်ရော … ကျွန်တော်ရဲ့စိတ်စေတနာကောင်းကို ပြတဲ့အနေနဲ့ ယွမ်ငါးသိန်းကို လှူဒါန်းမယ်ဆို ဘယ်လိုသဘောရလဲ။”
"ဒါ…"
ထန်ရှုသည် သူ၏စိတ်စေတနာကောင်းကို ပြသခဲ့သည်မှာ တောင်းပန်ရန် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ကျောက်တုန်ဟဲ၏အတွင်းစိတ်တွင် ရှင်းလင်းစွာ သိနေသည်။ ပြည်သူ့လုံခြုံရေးဗျူရို၏ မီးဖိုချောင်သည် ပျက်စီးယိုယွင်းနေသည်ဟု ပြောခြင်းမှာ အကြောင်းပြချက်တစ်ခုကလွဲပြီး ဘာမှ မဟုတ်ပေ။ သို့သော် ဤကိစ္စတွင် ထန်ရှု၏ သဘောထားကို အသိအမှတ်ပြုကာ အထင်ကြီးမိပြီး ထန်ရှု၏စရိုက်ကောင်းအတွက် စိတ်အတွင်းထဲမှ ချီးကျူးမိသည်။ နောက်ဆုံးတွင် သူ သဘောတူလိုက်သည်။
သူတို့ ထွက်ခွာတော့မည်ဖြစ်သောကြောင့် ထန်ရှုတို့ကားတန်းအား အဝေးပြေးလမ်းဆုံအထိ ရဲကားလေးငါးစီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ ကျောက်တုန်ဟဲတို့ကို နှုတ်ဆက်ပြီးနောက် ထန်ရှုတို့ ကြယ်တာရာသို့ အမြန်ပြန်သွားကြသည်။
ကြယ်တာရာကို ပြန်ရောက်သည့်အခါတွင် မနက်အစောကြီး ဖြစ်နေခဲ့ချေပြီ။ ထန်ရှုက ခန်းရှနှင့်အင်ဒီအား မိုအားဝူကို အိမ်ပြန်ပို့ခိုင်းလိုက်ပြီး တောင်တံခါးအိမ်ရာကို ကိုယ်တိုင် ကားမောင်းပြန်လာခဲ့သည်။ ဂူရင်နှင့် ထန်ရှောင်ဟန်တို့သည် လမ်းမှာ နာရီအနည်းငယ် ကြာအောင် အိပ်ခဲ့ကြသော်လည်း သူတို့အခန်းထဲတွင် သွားဆက်အိပ်ရန် ထန်ရှု အမိန့်ပေးလိုက်သည်။
"ထန်ရှု … တနေ့တုန်းက သူဌေးယွမ်ကျန်းရွှမ်လို့ခေါ်တဲ့ လူတစ်ယောက် ဒီကို လာလည်သွားတယ်။ သူက နင့်ကို ဖုန်းဆက်ပေမယ့် နင် ဖုန်းပိတ်ထားတယ်တဲ့။ နင် မြို့ကနေ ခရီးတိုထွက်သွားတယ်လို့ ငါ ပြောထားတယ်။ နင် ပြန်လာတဲ့အခါ တတ်နိုင်သမျှမြန်မြန်ဖုန်းဆက်ဖို့ မှာသွားခဲ့တယ်။" မုချင်းဖျင်သည် ထန်ရှုအား အောက်ထပ်တွင် တွေ့သောအခါ အလျင်အမြန် သတင်းပို့လာသည်။
ထန်ရှု၏မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်ကာ “ကျွန်တော် သိပြီ။ မနက်စာ စားပြီးရင် သူနဲ့ တွေ့လိုက်မယ်။"
"ဒါနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်မှာ ပြန်ဖို့ ဆိုင်ပန်လေယာဉ်လက်မှတ်ကို ငါ ဝယ်ထားပြီးပြီ။" မုချင်းဖျင်က ပြုံးလျက် ဆက်ပြောသည်။
"ဘာလို့ အိမ်မှာ နောက်ထပ် ရက်နည်းနည်းလောက် မနေရတာလဲ။" ထန်ရှုက မေးလိုက်သည်။
“ဒီနေရာနဲ့ နဂါးကိုးကောင်ကျွန်းက ငါ့အိမ်ပါပဲ။ ငါ ပြည်မကြီးကို ပြန်ရောက်တာ အတော်ကြာနေပြီ။ ဟိုက ကိစ္စတွေကို တခြားသူတွေနဲ့ ကြာကြာထားခဲ့တာ စိတ်မဖြောင့်ဘူး။”မိုချင်းဖျင်က ပြုံးပြီး ပြောသည်။
“ကောင်းပါပြီ။ အစ်မကြီးက လေယာဉ်လက်မှတ်ကို ကြိုတင်မှာထားပြီးသားဆိုတော့ စီစဉ်ထားတဲ့အတိုင်း လုပ်ပါ။ ဒီတစ်ခေါက် အစ်မကြီးနဲ့အတူလိုက်ဖို့ သက်တော်စောင့်နှစ်ယောက်ကို ကျွန်တော် တာဝန်ပေးလိုက်မယ်။ ငြင်းဖို့ မစဉ်းစားပါနဲ့။ အစ်မကြီးမုရဲ့လုံခြုံရေးက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် နဂါးကိုးကောင်ကျွန်းကို ချောချောမွေ့မွေ့ ရောက်ဖို့ သေချာအောင်လုပ်ရမယ်။"
မုချင်းဖျင်သည် စိတ်ထဲတွင် နွေးထွေးသွားရပြီး သူမ ငြင်းဆန်ရန် ပြင်ဆင်သည့် စကားလုံးများကို ပြန်လည် မျိုချလိုက်တော့သည်။
မနက်စာစားပြီးနောက် ထန်ရှုသည် ၂၀%သာ အားရှိတော့သော ဖုန်းကို ယူကာ အားသွင်းနေရင်း ယွမ်ကျန်းရွှမ်ကို ဖုန်းဆက်လိုက်ပြီး ကြယ်တာရာရှိ အီလက်ထရွန်းနစ် စက်ရုံလေးတစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
"ဒီမှာ…"
အီလက်ထရွန်းနစ်စက်ရုံလေး၏အဝင်ဝသို့ ထန်ရှု ရောက်သွားသည့်အခါတွင် ယွမ်ကျန်း ရွှမ်က လက်ဝှေ့ယမ်းပြီး လုံခြုံရေးနေရာကနေ လှမ်းခေါ်သည်ကို တွေ့လိုက်ရသည်။ သူက လမ်းဘေးတွင် ကားရပ်ကာ ဆင်းလိုက်ပြီး “အန်ကယ်ယွမ် … ဟိုရက်တွေက ကျွန်တော် မြို့ပြင်ကို ခဏ ထွက်သွားတယ်။ ဒီနေ့မနက်အစောကြီးပဲ ပြန်ရောက်တယ်။ ဒါ အရေးတကြီး ကိစ္စ ရှိတာတော့ မဟုတ်ဘူးမလား။"
“အဆင်ပြေပါတယ်။” ယွမ်ကျန်းရွှမ် ပြုံးလိုက်သည်။ “စကားမစပ် … ဒီက သိပ္ပံပညာရှင်တွေနဲ့ သုတေသီတွေကို မင်းလိုချင်နေတဲ့ စိတ်ကူးကို ငါ ကြိုတင်ပြီး ပြောပြပြီးပြီ။ ဒါပေမယ့် မင်း လေ့လာချင်တဲ့ ထုတ်ကုန်ကို မသိလို့ သူတို့ ချက်ချင်း သဘောမတူကြသေးဘူး။ အားလုံးက အထဲမှာ ရောက်နေပြီး မင်းနဲ့ စကားပြောချင်နေကြတယ်။”
"ပြဿနာမရှိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အန်ကယ်ယွမ်က ခေါ်သွားပေးပါဦး။” ထန်ရှုက ပြောသည်။
ထန်ရှုသည် ကားကို အီလက်ထရွန်းနစ်ပစ္စည်းစက်ရုံသို့ မောင်းနှင်လာစဉ် ယွမ်ကျန်းရွှမ်ဆီမှတဆင့် လျှို့ဝှက်ဓာတ်ခွဲခန်းကို ဤနေရာတွင် တည်ဆောက်ထားကြောင်း သိရှိခဲ့ရသည်။ ထိုသုတေသီများ သုတေသနပြုထားသော ထုတ်ကုန်များသည် ပြီးဆုံးသွားပြီဖြစ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အများစုကိုလည်း ထုတ်ပယ်ထားပြီးဖြစ်သည်။ ထိုနေရာကို အီလက်ထရွန်နစ်ပစ္စည်းစက်ရုံဟု အမည်ပေးထားသော်လည်း ၎င်းသည် ဖုံးကွယ်မှုတစ်ခုသာ ဖြစ်သည်။
"သူဌေး…"
သုံးထပ်တိုက်အဝင်ဝတွင် ယူနီဖောင်းဝတ် လုံခြုံရေးအစောင့်နှစ်ဦးက အလေးပြုသည်။
ယွမ်ကျန်းရွှမ်က သူတို့ကို ခေါင်းညိတ်ပြပြီး ထန်ရှုကို အတွင်းသို့ ခေါ်သွားခဲ့ပြီး ဓာတ်လှေကား တပ်ဆင်ထားသည့် အခန်းအပြင်ဘက်တွင် ရပ်လိုက်သည်။ လက်ဗွေရာ၊ မျက်စိအမြင်လွှာ၊ စကားဝှက်နှင့် လုပ်ငန်းခွင်ကတ်အား စကင်န်ဖတ်ခြင်း စသည့် စစ်ဆေးမှုများစွာကို ဆက်တိုက် လုပ်ဆောင်ပြီးနောက် နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်နိုင်ခဲ့သည်။ ထို့နောက် ယွမ်ကျန်းရွှမ်သည် (-၂) ခလုတ်ကို နှိပ်လိုက်ရာ မြေအောက်ထဲသို့ ဆင်းသွားတော့သည်။
မြေအောက် ဒုတိယထပ်…
သူတို့နှစ်ယောက် ဝင်လာသည်နှင့် ထန်ရှု၏အရှေ့တွင် ပေါ်လာသောအရာသည် ကြီးမားသော နေရာတစ်ခု ဖြစ်သည်။ အတွင်းပတ်ဝန်းကျင်သည် ရုပ်ရှင်များတွင် ပါရှိသော အရာများနှင့်ဆင်တူသည်၊၊ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများနှင့် နံရံများသည် မပျက်စီးနိုင်သော သံခံတပ်တစ်ခုလို ဖြစ်နေသည်။
အတွင်းဘက်ရှိ အလုံပိတ်ထားသောအခန်းမှလွဲ၍ သိပ္ပံပညာရှင်များနှင့် သုတေသီ ဒါဇင်ပေါင်းများစွာ ထိုနေရာတွင် ရှိနေသည်။ တစ်ချို့က အထိုင်ချထားသော ကွန်ပျူတာများကို သုံးနေကြပြီး တစ်ချို့က မဂ္ဂဇင်းတွေကို လှန်လှောကြည့်နေကြကာ တချို့ကတော့ မိုဘိုင်းလ်ဖုန်းများ ကြည့်ရင်း မိုဘိုင်းလ်ဖုန်းဂိမ်းများကို ကစားနေကြဟန် ရှိသည်။
…ဖြောင်း...ဖြောင်း…
ယွမ်ကျန်းရွှမ်က လက်ခုပ်တီးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"အားလုံးပဲ ကျေးဇူးပြုပြီး လုပ်နေတာကို ရပ်လိုက်ကြပါဦး။ ငါ မင်းတို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါမယ်။ ဒါက ကြယ်တာရာမှာ ကျော်ကြားတဲ့ ထန်ရှုပါ။ မင်းတို့ သူ့ရဲ့ဂုဏ်ပုဒ်ကို သိလောက်ကြမယ်လို့ထင်တယ်။"
"ကြယ်တာရာတရုတ်တိုင်းရင်းဆေးဆေးရုံရဲ့ နတ်ဆေးသမားတော်လေး။"
အင်္ကျီဖြူဝတ်ထားသော ဆံပင်ဖြူအဘိုးကြီးတစ်ဦးက အနားကပ်လာပြီး နှုတ်ဆက်သည်။ သူ့လက်ထဲတွင် ဓာတ်ပုံမှန်ဘောင်တစ်ခုကို ကိုင်ထားရင်း လက်ကို ဆန့်တန်းကာ
“ငါက ဒီသုတေသနဌာနရဲ့ ဒါရိုက်တာ မိုရီပါ။ ဒါရိုက်တာ မို ဒါမှမဟုတ် ပါမောက္ခမိုလို့ ခေါ်နိုင်ပါတယ်။
***