သိပ္ပံနှင့် နည်းပညာ၏စွမ်းအား
Vol. 47 Ch. 655
ထန်ရှုက မိုရီနှင့် လက်ဆွဲနှုတ်ဆက်ပြီး အပြုံးဖြင့် "ပရော်ဖက်ဆာမို … ခင်ဗျားအကြောင်း ကြားဖူးနေတာ ကြာပါပြီ။ အန်ကယ်ယွမ်နဲ့စကားပြောဖြစ်တိုင်း ခင်ဗျားကို အရမ်းချီးကျူးပါတယ်ဗျာ။"
"သူ ငါ့အကြောင်း မကောင်းပြောရဲရင် သူ့ခြေထောက်ကို ငါ ရိုက်ချိုးလိုက်မယ်။" မိုရီက ယွမ်ကျန်းရွှမ်ကို တစ်ချက် ကြည့်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "ဒါပေမယ့် သူ ထုတ်လုပ်ချင်တဲ့ ထုတ်ကုန်တွေက ပြီးသွားသလို ရလဒ်ကောင်းတွေလည်း ထွက်လာတယ်။ သူက ငါတို့ကို မလိုအပ်တော့လို့ ငါတို့ကို မောင်းထုတ်ချင်နေတော့ လူတိုင်း အခု မသက်မသာ ဖြစ်နေကြတယ်။"
ထန်ရှုသည် ယွမ်ကျန်းရွှမ်၏မျက်နှာတွင် ရှက်ရွံ့သွားသော အရိပ်အယောင်ကို မြင်လိုက်ရသောကြောင့်
"ခင်ဗျား ပြောတာမမှန်ပါဘူး ပါမောက္ခမို။ အန်ကယ်ယွမ်နဲ့ ကျွန်တော်က မိသားစုတစ်ခုလိုပါပဲ။ သူက ခင်ဗျားတို့ကို ကျွန်တော်နဲ့ မိတ်ဆက်ပေးတဲ့သူပဲဆိုတော့ မောင်းထုတ်ချင်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ အမှန်တော့ လူတိုင်းက စိတ်ပူနေကြတာကို ကျွန်တော် သိပါတယ်။ ခင်ဗျားတို့အားလုံး ကျွန်တော် အရမ်းတောင်းဆိုမှာကိုရော၊ ထုတ်ကုန်အတွက် သုတေသနလမ်းညွှန်ချက်ကို သံသယတွေ ဖြစ်နေကြတာရောအပြင် ကျွန်တော် အဲ့ဒါကို တကယ် ရင်းနှီးမြှုပ်နှံနိုင်ခြင်း ရှိ မရှိကိုပါ ကြောက်နေကြတယ်။ ဒါပေါ့ … လူတိုင်းရဲ့ လစာကလည်း ပြသနာ ဖြစ်နေမှာပဲ။ ဒါကြောင့် ဒီနေ့ ဒီကို လာရတဲ့ အကြောင်းရင်းက ခင်ဗျားတို့အားလုံးနဲ့ ဆွေးနွေးဖို့ပါပဲ။”
ထန်ရှုက လိုရင်းသို့ တစ်ခါတည်း သွားသည်ကို မြင်သောအခါ ယွမ်ကျန်းရွှမ်က ချက်ချင်းပင်
"ကောင်းပြီ။ မင်းတို့ ဒီမှာ အရင်စကားပြောကြဦး။ ငါ အပြင်သွားပြီးတော့ တချို့ကိစ္စတွေ သွားလုပ်လိုက်ဦးမယ်။ နေ့လည်စာစားချိန်ကျ ပြန်တွေ့မယ် ထန်ရှု…"
"အိုခေ…။" ထန်ရှုက ခေါင်းညိတ်ပြပြီး ယွမ်ကျန်းရွှမ် ထွက်ခွာသွားသည်ကို ကြည့်နေရင်း မိုရီအား တစ်ဖန်ပြန်ကြည့်လိုက်ကာ
"ပါမောက္ခမို … ကျွန်တော် ပြောခဲ့တာတွေက ခင်ဗျားတို့ အခု စိုးရိမ်နေကြတာတွေပဲမဟုတ်ဘူးလား။"
“ဟုတ်တယ်။ မင်း ပြောခဲ့တာတွေက ငါတို့ စိုးရိမ်နေကြတဲ့အရာတွေပဲ။ မင်း ငါတို့အတွက် ဒီပြဿနာတွေကို ဖြေဖျောက်ပေးနိုင်ရင် ငါတို့ မင်းအတွက် အလုပ် လုပ်ပေးနိုင်တယ်။” မိုရီက ဆိုသည်။
ထန်ရှုက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်ပြီး လူအားလုံးကို ထိုင်ခုံမှာ ထိုင်ရန် လက်ဟန်ပြကာ
"အရင်ဆုံး ကျွန်တော့်သုတေသနရဲ့ ဦးတည်ချက်ကို ပြောပြမယ်ဗျာ။ ကမ္ဘာမြေဆွဲအားနယ်ပယ်အကြောင်း လူတိုင်း သိကြမယ်ထင်ပါတယ်။ ကျွန်တော် သုတေသန လုပ်ချင်တာက လေယာဉ်ပျံတစ်စင်း လေထဲ ပေါ်လောပေါ်နိုင်တဲ့ပုံနဲ့ အလားတူတယ်။ အဲ့ဒီအရာဝတ္ထုကို 'မိုးပျံအဝိုင်းပြား' လို့တော့ ကျွန်တော် ယာယီ အမည်ပေးထားတယ်။ အဲ့ဒီပစ္စည်းအမျိုးအစားကို သုတေသနပြုပြီး တီထွင်ပြီးသွားတဲ့အခါ လူတွေကို အဲ့ဒီမိုးပျံအဝိုင်းပြားတွေပေါ် မတ်တပ်ရပ်ပြီး ပျံသန်းဖို့ ခွင့်ပြုစေနိုင်လိမ့်မယ်ဆိုရင် တစ်နေ့မှာ လူအဖွဲ့အစည်းထဲ လူကြိုက်များလာမှာပဲ။"
မိုးပျံအဝိုင်းပြားတဲ့လား…။
မိုရီနှင့် သုတေသနပညာရှင် တစ်ဒါဇင်ကျော်တို့၏ မျက်နှာများထက်တွင် ထူးဆန်းသောအမူအရာများ ဖြစ်ပေါ်နေကြပြီး ထန်ရှုအား ကမ္ဘာမြေအပြင်ဘက်က သတ္တဝါကို ရှုမြင်နေသည့်အလား ဖြစ်နေကြသည်။ သူပြောသော အရာဝတ္ထုအား သူတို့ မြင်ဖူးကြသော်လည်း နိုင်ငံခြား စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်များထဲတွင်သာ မြင်ဖူးခြင်းဖြစ်ပေသည်။
"မင်း ငါတို့ကို နောက်နေတာလား မစ္စတာထန်။"
မိုရီသည် သူ့ပတ်ဝန်းကျင်ရှိ ထိပ်တန်းသုတေသန ပညာရှင်များစွာနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် ထန်ရှုအား မေးလိုက်သည်။
"မဟုတ်ဘူး။ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
"ကျွန်တော့်စိတ်ထဲမှာ တကယ်ရှိနေတာကို ပြောခဲ့တာ။ သိပ္ပံပညာကုန်ပစ္စည်းတွေက စိတ်ကူးစိတ်သန်းကနေ ဖန်တီးဖို့ လိုအပ်နေဆဲပဲလေ။ ဥပမာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခုလိုမျိုး ကမ္ဘာပေါ်မှာ သံလိုက်ရထားတွေ ရှိလာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ၁၉၀၃ခုနစ် ဒီဇင်ဘာလ ၁၇ရက်မှာ အမေရိကန်မှ ရိုက်ညီနောင်က သမိုင်းမှာ ပထမဆုံး လေယာဉ်ကို မောင်းနှင်ပြီး ပျံသန်းဖို့ အိပ်မက်ကို ပထမဆုံး အကောင်အထည်ဖော်ခဲ့သူတွေမဟုတ်လား။ ဒီအဖြစ်အပျက်ကို သမိုင်းမှတ်တမ်းများတွင် မရေးထားမီကဆို ကမ္ဘာပေါ် မှာ လေယာဉ်တွေ ထုတ်လုပ်ပြီး ဒီနေ့ခေတ်လူသားတွေရဲ့ သယ်ယူပို့ဆောင်ရေးအဓိကယာဉ်တွေထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ခဲ့မှာလဲ။”
မိုရီနှင့် သုတေသနပညာရှင် ဒါဇင်ပေါင်းများစွာသော သုတေသီများသည် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ထန်ရှုသည် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ သို့သော် ထိုစိတ်ကူးယဉ်ဆန်သောစိတ်ကူးသည် ပုံရိပ်ယောင်တစ်ခုသဖွယ် ဖြစ်ပြီး သူတို့၏စိတ်အတွင်းထဲတွင် မသက်မသာဖြစ်ကာ အားတင်းပြုံးနေကြသည်။
“မင်းက ဒီသုတေသနမှာ ရင်းနှီးမြှုပ်နှံမယ့် လူတစ်ယောက်ဆိုရင် ငါတို့ မင်းရဲ့ အစီအစဉ်အတိုင်း လိုက်နာသင့်တာပေါ့ ထန်ရှု။ ဒါပေမယ့် မင်း ပြောခဲ့တဲ့ ဒီမိုးပျံအဝိုင်းပြားက သုတေသနလုပ်ဖို့ အရမ်း ခက်တယ်။ သုတေသနပညာရှင်တွေ လုပ်နေတဲ့ အဓိကအကြောင်းအရာက အပူနဲ့ အပူရှိန်ကို အခြေခံတဲ့လက်နက်တွေကို အဓိကထားပြီး လုပ်နေကြတာလေ။ ကမ္ဘာမြေဆွဲအားနဲ့ ပတ်သက်တဲ့ စက်မှုအတတ်ကိုတော့ လေ့လာဖူးပေမယ့် နက်နက်နဲနဲ စေ့စေ့စပ်စပ်တော့ မသိကြဘူး။ ခုနက မင်း ပြောခဲ့တဲ့ အကြောင်းအရာရဲ့ နောက်ကွယ်က ရွေ့လျားလှုပ်ရှားနိုင်တဲ့ အားတစ်မျိုးကို ကြားဖူးပေမယ့် အဲ့ဒါနဲ့ ပတ်သက်ပြီး အဓိက ပြဿနာဖြစ်တဲ့ ယာဉ်လမ်းကြောပြသနာကို မင်း သတိမထားမိဘူးနဲ့တူတယ်။ ဒီစကားကြားရတာ မသာမယာဖြစ်နိုင်ပေမယ့် ငါတို့ကတော့ တာဝန်မကျေမှာကိုစိုးမိတယ်။”
မိုရီက လေးနက်သောအမူအရာဖြင့် ပြောလာသည်။
"ဒီပြဿနာက ကောင်းကောင်း ဖြေရှင်းနိုင်လောက်ပေမယ့် အဲ့ဒါကို ကျွန်တော် နောက်မှ ပြောပြမယ်။ နောက်ပြဿနာတစ်ခုဖြစ်တဲ့ ဒီအဖွဲ့အစည်းကို ကျွန်တော် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို ဆွေးနွေးကြရအောင်။ သုတေသန တိုးတက်မှုကို နားလည်ဖို့နဲ့ ကြီးကြပ်ဖို့အတွက် ကျွန်တော့်လူတွေကို စေလွှတ်လိုက်မယ်ဆိုပေမယ့် သုတေသနရဲ့ အကြောင်းအရာနဲ့ကိစ္စတွေကို ကျွန်တော် စွက်ဖက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ လစာအတွက် လက်ရှိ လစာဟာ ၅၀%တိုးလာမှာ ဖြစ်သလို ခိုင်မာတဲ့ သုတေသနရန်ပုံငွေကိုလည်း ကျွန်တော် ထောက်ပံ့ပေးထားမယ်။ ခင်ဗျားတို့ ဘယ်လောက်ပဲ တောင်းရဲပါစေ ကျွန်တော် ထောက်ပံ့ပေးမယ်။"
“ဒီကိစ္စက လုံးဝအသစ်ကြီးပဲ မစ္စတာထန်။” မိုရီက မျက်မှောင်ကြုပ်ကာ ပြောလိုက်သည်။
“ဒါကို သုတေသနလုပ်ဖို့ အရမ်းခက်မယ်။ လိုအပ်တဲ့ ရန်ပုံငွေတွေက ကြီးမားလိမ့်မယ်။ ဒီပရောဂျက်ရဲ့ စမ်းသပ်မှုသက်သက်အတွက် … ငါတို့တွေ ဒါဇင်နဲ့ချီ ဒါမှမဟုတ် ရာနဲ့ချီတဲ့ ရှုံးနိမ့်မှုတွေ ... ကြုံတွေ့ကောင်း ကြုံတွေ့နိုင်တယ်။ မင်းမှာ ဒီလို နက်ရှိုင်းတဲ့ အိတ်ကပ်နဲ့ ငွေကြေးအထောက်အပံ့တွေ ရှိသလား။ မင်း ပြောခဲ့တဲ့ စကားအတွက် မင်း တကယ်ပဲ တာဝန်ယူနိုင်ပါ့မလား။"
ထန်ရှုက ယုံကြည်မှု ရှိရှိဖြင့်
"ခင်ဗျားတို့အားလုံး ကြယ်တာရာမှာ အလုပ်လုပ်နေကြတာဆိုတော့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို သိကြမှာပေါ့။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ် … ကျွန်တော်က အဲ့ဒီလုပ်ငန်းစုရဲ့ ပိုင်ရှင်ပါပဲ။ ဆိုတော့ ဒီသုတေသနကို အကောင်အထည် ဖော်ဖို့ ခင်ဗျားတို့အတွက် လုံလောက်တဲ့ ရန်ပုံငွေ ရှိပြီလို့ ခင်ဗျား ထင်ပြီလား။”
"ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု…"
မိုရီ၏မျက်နှာတွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ပေါ်လာသကဲ့သို့ အချို့သုတေသနပညာရှင်အချို့တောင်မှ အသံထွက်အော်မိကြသည်။ သူတို့သည် ကြယ်တာရာတွင် နှစ်အတော်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြသောကြောင့် ဤကုမ္ပဏီအကြောင်း မသိဘဲ မည်သို့ရှိနိုင်ပါမည်နည်း။ ကြယ်တာရာရှိ ကုမ္ပဏီများအားလုံးတွင် ဤကုမ္ပဏီသည် အခြားသူများ မနာလိုအားကျလောက်အောင် အမြတ်အစွန်းများနှင့်အတူ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်ပြီး ကြီးထွားနေခဲ့သည်။
မိုရီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး “ကောင်းပြီ။ ပထမကိစ္စကို ပြန်ကြည့်ရအောင်။”
"ပရော်ဖက်ဆာ မို … ကျွန်တော် ငယ်စဉ်ကတည်းက သင်ယူခဲ့ရတဲ့ အမှန်တရားတစ်ခုရှိတယ် … အဲ့ဒါက ပိုက်ဆံဆိုတာ အရာအားလုံးရဲ့ အဖြေမဟုတ်သလို အလုံးစုံသော အစွမ်းအစလည်း မဟုတ်ဘူး။ ဒါပေမယ့် အခုခေတ်မှာတော့ တော်တော်နီးစပ်တယ်လို့ ဆိုနိုင်တယ်။ ပိုက်ဆံရှိရင် ကျွန်တော်တို့တတွေက နတ်ဆိုးတွေလိုတောင် လုပ်နိုင်တယ်လို့ ပြောလေ့ရှိတယ်။ ကျွန်တော့်မှာ သုတေသနရံပုံငွေတွေ ရှိနေသရွေ့ သုတေသနအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ဒါမှမဟုတ် တခြားကျွမ်းကျင်သူတွေ ငှားဖို့ ခင်ဗျား ပိုက်ဆံ တောင်းနိုင်တယ်။ ပိုက်ဆံရှိရင် နျူကလီယားထိပ်ဖူးကိုတောင် ဝယ်လို့ရတယ်ဆိုတဲ့ စကားတချို့ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ကြားမိသေးတယ်။”
မိုရီ ရုတ်တရက် ထလာပြီး ထန်ရှုကို စိုက်ကြည့်လိုက်ရင်း
"ငါ တစ်ခုလောက် သိချင်ပါတယ်။ မစ္စတာထန်က ကနဦးရင်းနှီးမြှုပ်နှံမှုမှာ ဘယ်လောက် ငွေရင်းနှီးမြှုပ်နှံမလဲ။"
“ကျွန်တော်လည်း အဲ့ဒါကို သိချင်နေတယ်။”ထန်ရှုက မေးသည်။
“ဒီစီမံကိန်းကို မစခင် အရင်းအနှီး ဘယ်လောက် လိုအပ်မလဲ။”
"ဒါ..."
မိုရီသည် ထိုစကားကြောင့် တုန်လှုပ်သွားပြီး အချိန်အတော်ကြာအောင် ချက်ချင်းပင် အခြားသုတေသန ပညာရှင်များနှင့် တီးတိုးပြောလိုက်သည်။ထို့နောက် ထန်ရှု၏ရှေ့တွင် ပြန်ထိုင်ကာ သူပြောသမျှ စကားလုံးတိုင်းကို အလေးထားကာ ပြောဆိုလာသည်။
"ကနဦး အရင်းအနှီးက ဂဏန်း၉လုံးထက် နည်းရင် ငါတို့ အရာအားလုံးကို ပေးပြီး မလုပ်ဝံ့ဘူး။”
ထန်ရှုက သူ့ပေါင်ကို ပုတ်လိုက်ပြီး
"ဒါဆို ကျွန်တော် ကနဦးရင်းနှီးမြှုပ်နှံမှုအတွက် ဂဏန်းဆယ်လုံးလောက် ရင်းနှီးမြှုပ်နှံလိုက်မယ်။ ငွေကုန်ခါနီးရင် ခင်ဗျား ကျွန်တော့်ဆီ ဖုန်းဆက်လို့ ရတယ်။"
ဂဏန်းဆယ်လုံး … တစ်ဘီလီယံ…
မိုရီနှင့် အခြားသုတေသန ပညာရှင်များသည် ထန်ရှု၏ လုပ်ရဲကိုင်ရဲမှုနှင့် ကြီးမားသော အရင်းအနှီးကြောင့် အမှန်တကယ် ထိတ်လန့်သွားကြသည်။ ၎င်းတို့၏ နောက်ဆုံးပရောဂျက်သည် ယခုအချိန်အထိ ၎င်းတို့ သုတေသန၏အကြီးမားဆုံး ရလဒ်ဖြစ်ပြီး လုံးဝ မပြီးသေးမီသုတေသနအတွက် ကနဦး ရင်းနှီးမြုပ်နှံမှုမှာ ယွမ် သန်း ၂၀၀ မှ ၃၀၀ ကြားသာ ရှိသည်။ ထန်ရှု အဆိုပြုထားသည့် ရန်ပုံငွေပမာဏသည် ကနဦးရင်းနှီးမြုပ်နှံမှုတစ်ခုသာ ဖြစ်သေးပြီး ကျန်ငွေများကို နောက်ပိုင်းတွင် ဆက်တိုက်ထည့်နိုင်သည်။
“မင်း … သေချာလား။” မိုရီ၏ အသံသည် အနည်းငယ် တုန်ခါသွားသည်။
ထန်ရှုက တုံ့ဆိုင်းခြင်း မရှိဘဲ ပြောလိုက်သည်။
"ဒီထန်ရှုက အမြဲတမ်း လေးလေးနက်နက်ပဲ စကားပြောတယ်။"
"ခင်ဗျား ကျွန်တော့်ကို မယုံရင် သုတေသန ရန်ပုံငွေအတွက် ကျွန်တော်နဲ့ ပရော်ဖက်ဆာမို ပူးတွဲစီမံခန့်ခွဲနိုင်တဲ့ အကောင့်တစ်ခု လုပ်လို့ရတယ်။ အဲ့ဒီအကောင့်လုပ်ပြီးတာနဲ့ ယွမ် ၁ ဘီလီယံကို ချက်ချင်း လွှဲပေးထားမယ်ဗျာ။"
မိုရီနှင့် အခြားသော သိပ္ပံပညာရှင် သုတေသန ပညာရှင်များသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူ၏စကားများအပေါ် ထန်ရှု၏ စိတ်ပိုင်းဖြတ်မှုနှင့် ခိုင်မာမှုတို့ကို သူတို့ ခံစားသိရှိနိုင်ကြသည်။ မိနစ်ဝက်ခန့် ငြိမ်သက်ပြီးနောက် မိုရီသည် ရုတ်တရက် ထရပ်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီမိုးပျံအဝိုင်းပြားသုတေသန ပရောဂျက်မှာ ငါ ပါဝင်မယ်။ ပရောဂျက်မပြီးသေးဘဲ ငါ ဘယ်တော့မှ အလုပ်မထွက်ဘူး။ ငါ လှုပ်ရှားနိုင်သေးရွေ့ ကြိုးကြိုးစားစားလုပ်ပါ့မယ်။"
“ငါ ဝမ်ရင်လည်း ပါဝင်ဖို့ ဆုံးဖြတ်တယ်။” အင်္ကျီဖြူဝတ်ထားသော ပါမောက္ခ သုတေသနပညာရှင် တစ်ယောက်ကလည်း ပဲ့တင်ထပ်သည်။
"ငါလည်း ပါတယ်။"
"ငါရောပဲ…"
"ငါရော..."
တစ်ဒါဇင်ကျော်သော သုတေသနပညာရှင်တွေက မတ်တတ်ရပ်ပြီး သူတို့၏ဆန္ဒကို ထုတ်ဖော်ကြသည်။ များပြားစွာသော ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အထောက်အပံ့နှင့်အတူ ထန်ရှု၏ ခိုင်မာသော သဘောထားက သူတို့ကို သတ္တိကြီးမားလာစေခဲ့သည်။ ရင်းနှီးမြုပ်နှံမည့်သူက သည်ကဲ့သို့ များပြားစွာသော ရန်ပုံငွေများကို ပေးဆောင်ရမည်ကိုပင် မကြောက်ပေရာ သူတို့က မည်သည်အတွက်ကြောင့် ထိုသုတေသနကို ကြောက်နေရပါမည်နည်း။ ထို့ပြင် ထန်ရှု အဆိုပြုသည့် စီမံကိန်းပြီးသွားပါက ထိုမိုးပျံအဝိုင်းပြားကို လူ့အဖွဲ့အစည်း၏အလွှာပေါင်းစုံမှ လူများက အသုံးပြုလာနိုင်ကြပါလျှင် သူတို့သည်လည်း ကြီးမားသော အောင်မြင်မှုများနှင့်အတူ သူရဲကောင်းများ ဖြစ်လာကြမည်ဖြစ်သည်။ သူတို့ကိုယ်တိုင်ပင် တစ်သက်လုံး နာမည်ကောင်းရနိုင်ပါသေးသည်။
ထန်ရှုက အပြုံးဖြင့်
“ဒီပရောဂျက်မှာ အားလုံး ပါဝင်လာကြတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ မကြာသေးမီက ရှန်ဟိုင်းမှာ ကျွန်တော် မြေကွက်တစ်ကွက် ဝယ်ပြီး စက်မှုဥယျာဉ်ကြီးတစ်ခုအဖြစ် တည်ဆောက်နေတယ်။ အဲ့ဒီမှာ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုအတွက် အခြားထုတ်ကုန်တွေကို သုတေသနလုပ်ပြီး တီထွင်ထုတ်လုပ်ဖို့ ဓာတ်ခွဲခန်းတွေလည်း ပါတယ်။ သုတေသန အဖွဲ့အစည်းအသစ် တည်ဆောက်ဖို့အတွက်တော့ သီးခြားဧရိယာတစ်ခုကို ကျွန်တော် ခွဲထုတ်လိုက်မယ်။ အဲ့ဒီအချိန်ရောက်ရင် ခင်ဗျားတို့မိသားစုတွေကို ဘယ်လို စီစဉ်ပေးမလဲဆိုတာကတော့ ခင်ဗျားတို့အပေါ် မူတည်နေတယ်။ ဒါပေမယ့် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက ခင်ဗျားတို့ကို ကောင်းမွန်စွာ ဆက်ဆံပြီး ရန်ပုံငွေတွေ ထောက်ပံ့ပေးမယ်ဆိုတဲ့ ကျွန်တော့်စကားကိုတော့ တည်မှာပါ။ နောက်နှစ်ထဲထိ ခင်ဗျားတို့ ဒီနေရာကို ဆက်သုံးနေရဦးမှာပဲ။ ဒါပေမယ့် ဒီနေရာရဲ့ဘေးအန္တရာယ်ကင်းဖို့နဲ့ လုံခြုံဖို့အတွက် တာဝန်ယူမယ့် လုံခြုံရေးတပ်ဖွဲ့တစ်စုကိုတော့ ကျွန်တော် လျှို့ဝှက်ပြီး တာဝန်ပေးလိုက်မယ်။ တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့ရဲ့နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် သုတေသနအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပံ့ပိုးပေးဖို့ ဝန်ဆောင်မှုဌာနတစ်ခုကိုလည်း ကျွန်တော် ထည့်ပေးထားမယ်။”
“သိပ်ကောင်းတယ်။”
သည်အချိန်တွင် ထိုစကားကို ပြောရုံကလွဲပြီး မိုရီတို့သုတေသနပညာရှင်များစွာတွင် ပြောစရာ စကားမရှိတော့ပါချေ။ သူတို့အတွက် ထန်ရှု စီစဉ်ပေးမည့်အရာများသည် တော်တော်လေးကိုပင် စေ့စေ့စပ်စပ်နှင့်ကောင်းမွန်စွာ စဉ်းစားထားပြီးသား ဖြစ်သည်။ သူတို့၏သူဌေးအသစ်က သူတို့အား စစ်မှန်သော ပိုင်ဆိုင်ခွင့်နှင့် အသိအမှတ်ပြုမှုတို့ကို ပေးခဲ့သည်။
ထို့နောက် ထန်ရှုသည် ၎င်းတို့နှင့် ပြသနာ ရှိနိုင်မည့်အရာများအား အချိန်အတော်ကြာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီး လူတိုင်းအား စိတ်ကျေနပ်မှု ရရှိစေခဲ့သည်။ ထို့နောက် မိုရီတို့ သုတေသနပညာရှင်အဖွဲ့သည် ထန်ရှုအား မြေအောက်၃လွှာရှိ သူတို့၏ တကယ့်ဓာတ်ခွဲခန်းနေရာသို့ ခေါ်ဆောင်သွားကြသည်။
ထန်ရှုသည် ဓာတ်ခွဲခန်းထဲတွင် အဆင့်မြင့်နည်းပညာသုံး ပစ္စည်းကိရိယာများစွာကို တွေ့ခဲ့သည်။ သူသည် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများနှင့် ရင်းနှီးသော်လည်း ဤအဆင့်မြင့်နည်းပညာသုံး ပစ္စည်းများအကြောင်းကို သူ လုံးဝ မသိပေ။ မိုရီ၏ ရှင်းပြချက်အပြီးတွင် ထန်ရှုသည် "သိပ္ပံနှင့်နည်းပညာ" သည်လည်း လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်သည်ကို နားလည်လာခဲ့ပြီး ရူပဗေဒနှင့် ဓာတုဗေဒပေါင်းစပ်မှုဖြင့် ဆန်းသစ်သောအရာများကို ထုတ်လုပ်နိုင်သည်ကိုပါ သိလာခဲ့တော့သည်။
“သိပ္ပံနည်းကျသုတေသနလုပ်ရင် အန္တရာယ်ရှိသလား။” ထန်ရှုက လိုက်လံကြည့်ရှုပြီးနောက် မေးလိုက်သည်။
“သုတေသန လုပ်ရတာ … အထူးသဖြင့် အရင်က အပူကိုအခြေခံတဲ့ လက်နက်သုတေသနတွေလို အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်သုတေသနတွေ လုပ်ရတာဆိုတော့ အန္တရာယ်မဖြစ်ဘဲ ဘယ်ရှိပါ့မလဲ။” မိုရီက မချိပြုံး ပြုံးကာ ဖြေသည်။
“ငါတို့တွေ ယွမ်ကျန်းရွှမ်ဆီမှာ ဆယ်နှစ်ကျော် လုပ်လာခဲ့တဲ့အချိန်အတောအတွင်း ငါတို့ လုပ်ဖော်ကိုင်ဖက်သုံးဦးက မတော်တဆမှုကြောင့် သေဆုံးခဲ့ပြီး အခြားခြောက်ဦးက ဒဏ်ရာရရှိခဲ့လို့ ထွက်ခွာခဲ့ရတယ်။ ပြီးခဲ့တဲ့ ငါးလ ခြောက်လလောက်က လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ ဗို့အားမြင့် လျှပ်စစ်ကြောင့် ဓာတ်လိုက်ခံခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒါက ငါတို့အလုပ်ပဲလေ။ လျှပ်စီးကြောင်းနဲ့ မထိတွေ့ရတဲ့အချိန်က ရှားပါးတာကို။ ဒီလိုလျှပ်စီးကြောင်းနဲ့ထိမိပြီး အသက်ရှင်ရတာ ကံကောင်းတယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ။"
***