← Chapters

အကွက်ချခံလိုက်ရသော မြောင်၀မ်တန်

Vol. 47 Ch. 657

အကွက်ချခံလိုက်ရသော မြောင်၀မ်တန်

Vol. 47 Ch. 657

လူ၁၉ယောက်အဖွဲ့သည် ကမ်းဇတ်လေဆိပ်၏ ထွက်ပေါက်မှ ထွက်ခွာလာကြသည်။ ထန်ရှုက ယွမ်ကျန်းရွှမ် ပေးထားသည့် ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ဒုတိယအကြိမ် ခေါ်ဆိုပြီးနောက် ဖုန်းထဲမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး "ကျဲဝါလေ့ ပြောနေပါတယ်။ ဘယ်သူ ခေါ်တာပါလဲ။"

“ကျွန်တော် ထန်ရှုပါ။” ထန်ရှုက သူ၏နာမည်ကို တန်းပြောလိုက်သည်။

"မစ္စတာထန် … ငါ့ရဲ့တပ်ဖွဲ့ခေါင်းဆောင်ဟောင်းက မင်းအကြောင်း ဖုန်းနဲ့ပြောထားပြီးပြီ။ အခု မင်းကို ငါ အပြင်မှာ စောင့်နေတယ်။ မင်း ... လူ၂၀နီးပါးနဲ့ လေဆိပ်က ထွက်လာတာလား။ အာ … ငါ မင်းကို တွေ့ပြီ။"

သူ့စကားသံ ပျောက်ကွယ်သွားပြီး မုတ်ဆိတ်မွေးအပြည့်ဖြင့် လူလတ်ပိုင်းတစ်ဦးသည် ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။ သူ၏မျက်ခုံးများတွင် ဓားအမာရွတ်တစ်ခုရှိနေပြီး အရပ်ရှည်ကာ ထွားကျိုင်းလွန်းသဖြင့် ဝက်ဝံနှင့်အလားတူသည်။ သူ၏အနောက်မှ လူရွယ်နှစ်ဦး လိုက်ပါလာခဲ့သည်။ ထိုသူများသည်လည်း အလားတူ ကြံ့ခိုင်ပြီး တောင့်တင်းသော လူများ ဖြစ်ကြသည်။

"မင်းက မစ္စတာထန်ရှုလား။"

ထန်ရှုသည် ဖုန်းပြောနေမှုကို အဆုံးသတ်လိုက်ပြီး ကျဲဝါလေ့ကို ကြည့်ကာ

"ကျွန်တော်ပါ။ အချိန်နောက်ကျမှ ကျွန်တော်တို့ကို လာကြိုပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

“အဖွဲ့မှူးရဲ့သူငယ်ချင်းတွေက ဒီကျဲဝါလေ့ရဲ့ သူငယ်ချင်းတွေပါပဲ။ ကမ်းဇတ်က ကြိုဆိုပါတယ်ကွာ။ အပြင်မှာ ရပ်ထားတဲ့ ဆာ့ဖ်ငါးစီးကို သွားကြတာပေါ့။” ကျဲဝါလေ့က ပြုံးကာ ပြောလိုက်သည်။

ထန်ရှုက အသာအယာ ခေါင်းညိတ်ပြပြီး ရှောင်မင်ကျန်းတို့ကို ကျဲဝါလေ့နှင့် မိတ်ဆက်ပေးပြီးနောက် သူတို့အဖွဲ့သည် လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ အပြင်သို့ ထွက်လာပြီးနောက် အားလုံး ကားပေါ်တက်ကာ ထန်ရှု၏တောင်းဆိုမှုအရ ယာဉ်မောင်းများကို နောက်တွင် နေရန် ညွှန်ကြားသည်။

ရှေ့ဆုံးရှိ ဆာ့ဖ်ကားအား မိုအားဝူက မောင်းပြီး ရှောင်မင်ကျန်းက ကားမောင်းသူ၏ဘေးထိုင်ခုံတွင် ထိုင်လျက် ထန်ရှုနှင့် ကျဲဝါလေ့တို့က နောက်ထိုင်ခုံတွင် ထိုင်ကာ လိုက်ပါလာသည်။

"ကျဲဝါလေ့ … အရေးတကြီးကိစ္စ ရှိတာကြောင့် ကျွန်တော်တို့ ဒီကို အလျင်စလို ရောက်လာတာ။ ဒါကြောင့် လုံကွမ်ကမ်းခြေကို အမြန်ရောက်ဖို့ လိုတယ်။ ဒီက လမ်းတွေရဲ့ အခြေအနေကို ကျွန်တော်တို့ သိပ်မကျွမ်းတာကြောင့် လမ်းပြဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ။”

ထန်ရှု၏ဂုဏ်ပုဒ်နှင့် ကျန်သောသူများထံမှ အရှိန်အဝါကြောင့် ဤလူများသည် သာမန်မဟုတ်ကြောင်း ကျဲဝါလေ့ သိသဖြင့် "ကိစ္စမရှိဘူး။ ဒီကနေ လုံကွမ်ကမ်းခြေကို ရောက်ဖို့ သုံးနာရီခွဲလောက် ကြာလိမ့်မယ်။ အဲ့ဒီကို ည၁၂း၃၀ ရောက်မယ်။”

ထန်ရှုသည် စကားမဆိုဘဲ ခေါင်းညိတ်ပြသည်။ ကျဲဝါလေ့ထံမှ ရဲရင့်သောအော်ရာအား သူ ခံစားနိုင်သည်။ ဤကဲ့သို့သော ကြမ်းတမ်းခက်ထန်သော အော်ရာမျိုးသည် ဤဒေသရှိ လူများထံမှဆိုပါက သာမန် ဖြစ်သော်ငြားလည်း ထိုသူ့ဆီမှ အော်ရာကိုမူ သူ လွန်စွာ ရင်းနှီးသည်။ ၎င်းသည် သတ်ဖြတ်မှုများစွာ လုပ်ထားသည့်အတွက် သေခြင်းတရားအော်ရာမျိုး ဖြစ်သည်။ သူသည် တခဏလောက် ချီတုံချတုံဖြစ်နေပြီး

“ကျဲဝါလေ့ … ခင်ဗျား ဒီလိုအချိန်တိုလေးအတွင်းမှာ ဆာ့ဖ်ငါးစီးကို ရနိုင်တဲ့အတွက် ခင်ဗျားရဲ့ဂုဏ်ပုဒ်က သာမန်မဟုတ်ဘူးဆိုတာ သေချာတယ်။ ခင်ဗျား ဘာလုပ်ငန်းလုပ်လဲလို့မေးလို့ရလား။"

“ရွှေတွင်းလုပ်ငန်း…” ကျဲဝါလေ့က ပြုံးပြီး ပြန်ဖြေသည်။

ရှေ့ခုံတွင် ထိုင်လိုက်လာသည့် ရှောင်မင်ကျန်းက "ငါ သိသလောက် ကမ်းဇတ်ဒေသမှာ ရွှေတွင်းတွေ မရှိပါဘူး။ မွေးမြူရေးခြံတွေကလွဲလို့ တခြားဖွံ့ဖြိုးပြီး လုပ်ငန်းတွေက ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတာ။ ငါ ကမ်းဇတ်ကို တစ်ခါ ရောက်ဖူးတယ်။ အဲ့ဒီဒေသရဲ့ ပထဝီဝင်ပတ်ဝန်းကျင်က အရမ်းလှတယ်။ ရေကန်များစွာလည်း ရှိတာမို့ အပန်းဖြေအနားယူဖို့ နေရာကောင်းတစ်ခုလို့ ဆိုနိုင်တယ်။"

“မင်းတို့က အဖွဲ့မှူးရဲ့သူငယ်ချင်းတွေမို့လို့ ငါ ဘာမှ မဖုံးကွယ်ပါဘူး။ ကမ်းဇတ်က အားလပ်ရက်အတွက် တကယ်ကောင်းတဲ့ နေရာတစ်ခုပါ။ အပေါ်ယံမှာတော့ ရွှေတွင်းတွေ မရှိပေမယ့် ငါတို့တွေပိုင်တဲ့ သေးငယ်ပြီး အလွန်လျှို့ဝှက်တဲ့ ကိုယ်ပိုင်မိုင်းတွင်းတွေ အများကြီး ရှိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သတင်းတွေကို ထိန်းသိမ်းထားတဲ့အတွက် အခုချိန်ထိတော့ ဘာပြဿနာမှ မရှိသေးပါဘူး။”

ထန်ရှုနှင့် ရှောင်မင်ကျန်းတို့သည် တိတ်ဆိတ်စွာပင် ဤအရာသည် ဖြစ်နိုင်ခြေ အလွန်ကြီးမားသည်ဟု တွေးမိကြသည်။ အပြင်လောကသို့ ဖွင့်ထုတ်မပြသောအရာများသည် ကမ္ဘာတွင် များစွာ ရှိပေသည်။ သူတို့အား ဤရွှေတွင်းများ တည်ရှိမှုအကြောင်း ပြောပြခြင်းသည်လည်း သူစိမ်းများသည် ကျဲဝါလေ့ကဲ့သို့ ပိုင်ရှင်တစ်ဦးဖြစ်ရန် မလွယ်ကူသောကြောင့်ပင်။

"ကျဲဝါလေ့ … ခင်ဗျား ကျွန်တော့်ရဲ့အကြံဉာဏ်ကို လိုက်နာနိုင်ရင် ဘယ်စီးပွားရေးမဆို လုပ်လို့ ရပြီး ငွေရှာနိုင်တယ်။ ဒါပေမယ့် သတ်တာလျှော့ရင် ပိုကောင်းမယ်။ နို့မဟုတ်ရင် ခင်ဗျားရဲ့ပတ်ဝန်းကျင်မှာ သေခြင်းချီတွေ အရမ်းများလာပြီး မကောင်းတဲ့ကံနဲ့ များစွာသော နာမကျန်းဖြစ်မှုတွေက နောက်က ပါလာမယ်။ ကံဆိုးမှုတွေ ပေါ်ပေါက်လာတဲ့အခါ သွေးထွက်သံယိုလက်စားချေမှုအချို့လည်း ရှိလာလိမ့်မယ်။” ထန်ရှုက တခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

ကျဲဝါလေ့ အံ့အားသင့်သွားပြီး မျက်လုံးများကို ကျဉ်းမြောင်းထားကာ ထန်ရှု၏မျက်နှာကို ချက်ချင်း အကဲခတ်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ပြည်မကြီးမှာ ငါ့ကို ဒီလိုပြောဖူးတဲ့ ဖုန်းရွှေဆရာသခင်တစ်ယောက် ရှိတယ်။ ညီငယ်ထန်ရှုကလည်း အဲ့ဒီပညာရပ်မှာ တော်တယ်လို့ ငါ့ကို မပြောဘူးမဟုတ်လား။"

"ကျွန်တော် နည်းနည်း သိပါတယ်။" ထန်ရှုက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ဖြေသည်။

ကျဲဝါလေ့က ကားမောင်းနေသော မိုအားဝူကို ရုတ်တရက် လက်ညှိုးထိုးပြပြီး

"ဒီညီအစ်ကိုက သာမန်လူ မဟုတ်ဘူးမလား။ သူ့ဆီက ခြိမ်းခြောက်လာတဲ့ လေထုကို ငါ ခံစားရတယ်။"

မိုအားဝူက ခေါင်းလှည့်ကာ သွားဖြူဖြူများ ပေါ်သည်ထိ ပြုံးပြပြီး

"တကယ်ကို မင်းက မျက်လုံးကောင်းတာပဲ။ ငါသတ်ခဲ့တဲ့ လူအရေအတွက်က ဂဏန်းသုံးလုံးတောင် ကျော်သွားပြီ။"

ဟူး … ကျဲဝါလေ့သည် လေအေးတစ်ချက် ရှူသွင်းလိုက်ရပြီး သူ၏မျက်လုံးများထဲတွင် ကြောက်လန့်သွားသောအမူအရာများ ပိုမိုပြင်းထန်လာသည်။

ထန်ရှုက မျက်ခုံးတွန့်ချိုးသွားပြီး

"အားဝူ … တိတ်တိတ်နေ…။"

မိုအားဝူ ခေါင်းငုံ့ကာ ဘာမှထပ်မပြောဝံ့တော့ပေ။

ကျဲဝါလေ့ကို ထပ်လှည့်ကြည့်လိုက်ပြီး ထန်ရှုက "သူပြောတာကို နားမထောင်နဲ့။ သူက ကြွားရတာ ကြိုက်တယ်လေ။ သူ့ရဲ့ တောင့်တင်းပြီး သန်မာတဲ့ အသွင်အပြင်ကို မကြည့်ပါနဲ့။ သူက ကြက်တစ်ကောင်တောင် သတ်ရဲတာမဟုတ်ဘူး။“

ကျဲဝါလေ့သည် ငနုံတစ်ယောက် မဟုတ်ပေ။ ထန်ရှုသည် သူ၏အပြောအဆိုကို ဖုံးကွယ်ရန် ကြိုးစားနေသောကြောင့် မည်သို့မျှ မပြောနိုင်ဘဲ ရှိသည်။ ကျဲဝါလေ့သည် ထန်ရှုနှင့် ကျန်သူများ၏အကြောင်းကို သိချင်သေးသော်လည်း ထပ်မံမေးမြန်းရန် မရည်ရွယ်ပေ။ သူ၏အဖွဲ့ခေါင်းဆောင်သည် တစ်ချိန်က သူ၏အသက်ကို ကယ်တင်ခဲ့သော အသက်သခင်ဖြစ်ပြီး သူတို့ကြားက ခင်မင်ရင်းနှီးမှုက အရမ်းနက်ရှိုင်းသဖြင့် သူ၏ကိုယ်ပိုင်လုပ်ငန်းကို ခဏထားကာ ထန်ရှုတို့ဆီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

လုံကွမ်ပင်လယ်အော်…။

ထိုနာမည်သည် လွန်စွာ လှပသော်ငြား သည်နေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ သည်နေရာတွင် ရေကန်များ အများကြီးရှိသကဲ့သို့ စိမ့်အိုင်များလည်း များစွာ ရှိသည်။ လုံကွမ်ဧရိယာကို မသိသော တခြားဒေသက လူများသည် ထိုနေရာသို့ အပြေးအလွှား လာရောက်လည်ပတ်ကြည့်ကြကာ သာယာလှပသော ရှုခင်းများကို ခံစားရင်းပင် ဤနေရာတွင် ၎င်းတို့၏ ကွယ်လွန်ခြင်းကို တွေ့ကြုံခံစားသွားရနိုင်ပေသည်။

ထို့ကြောင့် ကမ်းဇတ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသော်လည်း ဤနေရာသည် မဖွံ့ဖြိုးသေးဘဲ ရှိနေပြီး လူအနည်းအကျဉ်းသာ လာရောက်ကြသည်။

လုံကွမ်ရွာ…။

လုံကွမ်ပင်လယ်အော်တစ်ဝိုက်တွင် လက်တစ်ဆုပ်စာလောက် ရွာငယ်ရှိပြီး ဤကျေးရွာတွင် နေထိုင်သူဦးရေမှာ အိမ်ခြေ ၁၀၀အောက်သာရှိသည်။ မြောင်ဝမ်တန်၏အတွင်းရေးမှူးနှင့် သက်တော်စောင့်နှစ်ဦးက သူ့အား စောင့်ကြပ်ပေးလျက် ရှိနေသည်။

ည ၁၂နာရီခွဲတွင် ဆာ့ဖ်ကားငါးစီးသည် လုံကွမ်ရွာသို့ ရောက်ရှိလာပြီး ရွာအပြင်ဘက်တွင် ရပ်တန့်သွားသည်။ ထန်ရှု၏လူများ ကားပေါ်မှ ဆင်းလာရုံ ရှိသေးသည်တွင် မြောင်ဝမ်တန်၏သက်တော်စောင့်တစ်ဦးသည် ခြုံပုတ်များထဲတွင် မှောင်ရိပ်ခိုကာ ပုန်းကွယ်နေရာမှ ထွက်လာသည်။

"မစ္စတာ ရှောင်…"

ထိုသက်တော်စောင့်သည် ရှောင်မင်ကျန်းကို သိသဖြင့် ချက်ချင်း နှုတ်ဆက်လာသည်။

ရှောင်မင်ကျန်းက သူ့ကို ခေါင်းညိတ်ပြပြီး

"မြောင်ဝမ်တန် ဘယ်မှာလဲ။"

သက်တော်စောင့်က ထန်ရှုနှင့် အခြားလူများကို စိုက်ကြည့်ပြီးနောက် ရွာဘက်သို့ ညွှန်ပြပြီး

"သူဌေးကို အဲ့ဒီမှာနေဖို့ ကျွန်တော်တို့ စီစဉ်ပေးထားတယ်။ ကျွန်တော် လိုက်ပို့ပေးမယ်။"

မိနစ်အနည်းငယ်အကြာတွင် သူတို့အဖွဲ့သည် ရွာထဲသို့ ဝင်ကာ မြောင်ဝမ်တန် တည်းခိုနေသော ခြံဝင်းဆီသို့ ရောက်လာသည်။ ရှောင်မင်ကျန်းသည် အလျင်အမြန် တံခါးရှေ့သို့ လျှောက်သွားစဉ် ထန်ရှုမှ စီးကရက်ဗူးကို ထုတ်ရင်း သူ့အရှိန်ကို ရပ်တန့်လိုက်ပြီး စီးကရက်တစ်လိပ်ကို ကျဲဝါလေ့ကို ပေးလိုက်သည်။

လိမ္မာပါးနပ်သူတစ်ယောက်အနေဖြင့် ကျဲဝါလေ့က ထန်ရှု၏သဘောထားကို နားလည်ပြီး ချက်ချင်းပင် ပြောလိုက်သည်။

"မစ္စတာထန် …  အထဲကို ငါ မလိုက်တော့ဘူး။ မင်း အကူအညီ လိုရင် ငါ့ဆီ ဖုန်းဆက်လိုက်ပါ။"

"ကျွန်တော်တို့ကို ဒီထိ လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် ကျဲဝါလေ့။ ငါ့သူငယ်ချင်း ဒီမှာ ကြုံခဲ့ရတဲ့ ကိစ္စက အရမ်းဒုက္ခများနေတော့ ခင်ဗျား ဒီမှာနေမယ်ဆိုရင် ခင်ဗျားကို ထိခိုက်စေနိုင်တယ်။ ခင်ဗျားနဲ့ အန်ကယ်ယွမ်က အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရုစိုက်ပါ့မယ်။ ဖြစ်နိုင်ရင် ကားလေးစီးကို ကျွန်တော်တို့ဆီမှာ ထားခဲ့ပေးဖို့ ခင်ဗျားကို ဒုက္ခပေးရဦးမယ်။”

ခဏလောက်စဉ်းစားပြီးနောက် ကျဲဝါလေ့က ခေါင်းညိတ်ပြီး

"ကောင်းပြီ။ ဒါဆို ငါတို့ အရင်ပြန်လိုက်မယ်။"

ကျဲဝါလေ့သည် သူ့လူနှစ်ယောက်နှင့်အတူ ထွက်ခွာသွားပြီး ထန်ရှုသည် အထဲကို အမြန်ဝင်သွားခဲ့သည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသော မြောင်ဝမ်တန်သည် ဖြူဖျော့ကာ နှုတ်ခမ်းများ ခရမ်းရောင်သန်းနေသည်ကို မြင်လိုက်ရသောအခါတွင် သူ၏လက်ကောက်ဝတ်အား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။

“သူ အဆိပ်မိနေတာပဲ … အရမ်း ကြောက်စရာ ကောင်းတဲ့ အဆိပ်။”

ထန်ရှု စစ်ဆေးပြီးနောက် မြောင်ဝမ်တန်တွင် အဆိပ်သင့်ရုံသာမက ဒဏ်ရာများ၊ အမာရွတ်များပါ ရှိနေသည်ကို တွေ့ရသည်။ အချို့နေရာများတွင် ဓားဒဏ်ရာများ ရှိနေပြီး အချို့နေရာများတွင် သားရဲ၏ခြေသည်းများ ကုတ်ခြစ်ခံထားရဟန် ပေါ်ကြောင်း တွေ့ရှိရသည်။

ချက်ချင်းပင် ထန်ရှုက ငွေအပ်သေတ္တာကို ထုတ်ယူပြီး အပ်စိုက်ကုထုံးကို လုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အဆိပ်ကို တွန်းထုတ်ရန် သူ၏မူလဖရိုဖရဲစွမ်းအားကို သွင်းပေးလိုက်သည်။ ကံမကောင်းစွာပင် အဆိပ်က အစွမ်းထက်လွန်းသဖြင့် ထန်ရှု နာရီများစွာ ယူပြီးမှ ထိုသူ၏ခန္ဓာကိုယ်ထဲက အဆိပ်တစ်ဝက်မဲ့မဲ့ ထွက်လာခဲ့သည်။

အဟွတ်…အဟွတ်…

အစောပိုင်းက သတိလစ်နေသော မြောင်ဝမ်တန်သည် နောက်ဆုံးတွင် သတိပြန်လည်လာပြီး ချောင်းဆိုးကာ သွေးများထွက်လာသည်။ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ပြီးနောက် ပိုမိုအာရုံစိုက်လာခဲ့သည်။ ရှောင်မင်ကျန်းနှင့် ထန်ရှုတို့ဆီ အကြည့်ရောက်သွားသောအခါတွင် ခက်ခက်ခဲခဲ ထိုင်ရန် ကြိုးစားခဲ့သော်လည်း သူ၏ဒဏ်ရာများနှင့် အားနည်းနေသော ခန္ဓာကိုယ်က သူ့အား နာကျင်လာစေပြီး သူ့အား ထိုသို့လုပ်ရန် ခွင့်မပြုချေ။

ထန်ရှုက သူ့ကို ထိန်းထားပေးပြီး ပြောလိုက်သည်။

"အစ်ကိုမြောင် … မင်းရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေက ကိုယ်တွင်းအင်္ဂါတွေကို အရမ်းထိခိုက်သွားတယ်။ ကံကောင်းစွာနဲ့ပဲ မင်းရဲ့ ကျင့်ကြံမှုက အတော်နက်ရှိုင်းတာမို့ လောလောဆယ်တော့ အဆိပ်ကို ဖိနှိပ်ထားနိုင်တယ်။ အချိန်မီကုသမှုမခံယူရင် မင်းအကြာကြီး မထိန်းထားနိုင်မှာကိုစိုးရတယ်။"

"ဟုတ်တယ်… ညီအစ်ကိုထန်က မင်းကို ခုလေးတင်ပဲ အဆိပ်ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် နည်းနည်းပဲ ထုတ်လို့ရသေးတာ။ ကျန်တာတော့ ကိုယ့်ကိုကိုယ် အားကိုးရလိမ့်မယ်။" ရှောင်မင်ကျန်းက ကမန်းကတန်း ဝင်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့။” မြောင်ဝမ်တန်က အားယူပြုံးပြသော်လည်း လွန်စွာ ရုပ်ဆိုးသွားရသည်။ သူ၏နှုတ်ခမ်းများ ရှုံ့မဲ့သွားကာ ထွက်လာသောအသံက အလွန်သေးသည်။

"ကျွန်တော်တို့ကို သူစိမ်းတွေလို မကြည့်ပါနဲ့။ လိုတာသာ ပြောစမ်းပါ။" ထန်ရှုက ခေါင်းယမ်းလိုက်သည်။

"အစ်ကိုမြောင် … ဘာတွေ ဖြစ်ခဲ့တာလဲ။ အစ်ကို့ကို ဘယ်သူက ဒဏ်ရာရစေပြီး ဒီလိုမျိုးအခြေအနေ ဖြစ်အောင် လုပ်လိုက်တာလဲ။"

မြောင်ဝမ်တန်၏မျက်လုံးများထဲတွင် ကြောက်ရွံ့သော အမူအရာများ သိပ်သည်းစွာ ဖြစ်ပေါ်လာသည်။

"ဒါက အနောက်ပိုင်းအကျင့်ပျက်ဘုန်းကြီးနဲ့ သူ့ရဲ့သွေးဆာနေတဲ့လင်းနို့တွေပဲ။ အဲ့ဒီအနောက်ပိုင်း ဘုန်းကြီးက ကြောက်စရာကောင်းတဲ့ မှော်အတတ် ရှိသလို သူမွေးထားတဲ့ အဲ့ဒီသွေးဆာနေတဲ့ လင်းနို့၂ကောင်ကလည်း အရမ်းကို ထိန်းချုပ်ရခက်တာမို့ မင်းတို့တွေ တအား သတိထားရမယ်။ နောက်ပြီး …  ရွှေသံချပ်ဝတ်စုံနဲ့ ဇွန်ဘီကောင်ကိုလည်း သတိထားပါ။”မြောင်ဝမ်တန်က ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

ထန်ရှုနှင့် ရှောင်မင်ကျန်းတို့သည် အံ့သြသွားသော အကြည့်များ ဖလှယ်မိကြပြီး မြောင်ဝမ်တန်က မည်သည့်မကောင်းဆိုးဝါးအကြောင်း ပြောနေမှန်း သူတို့ မသိကြပေ။

“တကယ်တော့ ငါလည်း သူတို့အကြောင်း သိပ်မသိပါဘူး။ ဒီတခေါက် ငါ တကယ်ကို အစီအစဉ်တွေ လုပ်ခဲ့တယ်။ ငါ့လူတွေနဲ့လာပြီး စီးပွားရေးသဘောတူညီချက်ကြီးတစ်ခု လုပ်နိုင်မယ်လို့ တွေးခဲ့ပေမယ့် ဒီအနောက်ပိုင်းဘုန်းကြီး၊ ရွှေသံချပ်ဝတ်စုံဝတ်ဇွန်ဘီကောင်တို့နဲ့ ဆုံမိပြီး အဆုံးသတ်သွားရတယ်လို့ကွာ။ အဲ့ဒီအနောက်ပိုင်းဘုန်းကြီးက သူ့ကိုယ်သူ ကတုံးပြောင်ဘုန်းကြီးလို့ခေါ်တယ်။ ရွှေသံချပ်ဝတ်စုံဝတ် ဇွန်ဘီကောင်က အာရုံခံစားနိုင်တဲ့ ရှေးအလောင်းကောင်လို အလားတူတယ်။”

ယခုပို၍ သက်တောင့်သက်သာ ရှိလာသူ မြောင်ဝမ်တန်က ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို နှိမ်နင်းရန် သူ၏ အစစ်အမှန်အဆီအနှစ်ကို အသုံးပြုရင်း ရှင်းပြသည်။

"အစ်ကိုမြောင်ကို ဘယ်သူက ကြံစည်ပြီး စီးပွားရေး သဘောတူညီချက်က အတိအကျဘာလဲ။" ထန်ရှုက မေးလိုက်သည်။

"သူက မြောင်မျိုးနွယ်ထဲက အဘွားရှီပေါ်ပဲ။ သူမက ဒီမှာ ညသစ်ခွတစ်ခုနဲ့ ဥက္ကာခဲအဆီအနှစ်တစ်ခု ရှိတယ် လို့ ပြောခဲ့တယ်။ ငါ ကောင်းကင်သဲကျောက်တုံးကို ယူလာသရွေ့ တခြားသူနဲ့ ငါလိုအပ်နေတဲ့ ဒီပစ္စည်းနှစ်ခုကို အရောင်းအဝယ်လုပ်နိုင်တယ်လို့ သူမက ပြောတယ်။”

ထန်ရှု၏အမူအရာ ပျက်သွားပြီး လေးနက်သော လေသံဖြင့်

"ကောင်းကင်သဲကျောက်တုံးအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူးလို့ ကျွန်တော် သတိပေးခဲ့တယ် မဟုတ်လား။"

“ငါ ကောင်းကင်သဲကျောက်နဲ့ ဆွဲသီးတစ်ခု လုပ်ထားတာကို မြောင်မျိုးနွယ်စုမှ အဘွားရှီပေါ်က သတိပြုမိသွားတယ်။ သူမ ပြောနေတာကလည်း ဒီဆွဲသီးအကြောင်းပဲ။” မြောင်ဝမ်တန်က အနေကျုံ့စွာ ပြောလိုက်သည်။

"ကောင်းကင်သဲကျောက်ကို မှတ်မိနိုင်တဲ့လူတွေက သာမန်လူတွေ မဟုတ်ဘူး။ အဲ့ဒါကို ဖော်ထုတ်ပြီးတာနဲ့ လိုအပ်တဲ့နည်းလမ်းတွေနဲ့ လုယက်ဖို့ ကြိုးစားကြမှာ အသေအချာပဲ။ အစ်ကိုမြောင် … ခင်ဗျား သိပ်ကိုပေါ့ဆလွန်းတယ်။"

ထန်ရှုက လေးနက်စွာ ပြောလိုက်သည်။

“အခုမှ နောင်တရဖို့ ငါ့အတွက် အချိန်နှောင်းသွားပြီ မဟုတ်လား။ ငါနဲ့အတူ ပါလာသူတိုင်း အသတ်ခံခဲ့ရသလို ကောင်းကင်သဲကျောက်ဆွဲသီးတွေပါ အလုခံခဲ့ရတယ်။ ငါကိုယ်တိုင်လည်း…”

ဟူး … ထန်ရှုက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခပ်အေးအေးပဲ ပြောလိုက်သည်။

“အစ်ကိုမြောင် … အခုအရေးကြီးတာက ဒဏ်ရာတွေ ကုစားပြီး အဆိပ်ထုတ်ဖို့ပဲ။ ကျွန်တော် ခင်ဗျားရဲ့ဒဏ်ရာတွေကို ကူညီကုပေးပြီး သက်သာလာတဲ့အခါကျမှ အဲ့ဒီအနောက်ပိုင်းဘုန်းကြီးကို ကျွန်တော်တို့ ရင်ဆိုင်ကြတာပေါ့။”

***

All Chapters