← Chapters

ဓားအစီအရင်စွမ်းအား

Vol. 48 Ch. 659

ဓားအစီအရင်စွမ်းအား

Vol. 48 Ch. 659

စွမ်းအားကြီးသော ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်သည့် ထာဝရခန်းမ၏ နောက်ဆုံးပေါ်စီမံကိန်းတွင် ဆန်းကြယ်သောပညာ၊ ခန္ဓာကိုယ်စွမ်းအား တိုးမြှင့်မှု၊ ဧကရာဇ်ဓားများနှင့် ဓားအစီအရင်ဟူ၍ ကဏ္ဍလေးခုပါဝင်သည်။ ဂူယန်အာ၏လက်စွပ်ထဲတွင် ရတနာများစွာ မရှိသည့်အပြင် ဓားပျံများလည်း မရှိသောကြောင့် ဂူယန်အာ မေ့မျောနေရာမှ သတိပြန်ရလာကတည်းက ထာဝရခန်းမက ပိုင်ဆိုင်ထားသည့် စွမ်းအားကြီးသော ကျွမ်းကျင်သူများကို ပျိုးထောင်ရန်အတွက် ဒါဇင်ပေါင်းများစွာသော ဓားပျံများကို သူမကိုယ်တိုင် အချိန်ယူပြီး သန့်စင်နေခဲ့သည်။ ထိုကျွမ်းကျင်သူများအနက် ဒါဇင်နှင့်ချီသော အရည်အချင်းအရှိဆုံး ကျွမ်းကျင်သူများအား ဓားပျံများ ပေးအပ်ထားပြီးဖြစ်ပေသည်။

ဓားအစီအရင်ခင်းကျင်းမှုနှင့်ပတ်သက်၍ ကျိချွိမိန်က ဓားအစီအရင်ခင်းကျင်းမှု (၄)မျိုးအား တီထွင်ဆန်းသစ်ကာ သင်ကြားပေးသည်။ ၎င်း(၄)မျိုးမှာ ဓားနှစ်လက်ဓားအစီအရင်၊ ဆန်းကြယ်ဓားလေးလက် အစီအရင်၊ ဓားရှစ်ပါးအစီအရင်နှင့် အန္တိမကောင်းကင်ဆန့်ကျင် ဓားအစီအရင်တို့ ဖြစ်သည်။

ထန်ရှုနှင့်အတူလိုက်ပါရန် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ လိုအပ်သောကြောင့် အန္တိမကောင်းကင်ဆန့်ကျင် ဓားအစီအရင်ကို လေ့ကျင့်ထားခဲ့သော ကျွမ်းကျင်သူ ဆယ်ဦးလုံးကို စေလွှတ်ရန် ဂူယန်အာကိုယ်တိုင် အမိန့်ပေးခဲ့သည်။

မိုအားဝူတို့ဆယ့်တစ်ယောက်အဖွဲ့က သူတို့၏ဓားပျံများ လွှတ်တင်လိုက်သည်ကို အနောက်ပိုင်းအကျင့်ပျက် ဘုန်းကြီး မြင်လိုက်သောအချိန်တွင် သူ၏မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သို့သော် သူသည် စတင်မတိုက်ခိုက်ဘဲ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့အား နောက်သို့ တွန်းပစ်လိုက်ရုံသာမက မိုအားဝူတို့အုပ်စုကိုပါ အလျင်စလို မတိုက်ခိုက်ဘဲ ပြာတစ်ဆုပ်ကြဲကာ အဝေးဆီသို့ လှည့်ထွက်ပျံပြေးသွားသည်။

"သူ အဝေးကို ပြေးသွားတာလား။"

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် မယုံကြည်နိုင်ဟန် အကြည့်များ ဖလှယ်မိကြသည်။ လှည့်ကြည့်လိုက်သောအခါ မိုအားဝူတို့ ဆယ့်တစ်ယောက်အုပ်စုသည် ဓားရှည်များ ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၂ယောက်လုံး မျက်မှောင်ကြုပ်သွားသည်။ ထိုသူများသည် အစောပိုင်းက ဓားရှည်များ မကိုင်ဆောင်ထားသည်မှာ သေချာပေသည်။ ဒဏ္ဍာရီလာ သိုလှောင်လက်စွပ်ကို သူတို့တွေများ ပိုင်ဆိုင်ထားကြသည်လား။

ဓားပျံဆယ့်တစ်လက် - သည်ဟာသည် သူတို့ လုံးဝစိတ်ကူးပင် မယဉ်ဝံ့သော အရာပင်တည်း။ နောက်ဆုံးတော့ ယနေ့ခေတ် ကျင့်ကြံသူ အသိုင်းအဝန်း၏လည်ပတ်နေသော အခြေအနေအား သူတို့ ကောင်းစွာ သဘောပေါက်ခဲ့လေသည်။ ယနေ့ခေတ် ကျင့်ကြံသူများသည် နိမ့်ကျဆုတ်ယုတ်သွားရုံသာမက ကျင့်ကြံသူအရေအတွက်လည်း နည်းပါးပေသည်။ မည်သူက ဓားပျံဆယ့်တစ်ချောင်းအား သူ၏လူများကို တစ်ပြိုင်နက်တည်း ပေးဆောင်နိုင်ပါမည်နည်း။

“မစ္စတာမြောင် … ငါတို့ သူ့အနောက်ကို လိုက်ဖို့ လိုသေးလား။” မိုအားဝူက မြောင်ဝမ်တန်တို့ နှစ်ယောက်အား လှမ်းမေးလာသည်။

မြောင်ဝမ်တန်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းယမ်းပြလိုက်ကာ

"ထားလိုက်တော့။ အဲ့ဒီအနောက်ပိုင်း အကျင့်ပျက်ဘုန်းကြီးက သန်မာလွန်းပြီး သူ့မှာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ သွေးဆာနေတဲ့ လင်းနို့နှစ်ကောင်လည်း ပေါ်မလာသေးဘူး။ အစ်ကိုရှောင်နဲ့ လက်တွဲပြီး တိုက်ရင်တောင် သူ့နဲ့မယှဉ်နိုင်သေးမှာစိုးရတယ်။ ငါတို့တွေ ထန်ရှုကို ရှာလိုက်ကြရအောင်။ ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်မှာ ကြောက်စရာ ကောင်းတဲ့ အော်ရာတစ်ခုရှိလို့ ထန်ရှုက သူ့အတွက် ပြိုင်ဘက် မဖြစ်မှာကို ငါ ကြောက်မိတယ်။"

မိနစ်အနည်းငယ် ကြာပြီးနောက်…

အနောက်ပိုင်းဘုန်းကြီးသည် မိုင်ပေါင်းများစွာထိ ပြေးလာခဲ့သည်။ သူ့အနောက်တွင် မည်သူမှ မလိုက်လာသည်ကို သိရှိသွားသောအခါ တောထူသော တောင်ပေါ်ရှိ နေရာတစ်ခုသို့ အမြန်ပြေးဝင်သွားသည်။ ထို့နောက် မြင့်မားသော သစ်ပင်တစ်ပင်အောက်တွင် ရပ်တန့်လိုက်ပြီး သူ၏အိုမင်းသော မျက်နှာထက်တွင် မှုန်မှိုင်းကာ မသေချာမရေရာသော အမူအရာက ထင်ဟပ်လျက်ရှိသည်။  အဘွားရှီပေါ်က မြောင်ဝမ်တန်အကြောင်း အကုန်ပြောပြထားသည်မို့ မြောင်ဝမ်တန်ကို သူ မကြောက်ပေ။

သူ့အား တိုက်ခိုက်ရန် မြောင်ဝမ်တန်နှင့် တွဲဖက်ထားသည့် လူလတ်ပိုင်းအရွယ်၏ ခွန်အားသည်လည်း မြောင်ဝမ်တန်နှင့် အတူတူလောက်ပင် ဖြစ်သောကြောင့် ထိုသူကိုလည်း သူ ကြောက်ရွံ့ခြင်းမရှိချေ။ သူ၏ဝှက်ဖဲများကို အသုံးပြုလိုက်ပါက ၎င်းတို့ကို သေချာပေါက် သတ်နိုင်ပေလိမ့်မည်။

သို့သော် ထိုဓားဆယ့်တစ်လက်၏ပေါ်ပေါက်လာမှုသည် သူ့နှလုံးသားအတွင်း ထစ်ချုန်းသွားသော မိုးခြိမ်းသံအလား ထိတ်လန့်တုန်လှုပ်သွားစေသည်။ သို့တိုင် ၎င်းတို့ကို အသုံးပြုသော ကျင့်ကြံသူ ၁၁ဦးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချိုးဖျက်ပြီးရုံသာ ရှိကြသေးသည်။ ယင်းက ဘာကိုဆိုလိုသနည်း။ အဓိပ္ပာယ်မှာ ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်နောက်သို့ လိုက်သွားသည့်လူငယ်သည် လုံးဝကြောက်စရာ ကောင်းသည်ဟုဆိုလိုနေပြီး ထိုသူ၏နောက်ကွယ်တွင် အလွန်ကြောက်စရာကောင်းသော လွှမ်းမိုးမှုတစ်ခု ရှိနိုင်ပေသည်။

အမည်မသိသူသည် ကြောက်စရာအကောင်းဆုံးပင်။

ကျင့်ကြံသူအသိုင်းအဝန်းအားလုံးအကြောင်းကို သူ သိပြီးသားဟု ထင်လိုက်သော်လည်း၊ ဓားပျံများစွာ ရှိကြသည့် သြဇာလွှမ်းမိုးမှုတစ်ခု တည်ရှိနေကြောင်း ရုတ်တရက် သူ တွေ့ရှိလိုက်ရသည်မှာ သူ၏စိတ်အတွင်း၌ ကြောက်ရွံ့မှုကို တိုးသွားစေသည်။ သူသည် ကောက်ကျစ်သော သဘာဝဖြင့် မွေးဖွားလာသူ ဖြစ်ပေရာ သိုသိုသိပ်သိပ်နှင့် သတိကြီးသူလည်း ဖြစ်သည်။ သူ လှုပ်ရှားတော့မည့်အခါတိုင်း အမြဲလိုလို အကွက်ဆင်ကာ ကြံစည်လေ့ ရှိပေသည်။ ဟုတ်ပေသည် … သူ့အား သတ္တိမရှိ သူရဲဘောကြောင်သူအဖြစ်လည်း ဖော်ပြရန် သင့်လျော်သည်ဟု ဆိုရမည်ဖြစ်သည်။

“ဒီလူတွေ … သူတို့တွေရဲ့ ဇစ်မြစ်က ဘာများပါလိမ့်။”

သူ၏စိတ်ထဲတွင် ထန်ရှု၏မျက်နှာသည် တစ်ဖန် ပေါ်လာသည်။ ဓားပျံထုတ်လွှတ်သော ကျင့်ကြံသူ ဆယ့်တစ်ဦးစလုံးသည် ထိုသူ၏အမိန့်ကို နာခံနေကြသောကြောင့် ထိုသူ၏အဆင့်အတန်းသည် လွန်စွာ မြင့်မားပေလိမ့်မည်။

“ဒီလူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မဖြစ်မနေ စုံစမ်းရမယ်။ ကိုယ့်အကြောင်းကိုရော တခြားသူတွေအကြောင်းပါ သိပြီးမှပဲ မလှုပ်ရှားခင် အန္တရာယ်အဆင့်ကို ငါ တိုင်းတာလို့ရမယ်။”

"ဒီဓားပျံတွေကို ငါ ရအောင် ယူရမယ်။ ဒါပေမယ့် အချိန်ကောင်းကို ငါ ရှာဖို့လိုတယ်။ ရတနာတွေကို လုယူသတ်ဖြတ်ပြီးသွားရင် အနာဂတ်မှာ ဒုက္ခမများအောင် သေသေသပ်သပ် လုပ်ရမှာပဲ။"

"ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင် လွတ်မြောက်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။"

အနောက်ပိုင်းဘုန်းကြီးသည် ဗုဒ္ဓပုတီးတစ်ကုံးကို ယူကာ ပုတီးစိတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဆုတောင်းပေးလိုက်သည်။ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် အနောက်ပိုင်းဒေသရှိ ထူးခြားသော နေရာတစ်ခု၏ နတ်ဆိုးယင်ကုန်းမြေရှိ ရှေးဟောင်းသင်္ချိုင်းတစ်ခုမှ ထွက်လာသော စွမ်းအားကြီးသူတစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ယောက်သည် အနှစ်တစ်ရာနီးပါး တိုက်ခိုက်ခဲ့ကြသော်လည်း ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ပူးပေါင်းခဲ့ကြသည်။

စိုစွတ်သော ကုန်းမြေဧရိယာအများဆုံး တည်ရှိနေသော လုံကွမ်ပင်လယ်အော်၏ ထူးခြားသော နေရာတစ်ခု၏ အထက် မြင့်မားသော လေထုထဲတွင် ထန်ရှုသည် သွေးသောက်ဓားအား လက်ပြန်ကိုင်ထားသည်။ သူ ဓားဝင့်ရမ်းလိုက်သည့်အခါတိုင်း ဓါးအလင်းတစ်ခု ထွက်လာပြီး ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိမှန်ရိုက်ခတ်သည့်အပြင် ခန္ဓာကိုယ်ထက်သို့ ဓားဖြင့် အခုတ်ခံရသည့်တိုင် ထိုဇွန်ဘီကောင်၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် အမှတ်ရာလေးသာ ချန်ထားနိုင်ခဲ့ပြီး မီးပွားများ အရပ်ရပ်သို့ လွင့်စဉ်သွားရုံသာ ဖြစ်သည်။ ခန္ဓာကိုယ်အရည်ပျော်ဆေးရည် အဖြန်းခံထားရသော ထိုဇွန်ဘီကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့သာ ဓါးအလင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပေသည်။

"မင်း ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်။ မင်းရဲ့တစ်ခုတည်းသော ရွေးချယ်စရာက ပြန်မတိုက်ဘဲ လိမ်လိမ်မာမာနဲ့ အဖမ်းခံလိုက်ဖို့ပဲ။"

ထန်ရှုသည် တိုက်ခိုက်ရန် စိတ်ထက်သန်နေသော်လည်း ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် ပြန်မတိုက်နိုင်ဘဲ သူ၏ဓားချက်များကို ဆက်တိုက် ရှောင်နေသည်။

ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်၏မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး ခက်ခက်ခဲခဲ ကြိုးစားရှောင်ရှားနေရသောကြောင့် အမုန်းတရားများ ပြည့်နေခဲ့သည်။ သူသည် ရံဖန်ရံခါ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆုပ်ကိုင်မိသည်။ သူ၏အရှိန်မှာ မြန်သော်လည်း ထန်ရှုသည် သူ့ထက်များစွာ မနှေးပေ။ ထန်ရှု၏ တိုက်ခိုက်ရေး အတွေ့အကြုံသည် လွန်စွာကြွယ်ဝပြီး သူ၏တိုက်ခိုက်မှုလမ်းကြောင်းတိုင်းကို ကြိုပြီး ခန့်မှန်းနိုင်သည့်အလားပင်။

“မင်း ဘယ်သူလဲ။”ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ မင်း ဂရုစိုက်နေဖို့ မလိုဘူး။ ငါ ပြောနိုင်တာက မင်း လက်နက်ချဖို့ ရွေးချယ်ထားသရွေ့ ငါ မင်းကို မသတ်ရုံတင်မကဘူး အခွင့်အရေးကြီးကြီးပါ ပေးဦးမှာ။ ဒါပေမယ့် မင်းရဲ့ ဥက္ကာခဲအဆီအနှစ်ကို ငါ လိုချင်တယ်။"

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် လွန်စွာ အလိုမကျ ဖြစ်သွားသည်။ သူ၏အမြန်နှုန်းသည် ထန်ရှုထက် အနည်းငယ် ပိုမြန်သော်လည်း သူ့အား စိတ်ပျက်စေသည့်အရာမှာ ထန်ရှု၏ခန္ဓာကိုယ်အား သူ၏ချွန်ထက်သောလက်သည်းများဖြင့် ပိုင်းဖြတ်တိုင်း ထိုလူ့ထံတွင် ဒဏ်ရာဒဏ်ချက်သည် အရိပ်အမြွက်မျှပင် မကျန်ခဲ့ပေ။ ထိုလူ၏ခန္ဓာကိုယ်သည် မည်သည့်အတွက်ကြောင့် သည်ကဲ့သို့ ကြောက်စရာကောင်းလောက်သော အခြေအနေအထိ သန်မာနေရပါသနည်း။

ဝှစ်…ဝှစ်…ဝှစ်…

အရိပ်များသည် မုန်တိုင်းအလား အရှိန်ပြင်းစွာ တဝှစ်ဝှစ် ထွက်ပေါ်လာသည်။ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် ထိုအရိပ်များကို မြင်ပြီးနောက် မကောင်းသော ခံစားချက်အား ကြိုတင်ခံစားမိနေသည်။ အကြောင်းအရင်းတစ်စုံတစ်ရာအရ အနောက်ပိုင်းဘုန်းကြီးသည် ထိုလူအားလုံးကို သတ်နိုင်လျှင်ပင် သတ်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မည်သည့်အတွက်ကြောင့် သူ့ထံသို့ ယခုအချိန်အထိ မလိုက်လာသေးပါသနည်း။

"သွေးသမုဒ္ဒရာ…"

ရွှေသံချပ်ဝတ်စုံဝတ် ဇွန်ဘီကောင်သည် နောက်ဆုံးတွင် သူ၏ဝှက်ဖဲကို ထုတ်လိုက်ရသည်။ သူ၏ချွန်ထက်သော လက်သည်းများဖြင့် နဖူးကို ဆုတ်ဖြဲလိုက်ရာ တောက်ပနေသော ရွှေရောင်သွေးတစ်စက် ချက်ချင်း ပေါ်ထွက်လာသည်။ စက္ကန့်ပိုင်းအတွင်းတွင် ထိုရွှေရောင်သွေးသည် ပေါက်ကွဲသွားပြီး ရှေ့သို့ လှိုင်းထနေသော သွေးနီရောင်ဒီရေကို ဖြစ်ပေါ်စေသည်။

ထန်ရှုသည် ထိုသွေးနီရောင်ဒီရေထဲတွင် ပါရှိသော ကြောက်မက်ဖွယ်စွမ်းအင်ကို ပြင်းထန်စွာ ခံစားမိသော်လည်း သေမင်းနှင့် ရင်ဆိုင်နေရသော အချိန်တွင် အထိတ်တလန့် ဖြစ်ဟန်မပြဘဲ “ရွှေသံချပ်ကာဇွန်ဘီကောင် … မင်းက အရှုံးကို အဆုံးထိ လက်မခံဖို့ ရွေးချယ်ခဲ့တယ်ပေါ့ ဟုတ်လား။ ကောင်းတယ် … ငါ မင်းကို သတ်ဖို့ ဘယ်လို လှုပ်ရှားမလဲဆိုတာ ကြည့်နေလိုက်။"

ဧကရာဇ်မိုးခြိမ်းသံ…

ထန်ရှုသည် သွေးသောက်ဓားအား ကောင်းကင်သို့ တည့်မတ်စွာ ညွှန်ပြလိုက်ရာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခုသည် တာအိုမန္တန်ကို ရွတ်ဆိုနေသည့်အသံနှင့်အတူ ဆင်းသက်လာသည်။ လျှပ်စီးကြောင်းတစ်ခုသည် သွေးနီရောင်ဒီရေထဲသို့ စီးဝင်လာသောကြောင့် ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်၏ အမူအရာသည် အကြီးအကျယ် ပျက်သွားသည်။ တစ်ချိန်တည်းမှာပင် ထန်ရှုသည် သူ၏အစစ်အမှန် မီးကျင့်စဉ်ကို ပုံဖော်ရန် လက်မောင်းကို ဝှေ့ယမ်းလိုက်သဖြင့် မီတာဆယ်ဂဏန်း မြင့်သော မီးတောက်အလွှာများသည် ပါးလွှာသော လေထုနေရာမှ တောက်လောင်ကာ သွေးနီရောင် ဒီရေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

"လျှပ်စီးကြောင်းနှင့် အစစ်အမှန်မီးမန္တန်…"

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားကာ ကြေကွဲနေသည့်ဟန် ဖြစ်လာပြီး ကြောက်ရွံ့မှုသည် သူ၏နှလုံးသားအတွင်း ချက်ချင်း ပေါ်လာသည်။ သူသည် ရှေးဟောင်း အလောင်းကောင်ဖြစ်ပြီး သူ အကြောက်ဆုံးအရာမှာ လျှပ်စီးကြောင်းနှင့် အစစ်အမှန်မီး ဖြစ်သည်။ ထိုလူငယ်သည် အံ့ဖွယ်စွမ်းအား ရှိရုံသာမက ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်ပါ အားကြီးလှပေသည်။

"ငါ မင်းကို ပေးလိုက်မယ်။ ဥက္ကာခဲအဆီအနှစ် ငါ ပေးပါမယ်။"

ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်မှ ပစ်ပေးလိုက်သော ဥက္ကာခဲအဆီအနှစ်အား ချက်ချင်း ဖမ်းလိုက်ကာ စစ်ဆေးပြီးနောက် သူ၏လက်စွပ်ထဲသို့ တစ်ခါတည်း သိမ်းဆည်းလိုက်သော ထန်ရှုသည် ပျော်ရွှင်သော အမူအရာနှင့်ဖြစ်ပေသည်။ ထန်ရှုသည် သွေးနီရောင်ဒီရေကို ကြည့်နေစဉ် ထိုဒီရေသည် နောက်ပြန်ဆုတ်သွားကာ ကျုံ့သွားပြီး မျက်လုံးတစ်မှိတ်အတွင်း ရွှေရောင်အရည်စက်အဖြစ် ပြောင်းလဲကာ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်၏နဖူးသို့ ပြန်ဝင်သွားလေသည်။ ထို့နောက် ထန်ရှုသည် သူ၏နည်းစနစ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

“ဒီဆုံးဖြတ်ချက်အတွက် မင်းကို ကျေးဇူးတင်ရမှာပေါ့လေ။"

ထန်ရှုက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ကျောက်စိမ်းတစ်ပိုင်းကို လျင်မြန်စွာ ထုတ်လိုက်ကာ ကျောက်စိမ်းမှတ်တမ်းအဖြစ် ပြုလုပ်ပြီးနောက် ကျင့်ကြံနည်းတစ်ခုကို ထည့်သွင်းလိုက်သည်။ ထို့နောက် ထိုအရာအား လက်ညှိုးညွှန်ကာ အလင်းတန်းအဖြစ်သို့ လွှတ်လိုက်ပြီး ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ဆီသို့ သွားစေသည်။

"ဒါက အလောင်းကောင်အရည်ပျော်မျိုးနွယ်ရဲ့ အဓိက ကျင့်ကြံနည်းစနစ်ပဲ။ ဒါကို ယူပြီး ကောင်းကောင်း ကျင့်ရင် အခြေတည်အလောင်းကောင်အဆင့်ကို မင်း ရောက်နိုင်မှာပါ။ ဒီကျင့်ကြံမှုစနစ်ရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို လိုချင်ရင် မင်း ငါ့ကို ရှန်ဟိုင်းမှာ လာရှာပါ။"

အခြေတည်အလောင်းကောင်အဆင့်သို့ ရောက်ရှိနိုင်မည့် အလောင်းအရည်ပျော်မျိုးနွယ်၏ အဓိကကျင့်ကြံနည်းစနစ်။

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် သူ၏လက်ထဲသို့ ရောက်နေသော ကျောက်စိမ်းပိုင်းအတွင်းသို့ သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ၎င်းအတွင်းမှ ကျင့်ကြံနည်းစနစ်တစ်ခန်းလုံးကို ဖတ်ရှုပြီးနောက် သူ၏တောင့်တင်းသော ကိုယ်သည် ပြင်းထန်စွာ တုန်ရီသွားပြီး စိတ်နှလုံးသားသည်လည်း ဝမ်းသာပီတိဖြစ်သွားခဲ့သည်။ သူသည် အာရုံခံစားနိုင်ပြီး ဉာဏ်ရှိသော ရှေးဟောင်းဇွန်ဘီကောင်တစ်ဦးဖြစ်ပြီး နှစ်ပေါင်းနှစ်ရာကျော်ကြာအောင် စမ်းတဝါးဝါး ဖြစ်နေခဲ့ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်လောက်မှသာ  ကျင့်ကြံနည်းစနစ်တစ်ခုကို သူကိုယ်တိုင် ရှာတွေ့ခဲ့ပြီး ထိုစနစ်က သူ့အား ဆိုးရွားသော ယင်စွမ်းအင်ကို စုပ်ယူရန် အပြင်ထွက်လာစေသည်။ လက်ရှိ သူပိုင်ဆိုင်ထားသော ခွန်အားရရှိသည်အထိ အလောင်းကောင်စွမ်းအင်ကို စုပ်ယူရန် ရှေးဟောင်းသင်္ချိုင်းတစ်ခုကို သူ ရှာဖွေတွေ့ရှိထားခဲ့သည်။

ယခုကျင့်ကြံနည်းစနစ်သည် ထန်ရှုကိုယ်တိုင် ရိုးရှင်းစွာ ပြုပြင်ထားခြင်းသာဖြစ်ပြီး ဤနည်းအတိုင်း ကျင့်ကြံမည်ဆိုပါက အနာဂတ်တွင် ဇွန်ဘီကောင်၏ ခွန်အား မည်မျှ ကြီးမားလာမည်ကို တွေးဆ၍မရပါချေ။

“ကျေးဇူး အများကြီးတင်ပါတယ် အင်မော်တယ်ဆရာသခင်။"

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် ဒူးတစ်ဖက် ထောက်ထိုင်ကာ ထန်ရှုအား ကျေးဇူးတင်သော အမူအရာဖြင့် ပြောခဲ့သည်။

"မင်း ငါ့ကို ပေးခဲ့တဲ့ ဥက္ကာခဲအဆီအနှစ်နဲ့ အဲ့ဒီကျင့်ကြံနည်းစနစ်ကို လဲလှယ်တဲ့အနေနဲ့ ငါ ပေးလိုက်တာပါ။"

ထန်ရှုက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် မှတ်ထားပါ။ အနာဂတ်မှာ မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သာမန်လူသားတွေကို ဒုက္ခမပေးရဘူး။ မကောင်းတာလည်း လုပ်ခွင့်မပြုဘူး။ နို့မဟုတ်ရင် မင်းရဲ့အခြေတည်အလောင်းကောင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေရင်တောင်မှ မင်းကို သုတ်သင်ဖို့ တစ်ယောက်ယောက်ကို ငါ စေလွှတ်လိုက်ရလိမ့်မယ်။"

"ဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။" ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်က ကမန်းကတန်း ပြောလိုက်သည်။

"ထန်ရှု…"

"ညီအစ်ကိုထန်…"

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ပျံသန်းရောက်ရှိလာကာ အော်ခေါ်လိုက်ကြပြီး ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်အား ရန်လိုသောစိတ်ဖြင့် ကြည့်လိုက်ကြသည်။

ထန်ရှုက သူတို့ကို ပေါ့ပေါ့ပါးပါး ပြုံးပြပြီး "အနောက်ပိုင်းဘုန်းကြီးကရော ဘယ်လိုလဲ။"

"သူ ထွက်ပြေးသွားတယ်။ ဘာကြောင့်လဲတော့ ငါ မသိဘူး။ ဒါပေမယ့် မိုအားဝူတို့အဖွဲ့ ဓားအစီအရင်ကို ခင်းကျင်းလိုက်တာနဲ့ သူတို့ကို တစ်ချက်ကြည့်ပြီး ချက်ချင်း ထွက်ပြေးသွားတယ်။"

ထန်ရှု၏အမူအရာ တည်ကြည်သွားပြီး မိုအားဝူတို့အား အလျင်အမြန် ကြည့်လိုက်သည်။ ထိုသူတို့၏လက်ထဲတွင် ဓားပျံများကို မြင်လိုက်ရသောအခါတွင် သူ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူကာ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို ချက်ချင်း ကြည့်လိုက်ရင်း မေးလိုက်သည်။

“အဲ့ဒီအနောက်ပိုင်းဘုန်းကြီးရဲ့ဂုဏ်ပုဒ်နဲ့ နောက်ခံကို သိချင်တယ်။ သူ ပိုင်ဆိုင်တဲ့ နည်းလမ်းတွေ အားလုံးနဲ့ သူ့နေရာကိုရောပဲ။”

ထိုမေးခွန်းကို ကြားသောအခါ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် အနောက်ပိုင်းဘုန်းကြီးအကြောင်း သူ သိသမျှအား ချက်ချင်းပင် မချွင်းမချန် ပြောပြပြီး အဆုံးသတ်လိုက်သည်။

“ဒီနေရာကနေ လုံကွမ်စိမ့်မြေဆီဆိုရင် ကီလိုမီတာ ဆယ်ဂဏန်းလောက်ပဲ ဝေးတယ်။ သူ့ရဲ့အင်မော်တယ် နေအိမ်က အဲ့ဒီနေရာမှာ ရှိတယ်။”

"ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင် … အနောက်ပိုင်း ဘုန်းကြီးရဲ့အသက်ကို ငါ လိုချင်တယ်။ အဲ့ဒါကို မင်း ဘယ်လို တွေးလဲ။" ထန်ရှုက အေးစက်စွာ မေးလိုက်သည်။

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် ခဏကြာမျှ တုံ့ဆိုင်းသွားကာ သူ့လက်ထဲတွင် ရှိသော ကျောက်စိမ်းပိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထန်ရှုကို ပြန်ကြည့်လာကာ

"ငါ ဆွံ့အနားမကြားလုပ်နေမယ်။ ဒီလောက်ပဲ ငါ တတ်နိုင်တယ်။"

***

All Chapters