အားဖြည့်တင်းမှု
Vol. 48 Ch. 660
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်စွာ ကြည့်နေမိကြသည်။ ထန်ရှုတွင် ဤကဲ့သို့သော ကျင့်ကြံနည်းစနစ် ရှိလိမ့်မည်ဟု သူတို့တစ်ခါမျှ မထင်ခဲ့မိပေ။ ဤရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်၏ လက်ရှိအင်အားသည်ပင် လွန်စွာ ကြောက်စရာ ကောင်းနေပြီဖြစ်ရာ ထိုကျင့်ကြံနည်းစနစ်အား ကျင့်ကြံလိုက်ပါက အနာဂတ်တွင် မည်မျှ စွမ်းအားကြီးသွားပေမည်နည်း။
၎င်းသည် အနာဂတ်တွင် သင့်ကိုယ်သင် ဘေးဥပဒ် ဖြစ်စေရန်အတွက် ကျားတစ်ကောင်ကို မွေးမြူနေခြင်းနှင့်တူနေသည် မဟုတ်ပေလော။
သူတို့သည် စိတ်ထဲတွင် လွန်စွာ စိုးရိမ်သောကရောက်နေသော်လည်း မကန့်ကွက်ဝံ့ပါချေ။ အကြည့်ချင်းသာ ဖလှယ်လိုက်ကြပြီး ခါးသီးသောအပြုံးများကို တိတ်တဆိတ် ပြုံးလိုက်ရသည်။
သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်ရောက်ရှိသောအခါ ထန်ရှုက တည့်တိုးပင် ပြောလိုက်သည်။
"ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင် … အနောက်ပိုင်း ဘုန်းကြီး အရမ်းအားကောင်းတယ်ဆိုတာ မင်းလည်း သိတယ်။ ဒါကြောင့် သူ့ကို ငါတို့လက်နဲ့သတ်တာကို မင်း မြင်အောင် ငါတို့နဲ့ အတူတူ ရှိနေဖို့ တောင်းဆိုတယ်။"
“ဒါ … ကောင်းပြီ…။” ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ လိုက်လျောလိုက်သည်။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အာရုံခံစားမှုနှင့် ဉာဏ်ပညာကို ရရှိထားခဲ့သော်လည်း သူ၏အကွက်ချနိုင်စွမ်းနှင့် လှည့်ဖြားနိုင်စွမ်းသည် လူသားများထက် အမြဲတမ်း နိမ့်ကျသည်။ ထန်ရှု၏ ရည်ရွယ်ချက် အစစ်အမှန်များကို သူ လုံးဝ မမြင်နိုင်ပါပေ။
ထန်ရှုက သူတို့နှင့်အတူ ဇွန်ဘီကောင်ကို နေခိုင်းရခြင်းမှာ အနောက်ပိုင်းဘုန်းကြီးအား သတ်ရန်ကြံစည်နေခြင်းကို တိတ်တဆိတ် သွားအကြောင်းကြားမည်ကို စိတ်ပူရုံသာမက တစ်ဖက်တွင်လည်း သူ မည်မျှ စွမ်းအားကြီးကြောင်း ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်အား မြင်တွေ့စေချင်သောကြောင့် ဖြစ်ပေသည်။ လုံကွမ်ရွာသို့ အပြန်လမ်းတွင် ထန်ရှုသည် ဂူရှောင်ရွှဲ့ဆီ ဖုန်းဆက်ပြီး အလင်းနှင့်အမှောင်အား တတ်နိုင်သမျှ မြန်မြန်လာရောက်စေချင်သည်ဟု ပြောခဲ့သည်။
အနောက်ပိုင်းဘုန်းကြီးအား သတ်မည့်အစီအစဉ်တွင် ထန်ရှုသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ကို ခေါ်ဆောင်သွားရန် အစီအစဉ်မရှိပေ။ ထိုသူတို့၏စကားများနှင့် အမူအရာများတဆင့် မိုအားဝူတို့ကိုင်ဆောင်ထားသော ဓားများသည် ဓားပျံဖြစ်သည်ကို သူတို့၂ယောက် မသိကြောင်း ထန်ရှု ဆုံးဖြတ်နိုင်ခဲ့သည်။
ထန်ရှုသည် ထိုအကြောင်းအား မိုအားဝူကို တိတ်တဆိတ် လျှို့ဝှက်စွာ မေးမြန်းခဲ့ရာ မိုအားဝူတို့ ဓားပျံများ ထုတ်လွှတ်လိုက်ချိန်က မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် အနောက်ပိုင်းဘုန်းကြီးနှင့် တိုက်ခိုက်နေသည်ကို သိရှိခဲ့ရပြီး ၎င်းတို့နှစ်ဦး၏ လက်အောက်ငယ်သားများသည်လည်း မိုအားဝူတို့၏ ဓားပျံများကို သတိထားမိကြဟန်မတူပေ။
ခြံဝင်းထဲတွင်…။
ထန်ရှုသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏ စကားပြောချင်နေပါလျက် ချီတုံချတုံ ဖြစ်နေသော အမူအရာများကို မြင်ရသည်။ ထိုအကြောင်းကို တွေးတောဆင်ခြင်ပြီးနောက် သူတို့၏စိတ်ထဲတွင် မည်သည့်အရာ ရှိနေသည်ကို သဘောပေါက်သွားသဖြင့် ခပ်သဲ့သဲ့ပြုံးလိုက်ကာ
"အစ်ကိုတို့နှစ်ယောက် … ခင်ဗျားတို့ ဘာတွေ စိတ်ပူနေလဲဆိုတာ သိပါတယ်။ အနောက်ပိုင်းဘုန်းကြီးက မကောင်းမှုမှန်သမျှကို လုပ်နေပြီး သာမာန်လူတွေအတွက်တောင် ဘေးဒုက္ခဆိုးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတစ်ကြိမ် အဖြစ်အပျက်မျိုးမရှိခဲ့ရင်တောင် သူ့ကို သုတ်သင်ဖို့ ကျွန်တော် ကြိုးစားနေဦးမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လက်ရှိခွန်အားက မလုံလောက်ဘူး။ ကျွန်တော်တို့ စုပေါင်းတိုက်ရင်တောင် သူ့ကို သတ်ဖို့ အခွင့်အလမ်းက အရမ်းနည်းနေတယ်။”
“ဒါဆို မင်းရဲ့ အစီအစဉ်က ဘာလဲ။” မြောင်ဝမ်တန်က ခပ်မြန်မြန် မေးသည်။
"ကျွန်တော်တို့ကို ကူညီဖို့ လူရှာနေတယ်။" ထန်ရှုက ဖြေသည်။
“ဘယ်သူများလဲ။” မြောင်ဝမ်တန်က ဇဝဇေဝါဖြင့် မေးလာသည်။
"အစ်ကိုတို့နှစ်ယောက် သိချင်နေကြတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ကို ပြောရမယ့် အချိန် မရောက်သေးဘူး။ ကျွန်တော်တို့ အနောက်ပိုင်း ဘုန်းကြီးကို သတ်ရမယ်။ ဒါပေမယ့် အစ်ကိုတို့ နှစ်ယောက် ဒီထဲမှာ မပါနိုင်ဘူး။ ကျွန်တော် ဖိတ်ခေါ်ထားတဲ့လူတွေက စိတ်နေစိတ်ထား ထူးဆန်းတယ်။ သူတို့က သူစိမ်းတွေနဲ့ အဆက်အသွယ် မလုပ်ချင်ဘူး။ ၂ရက်လောက်တော့ စောင့်ရိလိမ့်မယ်။ ရက်အနည်းငယ်ကြာရင် ရလဒ်ကို ပြမယ်လို့ ကျွန်တော် ကတိပေးတယ်။"
ထိုစကားကို ကြားရသည့်အခါ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် သူတို့၏သိလိုစိတ်ကို ဖိနှိပ်ထားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ ၎င်းကိစ္စကို ထပ်မမေးနိုင်တော့ပါချေ။ ထန်ရှုသည် အရာရာကို စေ့စေ့စပ်စပ် သေသေသပ်သပ် လုပ်တတ်သောသူမှန်း သူတို့ လုံးဝ သတိထားမိသဖြင့် သူတို့၂ယောက်အား စိတ်သက်သာရာရစေသည်။
"အနောက်ပိုင်းဘုန်းကြီးသည် မကောင်းမှု အမျိုးမျိုးကို ကျူးလွန်ဖူးသူ" ဟု ထန်ရှုက ပြောသည်မှာ အကြောင်းပြချက်တစ်ခုမှန်း သူတို့ သိသော်လည်း ထိုအကြောင်းကို သိပ်မပြောခဲ့ကြပေ။
နှစ်ရက်ကြာပြီးနောက်…
ထန်ရှုသည် ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်နှင့်အတူ လုံကွမ်ရွာမှ ထွက်ခွာသွားခဲ့သည်။ သူ၏ကား ရွာမှ မောင်းထွက်သွားစဉ်တွင် လူရိပ်နှစ်ခု တိတ်တဆိတ် ပေါ်လာသည်။
"အစ်ကိုမြောင် … ညီအစ်ကိုထန်အကြောင်း ငါတို့သိတာ သိပ်နည်းနေပုံပဲ … ဟူး…" ရှောင်မင်ကျန်းက အားတင်းပြုံးပြီး သက်ပြင်းချလိုက်သည်။
"ထာဝရခန်းမမှာ သူ့ကို စတွေ့တုန်းက သူ အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့သူမှန်း ငါ သိခဲ့တယ်။" မြောင်ဝမ်တန်က ခေါင်းညိတ်ပြရင်း "သူ့ရဲ့လျှို့ဝှက်ချက်အားလုံးကို ငါ ထုတ်ဖော်ချင်နေပေမယ့် အဲ့လိုလုပ်လို့ မရဘူးဆိုတဲ့ ခံစားချက်မျိုးကို သူက ငါ့ကို ပေးနေတယ်။ အဲ့ဒီအကြောင်းကို မပြောဘဲ သူ့ခွန်အားအကြောင်းကို ပြောမယ်ဆိုရင်တောင် အခုမှ နှစ်ဝက်ကျော်ပဲ ရှိသေးတယ် မဟုတ်လား။ သူရဲ့ကျင့်ကြံမှုက အလျင်အမြန် တိုးတက်နေတာဆိုတော့ အခုဆို မမျှော်လင့်ဘဲ ငါတို့ကို ကျော်တက်သွားပြီ။ ဒါက သိပ်ကြောက်စရာကောင်းတယ်။"
ရှောင်မင်ကျန်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်ပြီး "ဟုတ်တယ်။ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို တိုက်ခိုက်တုန်းက သူပြခဲ့တဲ့ မန္တာန်နှစ်ခုက ငါတို့တွေ သုံးကြတဲ့ တားမြစ်နည်းလမ်းနဲ့တူတယ် ... မဟုတ်သေးဘူး … မှားတယ်။ ငါတို့တွေ တားမြစ်နည်းလမ်း သုံးရင်တောင် ဒီလိုအစွမ်းတွေ မထုတ်ဖော်နိုင်သေးဘူး။"
မြောင်ဝမ်တန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှောင်မင်ကျန်း၏ပုခုံးကို ပုတ်ကာ
“လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာမို့ ထန်ရှုက မပြောပြချင်ဘူးဆိုရင် နှိုက်နှိုက်ချွတ်ချွတ် မေးမနေပါနဲ့တော့။ တိုတိုတုတ်တုတ် ပြောရရင် ငါတို့တွေ အနာဂတ်မှာလည်း သူနဲ့ ပိုပြီး နီးနီးကပ်ကပ် နေရမယ်။ ဒါဆိုရင် ငါတို့တွေ သူ့ဆီကနေ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်မယ်လို့ ငါ ယုံတယ်။"
"ဟုတ်တယ်။" ရှောင်မင်ကျန်းက ခိုင်မာစွာ ခေါင်းညိတ်သည်။
လုံကွမ်ရွာမှ ကီလိုမီတာတစ်ဒါဇင်ခန့်အကွာတွင် လမ်းကြမ်းမောင်း ကားတစ်စီးသည် ဖုန်ထူသော လမ်းပေါ်တွင် ရပ်သွားသည်။ မိုအားဝူသည် ကားမောင်းသူနေရာတွင် ထိုင်မြဲထိုင်နေပြီး ကားပေါ် မှ မဆင်းချေ။ ကား၏အရှေ့တွင် အလင်းနှင့် အမှောင် မောင်နှမနှစ်ယောက် ရပ်နေသည်။
"ဆရာအဘိုး…"အလင်းနှင့် အမှောင်တို့က လက်သီးဆုပ်ကာ အရိုအသေပေးပြီး အော်လိုက်သည်။
ထန်ရှုသည် ပျော်ရွှင်သောအမူအရာဖြင့် ခေါင်းညိတ်ပြကာ ရန်သူများကို ခုခံကာကွယ်သည့် အလား ဖြစ်နေသော ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်အား ကြည့်လိုက်ပြီး
"သူတို့က ငါ့ဂျူနီယာတွေမို့ မင်း ဒီလိုပုံစံမျိုး ပြစရာ မလိုဘူး။ ဒီနှစ်ရက်အတွင်း အလောင်းကောင် အရည်ပျော်မျိုးနွယ်က ကျင့်ကြံနည်းစနစ်ကို မင်း ကျင့်နေခဲ့ပေမယ့် ရရှိတဲ့ ရလဒ်က နည်းသေးတော့ မင်းရဲ့ခွန်အားက သိပ်မများသေးဘူး။ ဒီနှစ်ယောက်သာ ပေါင်းစည်းမိရင် မင်းကို အလွယ်လေး သတ်နိုင်တယ်။"
ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် သတိကြီးသော အမူအရာဖြင့် ခေါင်းညိတ်ပြပြီး
"သူတို့က တကယ်ကို အရမ်းသန်မာတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကွယ်ဝှက်ထားတဲ့ ကြောက်စရာ့ အင်အားကို ငါ ခံစားမိတယ်။"
"သွားကြစို့။ အနောက်ပိုင်းဘုန်းကြီးကို သွားရှာကြမယ်။" ထန်ရှုက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
"မင်း သူ့ကို တကယ် အသက် ချမ်းသာခွင့် မပေးနိုင်ဘူးလား။"
ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်က တုံ့ဆိုင်းစွာ ကြည့်လာသည်။
"အင်မော်တယ်ဆရာသခင် … မင်းက ငါ့ကို ဇွန်ဘီကောင်လို့ မမြင်ဘဲ အဲ့ဒါကို လုပ်ပေးခဲ့ရင် မကောင်းမှုကို စွန့်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို သူ ပြန်ရောက်ဖို့ အခွင့်အရေးတစ်ခုကို မင်း သူ့ကို ဘာကြောင့်မပေးနိုင်ရတာလဲ။ သေမလား ဒါမှမဟုတ် လက်အောက်ခံမလားဆိုတဲ့ ရွေးချယ်မှုနဲ့ သူ ရင်ဆိုင်ရမယ်ဆိုရင် သူ သေချာပေါက် နောက်တစ်ခုကို ရွေးချယ်မှာပဲ။”
ထန်ရှုသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး "အနောက်ပိုင်းဘုန်းကြီးရဲ့ စရိုက်ကို အကဲခတ်ရတာ လက်အောက်ခံဖို့ ဒီလောက်လွယ်မှာ မဟုတ်လောက်ဘူး။ လက်အောက်ခံဖို့ သူ ရွေးချယ်လိုက်ရင်တောင်မှ ယာယီဆုတ်ခွာရုံလောက်ပဲ ဖြစ်ပြီး အနာဂတ်မှာ သူ ငါ့ကို သစ္စာဖောက်ဖို့ အလားအလာ များတယ်။ဒါကြောင့် ငါ စဉ်းစားလို့ရတဲ့ အကောင်းဆုံးရွေးချယ်မှုက အမြစ်တွေထိ ပယ်သတ်ပြီး ဒုက္ခရင်းမြစ်ကို ဖယ်ရှားပစ်လိုက်ဖို့ပဲ။”
“အင်မော်တယ်ဆရာသခင် … အနောက်ပိုင်းဘုန်းကြီးက အမှန်တကယ်ကို သတ္တိနည်းပါတယ်။ သူက အရှက်မဲ့တဲ့ အရာတွေကို မကြာခဏ ပြုလုပ်တယ်ဆိုပေမယ့် သူ့ရဲ့ ဝှက်ဖဲတွေကို ဖျက်ဆီးဖို့ အကြွင်းမဲ့ခွန်အား ဒါမှမဟုတ် နည်းလမ်းတွေကို ပြသလိုက်ရင် သူက မင်းကို သစ္စာမဖောက်ဝံ့တော့မှာ အသေအချာပဲ။”
"သူက သတ္တိနည်းတဲ့သူလား။"
ထန်ရှုသည် ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို အံ့အားသင့်စွာ ကြည့်ရင်း အထူးအဆန်း ဖြစ်နေသည်။ ဤဇွန်ဘီကောင်သည် သူ့အား လိမ်နေဟန် မတူပေ။
"ငါတို့ ကြည့်ကြတာပေါ့။"
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး ကားဆီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
ဆာ့ဖ်ကားနှစ်စီးသည် အနောက်ပိုင်းဘုန်းကြီးနေရာသို့ လျင်မြန်စွာ မောင်းနှင်လာခဲ့သည်။ သည်နေရာမှတဆင့် ဦးတည်သောနေရာသို့ မိုင်တစ်ဒါဇင် ဝေးကွာသော အရပ်၌ ရှေ့ဆက်သွားရာ လမ်းမရှိတော့သောကြောင့် မိုအားဝူသည် ကားများကို စောင့်ကြည့်ရန် ကျန်နေခဲ့ပြီး ထန်ရှုသည် အလင်းနှင့် အမှောင်အား ဦးဆောင်ကာ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်နှင့်အတူ ဦးတည်ထားရာအရပ်သို့ ပျံသန်းလာခဲ့ကြသည်။
လုံကွမ်စိမ့်မြေသည် လေးဘက်လေးတန် တောင်များ ဝန်းရံထားသော နက်ရှိုင်းသောချိုင့်ဝှမ်းရှိ ဆိတ်ငြိမ်သော နေရာတစ်ခုဖြစ်သည်။ တောင်လေးလုံး၏ အနိမ့်ဆုံး အမြင့်မှာ မီတာ ၅၀၀ မှ ၆၀၀ ခန့် ရှိပြီး အမြင့်ဆုံးတောင်ထွတ်မှာ တစ်ကီလိုမီတာနီးပါးရှိပေရာ အနောက်ပိုင်းဘုန်းကြီး၏နေအိမ်သည် အမြင့်ဆုံး တောင်ထွတ်သို့ သွားရာ လမ်းတစ်ဝက်တွင် အတိအကျ တည်ရှိနေသည်။ ထန်ရှုတို့လေးဦးသည် သူ၏အင်မော်တယ်နေအိမ် အဝင်ပေါက်ရှေ့ရှိ မြေပြင်ပေါ်တွင် ဆင်းသက်လိုက်ပြီး ထန်ရှုက သက်ပြင်းတစ်ချက် ချလိုက်ကာ
“ဒီနေရာက ကိုယ့်ကိုကိုယ် လောကနဲ့ လွတ်ကင်းနေဖို့ တကယ်ကို ကောင်းတဲ့နေရာလေးပဲ။ ဒီမြေနေရာမှာ စိတ်ဝိညာဉ်သွေးပြန်ကြောတစ်ခုလည်း ရှိတယ်ဆိုတော့ ကျင့်ကြံသူတွေအတွက် ကောင်းမွန်နေတယ်။”
ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်က တီးတိုးပြောလိုက်သည်။
“ငါ အထဲကို တခါမှ မရောက်ဖူးဘူး။ အနောက်ပိုင်း ဘုန်းကြီးက အရမ်းသတိကြီးတဲ့သူတစ်ယောက်မို့ သူက ငါ့ကို အပြင်မှာပဲ အမြဲတွေ့တယ်။ သူ့အင်မော်တယ် နေအိမ်မှာ ထောင်ချောက်အထပ်ထပ် ချထားတယ်လို့ သူ ငါ့ကို တခါက ပြောဖူးတယ်။ ငါ အထဲကို ထိုးဖောက်ဝင်ရင်တောင် အသက်ရှင်ဖို့ အခွင့်အလမ်းက ၃၀%ထက် မပိုဘူး။”
ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားပြီး သူ့လက်များကို လှုပ်ကာ သွေးသောက်ဓားမြှောင်ကို လွှတ်လိုက်ပြီး သစ်ရွက်များ တပ်ဆင်ထားသော တံခါးပေါ်သို့ အဆက်မပြတ် တိုက်ခိုက်စေသည်။ သစ်သားစများ လွင့်စဉ်ပြန့်ကျဲသွားသည်နှင့် လိုဏ်ဂူတံခါးထဲသို့ သူ လှမ်းဝင်ပြီးဖြစ်သည်။
"ဖျက်ဆီးစမ်း…"
ထန်ရှုသည် လျှပ်စီးအဆောင်နှစ်ခုနှင့် မီးတောက်အဆောင်နှစ်ခုကို တစ်ပြိုင်နက်တည်း ထုတ်လိုက်ကာ မန္တန်နှင့်အတူ ပစ်လွှတ်လိုက်ရာ မီတာ ၁၀၀ရှည်သော လမ်းကြောင်းတလျှောက် ထောင်ချောက်မျိုးစုံသည် လုံးဝပျက်စီးသွားသည် အလွန်ရိုးရှင်းသော ကာကွယ်ရေးအစီအရင်သည် ကျိုးပေါက်သွားကာ ကျယ်လောင်သော ဆူညံသံတစ်ခုကို ဖန်တီးသွားတော့သည်။
"မင်း ဘယ်သူလဲ။"
မီတာရာနှင့်ချီရှည်လျားသော ဂူ၏အနက်တွင် ပုံမှန်ဘောလုံးကွင်း အရွယ်အစားရှိသောနေရာတစ်ခု၌ ထွင်းထုနေသော ကျောက်တုံးများ၊ ကျောက်ထွင်းရုပ်တုများ ချထားသည်။ မီးရောင်အမျိုးမျိုး၏ အလင်းရောင်အောက်တွင် ထိုနေရာသည် စိတ်ကူးယဉ်ဆန်ပြီး ထင်ယောင်ထင်မှား ဖြစ်စေသော နေရာတစ်ခုသဖွယ် ခံစားရသည်။ စမ်းချောင်းလေးတစ်ခုသည် လိုဏ်ဂူ၏ထိုနေရာကို ဖြတ်ပြီး စီးဆင်းသွားရာ မည်သည့်အရပ်တွင် ခရီးဆုံးမည်ကို မည်သူမှ မသိနိုင်ပါချေ။
"စိတ်ဝင်စားစရာပဲ။ သူက ဒီမှာ လျှပ်စစ်ထုတ်ဖို့ မီးစက်တွေတောင် သုံးနေတာကိုး။"
ထန်ရှုသည် အနောက်ပိုင်းဘုန်းကြီး၏ဂူအတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်များသည် ဂူအတွင်းရှိ မီးအိမ်များဖြင့် လင်းထိန်နေသော ရှုခင်းဆီသို့ ရွေ့လျားသွားခဲ့သည်။ မြေကြီးအောက် ဆယ်မီတာနက်သော မြေပြင်ကို မြင်သောအခါတွင် လှပစွာထွင်းထုထားသော ကျောက်ရုပ်တု ဆယ့်နှစ်ရုပ်ကို တွေ့သောအခါ သူ၏မျက်လုံးအစုံသည် ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။
“ဒီကျောက်ရုပ်တုတွေကို ခင်းကျင်းရာမှာ သုံးထားတဲ့အစီအရင်နည်းစနစ်က အပြင်မှာ ခင်းကျင်းထားတဲ့ဟာထက် အများကြီး ပိုလေးနက်ပြီး ပိုကြီးမားတဲ့အားကို ပိုင်ဆိုင်နိုင်တဲ့ပုံပဲ။ အင်း … ဒီအနောက်ပိုင်းဘုန်းကြီးက အစွမ်းအစအချို့ ရှိနေတာပေါ့။”
ထန်ရှုက သူ့ဘာသူ တိတ်တဆိတ် တွေးနေမိသည်။
အနောက်ပိုင်းဘုန်းကြီးသည် ချထားသော မှော်ကြိမ်တံကို ယူ၍ ထန်ရှုနှင့် အခြားလူများဆီသို့ ထက်မြိသော ဓားတစ်ချောင်းအလား ပြေးလာသည်။ ထိုဘုန်းကြီးသည် သူတို့အားလုံးကို ရှင်းလင်းစွာ မြင်ရပြီးနောက်တွင် သူ၏မျက်နှာသည် သိသိသာသာ ပျက်သွားသည်။ သူသည် ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်
"မင်း သူတို့ကို ဒီကို ခေါ်ခဲ့တာလား။ ငါ့ကို သစ္စာဖောက်နေတာလား။"
“တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ထားရမယ်ဆိုတဲ့ စကားကို မင်း ကြားဖူးတယ် မဟုတ်လား အနောက်ပိုင်း ဘုန်းကြီး။” ထန်ရှုက ပြုံးလိုက်ပြီး
“ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်က မသေချင်ဘူးလေ။ ဒီတော့ ငါသိချင်တာတွေ အကုန်ပြောပြတာပေါ့။ ဒါပေါ့ … သူ ပေးခဲ့တဲ့ ဥက္ကာအဆီအနှစ်လိုပဲ သူလည်း တန်ဖိုးတစ်ခု ပေးရတယ်။”
“မင်းတို့က ဘယ်သူတွေလဲ။” အနောက်ပိုင်း ဘုန်းကြီးက ဟိန်းဟောက်လိုက်သည်။
"ငါ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ ဒါပေမယ့် ငါ့ရဲ့လျှို့ဝှက်ချက်တစ်ချို့ကို မင်း ရှာဖွေတွေ့ရှိခဲ့တာက အရေးကြီးတယ်။ ဒါကြောင့် မင်း သေကိုသေရမယ်။" ထန်ရှုက ပြောလိုက်သည်။
အနောက်ပိုင်း ဘုန်းကြီးက ထိုအကြောင်းကို ပိုမိုစေ့စပ်စွာ တွေးတောလိုက်သောအခါ ထန်ရှုသည် မည်သည့်လျှို့ဝှက်ချက်များအား ပြောသည်ကို နားလည်သွားခဲ့သည်။ ထန်ရှု၏ကိုယ်ပိုင်ခွန်အားသည် လွန်စွာ အားကောင်းပြီး သူ့အနောက်မှ လိုက်ပါလာသော အလင်းသည်လည်း အားနည်းနေဟန် မရှိပေ။ ထိုသူတို့သည် ရွှေသံချပ်ကာ ဇွန်ဘီကောင်အား အနိုင်ယူနိုင်ခဲ့ပေရာ သူ့ကိုလည်း ထိုကဲ့သို့ပင် လုပ်ဆောင်ရန် အလားအလာ အတော်များပေသည်။ သူ့တွင် သေစေလောက်သော ဝှက်ဖဲတစ်ချပ်ရှိသည့်တိုင် မည်သူက အသက်ရှင်ပြီး မည်သူက သေဆုံးမည်ဆိုသည်မှာ ပြောရန်ခက်ပေသည်။
"ငါ မင်းကို ဥက္ကာခဲအဆီအနှစ် ပေးပြီး မင်းရဲ့လျှို့ဝှက်ချက်တွေကို အမှောင်ထဲမှာပဲ သိမ်းထားမယ်ဆိုတာ ငါ ကျိန်ဆိုပါမယ်။ ဒါပေမယ့် ငါတို့ကြားက မကျေမနပ်တွေ အားလုံးကို ရှင်းပစ်ပေးရမယ်။ ဘယ်လိုသဘောရလဲ။"
"ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ပြောတာ မှန်ပုံရတယ်။ မင်းက အရှက်မဲ့ပြီး သတ္တိနည်းတဲ့သူပဲ။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
"ဒါပေမယ့် အနောက်ပိုင်းဘုန်းကြီး … မင်းရဲ့သစ္စာ ဒါမှမဟုတ် စကားကို ဘယ်သူက ယုံမှာလဲ ဟမ့်။ ငါ့မျက်လုံးထဲမှာတော့ လူသေတွေက ပုံမပြောနိုင်တော့တဲ့အတွက် လျှို့ဝှက်ချက်တွေကို ထာဝရ ထုတ်ဖော်တော့မှာ မဟုတ်ဘူး။"
ထန်ရှု၏စကားသံ တိုးတိတ်သွားသည်နှင့်အမျှ အဖြူရောင်ဝတ်စုံ ဝတ်ထားသော အလင်းသည် အနောက်ပိုင်းဘုန်းကြီး၏အရှေ့တွင် ချက်ချင်း ပေါ်လာပြီး သူ၏ဓားပျံဖြင့် ဓားကွက်ဖော်လိုက်ရာ ဓားရိပ်များ အထပ်ထပ် ထွက်ပေါ်လာပြီး ဘုန်းကြီးအား အရပ်ရပ်မှ ဖုံးလွှမ်းသွားတော့သည်။ ထိုဓားရိပ်တိုင်းသည် လျင်မြန်ထက်မြိသော အော်ရာတို့ ပြည့်နေခဲ့သည်။
ချိုးဖျက်စမ်း …
အနောက်ပိုင်းဘုန်းကြီးသည် လက်ထဲရှိ မှော်ကြိမ်တံကို ဝှေ့ယမ်းလိုက်ရာ ကြိမ်တံ၏အရိပ်များသည် အမည်းရောင် မြူခိုးအလွှာများ ဖြစ်ပေါ်စေပြီး ဓားရိပ်များအား ဖိနှိပ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏အခြားလက်တစ်ဖက်သည် ခါးထက်မှ လျှော်ဖျင်ကြမ်းပေါ်သို့ ပုတ်လိုက်ရာ ရုတ်တရက် တောက်လောင်နေသော အလုံး၂လုံး ထွက်လာကာ မြောက်ပိုင်းသိမ်းငှက်အရွယ် သွေးဆာနေသော လင်းနို့နှစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ဝှစ်…ဝှစ်…
သွေးဆာနေသော လင်းနို့နှစ်ကောင်သည် မီးပင်လယ်သည် လေထုကို ဆူပွက်စေသကဲ့သို့ သူတို့၏တောင်ပံများကို လှုပ်ယမ်းလိုက်ကြသည်။
***