ကြောက်ရွံ့ထိတ်လန့်ဖွယ် ကြောက်ခမန်းလိလိ ဖြစ်စေသည်
Vol. 48 Ch. 661
ရွှေအမြုတေအဆင့်ဖြစ်သော အလင်းသည် အနောက်ပိုင်းဘုန်းကြီးထက် များစွာအားကောင်းပြီး သူ၏ပျံသန်းနေသော ဓားသည် စိတ်ဝိညာဉ်တစ်ခု၏ အကူအညီအလား ဖြစ်တော့သည်။ အလင်းသည် အနောက်ပိုင်းဘုန်းကြီး၏ တိုက်ကွက်များကို ဖြိုခွင်းပြီး ထိုသူ၏မှော်ကြိမ်တံကို အဆက်မပြတ်တိုက်ခိုက်ကာ ကျိုးသွားစေလိုက်သည်။ အနောက်ပိုင်းဘုန်းကြီး သွေးအန်လိုက်သောအခိုက်အတန့်တွင် ပျံသန်းနေသော ဓားသည် မီးပင်လယ်ကို ထိုးဖောက်ဝင်လာပြီးနောက် သွေးဆာနေသော လင်းနို့နှစ်ကောင်အား ခုတ်ပိုင်းလိုက်တော့သည်။
"ပြန်လာခဲ့…"
အနောက်ပိုင်းဘုန်းကြီးသည် လွန်စွာ ထိတ်လန့်သွားသဖြင့် သူ၏စိတ်ဝိညာဉ်သည် အဝေးသို့ လွင့်စဉ်သွားမတတ်ပင် ဖြစ်ရသည်။ သူသည် ဓားဖြင့် အခုတ်ခံလိုက်ရသည့် သွေးဆာနေသော လင်းနို့နှစ်ကောင်ကို ကောက်ယူပြီး ကျောက်စာများနှင့် ရုပ်တုများအလယ်သို့ ပြန်ဆုတ်သွားခဲ့သည်။ သူ၏လက်များသည် ချိပ်ပိတ်သင်္ကေတများစွာကို အဆက်မပြတ် ပြုလုပ်ပြီး သူ၏သွေးများကို ထည့်သွင်းလျက် မျက်စိတစ်မှိတ်အတွင်းမှာပင် အစီအရင်ကို အသက်သွင်းလိုက်သည်။
“မင်းက တကယ်ကို သန်မာပါပေတယ်။ ငါ့ကို နိမ့်ကျတယ်လို့ ခံစားရလောက်အောင်ကို သန်မာလွန်းတယ်။ ဒါပေမယ့် ငါ့ရဲ့ဒီအစီအရင်က ငါလေ့လာခဲ့ဖူးတဲ့ ရှေးကျမ်းစာကနေ ဆင်းသက်လာခဲ့တာ။ စွမ်းအားကြီးတဲ့ ဗုဒ္ဓရှစ်ပါးက ငါ့ကို ခုနစ်ရက် ခုနှစ်လီ တိုက်ခိုက်တုန်းကတောင် ဒီဟာကို နည်းနည်းလေးမှ မချိုးဖျက်နိုင်ကြဘူး။ ဒီအစီအရင်က သူတို့ ခုနစ်ဦးကို အဆီအနှစ်ထိ ဒဏ်ရာရစေလို့ ရှုံးနိမ့်ပြီး ပြန်ဆုတ်သွားခဲ့ကြရတယ်။ မင်းမှာ အစွမ်းအစရှိရင် ငါ့ကို လာသတ်လှည့်”
အနောက်ပိုင်း ဘုန်းကြီးက ဒေါသတကြီး အော်ဟစ်ကာ သူ့ပြိုင်ဘက်ကို စိုက်ကြည့်နေသည်။ သူ၏ မှော်လက်နက် ဖျက်ဆီးခံရမှုကြောင့် ရင်နာနေရသည်။
အလင်း ချီတုံချတုံ ဖြစ်သွားသည်။ အားပြင်းသော လှုပ်ရှားမှုတစ်ခုကို ထုတ်လွှတ်ခြင်းဖြင့် ဤအစီအရင်ကို ချိုးဖျက်နိုင်မည်ဟု သူ ယုံကြည်သော်လည်း ၎င်းကို အသုံးပြုနိုင်ခဲ့ပေ။ သူသည် ရွှေအမြုတေအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း တောင်ကြီးတစ်ခုလုံး ပြိုကျလာပါက သူ လွတ်မြောက်ရန် အခွင့်အလမ်းမှာ ပါးပါးလေးသာ ရှိသည်။ ထို့ထက်ပို၍ ထန်ရှုသည်လည်း ဤနေရာတွင် ရှိနေသေးသည်။
"ဒါက စကားထဲထည့်ပြောဖို့တောင် မတန်တဲ့ အရည်အချင်းတစ်ခုပဲ။"
ထန်ရှုဆီက သရော်တော်တော် မှတ်ချက်တစ်ခု ထွက်ပေါ်လာပြီး အလင်းအား စိတ်ရှည်ရှည်ထားရန် တစ်ချက်ကြည့်လိုက်ကာ အစီအရင်၏အရှေ့သို့ လွင့်မျောရောက်ရှိလာသည်။ သူက လေထဲတွင် ချိပ်ပိတ်သင်္ကေတများ ပြုလုပ်လိုက်ပြီး အစီအရင်၏ အစောပိုင်းက မမြင်နိုင်သော အရောင်မဲ့ အလင်းတန်း ရောင်ခြည်များသည် ထိုအခိုက်အတန့်တွင် ရုတ်တရက် ရွေ့လျားသွားခြင်းကြောင့် လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး အက်ကွဲကြောင်းရာများ ထွက်ပေါ်လာသည်။
"သူ့အောက်ခြေကို ဖျက်လိုက်စမ်း…"
ထန်ရှု၏လက်မှ ငွေအပ်တစ်ချောင်း ရုတ်တရက် ထွက်လာသည်။ အက်ကွဲရာကို ဖောက်ထွင်းဝင်ရောက်ပြီး အနောက်ပိုင်းဘုန်းကြီး၏ ခြေရင်းမှ ကျောက်တုံးကို ထိမှန်ကာ အလွယ်တကူ ထိုးဖောက်သွားခဲ့သည်။
ဘန်း...
အစီအရင်သည် ချက်ချင်း ကွဲအက်သွားကာ အလင်းတန်းရောင်ခြည်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ယခုအချိန်တွင် ပေါက်ကွဲ မှုကြောင့် ကျောက်ရုပ်တုဆယ့်နှစ်ရုပ်ပင် ပေါက်ကွဲပျက်စီးကာ ပတ်ပတ်လည်တွင် အစအနများ ဖွားကနဲ လွင့်စဉ်ထွက်လာသည်။
မီတာများစွာထိ ဆုတ်ခွာသွားပြီးနောက် ထန်ရှုသည် လွင့်စဉ်နေသော ကျောက်တုံးများနှင့် ကျောက်စရစ်များကို ပိတ်ဆို့ရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကြောက်မက်ဖွယ်ရာ အနောက်ပိုင်း ဘုန်းကြီးအား ကြည့်လိုက်ပြီး
“မင်း တခြားနည်းလမ်းတွေ သုံးရင် ငါ အများကြီး မှန်းဆလို့ မရပေမယ့် ငါနဲ့ အစီအရင်မှာ ကစားချင်တယ်ဆိုရင်တော့ ကမ္ဘာကြီးက ခြားနေသေးတယ်။”
အနောက်ပိုင်း ဘုန်းကြီးသည် မီတာဆယ်ချီသည့်အထိ ဆုတ်ခွာသွားခဲ့သည်။ သူ၏ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်ရင်း ထန်ရှုကို စေ့စေ့ကြည့်ကာ
“ငါ တကယ်ကို ကြံရာမရ ဖြစ်ရတယ်။ မင်းက မင်းရဲ့လူအချို့အတွက် ဓားပျံတွေကို သန့်စင်ပြီး အစီအရင်အတွက် အထောက်အပံ့ဖြစ်စေကတည်းက မင်းရော မင့်လူတွေရော အစီအရင် ခင်းကျင်းရာမှာ ကျွမ်းကျင်မယ်ဆိုတာ ငါ သိတယ်။ ငါ မင်းကို ဖုံးကွယ်မှာ မဟုတ်ဘူး။ ဒီအစီအရင်က ငါ့ရဲ့ကြောက်ခမန်းလိလိ ဝှက်ဖဲတွေထဲက တစ်ခုသာသာပဲ။ ငါ့ဆီမှာ အသုံးမပြုရသေးတဲ့ အခြားတစ်ခု ရှိသေးတယ်။ ဟုတ်တာပေါ့ … ငါ မင်းကို တစ်ခု ပြောပြမယ်။ ငါ့ရဲ့ဒုတိယဝှက်ဖဲက ငါ မင်းနဲ့အတူ သေစေမယ့်နည်းလမ်းပဲ။ ငါ မင်းကို သတ်နိုင်ရင်တောင် ငါလည်း ဒီမှာပဲ သေလိမ့်မယ်။"
ထန်ရှု၏မျက်ခုံး အနည်းငယ် တွန့်လိုက်ပြီး အေးစက်သော အမူအရာဖြင့် ဘုန်းကြီးကို ကြည့်လိုက်သည်။ ရုတ်တရက် သူက ပြုံးလိုက်ပြီး "ခင်ဗျားရဲ့ နောက်ဆုံး ဝှက်ဖဲကို တကယ်ထုတ်နိုင်မယ်လို့ ထင်လား။"
"မင်း ဘာကို ဆိုလိုတာလဲ။" အနောက်ပိုင်း ဘုန်းကြီး၏စိတ်နှလုံး တုန်လှုပ်သွားကာ မျက်လုံးများ တခဏချင်း ပြူးကျယ်သွားသည်။ ဓားပျံတစ်လက်သည် ရုတ်တရက် လေထုထဲမှ ထွက်လာပြီး သူရပ်နေသောနေရာဆီသို့ ထိုးခုတ်လိုက်သောကြောင့် သူ၏သန်မာသော ပုံရိပ်သည် မီတာပေါင်းများစွာ အကွာအဝေးသို့ တဟုန်ထိုး ရွေ့လျားသွားသည်။ ထို့နောက် မီတာတစ်ဒါဇင်ကွာသောအရပ်ရှိ သူ့ထံမှ အနက်ရောင် ပုံသဏ္ဌာန်တစ်ခု ထွက်ပေါ်လာပြီး သူ၏လက်မောင်းကို လွှင့်ပစ်လိုက်သည်။
“သွေးငရဲ…”
အနောက်ပိုင်း ဘုန်းကြီးက ကျိန်စာများကို အသံနက်ကြီးဖြင့် ရွတ်ဆိုနေသည်။ အနံ့ပြင်းသော အစိမ်းရောင် မြူခိုးများသည် သူ၏ချိုင်းမှ ထွက်လာပြီး လက်မောင်းတစ်စုံအဖြစ်သို့ ပြောင်းလဲသွားကာ အခုတ်ခံလိုက်ရသော လက်မောင်းကို တိုက်ရိုက် ပြန်ဆွဲယူလိုက်သည်။ သူ့ဆီသို့ လျင်မြန်စွာ ကျရောက်လာသော ဓားအလင်းတန်းကို အလျင်အမြန် ရှောင်ရှားရင်း ထိုဆွဲယူလိုက်သော လက်မောင်းကို မူလနေရာသို့ ဖိသွင်းလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် အနက်ရောင် မျက်နှာဖုံးကို ဆင်မြန်းထားသည့် အမှောင်က အနောက်ပိုင်း ဘုန်းကြီးထက် နှစ်ဆပိုမြန်ပေသည်။ ဘုန်းကြီးက ရှောင်ဖို့ ကြိုးစားသော်ငြား ဓားအလင်းက သူ့နောက်ကျောကို ဖြတ်သွားပြီး ရှည်လျားကာ သွေးများထွက်စေသည့် ဒဏ်ရာကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင် အလင်းသည် အမြောက်ကျည်တစ်ခုအလား ရှေ့သို့ ဝုန်းကနဲ တက်လာပြီး အခြားတစ်ဖက်မှ အနောက်ပိုင်း ဘုန်းကြီးအား တိုက်ခိုက်သည်။ ဤဘုန်းကြီးတစ်ပါးကို တိုက်ခိုက်သတ်ဖြတ်ရန် အားအတော် စိုက်ထုတ်ရသော်လည်း ၎င်းတို့နှစ်ဦး၏ အင်အားကို ပေါင်းစပ်လိုက်ခြင်းဖြင့် မောင်နှမနှစ်ယောက်၏ ခွန်အားသည် တခဏချင်း တိုးမြင့်လာသည်။ ပျံသန်းနေသော ဓားနှစ်လက်သည် လေထဲတွင် ပျံဝဲနေရင်း ကြာပန်းပွင့်များသဖွယ် ဓားအလင်းများကို ဖြစ်ပေါ်စေသည်။ ထူထပ်များပြားလှသော ဓားအလင်းရိပ်များသည် တောက်ပသော ဧရာမနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အနောက်ပိုင်း ဘုန်းကြီးဆီသို့ ဦးတည်သွားတော့သည်။
"နတ်ဆိုးမီးတောက် ဓာတ်တော်…"
ပတ်ပတ်လည်တွင် အနက်ရောင် မီးတောက်ဖြင့် တောက်လောင်နေသော ဓာတ်တော်နှင့်တူသော ဘောလုံးအရွယ် အမှောင်ထုကို အနောက်ပိုင်း ဘုန်းကြီးသည် လွှတ်လိုက်သည်။ သူသည် သွေးအဆီအနှစ်များစွာကို ဖိအားပေး ထုတ်လိုက်ပြီးနောက် အနက်ရောင် မီးလျှံသည် ချက်ချင်းပင် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်လုံးတစ်မှိတ်အတွင်း သူ့ဘေးပတ်လည်ရှိ မီတာဒါဇင်ပေါင်းများစွာကို ဖုံးလွှမ်းသွားသည်။
အနက်ရောင်ဓာတ်တော်၏သေးငယ်သောပုံစံသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာကာ လျှပ်တပြက်အတွင်း အနက်ရောင်နဂါးအဖြစ်သို့ ပြောင်းသွားပြီး ဓားနဂါးဆီသို့ တိုက်ခိုက်လိုက်သည်။
ဘန်း...
အနက်ရောင်နဂါးသည် ကြေမွကာ အစိတ်စိတ် ဖြစ်သွားပြီး ဓားနဂါး၏ စွမ်းအားသည်လည်း ပြင်းထန်စွာ ကျဆင်းသွားကာ ပြိုကွဲတော့မည့် လက္ခဏာများပင် ပြသခဲ့သည်။ သို့သော် အလင်းနှင့်အမှောင်၏ ထိန်းချုပ်မှုအောက်တွင် ဓားနဂါးသည် အနောက်ပိုင်းဘုန်းကြီးထံသို့ ပြေးဝင်လာဆဲဖြစ်သည်။
“ဖျက်ဆီးခြင်းတံခါးပေါက်…”
အနောက်ပိုင်း ဘုန်းကြီးသည် ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျနေသည့် အခိုက်အတန့်တွင် အနက်ရောင်ဒိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ဆီမှ ရှေ့သို့ ထွက်လာပြီး သူ့အား စောင့်ကြပ်ပေးနေသည်။ ထို့နောက် ဓားနဂါးသည် ဒိုင်းကာကို ထိသွားသည်။ ဒိုင်းလွှား၏အပေါ်အလွှာတွင် အက်ကြောင်းများ ပေါ်လာသော်လည်း ၎င်း၏မှော်ကြိမ်တံကဲ့သို့ လုံးလုံးမပျက်စီးသေးဘဲ အနောက်ပိုင်း ဘုန်းကြီးကို မထိမီ ဓားနဂါးကို ပိတ်ဆို့ထားသည်။
အနောက်ပိုင်းဘုန်းကြီး၏ခန္ဓာကိုယ်သည် ကြွေကျသွားသော သစ်ရွက်များအလား မီတာပေါင်းများစွာ အကွာအဝေးရှိ လိုဏ်ဂူနံရံပေါ်သို့ ပြင်းထန်စွာ ထိမှန်ကာ ကျယ်လောင်စွာ ပြုတ်ကျသွားတော့သည်။ ထိုအချိန်တွင် သူ့ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး သေလုမျောပါး ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့သည်။
"ငါတို့ရဲ့ပူးတွဲတိုက်ခိုက်မှုကို တားဆီးနိုင်လောက်တဲ့အထိ ခင်ဗျား တော်တာပဲ။"
အလင်း၏ခြေလှမ်းများသည် လေထဲသို့ လှမ်းဝင်ကာ သူ၏ ဓားပျံဆီသို့ ပြန်သွားခဲ့ရာ သူသည် အနောက်ပိုင်း ဘုန်းကြီးထံ ထပ်မံ ပျံသန်းသွားဟန်ရသည်။
ဂူပေါက်ဝတွင် ရပ်နေသော ရွှေသံချပ်ဝတ် ဇွန်ဘီကောင်သည် အတွင်းပိုင်းအခြေအနေကို အာရုံစိုက်နေခဲ့သည်။ အလင်းနှင့်အမှောင်သည် ထိုကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းမည်ဟု တစ်ခါမျှ မထင်ခဲ့မိရုံသာမက ၎င်းတို့နှစ်ဦးပူးပေါင်းပြီးနောက် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အကယ်၍များ သူသည် ၎င်းတို့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါက ပြီးခဲ့သောတိုက်ကွက်တစ်ခုဖြင့်ပင် သူ အမြဲတမ်း ဂုဏ်ယူနေရသော ခန္ဓာကိုယ်အား တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည့်အပြင် သူ့အတွက် သေလမ်းတစ်ခုတည်းသာ လမ်းဖွင့်ပေးပေလိမ့်မည်။ သူတို့၏ပူးပေါင်းစွမ်းအား တစ်ချက်တည်းဖြင့်ပင် သူ့ကို သတ်ပစ်ရန် လုံလောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ရွှေသံချပ်ဝတ် ဇွန်ဘီကောင်သည် ရုတ်တရက်ဆိုသလို စိတ်ထဲတွင် ကံကောင်းသွားသည်ဟု ခံစားလိုက်ရပြီး ထန်ရှု၏ရန်သူ မဖြစ်ရသည်မှာ ကံကောင်းသည်ဟု ခံစားနေမိသည်။ နို့မဟုတ်လျှင် သူလည်း ယခုဆို သေဆုံးပြီးဖြစ်ပေလိမ့်မည်မဟုတ်လော။
ထန်ရှု၏မျက်ဝန်းများတွင် အလင်းရိပ်တစ်ခု လက်သွားသည်။ သူက လက်ကို မြှောက်ပြီး
“အလင်း … အမှောင် … လောလောဆယ် သူ့အသက်ကို ချမ်းသာပေးလိုက်။"
အလင်းသည် ခဏလောက် ငေးကြည့်နေပြီးမှ ချက်ချင်း ရပ်သွားသကဲ့သို့ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီးနောက် အမှောင်သည်လည်း ပျောက်ကွယ်သွားတော့သည်။
ထန်ရှုသည် လေထဲသို့ တိုးဝင်ကာ အနောက်ပိုင်းဘုန်းကြီး၏အရှေ့သို့ ရောက်လာပြီး “မင်းလက်ထဲမှာ အဆုံးမရှိတဲ့ ဝှက်ဖဲတွေ ရှိပြီး ရတနာတွေလည်း အများကြီး ရှိတယ်။ ဒါပေမယ့် မင်းသေရမှာကိုတော့ အရမ်းကြောက်နေသားပဲ။ ဒီလိုအရေးကြီးဆုံးအခိုက်အတန့်မှာတောင် မင်း ငါတို့နဲ့ အတူတကွ မသေချင်သေးပါဘူး။ ဆိုတော့ကာ ဒီလိုအခြေအနေမျိုးမှာ မင်းအသက်ကလေးကို စောင့်ရှောက်ဖို့ ငါ အခွင့်အရေးတစ်ခု ပေးမယ်။"
လက်ရှိအချိန်တွင် ရာပေါင်းများစွာသော ဓားအလင်းတန်းများကြောင့် အပြင်းအထန် ဒဏ်ရာရရှိထားသည့် အနောက်ပိုင်း ဘုန်းကြီးသည် သွေးထွက်ရပ်စေရန်အတွက် အစစ်အမှန် အဆီအနှစ်ဖြင့် သူ၏ဒဏ်ရာများကို ယာယီ ကုသနေခဲ့သည်။ အလင်းနှင့် အမှောင်က သူ့ကို ထပ်မံတိုက်ခိုက်ပါက နောက်ဆုံးအကြိမ်အဖြစ် ကြောက်ခမန်းလိလိဝှက်ဖဲတစ်ခုကို အသုံးပြုရန် လျှို့ဝှက်စွာ ပြင်ဆင်ထားသေးသည်။ သို့သော်လည်း ထန်ရှု၏စကားများက သူ့အား ငရဲမှ ကောင်းကင်ဘုံသို့ ရောက်သွားသည့်အလား ခံစားချက်ကို ပေးစွမ်းပေတော့သည်။
"ဘယ်လိုအခြေအနေမျိုးအောက်မှာလဲ။" အနောက်ပိုင်းဘုန်းကြီးသည် တောင်နံရံအား မှီလျက် ချက်ချင်း ထရပ်လိုက်သည်။
"မင်းက ငါ့ရဲ့လျှို့ဝှက်ချက်တွေကို သိပြီး မင်းရဲ့စရိုက်ကို ငါ စဉ်းစားကြည့်တော့လည်း မယုံနိုင်သေးဘူး။" ထန်ရှုက ဖြည်းညှင်းစွာ ပြောသည်။
“ဒီကိစ္စမှာ မင်းရဲ့ အသက်လေးကို မင်း ထိန်းသိမ်းထားနိုင်အောင် မင်းရဲ့အသက်နဲ့ သေခြင်းကို ငါ ထိန်းချုပ်ထားရမယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို ဖြေလျှော့ပြီး အဲ့ဒီအပေါ်မှာ ငါ့ကို ထိန်းချုပ်ထားခွင့်ပြုသမျှ ကာလပတ်လုံး မင်း အသက်ရှင်နေနိုင်ရုံသာမက အနာဂတ်မှာလည်း မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီးရလာလိမ့်မယ်။"
ပြူးကျယ်သွားသော မျက်လုံးများနှင့်အတူ အနောက်ပိုင်း ဘုန်းကြီးသည် အံ့အားသင့်စွာဖြင့် ရုတ်တရက် မေးလိုက်သည်။
“စိတ်ဝိညာဉ်ကို အုပ်စိုးတဲ့ နည်းလမ်းကို မင်း သိတယ်ပေါ့။”
"မင်း အဲ့ဒီအကြောင်းကို တကယ် သိတာလား။" ထန်ရှု အံ့အားသင့်သွားသည်။
အနောက်ပိုင်း ဘုန်းကြီးက အားတင်းပြုံးလိုက်ပြီး
“ငါ ရခဲ့တဲ့ ရှေးဟောင်းကျမ်းစာထဲမှာ အဲ့ဒါကို မှတ်တမ်း တင်ထားတယ်။ တစ်ယောက်ယောက်ကို အဲ့ဒီနည်းနဲ့ ထိန်းချုပ်ထားနိုင်ရင် အဲ့ဒါက ရုပ်သေးရုပ်တစ်ခုသာသာ ဖြစ်လာလိမ့်မယ်။ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို လေးကြိမ်တိုင်တိုင် ငါ တိုက်ခိုက်ရတဲ့ အကြောင်းရင်းက အဲ့ဒီစိတ်ဝိညာဉ်အုပ်စိုးတဲ့နည်းစနစ်ကို သူ့အပေါ် ငါ အသုံးပြုချင်လို့လေ။ ဒါပေမယ့် စိတ်မကောင်းစရာက ငါ့ရဲ့ ခွန်အားက သူ့ထက် အနည်းငယ် နိမ့်ကျတယ်။ ဒါကြောင့် ငါ့ရဲ့လက်ထဲမှာ ကတ်တွေ အများကြီး ရှိရင်တောင် အဲ့ဒါကို အကောင်အထည် မဖော်နိုင်ဘူး။"
"မင်း ပြောတဲ့ စိတ်ဝိညာဉ်အုပ်စိုးတဲ့နည်းပညာက ငါနဲ့မတူဘူး။" ထန်ရှု ခေါင်းယမ်းလိုက်ရင်း
"ငါသုံးမယ့် စိတ်ဝိညာဉ်အုပ်စိုးတဲ့နည်းစနစ်က မင်း ငါ့ကို သစ္စာဖောက်ရဲရင် မင်းရဲ့သေခြင်းကို ငါ ဆုံးဖြတ်နိုင်တဲ့ မင်းရဲ့စိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားတဲ့စနစ်မျိုးပဲ။ မင်းရဲ့ အသိဉာဏ်ပညာနဲ့လွတ်လပ်မှုကို အရင်ကလိုပဲ မင်း လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိလိမ့်မယ်။”
"မင်း … မင်း ...ငါ့ကို တကယ် အဲ့ဒီလို လုပ်မှာလား။" အနောက်ပိုင်း ဘုန်းကြီး၏အမူအရာ ပျက်သွားကာ ထိုအရာတွင် ရှိနေသမျှ အရိပ်အမြွက်များကို မြင်ရန် ကြိုးစားရင်း ထန်ရှုကို စူးစိုက်ကြည့်နေသည်။
"ငါ အဲ့ဒီလို မလုပ်ရင် မင်း အခု သေရမယ်။ ငါ့မှာ ဘာနည်းလမ်းတွေ ရှိတယ်ဆိုတာ မင်း မမြင်ရသေးတဲ့အတွက် အတူတူသေကြဖို့ နည်းလမ်းတွေ မင်းမှာ ရှိသေးတယ်လို့ ထင်မနေနဲ့။" ထန်ရှုက တည့်တိုးပင် ပြောလိုက်သည်။
“အခု မင်းရှေ့မှာ လမ်းနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မင်း ငါ့လက်အောက်ခံ လုပ်ပြီး မင်းရဲ့စိတ်ဝိညာဉ်အပေါ်မှာ ချိပ်ပိတ်ခံဖို့။ ဒုတိယတစ်ခုကတော့ သေလိုက်ဖို့ပဲ။ ငါ့မှာ မင်းကိုသတ်ဖို့နဲ့ ကိုယ့်ကိုကိုယ် ဘေးကင်းလုံခြုံရအောင် အာမခံချက်ပေးနိုင်တဲ့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။"
အနောက်ပိုင်း ဘုန်းကြီး၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ ထန်ရှုကို ယုံသင့်လား ဆိုသည်ကို မသိခဲ့သည့်တိုင် သူ ငြင်းဆန်ပါက သူ့ဘဝလမ်းဆုံး သွားမှာကို သူ ကြောက်ရွံ့နေခဲ့သည်။ ဘုန်းကြီးသည် အချိန်အတော်ကြာအောင် အကျပ်ရိုက်နေဟန်တူပြီး အဆုံးတွင် ခေါင်းညိတ်ကာ သူ၏စိတ်ဝိညာဉ်ကို ဖြေလျော့ပေးခဲ့သည်။
ထန်ရှုသည် အပြုံးသဲ့သဲ့ဖြင့် စိတ်ဝိညာဉ်အုပ်စိုးမန္တန်ဖြင့် ဘုန်းကြီး၏စိတ်ဝိညာဉ်ပေါ်သို့ အမြန်ချိပ်ပိတ်သည်။ ပြီးဆုံးသွားသည်နှင့် ကျေနပ်စွာ ပြောလိုက်သည်။ “အခြေအနေကိုလိုက်ပြီး ပြုမူတတ်တဲ့သူက ပညာရှိပဲ။ မင်းရဲ့အသက်ဟာ ငါ့လက်ထဲမှာ ရှိတာမို့ မင်း ငါ့အမိန့်တွေအားလုံးကို ချွင်းချက်မရှိ နာခံရမယ်။"
သူ့ကံကြမ္မာအား ထန်ရှုက ချုပ်ကိုင်လိုက်ပြီဖြစ်ကြောင်း အနောက်ပိုင်း ဘုန်းကြီးက ခံစားသိရှိနိုင်သည်။ သို့သော် အရာရာသည် ဤသို့ထိ ရောက်နေပြီဖြစ်သောကြောင့် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ လေးစားစွာဖြင့် သူ ပြောလိုက်သည်။
“နောင်တွင် မင်းခိုင်းသမျှကို ငါ လုပ်ပေးပါ့မယ်။”
“လောလောဆယ်တော့ မင်းကို ဘာမှ မဖြေရှင်းခိုင်းသေးပါဘူး။” ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်း ဒီမှာနေပြီး ကောင်းကောင်းကျင့်ကြံရမယ်။ နောက်ပြီး အခြေတည် ဗုဒ္ဓအဆင့်ရဲ့ အထွတ်အထိပ်ထိ ကျင့်ကြံဖို့ အထောက်အကူဖြစ်စေမယ့် ကျင့်ကြံနည်းစနစ်အသစ်ကိုလည်း ငါ ပေးမယ်။ ငါ မင်းကို လုပ်စေချင်တာရှိရင် နောက်မှ ဆက်သွယ်လိုက်မယ်။"
ထိုသို့ပြောပြီးနောက် ကျောက်စိမ်းပိုင်းတစ်ခုကို ထုတ်ယူကာ ဗုဒ္ဓဘာသာကျောင်း၏ ကျင့်ကြံနည်းစနစ်ကို ထည့်လိုက်ပြီး အနောက်ပိုင်း ဘုန်းကြီးထံ လွှတ်ပေးလိုက်သည်။
“ငါ့ရဲ့မျိုးရိုးအမည်က ထန်၊ ထန်ရှု။ မင်း နှစ်တိုင်း လာရောက်ရမယ့် ကျင်းမန်ကျွန်းက ဌာနချုပ်ဖြစ်တဲ့ ထာဝရခန်းမရဲ့ပိုင်ရှင်ပဲ။”
"နားလည်ပြီ။" အနောက်ပိုင်းဘုန်းကြီးက လေးစားစွာ ခေါင်းညိတ်သည်။
ထို့နောက် ထန်ရှုက ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို ညွှန်ပြလိုက်ရင်း
"မင်း သူ့ကို အပြစ်မတင်ရဘူး။ ငါက သူ့အသက်ကို ချမ်းသာပေးပြီး သူ့အတွက် အကျိုးကျေးဇူးတွေ ပေးခဲ့တယ်။ ဒါကြောင့် မင်းအကြောင်းတွေကို ပြောပြဖို့ ဆန္ဒရှိတာ သဘာဝပဲ။ သူ့ဆီကနေ ငါ တောင်းထားတဲ့ အရာက အရမ်း ရိုးရှင်းပါတယ်။ သာမန်လူတွေကို နာကျင်အောင်လုပ်ဖို့ ခွင့်မပြုသလို လူတွေကို သတ်ဖြတ်လုယက်ဖို့လည်း သူ့ကို တားမြစ်ထားတယ်။ ဒါကလည်း မင်းဆီက ငါတောင်းဆိုမှာနဲ့ အတူတူပဲ။”
***