← Chapters

ကျေနပ်အံ့အားသင့်ရမှု

Vol. 48 Ch. 664

ကျေနပ်အံ့အားသင့်ရမှု

Vol. 48 Ch. 664

အနက်ရောင်ဟေမန္တသစ်အား မတော်တဆ ရှာဖွေတွေ့ရှိခြင်းသည် ထန်ရှုအတွက် မမျှော်လင့်ထားသော တွေ့ရှိမှုတစ်ခုဖြစ်သလို အံ့သြစရာတစ်ခုလည်း ဖြစ်ခဲ့သည်။ အနက်ရောင် ဟေမန္တသစ်အမြောက်အမြား ဝယ်ယူရန် စိတ်ကူးရပြီးနောက်တွင် ကျဲဝါလေ့၏ နတ်ဘုရားဝတ်ရည်ဝိုင်အား ကြိုက်နှစ်သက်ခြင်းအပေါ် မူတည်ကာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို အဆိုပြုလိုက်သည်။

“ဟုတ်တယ် … ဒီလူရှစ်ယောက်ဆန့် စတုရန်းစားပွဲပဲ။ အတိအကျပြောရရင် ဒီသစ်မျိုးကို ဝယ်ချင်တာ။”

သစ်လုပ်ငန်း … သစ်ထုတ်လုပ်ရေး လုပ်ငန်းလား။

ကျဲဝါလေ့သည် ထန်ရှုကို အံ့အားသင့်နေသော အမူအရာဖြင့် စိုက်ကြည့်လိုက်ရင်း ချက်ချင်းပင် ပြုံးကာ ပြန်ပြောသည်။

"ငါတို့ဆီမှာ ဒီအခေါက်ဝါ သစ်ပင်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် သူ့သစ်ကတော့ အရမ်းကို သာမန်ပါပဲ။ လေးလံတာကလွဲပြီး အခြားကောင်းမွန်တာ မရှိဘူး။ ညီအစ်ကိုထန်က ဒီလိုသစ်သားမျိုးကို ဘယ်လို ဝယ်ချင်တာလဲ။”

“ကျွန်တော်က လုံလောက်တဲ့အလေးချိန်နဲ့ ပရိဘောဂတွေ ထုတ်လုပ်ချင်တယ်။ ဒါနဲ့ ဒီသစ်အမျိုးအစားအတွက် ပေးရတဲ့ဈေးကို သိနိုင်မလား။” ထန်ရှုက မေးလိုက်သည်။

“အရိုးသားဆုံး ပြောရရင် အရမ်းဈေးသက်သာတယ်။ အဝါရောင် သစ်ခေါက်သားဈေးက တစ်တန်ကို ယွမ် ၁၆၀၀ လောက်ပဲ ရှိတယ်။ ညီအစ်ကိုထန် … မင်း ဒီသစ်တန်ချိန် ဘယ်လောက်လိုတယ်ဆိုတာ ပြောပြရင် ငါ ကျသင့်ငွေကို တစ်ခါတည်း ပေးလိုက်လို့ရတယ်။ အဲ့ဒီသစ်တွေကို ပို့ဆောင်ရတာ ပြဿနာ မရှိဘူး။ သစ်တွေကို ထရပ်ကားပေါ်  ဦးဆုံးတင်ပြီးရင် ကြယ်တာရာကို ပုံမှန်သယ်ယူပို့ဆောင်ရေးနဲ့ ပို့ဆောင်လို့ရတယ်လေ။ ကုန်ကျစရိတ်အားလုံးပေါင်းမှ တစ်တန်ကို ယွမ် ၂၀၀၀လောက်ပဲ ကျသင့်လိမ့်မယ်။”

အင်မော်တယ်ကမ္ဘာရှိ ကျင့်ကြံသူများစွာ၏အမြင်တွင် တန်ဖိုးကြီးသောသစ်ခွဲသားတစ်ခုသည် ကမ္ဘာပေါ်တွင် ဤမျှအလွန်ဈေးသက်သာလိမ့်မည်ဟု ထန်ရှု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။ ဒီသစ်သားတစ်တန်အတွက် ယွမ် ၂၀၀၀ပဲ ကျသင့်တာလား။ တန်၁၀၀ဆိုရင် ယွမ်၂၀၀,ဝဝဝ လောက်သာ ပေးရပေမည်။

“ကောင်းပြီ တန် ၅၀၀။ ကျွန်တော် ခင်ဗျားကို မူလလက်ဆောင်ပေးမယ့် နတ်ဘုရားဝတ်ရည်ဝိုင် ဆယ်ဘူးအပြင် အပိုအဖြစ် နောက်ထပ် ဆယ်ဘူး ထပ်ပေးမယ်။ ဒါပေမယ့် ကျွန်တော် သစ်တွေကို ကွမ်းယန်ပြည်နယ် ဆိပ်ကမ်းကို ပို့စေချင်ပါတယ်။”

ကျဲဝါလေ့က စိတ်ထဲတွင် တွက်ချက်လိုက်သည်။ ခမ်းနားသောထန် လုပ်ငန်းစု၏ဝိုင်စက်ရုံမှ ထုတ်လုပ်သော နတ်ဘုရားဝတ်ရည်ဝိုင် တစ်ပုလင်းအတွက် ရောင်းဈေးမှာ ယွမ် ၁၈,၈၈၈ ဖြစ်သည်။ တစ်ဘူးတွင် ခြောက်ပုလင်းပါသောကြောင့် ၁၁၃,၀၀၀ ယွမ် ကျသင့်ပြီး ဘူး ၂၀ဆိုပါက ယွမ် ၂.၂၆ မီလီယံ တန်ကြေး ရှိပေသည်။ အဝါရောင်သစ် ၅၀၀ တန်နှင့် ပို့ဆောင်ခအပါ ကျသင့်ငွေသည် ယွမ် ၁ မီလီယံခန့်သာ ကျသင့်မှာ ဖြစ်သည်။

တစ်ခုသတိပြုရမည်မှာ ဤနတ်ဘုရားဝတ်ရည်ဝိုင်အား ရောင်းချရန် ဈေးကွက်မရှိခြင်းပင်ဖြစ်သည်။ သည်ကဲ့သို့ ဝေးလံခေါင်သီသော အရပ်ဒေသတွင် နေထိုင်သူများအတွက် သည်ဝိုင်ကို ဝယ်ယူရန် လွန်စွာ ခက်ခဲပေသည်။ ထို့အပြင် သူသည် နတ်ဘုရားဝတ်ရည်ဝိုင် ဘူး ၂၀ကို ရပါက ၎င်းတို့ကို လက်ဆောင်အဖြစ် ကြီးမားစွာ အသုံးပြုမည့် နေရာလည်း ရှိနေသေးသည်။ သူသည် ထိုဝိုင်များဖြင့် အစိုးရအရာရှိများကို စိတ်ကျေနပ်စေမည့်အပြင် သူ၏စီးပွားဖက်များကိုပါ လက်ဆောင်ပေးနိုင်မည်မှာ သေချာသည်။ ထိုအချိန်တွင် သူ ရနိုင်သော ငွေကြေးပမာဏက ၁မီလီယံကျော်လောက် ရှိမည် မဟုတ်ပေလော။ ထိုအရာများဖြင့် လူများစွာကို နှစ်သက်စေရန် ၎င်းဝိုင်ကို အသုံးပြုနိုင်မည် မဟုတ်ပေလော။

“ညီအစ်ကိုထန် … မင်း ငါ့ကို နှစ်တိုင်း အဝါရောင်သစ် တန် ၅၀၀အတွက် နတ်ဘုရားဝတ်ရည်ဝိုင် ဘူး၂၀ ရောင်းပေးရင် အဲ့ဒီကိစ္စအတွက် ငါကိုယ်တိုင် ကိုင်တွယ်ပြီး ကွမ်းယန်ပြည်နယ်ဆိပ်ကမ်းကို ကိုယ်တိုင် စောင့်ကြပ်ပေးပို့ပေးမယ်။ ဘယ်လိုလဲ။"

ကျဲဝါလေ့က စိတ်လှုပ်ရှားနေသောအမူအရာဖြင့် သူ့ကို မေးလာသည်။

"ကောင်းပြီ … သဘောတူတယ်။" ထန်ရှု အပြုံးဖြင့် ဖြေလိုက်သည်။

နေ့လည်စာစားချိန်…

ကျဲဝါလေ့သည် မြင်းမွေးမြူရေးခြံတွင် ခမ်းနားသော စားသောက်ပွဲဖြင့် ထန်ရှုတို့အား တည်ခင်းဧည့်ခံသည်။ နေ့လည်စာစားပြီးနောက် ထန်ရှုအား မြင်းစီးဖို့ ခေါ်ဆောင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ထန်ရှုက မြင်းစီးရန် စိတ်မဝင်စားကြောင်းကို သိသွားပြီးနောက် သူ့သူငယ်ချင်းပိုင် အမဲလိုက်ကွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ အမဲလိုက်ကွင်းဧရိယာသည် ကျယ်ပြောသည့်အပြင် လူဦးရေကျဲပါးပြီး ချမ်းသာသူများသာ ပိုင်ဆိုင်သည့် တောထူထပ်သော တောင်၏ အစိတ်အပိုင်းအချို့ပင် ပါဝင်ပေသည်။ အမျိုးမျိုးသော ဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် သူ၏သူငယ်ချင်းသည် နောက်ဆုံးတွင် စာချုပ်ကို ရယူနိုင်ခဲ့ပြီး တောင်၏အနောက်တွင် အမဲလိုက်လုပ်ငန်းကို စတင်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ချမ်းသာသူ အများအပြားသည် ဤအမဲလိုက်မြေတွင် အမဲလိုက်ရန် လာရောက်ကြပြီး ထိုမြေဧရိယာပိုင်ရှင်သည် ၎င်းလုပ်ငန်းမှ ငွေအမြောက်အမြား ရပေသည်။

မူလက ထန်ရှုသည် အမဲလိုက်ခြင်းကို သိပ်စိတ်မဝင်စားသော်လည်း ၎င်းတို့သည် သေနတ်ဖြင့် အမဲလိုက်မည်ကို သိပြီးနောက် ချက်ချင်းပင် စိတ်ပြောင်းသွားသည်။ သူသည် သေနတ်ကို အသုံးပြုရန် အခွင့်အလမ်း မရှိသလောက် နည်းပါးပြီး သူ့လက်စွပ်ထဲတွင် ရန်သူများထံမှ ရသည့် သေနတ်များစွာ သိမ်းဆည်းထားသော်လည်း ၎င်းတို့ကို အသုံးပြုရန် အခွင့်အရေး ရှားပေသည်။

"ကောင်းပြီ။ ဒါဆို ကျွန်တော် ဒုက္ခပေးရဦးမှာပဲ အစ်ကိုကျဲ။"

ထန်ရှုသည် စီးကရက်တစ်လိပ်ကို ထုတ်ကာ ကျဲဝါလေ့အား ကမ်းပေးလိုက်ပြီး နှစ်ယောက်လုံးအတွက် မီးညှိလိုက်သည်။ ထို့နောက် မိုအားဝူနှင့် ကျန်သောသူများသည် ဆာ့ဖ်ကားလေးစီးကို မောင်းနှင်လာပြီး အခြားဆာ့ဖ်ကား ၃စီးအား ကျဲဝါလေ့၏သက်တော်စောင့်ခြောက်ဦးမှ မောင်းနှင်သည်။ ထန်ရှုကမူ ကျဲဝါလေ့၏ကားပေါ် စီးလာသည်။ ထို့နောက် ကားခုနစ်စီးပါသော ယာဉ်တန်းသည် မြင်းမွေးမြူရေးခြံမှ ထွက်ခွာခဲ့သည်။

ကမ်းဇတ်သည် ကမ္ဘာပေါ်ရှိ “ကမ္ဘာမြေပေါ် ရှိ သန့်စင်သောမြေ” ဟု ခေါ်ဆိုနိုင်သည့် နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ဓာတ်ပုံဆရာတစ်ဦးသည် သူ၏စွမ်းရည်နှင့် ပစ္စည်းကိရိယာများ အလွန်ကောင်းမွန်သည့်တိုင် မည်သည့်အခါမှ ထိုနေရာ၏အလှအား ပြည့်စုံစွာ ရိုက်နိုင်မည်မဟုတ်ပေ။ သို့သော် ပေါ့ပေါ့ပါးပါး ရိုက်ထားသည့် ဓာတ်ပုံများပင် ကြည့်မိသူတိုင်း နှစ်ခြိုက်သဘောကျကြပေလိမ့်မည်။ ဤနေရာသည် သဘာဝအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝရုံသာမက ထူးခြားသော ခရီးသွားပတ်ဝန်းကျင်နှင့် လူသားအရင်းအမြစ်များပါ ရှိပေသည်။

ဆာ့ဖ်ကားအတွင်းတွင် ထန်ရှုသည် လမ်းတစ်လျှောက် လှပသောရှုခင်းများကို ခံစားခဲ့သည်။ ထိုနေရာသည် မြောက်ပိုင်းဒေသကဲ့သို့ ကြီးကျယ်ခမ်းနားသော ရှုခင်းများသာမက ယန်ဇီမြစ်တောင်ပိုင်းဒေသကဲ့သို့ တင့်တယ်နွေးထွေးသောအလှများပါ ရှိသည်ကို သူ တွေ့ရှိခဲ့သည်။

“ညီအစ်ကိုထန် … ဟိုးမှာ ကမ်းဇတ်ရေကန် ရှိတယ်။ ရေကန်ထဲမှာ 'ရေကန်မွန်းစတား' ဒါမှမဟုတ် တစ်ခုခု ရှိနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်။ လူတော်တော်များများက သူတို့ အဲဒီမှာ ရေနေမွန်းစတားတွေကို တွေ့ဖူးတယ်လို့ ပြောပေမယ့် သူတို့ရဲ့ဝန်ခံချက်တွေက ဘယ်လောက်ထိ မှန်တယ်ဆိုတာ ငါတို့ မသိနိုင်ဘူး။”

ကျဲဝါလေ့သည် ဆာ့ဖ်ကားကို တစ်နာရီကျော်ကြာ မောင်းနှင်ပြီးနောက် ကားပြတင်းပေါက်မှ မြင်နေရသော တောက်ပနေသည့် ရေကန်ကြီးကို ညွှန်ပြခဲ့သည်။

ရေကန်ထဲက မွန်းစတားတစ်ကောင်လား။

ထန်ရှု၏အမူအရာ အနည်းငယ် လှုပ်ရှားသွားသည်။ သူ့စိတ်ထဲတွင် ၎င်းသည် စိတ်ဝိညာဉ်အသိဉာဏ်ကို ရရှိထားသည့် ပြင်းထန်သော သားရဲတစ်ကောင် ဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။ သို့သော်လည်း ထင်ရှားကျော်ကြားသော တောင်များနှင့် မြစ်များတွင် ခိုအောင်းနေသော သားရဲများစွာ ရှိသည်ဟု ဆိုကြပေရာ ကျယ်ပြောလှသော သမုဒ္ဒရာအောက်တွင် သားရဲ မည်မျှ ပုန်းကွယ်နေခဲ့ကြမည်ကို မသိသောကြောင့် သူ အလျင်စလို ရှာဖွေရန် မလုပ်ခဲ့ပေ။

ထန်ရှုသည် ထိုအကြောင်းအရာကို လျစ်လျူရှုထားပုံရပြီး အနည်းငယ် အံ့အားသင့်သွားပုံ မပေါ်သည်ကို တွေ့ရသောအခါ ကျဲဝါလေ့သည် ရုတ်ခြည်းပင် ရယ်သွမ်းသွေးကာ မှတ်ချက်စကားများ ဆိုလိုက်သည်။

"ကန်ရဲ့မျက်နှာပြင်က ငြိမ်သက်ကောင်း ငြိမ်သက် နေနိုင်တယ်။ ဒါပေမယ့် နားလည်ရခက်တဲ့ သဘာဝဖြစ်စဉ်နောက်ကွယ်မှာ ရေကန်အောက်ခြေမှာ ဖုံးကွယ်ထားတဲ့ ကြောက်မက်ဖွယ်ရာ အန္တရာယ်အချို့ ရှိနေနိုင်တယ်။ ဒါမှမဟုတ် အစွယ်တဖွေးဖွေး လက်သည်းတဖွေးဖွေး ရှိတဲ့ ရေနေသတ္တဝါ တစ်မျိုးကြောင့် ဖြစ်တာလား။ ဒီကိစ္စကို ဘယ်သူမှ မရှင်းပြနိုင်ဘူး။ ရိုးရိုးသားသားပြောရရင် တစ်ခါက အဲ့ဒါကို စူးစမ်းဖို့ စိတ်ကူးရှိခဲ့ပေမယ့် ဒီနှစ်တွေတစ်လျှောက်လုံး ပျင်းရိနေခဲ့တာ။ ပြီးတော့ ပျင်းရိခြင်းက ငါ့အတွက် အကောင်းဆုံးကို မရတဲ့အခါ ငါ့ကို ချုပ်ကိုင်ထားနိုင်တာ စီးပွားရေးကိစ္စတစ်ခုပဲ။”

“အစ်ကိုကျဲ … ခင်ဗျား ကျွန်တော့်ကို ယုံရင် ဒီသံသယရှိတဲ့ ရေနေမွန်းစတားတွေကို မစုံစမ်းတာ အကောင်းဆုံးပဲ။ လူတစ်ဦးမှာ အသက်တစ်ခုတည်းပဲ ရှိပြီး ကမ္ဘာပေါ်မှာက ထူးဆန်းတဲ့အရာတွေက အများကြီး ရှိနေတာလေ။ အဲ့ဒီမှာ ရေနေမွန်းစတားတစ်ကောင် ရှိနေရင် ခင်ဗျား အသက်ရှင်ပြီး ပြန်လာဖို့ အခွင့်အလမ်းက နည်းနည်းလေးပဲ။"

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျဲဝါလေ့သည် ကြက်သေသေသွားပြီးနောက် ရယ်မောလိုက်ပြီး

"ဟားဟားဟား … အဲ့ဒီစကားက အရမ်းကို ထိုးထွင်းသိမြင်တဲ့စကားပဲ ညီအစ်ကိုထန်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အန္တရာယ်ကို မဆင်မခြင် မျက်ကန်းပုံစံနဲ့ ဘဝကို အမှန်တကယ် ဖြတ်သန်းနေခဲ့တာ။ အဲ့ဒီလူကြိုက်များတဲ့ ဆိုရိုးစကားက ဘာလဲ။ အိမ်း … သိချင်စိတ်က ကြောင်ကို သေစေတယ် မဟုတ်လား။ ဟားဟားဟား … မှန်တယ်။ အဲ့ဒီစကားပဲ။”

ထန်ရှုက အပြုံးယဲ့ယဲ့ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ဆာ့ဖ်ကားခုနစ်စီးသည် လမ်းပေါ်တွင် နှစ်နာရီခွဲကြာ မောင်းလာပြီးနောက် နောက်ဆုံးတွင် တောထူထပ်သော တောင်၏အစိတ်အပိုင်းတစ်နေရာသို့ ရောက်ရှိလာသည်။ ရွှံ့ထူသောလမ်း၏အဆုံးတွင် ခမ်းနားလှသော အိမ်ကြီးတစ်ခုအား နောက်ကွယ်တွင် ထားကာ တည်ဆောက်ထားသောနေရာ၏ ဝင်ပေါက်ကို တွေ့ရပြီး ဝင်ပေါက်ရှေ့တွင် လုံခြုံရေးအစောင့်လေးဦးက စောင့်ကြပ်နေသည်။ မုတ်ဆိတ်ကိုယ်စီရှိကြသော ထိုသူတို့တစ်ဦးစီတိုင်းတွင် ကြံခိုင်သန်စွမ်းသော ကိုယ်ဟန်ရှိပြီး ပြင်းထန်သော ရန်တုံ့ပြန်ဟန်များ ရှိကြသည်။ သူတို့လက်ထဲတွင် လျှပ်စစ်နံပါတ်တုတ်များ ကိုင်ဆောင်ထားသော်လည်း ခါးတွင်လည်း တစ်စုံတစ်ခု ရှိနေပေသည်။ ဓား သို့မဟုတ် သေနတ်တစ်ခုခု ဖြစ်ပေလိမ့်မည်။

“ဟားဟားဟား … ကြိုဆိုပါတယ် သူငယ်ချင်းတို့။ ကြိုဆိုပါတယ်။ ညီအစ်ကိုဝါလေ့ … မင်း ငါ့မြေကို နောက်ဆုံးအကြိမ်လာသွားတာက တော်တော်ကြာပြီ မဟုတ်လား။” ဆာ့ဖ်ကားများ အတွင်းသို့ ဝင်လာသောအခါ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင် ပြတ်သားသောအသံတစ်ခုကို ကြားလိုက်ရသည်။ မှုန်ကုပ်ကုပ်ရုပ်ရည်ဖြင့် ကြံ့ခိုင်သော ကိုယ်ရံတော် နှစ်ယောက်က နောက်က လိုက်ပါလျက် ကျစ်ထားသော မုတ်ဆိတ်မွေးနှင့် သားမွေးကုတ်အင်္ကျီ ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူတို့ကို နှုတ်ဆက်စကားဆိုလာသည်။

ကျဲဝါလေ့က သူ့ဆီ သွားပြီး ထိုလူအား ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ ထို့နောက် လူချင်း ခွဲလိုက်ပြီး သူက အပြုံးဖြင့်

"ညီအစ်ကိုဂီဆန်ဂျော … ငါ ဒီကို ခဏခဏ လာပျော်ချင်ပေမယ့် ငါ့စီးပွားရေးအလုပ်တွေက ငါ့ကို အချိန်ပြည့် မအားလပ်အောင် လုပ်နေပြီး တစ်ချိန်လုံး စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒါကြောင့် အမြဲတမ်း အလုပ်များနေရတာ။ တကယ်တော့ အဝေးတစ်နေရာက ဧည့်သည်တစ်ယောက်က ငါ့ဆီ လာလည်တဲ့အတွက် အပန်းဖြေဖို့ သူ့ကို ခေါ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီညီလေးကို မိတ်ဆက်ပေးပါရစေဦး။ သူက ထန်ရှုပါ။ အရင်က တပ်စုခေါင်းဆောင်ဟောင်းက သူ့ကို မိတ်ဆက်ပေးခဲ့တာလေ။”

"ယွမ်ကျန်းရွှမ်လား။" ဂီဆန်ဂျော၏မျက်ခုံးများ မြင့်တက်သွားသည်။ သူက ထန်ရှုအား တခဏလောက် အကဲခတ်လိုက်ပြီး သူ၏လက်ကို ဆန့်တန်းကာ ရှေ့ကို လျှောက်သွားလိုက်ရင်း

"ညီအစ်ကိုထန် … ကြိုဆိုပါတယ်။ ပျော်ပျော် နေလိုက်ပါဗျာ။ ငါက ဒီအမဲလိုက်မြေပိုင်ရှင် ဂီဆန်ဂျောပါ။"

“တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုဂီဆန်ဂျော…” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ဂီဆန်ဂျောက ခေါင်းညိတ်တုန့်ပြန်လိုက်ပြီး အနောက်ရှိ ဆာ့ဖ်ကားပေါ်က မိုအားဝူနှင့် ကျန်သောသူများကို တစ်ချက် ကြည့်လိုက်သည်။ ပြည်မကြီးရှိ ထန်ရှု၏ဂုဏ်ပုဒ်သည် မရိုးရှင်းလောက်ပေ။ မဟုတ်ပါက သူ့အနီးပတ်ဝန်းကျင်တွင် သက်တော်စောင့်များစွာရှိရန် မဖြစ်နိုင်ကြောင်း သူ ချက်ချင်း ပြောနိုင်ပေသည်။

"ကောင်းပြီ ကားပေါ်တက်ရအောင်။ ငါ မင်းကို ဝိုင်ကောင်းကောင်း၊ အသားတို့နဲ့ ဧည့်ခံမယ်။"

ထို့နောက် မော်တော်ကားများသည် ကီလိုမီတာ အနည်းငယ်မျှ ဆက်လက်မောင်းနှင်ပြီးနောက် နှစ်ထပ်အဆောက်အအုံများစွာရှေ့ ရှိ ကားရပ်နားရန် နေရာ၌ ရပ်တန့်ခဲ့သည်။ ကားပေါ်မှဆင်းပြီးနောက် သူတို့အားလုံးသည် အလယ်ဗဟိုရှိ နှစ်ထပ်တိုက်ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီးနောက် အဆင့်မြင့်မြင့် ပြင်ဆင်ထားသော ဧည့်ခန်းထဲသို့ ဝင်လိုက်သည်။ မိုအားဝူက ထန်ရှု၏အနောက်ကို လိုက်လာခဲ့ပြီး ကျန်ဆယ်ယောက်က အပြင်တွင် ကျန်နေခဲ့သည်။

ဝိုင်နှင့် အသားများ ယူလာသောအခါ ကျဲဝါလေ့က ပြုံးပြီး မေးလိုက်သည်။

"ညီအစ်ကို ဂီဆန်ဂျာ … မင်းရဲ့နေရာကို လာလည်တဲ့ ဧည့်သည်တွေက ဒီရာသီမှာဆို အရေအတွက် နည်းနည်းပဲ ရှိတာမဟုတ်ဘူးလား။ ငါတို့က ဒီနှစ်ရဲ့အစပဲ ထင်တယ်။”

“အရင်နှစ်တွေရဲ့ ဒီလိုအချိန်တွေဆို ဧည့်သည် အနည်းငယ်လောက်ပဲ ရှိပေမယ့် ပြောရမယ်ဆိုရင် ဒီနှစ်က ထူးဆန်းတယ်။” ဂီဆန်ဂျောက ပြုံးပြီး ပြန်ဖြေသည်။

“ဒီသုံးရက်အတွင်းမှာ ဧည့်သည်တစ်ဒါဇင် ရောက်လာပြီး ငါ့အမဲလိုက်မြေစံအိမ်မှာရှိတဲ့ အခန်းတစ်ဝက်နီးပါးကို ယူထားတယ်။ ပြောရမယ်ဆိုရင် ပြည်မကြီးက ပိုက်ဆံရှိတဲ့သူတွေက ပိုပိုပြီး များလာတာပဲ။ သူတို့က ဒီမှာ ရေလောင်းသလိုမျိုး ပိုက်ဆံတွေ အကုန်အကျခံပြီး ရနိုင်တဲ့ အကောင်းဆုံး ဝန်ဆောင်မှုနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အမဲလိုက်အတွေ့အကြုံကို တောင်းဆိုထားတယ်။”

"အယ်…" ကျဲဝါလေ့ အံ့သြသွားပြီး

"ဒါဆို မင်းရဲ့လုပ်ငန်းက အရမ်းကောင်းနေပြီပေါ့။"

"ကောင်းပြီ … ငါတို့တွေ အဲ့ဒီအကြောင်း မပြောကြတော့ဘူး။"

ဂီဆန်ဂျောက သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးကာ ပြောလိုက်သည်။

"ဒါနဲ့ ညီအစ်ကိုထန်က ဘယ်က လာတာလဲ။ ပြီးတော့ ဘာစီးပွားရေး လုပ်တာလဲ။"

"ကျွန်တော်က ရွှမ်းချင်ပြည်နယ် ကြယ်တာရာကပါ။ အရက်၊ အလှကုန်နဲ့ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းတချို့ကို လုပ်ပါတယ်။" ထန်ရှုက ပြုံးလျက် ပြောသည်။

ဂီဆန်ဂျော ခေါင်းညိတ်ပြပြီး ဆက်မမေးတော့ပေ။ ယခုခေတ်တွင် စီးပွားရေးလုပ်ငန်းအမျိုးမျိုးရှိ၍ ချမ်းသာကြွယ်ဝသူများ မရေတွက်နိုင်လောက်အောင် များပြားပေသည်။ ဤနေရာပိုင်ရှင်အနေဖြင့် ရောက်လာသော ဧည့်သည်များကို နွေးထွေးစွာ နှုတ်ဆက်ရန်သာ လိုအပ်သည်။ ထန်ရှုကို သူ မေးလိုက်သည့် မေးခွန်းနှစ်ခုသည် ကျဲဝါလေ့၏ သူငယ်ချင်းမို့သာ မေးလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ။ သောက်ပြီး အသားစားကြစို့။ ငါတို့တွေ ဗိုက်ဖြည့်ပြီးရင် မင်းတို့အတွက် လက်နက်တချို့ရွေးဖို့ လက်နက်တိုက်ကို ငါကိုယ်တိုင် ခေါ်သွားမယ်။ ဒီလိုအေးတဲ့ရာသီဆို တောရိုင်းတိရိစ္ဆာန်တွေက ဆောင်းခိုနေကြပေမယ့် တချို့တလေလည်း သားကောင်ရှာဖို့ ထွက်လာနေကြသေးတယ်။ မင်း ကံကောင်းရင် တောင်ရဲ့နောက်ကျောမှာ ဝံပုလွေတွေ ကြုံရနိုင်တယ်။”

ထန်ရှုနှင့် ကျဲဝါလေ့တို့သည် အစောပိုင်းက မြင်းခြံတွင် ဝိုင်အမြောက်အမြား သောက်ခဲ့ကြသော်လည်း ဂီဆန်ဂျော၏ဧည့်ဝတ်ကျေပွန်မှုအောက်တွင် အသားများ စား၍ ဝိုင်အများအပြားသောက်ခြင်းဖြင့် သူ၏စရိုက်အား အသိအမှတ်ပြုသောအနေဖြင့် ပြနေပြီး ဂီဆန်ဂျော၏ချီးမွမ်းခြင်းကို ခံယူနေကြသည်။

“ဖယ်စမ်း … ငါ ဂီဆန်ဂျောနဲ့တွေ့ချင်တယ်။”

အပြင်ဘက်မှ ရိုင်းစိုင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း ပျော်ရွှင်စွာ သောက်ပြီး စကားပြောနေကြသည့်တိုင် ထိုဆူညံသံကို ကြားနေရသည်။

ဂီဆန်ဂျော၏မျက်ခုံးနက်နက်များ တွန့်ချိုးသွားပြီး တံခါးဝကို လှမ်းအော်လိုက်သည်။

"ဟေ့ … ဧည့်သည်ကို ဝင်လာပါစေ။ သူ ငါနဲ့ အတူတူ သောက်ချင်ရင် ငါ့မှာ လုံလုံလောက်လောက် ရှိသေးတယ်။”

ချက်ခြင်းပင် တံခါးသည် အပြင်ကနေ တွန်းဖွင့်ခံလိုက်ရပြီး လူရွယ်နှစ်ယောက်သည် သူတို့၏ သက်တော်စောင့်လေးယောက်နှင့်အတူ ဝင်လာခဲ့သည်။ သူတို့အထဲမှ ဆံပင်ကို အဖြူရောင်ချွတ်ထားပြီး လည်ပင်းတွင် ရွှေဆွဲကြိုးကို ဝတ်ထားသော လူတစ်ယောက်က ထန်ရှုနှင့် ကျဲဝါလေ့ကို မကြည့်ဘဲ ဂီဆန်ဂျောကိုသာ တည့်တည့်ကြည့်ရင်း

“ဂီဆန်ဂျော … ခင်ဗျားရဲ့ဂိုဒေါင်ထဲက ဒူးလေးသေနတ်နဲ့ အဲ့ဒါရဲ့ကျည်တွေကို လိုချင်တယ်။ ငါ့ကို ငှားပေး။ ဈေးဆယ်ဆ ပေးမယ်။"

သို့သော် အခြားလူရွယ်က အခန်းထဲကို လှည့်ပတ်ကြည့်နေသည်။ ထန်ရှုကို တွေ့သောအခါ သူ၏မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ရီသွားသည်။ မသိလိုက်မသိဘာသာဖြင့် သူ၏မျက်နှာကို ကိုင်မိလိုက်ပြီး ဆံပင်အဖြူရောင်ချွတ်ထားသော လူရွယ်၏လက်မောင်းကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်မိသည်။

***

All Chapters