← Chapters

ရန်ငြိုးကို ဖြေရှင်းခြင်း

Vol. 48 Ch. 665

ရန်ငြိုးကို ဖြေရှင်းခြင်း

Vol. 48 Ch. 665

ဆံပင်အဖြူရောင်ချွတ်ထားသော လူရွယ်သည် သူ့သူငယ်ချင်းအား အံ့သြသည့်အမူအရာဖြင့် စိုက်ကြည့်နေသည်။ အမြဲတမ်း မကြောက်ရွံ့တတ်သည့် သူ့သူငယ်ချင်းက မထင်မှတ်စွာဖြင့် အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူငယ်ချင်း ကြည့်နေသော ဦးတည်ရာသို့ လိုက်ကြည့်ရင်း သူ့အကြည့်များက ထန်ရှုအပေါ်သို့ ကျရောက်သွားသည်။

"ကောင်းလေစွ … ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လေလဲ။"

ထန်ရှုက တည်ငြိမ်စွာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အနောက်ပိုင်းဒေသကဲ့သို့ ဝေးလံခေါင်သီသောအရပ်တွင် ဆုံခဲ့ဖူးသောသူ တစ်ယောက်နှင့် ပြန်တွေ့ရမည်ကို သူလည်း မမျှော်လင့်ထားပေ။ ထို့ထက်ပိုသည်မှာ ဤသူသည် တစ်ခါတုန်းက သူ ဆိုးဆိုးရွားရွား ဆုံးမခဲ့သူတစ်ဦး ဖြစ်သည်။

ဆံပင်အရောင်ချွတ်ထားသော လူငယ်က ထန်ရှုအား လက်ညှိုးထိုးပြပြီး

“ဝမ်ဟူ … ဒီချာတိတ်ကို မင်း သိလို့လား။”

ကြံ့ခိုင်သော ဝမ်ဟူသည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ကြောက်ရွံ့ကာ သတိရှိနေသောအမူအရာတွင် နာကြည်းမှုက အစားထိုးဝင်ရောက်လာသည်။ ကျင်းမန်ကျွန်းရှိ လီရွှဲ့မင်၏ကလပ်တွင် သူတို့ဒုတိယမျိုးဆက်အဖွဲ့ သောက်စားပျော်ပါးစဉ်က ထန်ရှုသည် သူ့အား ဆုံးမခဲ့ဖူးသည်။ အကြောင်းရင်းက အိုးရန်မိသားစု၏မင်းသမီးလေး အိုးရန်လူလူကြောင့် ဖြစ်သည်။

ထိုအချိန်က သူသည် ရိုက်နှက်ခံရကာ ကျင်းမန်ကျွန်းမှ ထုတ်ပယ်ခံခဲ့ရပြီး ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ အကြီးမားဆုံး အရှက်တကွဲ အကျိုးနည်းရမှု ဖြစ်သည်။ သူ၏ဝမ်မိသားစုသည် အနောက်မြောက်ဒေသတွင် အလွန် အင်အား ကြီးမားသော်လည်း ကျင်းမန်ကျွန်းတွင်မူ ထိုမျှလောက် အင်အားမရှိသည့်အပြင် အိုးရန်မိသားစုသည် သူ၏ ဝမ်မိသားစုထက် ပိုမိုအားကောင်းသောကြောင့် အိုးရန်မိသားစုနှင့် ရန်သူဖြစ်ရခြင်းသည် လက်တွေ့မကျကြောင်း ထင်ရှားပေသည်။

သို့သော်လည်း ထိုအချိန်က သူ့ကို သမခဲ့သည့် ထန်ရှုကို သူ ကောင်းကောင်း မှတ်မိနေသည်။ ဤအရှက်ကွဲရမှုကို ဖယ်ရှားရန်အတွက် ထိုကောင်အား နောက်တစ်ကြိမ် ဆုံတွေ့နိုင်ရန် သူ အမြဲတမ်း မျှော်လင့်ထားသော်လည်း ဤနေရာ၌ တွေ့လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ ထို့ပြင် ထန်ရှုကို ပြန်ဆုံတွေ့သောအချိန်တွင် သူ၏ပထမဆုံး ခံစားချက်သည် မထင်မှတ်စွာဖြင့် ကြောက်လန့်စိတ် ဖြစ်နေလိမ့်မည်ဟုလည်း သူ မမျှော်လင့်မိထားပါချေ။ ဤကြောက်စိတ်ကြောင့် သူသည် အလွန်တရာ အရှက်ကွဲသည်ဟု ခံစားခဲ့ရသည်။

ဆံပင်အရောင်ချွတ်ထားသော လူရွယ်၏ မေးခွန်းကို ကြားပြီးနောက် ဝမ်ဟူသည် ထန်ရှုကို စိုက်ကြည့်ရင်း

“သူက ငါ့ရဲ့သေရမယ့် ရန်သူပဲ။”

ဆံပင်အရောင်ချွတ်ထားသော လူရွယ်က မျက်လုံးလှိမ့်ပြကာ ဆတ်ကနဲ ပြောလိုက်သည်။

“သူက မင်းရဲ့ရန်သူဆိုရင် သူ့ကို ဘာလို့ တစ်ခါတည်း မသတ်တာလဲ။ ဒီနေရာက ဝေးလံခေါင်သီပြီး လူနည်းတဲ့အရပ်လေကွာ။ အလောင်းကို စွန့်ပစ်ပြီး လက်စလက်နအားလုံး ဖျောက်ဖို့ အလွယ်လေးပဲ။"

ဝမ်ဟူ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ့သူငယ်ချင်း ပြောသည်မှာ မှန်သောကြောင့် ကျေနပ်အံ့သြသော အမူအရာ ဖြစ်ပေါ်လာသည်။ လူတစ်ယောက်ကို သတ်ပြီး ဝေးလံခေါင်သီသော နေရာတွင် စွန့်ပစ်လိုက်ပါက အလောင်းသည် ပုပ်ပွပြီး အနောက်ပိုင်းဒေသ ရွှံ့နွံအဖြစ်သို့ ပြောင်းလဲသွားပေမည်။ ထိုအဖြစ်အပျက်အား ရှာဖွေတွေ့ရှိရန် အခွင့်အလမ်းကမူ မရှိသလောက် ဖြစ်သည်။ ထန်ရှု၏တစ်ကိုယ်ရည်တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိသော်လည်း သူနှင့်အတူ ပါလာသော သူငယ်ချင်းများအားလုံးမှာ ရွှမ်စံအိမ်မှ ကျွမ်းကျင်သူများ ဖြစ်သည်။ သူသည် ဤကျွမ်းကျင်သူများထဲမှ မည်သူ့ကိုမဆို တောင်းဆိုနိုင်ပြီး သူတို့ကို ပုံမှန်အတိုင်း ပေးချေနိုင်သည်။ ထန်ရှုကို သတ်ရန် သူတို့ထံတွင် မရေမတွက်နိုင်သော နည်းလမ်းများစွာ ရှိကောင်းရှိနိုင်သည်။

သူ့အတွေးများ ထိုနေရာသို့အရောက်တွင် ဝမ်ဟူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထန်ရှုကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ငါနဲ့ ဒီမှာ ဆုံလိမ့်မယ်လို့ မင်း ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးမလား။ ကောင်းကင်ကို သွားတဲ့လမ်း ရှိပေမယ့် မင်းက မသွားဘူး။ ငရဲသွားတဲ့လမ်းကိုပဲ မင်း အမြဲ ဦးတည်နေတယ်။ ဆိုတော့ မင်း အဲ့ဒီတံခါးကို ဒီနေ့ ဖြတ်သွားရလိမ့်မယ်လို့ ငါ ဝမ်ဟူက အာမခံတယ်။"

ထန်ရှုက မအောင့်နိုင်စွာ ရယ်လိုက်ရင်း

“အင်း … ငါ့ရဲ့ နောက်ဆုံးအကြိမ် ခြိမ်းခြောက်စကားကို မင်း မှတ်မိသေးလား။ မင်း အဲ့ဒီကနေ ဆိုးဆိုးရွားရွား ထွက်သွားရတာမလား။ ခွေးတစ်ကောင်ကို အညစ်အကြေးစားတာ မတားနိုင်သလို မင်းရဲ့အကျင့်ဆိုးတွေက ပြောင်းလဲရခက်သလိုမျိုးပဲလို့ ငါ့ကို မပြောနဲ့နော်။ ငါ မင်းကို နောက်ထပ် သင်ခန်းစာကောင်းတစ်ခု ပေးစေချင်နေတာလား။"

ဝမ်ဟူက သုန်မှုန်စွာ ပြုံးလိုက်ပြီး

"ထန်မျိုးရိုးကောင် … အချိန်တိုအတွင်း ပြောင်းလဲနိုင်တဲ့သူတိုင်း မတူညီတဲ့ ဆက်ဆံမှုကို ခံရဖို့ ထိုက်တန်တယ်ဆိုတဲ့စကား မင်း ကြားဖူးလား။ ဒီအဖေက အခု ရွှမ်စံအိမ်ရဲ့အဖွဲ့ဝင်ဖြစ်နေပြီဆိုတော့ မင်း ကွန်ဖူးပညာနည်းနည်းတတ်ရင်တောင်မှ ဒီအဖေက မင်းကို သတ်ဖို့ သောက်ရမ်း လွယ်တယ်ကွ။"

ရွှမ်စံအိမ်ရဲ့အဖွဲ့ဝင်လား။

ထန်ရှုက အနည်းငယ် မျက်မှောင်ကြုပ်သွားပြီး ဆံပင်အရောင်ချွတ်ထားသော လူရွယ်ဆီ အကြည့်ရောက်သွားကာ အပြုံးဖြင့်

“မင်းက ဘယ်သူလဲ။”

“ရွှမ်ယုဂူ”

ဆံပင်အရောင်ချွတ်ထားသော လူရွယ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

"မင်းအကြောင်း တစ်ခါမှ မကြားဖူးဘူး။"

ထန်ရှုက ခပ်တည်တည် ပြန်ဖြေသည်။

ရွှမ်ယုဂူ၏မျက်နှာ ပျက်သွားပြီး ထန်ရှုအား စိုက်ကြည့်ကာ သုန်သုန်မှုန်မှုန်အမူအရာဖြင့်

"မင်းက သေချင်နေတာပဲ။"

"ဘယ်လောက်တောင် လုပ်ဝံ့နေတာလဲ။"

အမဲလိုက်ကွင်းပိုင်ရှင် ဂီဆန်ဂျောသည် အမဲလိုက်ဓားကို ရုတ်တရက် ဆွဲထုတ်ပြီး စားပွဲပေါ်သို့ ဒုန်းကနဲ စိုက်လိုက်သည်။ ထို့နောက် သူသည် ချက်ချင်း ထရပ်လိုက်ပြီး အသံကျယ်လောင်စွာဖြင့်  “မင်းတို့ကြားမှာ ဘယ်လို နာကြည်းချက်တွေ ရှိပစေ ငါ သောက်ဂရုမစိုက်ဘူး။ တိုတိုပြောရရင် ဒီနေရာက ငါ့အမဲလိုက်ကွင်းဖြစ်လို့ အရာအားလုံးကို ငါ့အမဲလိုက်မြေရဲ့ စည်းမျဉ်းတွေအရ ကစားရမယ်။ သေခြင်း ရှင်ခြင်းစာချုပ်ကို လက်မှတ်ရေးထိုးပြီး တောထူတဲ့တောင်အနောက်ဘက်ကို မသွားမချင်း မင်းတို့တွေ ငါ့နေရာမှာ ကိုယ်ရေးကိုယ်တာအတွက် ရန်ဖြစ်လို့ မရဘူး။”

"ဂီဆန်ဂျော … မင်း ဒုက္ခကို တတ်နိုင်သမျှရှောင်တာ အကောင်းဆုံးပဲ။ ပြဿနာနည်းလေ မင်းရဲ့အသက် ပိုရှည်နိုင်လေပဲ။" ရွှမ်ယုဂူက လေသံအေးစက်စက်ဖြင့် ဆိုသည်။

ဂီဆန်ဂျောက စားပွဲကို ဆောင့်တွန်းလိုက်သည်။ သူက တင့်တယ်စွာ ထွင်းထုထားသော အနက်ရောင် လက်မလက်စွပ်ကို ညာဘက်လက်မမှ ချွတ်ကာ ဘယ်လက်လက်မပေါ်တွင် အမြန်စွပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီစကားတွေကိုသာ ရွှမ်စံအိမ်ရဲ့ဘိုးဘေး ပြောတယ်ဆိုရင် ငါ ကြောက်ကောင်း ကြောက်နေမှာဘဲ။ ဒါပေမယ့် ဒီစကားကို ပြောရဲတဲ့ ချီးလိုကောင်က ဘယ်သူလဲ။ မင်းရဲ့ခွေးပါးစပ်ကို ငါ ဆွဲဖြဲပစ်ချနိုင်တယ်ဆိုတာ မင်း မယုံဘူးလား။"

တင့်တယ်စွာ ထွင်းထုထားသော အနက်ရောင် လက်မလက်စွပ်လား။

ဝိုင်းစက်သွားသော မျက်လုံးများနှင့်အတူ ရွှမ်ယုဂူသည် နောက်သို့ တရွေ့ရွေ့ ဆုတ်သွားသည်။ ထူးဆန်းသောတံခါး မျိုးနွယ်စုများကြားတွင် တင့်တယ်စွာ ထွင်းထုထားသော အနက်ရောင် လက်မလက်စွပ်ကို ဝတ်ဆင်နိုင်သူများသည် ထူးဆန်းသော တံခါးများ မျိုးနွယ်စုကြီးအောက်ရှိ အင်အားစုအားလုံးက အသိအမှတ်ပြုထားသည့် စွမ်းအားအကြီးဆုံး ဂိုဏ်းချုပ်များ သို့မဟုတ် မျိုးနွယ်စုဘိုးဘေးများမှသာလျှင် ရရှိနိုင်ကြောင်းကို ထူးဆန်းသောတံခါး မျိုးနွယ်ဝင်များကြားတွင် သဘောတူညီမှုတစ်ခု ရှိထားကြသည်။ သူသည် မူလက ဂီဆန်ဂျောအား သာမန်လူတစ်ယောက်သာဟု ထင်ထားခဲ့သော်လည်း ထိုလူသည် ရွှမ်စံအိမ်ကဲ့သို့သော လူစားမျိုးဆိုသည်ကို မထင်မှတ်စွာ သိလိုက်ရပြီး အရေးကြီးဆုံးအချက်မှာ ထိုလူသည် မယုံနိုင်လောက်အောင် အသန်မာဆုံးသူများအနက်မှ တစ်ယောက် ဖြစ်နေခဲ့ပေသည်။

ဝမ်ဟူမှာမူ ရွှမ်စံအိမ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ မကြာသေးသောကြောင့် ယင်းကိစ္စကို မသိသည်မှာ သဘာဝကျပေသည်။ သို့တိုင် ရွှမ်ယုဂူ၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို မြင်သောအခါ ဂီဆန်ဂျောတွင် ထူးခြားသော ဂုဏ်ပုဒ်တစ်ခု ရှိနိုင်သည်ဟု ရိုးတိုးရိပ်တိတ် သူ ခန့်မှန်းနိုင်ပေသည်။ သို့သော် သူ၏ရန်သူမှာ ဂီဆန်ဂျော မဟုတ်သောကြောင့် သူ ကြောက်ရွံ့ခြင်းမရှိပေ။ ထို့နောက် သူသည် ရွှမ်ယုဂူ၏အနားသို့ လျင်မြန်စွာ ရောက်လာပြီး တီးတိုးပြောကာ သဘောတူချက် ရယူပြီးနောက် ထန်ရှုကို ကြည့်လိုက်ပြီး သရော်ဟန်ဖြင့်

"ထန်မျိုးရိုးကောင် … ဒီအမဲလိုက်ကွင်းပိုင်ရှင်ရဲ့ စကားကို မင်းလည်း ကြားလိမ့်မယ်လို့ ငါ ယုံတယ်။ မင်းမှာ သတ္တိရှိပြီး တောင်ရဲ့အနောက်မှာ တိုက်ပွဲဝင်ရဲရင် သေခြင်းရှင်ခြင်းစာချုပ်ကို လက်မှတ်ရေးထိုးလိုက်စို့။ ရှုံးတဲ့သူက သူ့အသက်ကို ပေးရပြီး အောင်နိုင်သူက အသက်ရှင်လျက် ထွက်လာလိမ့်မယ်။ မင်း လုပ်ရဲလား။"

“ညီအစ်ကို ထန် …”

နောက်ဆုံးတော့ ကျဲဝါလေ့သည် ထန်ရှုကို အမဲလိုက်ကွင်းသို့ ခေါ်ဆောင်လာမိသည်ကို အတန်ငယ် စိတ်မကောင်းဖြစ်သွားရသည်။ သူသာ ထန်ရှုကို သည်နေရာကို ခေါ်မလာခဲ့ပါက သူ့ရန်သူနှင့် တွေ့မည် မဟုတ်ချေ။

"အစ်ကိုကျဲ … အဲ့ဒါက ကျွန်တော်နဲ့ သူ့ကြားက ရန်ငြိုးဆိုတော့ ဒီပွဲကို ခင်ဗျား ကြည့်သင့်တယ်။ ဒီသေခြင်းရှင်ခြင်းစာချုပ်ကို ကျွန်တော် လက်မှတ် ရေးထိုးမှာပါ။ ဒါပေမယ့် ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကစားရမလဲဆိုတာ မရှင်းပြသင့်ဘူးလား။”

ဝမ်ဟူက မပြောရသေးဘဲ ရွှမ်ယုဂူက မှုန်ကုပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“နှစ်ဖက်လုံးက လူသုံးယောက်စီက ဒီကစားပွဲကို ကစားဖို့ တောင်အနောက်ဘက်ကို ဝင်ပြီး သေတဲ့အထိ တိုက်ပွဲဝင်ရတယ်။ သေနတ်တွေ ဓါးတွေ သုံးရင်လည်း ပြသနာမရှိဘူး။ ဒါပေမယ့် တစ်ဖက်အဖွဲ့က လူသုံးယောက်သေရင် အောင်နိုင်တဲ့အဖွဲ့က တောင်ပေါ်ကနေ ထွက်လာလို့ရတယ်။”

“ကောင်းပြီ … ငါ လုပ်မယ်။”

ထန်ရှု မတ်တပ်ရပ်လိုက်သည်။ သူက ဂီဆန်ဂျောကို ကြည့်ပြီး အပြုံးဖြင့်

"အစ်ကိုဂီဆန်ဂျော … ကျွန်တော်တို့ကို အမဲကွင်း လက်နက်တိုက်ဆီ ခေါ်သွားဖို့ ဒုက္ခပေးရတော့မှာပဲ။ နောက်ဆုံးတော့ ကျွန်တော်တို့က သူတို့နဲ့ သတ်ပွဲဂိမ်းတချို့ ကစားမှာမို့လို့ ဖြတ်သွားတုန်း လက်နက်တချို့ကို ရွေးလိုက်မှဖြစ်မယ်။ နို့မို့ဆိုရင် ခင်ဗျားနဲ့အတူ  ဆက်သောက်ဖို့ ပြန်မလာနိုင်ရင် ကျွန်တော့်အပြစ် ဖြစ်သွားလိမ့်မပေါ့။”

ဂီဆန်ဂျောသည် မျက်လုံးများကို ကျဉ်းမြောင်းထားပြီး ထန်ရှုအား စူးစူးနစ်နစ် တစ်ချက် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ အမဲလိုက်ဓားကို ဆွဲထုတ်လိုက်ပြီး ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။

“အရာရာက ဒီအထိတောင် ရောက်လာပြီဆိုမှတော့ လက်နက်တိုက်ဆီ သွားကြတာပေါ့။ ပြီးတော့ ရွှမ်ကောင်စုတ်လေး … မင်းက ဒူးလေးသေနတ်နဲ့ ကျည်တွေကို မငှားချင်တော့ဘူးလား။ ငါ့နောက်ကို လိုက်ခဲ့ကြ။ မင်းတို့နဲ့ ဘယ်သူကမှ ရန်ဖြစ်မှာ မဟုတ်ဘူး။”

နာရီဝက်ကြာပြီးနောက် ထန်ရှုသည် လက်နက်တိုက်မှ ရွေးလာသော အမဲလိုက်သေနတ်တစ်လက်ကို ယူဆောင်လာပြီး တောင်တက်ခရီး၏ တံခါးဝတွင် ရပ်လိုက်သည်။ အနောက်ဘက်တွင် ရှိသော တောင်ကုန်းများသည် သိပ်မြင့်မားလှခြင်းမရှိပဲ အမြင့်ဆုံးတောင်မှ မီတာတစ်ရာကျော်သာ မြင့်ပေသည်။ သေခြင်းရှင်ခြင်းစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် ထန်ရှုသည် မိုအားဝူနှင့် အခြားကျွမ်းကျင်သူတစ်ဦးကို ခေါ်ဆောင်ပြီးနောက် တောင်တက်လမ်းကို စတင်တက်ခဲ့သည်။

သူတို့ရှေ့ မီတာအနည်းငယ်အကွာတွင် ဝမ်ဟူနှင့် ရွှမ်ယုဂူသည် ဘေးချင်းကပ်ရပ်နေပြီး ဆေဘာဓားကို ကိုင်ထားသည့် လူလတ်ပိုင်းတစ်ဦး လိုက်ပါလာခဲ့သည်။ လူလတ်ပိုင်း၏သွင်ပြင်သည် သာမန်ဖြစ်သော်လည်း သူ ထုတ်လွှတ်နေသော အော်ရာသည် အလွန်ထူးဆန်းပြီး ထန်ရှုသည် သူ၏မြင့်မားသော ကျင့်ကြံမှုဖြင့်ပင် သေချာ အာရုံစိုက်နားမထောင်မိပါက ၎င်း၏အသက်ရှူသံကို မကြားနိုင်ပါချေ။

ယခုအချိန်တွင် အမဲလိုက်မြေသို့ လာလည်ကြသည့် ဧည့်သည်များနှင့် တောင်အနောက်မှ ဖိတ်ခေါ်ထားသည့် ဧည့်သည်များအပါ ယခုအခါ တောင်ပေါ်သို့ ရောက်ရှိလာသူ ၁၀၀နီးပါး ရှိနေပြီဖြစ်သည်။

ထန်ရှုကိုယ်တိုင် ထူးထူးခြားခြား ကိစ္စရပ်တချို့ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ၎င်းတို့အနက်မှ နှစ်ဦးအား ပေကျင်းရှိ မြေအောက်လေလံပွဲ၌ သူ တွေ့ဖူးပေသည်။ ထိုလူထဲက တစ်ယောက်သည် သူနှင့် ပစ္စည်းတစ်ခုကိုပင် ယှဉ်ပြိုင်ကာ လေလံဆွဲဖူးပေသည်။ ကျန်အများစုမှာ ပုံမှန်မဟုတ်သော အော်ရာများ ရှိကြပြီး အချို့မှာ သူ ဖန်တီးခဲ့သော အဆောင်လက်ဖွဲ့များကို ဝတ်ဆင်ထားကြသည်။

ဤလူအများစုသည် ရွှမ်စံအိမ်မှ ဖြစ်ပုံရသည်။ ရွှမ်စံအိမ်မှလူများသာ ဤနေရာတွင် စုဝေးနေကြသည် ဖြစ်ပါက သူတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ပါသနည်း။

ထန်ရှု တိတ်တဆိတ် တွေးလိုက်သည်။

"ကောင်းပြီ … တောင်တွေဆီကို။"

ဂီဆန်ဂျောသည် ရွှမ်ယုဂူ၏အနောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသား၏ဂုဏ်ပုဒ်ကို သိပြီးဖြစ်၍ ထိုသူ့ကို ကြည့်မိသောအခါတွင် အတန်ငယ် ထိတ်လန့်သွားသည်။ ထိုလူသည် စိတ်အတွင်းမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး ထန်ရှုကို ကြည့်လိုက်သော သူ၏အမူအရာမှာ သနားဂရုဏာသက်နေဟန် ဖြစ်နေသည်။ သာမန်လူတစ်ယောက်အတွက်မူ သူ၏သိုင်းပညာသည် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်သော်လည်း ထူးဆန်းသောတံခါးမျိုးနွယ်မှ လူများနှင့် ရင်ဆိုင်ခြင်းသည် သူ့အတွက် သွေးမြေကျစေနိုင်သည်။

တစ်စုံတစ်ခုကို သူ ပြောနိုင်ပေသည် - ထန်ရှု အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်းက မနီးစပ်ပေ။

သူတစ်ယောက်တည်း ထိုသို့ ထင်နေသည် မဟုတ်ဘဲ ရွှမ်ယုဂူအပါအဝင် ရွှမ်စံအိမ်က လူ၁၀၀နီးပါးက ထန်ရှုအား သေပြီးသားလူသဖွယ်ဟုပင် ကြည့်နေကြပေသည်။

"သနားစရာပဲ။ လေးစားဖို့ကောင်းတဲ့ နတ်ဆေးသမားတော်လေးက သူရဲ့ဆေးပညာ ကျွမ်းကျင်မှုကို လေ့ကျင့်ဖို့နဲ့ ဆေးကုသမှုပေးဖို့ အေးအေးဆေးဆေး မနေဘဲ ရွှမ်အိမ်က လူများကိုပင် မမျှော်လင့်ဘဲ ပြစ်မှားလိုက်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာလိုက်သလိုပဲ။”

"ဟုတ်တယ်။ ဒီတစ်ခေါက်တော့ ထန်ရှုတော့ သေပြီပဲ။ ရွှမ်ယုဂူအနားက လူတစ်ယောက်ကို ကြည့်လိုက်။ သူက တောက်ပကြည်လင်ဂိုဏ်းက တရားစီရင်ရေးခန်းမရဲ့ ခန်းမသခင်ပဲ။ သူက ကံကောင်းမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထိန်းနိုင်အောင် ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်နဲ့တွဲပြီးတော့ ဖော်စပ်အသုံးပြုခဲ့လို့ သူ့ခန္ဓာကိုယ်က ဒဏ်ရာမရနိုင်သလောက်ပဲလို့ ဆိုတယ်။ သူ့ကို အသေခံတိုက်ပွဲမှာ ငါ တွေ့ဖူးတယ် အရမ်း သန်မာတာပဲကိုယ့်လူရေ။ ထူးဆန်းတဲ့ တံခါးများက အဘိုးကြီးတွေကလွဲရင် ဘယ်သူကမှ သူ့ကို မဆက်ဆံနိုင်ဘူး။”

"ဒါက မိုက်မဲတာပဲ။ သူက ထူးဆန်းတဲ့တံခါးများက လူတွေကို စိန်ခေါ်ခဲ့တယ်။ သူ့သေလမ်း သူရှာနေတာ။"

“အိုး…”

ခပ်လှမ်းလှမ်းမှ ထိုသူတို့သည် လေသံများ နှိမ့်ပြီး ပြောနေကြသည့်တိုင် သူ၏ထက်ရှသော အကြားအာရုံဖြင့် ထန်ရှုသည် သူတို့၏ မှတ်ချက်များကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ သူသည် ၎င်းတို့အား စိတ်တွင်းမှ လှောင်ပြောင်နေသော်လည်း မိုအားဝူနှင့် အခြားတစ်ယောက်ကို တောင်တက်လမ်းပေါ်တွင် ဦးဆောင်ကာ လျှောက်နေချိန်တွင် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာအား ထိန်းသိမ်းထားသည်။

ဆယ်မိနစ်အကြာတွင် ထန်ရှုသည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်ရှိ လေနှင့် မြက်ပင်များအား အနှောက်အယှက် ဖြစ်စေသည့် အရိပ်အယောင်အနည်းငယ်ကို တည်ငြိမ်စွာ သတိပြုမိသည်။ သူသည် မည်သူကိုမျှ အထင်မသေးဘဲ မည်သည့်အရာကိုမဆို အလေးအနက်ထား၍ စဉ်းစားလုပ်ကိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် မမျှော်လင့်ထားသည့် အရာများကြောင့် လူများစွာ ဆိုးဆိုးရွားရွား အဆုံးသတ်သွားရသည့် အဖြစ်အပျက်များစွာကို သူ မြင်ဖူးသောကြောင့်ဖြစ်သည်။

"သူတို့ လာနေပြီ။"

အကိုင်းအခက်တွေကြား မှတဆင့် ခပ်လှမ်းလှမ်းဆီက အရိပ်အယောင်များကို မြင်ပြီးနောက် ထန်ရှုက အဲ့ဒီဘက်ကို ညွှန်ပြပြီး

“အားဝူ … အဲ့ဒီကောင်နှစ်ကောင်ရဲ့ အသက်ကို ထိန်းသိမ်းပြီး ငါ့ကို တွေ့ဖို့ ဒီကို ခေါ်လာခဲ့။ တခြားတစ်ယောက်ကိုတော့ သတ်လိုက်။”

မိုအားဝူ ခေါင်းညိတ်လိုက်ပြီး  ချက်ချင်း ပျောက်ကွယ်သွားသည်။

မီတာရာနှင့်ချီဝေးသော တောထူသောတောင်တန်းတွင် ရွှမ်ယုဂူနှင့် ဝမ်ယုတို့သည် လှပသော သဘာဝရှုခင်းများကို ခံစားရင်း လွန်စွာ သက်တောင့်သက်သာ ရှိနေဟန်ရသည်။ သူတို့သည် ရံဖန်ရံခါ သတိဖြင့် ဘေးပတ်လည်ကို ကြည့်ကြသည်။ သို့သော် သူတို့အနားက လူလတ်ပိုင်းအရွယ် အမျိုးသားက အထူးသတိထားနေသဖြင့် အနှောင့်အယှက်နည်းနည်းလေးကပင် သူ့ကို သတိပေးနေပေလိမ့်မည်။

ဝှစ်…

မှုန်ဝါးဝါး လူရိပ်တစ်ခုသည် သူတို့၏အရှေ့တွင် ပေါ်လာပြီး ဝမ်ဟူနှင့် ရွှမ်ယုဂူတို့၏ညာဘက် လက်ကောက်ဝတ်အား ထက်မြိသော ဓားမြှောင်က ဖြတ်တောက်သွားကာ လက်ထဲတွင်ရှိသော သေနတ်များသည် ပြုတ်ကျသွားပြီး သွေးများ ပန်းထွက်လာသည်။

“ဒီကနေ ထွက်သွားလိုက်။”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိတ်လန့်တကြားဖြင့် ဆေဘာဓားကို မြှောက်လိုက်ကာ လူရိပ်အား ပြင်းပြင်းထန်ထန် ရင်ဆိုင်လိုက်သည်။ သူ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် ဓားသည် လေတိုးသံ နှင့်အတူ ကျိုးပဲ့သွားသည်။

သို့သော် ထိုအချိန်တွင် လက်တစ်ဖက်က သူ့လည်ပင်းကို ညှစ်ထားနေခဲ့ချေပြီ။

***

All Chapters