← Chapters

မြေပုံ

Vol. 48 Ch. 666

မြေပုံ

Vol. 48 Ch. 666

တောက်ပကြည်လင်ဂိုဏ်းက တရားစီရင်ရေးခန်းမ၏ ခန်းမသခင်ဖြစ်သော လူလတ်ပိုင်းအမျိုးသားသည် ထိုဂိုဏ်းတစ်ခုလုံးရှိ အသန်မာဆုံး၅ယောက်ထဲမှ နံပါတ်တစ် ဖြစ်သည်။ အထူးသဖြင့် သူ၏သတ္တု နှင့် တူသော ကိုယ်ထည်ကြောင့် သေနတ်ကျည်ဆန်ပင် သူ့အရေပြားကို ဖောက်ရန် ခဲယဉ်းပေသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူ့အသက်ကို နှုတ်ယူနိုင်သည့် အန္တရာယ်ကြီးတစ်ခုက သူ့အပေါ် ကျရောက်နေသဖြင့် ကြောက်ရွံ့စိတ်သည် သူ၏နှလုံးသားတစ်ခုလုံးအား ဖုံးလွှမ်းသွားသည့်အလား သူ အမှန်တကယ် ခံစားနေရသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။"

သူ့လည်ပင်းကို ဖမ်းဆုပ်ထားသော လက်ကြီးသည် သံညှပ်နှင့်တူသည်ဟု ခံစားမိပြီး ပြိုင်ဘက်က သူ့လည်ပင်းကို ပြင်းထန်စွာ ရိုက်ချိုးလိုက်မည်ကို စိုးရိမ်သောကြောင့် ခန်းမသခင်သည် အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ပေ။

ဇွပ်…

ထက်မြိသော ဓားမြှောင်တစ်ချောင်းသည် သူ၏နှလုံးသားကို အလွယ်တကူ ထိုးဖောက်သွားသည်။ ဓားမြှောင်ဦးချွန်က သူ့နှလုံးသားကို စိုက်သွားချိန်တွင် ဖြစ်ပေါ်လာသော နာကျင်မှုက ခန်းမသခင်အား စိတ်ဓာတ်ကျသွားစေသည်။ မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို သူ နားမလည်နိုင်ခဲ့ပါချေ။ သူ အမြဲ ဂုဏ်ယူနေရသော ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်သည် သာမန်ဓား၏ထိုးစိုက်ခြင်းကို ခံလိုက်ရသည်လား။ သာမာန်ဓားတစ်ချောင်းသည် သူ့အရေပြားအား ဖောက်ဝင်နိုင်ရန် နည်းလမ်းရှိမည် မဟုတ်ချေ။

မိုအားဝူသည် သူ၏ဓားမြှောင်ကို ရုတ်တရက် ပြန်ဆွဲထုတ်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်နေသော ဝမ်ဟူနှင့် ရွှမ်ယုဂူကို စိုက်ကြည့်ရင်း သက်လတ်ပိုင်း အမျိုးသား၏ခန္ဓာကိုယ်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်စဉ်သွားစေသည်။ ထို့နောက် သူက အေးစက်စက် အမူအရာဖြင့်

“မင်းတို့ ခါးကို နောက်တစ်ကြိမ် ထပ်ကိုင်းဖို့ သတ္တိရှိရင် ပြတ်သွားမှာ ညာလက်ကောက်ဝတ်တစ်ခုတည်း မဟုတ်ဘူးဆိုတာ ငါ အာမခံတယ်။”

ဝမ်ဟူနှင့် ရွှမ်ယုဂူသည် အေးခဲသွားပြီး မြေပြင်ပေါ်တွင် ကျနေသော ၎င်းတို့၏သေနတ်များကို ကြည့်ရင်း ရင်ထဲတွင် အေးစိမ့်သွားရသည်။ စွမ်းအားကြီးသော သက်တော်စောင့်တစ်ယောက်သည် ဤကဲ့သို့ အလွယ်တကူ အနိုင်ယူခံလိုက်ရမည်ဟု သူတို့ မည်သည့်အခါမှ မမျှော်လင့်ထားမိပါချေ။ နီရဲနေသော သွေးများ စွန်းပေနေသည့် ထိုသူ၏နောက်ကျောကို ကြည့်ပြီး နှလုံးတည့်တည့်အား စွမ်းအားကြီးသော ဓားချက်ဖြင့် အထိုးခံရပြီးနောက် အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သူတို့ အကဲဖြတ်နိုင်ပေသည်။

ပြီးသွားခဲ့ချေပြီ …။ သူတို့နှစ်ဦးတွင် စိတ်ပျက်အားငယ်မှုနှင့် ပြင်းထန်သော နောင်တတရားများဖြင့် ရှိနေခဲ့တော့သည်။ မိုအားဝူသည် အချိန်မဖြုန်းဘဲ သူတို့နှစ်ယောက်ရှေ့သို့ လျှပ်တပြက်အတွင်း ရောက်လာပြီး လည်ပင်းနှစ်ဖက်ကို ဆွဲကိုင်ကာ ထန်ရှု၏အရှေ့သို့ လျင်မြန်စွာ ခေါ်သွားလိုက်ရင်း အမှိုက်သဖွယ် ပစ်ချလိုက်သည်။ ထို့နောက် သူက

“တာဝန် ပြီးပါပြီ သူဌေး။”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီးနောက် မြေပြင်ပေါ်ရှိ ဝမ်ဟူနှင့် ရွှမ်ယုဂူကို ကြည့်လိုက်သည်။ သူက ထိုသူတို့ကို မဲ့ပြုံး ပြုံးပြပြီး

“ဘယ်လိုလဲ … ငါနဲ့ ကစားချင်တဲ့အတွက် ကံကြမ္မာကို အခု မင်းတို့ သိပြီ မဟုတ်လား။ သေခြင်းရှင်ခြင်းစာချုပ်ကို မင်းတို့ လက်မှတ်ရေးထိုးပြီးပြီမို့ ငါ မင်းတို့ကို သတ်ရင်တောင် ဖြစ်သင့်တာပဲ။”

လက်ရှိတွင် မြေပြင်ထက်မှထရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသော ဝမ်ဟူသည် ထန်ရှု၏စကားကို ကြားပြီးနောက် အကြီးအကျယ် အမူအရာ ပျက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။ သို့သော် ရွှမ်ယုဂူသည် မတ်တတ်ထလာပြီးနောက် နောက်အနည်းငယ်ဆုတ်သွားကာ ရဲစိတ်မွေးပြီး အော်ပြောလိုက်သည်။

“ထန်မျိုးရိုးကောင် … မင်း ငါ့ကို သတ်လို့မရဘူး။”

"အိုး…" ထန်ရှုက လှောင်သလို ပြုံးလိုက်ပြီး

"ဒါနဲ့ မင်းကို ငါက ဘာလို့ မသတ်နိုင်ရတာလဲ။ မင်းက တောက်ပကြည်လင်ဂိုဏ်းထဲက လူမို့လား။"

"တောက်ပကြည်လင်ဂိုဏ်းကို မင်းသိတာလား။" ရွှမ်ယုဂူ၏မျက်လုံးများ ပြူးသွားပြီး အထိတ်တလန့်ဖြင့် ပြောလိုက်မိသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သူ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်

“မင်း တောက်ပကြည်လင်ဂိုဏ်းကို သိရင် အဲ့ဒီဂိုဏ်းရဲ့ ခွန်အားကိုလည်း သိမှာပေါ့။ ငါက တောက်ပကြည်လင် ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသားပဲ။ မင်း ငါ့ကို သတ်ဝံ့ရင် တောက်ပကြည်လင်ဂိုဏ်းတစ်ခုလုံးက မင်းရဲ့ရန်သူဖြစ်သွားလိမ့်မယ်။"

"သူကရော … သူက ဘယ်သူလဲ။" ဝမ်ဟူကို လက်ညှိုးထိုးပြရင်း ထန်ရှုက မေးလိုက်သည်။

သူ့သတ္တိကို မြှင့်တင်လိုက်သည့်အလား ရွှမ်ယုဂူက သူ့ရင်ဘတ်ကို ပုတ်ကာ ပြန်ဖြေသည်။

"သူက ငါ့လို ထူးဆန်းသောတံခါးများမျိုးနွယ်ထဲက သီရိစစ်တုရင်သူတော်စင်မရဲ့ တပည့်အသစ်ပဲ။ သီရိစစ်တုရင်သူတော်စင်မရဲ့အကြောင်းလည်း မင်း ကြားဖူးတယ် မဟုတ်လား။ သူမက ရှေးဟောင်း ဗေဒင်ပညာနဲ့နာမ်လောကပညာမှာ ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်သွားခဲ့တဲ့ ကျင်းမိသားစုဘိုးဘေးရဲ့ အစ်မကြီးလေ။ ငါတို့ကို သတ်လိုက်ရင် ကျင်းမိသားစုနဲ့ တောက်ပကြည်လင်ဂိုဏ်းကို ပြစ်မှားသလို ဖြစ်လိမ့်မယ်။”

"ငါ့လူက မင်းတို့ဂိုဏ်းရဲ့ တရားစီရင်ရေးခန်းမသခင်ကို သတ်ရဲမှတော့ ငါက တောက်ပကြည်လင်ဂိုဏ်းကို ကြောက်လိမ့်မယ်ထင်လား။" ထန်ရှုက မျက်လုံးလှိမ့်ပြီး ခနဲ့လိုက်သည်။

"ကျင်းမိသားစုက ဘယ်သူလဲ။ အစကတည်းက ငါလည်း သူတို့အကြောင်း မကြားဖူးဘူး။ ကောင်းပြီ … ငါ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ မင်းတို့ရဲ့အသက်ပိစိလေးတွေကို ငါ ချမ်းသာပေးလို့ရတယ်။ ဒါပေမယ့် မင်းတို့ မေးခွန်းတချို့ ဖြေရမယ်။"

ရွှမ်ယုဂူသည် ရွှေဇွန်းကိုက်ပြီး ခမ်းနားကြီးကျယ်စွာ မွေးဖွားကြီးပြင်းလာခဲ့ရသောကြောင့် ယနေ့တွင် ထိုသို့သော အရှက်ရမှုကို မည်သို့ လက်ခံနိုင်မည်နည်း။ သူ၏သခင်လေးဟူသောဂုဏ်ပုဒ်၏အောက်တွင် စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်သည်။ "ဟန်ဆောင်လှည့်ကွက်တွေ ရပ်လိုက်စမ်း။ မင်းက ငါတို့ခန်းမသခင်ကို သတ်ပစ်လိုက်ပြီ။ လုံလောက်တဲ့ လျော်ကြေးကို မပေးနိုင်ရင် ဒီရန်ငြိုးကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်း ငါ့ကို သတ်ဝံ့ရင်...အားးးး…"

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။”

ထန်ရှုက ရွှမ်ယုဂူအား အရူးတစ်ယောက်ပမာ ကြည့်ကာ သူ၏လက်ကောက်ဝတ် လှုပ်ရှားလိုက်ပြီး ရွှမ်ယုဂူ၏ဘယ်ဘက်လက်တစ်ခုလုံးကို ချက်ချင်း ဖြတ်ပစ်လိုက်သည်။ ထိုသူ၏အော်သံများကြားတွင် ထန်ရှုက ဝမ်ဟူကို ကြည့်ကာ

"ကဲ … မင်း ငါ့ကို ပြော။ ဒီနေရာမှာ ထူးဆန်းတဲ့ တံခါးများမျိုးနွယ်က လူတွေ ဘာကြောင့် များနေတာတုန်း။ သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ။"

ဝမ်ဟူသည် ရွှမ်ယုဂူ၏လက်မောင်းပြတ်သွားသည်ကို ထိတ်လန့်စွာကြည့်ပြီးနောက် တုန်တုန်ယင်ယင်အသံဖြင့် "ဒါက တာအိုထူရန် ချန်ခဲ့တဲ့ အင်မော်တယ် ရတနာသိုက်တစ်ခုကြောင့်ပါ။"

တာအိုထူရန်ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သော အင်မော်တယ်ရတနာသိုက်လား…။

ထန်ရှုက မျက်ခုံးတွန့်လိုက်ပြီး

"တာအိုထူရန်က ဘယ်သူလဲ။"

“မသိဘူး ဆရာက မပြောပြဘူး။” ဝမ်ဟူက ခေါင်းခါသည်။

“ဆရာက ငါ့ကို ဒီကို ခေါ်လာပြီး အမဲလိုက်ကွင်းမှာ နေဖို့ ပြောခဲ့တာ။”

"မင်းရဲ့ဆရာကရော ဘယ်ရောက်နေလဲ။"

ထန်ရှုက ထပ်မေးသည်။

"အဲ့ဒါလည်း ငါ မသိဘူး။" ဝမ်ဟူက ထပ်မံ ခေါင်းယမ်းပြသည်။

"ထူးဆန်းတဲ့တံခါးများ မျိုးနွယ်က အကြီးအကဲတွေသာ အဲ့ဒီအင်မော်တယ်ရတနာသိုက် ရှိတဲ့နေရာကို အတိအကျ သိတာ။ ဒါကြောင့် အကြီးအကဲတော်တော်များများ အဲ့ဒီကို သွားခဲ့ကြပေမယ့် ငါတို့တွေက ဒီမှာနေဖို့ပဲ လိုတယ်။”

ထန်ရှု ခေါင်းညိတ်လိုက်သည်။ ၎င်းသည် အင်မော်တယ်ရတနာသိုက်နှင့် ပတ်သက်သည့်အရာ ဖြစ်သောကြောင့် ဝမ်ဟူကဲ့သို့သောလူများသည် ၎င်းအကြောင်းကို မသိခြင်းသည် သာမန်ဖြစ်သည်။ သူ့ဆရာက သူ့အား သည်အကြောင်းကို ပြောပြမှသာ ထူးထူးခြားခြား ဖြစ်နေပေလိမ့်မည်။ ထို့နောက် သူ၏အကြည့်များက ရွှမ်ယုဂူဆီ ရောက်သွားပြီး အေးစက်စက် ပြောလိုက်သည်။

"အဲ့ဒီအင်မော်တယ်ရတနာသိုက်ရဲ့တည်နေရာကို ပြော။ မင်းမှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်။ ပါးစပ်ပိတ်ပြီး အသေခံမလား၊ ရှင်မလား။”

ယခုအချိန်တွင် ရွှမ်ယုဂူသည် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့ပြီဖြစ်သည်။ အစောပိုင်းအချိန်များက ထန်ရှုအား ဟိတ်ဟန်ထုတ်နေသည်ဟု သူ ထင်ခဲ့သော်လည်း ယခုမူ ထန်ရှုအား ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းသော လူယုတ်မာဟု သူ တွေးနေပြီဖြစ်သည်။ သူ မသေချင်သေးပါပေ။ သူ၏ငယ်ရွယ်နုပျိုသော အချိန်သည် ခမ်းနားပေသည်။ မရေမတွက်နိုင်သော စည်းစိမ်ဥစ္စာများရှိပြီး အနာဂတ်တွင် တောက်ပကြည်လင်ဂိုဏ်း၏ဂိုဏ်းချုပ်ရာထူးကိုလည်း အမွေဆက်ခံရဦးမည်ဖြစ်သည်။ ယခုသေသွားပါက ဘာမှ ကျန်တော့မည်မဟုတ်တော့ချေ။

ထို့အပြင် ဂိုဏ်းမှ ကျွမ်းကျင်သူများစွာသည် အင်မော်တယ်ရတနာသိုက် ရှိရာသို့ သွားနေကြပေရာ မည်သည့်နေရာတွင် ရှိသည်ဟု ထန်ရှုအား ပြောပြရင်တောင်မှ ထန်ရှု ဘာတတ်နိုင်ပါမည်နည်း။ ထိုနေရာသို့ ထန်ရှု သွားရဲပါက သူ့အတွက် သေလမ်းတစ်လမ်းသာ ရှိပေမည်။

"ကောင်းပြီ ငါ ပြောမယ်။ အဲ့ဒါက လုံကွမ်ပင်လယ်အော်မှာ ရှိတယ်။”

လုံကွမ်ပင်လယ်အော်…

ထန်ရှု အံ့အားသင့်သွားသည်။ သူသည် မကြာသေးမီက လုံကွမ်ပင်လယ်အော်မှ လာခဲ့ခြင်းဖြစ်ရာ ထူးဆန်းသောတံခါးများမျိုးနွယ်မှ မည်သူနှင့်မျှ မတွေ့ခဲ့ပေ။ ထို့အပြင် အနောက်ပိုင်းဘုန်းကြီး၏ နေအိမ်သည် လုံကွမ်ပင်လယ်အော်ဧရိယာတွင် တည်ရှိသည်။ အကယ်၍ ထူးဆန်းသောတံခါးများမှ ထိုလူများသည် လုံကွမ်ပင်လယ်အော်သို့ ဝင်ရောက်လာပါက ဘုန်းကြီးသည် ၎င်းတို့ကို ပထမဆုံး သတိပြုမိပေလိမ့်မည် မဟုတ်ပါလော။

****

လုံကွမ်ပင်လယ်အော်၏လက်ရှိအချိန်…

သူ၏ဓားပြားကြီးအား ဒေါသတကြီး လွှဲယမ်းရင်း အနောက်ပိုင်း ဘုန်းကြီး၏မျက်လုံးများသည် မျက်ထောင့်နီနေခဲ့သည်။ သူ့ကို ဝိုင်းထားသော ထူးဆန်းသောတံခါးများက ဒါဇင်ချီသော လူများအား နောက်ပြန်တွန်းထုတ်ပြီးသည့်နောက်မှာတော့ မရေမတွက်နိုင်သော လျှို့ဝှက်လက်နက်ပုန်းများက သူ့အား တစ်လှည့်စီ တိုက်ခိုက်ခဲ့ကြပြန်သည်။

"ပေါက်ကွဲလိုက်စမ်း…"

အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လျှို့ဝှက်လက်နက်ပုန်းများနှင့်အတူ မီးပင်လယ်တစ်ခု ပေါက်ကွဲထွက်ပေါ်ကာ အနောက်ပိုင်း ဘုန်းကြီးအား တခဏချင်း ဖုံးလွှမ်းသွားခဲ့သည်။ မီးတောက်အဆောင်များသည် သူ့အား အနည်းငယ်ခြိမ်းခြောက်မှုသာ ဖြစ်စေသော်လည်း သူ့ခန္ဓာကိုယ်သည် မီးပင်လယ်ထဲမှ ပြေးထွက်သောအခါ လျှို့ဝှက်လက်နက်ပုန်းမျိုးစုံဖြင့် ထိမှန်နေဆဲဖြစ်သည်။

“ယီးပဲဟေ့…”

အနောက်ပိုင်းဘုန်းကြီးသည် ခါးကို ပုတ်လိုက်သောအခါ သွေးဆာနေသော လင်းနို့နှစ်ကောင် ပျံထွက်လာပြီး ရန်သူများဆီသို့ အလျှံညီးညီး မီးလုံးနှစ်လုံးအဖြစ် ဦးတည်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် တုန်တုန်ရီရီ ချည့်ချည့်နဲ့နဲ့ဖြင့် ခေါင်းမှ ခြေဖျားအထိ နံဟောင်နေသော အဘိုးကြီး၈ဦးသည် လျှပ်စီးသဖွယ် လျင်မြန်စွာဖြင့် ပိုက်ကွန်ကြီးတစ်ခုစီကို တစ်ချိန်တည်း ပစ်လွှတ်လိုက်သည်။ ကျွမ်းကျင်လိမ္မာသော ပူးပေါင်းမှုနောက်တွင် ပိုက်ကွန်ရှစ်ခုအား ပစ်လွှတ်လိုက်ရာ တစ်ခုနှင့်တစ်ခု ထပ်သွားသည်။ ထိုအဘိုးကြီး၈ဦးသည် အံ့သြဖွယ်ကောင်းသော ခြေလှမ်းကွက်များ ရွှေ့ကာ လှုပ်ရှားလိုက်ရာ သွေးဆာနေသော လင်းနို့နှစ်ကောင်ထံမှ မီးတောက်မီးလျှံလှိုင်းသည် ငြိမ်းသွားပေတော့သည်။

ကွစ်…ကွစ်…

သွေးဆာနေသော လင်းနို့နှစ်ကောင်၏ပါးစပ်မှ အော်ညည်းသံများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် အပြင်းအထန် ရုန်းကန်ခဲ့ကြသော်လည်း ဖုံးအုပ်ထားသည့် ပိုက်ကွန်မှ မလွတ်မြောက်နိုင်ပေ။ သူတို့၏သံမဏိအလားတူ ခန္ဓာကိုယ်များပင် ရုန်းကန်မှုကြောင့် အသားများ အလှီးခံရသည့်အလား သွေးများထွက်ပြီး ဒဏ်ရာများ ရလာခဲ့တော့သည်။

"ယီးလို ခွေးမသားတွေ…"

အနောက်ပိုင်းဘုန်းကြီး၏အမူအရာသည် အကြီးအကျယ် ပျက်သွားကာ အဘိုးအိုရှစ်ဦး၏အရှေ့တွင် ချက်ချင်းပေါ်လာပြီး သူ၏ဓားပြားကြီးဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

"အကာအကွယ်…"

အဘိုးအိုရှစ်ယောက်၏အမူအရာသည် လေးနက်လာသည်။ သူတို့သည် တပြိုင်နက်တည်း စုဝေးကြကာ စတင်ရွတ်ဆိုကြသည်။ တစ်ချိန်တည်းမှာပင် တူညီသော စကားလုံးတစ်လုံးကို ရွတ်ဆိုပြီးနောက် အဘိုးအိုလေးဦးစီ အရှေ့အနောက် နေရာယူလိုက်ကြပြီး သူတို့၏ခါးမှ ထူးဆန်းသော ဒိုင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းဒိုင်းသည် မျက်စိတစ်မှိတ်အတွင်း နှစ်မီတာ ရှည်ပြီး တစ်မီတာကျယ်သော ဒိုင်းတစ်ခုဖြစ်လာကာ ဘုန်းကြီး၏ ပြင်းထန်သော ဓားချက်များကို ပိတ်ဆို့တားဆီးလိုက်သည်။

ဘုန်း…

ထိုအဘိုးအိုရှစ်ဦးသည် သွေးများ အန်လိုက်ကြပြီး ၎င်းတို့၏ခန္ဓာကိုယ်များသည် တစ်ပြိုင်နက် နောက်ပြန် လွင့်သွားတော့သည်။ အနောက်ပိုင်း ဘုန်းကြီး၏မျက်လုံးလှန်ကြည့်လိုက်ပြီး သူ၏ဓားပြားကြီးကို ပြန်သိမ်းလိုက်သည်။ သူ၏ပါးစပ်မှ မသဲမကွဲအသံတစ်သံ ထွက်လာသော်လည်း သူ တိတ်တိတ်ဆိတ်ဆိတ် နေပြီး လည်ချောင်းမှ ထွက်ကျလာတော့မည့် သွေးများကို အတင်း မျိုချလိုက်ရသည်။

“ဒါက မှော်လက်နက်တစ်ခုပဲ။ မင်းတို့ ထူးဆန်းတဲ့ တံခါးပေါက်များက လူယုတ်မာတွေဆီမှာ ဒီလို မှော်လက်နက် ရှိလို့လား။”

အနောက်ပိုင်းဘုန်းကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏စိတ်ထဲတွင် အတန်ပင် အလိုမကျဖြစ်နေရသည်။ ဤနေရာသို့ စုရုံးရောက်လာသောလူ ၄၈ဦးအနက် ထက်ဝက်ကျော်သည် သူ့ကို တိုက်ခိုက်ကြပြီး ဖြစ်သောကြောင့် ထိုတိုက်ပွဲများတွင် မှော်လက်နက်သုံးမျိုးကိုလည်း စွန့်လွှတ်ခဲ့ရပြီးဖြစ်သည်။

ဟား…ဟား…ဟား…

ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံတစ်ခုသည် တစ်ကီလိုမီတာအကွာမှ ထွက်ပေါ်လာပြီး ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် လျှပ်စီးတန်းအလား လျင်မြန်စွာ ပျံသန်းလာပြီးနောက် အသက်ရှုချိန် အနည်းငယ်အတွင်း လူတိုင်း၏အရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

“အနောက်ပိုင်းဘုန်းကြီး … အင်မော်တယ် ရတနာသိုက်ကို မင်းကိုယ်တိုင် ဘယ်တော့မှ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူးလို့ ငါ သတိပေးခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က အင်မော်တယ်ရတနာသိုက်ရဲ့ မှတ်တမ်းကို အဲဒီလူနှစ်ယောက်က ခိုးယူသွားကတည်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ မှန်းဆထားပြီးသား။ ဒါပေမယ့် ငါ တစ်ခုနားမလည်ဘူး။ မင်းရဲ့အသက်က သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပေမယ့် ဒီအင်မော်တယ် ရတနာသိုက်အကြောင်းကို ဘာကြောင့် မင်း မပြောပြခဲ့တာလဲ။" ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်က ကျယ်လောင်ပြတ်သားသော အသံဖြင့် ပြောသည်။

“ယီး … ပါးစပ်ပိတ်ထား။” အနောက်ပိုင်းဘုန်းကြီးက ဒေါသတကြီး အော်လိုက်သည်။

“ငါ့မှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိလို့ သူ့ကို မပြောခဲ့တာကွ။ သူက ငါ့အသက်နဲ့သေခြင်းကို အခု ထိန်းချုပ်ထားတယ်ဆိုပေမယ့် ဒီအင်မော်တယ်ရတနာသိုက်ကို ငါ ဖွင့်နိုင်ခဲ့ရင် သူ ချိပ်ပိတ်ထားတာကို ချိုးဖျက်ဖို့ စိုးရိမ်စရာ လိုပါတော့မလား။ ရွှေသံချပ်ကာ ဇွန်ဘီ … ငါတို့ကြားက သဘောတူညီချက်ကို မမေ့ပါနဲ့။ ဘယ်သူမဆို ဒီအင်မော်တယ်ရတနာသိုက်ကို မျက်စိကျရဲရင် အဲ့ဒါကို ကာကွယ်ဖို့ မင်း ငါနဲ့ ပူးပေါင်းရမယ်။"

“အဲ့ဒါကို ငါ မမေ့ပါဘူး။ ဒါပေမယ့် မကြာခင် သေတော့မယ့် အဘွားကြီး ရှီပေါ်ကတော့ ခုထိ မပေါ်လာသေးပါလား။ ဒီကိုလာရင်း လမ်းမှာ သေသွားတယ်လို့ ငါ့ကို မပြောနဲ့နော်။"

“မသာကောင် …  နင်ကသာ သေတော့မယ့်သူဟဲ့။ ဒီအဘွားကြီးက သေဖို့ မဖြစ်နိုင်ဘူး။” အမျိုးသမီးတစ်ဦး၏စူးစူးရှရှ အသံတစ်ခု လွင့်ပျံလာပြီး အသက်၂၀ ဝန်းကျင်ဟန်ရှိသော အမျိုးသမီးတစ်ဦးသည် ပန်းဆီရောင်တိမ်တိုက်တစ်ခုပေါ် ပျံဆင်းလာသည်။

အနောက်ပိုင်းဘုန်းကြီး၏စိတ်ဓာတ် မြင့်တက်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်ရင်း

“ဟားဟားဟား … နောက်ဆုံးတော့ ငါတို့ သုံးယောက် အတူ ဆုံစည်းကြပြီ။ ငါတို့ရဲ့အင်မော်တယ် ရတနာသိုက်ကို မျက်စိကျရဲအောင် ထူးဆန်းတဲ့ တံခါးများက ဒီလူယုတ်မာတွေကို ဘယ်သူကများ သတ္တိ ပေးလိုက်လဲ ငါ တကယ် မသိဘူး။ အတိတ်က အင်မော်တယ်မြေပုံကို ခိုးယူခဲ့တဲ့ ခွေးမသားနှစ်ယောက်က ငါတို့ဘယ်သူလဲဆိုတာ ပြောခဲ့တယ်လို့ မပြောနဲ့နော်။"

“ဟုတ်တယ် … ငါတို့က သူတို့ကို တကယ်ပြောခဲ့တာပဲ။”

မရှိသောအရပ်ဆီမှ လာသလိုမျိုး သိမ်မွေ့သော အသံတစ်သံကို ကြားလိုက်ကြရသည်။ အဘိုးအိုနှစ်ဦးသည်  ဓားပျံများကို စီးကာရောက်လာပြီး အင်မော်တယ်အသွင်အပြင်နှင့် အဘိုးအိုတစ်ဦးသည် အဘွားရှီပို၏အနောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားသည်။ သူတို့သည် ထူးဆန်းသော တံခါးများမှ လူ ၄၈ ဦးကို ရွှင်မြူးသောအမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အနောက်ပိုင်း ဘုန်းကြီးတို့ သုံးယောက်အဖွဲ့ထံသို့ ချက်ချင်း အကြည့်ရောက်သွားသည်။

“အိုး … ကောင်းပြီ။ ငါတို့တွေ မတွေ့တာ နှစ်၆၀ ရှိသွားပြီ ဟုတ်လား။ မင်းတို့အားလုံး ငါတို့ကို လွမ်းနေလား။"

အဘိုးကြီးတစ်ယောက်က နွေးထွေးသော အပြုံးဖြင့် စကားပြောလိုက်သည်။ သူ၏ဘယ်ဘက်လက်သည် ကျိုးနေသော်လည်း သူ၏ညာဘက်လက်မောင်းတွင် မြွေစိမ်းလေးတစ်ကောင်က ရစ်ပတ်ထားသည်။

ထိုအဘိုးကြီးနှစ်ယောက်ကို မြင်သွားသော အနောက်ပိုင်း ဘုန်းကြီးက ဒေါသတကြီး အော်ဟစ်တော့သည်။

“ကျင်းစန်းချီ … ကျင်းစီကျဲ … ယီးလို ခွေးမသားနှစ်ယောက်က။ မင်းတို့ ခုထိ ဘာလို့ မသေသေးတာလဲ။"

***

All Chapters