← Chapters

သူ၏ဂုဏ်ပုဒ်

Vol. 48 Ch. 670

သူ၏ဂုဏ်ပုဒ်

Vol. 48 Ch. 670

ကမ်းဇတ်အမဲလိုက်ကွင်း …

ကျင်းစန်းချီနှင့် ကျင်းစီကျဲညီအစ်ကိုတို့သည် ထူးဆန်းသောတံခါးများမျိုးနွယ်မှ ကျန်ရှိသော လူများနှင့်အတူ ထိုနေရာသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့သည် အမဲလိုက်ကွင်းပိုင်ရှင် ဂီဆန်ဂျောနှင့် တိတ်တဆိတ် တွေ့ဆုံခဲ့ကြသည်။ ထိုနေရာသို့ ရောက်ပြီးနောက် ကျင်းစန်းချီသည် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်များကို ဖိနှိပ်နိုင်ခဲ့ပြီး သူ့အသက်ကို ထပ်မံခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။ ကျင်းစီကျဲကမူ သန့်စင်သော ဒဏ်ရာပျောက်ဆေးကို သောက်ခဲ့ပြီးနောက် သူ၏ ဒဏ်ရာသည် အပြည့်အဝ မပျောက်သေးသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရတော့ပေ။

“စီနီယာနှစ်ယောက် … ခင်ဗျားတို့ …”

ဂီဆန်ဂျောသည် ထူးဆန်းသောအမူအရာ ဖြစ်နေသည်။ အထူးသဖြင့် ကျင်းစီကျဲ၏ဆိုးရွားနေသော အသွင်အပြင်နှင့် သူ့တစ်ကိုယ်လုံးတွင် သွေးစွန်းနေသည်ကို တွေ့လိုက်ရချိန်ဖြစ်သည်။ သူ့စိတ်ထဲမှစကားများကို ထုတ်ပြောတော့မည် ဖြစ်သော်လည်း စကားတစ်ချို့ကို ပြောပြီးနောက် ချီတုံချတုံဖြင့် ရပ်လိုက်ရသည်။

"ငါတို့ အဆင်ပြေပါတယ်။" ကျင်းစန်းချီသည် ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “ငါတို့ ဒီကို လာရတဲ့ အကြောင်းရင်းက မင်းကို မေးစရာတွေ ရှိနေလို့။ ငါသိသလောက် တောက်ပကြည်လင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သားက သီရိစစ်တုရင်ရဲ့ တပည့်နဲ့အတူ ဒီနေရာမှာ အသတ်ခံခဲ့ရတယ်။ ငါ သိချင်တာက သတ်တဲ့သူက ဘယ်သူလဲ။”

ဂီဆန်ဂျော တွေကနဲ ဖြစ်သွားရင်း ထန်ရှုအား တိတ်တဆိတ် စိုးရိမ်နေမိသည်။ ထန်ရှုနှင့် သိပ်မခင်သေးသည့်တိုင် သူ့အကျင့်စရိုက်ကို သဘောကျပြီး အလွန်အရည်အချင်းရှိသူဟု ခံစားမိသော်လည်း သည်လူနှစ်ယောက် မည်မျှကြောက်စရာကောင်းသည်ကိုလည်း သူ သိသည်။

ယခုအချိန်တွင် ထူးဆန်းသောတံခါးများ မျိုးနွယ်တစ်ခုလုံးတွင် ကျင့်ကြံသူအရေအတွက်မှာ လွန်စွာနည်းပါးနေပြီး ၎င်းတို့ထဲမှ နှစ်ဦး သုံးဦးသည် ကျင်းစန်းချီနှင့် ကျင်းစီချဲ၏တပည့်များဖြစ်သည်။ သူတို့ညီအစ်ကိုများသည် မျိုးနွယ်စု၏ အကြီးဆုံးနာယကများလည်း ဖြစ်သောကြောင့် သူတို့၏စကားများသည် ထူးဆန်းသော တံခါးများတွင် လေးလေးနက်နက် စွဲကိုင်ထားရပေသည်။

ထူးဆန်းသောတံခါးများ၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဂီဆန်ဂျောသည် ၎င်းလက်အောက်ရှိ အဖွဲ့များအနက်မှ တစ်ခုအား အခွင့်အာဏာပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့ကြောင့် သူသည် သဘာဝအတိုင်း ဘာမှ ဖုံးကွယ်ဝံ့ခြင်းမရှိပဲ ထန်ရှုအကြောင်း သူ သိသမျှကို အမှန်အတိုင်း ပြောပြခဲ့သည်။ ထို့နောက် သူ၏စကားကို အဆုံးသတ်လိုက်ရင်း

“သူ့အကြောင်း ကျွန်တော်သိတာက ဒီလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့သူငယ်ချင်းဟောင်း ကျဲဝါလေ့ကတော့ ပိုသိနိုင်တယ်။ စီနီယာတို့နှစ်ယောက် ထပ်မေးစရာလိုရင် သူ့ကို သွားရှာလိုက်မယ်။"

"ဟင့်အင်း … မင်း သူ့ကို ရှာဖို့ မလိုဘူး။" ကျင်းစန်းချီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရွှမ်းချင်ပြည်နယ် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော်အဖြစ် သူ့ကို သိတဲ့ အနည်းငယ် သဲလွန်စတစ်ခုရရုံနဲ့ကို ငါတို့ သူ့ကို ရှာတွေ့နိုင်တယ်။ ကောင်းပြီ … ငါတို့တွေ ကိုယ့်ကိုကိုယ် ကုသဖို့ မင်းနေရာမှာ ခဏနေဦးမယ်။ ထူးဆန်းသောတံခါးများ လူတွေ ထွက်ခွာသွားပြီးရင် မင်းရဲ့အမဲလိုက်ကွင်းတွေကို အချိန်အတော်ကြာအောင် ပိတ်ထားရလိမ့်မယ်။”

"ဂျူနီယာက စီနီယာရဲ့ညွှန်ကြားချက်အတိုင်း အရာအားလုံးကို စီစဉ်ပေးပါ့မယ်။" ဂီဆန်ဂျောက အလျင်စလို ပြောလိုက်သည်။

ဂီဆန်ဂျော အခန်းထဲမှ ထွက်သွားပြီးနောက် ကျင်းစန်းချီ၏အမူအရာသည် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ အချိန်အတော်ကြာအောင် စကားမပြောဘဲ နေပြီးမှ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်

“ပြင်ပမှာရှိတဲ့သူတွေကို တရုတ်တိုင်းရင်းဆေး သမားတော်တစ်ယောက်အနေနဲ့ သူ့အထောက်အထား တကယ့်အစစ်အမှန်ကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ သုံးတာတော့ သေချာတယ်။ သူက အနောက်ပိုင်း ဘုန်းကြီးကို သူ့လက်အောက်ခံဖြစ်စေပြီး ဘုန်းကြီးရဲ့သူဌေး ဖြစ်လာဖို့ဆိုတာက တစ်ခုပဲ ဆိုလိုတယ် - သူက သာမန်လူမဟုတ်ဘူးဆိုတာပဲ။ နောက်ပြီး ဂီဆန်ဂျော ပြောသွားတဲ့အထဲမှာ သူ့ရဲ့သက်တော်စောင့် ၁၁ဦးပါလာပြီး အဲ့ဒီအထဲမှ တစ်ဦးက တရားစီရင်ရေးခန်းမသခင်ကို သတ်ဖြတ်ခဲ့တယ်လို့ ပါတယ်။ အဲ့ဒီခန်းမသခင်လေးက ကံကောင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး သူ့ရဲ့သိုင်းပညာနဲ့ ကျင့်ကြံသူ ဖြစ်လာဖို့ကို နောက်ဆုံးတွန်းအားနဲ့ ဝေးကွာနေခဲ့တာလေ။ ထန်ရှုရဲ့လူတစ်ယောက်က သူ့ကိုသတ်လိုက်တယ်ဆိုကတည်းက သူ့လူကလည်း ကျင့်ကြံသူ ဖြစ်လိမ့်မယ်။ ဆိုတော့ ထန်ရှုကို နယ်လှည့်ကျင့်ကြံသူ ဖြစ်ရုံသာမက ကျင့်ကြံမှုဂိုဏ်းကြီးထဲက လူတစ်ယောက်လို့ပါ ငါ အခု သံသယဖြစ်နေမိတယ်။”

ကျင်းစီကျဲက မျက်မှောင်ကြုတ်လိုက်ရင်း

“ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုး ကြီးကျယ်တဲ့ ကျင့်ကြံသူဂိုဏ်း ဘယ်မှာရှိလို့လဲ။ တရုတ်နိုင်ငံတစ်ခုလုံးမှာ ကျင့်ကြံသူအရေအတွက်က ဆယ်ယောက်ထက်မပိုဘူးဆိုတာလည်း ငါတို့ညီအစ်ကိုတွေ အသိပဲမဟုတ်လား။”

"အဲ့ဒါက ကျန်တဲ့လူတွေကို ငါတို့ ဘာမှမသိလို့လေ။" ကျင်းစန်းချီက သူ့ကို သရော်ပြီးဆုံးမသည်။

“တရုတ်နိုင်ငံမှာ လူဦးရေ တစ်ဘီလီယံကျော်ရှိပြီး ကျင့်ကြံသူနဲ့ တာအိုအမွေအနှစ်တွေကို အမွေဆက်ခံသူတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။ ဟိုအာမာကျားကောင်လေးကို ပေကျင်းမှာ မကြာသေးခင်က မြှုပ်နှံထားခဲ့ပြီး သူ့ကို ဘယ်သူ သတ်သွားလဲ ငါတို့ မသိကြဘူး။ သာမာန်လူတွေက သူ့ကိုသတ်နိုင်မယ်လို့ မင်း ထင်လို့လား။"

ကျင်းစီကျဲ၏အမူအရာ လှုပ်ရှားသွားပြီး မငြင်းဆန်ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါတို့ဘာဆက်လုပ်ကြမလဲ။ ထန်ရှုက အခုဆို အင်မော်တယ်လိုဏ်ဂူနဲ့ အင်မော်တယ်ရတနာသိုက်ကို သိမ်းပိုက်ထားပြီး ငါတို့ကို ကြီးကြီးမားမား ပေးဆောင်ဖို့ တွန်းအားပေးနေပြီ။ အဲ့ဒါကို ဒီအတိုင်းလွှတ်ထားမယ်လို့ ငါ့ကို မပြောနဲ့နော်။"

"... ငါတို့ အရင်စောင့်ကြည့်ကြတာပေါ့။"

ထို့နောက် ကျင်းစန်းချီသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် ကူကယ်ရာမဲ့စွာ တုံ့ပြန်သည်။ “အင်မော်တယ်ဂူနဲ့ အင်မော်တယ်ရတနာသိုက်ကို အနောက်ပိုင်း ဘုန်းကြီးက နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပေမယ့် အဲ့ဒါကို လုံးဝမဖွင့်နိုင်သေးဘူး။ ထန်ရှုက ဒီအကြောင်းကို အခုမှ သိတာဆိုတော့  လောလောဆယ် သူ ဝင်ပေါက်ကို ဖွင့်နိုင်ဦးမှာ မဟုတ်ဘူး။ အခု ငါတို့ ပထမဆုံးလုပ်ရမှာက ဒဏ်ရာတွေကို ကုသပြီး သူ့အကြောင်းအစစ်အမှန်ကို ရှာဖို့ပဲ။ သူ့နောက်ကွယ်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျင့်ကြံသူ အင်အားမရှိရင် သူ့ကို ဆန့်ကျင်ဖို့ ကြံစည်ကြမယ်။ ဒါပေမယ့် အဲ့ဒီလိုမှမဟုတ်ရင် စွန့်လွှတ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး။ ပြီးတော့ ... သူနဲ့ တတ်နိုင်သမျှ ဆက်ဆံရေးကောင်းအောင် ကြိုးစားရတော့မယ်။”

"ထူးဆန်းသောတံခါးက ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်။ ငါတို့တွေ သူတို့ကို လျော်ကြေး ပေးသင့်သလား။” ကျင်းစီကျဲက မေးလိုက်သည်။

“အပြန်လမ်းမှာ အဲ့ဒီအကြောင်းကို တွေးပြီး ငါ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီမိသားစု ရှစ်ယောက်နဲ့ အဖွဲ့ဝင်တွေက တော်တော်ကို ဆိုးဆိုးရွားရွား ဆုံးရှုံးခဲ့ရတော့ ငါတို့သာ သူတို့ကို ဘာမှ မပေးရင် သူတို့က မကျေမနပ်ဖြစ်ပြီး ခါးခါးသီးသီး စိတ်ပျက်သွားမှာမို့လို့ သူတို့ကို ဝစေုရှစ်စု ခွဲတမ်းပေးလိုက်ကြတာပေါ့။”

ကျင်းစန်းချီက ပြောသည်။

“တပည့်နည်းနည်းလောက် ငါတို့ လက်ခံသင့်တယ်။”

“ဒါပေမယ့် ငါတို့မှာ ကျင့်ကြံမှု အရင်းအမြစ်တွေ…”ကျင်းစီကျဲက လျင်မြန်စွာ ငြင်းသော်လည်း ကျင်းစန်းချီက သူ့အား ထူးမခြားနားဟန်ဖြင့် ကြားဖြတ်ပြောလိုက်သဖြင့် စကားပင်မဆုံးလိုက်ပေ။

"ငါတို့မှာ ကျင့်ကြံရေးအရင်းအမြစ်တွေ ရှားပါးနေပြီဆိုတာ သိပါတယ်။ ဒါကြောင့် တပည့်မွေးဖို့ အရင်းအမြစ်တွေ အများကြီး မပေးနိုင်ဘူးဆိုပေမယ့် သူတို့က ငါတို့လက်အောက်မှာ လေ့ကျင့်ပေးချင်တဲ့ မိသားစု ရှစ်ယောက်ထဲက အဖွဲ့ဝင်တွေလေ။ အဲ့ဒီလူတွေမှာ အရင်းအမြစ်တွေတောင် မရှိဘူးလို့ ငါ့ကို မပြောနဲ့နော်။ ဒီမိသားစုရှစ်စုက နှစ်ပေါင်းများစွာ ကောင်းမွန်တဲ့ အရာတွေ အများကြီး စုဆောင်းထားတာ ရှိရမယ်။”

“ဒါတော့ မှန်တယ်။” ကျင်းစီကျဲက မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်သည်။

****

အင်မော်တယ်ဂူရှိရာ လုံကွမ်ပင်လယ်အော်တွင်…

ထန်ရှုသည် ဂူ၏မျက်နှာကျက်ပေါ်ရှိ စိတ်ငြိမ်ကျောက်တုံးများနှင့် ခဲနေသော နဂါးမျက်လုံး အစီအရင်အား စူးစူးစိုက်စိုက်လေ့လာပြီး သူ မည်မျှ အားသွန်ခွန်စိုက် ကြိုးစားနေပါစေ မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ချေ။ သူသည် အင်အားကြီးမားသောစွမ်းအားကို ထုတ်လွှတ်ရန်အတွက် စိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် လှံတို့ကို သန့်စင်ရန် ရက်အတော်ကြာပင် အချိန်ယူခဲ့ရသည့်တိုင် အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ပေ။

“မဖယ်ရှားနိုင်သလို ဖျက်ဆီးလို့လည်း မရဘူး။”

ထန်ရှုသည် ရှည်လျားသော ဂူအလယ်တွင် ညှိုးငယ်သော မျက်နှာဖြင့် ရပ်နေ၏။ တစ်ခုသိထားရမည်မှာ ထန်ရှုသည် တစ်ချိန်က အင်မော်တယ်ကမ္ဘာတွင် အထွတ်အထိပ်ဖြစ်ခဲ့ဖူးပြီး အစီအရင်ပညာရပ်တွင် အလွန်နက်နဲသော အသိပညာနှင့် အောင်မြင်မှုများကို ရထားသူတစ်ဦး ဖြစ်ကြောင်း သိထားရပါမည်။ သို့တိုင် ဤအစီအရင်၏ ထူးဆန်းသော စီစဉ်ထားမှုကို သူ တစ်ခါမှ မမြင်ဖူး၊ မကြားခဲ့ဖူးချေ။

"မေ့လိုက်တော့။ ငါ အခု အရှုံးပေးဖို့ပဲ တတ်နိုင်တယ်။ ဒါပေမယ့် ဒီနေရာက တကယ်ကောင်းတာပဲ။ ငါ အဲ့ဒါကို အစောင့်အကြပ်မရှိဘဲ မထားခဲ့နိုင်ဘူး။"

ထန်ရှု လိုဏ်ဂူထဲက ထွက်လာသည်။ အပြင်သို့ ရောက်သောအခါ မိုအားဝူတို့ဆယ့်တစ်ယောက်သည် ထိုနေရာတွင် ကျင့်ကြံနေကြသည်ကို မြင်လိုက်ရသဖြင့် သူတို့ထဲက လေးယောက်အား အင်မော်တယ်ရတနာသိုက်ကို စောင့်ကြပ်ရန်အတွက် ဤနေရာတွင်နေရန် အမိန့်ပေးသည်။ ထို့နောက် ကျန်လူခုနစ်ဦးနှင့် အမြန်ထွက်ခွာသွားတော့သည်။ သူ့တွင် လုပ်စရာတွေ အများကြီးရှိသောကြောင့် သည်နေရာတွင်နေပြီး အချိန်မဖြုန်းနိုင်ပါချေ။

အချိန်ကို ကြည့်လိုက်ချိန်တွင် ရှန်ဟိုင်းတက္ကသိုလ်၏ ကျောင်းကာလအသစ် စတင်သောနေ့ ဖြစ်ပြီး ပျက်ကွက်မှုအတွက် ဟန်ကျင်းဝူဆီ သူ ဖုန်းမဆက်ရသေးပါချေ။ ဟန်ကျင်းဝူနှင့် သူ၏ဆက်ဆံရေးက အခုချိန်မှာ ပိုကောင်းလာသည့်တိုင် သူမအား ခွင့်အကြောင်း မပြောခဲ့မိပါက သည်ဟာသည် မျှတသော အကြောင်းပြချက် မဟုတ်ပေ။

ဒုတိယနေ့တွင် ထန်ရှုသည် ရှန်ဟိုင်းသို့ ပြန်လာပြီး ခွင့်ယူရန် ဟန်ကျင်းဝူကို ဖုန်းဆက်သည်။ သူ အားထုတ်မှုအချို့ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ဟန်ကျင်းဝူသည် သဘောတူခွင့်ပြုခဲ့ရာ မကြာမီတွင် သူသည် မိုရီနှင့်တွေ့ဆုံရန် သုတေသနဌာနသို့ သွားကာ ထိုနေရာတွင် နေ့တစ်ဝက်ခန့် လှည့်လည်ကြည့်ရှုခဲ့သည်။ ၎င်းတို့သည် နောက်သုတေသနအတွက် ပြင်ဆင်နေကြသည်ကို သူ မြင်သောအခါ ခန်းရှကို ဆက်သွယ်ပြီး ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ အရည်အချင်း ရှိပြီး ယုံကြည်စိတ်ချရသော ဝန်ထမ်းနှစ်ဦးကို သည်နေရာသို့ ခန့်အပ်ရန် ညွှန်ကြားခဲ့သည်။

အလုပ်များသောနေ့ရက်များတွင် မုချင်းဖျင်သည် ဂူရင်နှင့်အတူ နဂါးကိုးကောင်ကျွန်းသို့ ပြန်သွားခဲ့ပြီး ထန်ရှောင်ဟန်ပါ အတူလိုက်ပါသွားခဲ့သည်။ ထန်ရှုသည် မူလက ထန်ရှောင်ဟန်ကို ဆက်နေစေချင်သော်လည်း မကြာခဏဆိုသလို အဖြစ်အပျက်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရပြီး သူ့ကို ပြုစုရန် အချိန်များစွာ မပေးခဲ့သည်ကို ပြန်သတိရမိကာ သဘောတူလိုက်ရသည်။

****

တောင်တံခါးအိမ်ရာ…

ထန်ရှုသည် အပြင်မှ ပြန်လာပြီး သူ့မိဘနေရာသို့ ရောက်လာသည်။ သူ ပြန်လာရသော အကြောင်းအရင်းကတော့ သူ့အမေ စုလင်းယွမ် နေမကောင်းဖြစ်နေသောကြောင့်ပင်။ စုလင်းယွမ်သည် ပြင်းထန်သောရောဂါ မဟုတ်ပဲ အအေးမိဖျားနာခြင်းသာ ဖြစ်သော်လည်း ထိုနေရာသို့ အလျင်စလို ထန်ရှု အရင်သွားခဲ့သည်။ နိုင်ငံခြားမှ ပို့ဆောင်ထားသော မီးအားပေးစက်ကို စစ်ဆေးရန်ပင် သူ အချိန်မရသေးပေ။

"အမေ အဆင်ပြေပါတယ် ရှုအာ … ဆေးနည်းနည်း သောက်ပြီး ဆေးထိုးဖို့ပဲလိုတယ်။ နှစ်ရက်လောက် နေရင် နေကောင်းလာလိမ့်မယ်။"

စုလင်းယွမ်သည် ကုတင်ခေါင်းရင်းကို မှီကာ ထိုင်နေသည်။ သူမ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး နွမ်းနယ်နေသော်လည်း ထန်ရှု၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်ပြီးနောက် သူမသည် အားတင်းပြုံးပြကာ စကားဆိုသည်။

ထန်ရှုက သူမကို စစ်ဆေးပေးပြီးနောက် သူ့အမေသည် သာမန် အအေးမိဖျားနာခြင်းသာ ဖြစ်သည်ကို တွေ့ရှိသောအခါ စိတ်သက်သာရာ ရသွားသည်။ ထို့နောက် သူက ချက်ချင်းပင် အပြုံးဖြင့်

“အမေ … ကျွန်တော့်ရဲ့ဂုဏ်ပုဒ်ကို မေ့သွားပြီလား။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော်ဘွဲ့ဆိုတာ ဈေးကွက်မြှင့်တင်ဖို့အတွက်မှ မဟုတ်တာ။ စိတ်ချပါ အမေ။ အမေ ကျိုချက်သောက်ဖို့ ကျွန်တော် ဆေးညွှန်းရေးပေးမယ်။ မနက်ဖြန်မနက်မှာ ပြန်ကောင်းလာစေရမယ်လို့ အာမခံတယ်။"

“ကောင်းပြီ။” စုလင်းယွမ်၏မျက်နှာထက်က အစောပိုင်းကထက် အနည်းငယ် ပိုမိုတောက်ပလာသည်။

သိပ်မကြာခင်မှာပင် ထန်ရှု အခန်းထဲကထွက်လာပြီး သူ့အဖေ ထန်ယွင်သဲ့သည် အိမ်ထဲကနေ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏အမူအရာသည် လေးလေးနက်နက် ဖြစ်သွားပြီး သူ့အဖေအား ပြောလိုက်သည်။

"အဖေ … ကျွန်တော် စကားပြောစရာတွေ ရှိတယ်။"

သားဖြစ်သူ၏အတန်ငယ်လေးနက်သော အမူအရာကို မြင်သောအခါ ထန်ယွင်သဲ့က ခေါင်းညိတ်ပြီး "စာကြည့်ခန်းထဲ သွားပြောကြတာပေါ့။"

စာကျက်ခန်းထဲ၌…

ထန်ရှုက ထိုင်ခုံမှာ ဝင်ထိုင်ပြီး

“အဖေ … ကျွန်တော်က ကျင့်ကြံသူဆိုတာ အဖေလည်း သိတယ်။ ကျင့်ကြံသူဆိုတာ ဘယ်လို တည်ရှိမှုမျိုးလဲဆိုတာလည်း အဖေ ကောင်းကောင်း သိပါတယ်။ အဖေနဲ့အမေတို့ကို ကျင့်ကြံနည်းစနစ်တွေ ဝေမျှဖို့နဲ့ နှစ်ယောက်လုံးကို ကျင့်ကြံမှု လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်အောင် ကူညီပေးဖို့ အရာအားလုံးကို ကျွန်တော် စဉ်းစားနေခဲ့တယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီးရှိနေခဲ့လို့ အဲ့ဒါကို အခုချိန်ထိ အကောင်အထည်မဖော်နိုင်ခဲ့သေးဘူး။ ဒါကြောင့် အဖေနဲ့အမေကို ကျင့်ကြံနည်းစနစ်တွေ ညွှန်ပြဖို့ ကျွန်တော် ကြယ်တာရာမှာ ခဏလောက် နေဖြစ်လိမ့်မယ်။"

ထန်ယွင်သဲ့၏မျက်နှာထက်တွင် ဝမ်းသာသွားသော အမူအရာ ပေါ်လာသည်။ သို့သော် ခဏလောက် စဉ်းစားပြီးမှ သူက ခေါင်းယမ်းပြီး “အချိန်မကျသေးဘူးလို့ အဖေ ထင်တယ်။ မင်းအမေရဲ့ နှလုံးသားထဲမှာ သားအတွက် အရေးကြီးဆုံးက  စာသင်ကြားမှုပဲ။ အရာရာအားလုံးကို ဂရုစိုက်ဖို့ ကြယ်တာရာမှာနေတာက သားအတွက် အရမ်း အရေးကြီးတာ ဖြစ်နိုင်ပေမယ့် လုပ်သင့်တာတွေကို ပြီးအောင်လုပ်ပြီးရင် ရှန်ဟိုင်းကို ပြန်သွားတာ အကောင်းဆုံးလို့ တွေးမိတယ်။ ငါနဲ့ မင်းအမေကို ကျင့်ကြံနည်းစနစ်သင်ပေးချင်ရင် ငါတို့တွေ ရှန်ဟိုင်းကို လာပြီး အချိန်တစ်ခုလောက် နေမှာမို့ ခဏစောင့်ပေး။"

“ဒါ…”

ထန်ရှု အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော် သူ့အဖေ၏စကားများက မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားမိပေသည်။ နောက်ဆုံးတော့ သူက ထိုအကြံအစည်ကို ဖယ်လိုက်ပြီး “ဒါဆို ကျွန်တော် အခြေခံ ဗဟုသုတတွေ အရင် သင်ပေးမယ်။ ဥပမာပြောရမယ်ဆိုရင် လူ့ခန္ဓာကိုယ်က သွေးကြောမှတ်တွေ၊ မရီဒျာန်တွေနဲ့ ကျင့်ကြံနည်းစနစ်ရဲ့ အကြောင်းအရာတွေပေါ့။ ရှန်ဟိုင်းကို ရောက်တာနဲ့ ကျင့်ကြံမှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ အဖေတို့ကို ကျွန်တော် အပြည့်အဝ ကူညီပေးမှာပါ။"

“ကောင်းပြီ။” သည်တစ်ကြိမ်တွင် ထန်ယွင်သဲ့သည် မငြင်းဆန်တော့ပေ။ သူ့သား၏နှလုံးသားထဲမှ ကြင်နာတတ်သော ရည်ရွယ်ချက်ကို ခံစားမိသည့်အပြင် သားဖြစ်သူထံတွင် ရင့်ကျက်သည့် တွေးခေါ်ပုံလည်း ရှိသည်ဆိုတာကို သူလည်း သိပေသည်။ ထိုသို့သော သားလေးတစ်ယောက်ရှိခြင်းက သူ့ကို ကံကောင်းစေရုံသာမက စိတ်နှလုံးကိုပါ ကြည်နူးစေသည်။

"သြော် … ရှုအာ … သားကို ပြောစရာရှိသေးတယ်။" ထန်ရှု စာကြည့်ခန်းထဲမှ ထွက်သွားတော့မည့်ဆဲဆဲတွင် ထန်ယွင်သဲ့ ရုတ်တရက် သူ့ကို တားလိုက်သည်။

"ဘာများလဲအဖေ…" ထန်ရှုက လှည့်ကြည့်လာပြီး အံ့ဩသွားသောအမူအရာဖြင့် မေးလိုက်သည်။

“အဲ့ဒီဆေးစာကို ရေးပြီး အဖေ့ကို ပေးခဲ့။ မင်း လေဆိပ်သွားတုန်း အဖေ ဆေးတွေ ယူပြီး ပြုတ်လိုက်မယ်။ အဲ့ဒီကောင်မလေး ဝမ်ရင်က ဒီည ကြယ်တာရာကို ရောက်မယ်လို့ ပြောတယ်။ သား သူ့ကို လေဆိပ်သွားကြိုလိုက်ချေ။"

မုဝမ်ရင်…

"သူက ကြယ်တာရာကို ဘာလာလုပ်တာလဲ။ လောလောဆယ် ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတာ မဟုတ်ဘူးလား။" ထန်ရှုက ပြန်မေးလိုက်သည်။

ထန်ယွင်သဲ့၏မျက်နှာပေါ်ရှိ အပြုံးသည် လျှို့ဝှက်နေဟန်ရပြီး

“မေးခွန်းတွေ အများကြီး မမေးစမ်းပါနဲ့ ဟုတ်ပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အဝတ်အစားတွေကို ကောင်းကောင်းမွန်မွန် ဝတ်စားသွားဦး။"

***

All Chapters