← Chapters

လောဘ

Vol. 48 Ch. 671

လောဘ

Vol. 48 Ch. 671

နေဝင်ချိန်တွင် ထန်ရှုသည် ကြယ်တာရာလေဆိပ်သို့ ကားမောင်းသွားခဲ့သည်။ မုဝမ်ရင်သည် ယခုတစ်ကြိမ် ကြယ်တာရာသို့ မည်သည့်ရည်ရွယ်ချက်ဖြင့် လာရောက်သည်ကို သူ မသိသော်လည်း သူမကို ကြိုပြီး လုံစားသောက်ခန်းမတွင် အခန်းတစ်ခန်းကိုပင် ကြိုတင်မှာယူထားသေးသည်။ သူ့အား ရှန်ဟိုင်းတွင် စာသင်ကြားရန် သူ့အမေ၏အကြံအစည်ကို မှန်းဆနေချိန်တွင် မုဝမ်ရင် ရောက်လာသဖြင့် သူမနှင့်အတူ ရှန်ဟိုင်းကို သွားရန် ပြင်ဆင်ရဖို့က ဖြစ်နိုင်သလောက်ပင်။

ညနေ ခြောက်နာရီ…

လေဆိပ်အဝင်ဝတွင် လှပသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထန်ရှုသည် မုဝမ်ရင်ကို တွေ့ပြီးနောက် ချက်ချင်းပင် သူမအား လက်ပြနှုတ်ဆက်ခဲ့သော်လည်း မုဝမ်ရင်နှင့်အတူ ကြည့်ကောင်းသော သက်လတ်ပိုင်း စုံတွဲတစ်တွဲကို တွေ့လိုက်ရသဖြင့် တုံ့ကနဲ ဖြစ်သွားရသည်။ အသိသာဆုံးမှာ မုဝမ်ရင်သည် ထိုအမျိုးသမီးနှင့် ရုပ်ချင်းဆင်တူလေသည်။

"မင်းက ထန်ရှု မဟုတ်လား။ တကယ့်ကို အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ။”

မုဝမ်ရင်၏အနောက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထန်ရှုကို မြင်ပြီးနောက် ကျေနပ်သွားသည့်ဟန်ရှိသည်။

ချောမောလှပသော အမျိုးသမီးသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ငါတို့ ဝမ်ရင် သဘောကျတဲ့ ယောက်ျားလေးက ထူးချွန်တာ သဘာဝပဲလေ။ ထန်ရှု … သားကို အန်တီ အရမ်းစိတ်ကျေနပ်တယ်။"

ထန်ရှု၏အောက်နှုတ်ခမ်း တုန်ရီသွားရသည်။ ဤအခိုက်အတန့်တွင် သူသည် ငတုံးတစ်ယောက် ဖြစ်နေလျှင်ပင် ဤလူလတ်ပိုင်းစုံတွဲအကြောင်း သူ သိနိုင်ပေသည်။ မျက်နှာပေါ်တွင် ကျိုးနွံသော အမူအရာဖြင့် ပြုံးပြလိုက်သော်လည်း စိတ်အတွင်းက မချိပြုံး ပြုံးလိုက်ရပြီး

“မင်္ဂလာပါ အန်ကယ်နဲ့ အန်တီ။ ကြယ်တာရာမှ ကြိုဆိုပါတယ်ခင်ဗျာ။"

မုဝမ်ရင်၏လှပသော မျက်နှာလေးသည် ရှက်စိတ်ကြောင့် နီရဲနေပြီး ကူကယ်ရာမဲ့နေသည့် ဟန်ကို တွေ့နိုင်ပေသည်။

"ထန်ရှု … ငါ့မိဘတွေက ငါ့ကို ကြယ်တာရာကို ခေါ်လာပေးဖို့ တိုက်တွန်းခဲ့တာဆိုတော့ ငါ..."

"မနှစ်တုန်းက မင်းအဖေနဲ့အမေက ငါတို့ကို ဧည့်သည်တွေအဖြစ် ကြယ်တာရာကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့တာလေ။" မုကျန်းဟွာက သူမ၏စကားကို ကြားဖြတ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ “နှစ်သစ်ကူးပြီးသွားတော့ အလုပ်လည်း ပါးသွားတာနဲ့ တို့တွေ ဒီကို လာလည်ကြတာ။ မင်းနဲ့ ဝမ်ရင်ကြားက ဆက်ဆံရေးက အနှေးနဲ့အမြန်ဆိုသလို ပိုနီးစပ်လာမှာဆိုတော့ သူ့ရဲ့အုပ်ထိန်းသူတွေအနေနဲ့ ငါတို့လည်း သဘာဝအတိုင်း ရင်းနှီးလာရမှာပေါ့ကွာ။”

ထန်ရှုသည် နေ့ခင်းဘက်တွင် သူ့အဖေ ပြုံးခဲ့သော လျှို့ဝှက်သည့် အပြုံးကို ပြန်လည်သတိရပြီး စိတ်ထဲတွင် အနည်းငယ် ကူကယ်ရာ မဲ့သွားရသည်။ မုဝမ်ရင်နှင့် သူ၏ဆက်ဆံရေးအခြေအနေအမှန်ကို သူ ရှင်းပြခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် သူတို့နှစ်ယောက် ဟန်ဆောင်စုံတွဲများသာ ဖြစ်သည်ကို ယခုအချိန်ထိ အလေးအနက်မထားခဲ့ကြပုံရသည်။ မုဝမ်ရင်၏မျက်လုံးများထဲတွင် ကူကယ်ရာမဲ့နေမှုနှင့် တောင်းပန်သည့်အကြည့်တို့ကို သူ မြင်နိုင်ပြီး အနည်းငယ်စဉ်းစားပြီးမှ သူ့ကိုယ်သူ ချုပ်တည်းထားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ မုဝမ်ရင်ကိုယ်တိုင်ကလည်း သူ့ဘဝအခြေအနေကို နားလည်သဘောပေါက်နေချိန်တွင် သူကလည်း သားသမီးများ မွေးဖွားပေးမည့် ဇနီးသည်ကို စောလျင်စွာ သို့မဟုတ် နောက်ပိုင်းတွင် သူ့ကိုယ်သူ ရှာဖွေရပေမည်။ သူမက သည်ကဲ့သို့သော အခြေအနေကို ပြုလုပ်လိုပါက သူ အမြဲတမ်း ကန့်ကွက်မည်မဟုတ်ပေ။  အင်မော်တယ် လမ်းကြောင်းပေါ်၌ သူ၏ခွဲခြမ်းစိတ်ဖြာမှုကို သန့်စင်ရန် သူ၏ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့သည်။ ယခုအခါ သူ့ဘဝလမ်းကြောင်းထဲသို့ ဝင်လိုသော အမျိုးသမီးတစ်ဦး ရှိနေပြီဖြစ်ပြီး သူ၏မူလစိတ်ကူးအတိုင်း မဖြစ်နိုင်တော့ဘဲ သူနှင့်အတူရှိ၍ မခွဲချင်ကြောင်း ထင်ရှားသည်။

သူ့ရင်ထဲတွင် အတွေးမျိုးစုံလှုပ်ခတ်နေစဉ်အတွင်း ထန်ရှုသည် တချို့ကိစ္စများကို အမြန် တွေးတောလိုက်သည်။ မုဝမ်ရင်၏ မိဘများနှင့် ရင်ဆိုင်နေရသော မျိုးဆက်သစ်လူငယ်တစ်ဦး၏ စိတ်နေသဘောထားကို ပြသပြီး ခရီးဆောင်အိတ်များအား ကားပေါ်တင်ကာ တောင်တံခါးအိမ်ရာသို့ ခေါ်ဆောင်သွားခဲ့သည်။

အိမ်တွင်…

ထန်ရှုသည် နှစ်ဖက်မိဘများ၏တွေ့ဆုံမှုကို မြင်ပြီးနောက်တွင် ယနေ့တွေ့ဆုံမှုသည် သူတို့သည် ပထမဦးဆုံးအကြိမ်မဟုတ်ကြောင်း သူ နားလည်သွားသည်။ နှစ်ဖက်မိဘများသည် မြို့တော်တွင် ရှိစဉ်အခါက အကြိမ်များစွာ တွေ့ဆုံခဲ့ကြသောကြောင့် ဖြစ်ပေမည်။ သူ့အမေ စုလင်းယွမ်သည် မုဝမ်ရင်၏မိခင် ကျန်းကျန်လီနှင့်အတူ ပေကျင်းရှိ သမိုင်းဝင်နေရာများနှင့် သာယာသော ရှုခင်းအလှများကို သွားရောက်လည်ပတ်ခဲ့ဖူးပေသည်။

ဒုတိယထပ်တွင်…

ထန်ရှုက မုဝမ်ရင်ကို သူ့အခန်းထဲသို့ ခေါ်သွားပြီးနောက် ပြုံးပြီး ပြောလိုက်သည်။

"မင်းကို ရှန်ဟိုင်းရောက်ပြီထင်နေတာ။ ဒီနေ့ မင်းမိဘတွေနဲ့အတူ ကြယ်တာရာကို ရုတ်တရက် ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ အဲ့ဒီလေးယောက်က ဒါကို ပြင်ဆင်နေတာကြာပြီ မဟုတ်လား။”

"ငါ တကယ် တောင်းပန်ပါတယ် ထန်ရှု။ တကယ်တော့ ကြယ်တာရာကို သွားတော့မယ်ဆိုတော့မှ ငါ ဒီအကြောင်းကို သိခဲ့ရတာ။ မဟုတ်ရင် ငါ နင့်ကို ကြိုပြီး ဖုန်းဆက်ထားမှာပေါ့။"

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး အိပ်ခန်းထဲမှ အပူပေးစက်ကို ဖွင့်လိုက်သည်။

“ရပါတယ်။ တကယ်တော့ ငါတို့ရဲ့ဆက်ဆံရေးအကြောင်း ငါ့မိဘတွေကို အမှန်အတိုင်း ပြောထားပြီးသားဆိုတာတောင် သူတို့တွေ အားထည့်နေတယ်ဆိုကတည်းက မင်းကို အရမ်းသဘောကျတာ သေချာတယ်။ ရိုးရိုးသားသားပြောရရင် လူတိုင်းက အလှတရားကို နှစ်သက်ကြတဲ့အတွက် ငါလည်း မင်းကို အတော် သဘောကျပါတယ်။ ဒါပေမယ့် မင်းကို သဘောကျတာက သဘောကျတာသက်သက်ပဲ အဲ့ဒါကို အချစ်လို့ မဆိုနိုင်ဘူး။ နောက်ပြီး ငါ့မှာ အရေးကြီးတဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတာမို့ မင်း တကယ် ဆန္ဒရှိတယ်ဆိုရင် ဖြည်းဖြည်းချင်း လက်တွဲကြတာပေါ့။ ဘယ်အဆင့်ကို ရောက်မလဲဆိုတာကို စောင့်ကြည့်ပြီး နောက်မှ ထပ်ဆွေးနွေးကြမယ်။”

ဖြည်းဖြည်းချင်း လက်တွဲကြမလား…။

မုဝမ်ရင်သည် ထန်ရှုအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော်လည်း အံ့သြဝမ်းသာမှုက သူမ၏နှလုံးသားကို လျင်မြန်စွာ လှုပ်ရှားစေသည်။ ဆိုတော့ ပြောချင်တာက နောက်ပိုင်း ဆက်နွယ်နေတော့မှာလား။

****

ကမ်းဇတ်အမဲလိုက်ကွင်း…

ကျင်းစန်းချီသည် ရက်အနည်းငယ်ကြာပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်အားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီး ကျင်းစီကျဲ၏ဒဏ်ရာများလည်း ပျောက်ကင်းသွားခဲ့သည်။ သို့သော်လည်း ထူးဆန်းသောတံခါးများ၏လူများထံမှ စုံစမ်းမှုသတင်းကို စောင့်မျှော်နေသဖြင့် ၎င်းတို့နှစ်ဦးလုံး ထွက်ခွာသွားခြင်းမရှိသေးပေ။ အင်မော်တယ်ရတနာသိုက် ပြသနာသည် အရေးတကာ့အရေးကြီးဆုံး ဖြစ်သောကြောင့် သူတို့နှစ်ဦးစလုံးအတွက် ထန်ရှု၏အကြောင်း ရှင်းရှင်းလင်းလင်းသိရှိရန်မှာ အရေးကြီးပေသည်။ အခွင့်အရေးရလာပါက ထိုအရာကို ရရန်အတွက် သူတို့ မည်သည့်အရာမဆို လုပ်ရပေမည်။

ဒန်…ဒန်…ဒန်…

အဝေးကောင်းကင်မှလာသော ဒရမ်သံများကဲ့သို့ ထူးဆန်းသောအသံများသည် သူတို့၏နှလုံးသားထဲသို့ စိမ့်ဝင်သွားသည့်အလားပင်။ အသံ၏စည်းချက်သည် အလွန် ထူးခြားပါသည်။ သည်ဟာသည် သူတို့အတွက် နိမိတ်လက္ခဏာတစ်ခုသဖွယ် ခံစားရပေသည်။ ကျင်းစန်းချီနှင့် ကျင်းစီကျဲတို့၏မျက်နှာများသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ အခန်းတွင်း၌ အစောပိုင်းက ကျင့်ကြံနေသော လူနှစ်ယောက်သည် မယုံနိုင်ဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးပြီးချင်းပင် သူတို့သည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ကမ်းဇတ်အမဲလိုက်ကွင်း၏အနောက်ဘက်တွင်…

သူတို့နှစ်ဦးသည် တောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်ကို လျင်မြန်စွာ ဖြတ်ကျော်ပျံသန်းပြီးနောက် တစ်ပြိုင်နက်နီးပါး မျက်လုံးများကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ကြသည်။ သူတို့၏အမြင်အာရုံသည် ပိုမိုရှင်းလင်းလာပြီး အရာများကို မြင်ရကြောင်း သေချာသောအခါတွင် မြေကြီးပေါ်တွင် ဒူးထောက်ကာ တောင်ထိပ်ရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသော အဖိုးအိုတစ်ဦးဆီသို့ အကြိမ်ကြိမ် အရိုအသေပေးလိုက်သည်။

တစ်ကိုယ်လုံး နံ့ဟောင်နေသော အနံ့အသက်ဆိုးကြီးနှင့် ရှည်လျားသော လက်ရက် လျှော်ထည်ကို ဝတ်ဆင်ထားသော အဘိုးအိုသည် ဆံထုံးသေးသေးလေးတစ်ခု ထုံးထားပြီး မျက်နှာထက်တွင် ဇရာသင်္ကေတ အရေးအကြောင်းများ ရှိနေသည်။ သူ၏မျက်လုံးများသည် နေ၊ လ၊ ကြယ်များ အတွင်း၌ရှိသော စကြာဝဠာကဲ့သို့ အထူးသဖြင့် နက်ရှိုင်းလေးနက်သည်။ သူ၏ပိန်လှီသောလက်သည် အထက်ဘဝဂ်တိုင် ကြားနေရသည့် ထူးဆန်းသော ဗုံသံ၏ရင်းမြစ်ဖြစ်သော ကျော့ကွင်းကိုကိုင်ထားသည်။

“ဆ…ဆရာသခင် … အသက်ရှင်နေသေးတာလား။”ကျင်းစန်းချီက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

လျှော်ထည် ဝတ်ထားသော အဘိုးအိုသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး

“ဒီအဘိုးကြီး အသက်ရှင်နေဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဧကရာဇ်နဂါးမြေပုံက ငါ့ရဲ့နောက်ဆုံးဝိညာဉ်ကို ကာကွယ်ပေးခဲ့လို့သာ။ ငါကြိုတင်တွက်ချက်ခဲ့တဲ့အတိုင်း မင်းတို့နှစ်ယောက်ဆီ ကပ်ဆိုးကြီးတစ်ခု ကျရောက်မယ်။ ငါလည်း သေဆုံးရပြီး ငါ့ဝိညာဉ်လည်း ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့အတိုင်း ဖြစ်ခဲ့တာပဲ။”

သူတို့အပေါ် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ကျရောက်မတဲ့လား။

ကျင်းစန်းချီနှင့် ကျင်းစီကျဲတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်မိပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က ကြုံတွေ့ခဲ့ရသည့် အကျပ်အတည်းကို အမှတ်တမဲ့ ပြန်သတိရသွားသည်။ သူတို့သည် လျှော်ထည် ဝတ်ထားသော အဘိုးအိုအား ရိုသေလေးစားစွာ ကြည့်နေမိကြသည်။ သူတို့၏ဆရာသခင်သည် လွန်ခဲ့သော နှစ်ပေါင်း၆၀ကျော်က မှော်လက်နက် နှစ်လက်အပြင် ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို ချန်ထားခဲ့ပြီးနောက် သူ့အကြောင်း မည်သည့်သတင်းမှ မကြားရတော့ပေ။ နှစ်အတော်ကြာပြီးနောက်တွင် သူတို့၏ဆရာသခင်အား ကွယ်လွန်သွားပြီဟု သူတို့ထင်ခဲ့ကြပြီး တစ်နေ့တွင် သူ့အား အသက်ရှင်လျက် ၎င်းတို့ကို တွေ့ရန် ပြန်လာမည်ဟု မထင်ထားခဲ့ကြပေ။

သူတို့ညီအစ်ကိုနှစ်ယောက်လုံးအား သူတို့၏ဆရာသခင် တာအိုချင်းကွမ်က ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။ တာအိုချင်းကွမ် သူတို့ကို မွေးစားသောအချိန်က သူသည် အသက် ၁၈၀ရှိနေပြီဖြစ်ပြီး အနှစ် ၂၀ခန့် ပျောက်ဆုံးသွားပြီးနောက် ယခုတိုင် အသက်ရှင်နေသေးသဖြင့် ၎င်းသည် အသက် ၂၆၀ နှစ် ရှိနေပြီဖြစ်သည်။

"ရွှေအမြုတေအဆင့်ကို ချိုးဖြတ်သွားတာလား ဆရာသခင်။"

ကျင်းစန်းချီက သတိကြီးစွာထားပြီး မေးလိုက်သည်။

တာအိုချင်းကွမ်က ခေါင်းညိတ်ပြီး ပြောသည်။

"လွန်ခဲ့တဲ့ နှစ်၆၀ကျော်က ရွှေအမြုတေအဆင့်ကို ဖြတ်ကျော်ဖို့ နီးကပ်လာပြီလို့ ငါ ခံစားမိတယ်။ ဒါကြောင့် ကျင့်ကြံဖို့ ကမ္ဘာကနေ လွတ်လွတ်လပ်လပ် သွားလာပြီး နောက်ဆုံးတော့ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ငါ အဆင့်ချိုးဖြတ်ပြီးတာနဲ့ ယီးလိုမျက်မမြင်အိုက ငါ့ကို နှိပ်စက်ညှဉ်းပန်းပြီး ကြမ်းတမ်းတဲ့ ယင်မြေပြင်မှာ ပိတ်ထားခဲ့တယ်။ နောက်ပိုင်းမှာ အခြေတည်ရာကို နင်းနိုင်ခဲ့ပြီး ဘေးဒုက္ခကနေ လွတ်မြောက်ခဲ့တယ်။ ဧကရာဇ်နဂါးမြေပုံကြောင့်သာ မဟုတ်ရင် ငါ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။”

"အခြေတည်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်သွားပြီလို့ ပြောလိုက်တာလား ဆရာသခင်။"

ကျင်းစီကျဲက ကမန်းကတန်း မေးလိုက်သည်။

"အခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တာက အောင်မြင်ဖို့ လွယ်ကူတဲ့ လုပ်ဆောင်ချက်တစ်ခု ဟုတ်ပါ့မလား။" တာအိုချင်းကွမ်က ခေါင်းယမ်းသည်။ “ဧကရာဇ်နဂါးမြေပုံက မင်းတို့နှစ်ယောက်ရဲ့ သွေးအဆီအနှစ်ကို သိမ်းထားတာကြာပြီ ကလေးတွေ။ ငါ အဲ့ဒီထဲကို လျှို့ဝှက်ပညာရပ်တစ်ခုကို ထည့်ထားတာကြောင့် မင်းတို့နှစ်ယောက်အပေါ် ကျရောက်တော့မယ့် ဘေးဥပဒ်တစ်ခု ရှိလာမယ်ဆိုတာ ငါ ခံစားမိတယ်။ ဧကရာဇ်နဂါးမြေပုံ ပေါက်ကွဲဖို့ ငါ့ရဲ့ရွှေအမြုတေကို ကိုယ်တိုင်ဖျက်စီးပြီး နောက်ဆုံးတော့ ကြမ်းတမ်းတဲ့ ယင်မြေပြင်ကနေ လွတ်မြောက်နိုင်လာခဲ့တယ်။”

ရွှေအမြုတေကို ကိုယ်တိုင် ဖျက်စီးလိုက်တာလား။

ကျင်းစန်းချီနှင့် ကျင်းစီကျဲတို့ ကြက်သေသေသွားကြသည်။ သူတို့သည် ရွှေအမြုတေအဆင့်သို့ မရောက်သေးသော်လည်း ရွှေအမြုတေပေါက်ကွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို သိရှိထားကြသည်။

“ဒါပေမယ့် ဆရာသခင် … အခုအဆင်ရောပြေရဲ့လား။” ကျင်းစန်းချီ၏နှလုံးသားသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။

“ငါ့ရဲ့ကျင့်ကြံမှုက အဆင့်လေးဆင့်ထိ သိသိသာသာ ကျဆင်းသွားပြီး လက်ရှိအခြေအနေဟာ အစောပိုင်း ရွှေအမြုတေအဆင့်နဲ့သာ နှိုင်းယှဉ်နိုင်မယ်။” တာအိုချင်းကွမ်က မချိပြုံး ပြုံးလိုက်သည်။

“ကံကောင်းချင်တော့ အရင်းအမြစ်ကို ဖြတ်ကျော်ခြင်းမှ အန္တိမအဆီအနှစ်လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ရခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မသန်စွမ်းမဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ကောင်းပြီ … အခု မင်းတို့အကြောင်း ပြောရအောင်။ မကြာသေးမီက ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ ရှိလား။”

ကျင်းစန်းချီသည် မကြာသေးမီက အဖြစ်အပျက်များကို လျင်မြန်စွာ ပြောခဲ့ပြီး နောက်ဆုံးစကားဖြင့် အဆုံးသတ်လိုက်သည်။

"ထန်ရှုက အဲ့ဒီအင်မော်တယ်ရတနာသိုက်ကို သိမ်းပိုက်လိုက်ပါပြီ။ သူ့နောက်ကွယ်က အင်အားကို မသိရသေးတဲ့အတွက် ရူးရူးမိုက်မိုက် မလုပ်ရဲသေးပါဘူး။”

တာအိုချင်းကွမ်၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားသည်။ အင်မော်တယ်ရတနာသိုက် တည်ရှိနေခြင်းကြောင့် သူ အံ့အားသင့်ခဲ့ရသည်။ တကယ်ဆိုရင်ဖြင့် ကြမ်းတမ်းသည့် ယင်မြေပြင်၏အနက်ကနေ လွတ်မြောက်ရန်သည် သူ့တပည့်နှစ်ယောက်အတွက် လုံးလုံးမဟုတ်သည့်တိုင် ထိုနေရာက လွတ်မြောက်ရန် နည်းလမ်းရှာမတွေ့ပါက ၎င်းနေရာမှာ ထာဝရ ပိတ်မိနေပြီး နောက်ဆုံးမှာ သူ့သေခြင်းတရားကို ရင်ဆိုင်ရမည်ဖြစ်သည်။

"သတင်းကို စောင့်လိုက်ပါ။ အင်မော်တယ်ရတနာနဲ့ ပတ်သက်တဲ့ကိစ္စက ငါတို့ကိုယ်တိုင်က အင်မော်တယ်သဟဇာတနဲ့ ဆက်နွယ်မှုရှိတာမို့ အရေးအကြီးဆုံးကိစ္စပဲ။ အဲ့ဒါကို လုံးဝ လက်မလွတ်သင့်ဘူး။”

တာအိုချင်းကွမ်သည် ထန်ရှု၏နောက်ကွယ်တွင် ကြီးမားသော အင်အားတစ်ခုရှိနေရင်တောင် ဖြစ်နိုင်ခြေ အနည်းငယ်သာရှိလျှင်ပင် သူ တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်ရမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ထားသည်။ နို့မဟုတ်ရင် လက်ရှိအခြေအနေအရ သူ့ကိုယ်သူ နှစ်အနည်းငယ်ကြာအောင်သာ ထိန်းထားနိုင်ပေလိမ့်မည်။ နောက်ထပ်ဆယ်စုနှစ် အနည်းငယ် ထပ်ပေါင်းလိုက်သည်နှင့်  သူ၏အထွတ်အထိပ်သို့ ပြန်မရောက်နိုင်တော့ဘဲ ကျင့်ကြံမှုလမ်းကြောင်းပေါ်၌ သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။

****

ကြယ်တာရာမြို့…

ထန်ရှုနှင့် မုဝမ်ရင်တို့သည် ဘေးချင်းကပ်လျက် ရပ်နေကြပြီး ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းမီးများကို ကြည့်ရင်း အသီးသီး အတွေးကိုယ်စီ ဖြစ်နေသည်။ သို့သော် လူကြီးလေးယောက်က သူတို့ကို အတင်းအကြပ် တွန်းအားပေးသောကြောင့် ထန်ရှုနှင့် မုဝမ်ရင်တို့သည် ယခုအချိန်တွင် ၎င်းတို့ကို ငြင်းဆိုနိုင်ခြင်း မရှိပေ။ နို့မဟုတ်ပါက နောက်ဆုံးရလဒ်ကြောင့် သူတို့မိဘများ မျက်နှာပျက်ကုန်ကြလိမ့်မည်။

"နင် ရှန်ဟိုင်းကို ဘယ်တော့ပြန်လာမှာလဲ"

စိတ်ထဲတွင် မုဝမ်ရင်သည် အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသော်လည်း ၎င်းကို ကောင်းစွာ ဖုံးကွယ်ထားသည်။ သူမသည် အကြာကြီး ငြိမ်သက်နေပြီး နောက်ဆုံးတွင် မေးခွန်းတစ်ခုဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

"သဘက်ခါ ဖြစ်မယ်။" ထန်ရှုက ဖြေလိုက်သည်။

"ဒါဆို အတူတူသွားကြမယ်လေ။" မုဝမ်ရင်က နူးညံ့စွာ ပြောလာသည်။

"ငါက ကြယ်တာရာကနေ ရှန်ဟိုင်းကိုသွားဖို့ မူလကတည်းက စီစဉ်ထားတာဆိုတော့ ငါ့ပစ္စည်းတွေ အားလုံးကို သယ်လာခဲ့ပြီးပြီ။"

“ကောင်းပြီ။ ကိစ္စမရှိပါဘူး။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ပြုံးနေသော ထန်ရှု၏မျက်နှာကို ကြည့်ရင်း မုဝမ်ရင်က ရုတ်တရက် ပြောလိုက်သည်။

"ထန်ရှု … ငါတို့ရဲ့ ဆက်ဆံရေးကို နင် လက်မခံနိုင်ရင် ဒါက တကယ်တော့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အဆိုးတကာ့ အဆိုးဆုံးမှ ငါတို့တွေ အရင်ကလို ဟန်ဆောင်စုံတွဲတစ်တွဲပါပဲ။”

"ဟန်ဆောင်စုံတွဲလား။" ထန်ရှုက ပြုံးလိုက်သည်။ “ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နှစ်ဖက်စလုံးက ဒီစိတ်ကူးကို မငြင်းသရွေ့တော့ တကယ် အရေးမကြီးပါဘူး။ သူ့သဘာဝတရားအတိုင်း လမ်းကြောင်းမှန်ပေါ်ရောက်အောင် ထားလိုက်ကြတာပေါ့။ အနာဂတ်မှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ ငါတို့တွေ မပြောနိုင်ဘူးလေ။”

“ကောင်းပါပြီ။” မုဝမ်ရင်က ညင်သာစွာ ခေါင်းညိတ်သည်။

***

All Chapters