ရန်ဘက်များကို ရင်ဆိုင်ခြင်း
Vol. 49 Ch. 674
တောင်တံခါးအိမ်ရာ ဘုရင့်စံအိမ်ခြံဝင်း…
ကုတ်အင်္ကျီဝတ်ဆင်ထားသော မုဝမ်ရင်သည် ပြတင်းပေါက်ဘေးတွင် ငြိမ်သက်စွာ ရပ်လျက် ရှိနေသေးသည်။ ပြတင်းပေါက်တွင် တပ်ဆင်ထားသော ကန့်လန့်ကာ၏အဟနေရာမှတဆင့် မှိန်ဖျော့ဖျော့ အလင်းရောင်ကြောင့် အပြင်ဘက်ရှုခင်းခွင်အား အလွန် ကြည်လင်ပြတ်သားစွာ မြင်ရစေသည်။ မုဝမ်ရင်တစ်ယောက် စဉ်းစားခန်းဝင်နေမိသည်။ ထန်ရှုတွင် လုပ်စရာတွေ အများကြီးရှိမှန်း သူမ သိသော်လည်း ညဉ့်နက်သည့်အထိ ပြန်မလာနိုင်အောင် အရမ်း အလုပ်များနေလိမ့်မည်ဟု မထင်ထားမိချေ။
ငါ သူ့ကို ဖုန်းဆက်ရမလား…
ထိုအတွေးက သူမ၏စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်လာသော်လည်း ဖယ်ထုတ်ပစ်လိုက်သည်။ ထန်ရှု၏အလုပ်တွင် အနှောင့်အယှက်ဖြစ်သွားပြီး သူ့ကို မပျော်ရွှင်အောင် လုပ်မိမည်ကို သူမ ကြောက်ပေသည်။ သူမသည် ထန်ရှု၏ "တရားဝင်" ရည်းစား ဖြစ်လာသော်လည်း သူမကို မျက်နှာသာပေးမှုအတွက် စိတ်လှုပ်ရှားနေခဲ့သလို သူ့ကို ဆုံးရှုံးရမည်ကိုလည်း စိုးရိမ်ပူပန်နေခဲ့သည်။
ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ အလင်းရောင်တချို့ကို သူမ မြင်လိုက်ရသည်။ ၁၂စက္ကန့်အကြာတွင် ခြံဝင်းအတွင်းသို့ အလျင်အမြန် မောင်းဝင်လာသော ကားတစ်စီးကို သူမ မြင်လိုက်ပြီးနောက် ကားထဲမှ ထန်ရှု ထွက်လာသည်။ သို့သော် သူမကဲ့သို့ ထိလွယ်ရှလွယ်နှင့် စိတ်အာရုံခံစားမှု ထက်သန်သည့်လူတစ်ယောက်အနေဖြင့် ထန်ရှု၏အမူအရာမှ တစ်စုံတစ်ခု မူမမှန်သည်ကို သူမ ကောင်းစွာ သတိပြုမိခဲ့သည်။ သူက အေးစက်ကာ အထီးကျန်ဆန်နေဟန်ရပြီး … စိုးရိမ်ပူပန်မှု အရိပ်အယောင်လည်း ရှိနေသည်။
မုဝမ်ရင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ၏အခန်းထဲမှ ချက်ချင်းထွက်လာသည်။ လှေကားထောင့်သို့ ရောက်သောအခါ ထန်ရှု တက်လာသည်ကို တွေ့လိုက်ရသည်။
"ဝမ်ရင် … ငါ့မိဘတွေ အိပ်နေပြီလား။" ထန်ရှုက တန်းမေးသည်။
မုဝမ်ရင်က ခေါင်းညိတ်ပြပြီး
“သူတို့ အနားယူသွားပြီ။ နင်…”
ထန်ရှုက သူမ၏လက်ကိုဆွဲပြီး သူ့အခန်းထဲကို ဆွဲခေါ်သွားသည်။ အခန်းတံခါးကို ပိတ်ပြီးနောက် သူက လေးနက်သော အမူအရာဖြင့်
"အရေးပေါ်ကိစ္စရှိလို့ ငါ တခြားကို သွားရမှာမို့ မင်းဘာသာ ရှန်ဟိုင်းကို သွားလိုက်တော့နော်။ နောက်ပြီး အမေက ငါ့ကို အတန်းတက်ဖို့ ရှန်ဟိုင်းကို ပြန်စေချင်တာမို့ ငါတို့တွေ ဒီနေ့ည တောင်တံခါးအိမ်ရာကနေ ထွက်ခွာကြမယ်။ လုံစားသောက်ခန်းမမှာ အခန်းတစ်ခန်းကို ငါ ကြိုတင်မှာပေးထားမယ်။ မင်း ဒီည အဲ့ဒီမှာ အနားယူပြီးတာနဲ့ ရှန်ဟိုင်းကို ချက်ချင်း သွားပါ။"
"ဘာဖြစ်သွားလို့လဲ။ ငါ ကူညီပေးနိုင်တာ ရှိမလား။" မုဝမ်ရင်က စိုးရိမ်ပူပန်စွာ မေးသည်။
“ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ငါ လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရတယ်။" ထန်ရှု ခေါင်းခါလိုက်ရင်း
"ဒါပေမယ့် အချိန်က မရတော့ ငါ အဲ့ဒီကို အမြန်သွားရမယ်။"
“ကောင်းပြီ။ ငါ အဝတ်အစားလဲ၊ ထုပ်ပိုးပြီးတာနဲ့ သွားကြမယ်။” မုဝမ်ရင်က ကမန်းကတန်း ပြောလိုက်သည်။
"ဦးလေးနဲ့ အန်တီကို အရင် ပြောချင်သေးလား။"
"မလိုဘူး။ သူတို့က အိပ်နေပြီ။” ထန်ရှု ခေါင်းယမ်းလိုက်သည်။
"မနက်ဖြန် ဖုန်းဆက်ရှင်းပြလိုက်မယ်။"
“ကောင်းပြီ။” မုဝမ်ရင် နားလည်ပြီး သူမ ခေတ္တနေသောအခန်းသို့ ပြန်သွားသည်။ အဝတ်အစားလဲ ပစ္စည်းတွေ ထုပ်ပိုးပြီးနောက် ငါးမိနစ်အကြာတွင် ခရီးဆောင်အိတ်ကို ဆွဲကာ သူမ၏အခန်းထဲက မုဝမ်ရင် ထွက်လာသည်။ ထန်ရှုက ၎င်းအိတ်ကို သယ်လိုက်ပြီးနောက် နှစ်ယောက်သား ခြံဝင်းထဲသို့ တတ်နိုင်သမျှ အမြန်လာကာ ကားပေါ်တက်ပြီး တောင်တံခါးအိမ်ရာမှ ထွက်ခွာသွားကြသည်။
ထို့နောက် ထန်ရှုသည် မုဝမ်ရင်အတွက် လုံစားသောက်ခန်းမတွင် အခန်းတစ်ခန်းအား ကြိုတင်မှာယူပေးခဲ့ပြီး သူမအား နေရာတကျဖြစ်အောင် စီစဉ်ပေးပြီးနောက် ကျင်းဟူက သူ့အား လေဆိပ်သို့ တိတ်တဆိတ် ခေါ်သွားခဲ့သည်။ သူ၏ကံသည် အလွန်ကောင်းသည်ဟုဆိုရပေမည်။ ထန်ရှု လေဆိပ်ကို ရောက်သည်နှင့် အပြာရောင်မြို့ကို ထွက်မည့် လေယာဉ် ရှိနေခဲ့သည်။ ထို့ကြောင့် လေယာဉ်ပေါ် တက်ပြီး နှောင့်နှေးမနေဘဲ ထွက်ခွာလာသည်။
****
ကမ်းဇတ် လုံကွမ်ပင်လယ်အော်…
ဆောင်းရာသီ၏အေးစက်သော လေများ တိုက်ခတ်မှုကြားတွင် ဆာ့ဖ်ကားနှစ်စီးသည် လမ်းဆုံတစ်ခုသို့ ရောက်လာပြီး ဆာ့ဖ်ကားတစ်စီးအတွင်းတွင် ကျဲဝါလေ့သည် လမ်းပြမြေပုံနှင့် ထန်ရှု အမှတ်အသားလုပ်ထားခဲ့သည့် နေရာအား သူ၏ဖုန်းမျက်နှာပြင်ပေါ်တွင် ဖွင့်လျက် တည်ကြည်သောအမူအရာဖြင့် ကြည့်နေသည်။
“ဘယ်ဘက်ကွေ့ပြီး လမ်းရဲ့ ဘယ်ဘက်ခြမ်းကို ဦးတည်လိုက်။ ဒီလမ်းရဲ့အဆုံး ရှေ့ငါးကီလိုမီတာအကွာမှာ ဆင်းပြီး အမြန်လမ်းအတိုင်း လျှောက်ကြမယ်။” ကျဲဝါလေ့က အမိန့်ပေးသည်။
ဖုန်လမ်းအဆုံးတွင် ဆာ့ဖ်ကားနှစ်စီးအား လျင်မြန်စွာ ရပ်ထားခဲ့ပြီး တောင်တန်း၏အရှေ့ဘက်ကို မှုန်ဝါးဝါး မြင်နေရပြီဖြစ်သည်။ ကျဲဝါလေ့ ကားပေါ်က ဆင်းပြီးနောက် သူနှင့်အတူ ပါလာသော လူလတ်ပိုင်းလေးယောက်က ပတ်ဝန်းကျင်ကို သတိအပြည့်နှင့် စောင့်ကြည့်နေသည်။ ဤတောင်တန်းသည် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ရိုင်းစိုင်းသော သားရဲများ၊ ရွှံ့နွံများ နှင့် အနံ့အသက်ဆိုးများရှိသော ဧရိယာများလည်း ပြည့်နှက်နေသည်။ အနည်းငယ် သတိမထားမိပါက ဤနေရာ၌ပင် သေဆုံးသွားနိုင်ပေသည်။
"ရှောင်ဖေး … တာ့ဖေး … မင်းတို့နှစ်ယောက် ကားယူသွားပြီး လုံကွမ်ရွာနားမှာ ငါတို့ကို စောင့်ပါ။ တစ်ပတ်အတွင်း ပြန်မလာရင် တောင်ပေါ်မှာ ငါတို့ သေဆုံးသွားပြီလို့ မှတ်ထားပါ။ အနာဂတ်မှာ မင်းရဲ့မရီး၊ တူတွေ၊ တူမတွေကို ပြုစုစောင့်ရှောက်ဖို့ မင်းကို
ငါ အားကိုးမယ်။" ကျဲဝါလေ့က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ရှောင်ဖေးအမည်ရသော လူလတ်ပိုင်းအရွယ် အမျိုးသား၏အမူအရာ အနည်းငယ်ပျက်သွားပြီး “အစ်ကိုကျဲ … ကျေးဇူးပြုပြီး ငါတို့ကို လိုက်ခွင့်ပြုပါ။ ငါတို့က ညီအစ်ကိုတွေပဲ … သေလည်း အတူတူ သေကြမယ်။"
“ဟုတ်တယ် အစ်ကိုကြီး။” တာ့ဖေးကလည်း အလျင်စလို သံယောင်လိုက်သည်။
“အစ်ကိုကြီးက ငါတို့ရဲ့ အသက်တွေကို အတိတ်မှာ ကယ်တင်ခဲ့တာ။ အန္တရာယ်တွေ ကြုံလာမှ ငါတို့ ဘယ်လိုလုပ် အဝေးကို သွားနိုင်ပါ့မလဲ။”
ကျဲဝါလေ့က ဖျစ်ညှစ်ပြုံးကာ ထိုနှစ်ယောက်၏ပုခုံးကို ပုတ်လိုက်သည်။ သို့သော် သူ၏မျက်နှာသည် လျင်မြန်စွာ ပိုမိုတည်တံ့သွားကာ
“မလုပ်နဲ့။ စိတ်ပူစရာကိစ္စတွေကို ငါပဲ ကိုင်တွယ်ပါရစေ။ ငါ့မိသားစုကို ပြုစုစောင့်ရှောက်ဖို့ တစ်ယောက်ယောက် ရှိနေမယ်ဆိုတာ ငါ သိရင် စိတ်အေးအေးထားပြီး ငါ လုပ်နိုင်တယ်။ မင်းတို့လေးယောက်က ငါ့ရဲ့ အရင်းနှီးဆုံး ညီအစ်ကိုတွေ။ သူတို့နှစ်ယောက်က အိမ်ထောင်ပြုဖို့ ဆန္ဒမရှိတဲ့အတွက် သူတို့ကို စိတ်ပူစရာမရှိပေမယ့် မင်းတို့နှစ်ယောက်စလုံးက ကိုယ်ပိုင်မိသားစုရှိလို့ ငါ ထားခဲ့ရမယ်။ မငြင်းနဲ့ … ခေါင်းမမာနဲ့ ငါ့စိတ်ထဲ ဆုံးဖြတ်ပြီးသား။"
ထိုစကားပြောပြီးနောက် ကျဲဝါလေ့သည် သူ၏ဖုန်းကို အမြန်ထုတ်ကာ မက်ဆေ့ချ်တို အနည်းငယ်ကို ရိုက်နှိပ်ကာ ပို့ပြီးနောက် အခြားလူနှစ်ယောက်နှင့်အတူ အမှောင်ညထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ဂရုစိုက်ပါ အစ်ကိုကျဲ။ (ဂရုစိုက်ပါ အစ်ကိုကြီး။)” ရှောင်ဖေးနှင့် တာ့ဖေးက တစ်ပြိုင်နက် အော်လိုက်သည်။
ညသန်းခေါင်တွင် တောင်တက်ရခြင်းသည် သာမန်လူများအတွက် လွန်စွာ အန္တရာယ်များပေသည်။ သို့သော် ကျဲဝါလေ့နှင့် ညီအစ်ကိုနှစ်ယောက်မှာမူ တောင်တက်လမ်းများအား မကြာခဏ ခြေလျင်တက်ကြသည့်အပြင် အရမ်းသန်မာသောကြောင့် သူတို့အတွက် ပြဿနာ မရှိပါချေ။ သည်တစ်ခေါက် သူတို့ အလျင်စလို ထွက်လာရသည့်အတွက် အဝတ်အစား အနည်းငယ်၊ ဘီစကွတ်နှင့် ရေအနည်းငယ်တို့သာ ယူလာနိုင်သောကြောင့် လမ်းခရီးအတွက် လေးလံသော ဝန်ထုပ်ဝန်ပိုး မရှိခဲ့ပါချေ။
လုံကွမ်ရွှံ့ညွန်စိမ့်မြေ…
အကန့်အသတ်မရှိ ကြီးမားကျယ်ပြောသော ကောင်းကင်ယံထက်တွင် ကြယ်များစွာ လင်းလက်နေပြီး အချို့နေရာများတွင် လင်းထိန်တောက်ပလျက် ရှိသည်။ တောင်စောင်းဂူအဝင်ဝရှိ မြေပြန့်တွင် မီးဖိုကြီးတစ်လုံး ရှိပြီး အသားများကင်ထားသည်။ ထာဝရခန်းမမှ ကျွမ်းကျင်သူနှစ်ဦးသည် တောက်လောင်နေသော မီးပုံရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ ၎င်းတို့၏ ကျင့်ကြံမှုဆိုင်ရာ ပြဿနာအချို့ကို ဆွေးနွေးနေကြသည်။
ထိုသူတို့နှင့်နှစ်ကီလိုမီတာခန့်ဝေးသော တစ်ဖက်ခြမ်းရှိ တောင်ထွတ်တွင် တာအိုချင်းကွမ်သည် သရဲတစ္ဆေအလား သစ်ပင်ကြီးတစ်ပင်အောက်တွင် ဆိတ်ငြိမ်စွာ ထိုင်နေပြီး မီးဖိုအနား ထိုင်နေကြသော ထာဝရခန်းမ၏ ကျွမ်းကျင်သူနှစ်ဦးကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူ၏လက်ရှိအမြင်အာရုံဖြင့် ညဘက်များမှာပင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။
ထန်ရှုက ကောင်းကင်ဖောက်ထွင်းလှံအား ယူဆောင်သွားသောကြောင့် ကျင်းစီကျဲသည် သူ သည်နေရာသို့ မလာမီ ထူးဆန်းသောတံခါးများမှ လူများကို လွန်ခဲ့သည့်ရက်ပိုင်းက လက်နက်တစ်ခုရှာရန် အမိန့်ပေးခဲ့သည်။ ထိုလက်နက်သည် သာမန်လှံ တစ်ချောင်းပင် ဖြစ်သော်လည်း အလေးချိန် ပေါင်တစ်ရာကျော် ရှိသည်။ ယခုအချိန်တွင် သူသည် ထိုလှံရှည်ကို ကိုင်ဆောင်ထားပြီး တာအိုချင်းကွမ်အနားတွင် လှံတစ်ချောင်းအလား ဖြောင့်တန်းစွာ ရပ်နေသည်။
"ဆရာသခင် … ကျွန်တော်တို့တွေ သူတို့ကို ဘာလို့ စောစော မရှင်းတာလဲ။ စုံစမ်းတဲ့သတင်းရလာပြီး ထန်ကောင်စုတ်နောက်ကွယ်မှာ ကြီးမားတဲ့ အင်အားတစ်ခု ရှိနေတယ်ဆိုရင်တောင် ဘယ်သူကမှ ဒါကို သိမှာမဟုတ်ပါဘူး။” ကျင်းစီကျဲ၏ရင်တွင်း၌ အတန်ပင် စိတ်အနှောင့်အယှက်ဖြစ်နေပြီး သုန်မှုန်နေသည်။ နောက်ဆုံးတိုက်ပွဲသည် သူ့အား လုံး၀ ရှုံးနိမ့်မှုကို ဖြစ်စေခဲ့ပြီး အလွန်ပြင်းထန်သော ဆုံးရှုံးမှုအဖြစ် ရင်ဆိုင်ခဲ့ရသဖြင့် မျက်နှာပျက်ခဲ့ရသည်။ ထို့ကြောင့် သူသည် ၎င်းတို့ကိုသတ်ခြင်းဖြင့် ထိုဆုံးရှုံးမှုအား ပယ်ဖျောက်ချင်နေသည်။
“သူတို့ကို အခု သတ်တာနဲ့ နောက်မှ သတ်တာ ဘာမှ မထူးခြားဘူး။” တာအိုချင်းကွမ်က ခံစားချက်မဲ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။
"ခဏစောင့်လိုက်ပါ။ သတင်းက မကြာခင် လာတော့မှာပဲ။”
"သူတို့ကို အခုပဲ သတ်သတ် နောက်ပိုင်းမှာ သတ်သတ် အတူတူပဲလို့ ပြောတယ်။ ဒါဆို ဘာလို့ စောင့်နေရတာလဲ။ သူတို့ကို အခုသတ်လိုက်ရင် ကျွန်တော်တို့ အင်မော်တယ်စံအိမ်ကို သွားပြီး အင်မော်တယ် ရတနာသိုက်ကို ဖွင့်ဖို့ နည်းလမ်းရှာနိုင်တယ်လေ။ မဟုတ်ရင် ထန်မျိုးရိုးကောင်က သတိထားမိပြီး ကျွမ်းကျင်သူတွေ အများကြီးနဲ့ ပြန်လာခဲ့ရင် ကျွန်တော်တို့မှာ အခွင့်အရေး မရှိတော့ဘူး မဟုတ်လား။"
"သတင်းတွေ မရသေးခင် ငါတို့ ဒီလူတွေကို သတ်ပြီး ဂူထဲကို သွားလိုက်ရင် ထန်ရှု ဒီကို ပြန်ရောက်လာပြီး ဂူထဲက ငါတို့ကို ဝိုင်းထားမယ်ဆို ငါတို့ ဘာလုပ်သင့်လဲ။"
တာအိုချင်းကွမ်က အပြုံးဖြင့် မှတ်ချက်ပေးသည်။
အာ ... ကျင်းစီကျဲ ပြောစရာစကားမဲ့သွားရသည်။
“ဒါကြောင့် စိတ်မရှည်တာတို့၊ စိတ်လှုပ်ရှားတာတို့ ဖြစ်နေဖို့ မလိုပါဘူး။"
တာအိုချင်းကွမ်မှ ဆက်ပြောသည်။
“အစီအစဉ်တစ်ခု ချမှတ်ပြီးမှ ရှေ့ဆက်ဖို့ လုပ်ဆောင်ပါ။ ဒါမှပဲ မင်း အသက်ပိုရှည်နိုင်လိမ့်မယ်။ ဟိုတုန်းက ဒီအမှန်တရားကို ငါ နားလည်ခဲ့ရင် မျက်မမြင်အိုကြီးက ငါ့ကို လုပ်နိုင်မှာ မဟုတ်ဘူး…”
"ဒါဆို ဒီမျက်မမြင်အိုကြီးငါ့ရဲ့ထောင်ချောက်မှာ နင် နှစ်ပေါင်းများစွာ ပိတ်မိနေမှာ မဟုတ်ဘူးပေါ့ ဒီလိုလား။" တိုက်ခတ်လာသော လေအေးနှင့်အတူ အိုမင်းသောအသံတစ်ခုသည် တာအိုချင်းကွမ်နှင့် ကျင်းစီကျဲ၏ နားထဲသို့ လွင့်ပျံ့လာသည်။
တာအိုချင်းကွမ်နှင့် ကျင်းစီကျဲတို့၏မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားပြီး အထူးသဖြင့် တာအိုချင်းကွမ်သည် လေထဲသို့ တိုက်ရိုက် ပျံတက်သွားသည်။ သူသည် ပတ်ဝန်းကျင်အား သတိဖြင့် ကြည့်လိုက်ကာ သူ၏အေးစက်ကာ မာတင်းနေသောအသံသည် ဆောင်းလေအေးနှင့်အတူ လွင့်ပျံလာသည်။
"မျက်မမြင်အိုကြီး … မင်း ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။"
ဆရာတပည့်နှစ်ယောက်၏အရှေ့တွင် ဆံပင်ဖရိုဖရဲနှင့် စုတ်ပြဲနေသောအဝတ်အစားများဝတ်ထားသော မျက်မမြင်အဘွားကြီးသည် လေထဲသို့ ဖြည်းညှင်းစွာ တစ်လှမ်းချင်း တိုးဝင်လာသည်။ သူမ၏ခြေရာတစ်ခုစီသည် လေထုထဲတွင် လှိုင်းဂယက်များနှင့် တုန်လှုပ်ချောက်ချားမှု အငွေ့အသက်ကို ဖန်တီးစေသည်။
"ချင်းကွမ် … နင် အဲ့ဒီကြမ်းတမ်းတဲ့ ယင်မြေပြင်ကနေ တကယ်လွတ်မြောက်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ကံကောင်းထောက်မလို့ ဒီမျက်မမြင်အိုကြီးက အဲ့ဒီကလေးနဲ့ မလိုက်သွားခဲ့မိလို့သာပေါ့။ နို့မဟုတ်ရင် နင်က ဒီဒေသမှာ နှလုံးသားမဲ့ ဘေးဆိုးတစ်ခုကို ဖန်တီးထားပြီးဖြစ်လိမ့်မယ်။"
တာအိုချင်းကွမ်၏မျက်လုံးများသည် သွေးရောင် လွှမ်းနေပြီး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သူ့ပတ်ဝန်းကျင်လေထုထဲတွင် တုန်လှုပ်ချောက်ချားစရာ အော်ရာအား ကျောစိမ့်လောက်အောင် ဖန်တီးထားသည်။ ကျင်းစီကျဲသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားရှိသော်လည်း ထိုသတ်ဖြတ်လိုသည့်အော်ရာ၏ဖိအားကြောင့် မီတာများစွာ လွင့်ထွက်သွားကာ အရောင်ဖျော့သော မျက်နှာဖြင့် ခြေစုံကန် ရပ်လိုက်ရသည်။
တာအိုချင်းကွမ်က မျက်မမြင်အဘွားကြီးကို စိုက်ကြည့်ရင်း "မင်းတောင်မှ မသေသေးတာ ငါသေဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ မျက်မမြင်အိုကြီး…။"
မျက်မမြင်အိုကြီးက မသိမသာ သက်ပြင်းကို ချလိုက်သည်။ သူမသည် အမြင့်မှ ပျံဝဲလာပြီး ဆယ်မီတာအကွာမှ တာအိုချင်းကွမ်၏အရှေ့တွင် ရပ်ပြီးနောက် ခေါင်းယမ်းလိုက်ကာ
"အဲ့ဒီတုန်းက ငါ့စိတ်အရမ်းပျော့ညံ့သွားပုံရတယ်။ ကြမ်းတမ်းတဲ့ ယင်မြေပြင်မှာ မီးမွှေးပြီး မင်းကို အရှင်လတ်လတ် မီးရှို့သင့်ခဲ့တာ။ ငါ ပျော့ညံ့သွားတယ် … အခုတော့ ငါ တကယ် ထွက်လာရပြီး ငါ့ခွန်အားကို ဖြုန်းတီးရတော့မယ်။”
“မျက်မမြင်အိုကြီး … မင်းရဲ့အဖေက ငါ့ရဲ့အလုပ်ကောင်းကို လုယူဖျက်ဆီးတဲ့အတွက် မင်းမိသားစုကို အတိတ်မှာ သတ်ခဲ့တယ်။” တာအိုချင်းကွမ်က မထီတထီ ပြောလိုက်သည်။ “မင်း ငါ့ကို အနှစ် ၆၀လောက် ပိတ်ထားခဲ့တဲ့အတွက် ငါ့ရဲ့ ကျင့်ကြံမှု ကျဆင်းသွားသလို ငါ့ရဲ့ ဧကရာဇ် နဂါးမြေပုံလည်း ပျက်စီးသွားတယ်။ ငါတို့ရဲ့ရန်ငြိုးတွေကို ရှင်းပစ်ဖို့ ဒီလောက်နဲ့ မလုံလောက်ဘူးလား။"
“အစကတော့ ငါ စိတ်ကူးထားတယ်။” မျက်မမြင်အိုကြီးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ဒါပေမယ့် နင်က ငါ့ရဲ့ကျန်တဲ့နှစ်တွေကို သက်တောင့်သက်သာနဲ့ မကုန်ဆုံးစေချင်ဘူးလို့ ဘယ်သူက ထင်မှာလဲ။ ဟိုကလေးလေးယောက်က အဲ့ဒီကလေးရဲ့လူတွေဆိုတော့ သူတို့ သေလို့မရဘူး။ ငါ့အရုပ်ကလေးကိုလည်း မသေစေရဘူး။ ဒါကြောင့် နင့်ရဲ့မကောင်းတဲ့ အကြံအစည်တွေကို မစွန့်လွှတ်ရင် ငါ လှုပ်ရှားရမှာပဲ။”
“မင်းက ဒီအရုပ်ကလေးပဲ ဖြစ်ဖြစ်၊ ဟိုကလေးပဲ ဖြစ်ဖြစ်ဆိုပြီး အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ပြောနေတာပဲ။ အဲ့ဒီကလေးက ဘယ်သူလဲ။" တာအိုချင်းကွမ်က ဘာသိဘာသာဖြင့် မေးလာသည်။
"နင် သိပြီးသားကို မေးမနေနဲ့။" မျက်မမြင်အိုကြီးက ခပ်ဆတ်ဆတ် ပြောလိုက်သည်။
"နင် ငါ့ရှေ့မှာ မိုက်မဲပြီး အရူးအမူး လုပ်ဆောင်ဖို့ လိုသေးလား။"
"ထန်ရှုလား။" တာအိုချင်းကွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သူ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ။" မျက်မမြင်အိုကြီးက တီးတိုးဆိုလိုက်သည်။ “အဲ့ဒီကလေးက ဒီမျက်မမြင်အိုကြီးကို အသက်ကြီးလာရင် သက်တောင့်သက်သာခံစားနိုင်ဖို့ နေရာတစ်ခုကို လုံခြုံစေရမယ်လို့ ကတိပေးခဲ့ပြီး ဒီမျက်မမြင်အိုကြီးကလည်း သူကနေတဆင့် နတ်ဘုရား ဖြစ်လာခြင်းဆိုတဲ့ ငါ့ရဲ့မူပိုင်လျှိုဝှက်ဆန်းကြယ်မှုကို ရှာဖွေချင်တာလေ။ မင်းက သူ့ကို လုပ်ကြံဖို့ ကြံစည်နေတာက ငါ့ကို လုပ်ကြံနေတာနဲ့ အတူတူပဲ။”
"ထန်မျိုးရိုးကောင်လေးရဲ့ဂုဏ်ပုဒ်က ဘာလဲ။ မင်းက သူ့ကို ဘာလို့ စိတ်ပူနေရတာလဲ။" တာအိုချင်းကွမ်က မှုန်ကုပ်ကုပ် မေးလိုက်သည်။
“ငါ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ငါ သူ့ကို သေသေချာချာ နားမလည်နိုင်ဘူး။" မျက်မမြင်အိုကြီးက ခေါင်းယမ်းသည်။
"ဘာ…"
တာအိုချင်းကွမ်၏မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ သူသည်လည်း ဗေဒင်ပညာရပ်နှင့် တွက်ချက်မှုတွင် ကျွမ်းကျင်သော်လည်း ၎င်းသည် မျက်မမြင်အိုကြီး၏ဖခင်ထံမှ သူ လုယူခဲ့သော ကောင်းကင်လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။ အချိန်အတော်ကြာ စေ့စေ့စပ်စပ်လေ့လာပြီးမှသာ နောက်ဆုံးတွင် တံခါးဝကို ခဏလောက် ဝိုးတဝါးဖြင့် လှမ်းမြင်နိုင်ခဲ့သည်။ သည်ကိစ္စနှင့် ပတ်သက်ပြီး သူက သည်မျက်မမြင်အဘွားအိုထက် အများကြီး ပိုသာသည်ဟု သူ ထင်ခဲ့သည်။ ထန်မျိုးရိုးကောင်အား သူ့ကိုယ်တိုင် မတွက်ချက်နိုင်သလို သူမလည်း ၎င်းကို မတွက်ချက်နိုင်ဟုဆိုပေရာ ၎င်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။
***