← Chapters

ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲ

Vol. 49 Ch. 675

ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲ

Vol. 49 Ch. 675

မျက်မမြင်အဘွားအိုကို ကြည့်ပြီး တာအိုချင်းကွမ်၏ မျက်နှာထက်တွင် သံသယနှင့် စိုးရိမ်သောကရိပ်များ ထင်ဟပ်နေသည်။ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် သူက အသံကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ဆီမှ အရှိန်အဟုန်တစ်ခု ထွက်ပေါ်လာသည်။ သူက ပြတ်သားသော အသံဖြင့် မျက်မမြင်အဘွားအိုကို လှောင်ပြောင်လိုက်သည်။

“မျက်မမြင်အိုကြီး … မင်းက နက်နဲတဲ့အရာတွေကို သင်ယူနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဒီခေတ်မှာ ကောင်းကင်ရဲ့အမိန့်၊ ကံကြမ္မာ ဒါမှမဟုတ် ကံအကြောင်းတွေရဲ့ လုပ်ပိုင်ခွင့်က အခု ဘယ်နေရာမှာ ရှိလို့လဲ။ မင်း ငါ့ကို အရူးလုပ်နေသလိုပဲ။"

မျက်မြင်အိုကြီးသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး တာအိုချင်းကွမ်ကို သနားကြည့်ဖြင့် ကြည့်မိသည်။ထို့နောက် သူမ၏ ဝတ်စုံအောက်မှ ရွှေရောင်လက်အိတ်တစ်စုံကို ဖြည်းညှင်းစွာထုတ်ကာ လျှပ်စီးလက်သလို အမြန်ဝတ်လိုက်သည်။ တာအိုချင်းကွမ်၏မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားပြီး ထိုအရာပေါ်တွင် ကြောက်ရွံ့နေသည်။

လကို ဖမ်းကာ ကြယ်များ ခူးဆွတ်ခြင်း…

၎င်းသည် မျက်မမြင်အဘွားအို၏လက်ထဲရှိ အပြင်းထန်ဆုံး ဝှက်ဖဲဖြစ်သည်။ တစ်ချိန်က သူမသည် သူ့အား ဤနည်းပညာဖြင့် ဖိနှိပ်ခဲ့ပြီး ကြမ်းတမ်းသော ယင်မြေပြင်တွင် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သောကြောင့် သူ၏ဝိညာဉ်မှာ ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။

တာအိုချင်းကွမ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူက ဗုံတိုလေးကို ဆုပ်ကိုင်ထားရင်း အေးစက်စက်လေသံဖြင့် စကားဆိုလိုက်သည်။

“မျက်မမြင်အိုကြီး … ကြည့်ရတာ မင်းက အဲ့ဒီကောင်စုတ်လေးရဲ့လက်ကိုင်ခွေး ဖြစ်ချင်တာပေါ့ ဟုတ်လား။”

မျက်မမြင်အဘွားအိုသည် သူမ၏လက်များကို ညင်သာစွာ ဖြန့်လိုက်ပြီး လက်ထဲတွင် ရှိသော လမ်းလျှောက်တုတ်ကို အမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်ကာ လေနှင့်အတူ ဖြန့်ကျဲလိုက်ရင်း တည်ငြိမ်စွာဖြင့်

“ဒီမျက်မမြင်အိုကြီးအတွက် ခိုလှုံစရာနေရာ ပေးနိုင်ရင်၊ ငါ့အတွက် အောင်မြင်မှုတစ်ခုရဖို့ အခွင့်အလမ်းတစ်ခု သူ ပေးနိုင်ရင် သူ့ရဲ့လက်ကိုင်ခွေး ဖြစ်လာရတာ ဘာပြဿနာ ရှိလို့လဲ။ နှစ်ရာနဲ့ချီ ဖြတ်သန်းခဲ့ပေမယ့် ဘယ်လိုမှ မမြင်နိုင်သလို ဘာမှ ထပ်ပြီး မဖြတ်သန်းနိုင်တော့ဘူး။"

"မင်း သေဖို့သာပြင်တော့။"

တာအိုချင်းကွမ်၏လက်ထဲတွင် ရှိသော ဗုံတိုလေးသည် ချက်ချင်း ပျံဝဲသွားပြီး ဗုံတို၏အရိပ်သည် သူ၏ဦးခေါင်းထက်တွင် ရစ်ဝဲနေသည်။ ဗုံသံထွက်လာသည်နှင့် အသံလှိုင်းသည် ဒီရေလှိုင်းသဖွယ် တလိမ့်လိမ့်တက်လာပြီး မျက်မမြင်အဘွားအိုဆီသို့ တိုးဝင်လာသည်။

“ကောင်းကင်လျှို့ဝှက်ချက်များ … လကို ဖမ်းကာ ကြယ်များ ခူးဆွတ်ခြင်း …”

မျက်မမြင်အဘွားအို၏ဖရိုဖရဲဖြစ်နေသော အဖြူရောင်ဆံပင်များသည် ရုတ်တရက် ထောင်မတ်လာပြီး သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်လက်အိတ်ထဲမှ တောက်ပသော အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ သေးငယ်သော ဂြိုဟ်ပုံသဏ္ဍာန် ခြောက်ခုသည် ၎င်းတို့ကို ဆင့်ခေါ်လိုက်သည့်အလား ကောင်းကင်၌ ပေါ်လာသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂြိုလ်ပုံစံငယ်များ ပြိုကျလာသည်။

"ချီးပဲ…။ ခြောက်ရောင်ကြယ်အစီအရင်ကို လေ့ကျင့်ရာမှာ မင်း တကယ် အောင်မြင်ခဲ့တာပဲ။"

တာအိုချင်းကွမ် တစ်ချက်ဆဲလိုက်မိသည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ထက်မှ တည့်တည့် တက်လာပြီး ဗုံတိုရိပ်လွှာများစွာအား ဂြိုဟ်ရုပ်ပုံငယ်ခြောက်ခုနှင့် တိုက်မိစေရန် လုပ်ဆောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဝတ်ရုံလက်ထဲမှ ချွန်ထက်သော ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ကာ သွေးများထွက်စေရန် သူ့နဖူးကို ထိုးဖောက်ပြီးနောက် ဗုံတိုရိပ်လွှာထဲသို့ လျင်မြန်စွာ သွေးများ ပစ်သွင်းလိုက်သည်။

ဗုံတိုရိပ်လွှာများသည် ချက်ခြင်းဆိုသလိုပင် ရုတ်ခြည်း မြင့်တက်လာပြီး အလွှာတိုင်းတွင် သွေးအလွှာတစ်ခုစီ ထွက်ပေါ်လာသည်။ နေရာအရပ်ရပ်မှ ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်ချီသည် ပြင်းထန်စွာ ဆွဲဆောင်ခံနေဟန်ရှိပြီး ဗုံတိုအရိပ်များထဲသို့ အဆက်မပြတ် စိမ့်ဝင်နေဟန်ရသည်။

“ပေါက်ကွဲလိုက်စမ်း…”

စိတ်အားတက်ကြွနေသော မျက်နှာဖြင့် တာအိုချင်းကွမ်က မာန်သွင်းအော်ဟစ်လိုက်ကာ သူ့လက်ထဲတွင် ဓားမြှောင်ကို ပို၍ပင် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

ဘုန်း...

ဗုံတိုအရိပ်များနှင့် ဂြိုဟ်ပုံစံငယ်များ တိုက်မိရာမှ နားပင်းမတတ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဒီလှိုင်းလို လေလှိုင်းများသည် အရပ်ရပ်သို့ ရိုက်ခတ်သွားသည်။ တာအိုချင်းကွမ်၏အနောက်မှ မြင့်မားသော သစ်ပင်ကြီးတစ်ပင်သည် လေလှိုင်းရိုက်ခတ်မှုကြောင့် အမြစ်မှ ကျွတ်ထွက်ပြီး မီတာရာနှင့်ချီအကွာသို့ လွင့်စဉ်သွားသည်။

ဆန့်ကျင်ဘက် တောင်ထိပ်တွင်…

ထာဝရခန်းမ၏ကျွမ်းကျင်သူနှစ်ဦးသည် ချက်ချင်း ထလိုက်ပြီး ၎င်းတို့၏ဓားပျံများကို ချက်ချင်းပင် အသင့်ပြင်ထားကြသည်။ သူတို့သည် တည်ကြည်သော အမူအရာများဖြင့် တာအိုချင်းကွမ်နှင့် မျက်မမြင်အဘွားအိုတို့ကြား ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲဆီသို့ အေးစက်စွာ ကြည့်နေကြပြီး ထိုတိုက်ပွဲမှ ပြင်းထန်သော လှိုင်းအားသည် ၎င်းတို့ဆီသို့ပင် ရောက်ရှိလာသည်ဟု ခံစားမိကြသည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်မိကြပြီး တစ်ယောက်စီ၏မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့နေမှုကို မြင်နိုင်ပေသည်။

၎င်းတို့သည် လက်ရှိတွင် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ချိုးဖြတ်နိုင်မည့်လူများ ဖြစ်သော်လည်း ထိုကဲ့သို့သော အင်အားကြီးသော လူများအကြား ဖြစ်ပွားသော ပြင်းထန်သည့် တိုက်ပွဲများက သူတို့အား ရင်တုန်ပန်းတုန် ဖြစ်စေသည်။ သူတို့သည် မရေမတွက်နိုင်သော အသက်အန္တရာယ်များနှင့် စွန့်စားမှုများအား အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ယခု ပြင်းထန်စွာ တိုက်ခိုက်နေကြသော အင်အားကြီးသူများနှင့် သူတို့၏ခွန်အားများအကြား လုံးဝကွာဟမှုကို လွန်စွာ ခံစားသိနိုင်ကြပေသည်။

"သူတို့ကို ငါ မသိဘူး။" ထာဝရခန်းမ၏ကျွမ်းကျင်ပညာရှင်တစ်ဦးက မှန်ပြောင်းကို ယူကာ ထိုတိုက်ခိုက်နေကြသော လူနှစ်ဦး၏သွင်ပြင်ကို စောင့်ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။

ဝှစ်… ဝှစ်…

ဂူထဲက လူနှစ်ယောက်သည် လျှပ်စီးအလင်းနှုန်းဖြင့် အမြန်ပြေးထွက်လာသည်။ အဖြစ်အပျက်ကို သိလိုက်သောအခါတွင် သူတို့ထဲမှ တစ်ဦးက ချက်ချင်းပင်

“သူတို့ ဘယ်သူပဲ ဖြစ်နေပါစေ ငါတို့အရင် ပုန်းနေကြရအောင်။ သူတို့ခွန်အားနဲ့ ငါတို့ကို ကိုင်တွယ်လိုက်ရင် ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ပြီးရင် ဒီမှာ ဘာဖြစ်နေလဲဆိုတာ သူဌေးကို ပြောပြဖို့ နည်းလမ်း ချက်ချင်း ရှာရမယ်။”

"နားလည်ပြီ။" ကျန်သုံးယောက်က ခေါင်းညိတ်ပြသည်။

သူတို့သည် လိုဏ်ဂူကို စောင့်ပြီး အင်မော်တယ် ရတနာသိုက်ကို ကာကွယ်ရန် အမိန့်ကို ရရှိထားသော်လည်း ယခုအချိန်သည် ရန်သူနှင့် သူတို့ကြား လုံးဝ အင်အားချင်းမမျှသော အခြေအနေ ဖြစ်နေသည်ကို ကောင်းစွာ နားလည်ကြသောကြောင့် မိမိတို့ကိုယ်ကို အချည်းနှီး အနစ်နာခံရန် မဖြစ်နိုင်ပေ။

"ဟဲဟဲ ... အခု မင်းတို့အားလုံးကို ငါ တွေ့ပြီးပြီဆိုတော့ ထွက်သွားဖို့ မစဉ်းစားကြနဲ့။"

လက်ထဲတွင် လှံရှည်တစ်ချောင်းကို ဆုပ်ကိုင်ထားသော ကျင်းစီကျဲသည် တစ္ဆေတစ်ကောင်အလား ထိုလေးယောက်၏အရှေ့တွင် ပေါ်လာသည်။ သူ၏ကျင့်ကြံမှုသည် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ရွှေအမြုတေအဆင့်သို့ ဖြတ်ကျော်ရန် ခြေလှမ်းဝက်သာ လိုတော့သည်။ သူသည် ထာဝရခန်းမမှ ဤလေးယောက်အား အလွယ်တကူ ငုံ့ကြည့်ရင်ဆိုင်နိုင်ပေသည်။

"ကျင်းစီကျဲ မင်းကိုး…"

ကျင်းရှီသည် ထာဝရခန်းမမှ ကျွမ်းကျင်သူ တစ်ယောက်၏အမည် ဖြစ်သည်။ သူ၏မျက်လုံးများက ကျင်းစီကျဲကို စူးစူးရဲရဲ စိုက်ကြည့်နေရင်း

"ငါတို့ သူဌေးက မင်းအသက်ကို ချမ်းသာပေးလိုက်တာတောင် မင်းက အင်မော်တယ်ရတနာသိုက်ကို မျက်စောင်းထိုးရဲဦးမယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ငါတို့ရဲ့ သူဌေးက အင်အားကြီးကြီးမားမားနဲ့ ပြန်လာပြီး မင်းတို့ကို အလုံးစုံ ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား။"

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဆိုရင်တော့ ငါ စိတ်ပူကောင်း စိတ်ပူရလိမ့်မယ်။ ဒါပေမယ့် အခု … ဟားဟားဟား။ မင်းတို့ သေရတော့မယ်။ မင်းတို့နဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ငါ ပြောဖို့ စိတ်မပါဘူး။ မိုက်မဲတဲ့သရဲတွေအဖြစ် သွားသေလိုက်တော့။”

ကျင်းစီကျံက လက်ထဲမှ လှံရှည်အား ကျင်းရှီ၏ဦးခေါင်းကို ထိုးစိုက်ရန် ချက်ချင်း ပစ်လွှတ်လိုက်သည်။ သူသည် ခွန်အား အားလုံးကို အသုံးမချခဲ့ဘဲ ၈၀%ထက် နည်းသော ပမာဏလောက်သာ အသုံးပြုခဲ့သော်လည်း ဤလူလေးယောက်သည် သူ၏တိုက်ကွက်ကို မရှောင်နိုင်ကြောင်း ယုံကြည်ချက်ရှိနေသည်။

“အစီအရင်…”

ကျင်းရှီသည် ထိုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတစ်ခုကို ရဲရဲဝံ့ဝံ့ တောင့်ခံနေချိန်တွင် ကျန်သုံးဦးသည် လှုပ်ရှားနေပြီဖြစ်ပြီး ဓားလေးလက်အစီအရင် ချက်ချင်း ဖြစ်ပေါ်လာသည်။ ဓားရှည်လေးစင်းသည် စက်ဝိုင်းတစ်ခုအတွင်း ပျံတက်သွားပြီး ကျင်းစီကျဲ၏သာမန်လှံရှည်ကို ရိုက်ချိုးပစ်လိုက်သည်။ ကျင်းရှီတို့လေးယောက်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် လျင်မြန်သော တိုက်ပွဲ အလှည့်အပြောင်း ဖြစ်လာပြီး ကျင်းစီကျဲသည် အလယ်တွင် ဝိုင်းရံခံလိုက်ရသည်။

"ဘာ … မဖြစ်နိုင်ဘူး။"

ကျင်းစီကျဲ အကြီးအကျယ် မျက်နှာပျက်သွားပြီး မယုံကြည်နိုင်ဟန်များ ဖြစ်ပေါ်လာသည်။ သူသည် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်တွင် ရောက်ရှိနေသူဖြစ်သည်။ သူ အသုံးပြုသော လက်နက်သည် မှော်ရတနာ မဟုတ်သည့်တိုင် ထိုကဲ့သို့ ချက်ချင်း ဖျက်စီးခံရရန် မဖြစ်နိုင်ပေ။

…ဒီဓားအစီအရင် …  ချီးတဲ့မှ … ဒီလေးယောက်ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို မမျှော်လင့်ဘဲ ရောက်နေကြတယ်ဟ…

ကျင်းစီကျဲ ဆဲလိုက်မိတော့သည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသည့်တိုင် ကြောက်လန့်ဖွယ်ကောင်းသော လက်နက်မပါရှိပါက သောက်ကျိုးတွေ နည်းကုန်ပေလိမ့်မည်။ လျင်မြန်သော တိုက်ပွဲ အရွှေ့အပြောင်းဖြင့် သူ့ဆီသို့ ကျရောက်လာသော ဓားရိပ်အား သူ၏စစ်မှန်သော အနှစ်သာရကို ဖောက်ထုတ်ပြီး လက်သီးအလင်းတစ်ခုကို ဖန်တီးကာ ချိုးဖျက်လိုက်ရသည်။

ဘုန်း...

ဓားအစီအရင် ကျိုးပျက်သွားပြီး ကျင်းစီကျဲနှင့် ကျင်းရှီတို့လေးယောက်အဖွဲ့ တစ်ပြိုင်နက်တည်း နောက်ပြန်လွင့်သွားကာ သွေးများ ကိုယ်စီ အန်လိုက်ကြရသည်။  သူတို့ ဖန်တီးသော ဓားအစီအရင်နှင့် ကျင်းစီကျဲ၏ လက်သီးအားသည် စွမ်းအားညီမျှနေသော်လည်း ကျင်းစီကျဲ၏ ပေါက်ကွဲအားကို မခံနိုင်ကြသေးပေ။ သို့သော်လည်း စိတ်ဆင်းရဲစရာ အကောင်းဆုံး အဆုံးသတ်မှာ သူတို့မဟုတ်ဘဲ ကျင်းစီကျဲ ဖြစ်နေပေသည်။ လောလောဆယ်တွင် သူ၏လက်သီးဖြင့် ဓားအစီအရင်အား တိုက်ရိုက်ချိုးဖျက်ခြင်း ဖြစ်ပေရာ ၎င်း၏လက်သည်လည်း ကြေမွသွားပြီး ညာလက်မောင်းတစ်ခုလုံး၏တစ်ဝက်သာ ကျန်တော့သည်။

ဓားပုံရိပ်များသည် ကျင်းစီကျဲ၏ခန္ဓာကိုယ်ပေါ်တွင် စုတ်ပြဲနေသော ဒဏ်ရာများအား ချန်ထားခဲ့သဖြင့် ချက်ချင်းပင် သူ့ကို သွေးချင်းချင်းနီသွားစေသည်။

“မဖြစ်နိုင်ဘူး…။”

ကျင်းစီကျဲ၏ပါးစပ်မှ ဝမ်းနည်းကြေကွဲစွာ အော်လိုက်တော့သည်။ လေထဲတွင် ပျံဝဲရင်း ကျိုးနေသည့် သူ၏လက်မောင်းကို မယုံကြည်နိုင်စွာ ကြည့်ရင်း သူသည် မီတာရာနှင့်ချီကာ အဝေးသို့  ပြန်ဆုတ်သွားခဲ့သည်။ ဓားအစီအရင်သည် မည်သည့်အတွက်ကြောင့် သူ၏ခံစစ်ကို ချိုးဖျက်နိုင်ပြီး ထိုကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်အား ဖြစ်စေသည်ကို သူ အဖြေမရှာနိုင်ပေ။ ဓားရှည်အားလုံးက မှော်လက်နက်များဆိုပါလျှင်တောင် အဲ့ဒီလောက်တော့ လုပ်နိုင်မှာ မဟုတ်ဘူးမလား။

ကျင်းရှီတို့လေးယောက်အဖွဲ့သည် တခဏချင်း ပြန်လည် စုရုံးလာသည်။ သူတို့၏မျက်နှာများသည် ဖြူဖျော့နေပြီး ခန္ဓာကိုယ်အတွင်းထဲတွင် သွေးများ စိမ့်ယိုနေသည်။ သို့သော်လည်း သူတို့သည် သတ်ဖြတ်လိုစိတ် ပြင်းထန်စွာဖြင့် ကျင်းစီကျဲကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

ဟိုးအဝေးတွင်…

မျက်မမြင်အဘွားအိုနှင့် တိုက်ခိုက်နေခဲ့သော တာအိုချင်းကွမ်သည် ကျင်းစီကျဲနှင့် ကျင်းရှီတို့လေးယောက်အဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲကို လုံးဝ ဂရုမစိုက်ပေ။ ကျင်းရှီတို့လေးယောက်အား အရည်အချင်းများစွာ မရှိဘဲ သည်နေရာကို စောင့်ရှောက်နေသော ကလေးများဟု သဘောထားသောကြောင့် ကျင်းစီကျဲက သူတို့ကို သတ်ရန် အရမ်းရိုးရှင်းပြီး လွယ်ကူလိမ့်မည်ဟု တွက်ဆထားသည်။

သို့သော်လည်း ကျင်းစီကျဲထံမှ ဆိုးဆိုးရွားရွား အော်သံကို ကြားလိုက်ရသောအခါ ဖျတ်ကနဲ လှမ်းကြည့်မိလိုက်သည်။ သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်ဟန်များနှင့်အတူ မျက်နှာ ကွက်ကနဲ ပျက်သွားသည်။ လက်ရှိတွင် သူ့တပည့်၏ ကျင့်ကြံမှု အခြေအနေကို ကောင်းစွာ သူ သိထားပြီး အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်တွင် ရှိသော သူ၏တပည့်သည် ထိုပုရွက်ဆိတ်လေး လေးကောင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရသွားလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သည်အရာသည် ကြေကွဲစရာတစ်ခု ဖြစ်လာခဲ့သည်။

ဘန်း...

တာအိုချင်းကွမ် အာရုံပျံ့လွင့်သွားချိန်တွင် မျက်မမြင်အဘွားအိုသည် ပိုးရွှေချည်မျှင်ကို ချက်ချင်းထုတ်လွှတ်လိုက်သောကြောင့် သူ့အား ချည်နှောင်လုနီးပါးပင် ဖြစ်ခဲ့သည်။

"ချီးတဲ့မှ …  ခွေးမ … မင်းက သေခြင်းကို ရှာနေတာဆိုတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။”

တာအိုချင်းကွမ်၏အရက်စက်ဆုံးအခြမ်းသည် နှိုးထလာခဲ့ချေပြီ။ မျက်မမြင်အဘွားအို၏ လကိုဖမ်းကာ ကြယ်ခူးဆွတ်ခြင်းပညာရပ်ကို တိုက်ဖျက်သည့် နည်းစနစ်ကို သုံးပါက သူ့တွင် မကောင်းကျိုး ရှိနိုင်သော်လည်း ၎င်းကို သူ ဂရုမစိုက်တော့ချေ။ ကြီးမားသော အရိပ်သုံးခုသည် သူနှင့်ချက်ချင်း ကွဲကွာသွားပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ရွှေအမြုတေကို ထုတ်လွှတ်လိုက်သည်။

နောက်ဆုံးတစ်ခေါက်က မျက်မမြင်အဘွားအို၏ ထောင်ချောက်တွင် သူ ပိတ်မိသွားခြင်းမှာ သူ၏ပေါ့ဆမှုကြောင့်ဖြစ်ပြီး ၎င်း၏အဆုံးစွန်ဝှက်ဖဲကို ထုတ်ရန် နောက်ကျလွန်းသွားသောကြောင့် ဖိနှိပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်တွင် သူမကို နောက်ထပ်အခွင့်အရေး သူ မပေးနိုင်တော့ပေ။ သူမသည် သူ့ကို နှောင့်ယှက်ရန် ကြိုးစားနေဟန်ရပြီး သူကလည်း သူ့မှာ ရှိသော အရာအားလုံးကို ဖောက်ခွဲကာ သတ်ပစ်လိုက်နိုင်သည်။

အရိပ်သုံးခုသည် လမ်းကြောင်းသုံးခုခွဲကာ ပျံသန်းလာပြီး မျက်မမြင်အဘွားအိုကြီး၏ရှေ့သို့ လျှပ်တပြက်အတွင်း ချက်ချင်း ရောက်လာသည်။ တာအိုချင်းကွမ်၏ပတ်ဝန်းကျင်တွင် လွင့်မျောနေသော ဓားမြှောင်က ပိုးရွှေချည်မျှင်ကို ဖြတ်လိုက်ချိန်တွင် ပင်ပေါင်ဘောလုံးအရွယ် သူ၏ရွှေအမြုတေထံမှ တောက်ပသော အလင်းရောင်တစ်ခု ပေါက်ကွဲပြီး မျက်မမြင်အဘွားအို၏ရင်ဘတ်ကို ဗုန်းကနဲ ထိုးနှက်လာသည်။ ထို့နောက်တွင် အရိပ်သုံးခုက သူမအား လက်သီးချက်များ ထုတ်လွှတ်ကာ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

"ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေ … အမြဲပြောင်းလဲနေတဲ့ ခုနှစ်စဉ်ကြယ်တွေ…"

မျက်မမြင်အဘွားအိုသည် သူမ၏လက်ဆယ်ချောင်းကို ဖွင့်ကာ ရွှေရောင်လက်ချောင်းများကို လွှတ်ပြီး တာအိုချင်းကွမ်၏အရိပ်သုံးခုအား ချက်ချင်း ထိုးဖောက်လိုက်သည်။ စက္ကန့်ဝက်အကြာတွင် သူမသည် ချက်ခြင်း ပျောက်ကွယ်သွားပြီး မီတာရာနှင့်ချီအကွာတွင် ပေါ်လာသည်။

“ဟားဟားဟား … မျက်မမြင်အိုကြီး …။ ငါ ဆယ်စုနှစ် များစွာ သင်ယူခဲ့တဲ့ သတ်ဖြတ်ခြင်းလှုပ်ရှားမှုအကွက်ကို ပေးမြည်းလိုက်မယ်။ ဒါက ငါ နားလည်ထားတဲ့ သတ်ဖြတ်မှုတစ်ခုပဲ။” တာအိုချင်းကွမ်သည် ရွှေလက်ချောင်းများဖြင့် ထိုးဖောက်ခံခဲ့ရသော်လည်း ဒဏ်ရာများမှာ မပြင်းထန်ဘဲ ၎င်းအစား သူသည် ရူးကြောင်ကြောင် ရယ်မောလိုက်ပြီး ရှုံ့မဲ့နေသော မျက်မမြင်အဘွားအိုဆီသို့ ရွှေ့သွားလိုက်သည်။

မျက်မမြင်အဘွားအိုသည် မျက်ခုံးများတွန့်သွားပြီး အမြဲတမ်းပြောင်းလဲနေသော ခုနှစ်စဉ်ကြယ်ပညာရပ်ကို ထပ်မံထုတ်လွှတ်သည်။ သူမသည် ချက်ချင်းပင် ဆန့်ကျင်ဘက်တောင်ထွတ်ဆီသို့ ပျံသန်းသွားပြီး  စက္ကန့်အနည်းငယ်မျှသာ အချိန်ယူကာ ကျင်းစီကျဲ၏ အနောက်တွင် ပေါ်လာသည်။ သူမသည် ဗုဒ္ဓပုတီးတစ်ကုံးကို ဆွဲဖြုတ်လိုက်ပြီး ကျင်းစီကျဲ၏ နောက်ကျောသို့ ချက်ချင်း ပစ်လိုက်သည်။

တစ်ချက်တည်း …။ သို့သော် ကျင်းစီကျဲ၏ဒဏ်ရာအား ပိုမိုဆိုးသွားစေပြီး ကံဆိုးမှုများ တစ်ခုပေါ်တစ်ခု ထပ်သွားသည်။

သို့သော် မျက်မမြင်အဘွားအိုသည် သူ့ကို ထပ်မံတိုက်ခိုက်ခြင်းမပြုဘဲ ကျင်းရှီတို့ လေးယောက်အုပ်စုရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။ သူမသည် လက်ကို ဝှေ့ယမ်းကာ ချီစီးကြောင်းတစ်ခု ထုတ်လွှတ်ပြီး သူတို့၏ခန္ဓာကိုယ်များအား  ချက်ချင်း ရစ်ပတ်လိုက်သည်။

"မသေချင်ဘူးဆိုရင် မရုန်းကန်ပါနဲ့။ ဒီမျက်မမြင်အိုကြီးက ထန်ရှုနဲ့ ဆက်ဆံရေးရှိတယ်။ ဒါကြောင့် မင်းတို့ကို ဒီနေရာမှာ ငါ သေခွင့်မပြုနိုင်ဘူး။"

ကျင်းရှီတို့လေးယောက်အုပ်စု၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် မကြာသေးမီက ၎င်းတို့၏ဓားပျံများကို ထုတ်လွှတ်ခဲ့ကြသော်လည်း မျက်မမြင်အဘွားအို၏ပြောဆိုချက်ကို ကြားပြီးနောက် သူမသည် ရန်သူမဟုတ်ဘဲ သူငယ်ချင်းဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။ ပျံဝဲနေသောဓားရှည်များသည် ၎င်းတို့၏လက်သို့ ပြန်လည်ရောက်ရှိသွားသောအခါတွင် ၎င်းတို့၏ တလိမ့်လိမ့်တက်နေသော အစစ်အမှန် အဆီအနှစ်ကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့သည်။

"သွားကြစို့။"

မျက်မမြင်အဘွားအိုသည် လေထဲသို့ လှမ်းဝင်လိုက်ပြီး တစ်ကီလိုမီတာအကွာထိ ကျင်းရှီတို့ လေးယောက်အဖွဲ့ကို သယ်ဆောင်လာခဲ့ပြီးနောက် သွေးအန်လာတော့သည်။ သူမတွင် အလွန်လျင်မြန်သော အရှိန်ရှိသော်လည်း အမြဲပြောင်းလဲနေသော ခုနှစ်စဉ်ကြယ်များ တိုက်ကွက်အား အဆက်မပြတ် ထုတ်လွှတ်ရခြင်းသည် သူမ၏ ဒဏ်ရာများကို ဆက်တိုက် ဆိုးရွားစေခဲ့သည်။

***

All Chapters