သတ်ဖြတ်ရန် အမြန်လှုပ်ရှားခြင်း
Vol. 49 Ch. 677
ကျဲဝါလေ့အတွက် "ကျင့်ကြံသူ" ဟူသော စကားလုံးသည် မစိမ်းပေ။ သူကိုယ်တိုင် အတွေ့အကြုံ မရှိသော်လည်း တီဗွီစီးရီးများနှင့် ကျင့်ကြံသူများအကြောင်း ရိုက်ကူးထားသော ဇာတ်လမ်းများနှင့် ဇာတ်လမ်းတွဲများစွာမှ မြင်တွေ့ထားပေသည်။ ကျင့်ကြံသူများသည် လက်တွေ့ဘဝတွင်လည်း ရှိနေကြောင်း သိလိုက်ရရုံမျှဖြင့် သူ့အား ထိတ်လန့်တုန်လှုပ်စေသည်။
"ငါ ကျင့်ကြံပြီး တာအိုလမ်းကြောင်းထဲ ဝင်လို့ရမလား ညီအစ်ကိုထန်…"
သူသည် တာအိုချင်းကွမ်၊ မျက်မမြင်အဘွားအိုနှင့် အခြားသူများ၏စွမ်းအားများကို မြင်ခဲ့ရပြီး အထူးသဖြင့် ကောင်းကင်တွင် ပျံသန်းနေသည့် မြင်ကွင်းများ၊ ဓားအလင်းများနှင့် ဓားပုံရိပ်များကို စိတ်ဝင်စားခဲ့သည်။ ယောက်ျားတိုင်းတွင် သိုင်းပညာဆိုင်ရာ စိတ်ကူးယဉ် အိပ်မက်များ ရှိကြပြီး ထို့ထက်ပို၍ တာအိုသို့ တက်လှမ်းကာ ကျင့်ကြံသူများ ဖြစ်လာခြင်းသည် ပို၍ စိတ်ကူးယဉ်ဆန်သော အရာ ဖြစ်ပေရာ သူ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“အစ်ကိုကျဲက အသက်ကြီးနေပြီ။ ကျင့်ကြံဖို့ မသင့်တော်တော့ဘူး။” ထန်ရှု ခေါင်းယမ်းလိုက်သည်။ “ခင်ဗျား အရင်းအမြစ်နဲ့ အချိန်တွေကို အများကြီး သုံးစွဲတယ်ဆိုရင်တောင် ခင်ဗျားဘဝရဲ့ နောက်ပိုင်းတစ်ဝက်ကျမှ ကျင့်ကြံမှုလမ်းကြောင်းရဲ့ တံခါးဝကို လှမ်းရုံသာ လှမ်းနိုင်မှာကို စိုးမိတယ်။ ဒါကြောင့် ကျင့်ကြံခြင်း ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကွာခြားမှု အများကြီး ရှိမှာ မဟုတ်ဘူး။”
ကျဲဝါလေ့ ဝမ်းနည်းသွားဟန်ရပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြကာ
“ဒါဆိုလည်း မေ့လိုက်ပါတော့။ ငါတို့ အခု ဘာလုပ်ကြမလဲ။ ဒီမှာပဲ ဆက်နေမှာလား…”
"လုံကွမ်ရွာကို သွားကြရအောင်။" ထန်ရှု တခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“ဒီနေရာက အဲ့ဒီရွာနဲ့ သိပ်မဝေးဘူး။ ကျွန်တော်တို့ အဲ့ဒီမှာပဲ နေလိုက်မယ်။ အစောက မျက်မမြင်အဘွားအိုကို ကျွန်တော် ဆက်သွယ်လိုက်မယ်။ အစ်ကိုကျဲ … ကျွန်တော် ရင်ဆိုင်ရမယ့်ကိစ္စက အရမ်းအန္တရာယ်များတဲ့အတွက် လုံကွမ်ပင်လယ်အော်မှာ အစ်ကိုကျဲ အကြာကြီး မနေတာ အကောင်းဆုံးပဲ။"
"ငါ သိတယ်။ ငါ့မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိပါတယ်။” ကျဲဝါလေ့က ကသိကအောက်ဖြစ်စွာ ပြုံးလိုက်သည်။
"ဒါပေမယ့် မင်းကိုယ်တိုင်လည်း အန္တရာယ်ထဲကို မဆင်မခြင် တိုးမဝင်ဘဲ အန္တရာယ်ရှိတာနဲ့ အမြန် ပြန်ဆုတ်ရမယ်။ ရှေးဆိုရိုးစကားတွေလိုပေါ့ … အနာဂတ်မှာ အချိန်များစွာ ကျန်နေသေးတာမို့ တောင်တွေမှာ ထင်းကုန်တော့မယ်ဆိုပြီး စိတ်မပူပါနဲ့။ ရန်သူတွေကို မဆုံးမခင်မှာ မင်းကိုယ်တိုင် ဖွံ့ဖြိုးပြီး ကြီးထွားလာနိုင်ပါသေးတယ်။”
"အဲ့ဒါအတွက် စိတ်မပူပါနဲ့။" ထန်ရှုက ပြုံးပြီး ခေါင်းညိတ်သည်။
သူ့လူများ ကယ်တင်ခံလိုက်ရသည်ကို သိလိုက်ရချိန်တွင် သူ့နှလုံးသားထဲက အထုံးများပြေလျော့ကာ သက်တောင့်သက်သာ ရှိသွားခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ ကျင်းရှီတို့လေးယောက်နှင့် မျက်မမြင်အဘွားအိုတို့ကို သူ အမြန်ရှာမှ ဖြစ်ပေမည်။ ကျင်းစီကျဲတို့ ညီအစ်ကိုသည် အားကောင်းပြီး သန်မာသည့်အပြင် လျှို့ဝှက်ဆန်းကြယ်သော တာအိုအဘိုးအိုသည်လည်း မိတ်ဆွေတစ်ယောက် ဖြစ်မည်မဟုတ်ပါချေ။
ညရောက်လာချိန်တွင် ထန်ရှုနှင့် အခြားသူများသည် လုံကွမ်ပင်လယ်အော်သို့ အပြေးသွားကြသည်။ ကျဲဝါလေ့နှင့် သူ၏လူများ ထွက်ခွာသွားပြီးနောက် ထန်ရှုသည် ပထမတစ်ခေါက်လာစဉ်က သူတို့အသုံးပြုခဲ့သော ဒေသခံ၏လယ်ယာအိမ်တွင် ခေတ္တနေထိုင်ခဲ့ပြီး ၎င်းတို့၏မိသားစုများကို အခြားနေရာအချို့တွင် ရက်အနည်းငယ်ကြာ နေထိုင်ပေးရန်အတွက် ပိုင်ရှင်အား ငွေအချို့ ပေးခဲ့သည်။
"သူဌေး … အားလုံး ဒီမှာပါ။" မိုအားဝူသည် အမွှေးတိုင် လက်တစ်ဆုပ်စာဖြင့် တံခါးဝကို ဖြတ်လျှောက်ကာ ဝင်လာသည်။
ထန်ရှု ထိုအထဲမှ သုံးတိုင်ကို ယူပြီး မီးထွန်းညှိကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ကာ သုံးကြိမ် အော်ခေါ်လိုက်သည်။
"မျက်မမြင် အဘွားအို … မျက်မမြင် အဘွားအို … မျက်မမြင် အဘွားအို…"
ကီလိုမီတာများစွာအကွာအဝေးရှိ တောင်တန်းများတွင် မျက်မမြင်အဘွားအိုသည် စာရွက်တစ်ရွက်လို ဖြူဖျော့နေသော မျက်နှာဖြင့် ချောင်းငယ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ စီးဆင်းနေသော ရေအလျဉ်သည် သူမအား ဖြတ်ကာ စီးဆင်းသွားသော်လည်း ထိုအချင်းအရာကို သူမ ဂရုမစိုက်နိုင်ပေ။ သူမ၏မျက်ခုံးများသည် တွန့်ချိုးလျက် နှုတ်ခမ်းထောင့်တွင် သွေးများစီးကျလျက် မျက်နှာထက်တွင် နာကျင်မှုအား အံကြိတ်ကာ တင်းခံနေသည်ကို မြင်တွေ့နိုင်ပေသည်။
သူမ၏ပတ်ဝန်းကျင်တွင် ကျင်းရှီတို့ လေးယောက်အဖွဲ့သည် ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်ခဲ့ကြပြီး ထောင်ချောက်များစွာကို တပ်ဆင်ထားကြသည်။ ဤထောင်ချောက်များသည် ကျင့်ကြံသူများကို မခြိမ်းခြောက်နိုင်သော်လည်း သာမန်တောရိုင်းတိရိစ္ဆာန်များ၏တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ပါသေးသည်။ သူတို့သည် သန့်စင်ဒဏ်ရာပျောက်ဆေးကို အသီးသီး သောက်ခဲ့ကြသဖြင့် ဒဏ်ရာကြောင့် ဖိစီးခြင်း မဖြစ်တော့ပေ။
ဝေါ့...
နံဟောင်နေသော အငွေ့အသက်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မျက်မမြင်အဘွားအိုသည် ရုတ်တရက် သွေးများ အန်ထုတ်လိုက်ရကာ သူမ၏မျက်နှာအခြေအနေ ပိုမို ကြည့်ကောင်းလာသည်။ ထို့နောက် သူမ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မီတာများစွာအကွာမှ ကျင်းရှီကို ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်တော့်ကို ခေါ်ပါလား စီနီယာ…။" ကျင်းရှီက လေးလေးစားစား မေးလိုက်သည်။
“နင် ပေးခဲ့တဲ့ သန့်စင်ဒဏ်ရာပျောက်ဆေးက ဒီလောက်ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။” မျက်မမြင်အဘွားအို သက်ပြင်းချမိသည်။
“အဲ့ဒီရှေးရိုးစွဲအဘိုးအို တာအိုချင်းကွမ်က ငါ့ကို တော်တော်လေး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့တယ်။ အဲ့ဒီဒဏ်ရာကြောင့် ငါ တစ်နှစ်ခွဲလောက် သောကရောက်နေရမယ်လို့ ထင်ခဲ့ပေမယ့် အတွင်းဒဏ်ရာအများစုက တစ်ရက်တောင် မကုန်သေးခင် ပြန်လည်သက်သာသွားပြီ။ ငါ့ကို တစ်ခုခု ပြောရမယ်။ ထန်ရှု … အဲ့ဒီကလေး ဘယ်တော့ လာမယ်ဆိုတာ ငါ တွေးဖို့လိုနေတယ်။"
"ဘာကို သိဖို့လိုတာလဲ စီနီယာ…။" ကျင်းရှီက အံ့သြတကြီး မေးလိုက်သည်။
မျက်မမြင်အဘွားအိုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် သူမ၏အမူအရာ အနည်းငယ် လှုပ်ရှားသွားသည်။ တဖြည်းဖြည်း မှောင်မည်းလာသည့် ကောင်းကင်ကို မော့ကြည့်လိုက်ရင်း သူမ၏နွမ်းနယ်နေသော ခန္ဓာကိုယ်အား ထရပ်လိုက်ပြီး
“မလိုတော့ဘူး။ သူ ဘယ်ရောက်နေလဲဆိုတာ ငါ သိနေပြီ။ အဲ့ဒီကို အမြန်သွားရအောင်။ ငါတို့ အခု ထွက်သွားရင် သူတို့ဆီကို ရောက်ဖို့ အချိန်အများကြီး ယူရမှာ မဟုတ်ဘူး။”
မျက်မမြင်အဘွားအိုတို့ငါးယောက်အုပ်စု လုံကွမ်ရွာသို့ ရောက်ရှိလာသောအခါတွင် မှိန်ဖျော့နေပြီဖြစ်သော နေအလင်းရောင်သည် ကမ္ဘာမြေကို နှုတ်ဆက်သွားခဲ့သည်။ လခြမ်းကွေးလေးသည် မိုးကုပ်စက်ဝိုင်းအမြင့်ထက်တွင် တွဲလွဲခိုနေပြီး အေးမြမြ လေနုအေးသည် အစားအသောက်၏မွှေးရနံ့များအား သယ်ဆောင်လာသည်။ အစွန်အဖျားကျဆုံး ခြံဝင်းထဲတွင် အရသာရှိသော ဟင်းပွဲများနှင့် နတ်ဘုရားဝတ်ရည်ဝိုင်နှစ်ပုလင်းအား လူရှစ်ယောက်စာ စားပွဲတစ်လုံးထက်တွင် ခင်းကျင်းထားသည်။
"ငါ မျက်မမြင်အိုကြီး ဒီမှာ စားလို့ကောင်းတာ တစ်ခုခု ရရင် အရမ်းကံကောင်းသွားမှာပဲလို့ တွေးမိတယ်။"
ကျေနပ်စွာ ရယ်မောသံနှင့်အတူ မှုန်မှုန်ဝါးဝါး ပုံရိပ်တစ်ခုသည် ခြံဝင်းထဲသို့ မျောလွင့်လာသည်။
ထန်ရှုသည် မျက်မမြင်အဘွားအိုကို မြင်ပြီးနောက် သူမ၏အနောက်တွင် ပါလာသော ကျင်းရှီတို့လေးယောက်အုပ်စုဆီသို့ အကြည့်ရောက်သွားပြီး တစ်ချက်ပြုံးရယ်လိုက်သည်။ ထို့နောက် ဝိုင်ဖန်ခွက်သုံးခွက်ကို ထုတ်ကာ နတ်ဝတ်ရည်တစ်ပုလင်းကို ဖွင့်လိုက်ပြီး ထိုဖန်ခွက်သုံးခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သူက ထိုဝိုင်ခွက်သုံးခွက်ကို ယူ၍ မျက်မမြင်အဘွားအိုဆီ လှမ်းပေးပြီး
“ဒီမျက်နှာသာပေးမှုအတွက် ကျေးဇူးတင်စကား ကျွန်တော် မဆိုနိုင်တော့ပေမယ့် ဒီဝိုင်လေးနဲ့ ကျွန်တော့်ရဲ့ ကျေးဇူးတင်စကားကို ပြောပါရစေ။ အဘွားက ကျွန်တော့်ရဲ့ ညီအကိုလေးယောက်ကို ကယ်တင်ပေးခဲ့လို့ ကျွန်တော် ထန်ရှုရဲ့နှလုံးသားထဲမှာ ဒီခင်မင်ရင်းနှီးမှုကို အမြဲအမှတ်ရနေမှာပါ။ အဘွားကို ပေးခဲ့တဲ့ ကတိကိုလည်း ကျွန်တော် ထပ်ပြောပါမယ်- နဂါးကိုးကောင်ကျွန်းရဲ့တံခါးက အဘွားအတွက် အမြဲတမ်း အကျယ်ကြီး ဖွင့်ထားနေမှာပါ။"
မျက်မမြင်အဘွားအိုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမသည် အိုမင်းပြီ ဖြစ်သော်လည်း ဝိုင်သုံးခွက်စလုံးကို အသက်တစ်ရှိုက်စာဖြင့် စိတ်ဝိညာဉ်ပြင်းပြစွာ သောက်ခဲ့သည်။ ထို့နောက် သူမသည် သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။
“ဒီနတ်ဘုရားဝတ်ရည်ဝိုင်က တကယ့်ကို ထူးခြားကောင်းမွန်တာပဲ။ ဒီမျက်မမြင်အဘွားကြီးအတွက် ဒီဘဝမှာ ဒီလိုကောင်းတဲ့ဝိုင်မျိုးကို မြည်းစမ်းရတာ ကမ္ဘာမြေကနေ ထွက်သွားရမယ်ဆိုရင်တောင် တကယ်ကို ထိုက်တန်နေပြီ။”
"အဘွားကြိုက်ရင် ကျွန်တော် အမြဲပြင်ဆင်ပေးမှာပါ စီနီယာ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"မေ့လိုက်ပါ။" မျက်မမြင်အဘွားအိုက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဝိုင်က အူအတွက် အဆိပ်နဲ့တူတာမို့ နှစ်အနည်းငယ် ကြာအောင် ငါ အသက်ရှင်ချင်ပါသေးတယ်။ ဒါကြောင့် ဒီအကြောင်းကို မပြောနဲ့တော့ ကလေး။ နောက်ပြီး ငါ့ကို စီနီယာ … စီနီယာနဲ့ ခေါ်တာကို ငါ အကျွမ်းတဝင် ဖြစ်မနေဘူး။ နောက်ကျရင် ငါ့ကို မျက်မမြင်အဘွားလို့ပဲ တိုက်ရိုက် ခေါ်ပါ။"
“ဒါ…” ထန်ရှု အနည်းငယ် တုံ့ဆိုင်းသွားသည် ။
“ဒီလို ယဉ်ကျေးလွန်းတဲ့ ပုံစံ၊ ထုံးတမ်းစဉ်လာတွေကို ဖယ်ထားလိုက်ပါ။ ဒီအတိုင်းပဲ ခေါ်ပါ။”မျက်မမြင်အဘွားအိုက ဆိုသည်။
"ဘာပဲဖြစ်ဖြစ် တစ်ခုခုစားကြရအောင်။ ပြီးရင် အဲဒီ့ရှေးရိုးစွဲအဘိုးကြီး တာအိုချင်းကွမ်အကြောင်း ငါတို့ ပြောကြတာပေါ့။"
တာအိုအဘိုးကြီးချင်းကွမ်လား…
ထန်ရှု၏အမူအရာ လှုပ်ရှားသွားသည်။ ထို့နောက် သူက မျက်မမြင်အဘွားအိုကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး စားသောက်ပြီးသည့်အထိ သူမကို အဖော်လုပ်ပေးခဲ့သည်။ ထို့နောက် အစားအသောက်များကို ရှင်းလင်းပြီး လူရှစ်ယောက်ဆန့်စားပွဲကို အိမ်ထဲသို့ ရွှေ့လိုက်ပြီးနောက် ထန်ရှုက
"အစောပိုင်းက ... အဘွား တာအိုချင်းကွမ်အကြောင်း ပြောခဲ့တယ် မဟုတ်လား။ ကျင်းစန်းချီ၊ ကျင်းစီကျဲတို့က သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ။”
သူမ၏ပြည့်တင်းသွားသော ဗိုက်ကလေးကို ပွတ်သပ်ရင်း မျက်မမြင်အဘွားအိုက ရွှင်မြူးသောအမူအရာဖြင့်
“သူတို့က ဆရာတပည့်တွေလေ။ ကျင်းစန်းချီနဲ့ ကျင်းစီကျဲတို့က အဲ့ဒီတာအိုချင်းကွမ်ရဲ့ တပည့်ကြီးတွေပေါ့။
ထန်ရှု၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး "ကျွန်တော် အစောပိုင်းက ဒီမှာ ရှိခဲ့ဖူးပြီး သူတို့ကျင်းညီအစ်ကိုနဲ့ ဆုံခဲ့တယ်။ ခဏတာ စိတ်ကောင်းစေတနာကြောင့် သူတို့အသက်ကို ချမ်းသာပေးခဲ့မိတယ်။ ဒါပေမယ့် အဲ့ဒီတာအိုချင်းကွမ်က အဲ့ဒီနေရာမှာ မရှိခဲ့ဘူး။”
"ငါ သူ့အပေါ်မှာ လုပ်ထားတဲ့ ချိပ်ပိတ်မှုကို သူ ချိုးဖျက်ပြီးရုံပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ်ပြီး အစောပိုင်းက ပေါ်လာနိုင်မှာလဲ။" မျက်မမြင်အဘွားအိုက လှောင်ပြောင်လိုက်သည်။
“ဒီမျက်မမြင်အိုကြီးက ဒီအချက်နဲ့ပတ်သက်ပြီး မင်းကို ပြောပြပါ့မယ်။ သူနဲ့ငါ ရန်ငြိုးဖွဲ့နေတာ ကြာပါပြီ။ သူက ငါတို့မိသားစုအမွေအနှစ်ကို ပထမဆုံး မျက်စိကျခဲ့သူ။ အဲ့ဒီအတွက် အဖေနဲ့ မိသားစုဝင်တွေအားလုံးကို သူ သတ်ပစ်ခဲ့တယ်။ နောက်ပိုင်း ငါက မိသားစုရဲ့ ရှေ့ဖြစ်ဟောပညာအမွေအနှစ်တွေကို အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါ လေ့လာခဲ့တယ်။ နောက်ဆုံးတော့ နက်နဲတဲ့ ယင်မြေပြင်မှာ ကြယ်စင်အလင်း အစီအရင်ကို ခင်းကျင်းအောင်မြင်သွားခဲ့လို့ သူ့ကို အဲ့ဒီနေရာမှာ ပိတ်ထားခဲ့တယ်။ သူ့ရဲ့ ရွှေအမြုတေကျင့်ကြံမှုအဆင့်နဲ့ အဲ့ဒီနေရာကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် သူ တကယ်ပဲ လွတ်မြောက်လာခဲ့တယ်။"
ထန်ရှုက အဘွားအို ပြောပြချက်များကို တိတ်တဆိတ် တွေးတောရင်း ငြိမ်သက်နေခဲ့သည်။ အချို့သော ပြဿနာများကို သတိပြုမိပြီးနောက် သူက
"အဘွား ပြောတဲ့အတိုင်းဆို တာအိုချင်းကွမ်က အတိတ်တုန်းကဆို အဘွားရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါဆို မနေ့ညက အဘွား ဘာလို့ သူ့ကို မရှုံးခဲ့တာလဲ။"
“အဲ့ဒီတုန်းက ငါ့လက်စွပ်ထဲမှာ ပါတဲ့ ဝှက်ဖဲတွေအကုန် သုံးခဲ့ရတယ်။ သူက ငါ့ကို အစောပိုင်းက အထင်သေးနေခဲ့လို့ သူ ဖိနှိပ်ခံခဲ့ရတာလေ။ သူ့ရဲ့ အဆုံးစွန်သော ဝှက်ဖဲကိုတောင် မထုတ်ခဲ့ရဘူး။ နို့မဟုတ်ရင် ငါက သေသူပဲ။” မျက်မမြင်အဘွားအိုက သက်ပြင်းချသည်။
"ထန်ရှု … ဒီတာအိုအဘိုးကြိး အသက် ဘယ်လောက် ရှိပြီလဲဆိုတာ နင် သိလား။"
"သူက အဘွားနဲ့ခေတ်ပြိုင် မဟုတ်ဘူးလား။" ထန်ရှု အံ့သြသွားကာ မေးလိုက်သည်။
"သူက ငါ့ထက် အနည်းဆုံး နှစ်ဆလောက်ကြီးတယ်။" မျက်မမြင်အဘွားအိုက ခေါင်းခါသည်။
သူ့အသက်က နှစ်ဆကြီးတာလား။
ထန်ရှု၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် မျက်မမြင်အဘွားအို၏ အသက်သည် ၁၂၀နှစ်ခန့်ရှိသည်ဟု ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထိုစကားကြောင့် တာအိုချင်းကွမ်၏အသက်သည် အနည်းဆုံးတော့ ၂၄၀နှစ် ရှိနေပြီမဟုတ်ပေလော။
“သူ့ရဲ့ ခွန်အားက အရမ်းကြောက်စရာကောင်းတာ မဆန်းပါဘူး။ မျက်မမြင်အဘွားအို … အဘွားက သူနဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ဒါဆို သူ့ရဲ့ လက်ရှိကျင့်ကြံမှု အဆင့်က ဘယ်လိုလဲ။"
"သူ့ရဲ့အတိတ်ကျင့်ကြံမှုက ရွှေအမြုတေ အထွတ်အထိပ်အဆင့်ဖြစ်တာမို့ အနာဂတ်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်နိုင်ခြေ မြင့်မားတယ်။ ဒါပေမယ့် သူ့ကို ကြမ်းတမ်းတဲ့ ယင်ရင်ပြင်မှာ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့လို့ အခုတစ်ခေါက် ထပ်တွေ့တော့ သူ့ရဲ့ခွန်အားက ယခင်ကထက် အများကြီး အားနည်းသွားတာကို ငါ သတိထားမိတယ်။ သူ ထုတ်လွှတ်နိုင်တဲ့ ခွန်အားအဆင့်က ရွှေအမြုတေအစောပိုင်းအဆင့်မှာပဲ ရှိတော့တယ်။ မဟုတ်ရင် မနေ့ညက သူ့လက်ထဲမှာ ငါ သေသွားပြီးပြီ။”
ရွှေအမြုတေအစောပိုင်းအဆင့်လား…။
ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်စက် အရိပ်တစ်ခု လင်းလက်သွားသည်။ တာအိုချင်းကွမ်၏ခွန်အားသည် ရွှေအမြုတေ အထွတ်အထိပ်အဆင့်တွင် ရှိနေသော အခြေအနေဆိုပါက သူ၏လက်ရှိခွန်အားဖြင့် ထိုသူကို ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ထိုသူသာ ရွှေအမြုတေ အစောပိုင်းအဆင့်တွင် ရှိနေပါက ... အခက်အခဲတစ်ချို့ ရှိလင့်ကစား ထိုသူ့ကို သတ်နိုင်ပေလိမ့်မည်...
"အဘွား … အခုတာအိုချင်းကွမ် ဘယ်မှာလဲဆိုတာ သိချင်ပါတယ်။"
မျက်မမြင်အဘွားအိုသည် သူမ၏မျက်ခုံးများကို အနည်းငယ် တွန့်လိုက်သည်။ သူမ၏မျက်လုံးများက ထန်ရှုကို မမြင်နိုင်သော်လည်း သူမ၏ အထူးစွမ်းရည်က သူ၏အမူအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေခဲ့သည်။ ထို့နောက် သူမက ခေါင်းယမ်းသက်ပြင်းချလိုက်ပြီး
“နင် ခေါ်လာတဲ့ ဒီလူနည်းနည်းလေးကို အားကိုးနေရင် သူ့ကို သုတ်သင်ဖို့က အရမ်းခက်တယ်။ ငါ့ဒဏ်ရာ အပြည့်အဝ ပြန်ကောင်းလာတဲ့အထိ စောင့်ပါ။ အဲ့ဒီအချိန်ကျရင် ငါတို့ သူ့ကို သတ်ပစ်မယ်။”
"စောင့်စရာ မလိုပါဘူး။" ထန်ရှုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“သူ့ကို ရှာဖို့ ကျွန်တော့်မှာ သတ္တိရှိတယ်ဆိုကတည်းက သူ့ကို သတ်နိုင်တဲ့ အရည်အချင်း ကျွန်တော့်မှာ ရှိတယ်လို့ ဆိုလိုတာပဲ။ ကျွန်တော့်ကို ပြောသာပြောပါ။”
မျက်မမြင်အဘွားအို ခဏမျှ တုံ့ဆိုင်းသွားကာ
“နင်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ ပြောပြမယ်။ အဲ့ဒီနေရာက နတ်ဆိုးချီအော်ရာတွေနဲ့ ပြည့်နေပြီး အနောက်တောင်အရပ်မှာ တည်ရှိတယ်။ ဒီကနေဆိုရင် ကီလိုမီတာ ငါးဆယ်လောက်ဝေးတယ်။”
ကီလိုမီတာ ငါးဆယ်အတွင်း အနောက်တောင်အရပ်။ အဲ့ဒါက အမဲလိုက်ကွင်းနေရာ မဟုတ်လား။
ထန်ရှု၏အမူအရာသည် လှုပ်ရှားသွားပြီး သူ ချက်ချင်း ထရပ်လိုက်သည်။
"မျက်မမြင်အဘွား … ဒဏ်ရာတွေကို ဂရုစိုက်ပြီး ကောင်းကောင်းကုသဖို့ ဒီမှာပဲ နေပါ။ တာအိုချင်းကွမ်နဲ့ သူ့တပည့်နှစ်ယောက်ရဲ့ ဦးခေါင်းတွေကို ကျွန်တော် ပြန်ယူလာခဲ့မယ်။"
"ငါ နင်နဲ့လိုက်ခဲ့မယ်။" မျက်မမြင်အဘွားအိုသည်လည်း ထရပ်လိုက်ပြီး သူမ၏လေသံမှာ အထူးတည်ကြည်နေသည်။
“ဒါပေမယ့် အဘွားရဲ့ဒဏ်ရာ…” ထန်ရှု တုံ့ဆိုင်းသွားသည်။
“မင်းရဲ့လူတွေက ငါ့ကို သန့်စင်တဲ့ကုသဆေးတွေ ပေးထားလို့ အခုက ပိုပြီးကောင်းနေပြီ။” မျက်မြင်အဘွားအိုက သူ့စကားကို ကြားဖြတ်လိုက်သည်။
"အဲ့ဒီချင်းကွမ်ကတော့ ငါနဲ့မတူဘဲ သူ့မှာ သန့်စင်ဒဏ်ရာကုသဆေး မရှိလို့ အခုကောင်းဦးမှာ မဟုတ်တာ သေချာတယ်။"
"ဒါဆို အတူတူသွားကြတာပေါ့။"
မျက်မမြင်အဘွားအို၏ခိုင်မာမှုကို မြင်သည့်အခါ ထန်ရှု မငြင်းဆန်တော့ပေ။ ကျဲဝါလေ့ သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့စဉ်က ဆာ့ဖ်ကားတစ်စီးကို သူ့ဆီ ထားပေးခဲ့သည်။ ဗင်ကားနှင့်အတူ ကားနှစ်စီးသည် အမဲလိုက်ကွင်းဆီသို့ အမြန်မောင်းသွားခဲ့ကြသည်။
ညဉ့်နက်နက်ချိန်…
ပြတင်းပေါက်အပြင်ဘက်တွင် လေအေးများ တရွှီးရွှီး တိုက်ခတ်နေသော်လည်း အမှောင်ချထားသော အခန်းသည် နွေဦးသဖွယ် ပူနွေးနေပေသည်။ တာအိုချင်းကွမ်သည် ကုတင်ထက်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ကိုယ်သူ ကုသနေစဉ်တွင် ဘေးခန်းတွင် ရှိနေသော ကျင်းစန်းချီ၏ မျက်လုံးများသည် ကျင်းစီကျဲတစ်ယောက် သူ့ကိုယ်သူ ကုစားနေသည့် ဖြစ်စဉ်ကို စောင့်ကြည့်နေရင်း သတ်ဖြတ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။ မျက်မမြင်အဘွားအို၊ ထန်ရှုနှင့် သူ့လူများအပေါ် သူ၏အမုန်းတရားများသည် သူ၏အရိုးများထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုနေပေတော့သည်။
နှစ်ပေါင်းများစွာ သူတို့လုပ်ဆောင်နေခဲ့သော အစီအစဉ်သည် နောက်ဆုံးတွင် ပျက်သွားခဲ့သည်။
ဆရာသခင် ပေါ်လာသော်လည်း ပြန်လာချိန်တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။ ဤအမုန်းတရားက ထန်ရှုကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ဖို့ အခွင့်အရေးတစ်ခုရှာရန် သူ့စိတ်ထဲတွင် တွန်းအားပေးနေခဲ့သည်။ သူ့ကို အင်မော်တယ် မဖြစ်လာစေရန် တားဆီးထားသည့် သည်လူယုတ်မာများအား ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ရမည်ဖြစ်သည်။
***