ကြီးမားသောကိုယ်ခံစွမ်းရည်ပြပွဲ
Vol. 49 Ch. 678
အခြား နှစ်ထပ်တိုက်ငယ်လေးအတွင်းတွင် အတွင်းဝတ်အင်္ကျီသာ ဝတ်ထားသည့် ဂီဆန်ဂျောသည် လက်နောက်ပစ်ကာ ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။ သူ့မျက်လုံးများသည် မည်သည့်နေရာကိုမှ အာရုံစူးစိုက်ကြည့်နေဟန် မရဘဲ တစ်စုံတစ်ခုကို နက်နဲစွာ တွေးနေပုံရသည်။ သူ့နောက်တွင် သုန်မှုန်နေဟန်ရှိသော အဘိုးအိုများသည် မျက်လုံးများအောက်စိုက်ကာ ကျောက်ရုပ်များသဖွယ် အတွေးကိုယ်စီ ဖြစ်နေကြသည်။
"ငါ အဖြေတစ်ခု လိုတယ်။" ဂီဆန်ဂျောက ရုတ်တရက် လှည့်၍ အဘိုးအိုနှစ်ယောက်ကို ကြည့်ပြီးနောက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
အဘိုးကြီးတစ်ယောက်က ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ မျက်လုံးလှန်ကြည့်လိုက်ပြီး
“ဒါက အန္တရာယ်များတဲ့ လောင်းကစားတစ်ခုပါပဲ။ နိုင်ရင် ငါတို့အဆိပ်ဂိုဏ်းက အဆုံးမရှိတဲ့ အကျိုးကျေးဇူးတွေ ရမယ်။ ရှုံးရင်လည်း ပြန်အဖတ်ဆည်လို့ရမှာ မဟုတ်ဘူး။ မင်းက ငါတို့ အဆိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့အတွက် မင်းရဲ့ဆုံးဖြတ်ချက်တိုင်းကို ငါတို့ လိုက်နာမှာပါ။"
“ဦးလေးငါး … ဦးလေးခြောက် … ငါတို့အဆိပ်ဂိုဏ်းထဲက မင်းတို့ရဲ့အဆင့်တွေက အမြင့်ဆုံးပဲ။ အခုလက်ရှိမှာ အဌမမျိုးဆက်က တပည့်တွေပဲ အသက်ရှင်နေကြတော့တာလေ။ ဒီလိုအရေးကြီးတဲ့ကိစ္စအတွက် ငါ ဘယ်လို တာဝန်ယူနိုင်ပါ့မလဲ။” ဂီဆန်ဂျော အတော် စိတ်ဆိုးသွားကာ စိတ်ဆိုးမာန်ဆိုး ပြစ်တင်ပြောဆိုလိုက်သည်။
"ထန်ရှုရဲ့နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ အင်အားတွေ ရှိ၊ မရှိ စုံစမ်းနေပေမယ့် ငါတို့ ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ အဲ့ဒီအဘိုးကြီးတွေက ဖုတ်ဖတ်ခါ ထသွားလို့ရပေမယ့် ငါတို့တွေမှာက စိတ်ပူစရာ ဂိုဏ်း၊ မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိသေးတယ်။ ငါတို့ ဆုတ်ခွာဖို့ လမ်းကြောင်း လုံးဝမရှိဘူး။”
“ဒါဆို ဘာဖြစ်မလဲဆိုတာ ခဏစောင့်ပြီး ကြည့်ကြတာပေါ့။” အဘိုးအိုက မထူးခြားဟန်ဖြင့် ပြောသည်။
“အဲ့ဒီကျင့်ကြံသူတွေကြားထဲက ကစားပွဲက အခုမှ စတာမို့ ဘယ်သူနိုင်မယ် ရှုံးမယ် ဆိုတာ ပြောဖို့ခက်တယ်။ ဟိုနေ့က ကျောက်စိမ်းအလှမယ်က ငါ့ကို တစ်ခုခု ပြောခဲ့ပြီး သူမပြောခဲ့တာတွေက ငါ့အတွက် အဓိပ္ပာယ်ရှိနေတယ်။”
"သူမက ဦးလေးကို ဘာပြောလိုက်တာလဲ" ဂီဆန်ဂျော၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အမြန်မေးလိုက်သည်။
“မိမိစိတ်နှလုံးကို သစ္စာစောင့်သိသောသူသည် ဖြစ်နိုင်သော အကြောင်းအရာ နှစ်ခုလုံးအတွက် မိမိကိုယ်ကို ပြင်ဆင်လိမ့်မည်တဲ့။” အဘိုးအိုက ရွတ်ပြသည်။
“ဦးလေး ဆိုလိုတာက…” ဂီဆန်ဂျော တအံ့တသြ စိုက်ကြည့်နေမိသည်။
"ဟုတ်တယ်။ ငါတို့ရဲ့ အဆိပ်ဂိုဏ်းက ဒီကိစ္စမှာ ပါဝင်ပတ်သက်ဖို့ အရည်အချင်းမရှိဘူးလို့ ဆိုလိုတာပဲ။ ဒါကြောင့် ငါတို့ကို ဘေးဒုက္ခကနေ ဆွဲထုတ်ပြီး နှစ်ဖက်စလုံးက အကျိုးကျေးဇူးတွေကို ဘာလို့ မယူရမှာလဲ။ ထူးဆန်းသောတံခါးများမှာရှိတဲ့ မိသားစုရှစ်စုက အရာအားလုံးကို အရဲစွန့်ပုံပေးပြီး ကျင်းစန်းချီနဲ့ ကျင်းစီကျဲကို ကူညီဖို့ သူတို့ရဲ့စွမ်းအားအားလုံးကို ထုတ်လွှတ် လောင်းကြေး ထပ်လိုက်တယ်။ နောက်ဆုံးတော့ အဲ့ဒီအဘိုးကြီးရှစ်ယောက်လုံး သူတို့ရဲ့ထူးချွန်တဲ့ လူတွေနဲ့အတူ အစောပိုင်းတိုက်ပွဲမှာ သေသွားခဲ့ရတယ်။ ပြီးတော့ အကျိုးရလဒ်ကရော။ ငါကတော့ ကျင်းစန်းချီနဲ့ ကျင်းစီကျဲတို့က အဲ့ဒီမိသားစုရှစ်စုကို ကျင့်ကြံနည်းစနစ်တွေ အလွယ် ပေးလိမ့်မယ်လို့ မထင်ဘူး။ ထန်ရှုကို ရှာဖို့ တစ်ယောက်ယောက်ကို တိတ်တဆိတ် လွှတ်ပြီး ဒီဆရာတပည့်တွေ သူ့အတွက် ဒီနေရာကို ရောက်နေပြီဆိုတဲ့ သတင်းကို ပေးသင့်တယ်လို့ ခံစားမိတယ်။ သူ့ရဲ့ဉာဏ်ပညာ၊ အသိပညာနဲ့ စွမ်းရည်တွေအရဆိုရင် ငါတို့က သူ့ကို စိတ်စေတနာကောင်း ပြသနေတယ်ဆိုတာ သူ နားလည်နိုင်လိမ့်မယ်။ ဒီလိုကျင့်ကြံသူတွေကြားက ပြိုင်ဆိုင်မှုကနေ ငါတို့ အနိုင်ရသွားမယ်ဆိုရင် ထန်ရှုရဲ့ ခင်မင်ရင်းနှီးမှုကို ငါတို့ ရရှိနိုင်ပြီး နည်းနည်းလေး အားစိုက်ရုံနဲ့ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေကို ရလိမ့်မယ်။ သူ ရှုံးရင်လည်း ငါတို့ကို ထိခိုက်စေမှာ မဟုတ်ဘူး။”
လက်မကို ထောင်ပြကာ ချီးကျူးရင်း ဂီဆန်ဂျော၏ မျက်လုံးများ ထူးထူးခြားခြား တောက်ပလာသည်။ "ဦးလေးငါးက တကယ် အတွေ့အကြုံရှိပြီး လိမ္မာပါးနပ်တဲ့သူပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဦးလေးက ငါ့ကို တမင်တကာ မှန်းဆခိုင်းနေခဲ့တယ်။ ဒီ့ထက်ပိုကောင်းတဲ့ အကြံဉာဏ်မျိုး မရှိနိုင်တော့ဘူး။ သူ့ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို လွှတ် …”
သူ ပြောလိုသော စကားပင် မဆုံးသေးခင် အမဲလိုက်ကွင်း၏အရှေ့တံခါးမှ ကားရှေ့မီးရောင်သည် သူတို့ ရှိနေသော အဆောက်အဦးငယ်၏ ပြတင်းပေါက်တွင် လာရောက်ထင်ဟပ်သောကြောင့် သုံးယောက်သား ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"ဒီလောက် အချိန်နောက်ကျပြီး ဘယ်သူဖြစ်နိုင်ပါလိမ့်။" ဂီဆန်ဂျော မျက်ခုံးတွန့်ကာ တီးတိုးဆိုလိုက်သည်။
ယခုလေးတင် စကားပြောပြီးသွားသော ဦးလေးငါးက မျက်ခုံးပင့်ကာ တွေးလိုက်ပြီး
“အဖြစ်အပျက် ဘယ်လောက်ပဲ ကြီးကြီးမားမား ဖြစ်ပါစေ ဒီအခန်းထဲက ဘယ်တော့မှ မထွက်ရဘူး။ ခုနက ဆွေးနွေးခဲ့တဲ့ အတိုင်းပဲ စောင့်ကြည့်ကြမယ်။”
"ဦးလေးငါး … ဆိုလိုတာက အခုလာနေတာ ထန်ရှုလား။" ဂီဆန်ဂျောက တအံ့တသြ ဆိုမိသည်။
“အဲ့ဒီကို ငုံ့ကြည့်။ မင်း သိသွားမှာပါ။” အဘိုးအိုက ပြောသည်။
… ဝရော … ဘန်း…
အမဲလိုက်ကွင်း၏ရှေ့တံခါးကို ဆာ့ဖ်ကားက တိုးဝင်တိုက်ပြီး အသံကျယ်လောင်စွာ အမဲလိုက်ကွင်းထဲသို့ မောင်းဝင်လာသည်။ ဂိတ်မှ အပြေးထွက်လာသည့် လုံခြုံရေးအစောင့်လေးဦးသည် တိတ်တဆိတ် လှဲသိပ်ခြင်း ခံလိုက်ရကာ လုံခြုံရေးအခန်းသို့ ပြန်ဆွဲသွင်းခံလိုက်ရစဉ်တွင် ကားသည် ဆက်မောင်းသွားပြီး ဧည့်သည်များ နေထိုင်ရာ အဆောက်အဦးရှေ့တွင် ရပ်သွားခဲ့သည်။ ထို့နောက် ထန်ရှုနှင့် မျက်မမြင်အဘွားအိုတို့သည် အတူတကွ ကားပေါ် မှ ဆင်းလာကြသည်။
"တာအိုချင်းကွမ်အဘိုးကြီး၊ ကျင်းစန်းချီနဲ့ ကျင်းစီကျဲ မင်းတို့ဆရာတပည့်တွေ … လိပ်တွေ အောင်းမနေဘဲ ဒီအဖေကို ထွက်တွေ့စမ်း။ မဟုတ်ရင် ငါ ဒီအဆောက်အဦးငယ်ကို ဖျက်ဆီးပြီး မင်းတို့ကို ပြာတွေ စားခိုင်းလိုက်မယ်။"
ထန်ရှုသည် စိတ်ဝိညာဉ်လှံကို ကိုင်ဆောင်ပြီး အိမ်အတွင်းရှိ ဆရာတပည့်သုံးယောက်ကို ပိတ်ထားရန် သူ၏စိတ်ဝိညာဉ်ရေးအာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
“ယီး … လူမိုက်…”
လောလောဆယ် သူ့ကိုယ်သူ ကုသနေသည့် တာအိုချင်းကွမ်သည် အတော်ပင် ဒေါသထွက်သွားသဖြင့် မျက်လုံးများကို ချက်ချင်းဖွင့်ပြီး ပြတင်းပေါက်ကို ရိုက်ချိုးလိုက်သည်။ ထန်ရှုနှင့် တခြားသူများ၏ရှေ့တွင် သူသည် ချက်ချင်း ပေါ်လာခဲ့သည်။ ထူးဆန်းသော တံခါးများ၏ မိသားစုရှစ်စုနှင့် ထူးချွန်သူများပင်လျှင် အဆောက်အဦးထဲမှ ထွက်လာပြီး တာအိုချင်းကွမ်နှင့် သူ၏တပည့်များအနောက်တွင် ရပ်နေသည်။
ထန်ရှုက တာအိုချင်းကွမ်အား အကြိမ်အနည်းငယ် အကဲခတ်လိုက်ပြီး သရော်လိုက်သည်။
"အဘိုးကြီး … ခင်ဗျားက အသက်ရှင်နေမယ့်အစား သေသင့်တယ်။ နှစ်ပေါင်း ၂၀၀ကျော် အသက်ရှင်နေတာတောင် ငါ့လူတွေကို တိုက်ခိုက်ဖို့ သောက်ရှက်မရှိ ကြံစည်နေသေးတယ်။ ခင်ဗျားရဲ့ကောက်ကျစ်တဲ့ ဘဝကို တကယ် ငြီးငွေ့နေတာလား။"
တာအိုချင်းကွမ်က မျက်လုံးများကို မှေးစင်းကာ ထန်ရှုအား ဂရုတစိုက် အကဲခတ်လိုက်ပြီးနောက် “မင်းက ထန်ရှုလား။”
"ဟုတ်တယ်။" ထန်ရှုက လေသံပြတ်ပြတ်ဖြင့် ဖြေသည်။
လူသေတစ်ယောက်ကို ကြည့်မိလိုက်သလိုမျိုး တာအိုချင်းကွမ်က ခေါင်းယမ်းလိုက်ပြီး မျက်မမြင်အဘွားအိုဘက်ကို ချက်ချင်းလှည့်ကာ သက်ပြင်းချလိုက်ရင်း
"မင်းက တကယ်ပဲ ဒီကောင်စုတ်လေးအတွက် ပြေးလွှားနေတဲ့ ခွေးတစ်ကောင် ဖြစ်သွားပုံရတယ် အဘွားကြီး။ ငါ့တပည့်ရဲ့ဒဏ်ရာကို ကုသဖို့ မလိုဘူးဆိုရင် မနေ့ညက မင်းကို ဘယ်လို လွတ်မြောက်ခွင့်ပေးမလဲ။ ဒါတောင် အံ့သြဖို့ကောင်းတာက မင်းက တကယ်ပဲ ရူးရူးမိုက်မိုက်နဲ့ မျက်စိစုံမှိတ်ပြီး ကိုယ့်ကိုကိုယ် ငါ့ဆီ တိုးဝင်ခဲ့တာလား။ ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်ရှိတဲ့ နည်းလမ်းတွေကို ငါ အသုံးပြုရင် ငါ့ကို အပြစ်မတင်နဲ့။"
မျက်မမြင်အဘွားအိုက ခဏလောက် ငြိမ်သက်သွားပြီး “ထန်ရှု … ဒီကလေးက ဒီမျက်မမြင်အိုကြီးရဲ့ အကြံဉာဏ်ကို မလိုက်နာဘဲ ဒီကိုလာပြီး လက်စားချေဖို့ သတ္တိရှိနေခဲ့တယ်။ အနာဂတ်မှာ ငါက သူ့အကူအညီ လိုမှာမို့လို့ သူ့ကို ငါ ပစ်မထားခဲ့နိုင်ဘူးလေ။ အဆိုးတကာ့အဆိုးဆုံး ဖြစ်ရင် ငါ ဒီမှာ အသက်ဆုံးရှုံးရုံပေါ့။ ဒါပေမယ့် ရှင့်ကို သေချာပေါက် ငါနဲ့အတူ ဆွဲခေါ်မယ်။"
ထန်ရှုက သူ့မျက်ခုံးကို အသာဖိထားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မျက်မမြင်အဘွားအို … ကျွန်တော် ဆက်ပြီး ထိန်းနိုင်တာမို့ အဘွားကို လှုပ်ရှားဖို့ ခွင့်မပြုဘူး။"
“ဒါပေမယ့် ထန်ရှု … နင် …” မျက်မမြင်အဘွားအိုက အသံတိုးတိုးဖြင့် အော်လိုက်သည်။
"အနာဂတ်မှာ အဘွားရဲ့အိုမင်းတဲ့ အသက်အရွယ်ကို ဖြတ်သန်းဖို့ နေရာတစ်ခု ပေးစေချင်တယ်ဆိုရင် အဘွား ဘာမှ မပြောနဲ့တော့။" ထန်ရှုက သူမ၏စကားကို ကြားဖြတ်ကာ လက်ကို ဝှေ့ယမ်းပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒီလိုလုပ်တာ ကျွန်တော့်မှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိတယ်။"
ထိုစကားပြောပြီးနောက် သူ၏မူလဖရိုဖရဲစွမ်းအားဖြင့် အနက်ရောင်လှံရှည်ကို အရူးအမူး ကျွေးမွေးသည်။ သူသည် ထိုလှံရှည်ကြီးကို ရက်အတော်ကြာအောင် သန့်စင်ထားပြီးဖြစ်ရာ အံ့အားသင့်စရာ ကောင်းသည်မှာ ဤလှံရှည်သည် သူ၏လက်ရှိကျင့်ကြံမှုဖြင့်ပင် လှံ၏အင်အား ၅၀%ကို အသုံးပြုနိုင်ပေသည်။
“အဆုံးမဲ့ လှံအစီအရင် လျင်မြန်စွာ ဖြစ်ပေါ်စမ်း…”
ထန်ရှုသည် အထက်သို့ မြင့်တက်လာပြီး စိတ်ဝိညာဉ်လှံမှ ရုတ်တရက် မီးတောက်တစ်ခု ဖြစ်ပေါ်လာကာ လေထဲတွင် အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။ အနက်ရောင်လှံရှည်အား လေထဲသို့ ပစ်လွှတ်လိုက်ပြီးနောက် အစီအရင်သည် ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။
မီတာ ၁၀၀ ပတ်လည်အတွင်း လှံပုံရိပ်ယောင်လွှာများ ပေါ်လာပြီး တလိမ့်လိမ့်တက်လာသော လေလှိုင်းလုံးကြီးများက မျက်မမြင်အဘွားအို၊ မိုအားဝူနှင့် အခြားသူများကို လှံစက်ကွင်းအတွင်းမှ တိုက်ရိုက်ခွဲထုတ်ကာ ခြေလှမ်းပေါင်း ဒါဇင်နှင့်ချီသော အနောက်သို့ တွန်းပို့လိုက်သည်။
"လှံက အစီအရင်ဖြစ်သလို ငါက အရင်းအမြစ် ဖြစ်တယ်။"
ထန်ရှုသည် ချက်ချင်းပင် အစီအရင်၏ အလယ်အူတိုင်နေရာတွင် ပေါ်လာပြီး သူ၏မူလဖရိုဖရဲစွမ်းအားသည် အဆက်မပြတ် ရူးသွပ်စွာ ထွက်သွားကာ မီတာတစ်ရာပတ်လည် ဧရိယာအား ချက်ချင်းပင် မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
"တိုက်ခိုက်ရေး အစီအရင်ပညာလား…"
တာအိုချင်းကွမ်၏မျက်နှာ အကြီးအကျယ် ပျက်သွားပြီး ကျင်းစန်းချီနှင့် ကျင်းစီကျဲ၏မျက်နှာထက်တွင်လည်း ထိတ်လန့်ကြောက်ရွံ့ရိပ်များ ဖြစ်ပေါ်လာသည်။ အစီအရင်ပညာသည် သူတို့ဆရာတပည့်သုံးယောက် မကျွမ်းဝင်သည့် နယ်ပယ်တစ်ခုဖြစ်ပြီး အနည်းငယ်ခန့်သာ ကြားသိဖူးပေသည်။ သူတို့၏အိပ်မက်ကြမ်းတွေထဲမှာပင် သည်ကဲ့သို့ နည်းလမ်းဖြင့် အစီအရင်ကို ခင်းကျင်းနိုင်သော တစ်စုံတစ်ယောက်သည် ဒီကမ္ဘာမြေပေါ်တွင် တကယ်ရှိလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
တစ်ခဏချင်းတွင် ကောင်းကင်၊ မြေကြီးနှင့် ကမ္ဘာသည် ဤဆရာတပည့်များ၏ မျက်လုံးအကြည့်များတွင် ပြောင်းလဲသွားသည်။ လှံအစီအရင်အတွင်း လွှမ်းခြုံခြင်း ခံရသော ထူးဆန်းသောတံခါးများ၏ထူးချွန်သောသူ ဒါဇင်ပေါင်းများစွာပင်လျှင် ၎င်းတို့ရှေ့က ကမ္ဘာကြီးသည် နတ်ဆိုးငရဲသို့ ပြောင်းလဲသွားသည့်အလား ရုတ်တရက် တွေ့ရှိခဲ့သည်။
မီးမြွေများ၊ မီးငှက်များ၊ နဂါးများ၊ ဖီးနစ်ငှက်များ...
ကမ္ဘာမြေအောက်မှ ချော်ရည်ပူများ အထက်သို့ တက်လာပြီး တုန်လှုပ်ချောက်ချားစရာ အသံများနှင့်အတူ ၎င်းတို့ဆီသို့ ထိုးဆင်းနေသကဲ့သို့ မရေမတွက်နိုင်သော သက်ရှိမျိုးစိတ်များသည် သက်ရှိများအဖြစ်သို့ ရောက်ရှိလာကြသည်။ အရိပ်အလွှာများသည် ၎င်းတို့ပတ်ဝန်းကျင်တွင် အဆက်မပြတ် ရွေ့လျားနေသော အလင်းတန်းများအလားပင်။ ကောင်းကင်ယံမှ ဆင်းသက်လာသည့် ဖျက်ဆီးစေတတ်သော ဝိုးတဝါးအော်ရာသည် ကမ္ဘာကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားသကဲ့သို့ ကြီးမားလှသော မမြင်နိုင်သည့် ဖိအားတစ်ခုကလည်း ၎င်းတို့ကို တခဏချင်း ဖုံးအုပ်သွားတော့သည်။
အာားးးး….
ပွက်ပွက်ဆူနေသော ကျောက်တုံးကြီးမှ ရုတ်တရက် ဖောက်ထွက်လာသော မြွေတစ်ကောင်သည် ထူးဆန်းသောတံခါးမျိုးနွယ်မှ ထူးချွန်သောသူတစ်ဦး၏ ခြေထောက်ကို ထိုးဖောက်ကာ နှလုံးဆီသို့ တည့်တည့် ထိုးဖောက်ဝင်ရောက်သွားသဖြင့် ထိုသူ၏ပါးစပ်မှ ဆိုးဆိုးရွားရွား အော်သံတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော နာကျင်ကိုက်ခဲမှုက သူ၏ခိုင်မာသော စိတ်ဝိညာဉ်အား ဝါးမျိုလိုက်သဖြင့် စူးစူးရှရှ အော်ဟစ်လိုက်လေရာ အမျိုးမျိုးသော မီးသတ္တဝါများသည် သူ့ဆီ ဒေါသတကြီး ပြေးဝင်သွားကြတော့သည်။
သူတို့သည် ထိုသူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီး အသားကို စိတ်ပိုင်းလိုက်ကြသည်။ အသက်ရှုချိန် အနည်းငယ်အတွင်း ထိုထူးဆန်းသော တံခါးများ၏ ထူးချွန်သောလူသည် လုံးလုံးလျားလျား စားသုံးခံလိုက်ရကာ အရိုးအစအနပင် မကျန်ခဲ့ပေ။ ကျန်ရှိသော ထူးဆန်းသောတံခါးများ၏ လူများသည်လည်း ပိုမိုကောင်းမွန်နေဟန် မရှိဘဲ မရေမတွက်နိုင်လောက်အောင် များပြားသော မီးတောက်သတ္တဝါများသည် ၎င်းတို့ကို လျင်မြန်စွာ သတ်ပစ်နေကြသည်။
အစီအရင်၏အပြင်ဘက်တွင် မျက်မမြင်အဘွားအိုသည် သူမ၏မျက်လုံးများဖြင့် မည်သည့်အရာကိုမျှ မမြင်နိုင်သော်လည်း ဤထူးဆန်းသော အပြိုင်ပုံရိပ်များသည် သူမ၏စိတ်ထဲတွင် ထင်ဟပ်နေသည်။ သူမသည် အတွေ့အကြုံဗဟုသုတ များစွာ ရှိသူတစ်ဦး ဖြစ်သည့်တိုင် တစ်နေ့တွင် သက်ရှိလူသားများ ပြင်းထန်စွာ အော်ဟစ်ရုန်းကန်ရင်း အရိုးတခြား အသားတခြားဖြစ်ကာ သွေးများ အငွေ့ပျံသွားသည့်အထိ ဖြစ်နေသောအခြေအနေအား မြင်တွေ့ရလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဘူးပေ။ နောက်ဆုံးတွင် ထိုသူတို့၏ဇီဝကမ္မတစ်ခုလုံးသည် တည်ရှိနေရာမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
မိုအားဝူနှင့် ထာဝရခန်းမမှ ကျွမ်းကျင်သူများသာမက အဝေးကြည့်မှန်ပြောင်းများဖြင့် ပြတင်းပေါက်များမှ ကြည့်နေသော ဂီဆန်ဂျောနှင့် အဘိုးအိုနှစ်ယောက်တို့သည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့ကြရသည်။ ခြေလက်များ ပျောက်၊ ခေါင်းတွေပျောက်ပြီး နောက်ဆုံးတွင် လူတစ်ကိုယ်လုံး ကွယ်ပျောက်သွားသည့်အထိပင်။
ထန်ရှု စိတ်ထဲက သရော်လိုက်သည်။ ထူးဆန်းသောတံခါးများမှ ဤလူများသည် တာအိုချင်းကွမ်နှင့် သူ၏တပည့်များနောက်တွင် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြပြီးမှတော့ ၎င်းတို့အား အသက်ရှင်စေခြင်းသည် အနာဂတ်တွင် သူ့အတွက် ဘေးဒုက္ခတစ်ခုသာ ကျန်ရစ်စေမည်ဖြစ်သည်။ အနာဂတ်ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် ဤအခွင့်အရေးကို ယူကာ ၎င်းတို့အားလုံးကို တိုက်ရိုက်သုတ်သင်ပစ်ရပေမည်။
"တာအိုချင်းကွမ်၊ ကျင်းစန်းချီနဲ့ ကျင်းစီကျဲ။ ခင်ဗျားတို့ရဲ့ နောက်လိုက်ခွေးတွေအားလုံး သေကုန်ပြီ။ မင်းတို့ဆရာတပည့်သုံးယောက်ပဲ ကျန်တော့တယ်။ ဒီအစီအရင်လေးကို ခံစားကြည့်လိုက်ပါဦး။ ခင်ဗျားတို့သုံးယောက် ဒီအစီအရင်ကို ချိုးဖျက်နိုင်ရင် စိတ်မပူနဲ့ … ပိုကြီးကျယ်ခမ်းနားတဲ့ အရသာကို ငါက ဖန်တီးပေးမယ်။"
အစီအရင်အတွင်းကျရောက်နေသော တာအိုချင်းကွမ်သည် ဘာမှ မပြောသကဲ့သို့ အလျင်စလိုလည်း မပြုမူခဲ့ပေ။ သူ၏စိတ်ထဲတွင် လွန်စွာ တုန်လှုပ်ခြောက်ခြားနေသော်လည်း စိတ်အတွင်းမှ ထိုအစီအရင်ကမ္ဘာကြီးအား တိတ်တဆိတ် ကြည့်ရှုလေ့လာနေသည်။ ဤအစီအရင်အား သူ တစ်ခါမှ မမြင်ဖူးသော်လည်း ဤလောကတွင် အမှန်တကယ်ရှိသော အစီအရင်အကြောင်း ငယ်စဉ်က ဆရာသခင်က ပြောပြခဲ့ဖူးသည်။
ကျင်းစန်းချီနှင့် ကျင်းစီကျဲတို့နှစ်ယောက်သည်လည်း ကမူးရှူးထိုး ပြုမူခြင်း မရှိပေ။ အဆိုပါ ရှေးအဘိုးကြီးနှစ်ယောက်သည် နှစ်ပေါင်း၁၀၀ကျော် သက်တမ်းရှိပြီး ပုံမှန်မဟုတ်သော ကျင့်ကြံသူ အဘိုးကြီးများလည်း ဖြစ်သည်။
"ချီးတဲ့မှ မင်းက ဘယ်သူလဲ ထန်ရှု…"
နောက်ဆုံးတွင် ကျင်းစန်းချီသည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ ထန်ရှု၏အသံကို သူ ရှင်းရှင်းလင်းလင်း ကြားခဲ့ပြီး ထိုအရာသည် အခြားနည်းလမ်းဖြင့် ကောင်းစွာ အလုပ်လုပ်သည်မှာ သေချာသည်။
သို့သော် သူ့အသံ ထွက်ပေါ်လာသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ပုံရိပ်ယောင် မီးတောက်သတ္တဝါများသည် ဟိန်းဟောက်သံနှင့်အတူ သူ့ဆီသို့ ဒေါသတကြီး ပြေးဝင်လာကြသည်။ ဤအခိုက်အတန့်တွင် အောက်မှ ချော်ရည်ပူများပင် မြင့်တက်လာကာ ကောင်းကင်မှ ပြန်လျှံကျပြီး သူ့အား ပြင်းထန်စွာ သက်ရောက်သွားလေသည်။
သရော်လိုသော အရိပ်အယောင်အား ထန်ရှု၏ မျက်ဝန်းများထဲတွင် မြင်တွေ့နိုင်ပြီး သူက ကျယ်လောင်စွာ ရယ်မောကာ အော်ပြောလိုက်သည်။ “ငါက ဘယ်သူလဲ။ ငါက ခင်ဗျားအတွက် ဆက်ဆံရ ခက်ခဲပြီး စိတ်ကူးကြည့်ဖို့ မဖြစ်နိုင်လောက်တဲ့ လူတစ်ယောက်ပဲ။ ခင်ဗျား သေခါနီးနေပြီမို့ ငရဲပြည်ကို သွားပြီး မသေချာမရေရာတဲ့ သရဲတစ်ကောင် သွားဖြစ်လိုက်တော့။"
***