အနာဂတ်ပြဿနာအားလုံးကို ရှောင်ရှားခြင်း
Vol. 49 Ch. 679
ရွှေအမြုတေအဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော ကျွမ်းကျင်ပညာရှင်တစ်ဦးအနေဖြင့် ကျင်းစန်းချီသည် အစီအရင်တစ်ခုအတွင်း ပိတ်မိနေပြီး သူ၏အရှေ့တွင် အကျပ်အတည်းများနှင့် ရင်ဆိုင်ရသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏စစ်မှန်သော အဆီအနှစ်ကို ထုတ်လွှတ်ကာ မီးလျှံသတ္တဝါများကို အဆက်မပြတ် ဖျက်ဆီးရန် ဆန်းကြယ်သောပညာရပ်များကို ဖော်ဆောင်ခဲ့ပြီး သူ၏အစွမ်းထက်သော တိုက်ခိုက်မှုများသည် လှံအရိပ်အလွှာများပေါ်ရှိ အလွှာတစ်ခုကို ပိုင်းဖြတ်သွားစေသည်။
"အရှိန်အဟုန်က အရမ်းကောင်းပေမယ့် သူ့ရဲ့ စွမ်းအားက အားနည်းလွန်းတယ်။"
ကျင်းစန်းချီသည် သူ၏ တန်ပြန်တိုက်စစ်အား ပိုမိုပြင်းထန်စွာ ထုတ်ဖော်လာရင်း အနည်းငယ် မထီမဲ့မြင်ဖြစ်စပြုလာသည်။
ထိုအတောအတွင်း ကျင်းစီကျဲသည်လည်း ထိုမီးလျှံသတ္တဝါများနှင့် စတင်တိုက်ခိုက်နေခဲ့ပြီး လှံအရိပ်များမှ အန္တရာယ်များကို အကြိမ်ကြိမ် ရှောင်တိမ်းနေခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားသောကြောင့် ကျင်းစန်းချီကဲ့သို့ ပေါ့ပေါ့တန်တန် မတိုက်ခိုက်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်အတွင်း၌ သန့်စင်ဒဏ်ရာပျောက်ဆေး၏ ထိရောက်မှု ရှိနေသည့်တိုင် သူ့အပေါ်တွင် သိသိသာသာ အကျိုးသက်ရောက်မှု မဖြစ်သေးချေ။
သတ်ဖြတ်ရန် တိုက်ခိုက်ခြင်း … ဖျက်ဆီးရန် ကြေမွစေခြင်း…
သို့သော်လည်း တိုက်ခိုက်နေရင်းဖြင့် ကျင်းစီကျဲ၏ဒဏ်ရာများသည် ပို၍ ပြင်းထန်ဆိုးရွားလာသည်။ သူ့ခြေဖဝါးတွင် မီးလျှံမြွေနှစ်ကောင် ရစ်ပတ်နေသော အခိုက်အတန့်တွင် လှံရိပ်တစ်ချက်က သူ့ခါးဆီသို့ ထိုးဖောက်လာသည်။ သူ့ခါးကို ထိုးဖောက်လိုက်သော ဒဏ်ရာချက် ပြင်းထန်လာသည်နှင့်အမျှ မရေမတွက်နိုင်သော မီးလျှံသတ္တဝါများနှင့် လှံအရိပ်များက အနောက်က လိုက်ပါလာသောကြောင့် သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အစ်ကို … ငါ့အတွက် လက်စားချေပေး…။"
ကျင်းစီကျဲ၏ဒွာရခုနစ်ပေါက်မှ သွေးများ စီးကျလာသော်လည်း အပူလှိုင်းကြောင့် အငွေ့ပျံသွားသည်။ သူ၏သန်မာသော ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ဘေးဘက်ရှိ ချော်ရည်ပူထဲသို့ ပြိုကျသွားပြီး သံကဲ့သို့ မာကျောသော သူ၏ခန္ဓာကိုယ်သည် ဘယ်သောအခါမှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
"စီကျဲ…"
ကျင်းစန်းချီသည် သူ့ညီငယ်၏ အော်ဟစ်လိုက်သော အသံကို ရှင်းလင်းစွာ ကြားလိုက်ရပြီး သူ့နှလုံးသားသည် ရေခဲတွင်းတစ်ခုထဲသို့ ကျရောက်သွားသည့်အလားပင် အေးစက်သွားရတော့၏။ အမျက်ဒေါသနှင့် အမုန်းတရားသည် သူ၏မျက်နှာအား အကျည်းတန်သွားစေပြီး သူ၏ခြေလက်များဆီမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့ပတ်ဝန်းကျင်ရှိ မီးလျှံသတ္တဝါများကို တိုက်ခိုက်လိုက်ရုံသာမက သူ၏ကန်ကျောက်ခြင်းကို ခံလိုက်ရသော လှံအရိပ်များသည်ပင် ပေါက်ကွဲကာ မီတာဒါဇင်ပေါင်းများစွာ အနောက်သို့ လွင့်စဉ်ပျက်စီးသွားရသည်။
အခြားတစ်ဖက်တွင် တာအိုချင်းကွမ်သည် အစကတည်းက မလှုပ်ရှားသေးပေ။ မီးလျှံသတ္တဝါများစွာအား သူ့ခန္ဓာကိုယ်ပေါ်သို့ တွားသွားရန် ခွင့်ပြုခဲ့သော်လည်း သူ့နေရာ၌ ကျောက်တုံးကဲ့သို့ တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေခဲ့သည်။ အကဲခတ်မှန်းဆရင်းဖြင့် သူ မလှုပ်ရှားဘဲ ငြိမ်နေသရွေ့ ထိုမီးလျှံသတ္တဝါများက သူ့ကို တက်ကြွစွာ တိုက်ခိုက်မည်မဟုတ်ကြောင်း သူ သိရှိခဲ့သည်။ ထိုလှံရိပ်များသည်ပင် အမှုမဲ့အမှတ်မဲ့ လှည့်ပတ်ပျံဝဲနေပြီး ပစ်မှတ်မရှိဟုပင် ထင်ရပေသည်။
သို့သော် သူ့တပည့်၏ စူးစူးရှရှ အော်ဟစ်သံက သူ၏နှလုံးသားကို တုန်လှုပ်စေသည်။ နောက်ဆုံးတွင် သူ၏တုန်လှုပ်နေသော ခန္ဓာကိုယ်နှင့်အတူ သူ့ခန္ဓာကိုယ်တစ်ဝိုက် တွားသွားနေသော မီးလျှံသတ္တဝါများသည် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုအရှိန်အဟုန် ပိုမိုပြင်းထန်လာပြီး လိမ့်တက်လာသော လေလှိုင်းများက မီတာတစ်ဒါဇင်အတွင်းရှိ အရာခပ်သိမ်းအား လွင့်စဉ်သွားအောင် အဝေးဆီသို့ လွှင့်ပစ်ကာ အစိတ်စိတ် အမွှာမွှာဖြစ်သွားစေသည်။
ငါ ချိုးဖြတ်ရမယ် … အားသုံးပြီးကို ချိုးဖြတ်ရမယ်…
စွမ်းအားနှင့် ခွန်အားကို တာအိုချင်းကွမ်က အခိုင်အမာ ထိန်းသိမ်းထားသည်။ အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရပါက မည်သည့်အတားအဆီးကိုမဆို ဆွဲချ၊ ပျက်ပြယ်စေကာ ကြမ်းတမ်းသောပုံစံဖြင့် ဖျက်ဆီးပစ်နိုင်သည်ဟု သူ ယုံကြည်သည်။ အစစ်အမှန် အဆီအနှစ်သည် မြစ်တစ်စင်းသဖွယ် တဟုန်ထိုး မြင့်တက်လာပြီးနောက် သူ၏ရွှေအမြုတေကို ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထုတ်လွှတ်လိုက်ပြီး သူ၏အရှေ့က လေထုဆီသို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပစ်လွှတ်လိုက်သည်။
ဘန်း...
လေထု၏အလယ်အလွှာရှိ လှိုင်းလုံးကြီးများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသဖြင့် ဘေးပတ်ဝန်းကျင်ရှိ တောက်လောင်နေသော ကမ္ဘာအတွင်း၌ လှိုင်းလုံးများ ပေါက်ကွဲလာသည်။ ခဏကြာတွင် အက်ကွဲကြောင်းများက ပျောက်ကွယ်သွားပြီး လှိုင်းလုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ တာအိုချင်းကွမ်၏မျက်နှာသည် အတန်ငယ် အကျည်းတန်သွားရသည်။ သူ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သန့်စင်သောခွန်အားကို အသုံးပြုကာ ဤအစီအရင်ကို ဖျက်စီးရာတွင် ကျဆုံးခဲ့ပေသည်။ ထိုအရာကို သူ လက်မခံနိုင်ပါချေ။
"မင်း ဒီအစီအရင်ကို ဘယ်လောက်ကြာကြာ ပံ့ပိုးပေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်။"
တာအိုချင်းကွမ်သည် သွေးအဆီအနှစ်အား ပါးစပ်တစ်လုပ်အပြည့် ဖိအားပေးထုတ်လိုက်ရာ အစစ်အမှန်မီးစက်ဝိုင်းသည် အစစ်အမှန် အဆီအနှစ် ပမာဏများစွာဖြင့် ဖုံးအုပ်ထားသော ရွှေအမြုတေမှ ရုတ်တရက် ထွက်ပေါ်လာသည်။ အရှိန်အဟုန် ဆက်ပြီး မြင့်တက်လာသည်နှင့်အမျှ သူသည် သူ့အရှေ့မှ လေထုအား နောက်တစ်ကြိမ် ထိုးနှက်လိုက်သည်။ ယခုတစ်ကြိမ်တွင် ပတ်ဝန်းကျင်လေထုအတွင်း လှိုင်းဂယက်များ ပိုမိုပြင်းထန်လာပြီး အက်ကွဲကြောင်းများသည်လည်း အစောပိုင်းကထက် ပိုမိုကျယ်ပြန့်လာကာ ပြင်းထန်သော ငလျင် လှုပ်ခတ်သွားသော်လည်း အစီအရင်သည် ယခင်ကဲ့သို့ ပြန်လည်ကောင်းမွန်နေဆဲဖြစ်သည်။
“ယီးပဲ ချိုးဖြတ်ရုံပဲကို။ ကျိုးပျက်… ကျိုးပျက်… ကျိုးပျက်စမ်း…"
ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး အဆက်မပြတ် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ လေထုထဲတွင် အက်ကွဲကြောင်းများ တိုးတိုးလာသဖြင့် အရှေ့ ရှိ တောက်လောင်နေသော ကမ္ဘာကြီးသည် တုန်လှုပ်သွားသည်။ ဝုန်းဆန်နေသော တိုက်ခိုက်မှုအရေအတွက် တိုးလာသည်နှင့်အမျှ တောက်လောင်နေသော ကမ္ဘာကြီးသည် အချိန်မရွေး အစိတ်စိတ်အပိုင်းပိုင်း လွင့်စဉ်တော့မည့်ဟန်ရှိပြီး လှံအစီအရင်လည်း ထိုနည်းလည်းကောင်းပင်။
အစီအရင်၏အလယ်တွင် ရှိနေသော ထန်ရှု၏ မျက်နှာသည် အတန်ပင် ရှုံ့မဲ့သွားရသည်။ အစီအရင်ကို ထောက်ပံ့ပေးရန်အတွက် သူ၏မူလဖရိုဖရဲစွမ်းအား အားလုံးကို ထုတ်လွှတ်ပေးခဲ့သော်လည်း တာအိုချင်းကွမ်၏တိုက်ခိုက်မှုများသည် တကယ်ကို သန်မာပြင်းထန်လွန်းလှသည်။ ၎င်းကို ထိန်းချုပ်ရန် ထန်ရှု အလုံးစုံ သုံးထားရသော်လည်း အစီအရင်သည် ကျိုးပဲ့သွားမည့်သဘော ရှိနေသေးသည်။ ထန်ရှု ကြံ့ကြံ့ခံလိုက်ပြီး သူ၏လက်နှစ်ဖက်ကို လှန်ကာ သူ ချန်ထားသော တိုက်ခိုက်ရေးအဆောင်၊ ဒေါသမီးတောက်အဆောင်နှင့် လျှပ်စီးအလင်းအဆောင်များကို ထုတ်ယူလိုက်သည်။
“သတ်…”
သူ အော်ဟစ်လိုက်သည်။ ဒေါသမီးတောက် အဆောင်နှစ်ခုနှင့် လျှပ်စီးအလင်း အဆောင်တစ်ခုသည် ကျင်းစန်းချီအနီးတစ်ဝိုက်တွင် ချက်ချင်းပေါ်လာကာ ပေါက်ကွဲသွားပြီး ထိုသူ့ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေသည်။ ကျန်သည့်ဒေါသမီးတောက် အဆောင်သုံးခုနှင့် လျှပ်စီးအလင်းအဆောင်သုံးခုသည် တာအိုချင်းကွမ်၏အနီးတစ်ဝိုက်တွင် ချက်ချင်း ပေါ်လာပြီး မီးတောက်ပင်လယ်ကြီးနှင့်အတူ သူ့အား တိုက်ရိုက်ဖုံးလွှမ်းသွားသည်။ ဒါဇင်နှင့်ချီသော မိုးကြိုးများက တာအိုချင်းကွမ်အား တခဏချင်း တိုက်ခိုက်ကြတော့သည်။
တာအိုချင်းကွမ်သည် သွေးအဆီအနှစ်အား ပါးစပ်အပြည့်တစ်လုပ် ထုတ်လိုက်ပြန်သည်။ ထိုတိုက်ခိုက်မှုဒဏ်ကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရကာ ဗြောင်းဆန်သွားသည်ကို ခံစားမိရသည်။ ပူလောင်သော ခံစားမှုကြောင့် သူ့အား အသက်ရှူမ၀ မွန်းကျပ်စေသည့်အပြင် ပုတီးစေ့အရွယ် ဒဏ်ရာဒဏ်ချက်များ ဖြစ်စေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်ကာ သွေးချင်းချင်းရဲနေတော့သည်။ သို့တိုင် သူ့အတွင်း၌ ရက်စက်ကြမ်းကြုတ်သော သဘာဝသည် ဤအခိုက်အတန့်တွင် နှိုးထမှုအပြည့် ရှိနေသည်။ အနည်းငယ်တုန်လှုပ်သောအသံဖြင့် မန္တာန်ကို ရွတ်ဆိုနေစဉ်တွင် သူ၏သွေးအဆီအနှစ်အား သူ၏ရွှေအမြုတေထဲသို့ ပေါင်းထည့်လိုက်သည်။ သူ့အသက်ကို လောင်းကြေးထပ်ကာ ရှေ့သို့ ထိုးစိုက်ပြီး သူ့မှာရှိသမျှ အရာအားလုံးကို ရူးသွပ်စွာ ချက်ချင်း ဖောက်ခွဲပစ်လိုက်သည်။
ဘန်း…
ခရက်...
လှံအစီအရင်သည် အစိတ်စိတ် အပိုင်းပိုင်း ကွဲသွားသော ဖန်ခွက်တစ်ခုအလား မျက်စိတစ်မှိတ်အတွင်း ပြိုကွဲသွားတော့သည်။
အစီအရင်အတွင်း အလယ်အူတိုင်နေရာတွင် ရှိနေသော ထန်ရှုသည် ရုတ်တရက် ပေါက်ကွဲမှုအား သူ၏ခန္ဓာကိုယ်နှင့် ကြံ့ကြံ့ခံခဲ့ရာ အစီအရင်၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။ အကယ်၍ သူ့တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်သာ မရှိခဲ့ပါက ထိုတုံ့ပြန်မှုမှ ဖြစ်ပေါ်လာသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကိုပင် ပေါက်ကွဲသွားစေရန် လုံလောက်ပေသည်။ သို့သော်လည်း ဤဒဏ်ရာမျိုးသည် ပုံမှန်ဒဏ်ရာမျိုးသာ ဖြစ်သောကြောင့် ထိုကဲ့သို့ ဆိုးရွားနေသော အခြေအနေတွင် သူ ခေါင်းအေးအေးထားနေဆဲ ဖြစ်သည်။ ချက်ချင်းပင် သူ၏ပုံရိပ်သည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီး ဆိုးရွားစုတ်ပြတ်နေသော ဒဏ်ရာဒဏ်ချက်များနှင့် အာရုံပျံ့လွင့်နေသည့် ကျင်းစန်းချီ၏အရှေ့တွင် ချက်ချင်း ပေါ်လာသည်။
ရွှပ်...
သွေးသောက်ဓားမြှောင်ဆီက စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ချက်ခြင်းပဲ ကျင်းစန်းချီ၏ဦးခေါင်းသည် လွင့်ပျံသွားတော့သည်။ ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်ရန် ခြေလှမ်းဝက်သာ လိုတော့သော ကျင်းစန်းချီ၏ဦးခေါင်းတွင် ကြေးခေါင်းလောင်းတစ်လုံးကဲ့သို့ ပြူးကျယ်စွာ စိုက်ကြည့်နေသော မျက်လုံးများ ရှိသည်။ ဦးခေါင်းမဲ့ ခန္ဓာကိုယ်နှင့်လည်ပင်းမှ သွေးများ ထွက်လာသည်ကို ကြည့်ရင်း ကမ္ဘာကြီး ချာချာလည်နေသည်ကို သူ ကြည့်နေရသည်။
မီတာတစ်ရာကျော် အကွာအဝေးတွင်…
မျက်မမြင်အဘွားအို၏နတ်ဘုရားအာရုံသည် လှုပ်ရှားမှုနယ်ပယ်တစ်လျှောက်လုံးတွင် လွှမ်းခြုံထားပြီး သူမသည် တိုက်ပွဲမြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း “မြင်” ခဲ့သည်။
အစီအရင် ပျက်သွားသောအခါ ထန်ရှုသည် ရုတ်တရက် ရှေ့သို့တိုးဝင်သွားပြီး ကျင်းစန်းချီအား သတ်ပစ်လိုက်မှုသည် သူမအား ထိတ်လန့်သွားစေသည်။ သူမ မည်မျှပင် အတွေ့အကြုံရှိသည့်တိုင် ထိုအချင်းအရာအား ယုံရခက်ပေသည်။
ကျင်းစန်းချီ၏ခွန်အားသည် ကျင်းစီကျဲထက် အနည်းငယ် ပိုမို သန်မာကြောင်း ထင်ရှားသည်။ ထန်ရှုသည် ငယ်ရွယ်သေးသည်။ သူက အစီအရင်ကို အားကိုးရင်တောင်မှ ကျင်းစီကျဲကိုသတ်ပြီးနောက် ကျင်းစန်းချီကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။
မိုအားဝူ၊ ကျင်းရှီနှင့်ကျန်သောသူများမှာ ရုတ်တရက် ထိတ်လန့်သွားသော်လည်း အံ့အားသင့်ကာ စိတ်အားထက်သန်နေပုံရသည်။ သူတို့သည် ထန်ရှုကို ကြည်ညိုကိုးကွယ်သည့် အမူအရာဖြင့် ကြည့်ကာ “အသက်ရှည်ပါစေ…” ဟု ကျယ်လောင်စွာ အော်ဟစ်ကြသည်။ ထန်ရှု၏စွမ်းဆောင်မှုက သူတို့ကို လွန်စွာ အထင်ကြီးလေးစားစေသည်။ အဝေးက အဆောက်အဦးငယ်လေးထဲတွင် ဂီဆန်ဂျောနှင့် အဘိုးအိုနှစ်ယောက်သည်လည်း မယုံနိုင်စရာ တစ်ခုခုကို တွေ့လိုက်ရသည့်အလား ပါးစပ်အာစေးမိကာ အံသြနေကြသည်။
ကျင်းစီကျဲနှင့် ကျင်းစန်းချီတို့က ထူးဆန်းသော တံခါးများ၏ထူးချွန်သူများလိုပဲ သေဆုံးသွားခဲ့တာလား။
ဤအဖြစ်အပျက်တွင် သူကိုယ်တိုင် မပါဝင်မိသည့်အတွက် ဂီဆန်ဂျောတစ်ယောက် ဝမ်းသာအားရဖြစ်ကာ စိတ်အတွင်းထဲတွင် အလွန်ကံကောင်းသည်ဟု ခံစားမိသည်။ နို့မဟုတ်ပါက သူ၊ အကြီးအကဲနှစ်ယောက်နှင့် အဆိပ်ဂိုဏ်း၏ မျိုးဆက်သစ်များပင် သင်္ချိုင်းမြေမရှိဘဲ သေဆုံးသွားရပေလိမ့်မည်။ ထို့အပြင် ထန်ရှုနှင့် တခြားသူများသာ နောက်ကျမှ ရောက်လာခဲ့ပါက သူ့အနေဖြင့် မျက်နှာသာပေးမှုကို ရရှိနိုင်မည့်အတွက် နောင်တရသလို ခံစားနေရသည်။
ထန်ရှုသည် အချိန်သည် အလွန် ရှားပါးနေသောကြောင့် အခွင့်အရေးကို ရယူရန် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ကျင်းစန်းချီသည် လျှပ်တပြက်အတွင်း ခေါင်းဖြတ်ခံရသောကြောင့် တာအိုချင်းကွမ်ပင် မတုံ့ပြန်နိုင်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူ့ဘဝ၌ မရေမတွက်နိုင်သော မုန်တိုင်းများနှင့် လှိုင်းထန်မှုများကို ဖြတ်သန်းခဲ့ရသော်လည်း တာအိုချင်းကွမ်သည် ဝမ်းနည်းပူဆွေးကာ မျက်ရည်ကျနေရဆဲဖြစ်သည်။ သူသည် ထိုတပည့်နှစ်ယောက်ကို တစ်သက်လုံးနီးပါး ကျွေးမွေးပြုစုပျိုးထောင်ခဲ့ပြီး ၎င်းတို့သည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့ကာ ရွှေအမြုတေအဆင့်သို့ ခြေလှမ်းလုနီးနီးပင် ဖြစ်ခဲ့ကြသော်လည်း ဤကဲ့သို့ အသတ်ခံလိုက်ကြရသည်။ ဤသည်မှာ သူ့နှလုံးသားကို ဓားထက်ထက်ဖြင့် အသေအချာ ဖြတ်တောက်လိုက်သည့်အလားပင်။
"ငါ မင်းကို သတ်မယ်…"
တာအိုချင်းကွမ်က ကြုံးဝါးလိုက်ပြီး သူ၏ရွှေအမြုတေတောက်ပြောင်မှုသည် လွန်စွာ မှိန်ဖျော့သွားကာ အရွယ်အစားသည် တစ်ဝက်ခန့် ကျုံ့သွားသည်။ သို့သော် သူသည် ၎င်းကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ထန်ရှုဆီသို့ ဒေါသတကြီး ပြေးဝင်လာခဲ့သည်။
ဒီကောင်စုတ်လေးကို မသတ်ရင် သူ့နှလုံးသားထဲက အမုန်းတရားတွေ ဘယ်တော့မှ မပြေနိုင်ဘူးကွ။
ပြင်းထန်ပြီး ခါးသီးသော သည်တိုက်ပွဲတွင် သူ ဆက်လက် ပါဝင်နေမည်ဆိုပါက ဒဏ်ရာပြင်းထန်စွာ ရရှိမည်ဆိုသည်ကို သူ သိပ်ဂရုမစိုက်နိုင်တော့ဘဲ ပြင်းထန်သော ဒေါသတရားများကြားတွင် တစ်ခုသာ အတွေးရှိတော့သည် - ထန်ရှုကိုသတ်ပြီး ငါ့တပည့်တွေအတွက် လက်စားချေမယ်…။
“ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင် နှစ်ရာနဲ့ချီပြီး ကျင့်ကြံလိုက်ဦး။ ဟားဟားဟား…" ထန်ရှုသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရွှေအမြုတေ ပေါက်ကွဲလာမှုအား ကြိုဆိုရန် ချွန်ထက်သော မြှားတစ်စင်းသဖွယ် သူသည် အရှေ့သို့ ထိုးဆင်းသွားသည်။ ပြင်းထန်ပြီး အားကြီးသော မူလဖရိုဖရဲ စွမ်းအားသည် သူ၏လက်မောင်းများဆီသို့ တရကြမ်း စီးဆင်းလာကာ သူ့ဆီဦးတည်လာနေသည့် ပေါက်ကွဲနေသော ရွှေအမြုတေအား ထိုးနှက်လိုက်သည်။
မီတာတစ်ရာအကွာအဝေးရှိ မျက်မမြင်အဘွားအို၏ အမူအရာမှာ အကြီးအကျယ် ပျက်သွားကာ ထိတ်လန့်တကြား အော်လိုက်သည်။
“မလုပ်နဲ့…”
ဘန်း…
ထန်ရှု၏ခန္ဓာကိုယ်သည် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရပြီး တုန်ရီနေသော ခန္ဓာကိုယ်အား တည်ငြိမ်အောင် ထိန်းထားရန် ကြိုးစားကာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်ရှိသော်လည်း သူ၏လက်ချောင်းများသည် ကျိုးပဲ့သွားသည့်အပြင် သူ၏လက်သီးတစ်ခုလုံးသည်လည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။ တတ်နိုင်သမျှ သူ၏အရှိန်ကို ရပ်တန့်လိုက်ပြီးသည်နှင့်တပြိုင်နက် စိတ်ဝိညာဉ် လှံရှည်ကို ကောက်ယူပြီး တာအိုချင်းကွမ်ဆီသို့ တန်းပစ်ထည့်လိုက်ရာ ချက်ချင်းပင် တာအိုချင်းကွမ်၏ နောက်ကျောအား ထိုးဖောက်သွားတော့သည်။
"ဘယ် - ဘယ်လို … ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဒွာရခုနစ်ပေါက်မှ သွေးများယိုစီးကျနေသော တာအိုချင်းကွမ်သည် သူ့ရင်ဘတ်ရှိ အပေါက်ကြီးအား ငုံ့ကြည့်နေမိသည်။ ထန်ရှု၏ပြင်းထန်သောလက်သီးနှင့် ထိပ်တိုက်တွေ့ပြီးနောက် သူ၏ရွှေအမြုတေသည် ပေါက်ကွဲပျက်စီးသွားခဲ့သည်။ သူ့အား ပြင်းထန်သော ဒဏ်ရာဖြင့် နောက်ဆုတ်သွားစေပြီး ထိုဒဏ်ရာအား ခံနိုင်ရည်ရှိရန် ခက်ခဲလှပေသည်။ ထို့ပြင် လှံဒဏ်ရာက ထပ်ပေါင်းလိုက်သောကြောင့် သူ၏ရင်ဘတ်နှင့်နှလုံးကို တိုက်ရိုက်ထိသွားကာ အသက်စွမ်းအားသည် အဆက်မပြတ် လျော့ကျလာသည်။
အဟွတ် … အဟွတ် … အဟွတ် …
ထန်ရှု၏မျက်နှာသည်လည်း သွေးရောင်မရှိ ဖြစ်နေသည်။ ပါးစပ်အပြည့် သွေးနှစ်လုပ်ကို ချောင်းဆိုးပြီးနောက် တာအိုချင်းကွမ်ကို လှမ်းကြည့်ကာ ခနဲ့လိုက်သည်။
"ကျင့်ကြံမှုအဆင့်နဲ့ပတ်သက်လာရင် ကျွန်တော်က ခင်ဗျားထက် နိမ့်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်က ခန္ဓာကျင့်စဉ်ကို ကျွမ်းကျင်စွာ ကျင့်ကြံထားတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ခင်ဗျားထက် ဆယ်ဆ သန်မာတယ်။ တာအိုချင်းကွမ် … ကျွန်တော့်စကားကို မှတ်ထားပါ။ နောင်ဘဝမှာ ကျွန်တော့်ရန်သူ လာမဖြစ်ပါစေနဲ့။"
"နောက်ဘဝထိတောင်လား။" တာအိုချင်းကွမ်က ရေရွတ်လိုက်သည်။ ထိုစကား ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ ဗုန်းကနဲ ပြုတ်ကျကာ နောက်ဆုံးထွက်သက်သည် ထွက်ခွာသွားတော့လေ၏။
ထန်ရှုက အေးစက်စက် အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူဆီသို့ အပြေးလာနေသော မျက်မမြင်အဘွားအို၊ မိုအားဝူနှင့် အခြားသူများထံ လှည့်ကြည့်လိုက်သည်။ သူက ချက်ချင်း လက်ကောက်ဝတ်ကို လွှဲကာ အကြောဖြေလိုက်ပြီး
“ကျွန်တော် အဆင်ပြေပါတယ်။ ဒဏ်ရာ နည်းနည်းပဲ ရတာပါ။ ဒီဆရာတပည့်တွေကို သတ်ဖို့ အမှန်တကယ်ကို ခွန်အားနဲ့အားစိုက်လိုက်ရပေမယ့် သူတို့ကို ဖယ်ရှားလိုက်တဲ့အတွက် ကျွန်တော်တို့ အပိုစိုးရိမ်စရာ မရှိတော့ဘူး။"
"ထန် ရှု … နင်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနိုင်တာလဲ။" မျက်မမြင်အဘွားအိုက ရေရွတ်လိုက်သည်။
“အဲ့ဒီအဘိုးကြီးက အနှစ်နှစ်ရာကျော်နေထိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်မှာ စွမ်းအားရှိတယ်။ ဒါတောင် မင်းက ငယ်သေးလို့ ဒီလောက် အကြာကြီး မကျင့်ကြံရသေးဘူး မဟုတ်လား။”
"ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။" ထန်ရှုက အပြုံးဖြင့် ပြန်ဖြေသည်။
"တာအိုချင်းကွမ်တို့ ဆရာတပည့်တွေက အလွန်မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်တွေ ရှိပြီး သူတို့ရဲ့ တိုက်ခိုက်ရေးနည်းပညာတွေက ကြောက်စရာ ကောင်းတယ်။ ကျွန်တော် သူ့ကို တန်းမတိုက်ခဲ့ဘူး ဆိုရင်တောင် အဲ့ဒါကို အောင်မြင်အောင်လုပ်ဖို့ ခွန်အားနဲ့ အားစိုက်မှု နည်းနည်းတော့ လိုအပ်ပေမယ့် သူ့ကိုသတ်ဖို့ နည်းလမ်းတွေ မရေမတွက်နိုင်အောင် ရှိပါသေးတယ်”
မျက်မမြင်အဘွားအို တိတ်ဆိတ်သွားသည်။ ထန်ရှုကို သူမ နှံ့နှံ့စပ်စပ် ပြည့်စုံစွာ လုံးဝမမြင်နိုင်ပေ။
ထန်ရှုသည် ဖြည်းညှင်းစွာ ခေါင်းမော့လာပြီးနောက် အဝေးက အဆောက်အဦးငယ်လေးဆီသို့ သူ့အကြည့်ကို ပြောင်းလိုက်သည်။
"ဒီအမဲလိုက်ကွင်းပိုင်ရှင်အနေနဲ့ ဂီဆန်ဂျောက ကိုယ့်ဧည့်သည်ကို နှုတ်မဆက်သင့်ဘူးလား။"
***