← Chapters

သစ္စာစောင့်သိရန် ကတိပြုခြင်း

Vol. 49 Ch. 680

သစ္စာစောင့်သိရန် ကတိပြုခြင်း

Vol. 49 Ch. 680

အခြားနှစ်ထပ်တိုက်ငယ်လေးအတွင်း ဂီဆန်ဂျော၏ အသက်ရှူသံများ ရပ်တန့်သွားသည့်အလား ဖြစ်သည်။ အဘိုးအိုနှစ်ယောက်ကို လှည့်ကြည့်လိုက်ရာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။

ခဏအကြာတွင် ဂီဆန်ဂျောသည် အခြားအဘိုးအို နှစ်ယောက်နှင့်အတူ ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။ မြေပြင်ပေါ်ရှိ လူသေအလောင်းများကို ကြည့်လိုက်ပြီး ရှုပ်ထွေးသောအရိပ်အယောင်များကို သူ့မျက်လုံးများတွင် မြင်နိုင်သည်။ ထို့နောက် သူက အားတင်းပြုံးပြလိုက်ပြီး

"မင်းကို ကျင့်ကြံသူတစ်ယောက်အဖြစ်ရော၊ မင်းမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိလိမ့်မယ်ဆိုတာကိုရော ငါ မမျှော်လင့်ထားမိဘူး။ ကြည့်ရတာ ငါ့ရဲ့စိုးရိမ်မှုက အခြေအမြစ်မရှိခဲ့တဲ့ပုံပဲ။”

"ခင်ဗျားကိုလည်း ထူးဆန်းသော တံခါးများရဲ့ အဖွဲ့ဝင် ဖြစ်လိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး ပိုင်ရှင်ဂီဆန်ဂျော။ ဒါ့ထက် ခင်ဗျားရဲ့အဆင့်အတန်းက အဖွဲ့ထဲမှာ တော်တော်မြင့်တယ်မလား။"

ထန်ရှုက ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသည်။

"ငါက အဆိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါ။ ဒါပေမယ့် တခြားအဖွဲ့ ဂိုဏ်းသားတွေရဲ့အငြင်းပွားမှုတွေမှာတော့ ငါ မပါဝင် မပတ်သက်ဘူး။" ဂီဆန်ဂျောက ပျာပျာသလဲ ရှင်းပြသည်။

"ငါတို့ ကမ်းဇတ်မှာ နှစ်အတော်ကြာ နေခဲ့တာ တခြားသူတွေကို ဘယ်တော့မှ မနှောင့်ယှက်ခဲ့ပါဘူး မစ္စတာထန်။ ထူးဆန်းသောတံခါးများမှ လူတွေက မင်းကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့တယ်ဆိုရင် ငါတို့ရဲ့ အဆိပ်ဂိုဏ်းကို ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ တာအိုချင်းကွမ်၊ ကျင်းစန်းချီနဲ့ ကျင်းစီကျဲတို့ ဒီနေရာမှာ နေတယ်ဆိုတာက သူတို့ကို ငါတို့ မောင်းမထုတ်ရဲသလို မောင်းထုတ်နိုင်စွမ်းလည်း မရှိလို့ပါ။”

“ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အခြားသူတွေရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ခြင်းကလည်း တရားဥပဒေအရဆိုရင် အပြစ်ရှိတယ်လို့ ယူဆနိုင်တယ် မဟုတ်လား။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ဂီဆန်ဂျောက သူ့လက်ကို ဖြန့်ပြီး

“ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ် မစ္စတာထန်။ မင်းက ငါတို့လို အသိမရှိတဲ့၊ ဉာဏ်နည်းတဲ့လူတွေကို ဆိုးဆိုးရွားရွား မဆက်ဆံလောက်ဘူးထင်ပါတယ်။”

"လွယ်ပါတယ်။" ထန်ရှုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

" ထူးဆန်းတဲ့တံခါးများ လက်အောက်က အင်အားစုတွေကက ကျင်းစန်းချီနဲ့ ကျင်းစီကျဲတို့ရဲ့ လှည့်စားတာကို ခံပြီး အကြီးအကဲ အလုပ်ခံခဲ့တာကို ကျွန်တော် အတော် စိတ်ပျက်မိတယ်။ သူတို့ အရင်က လုပ်ခဲ့တဲ့ အမှားတွေအတွက် ခင်ဗျား ပြင်ဆင်နိုင်ပြီး အဲဒီအင်အားစုတွေအားလုံးကို ဖယ်ရှားပေးနိုင်ရင် ငါ မင်းကို ဘာမှ မလုပ်ဘူး။”

ဂီဆန်ဂျော၏အမူအရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ရုတ်တရက် လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်ရင်း

“ဂီဆန်ဂျောက မင်းကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ် မစ္စတာထန်…”

ငါ့ကို အလုပ်အကျွေးပြုမယ်တဲ့လား။ သူ့ကိုယ်သူ နှိမ့်ချပြီး သူ့အပြစ်တွေကို ကောင်းတာတွေနဲ့ ပြုပြင်ချင်နေတာ မဟုတ်ဘူးလား။

ထန်ရှု၏စိတ်သည် ထက်ရှလာသည်။ ဂီဆန်ဂျော၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိနေသော်လည်း သူက ခပ်ယဲ့ယဲ့ပြုံးကာ လက်သုံးချောင်းထောင်ပြပြီး

“သုံးနှစ်။ မင်းတို့ အဆိပ်ဂိုဏ်းရဲ့ လုပ်ရပ်နဲ့ လုပ်ဆောင်ချက်တွေက ဒီသုံးနှစ်အတွင်း ငါ့ကို ကျေနပ်စေနိုင်ရင် အနာဂတ်မှာ မင်းကို နောက်ထပ်တစ်လှမ်း တိုးပေးဖို့ ငါ စဉ်းစားပေးမယ်။”

ဒီဟာက အလုပ်သင်ကာလလိုပဲပေါ့။

ဂီဆန်ဂျော၏မျက်လုံးများ အရောက်တောက်လာပြီး စိတ်လှုပ်ရှားမှုများဖြင့်

"ငါ ဂီဆန်ဂျောနဲ့အတူ ငါ့နောက်ကွယ်က အဆိပ်ဂိုဏ်းတစ်ခုလုံးပါ မစ္စတာထန်အတွက် ထာဝရ တာဝန်ထမ်းဆောင်သွားမှာပါ။ ဘာပဲလုပ်ခိုင်းခိုင်း ငါတို့ရဲ့ စွမ်းဆောင်နိုင်သမျှ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်အောင် အကောင်းဆုံး လုပ်ပေးပါ့မယ်။”

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲခိုလာကာ ခေါင်းညိတ်ပြပြီး

"ဒါဆို ခင်ဗျားရဲ့ပထမဆုံးတာဝန်က ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ ထူးဆန်းတဲ့တံခါးများက လူအားလုံးကို ရှင်းပစ်ဖို့ပါပဲ။ သူ့နာမည်က မိုအားဝူ။ ကျွန်တော့်ရဲ့လူအနည်းငယ်ကို သူ ဦးဆောင်ပြီး ဒီမှာ နေရင်း ခင်ဗျားကို ကူညီခိုင်းလိုက်မယ်။ နောက်ဆယ်ရက်ကြာရင် ရှင်းခိုင်းထားတဲ့ လူတွေအားလုံး ငရဲပြည်ရောက်နေလောက်ပြီလို့ မျှော်လင့်တယ်။”

“ကောင်းပါပြီ။”

ဂီဆန်ဂျောသည် မိုအားဝူတို့အဖွဲ့မှ ပိုင်ဆိုင်သည့် ခွန်အား အတိုင်းအတာကို မသိသော်လည်း ထန်ရှု၏အနောက်သို့ လိုက်နိုင်ခြင်းကြောင့် ထိုသူများသည်လည်း ကျင့်ကြံသူများဖြစ်လိမ့်မည်ဟု သူ တွေးမိသည်။ များစွာသော ကျင့်ကြံသူများ၏အကူအညီဖြင့် ထိုမိသားစုရှစ်စုအား သာသာယာယာပင် အမြစ်ပြတ်ချေမှုန်းပစ်နိုင်ပါလိမ့်မည်။

ထို့နောက် ထန်ရှုသည် အလျင်စလို မထွက်ခွာဘဲ သူ့ကိုယ်သူ ကုစားရန် အမဲလိုက်ကွင်းတွင် ခေတ္တ နေခဲ့သည်။ သူ့ဒဏ်ရာသည် မပြင်းထန်ဟုဆိုသော်ငြား ပေါ့ပေါ့သေးသေး ဒဏ်ရာလည်း မဟုတ်ပါချေ။ အထူးသဖြင့် လှံအစီအရင်များ ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်မှုသည် သူ၏ကိုယ်တွင်းအင်္ဂါများအား ပူလောင်နာကျင်မှုကို ဖြစ်ပေါ်ခံစားရစေသည်။ သူ့ကိုယ်သူ စောနိုင်သမျှ စောလျင်စွာ မကုသပါက ထိုဒဏ်ရာသည် ငုပ်လျှိုးနေသည့် အန္တရာယ် ဖြစ်သွားနိုင်ပေသည်။

နောက်တစ်နေ့ နေ့လည်တွင် ထန်ရှု အခန်းထဲမှ ထွက်လာသောအခါ မိုအားဝူက မျက်မမြင်အဘွားအို ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် သည်နှစ် ဇွန်လတွင် ရှန်ဟိုင်း၏ထာဝရခန်းမသို့ ထန်ရှုအား သူမ လာရောက် ရှာမည်ဖြစ်ကြောင်း မိုအားဝူမှတဆင့် သတင်းစကား ပါးထားခဲ့သည်။

"သူဌေး … အဆိပ်ဂိုဏ်းက အားလုံးပြင်ဆင်ပြီးပြီမို့ ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။"

နေ့လယ်စာစားချိန်တွင် ဂီဆန်ဂျောက အလျင်အမြန် ရောက်လာကာ ပြောလိုက်ခြင်းဖြစ်သည်။

"ဒါဆို မင်း အဆင်သင့် ဖြစ်နေပြီဆိုတော့ စဖို့ အချိန်ကျပြီ။" ထန်ရှုက ပြောသည်။

“နောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ အန္တရာယ်တွေကို မချန်ထားခဲ့နဲ့။ နောက်ပြီး ဆူညံသံတွေ အများကြီး ဖန်တီးလို့ မရဘူးဆိုတာ သတိရပါ။ လက်ရှိအချိန်က လူ့အဖွဲ့အစည်းသစ်တစ်ခု စတင်မယ့်အချိန် ဖြစ်နေတယ်။”

ဂီဆန်ဂျောက ကျိုးနွံ့သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ တကယ်တမ်းတွင် ဂီဆန်ဂျောသည် သူ့အလုပ်အား မည်ကဲ့သို့ လုပ်ရမည်ကို သိနေသောကြောင့် ထန်ရှုသည် သူ့အား သတိပေးရန်ပင် မလိုအပ်ပေ။ လက်ရှိအခြေအနေအရ မီဒီယာများသည် သတင်းရယူမှု မြန်ဆန်ပြီး သတင်းကောင်းများ ထုတ်ပြန်ရာတွင် မြန်ဆန်ကြပေရာ အဆိပ်ဂိုဏ်း၏ အကျွမ်းကျင်ဆုံး အရာဖြစ်သော မမြင်နိုင်သော အဆိပ်ဖြင့် မမြင်ကွယ်ရာတွင် လုပ်ကြံခြင်းသာ အကောင်းဆုံး ဖြစ်ပေသည်။

“သူဌေး … အဲ့ဒီမိသားစုရှစ်စုနဲ့ ထူးဆန်းသောတံခါးများရဲ့ အင်အားစုတွေက ငါ သိသလောက် အာဏာရှိကြတယ်။ သူတို့ကိုသတ်ပြီးရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်လိုစီမံသင့်လဲ။” ကျင်းရှီက ရုတ်တရက် မေးလာသည်။

ထန်ရှုက သူ့ကို ထူးထူးခြားခြား အမူအရာဖြင့် ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး

"အားဝူ … ကျင်းရှီက အတော်ထက်မြက်ပြီး ဉာဏ်ကောင်းတယ်လို့ ငါ ထင်တယ်။ သူက ဒီမှာ ကိစ္စတွေကို ကြီးကြပ်သူလုပ်ဖို့ သင့်တော်လိမ့်မယ်။ မင်းကတော့ ငါနဲ့ပြန်လိုက်ခဲ့။"

မိုအားဝူသည် ရဲစွမ်းသတ္တိရှိပြီး ရဲရင့်သော်လည်း ကိစ္စရပ်များကို နှံ့နှံ့စပ်စပ် တွေးတောသော နေရာတွင် အနည်းငယ် လိုအပ်နေသေးသည်။ ကျင်းရှီ၏မေးခွန်းကို ကြားသောအခါတွင် နောက်ဆက်တွဲဆိုးကျိုးကို စီမံရန်အတွက် လျစ်လျူရှုထားကြောင်း သူလည်း သဘောပေါက်သွားပြီး စကားမပြောနိုင်တော့ဘဲ ခေါင်းတညိတ်ညိတ်ဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်ရသည်။

ထန်ရှုက စကားဆက်လိုက်သည်။

“ကျင်းရှီ … ဒီကိစ္စမှာ အစိုးရအရာရှိတချို့ ပါဝင်ပတ်သက်နေတယ်ဆိုရင် ငါ့အဘိုးကို ကိုယ်တိုင် ဖုန်းဆက်လိုက်ပါ။ သူ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ငါ ထင်တယ်။ စီးပွားရေးအသိုင်းအဝိုင်းက တစ်စုံတစ်ဦးနဲ့ ပတ်သက်တယ်ဆိုရင် ခန်းရှဆီ မင်းကိုယ်တိုင် ဖုန်းဆက်နိုင်တယ်။ သူ ဖြေရှင်းပေးလိမ့်မယ်။ မင်း မှတ်ထားရမှာက သတ်ကို သတ်ရမယ် …  စိတ်ထား နူးညံ့နေလို့ မရဘူး။”

"စိတ်ချပါ။" ကျင်းရှီက လေးလေးစားစား ပြန်ပြောပြီး လှည့်ထွက်သွားခဲ့သည်။

ညနေပိုင်းတွင် ထန်ရှုသည် ကမ်းဇတ်ရှိ ကျဲဝါလေ့၏ မြင်းမွေးမြူရေးခြံသို့ သွားခဲ့သည်။ ကျဲဝါလေ့က သူ့ကို ကြိုဆိုပြီးသည့်အခါ ထန်ရှုသည် ကားပေါ်က ဆင်းလိုက်ပြီး ပြုံးစိစိဖြင့်

"အစ်ကိုကျဲ … ဒီည ခင်ဗျားဆီမှာ ကျွန်တော် ထမင်းစားရမလားလို့။"

"ဧည့်ဝတ်ကျေရစေမယ်ကွာ။"

ကျဲဝါလေ့က အပြုံးမျက်နှာဖြင့် ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်သည်။ အတွင်းဘက်သို့ လျှောက်လာရင်း

“ခင်ဗျားကို အခက်အခဲတွေ ရင်ဆိုင်ရအောင် တောတောင်တွေထဲထိ နက်နက်နဲနဲ စွန့်စားဖို့ ကျွန်တော် ဒုက္ခပေးခဲ့မိတယ် အစ်ကိုကျဲ။ ကျေးဇူးတင်တာကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တာမို့ ထမင်းစားပြီးတာနဲ့ အကြီးကြီးတစ်ခု လက်ဆောင်ပေးပါရစေဗျ။ ကျေးဇူးပြုပြီး အဲ့ဒါကို ကျွန်တော့်ရဲ့ ကျေးဇူးတရား သင်္ကေတအဖြစ် မှတ်ယူပေးပါဗျာ။”

"ညီအစ်ကိုထန် … ငါတို့က မိတ်ဆွေတွေပါ။ မင်း အရမ်းယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ မင်းကို ငါ သဘောကျတယ်ဆိုတာ မင်းရဲ့ငွေတွေ၊ ပိုင်ဆိုင်မှုတွေကို မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ပါ။"

ကျဲဝါလေ့က ခေါင်းမာစွာ ပြောဆိုလိုက်သည်။

"ကျွန်တော် လက်ဆောင်ပေးမယ့်အရာက ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အရာမဟုတ်ဘူးဆိုတော့ ကျေးဇူးပြုပြီး မငြင်းပါနဲ့ … ထမင်းအရင်ဆုံး စားလိုက်ကြရအောင်။"

ထန်ရှုက ခေါင်းယမ်းကာ ပြောလိုက်သည်။

"ကောင်းပြီ … ငါ သူတို့ကို အခုပြင်ခိုင်းလိုက်မယ်။"

ကျဲဝါလေ့ စောင့်မျှော်နေသည်က ငွေ၊ ပစ္စည်းဥစ္စာ မဟုတ်သော တခြားအရာ ဖြစ်သည်။ ထန်ရှုသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို သူ သိထားပြီးဖြစ်သောကြောင့် ထန်ရှုက သူ့အား ပေးလိုသောလက်ဆောင်သည် မရေမတွက်နိုင်သော လူများက ရရှိရန်အတွက် အိပ်မက်မက်သာ မက်နိုင်သော အရာဖြစ်လိမ့်မည်ဟု ယူဆမိသည်။

မျှော်လင့်ထားသည့်အတိုင်း ထန်ရှုသည် ညစာစားပြီးနောက် ကျဲဝါလေ့အား ချီကျင့်ကြံရန် အခြေခံကျင့်ကြံနည်းစနစ်ကို ပေးခဲ့သည်။ အဆိုပါပညာရပ်သည် သာမန်လူတစ်ဦးအား ကျင့်ကြံသူအဖြစ် မခေါ်ဆိုနိုင်သော်လည်း လူတစ်ယောက်၏သက်တမ်းကို တာရှည်ခံကာ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေနိုင်သည်။ ထို့အပြင် ဤကျင့်ကြံနည်းစနစ်သည် လေ့ကျင့်ရန် အလွန် လွယ်ကူခဲ့ပြီး ထန်ရှုက ကျဲဝါလေ့အား ဆေးညွှန်းပေးကာ ၎င်းအတိုင်း ဆေးပင်များကို ရှာဖွေပြီး ဆေးဝါးအဖြစ် စားသုံးနိုင်စေခဲ့သည်။

ဤအရာအားလုံးပြီးသည်နှင့် ကျဲဝါလေ့သည် ထန်ရှုအား ကျေးဇူးတင်နေခဲ့ပြီး ထန်ရှုသည် မိုအားဝူကို ခေါ်ကာ မြင်းမွေးမြူရေးခြံမှ ထွက်လာကာ လေဆိပ်သို့ အလျင်အမြန် သွားခဲ့သည်။ သို့သော် ရာသီဥတု ဆိုးရွားမှုကြောင့် ကမ်းဇတ်လေဆိပ်မှ ပျံသန်းမှုအားလုံးကို ခေတ္တရပ်နားထားသည်။ ထန်ရှုသည် ဤနေရာ၌ အချိန်မဖြုန်းချင်တော့ဘဲ မိုအားဝူနှင့်အတူ ဘတ်စ်ကားစီးကာ မြောက်ရှင်းကျန်းရထားဘူတာသို့ တစ်ညလုံး အပြေးအလွှား သွားခဲ့သည်။

"ရထားလက်မှတ်တွေ အကုန်ရောင်းကုန်ပြီ သူဌေး…"

မိုအားဝူသည် ရထားလက်မှတ်ရုံမှ ထွက်လာပြီး အနည်းငယ် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ နှစ်သစ်ကူးပွဲတော်ပြီးချိန်သည် ကျောင်းသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့၏ မွေးရပ်မြေမှ ထွက်ခွာပြီး ကျောင်းနှင့် လုပ်ငန်းခွင်များဆီ အပြေးအလွှား ပြန်သွားကြသည့် အချိန်ဖြစ်ချေသည်။

“အခု မနက်နှစ်နာရီ ထိုးနေပြီဆိုတော့ ကြည့်ရတာ ငါတို့ ဒီမှာပဲ နေရတော့မယ့်ပုံပဲ။ တစ်ညအိပ်ဖို့ အနီးနားက ဟိုတယ်တစ်ခုရှာပြီး မနက်ဖြန်မနက်မှ ထွက်ကြတာပေါ့။” ထန်ရှုက ပြောသည်။

မိုအားဝူ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သို့သော် ရုတ်တရက် သူ့မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။ "ငါ ရထားလက်မှတ်ဝယ်ဖို့ တခြားနည်းလမ်း ရှိနိုင်တယ် သူဌေး။ ခဏ စောင့်ပါဦး။"

မိုအားဝူ လျင်မြန်စွာ ထွက်ခွာသွားပြီး ၁၂မီတာ ကွာဝေးသော ထောင့်စွန်းတစ်နေရာမှ လူငယ်အချို့နှင့် စကားပြောခဲ့သည်ကို ထန်ရှု စောင့်ကြည့်နေသည်။ မိုအားဝူသည် ငွေစက္ကူအနည်းငယ်ကို ပေးပြီးနောက် မီးရထားလက်မှတ်နှစ်စောင်နှင့် ပြန်လာခဲ့ကာ

“သူဌေး … အဲ့ဒီလူတွေက လက်မှတ် ပြန်ရောင်းစားတဲ့ လူတွေလေ။ ဒါပေမယ့် နင်ပြည်နယ်ကို ရောက်ရင်တော့ ငါတို့ တခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းကို ပြောင်းစီးဖို့ လိုတယ်။”

ရထားပေါ်တက်စီးလာပြီးနောက် ထန်ရှုနှင့် မိုအားဝူတို့သည် ညနေပိုင်းတွင် နင်ပြည်နယ်သို့ ရောက်ရှိခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့ဝယ်လာသော လက်မှတ်သည် အိပ်စင်ပါသဖြင့် သိပ်မပင်ပန်းခဲ့ပေ။ ထို့နောက် နှစ်ယောက်သား အနားမယူတော့ဘဲ နင်ပြည်နယ်လေဆိပ်သို့ အမြန်သွားကြသည်။ လေယာဉ်လက်မှတ်များကို အောင်မြင်စွာ ဝယ်ယူပြီးနောက် ချောချောမွေ့မွေ့ဖြင့် ရှန်ဟိုင်းသွားမည့် လေယာဉ်ပေါ်သို့ နှစ်ယောက်သား တက်လာကြသည်။

"ထူးဆန်းလိုက်တာ … ဒီမှာ ဘယ်သူမှလည်း မရှိပါလား။"

ထန်ရှုနှင့် မိုအားဝူတို့သည် လေယာဉ်ပေါ် တက်လာသောအခါ ခရီးသည် မရှိသောကြောင့် အံ့သြသွားကြသည်။ လေယာဉ်အမှုထမ်းလေးဦးမှလွဲ၍ လေယာဉ်ခန်းတစ်ခုလုံး ဗလာဖြစ်နေသည်။

“ရာသီဥတုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ် လူကြီးမင်း။ ရာသီဥတုပြောင်းလဲသွားတဲ့အတွက် ခရီးစဉ်ကို ပြန်ဆွဲပေမယ့် မူလက ကြိုတင်မှာယူထားတဲ့ ခရီးသည်တွေကိုတော့ ပိုက်ဆံ ပြန်အမ်းပြီးသား ဖြစ်နေတယ်။ ပျံသန်းဖို့ လေယာဉ်လေးစီးအတွက် နာရီဝက် လိုသေးတာမို့ လူကြီးမင်းတို့နှစ်ဦးက အချိန်အနည်းငယ်တော့ စောင့်ရပါမယ်။ နောက်မှ တက်လာတဲ့ ခရီးသည်တွေလည်း ရှိပါလိမ့်မယ်ရှင်။” ချောမောပြေပြစ်သော လေယာဉ်အမှုထမ်း တစ်ဦးက ဖြေလာသည်။

ထန်ရှု ရုတ်ခြည်းပင် နားလည်သွားသဖြင့် လက်မှတ်နံပါတ်အတိုင်း ထိုင်ပြီး တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။

"ဟယ်လို လူကြီးမင်း … အခုဒီမှာ ခရီးသည်တွေ များလာပြီ။ ကျွန်မက ပြတင်းပေါက်နားမှာ ထိုင်ရတာ သဘောကျလို့ ထိုင်ခုံနံပါတ် လဲလို့ရနိုင်မလား။” ဆွဲဆောင်မှုရှိသော သွင်ပြင်နှင့် မျက်နှာကာ တပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် မိုအားဝူဘေးက လူသွားလမ်းလေးထဲတွင် မတ်တပ်ရပ်ကာ သာယာသောအသံဖြင့် မေးလာသည်။

"ထိုင်ခုံနေရာ လဲဖို့လား။"

မိုအားဝူသည် မျက်ခုံးပင့်ကာ လေယာဉ်ခန်းအား တစ်ချက် အမြန် ကြည့်လိုက်သည်။ သူ့အား တိတ်တဆိတ် သတိထားစေခဲ့မိသည်မှာ လေယာဉ်ပေါ် လိုက်ပါမည့် ခရီးသည်စုစုပေါင်းသည် ငါးဦးသာ ရှိပေသည်။ ထိုအထဲတွင် သူ့ဘေးနားတွင် ရပ်နေသော အမျိုးသမီးလည်း အပါအဝင် ဖြစ်သည်။

ပြတင်းပေါက်နားတွင် မျက်လုံးမှိတ်ထိုင်နေသော ထန်ရှုက သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ထိုပြဿနာကို တွေ့လိုက်ရသည်။

"အားဝူ … နောက်ဘက်မှာရှိတဲ့ ထိုင်ခုံကို ရွေးလိုက်ပါ" ထန်ရှုက မျက်နှာကာထားသော အမျိုးသမီးကို စိုက်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပါပြီ။” မိုအားဝူက ပြန်ဖြေပြီး နောက်တန်းတွင် အမြန်ထိုင်လိုက်သည်။

မျက်နှာကာထားသော အမျိုးသမီးသည် နေရာတွင် ဝင်ထိုင်လိုက်သဖြင့် သူမဆီမှ သင်းပျံ့သော ရနံ့ကို ရှူမိရင်း ထန်ရှုသည် ငြိမ်သက်စွာ ကြည့်နေသည်။ ထို့နောက် သူက ပေါ့ပါးသော အပြုံးကို ပြုံးလိုက်ကာ

"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ မဟုတ်လား မစ္စရွှယ်။ ဒီစကားက တကယ်ကို မှန်တာပဲ။”

ရွှယ်ယုက မျက်ခုံးများ ကွေးညွတ်သွားအောင် ပြုံးလိုက်ပြီး

“ရှင် ရှန်ဟိုင်းကို ဒီလေယာဉ် စီးလိမ့်မယ်လို့ ဘိုးဘေးအဘွားက ပြောတယ်။ ကျွန်မကလည်း ကျွန်မရဲ့စေ့စပ်ထားတဲ့လူကို ရှာဖို့ ရှန်ဟိုင်းကို သွားရမှာဆိုတော့ အချင်းချင်း မတော်တဆ ဆုံသွားတယ်။ ဘာလဲ … ကျွန်မကို ရှင့်ဘေးမှာ မထိုင်စေချင်ဘူးလား မစ္စတာထန်…"

"မင်းရဲ့စေ့စပ်ထားတဲ့လူ ဟုတ်လား။ ချူယွမ်လား။" ထန်ရှုက မေးလိုက်သည်။

"တကယ်တော့ ကျွန်မရဲ့စေ့စပ်ထားသူကို တွေ့ပြီးပြီ။" ရွှယ်ယုက ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ဟင်…" ထန်ရှု အံ့သြသွားသည်။ "သူရော ဘယ်မှာလဲ။"

“မိုးကုပ်စက်ဝိုင်းပမာ ဝေးတယ်ထင်ရပေမယ့် ကျွန်မနှာခေါင်းအောက်မှာပဲ ရှိနေတယ်။” ရွှယ်ယုက ပြုံးပြီးပြောသည် ။

" ရှင် တကယ် မသိဘူးလား။ ဒါမှမဟုတ် ရှင်က အရူးလုပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကစားနေတာလား။”

ထန်ရှုက သူ့နှာခေါင်းကို လက်ညိုးထိုးပြပြီး

"မင်း ငါ့ကို ပြောချင်နေတာလား။"

"ကျွန်မရဲ့အရှေ့မှာ ရှင့်အပြင် တခြားတစ်ယောက် ရှိလို့လား။"

ရွှယ်ယုက အပြုံးဖြင့် ပြန်မေးသည်။

ထန်ရှုက သူမကို မျက်လုံးပြူးပြလိုက်ပြီး

“မစ္စရွှယ် … မင်း ကြိုက်တဲ့အစားအစာကို စားလို့ ရတယ်။ ဒါပေမယ့် ပေါက်ကရစကားတွေကို ကျပန်း မပြောနဲ့နော်။ ငါက စေ့စပ်ထားပြီးသား။ ဒီလိုဟာသတွေကို နားထောင်ဖို့ စိတ်မဝင်စားဘူး။"

" ရှင့်ရဲ့ကိုယ်ရေးကိုယ်တာအစစ်အမှန်ကို ကျွန်မ မသိခဲ့ဘူးဆိုရင် ရှင်က ကျွန်မရဲ့မျက်နှာကို ပထမဆုံး မြင်ဖူးတဲ့သူ ဖြစ်မယ်ဆိုတာ မသေချာဘူး။" ရွှယ်ယု ခေါင်းယမ်းလိုက်သည်။

"မစ္စတာထန် ... မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ထန်ရှုလို့ ခေါ်ရမယ်။ ရှင့်ကို ဒီနာမည်နဲ့ ဆက်ဆံရတာ ပိုရင်းနှီးသလို ခံစားရတယ်ဟုတ်။ ကျွန်မတို့ ကြယ်တာရာမှာ ရှိတုန်းက ကျွန်မရဲ့မျက်နှာကို ရှင် မြင်ပြီးပြီဆိုတော့ ကျွန်မ ပြောတာ မမှန်လို့လား။"

***

All Chapters