ခွေးသားရေ ပလာစတာကဲ့သို့ ကပ်တွယ်နေခြင်း
Vol. 49 Ch. 681
ထန်ရှု မျက်မှောင်ကြုတ်လိုက်မိသည်။ ဆယ်စက္ကန့်ကျော်လောက် တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ မေးလိုက်သည်။
“မင်းရဲ့ဘိုးဘေးအဘွားက ဘယ်သူလဲ။”
ရွှယ်ယုသည် သူမ၏လက်ကလေးကို ညင်သာစွာ မြှောက်ကာ ဖုံးအုပ်ထားသောမျက်နှာကာကို ဖွင့်လိုက်သည်။ ထန်ရှု၏အရှေ့တွင် နိုင်ငံကိုပင် ပြိုလဲစေနိုင်လောက်သည့် အလှပိုင်ရှင် အမျိုးသမီးတစ်ယောက်၏မျက်နှာ ပေါ်လာပြီး သူမက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"အဲဒီ့ငါ့ရဲ့ဘိုးဘေးအဘွားက ငါ့လိုမြောင်ဒေသက လာတဲ့ မျက်စိမမြင်တဲ့သူတစ်ယောက်ပါ။ ရှေ့ဖြစ်နှောင်းဖြစ်အကြောင်းတွေကို သိပြီး ဂမ္ဘီရဉာဏ်နဲ့ဆိုင်တဲ့ ဘဝလမ်းကို လျှောက်လှမ်းတယ်။”
ထန်ရှု အံ့အားသင့်သွားကာ မေးလိုက်သည်။
“မျက်မမြင်အဘွားမှာ သားသမီးတွေ မရှိဘူးဆိုတာ ငါ ယုံတယ်။ သူ့မှာ မိသားစုဝင်တစ်ယောက်ယောက်ရှိဖို့ နည်းလမ်းမရှိဘူးမဟုတ်လား။"
“ကျွန်မတို့ သူ့ကို ဘိုးဘေးအဘွားလို့ ခေါ်ရတဲ့ အကြောင်းရင်းတွေ ရှိတယ်။ ကျွန်မတို့က သွေးသားတော်စပ်နေလို့ မဟုတ်ဘူး။” ရွှယ်ယုက ခေါင်းယမ်းကာ ပြုံးသည်။
“ဘိုးဘေးအဘွားက ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်တာကို ရပ်တန့်ဖို့ ကံကြမ္မာရှိတာကြောင့် သူ့မှာ သားသမီးတွေ မရှိတာ သဘာဝပါပဲ။ ဒါပေမယ့် သူက အမှန်တကယ်တော့ ကျွန်မတို့မြောင်လူမျိုးများအတွက် နာယက သူတော်စင်ဖြစ်သလို အသက်အကြီးဆုံးသူလည်း ဖြစ်တယ်။ ဒါကြောင့် မြောင်မျိုးနွယ်စုအားလုံးက သူမကို ဘိုးဘေးအဘွားအဖြစ် ခေါ်ဆိုကြတာပါ။”
ထန်ရှု ရုတ်ခြည်းပင် နားလည်သွားသည်။ ထို့နောက် သူ့နှာခေါင်းကို ကိုင်လိုက်ရင်း
“မင်းဘိုးဘေးအဘွားက ငါ့အမိန့်ကို နားထောင်သလိုမျိုး မင်းကရော ငါ့အမိန့်ကို နားမထောင်သင့်ဘူးလား။”
ရွှယ်ယု၏မျက်လုံးများထဲတွင် လိမ္မာပါးနပ်သော အလင်းရိပ်တစ်ခု လင်းလက်တောက်ပလာကာ သူမက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဘိုးဘွားတွေရဲ့ ဓလေ့ထုံးစံကို ပြောင်းလဲတာကလွဲလို့ ရှင်ခိုင်းသမျှကို ကျွန်မ လိုက်နာနိုင်တယ်။ ကျွန်မတို့မြောင်လူမျိုးတွေမှာ ရှေးဆိုရိုးစကား ရှိတယ်။ ကျွန်မတို့လူမျိုးက အမျိုးသမီးတွေက သူမရဲ့လင်ယောက်ျားကို သစ္စာရှိပြီး နာခံရမယ်တဲ့။ ရှင်က ကျွန်မရဲ့အနာဂတ်ခင်ပွန်းဖြစ်လို့ ရှင်ခိုင်းသမျှ ကျွန်မ လုပ်မယ်။"
“တော်လိုက်တော့…။”
ထန်ရှုက သူဝါးထားသည့် ပီကေနှင့်ပြန်ကပ်နေသလို ခံစားနေရပြီး လျင်မြန်စွာ ပြောလိုက်သည်။ "စည်းကမ်းတွေက အသေ … ဒါပေမယ့် လူတွေက အရှင်။ မင်းရဲ့ဘိုးဘွားတွေဆီက ဆင်းသက်လာခဲ့တဲ့ ဓလေ့ကို နောင်လာနောက်သားတွေက ဖောက်ဖျက်ဖို့ လိုတယ်။ မစ္စရွှယ် … ငါ့မှာ ချစ်သူရှိနေပြီဖြစ်သလို သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ မင်းရဲ့ အဆင့်အတန်းအခြေအနေနဲ့ မင်းက ငါတို့ကြားက တတိယလူ ဖြစ်ချင်လို့လား။ နောက်ပြီး ချူယွမ်က မင်းအတွက် အသင့်တော်ဆုံး လူတစ်ယောက်လို့ ထင်ပါတယ်။”
"ဟင့်အင်း … ကျွန်မကတော့ သူလို့ မထင်ဘူး။" ရွှယ်ယုက ခေါင်းယမ်းလိုက်သည်။ ထိုစကားနှင့်အတူ သူမသည် ကြွေပုလင်းအသေးလေးတစ်လုံးအား ဖြည်းညှင်းစွာ ထုတ်ကာ အနက်ရောင် ဆေးလုံးတစ်လုံးကို လောင်းချလိုက်ပြီး "ကျွန်မတို့ရဲ့မျိုးရိုးထုံးစံအတိုင်း ကျွန်မကို ရှင် လက်မခံချင်ရင် ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ရှင့်ကို သတ်ဖို့၊ ဒုတိယတစ်ခုက ကိုယ့်ကိုကိုယ်သတ်သေဖို့။ ရှင့်ရဲ့ဂုဏ်ပုဒ်တွေကို ကျွန်မ သိတဲ့အတွက် ရှင့်ကို သတ်နိုင်မယ်လို့တော့မထင်ဘူး။ ဒါကြောင့် ကျွန်မမှာ တစ်ခုတည်းသော ရွေးချယ်မှုက နောက်ဆုံးတစ်ခု ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ဖို့ပဲ။"
"မင်း သေချင်ရင် ကိုယ့်ဘာသာ လုပ်ပေါ့။" ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ရွှယ်ယု၏မျက်လုံးများ နက်မှောင်သွားကာ ကျောက်စိမ်းသဖွယ် အကြောစိမ်းလေးများဖြင့် ဖြူဝင်းသွယ်လျသော လက်ထဲက ဆေးလုံးကို ပါးစပ်ထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ထန်ရှု ကြက်သေ သေသွားသည်။ အနက်ရောင်ဆေးလုံး၏အကျိုးအာနိသင်အား ဆေးလုံးအနံ့ဖြင့်ပင် သိရှိနိုင်သည်ဖြစ်ပေရာ လွန်စွာ အဆိပ်ပြင်းသော ဆေးဖြစ်သည်မှာ အသေအချာပင်။ သာမန်လူ မဆိုထားဘိ အဆင့်နိမ့်ကျင့်ကြံသူတောင်မှ စားမိရင် သေနိုင်ပေသည်။
ဘန်း…
သူ၏လက်ဖဝါးက ရွှယ်ယု၏ရင်ဘတ်ကို ရိုက်ပုတ်လိုက်သည်။ သူမထံမှ နူးညံ့ပျော့ပျောင်းသော ခံစားမှုမျိုးကို ခံစားရသော်လည်း သူ့စိတ်ထဲတွင် မကောင်းသောစိတ် မရှိပေ။ သူ၏ဖရိုဖရဲ မူလစွမ်းအားသည် ရွှယ်ယု၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး စက္ကန့်ဝက်အတွင်း အရည်ပျော်သွားတော့မည့် အမည်းရောင်ဆေးလုံးကို ရစ်ပတ်ကာ ထိန်းချုပ်လိုက်သည်။ ထိုအချိန်တွင် သူ့လက်သည် ရွှယ်ယွီ၏ပါးကို ညှစ်ကာ အနက်ရောင်ဆေးလုံးကို ပါးစပ်မှ တွန်းထုတ်လိုက်သည်။
"မိုက်မဲလိုက်တာ။" ထန်ရှု အေးစက်စက်လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
ရွှယ်ယု မျက်လုံးဖွင့်လိုက်သော်လည်း သူမ၏မျက်လုံးများက အသက်မပါလှချေ။ သူမက ခေါင်းခါပြီး
“ရှင် ကျွန်မကို တစ်ကြိမ်တစ်ခါတော့ ကယ်နိုင်လောက်ပေမယ့် အကြိမ်တိုင်းတော့ ကယ်နိုင်မှာ မဟုတ်ပါဘူး။ ရှင် ကျွန်မကို လက်ထပ်မယ်လို့ ကတိမပေးရင် ကျွန်မ သေရမယ်။"
ထန်ရှု ငြိမ်ကျသွားသည်။ ရွှယ်ယု၏ပါးပြင်ကို လွှတ်ပေးလိုက်ပြီး မိနစ်အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောခဲ့သည်။
"မင်းတို့ရဲ့မျိုးရိုးဓလေ့ကို ပြောင်းလဲဖို့ ငါ့မှာ နည်းလမ်း မရှိဘူးဆိုပေမယ့် မျက်မမြင်အဘွားအိုက လုပ်နိုင်တယ်မဟုတ်လား ။ မင်းက သူ့ကို ဘိုးဘေးအဘွားအဖြစ် ပြောနေတော့ သူ့ရဲ့စကားကို မင်းနားထောင်ရမယ်။"
“ဂုဏ်သရေရှိလူတယောက်က ကျွန်မကို ကူညီရင် ပုံမှန်အတိုင်း နေနိုင်သွားလိမ့်မယ်လို့ ဒီကို မလာခင်မှာ ဘိုးဘေးအဘွားက ငါ့ကို ပြောဖူးတယ်။ ပြီးတော့ အဲ့ဒီလူက ရှင်ပဲတဲ့။ နောက်ပြီး သူက မင်းကို သတင်းစကား ပေးစေချင်တယ်။ အမွှေးတိုင်သုံးတိုင် ရှို့ရင်တောင် ရှင့်ရှေ့မှောက်မှာ သူမ ပြန်ပေါ်လာတော့မှာမဟုတ်သလို ဒီနှစ်ဇွန်လကျမှ ရှန်ဟိုင်းမှာရှိတဲ့ ထာဝရခန်းမမှာသာ နောက်တစ်ကြိမ် ထပ်တွေ့မယ်လို့ သူမက ပြောတယ်။”
“ဒီမျက်မမြင်အဘွားကြီး…”
ထန်ရှု စိတ်ရှုပ်သွားကာ ဒေါသထွက်လာသည်။ အဘယ်ကြောင့်ဆိုသော် မျက်မမြင်အဘွားအိုသည် သူမကို ထန်ရှု ရှာဖွေလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပြီး မထင်မှတ်စွာ ထိုသို့ပြုလုပ်မည်ကို ကြိုတင် ကာကွယ်ထားသောကြောင့်ဖြစ်သည်။ ရုတ်တရက် သူ့အမူအရာက အနည်းငယ် လှုပ်ရှားသွားပြီး ဖျော့တော့စွာ ပြောလိုက်သည်။
“ငါ့မှာက ချစ်သူမိန်းကလေး ရှိနေပြီသား။ ဒါကြောင့် မင်းကို လက်ထပ်ဖို့အတွက် သူ့ကို စွန့်ပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ မင်းက ငိုယိုပြီး ငါ့ကို လက်ထပ်ဖို့ ပြောနေတဲ့သူမို့ မင်းက ငါ့ချစ်သူတစ်ယောက်တော့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် မယားငယ်။"
ရွှယ်ယုသည် ကြက်သေ သေစွာ စိုက်ကြည့်ပြီးနောက် အရှက်နှင့်ဒေါသတရားများ မျက်လုံးထဲတွင် တခဏ လင်းလက်သွားသော်လည်း သူမသည် အကြာကြီး နှုတ်ဆိတ်နေကာ မသက်မသာအမူအရာဖြင့် ခေါင်းညိတ်ပြပြီး
“တရားဝင်လက်မှတ်နဲ့ အသိအမှတ်ပြုမှု မရှိဘဲ ကျွန်မက ရှင့်ရဲ့ချစ်သူ ဖြစ်လာမယ်ဆိုပေမယ့် ရှင် ကျွန်မနဲ့အတူ မြောင်ဒေသကို လိုက်ပြီး ရိုးရာထိမ်းမြားလက်ထပ်ပွဲတော့ လုပ်ရမယ်။"
"မင်းက ချစ်သူတစ်ယောက် လုပ်ပြီး အငယ်အနှောင်း လုပ်ဖို့တောင် သဘောတူခဲ့တာလား။" ထန်ရှု ဒေါသတကြီး မေးလိုက်သည်။
"မင်းဦးနှောက်ပျက်သွားတာလား … ဘာလား။"
"အသက်ရှင်တာက သေတာထက် ပိုကောင်းပါတယ်။" ရွှယ်ယုက ရိုးသားစွာ ပြောလိုက်သည်။
"ကျွန်မက ငယ်သေးတယ် … မသေချင်သေးဘူး။ နောက်ပြီး မြောင်ဒေသက မျိုးနွယ်စုတွေနဲ့ လူမျိုးစုတွေကြားမှာ ယောကျာ်းများစွာ ယူခြင်းနဲ့ တစ်ပြိုင်နက်တည်း ယောကျာ်း-မိန်းမ အများကြီး ယူတဲ့ အလေ့အထတွေလိုမျိုး တူညီစွာ မရှိပေမယ့် ယောက်ျားတစ်ယောက်မှာ မိန်းမသုံးယောက်နဲ့ ကိုယ်လုပ်တော် လေးယောက် ရှိနိုင်တဲ့ ရှေးဟောင်းဓလေ့တစ်ခုတော့ ရှိတယ်။ ဒါကြောင့် ကျွန်မ ဒါကို လက်ခံနိုင်ပါတယ်။”
"အဓိပ္ပာယ် မရှိလိုက်တာ။"
ထန်ရှုတစ်ယောက် အမှန်ပင် စကားမပြောနိုင်တော့ဘဲ ရွှယ်ယုကို ချေပမငြင်းနိုင်တော့သဖြင့် အရှုံးပေးလိုက်ရတော့သည်။
အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်အထွတ်အထိပ် ခေါင်းဆောင်မြောက်မြားစွာတွင် အင်မော်တယ် တွဲဘက်များနှင့် ကိုယ်လုပ်တော်များစွာ ရှိကြသဖြင့် ဇနီးမယား သုံးယောက်နှင့် ကိုယ်လုပ်တော်လေးယောက် ရှိခြင်း အလေ့အထကို သူ မြင်ဖူးပေသည်။ သာမာန်လူများ အထူးသဖြင့် အင်ပါယာမင်းများတွင်ပင် ဧကရာဇ်မင်းသည် နန်းဆောင်ခုနစ်ဆောင်နှင့် ကိုယ်လုပ်တော် ၇၂ယောက်ကို ထားရှိသည့် နယ်မြေစံအိမ်တော် ခြောက်ခုတို့ ရှိပြီး ဇနီးမယားနှင့် ကိုယ်လုပ်တော်များစွာ ထားကြသည့် မင်းသားများနှင့် မှူးကြီးမတ်ရာ အရေအတွက်သည်လည်း မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသည်။ အချို့သောနိုင်ငံများတွင် မိန်းမများစွာရှိသော အမျိုးသားတစ်ဦးသည် ၎င်း၏စွမ်းရည်ကို သက်သေအဖြစ် သတ်မှတ်ခံရသည့် အတိုင်းအတာအထိပင် ဖြစ်ခဲ့ကြပေသည်။
သို့သော် ဤနေရာသည် ဘုရားသခင်၏ ကောင်းကျိုးအတွက် ကမ္ဘာမြေ ဖြစ်သည်။
ထို့ထက်ပိုကာ ဆိုရပါက ၂၁ရာစု ဖြစ်သည်။ ရွှယ်ယုကဲ့သို့သော အမျိုးသမီးတစ်ဦးကိုပင် ထိုကဲ့သို့ ခေတ်နောက်ပြန်ဆွဲနေသည့် ဓလေ့ထုံးတမ်းမှ ကင်းလွတ်ခွင့်မရှိသော ၎င်းတို့၏ပဒေသရာဇ်စနစ်သည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်။
လေယာဉ် တက်တော့မှသာ ထန်ရှုက ရွှယ်ယုကို လှည့်ကြည့်ပြီး
"မင်း ဘာတွေ တွေးနေလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့ရဲ့ချစ်သူ ဖြစ်ချင်နေတဲ့အတွက် ငါ့ရဲ့ပုံမှန်ဘဝကို မထိခိုက်စေရသလို ငါတို့ရဲ့ဆက်ဆံရေးအကြောင်းကိုလည်း တခြားသူတွေက သိနိုင်ဖို့ နည်းလမ်း မရှိစေရဘူး။ ရှန်ဟိုင်းကို ရောက်ပြီးရင် မင်း နေဖို့ အိမ်တစ်လုံး ပေးမယ်။ ငါကပဲ မင်းကို ဆက်သွယ်မယ်။ မင်းက စဆက်သွယ်တာကို ခွင့်မပြုဘူး။ ဒါပေါ့ … မင်း အဲ့ဒါကို သေသေချာချာ စဉ်းစားပြီးသွားလို့ ငါ့ကို ထားခဲ့ချင်ရင် ငါ့ကို ဖုန်းမဆက်ဘဲ ချက်ချင်း ထွက်သွားလို့ရတယ်။"
"ပြဿနာ မရှိပါဘူး။" ရွှယ်ယုက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက သူမကို သတိပေးချင်နေသေးသော်လည်း သူမ၏အေးစက်သော အမူအရာကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ထိုသို့မလုပ်လိုတော့ပေ။ သူမကို ထပ်ပြီး အာရုံထားမနေတော့ဘဲ မျက်လုံးမှိတ်ပြီး အိပ်ကာ စီးနင်းလိုက်ပါလာသည်။
ရှန်ဟိုင်းလေဆိပ်…
ထန်ရှုသည် မိုအားဝူနှင့် ရွှယ်ယုတို့အား ဦးဆောင်ကာ လေဆိပ်မှ ထွက်ခွာလာခဲ့စဉ် အစောပိုင်းက မိုအားဝူဆီမှ ဖုန်းခေါ်ဆိုမှုရရှိခဲ့သော ချီနန်သည် ၎င်းတို့ကို အပြင်တွင် စောင့်ဆိုင်းနေခဲ့သည်။
"သူဌေး ပင်ပန်းသွားရပြီ။"
ချီနန်သည် စိတ်အားတက်ကြွနေဟန်ရပြီး ထန်ရှုနှင့် ပထမဆုံး တွေ့သည့်အကြိမ်ထက် နှစ်များစွာ ငယ်သွားသည့်ဟန်ရှိသည်။
သူမ၏ဟန်ပန်သွင်ပြင်သည် အသက်နှစ်ဆယ့်ခုနစ်နှစ်ကျော်နှင့်အလားတူပြီး ယခင်ကထက် ပိုမိုဆွဲဆောင်မှုရှိကာ နုပျိုနေပေသည်။
"မဆိုးပါဘူး။ မင်း ကြည့်ရတာ ကျင့်ကြံမှု အရင်းအမြစ်တွေ အများကြီး ရထားပုံရတယ်။” ထန်ရှု ခေါင်းတစ်ချက်ညိတ်ကာ စကားဆိုလိုက်သည်။ "ဒါပေမယ့် ဆေးလုံးတို့၊ ဆေးအနှစ်တို့ကို အများကြီး မသုံးနဲ့။ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချနိုင်ဖို့အတွက် လုံ့လဝီရိယ စိုက်ထုတ်တာက အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုအရှိန်အဟုန်နဲ့ တိုးတက်လာရင် အဲ့ဒါကို စွဲလမ်းပြီး လမ်းကြောင်းကနေ သွေဖယ်သွားလိမ့်မယ်။"
ချီနန်၏အမူအရာ ပြောင်းသွားပြီး ချက်ချင်း ပြန်ဖြေသည်။
“နားလည်ပါပြီ။ ဒီလက်အောက်ငယ်သားက အဲ့ဒါကို မှတ်ထားပါ့မယ်။”
ထန်ရှုသည် စကားထပ်မပြောတော့ဘဲ ချီနန်၏အနောက်မှ လိုက်ကာ အပြင်ဘက် ကားပါကင်တွင်ရပ်ထားသော ကားပေါ်တက်ကာ ကြယ်တာရာအိမ်ရာသို့ တိုက်ရိုက်သွားလိုက်သည်။ ချီနန် ထွက်သွားပြီးနောက် သူက ရွှယ်ယုကို ကြည့်ကာ "ပထမထပ်မှာ အခန်းတွေ အများကြီး ရှိတယ်။ အဲ့ဒီထဲက တစ်ခန်းကို ရွေးလိုက်ပါ။ မနက်ဖြန် မင်းရဲ့အိမ်အသစ်ကို ငါ လိုက်ပို့ပေးမယ်။"
"ဒါပေမယ့် ကျွန်မက ရှင်နဲ့ အတူနေချင်တာလေ။" ရွှယ်ယုက မေးသည်။
"ငါတို့တွေ့တဲ့ အကြိမ်အရေအတွက်က ငါ့လက်ပေါ်က လက်ချောင်းအရေအတွက်တွေထက် နည်းနေတယ်ဆိုတာ မင်း သိလား။"
ထန်ရှုက စိတ်အနှောင့်အယှက် ဖြစ်သွားသည့် အမူအရာဖြင့် ပြောလိုက်သည်။
"အခု ငါနဲ့ အတူနေဖို့က သင့်တော်တယ်လို့ မင်း ထင်နေလား။ ငါတို့၂ယောက်က ချစ်သူတွေ ဖြစ်သွားရင်တောင် အချင်းချင်းကြားထဲက ချစ်ခင်မှုကို အစပျိုးဖို့ အရာအားလုံးက တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း ရှေ့ဆက်သွားရမှာ မဟုတ်ဘူးလား။
“တကယ်တော့ ငါတို့က ချစ်သူတွေဆိုတော့ ခံစားချက်ထက် စိတ်ဆန္ဒက ပိုအရေးကြီးတယ်။” ရွှယ်ယု ခေါင်းယမ်းလိုက်သည်။
"နောက်ပြီး ရှင် ကျွန်မရဲ့ခန္ဓာကိုယ်ကို မလိုချင်ရင် လုံခြုံမှု မရှိသလိုပဲ။"
"ယုတ္တိမရှိလိုက်တာ။" ယခုအချိန်တွင် ထန်ရှုသည် ရွှယ်ယု၏ခန္ဓာကိုယ်အား ပိုင်စိုးရန် အနည်းငယ်မျှပင် ဆန္ဒမရှိပေ။ သူမကို အသံတိုးတိုးဖြင့် ပြစ်တင်ရေရွတ်လိုက်ပြီး ဒုတိယထပ်သို့ တက်သွားလိုက်သည်။ မိုအားဝူသည် သည်နေရာသို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခြင်း ဖြစ်သော်လည်း အိမ်နှင့် အတော်လေး စိမ်းမနေဘဲ မကြာမီ အခန်းတစ်ခုကို ရွေးချယ်နေထိုင်လိုက်သည်။
ဒုတိယထပ်တွင်…
ထန်ရှုက သူ၏အိပ်ခန်းထဲ ဝင်သွားပြီး သူ့နောက်က လိုက်လာသည့် ရွှယ်ယုကို တစ်ချက်ကြည့်လိုက်ကာ ရယ်ရမလို ငိုရမလို ဖြစ်သွားရပြီး
"ကျောက်စိမ်းအလှမယ် … ငါ့ကို တစ်ခုခု ပြောစမ်းပါ။ မင်း ငါ့ကို ဒီလိုတွယ်ကပ်နေဖို့ လိုလို့လား။ ခရီးအရှည်ကြီး သွားထားရလို့ ငါ့ကို ခဏလောက်တော့ ပေးနားစမ်းပါ။ ရက်နည်းနည်းလောက်ပါပဲ။ ဟုတ်တယ် … ရက်နည်းနည်းလောက် ကြာမယ်။ မင်းတို့ အမျိုးသမီးတွေမှာ လတိုင်း အဆင်မပြေတဲ့နေ့တွေ ရှိတတ်သလို ငါတို့လို ယောက်ျားလေးတွေမှာလည်း အသက်လေးတစ်ချက်ရှူဖို့ လိုအပ်တယ်လေ။ ကမ်းဇတ်ကို ဒီတခေါက်သွားရတဲ့ ခရီးက အသက်ဘေးကနေ သီသီလေး လွတ်လာရတာကွ။ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ခက်ခက်ခဲခဲနဲ့ ပြန်လာခဲ့ရတာကို မင်းရဲ့ဘိုးဘေး အဘွားဆီက ကြားခဲ့မှာပါ။ ငါ့ကို ကောင်းကောင်း အနားယူခွင့် ပေးနိုင်မလား။"
“ဒါ … ကောင်းပြီ။”
ရွှယ်ယုသည် တခဏမျှ တုန်လှုပ်သွားပြီး နောက်ပြန်လှည့်ကာ မျက်နှာချင်းဆိုင် အခန်းတံခါးကို တန်းဖွင့်ကာ ဝင်သွားလိုက်သည်။
ဘန်း...
အခန်းတံခါးပိတ်ပြီးနောက် ထန်ရှုသည် ကူကယ်ရာမဲ့သော အမူအရာဖြင့် ကုတင်ပေါ်သို့ လျှောက်သွားကာ ဘိုးဘေးတို့ အသက်ရှင်နေသော ခွေးအရေခွံပလာစတာဟု စိတ်ထဲမှ ဆဲလိုက်ရင်း ကိုယ်ကိုဆန့်ကာ လှဲချလိုက်သည်။
“အခု အဲ့ဒီအကြောင်းကို ငါ စဉ်းစားကြည့်တော့ ဒီနေရာရဲ့ ကောင်းကင်ဘုံဥပဒေက ငါ့အပေါ်ကို သက်ရောက်မှု ရှိနေသလိုပဲ။ အင်မော်တယ်ကမ္ဘာမှာတုန်းက အချစ်ကြောင့် နာကျင်ခဲ့ရလို့ အခုကမ္ဘာမြေကို ပြန်ရောက်လာတော့ အချစ်တွေ အလျော်ပေးနေတာလား။ မဟုတ်ရင် မက်မွန်ပွင့်တွေလို အတိဒုက္ခမျိုးက ဒီလိုဖြစ်မလာသင့်ဘူးလေ။”
ထန်ရှု အင်မော်တယ်ကမ္ဘာတွင် နေခဲ့စဉ်က မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာသည်။ ရွှဲ့ချင်းချန်မှလွဲ၍ အနှစ်တစ်သောင်းအတွင်း သူ့ကို နှစ်သက်သော မည်သည့်အမျိုးသမီးတစ်ဦးကိုမျှ မတွေ့ခဲ့ရချေ။ ယုတ္တိကျကျ ပြောရပါလျှင် သူသည် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုဖြင့် ထင်ရှားသော သူရဲကောင်းတစ်ဦးဖြစ်သည်။
အလှလေးတွေက သူရဲကောင်းဆန်သည့် ယောက်ျားတွေကို ချစ်တယ်ဆို။ ဒါပေမယ့် အဲ့ဒီတုန်းက သူ့ကို ချစ်တဲ့ မိန်းမလှလေးတွေ ဘာကြောင့် မရှိခဲ့ကြတာလဲ။
အထူးသဖြင့် သူ့တွင် ရွှယ်ချင်းချန် ရှိပြီးနောက် ဤရှုထောင့်ကို တခါမှ မတွေးခဲ့မိသောကြောင့် သူ့နှလုံးသားအား သူမထံတွင် အပြည့်အ၀ မြှုပ်နှံထားပြီး အခြားအမျိုးသမီးများအား သူ၏မျက်လုံးထဲသို့ပင် မထည့်ခဲ့ပေရာ အင်မော်တယ်ကမ္ဘာတွင် သူ ရှိခဲ့စဉ်တုန်းက သူ့ကို သဘောကျသော အမျိုးသမီးတွေ ဘီလီယံချီပြီး ဘယ်လောက်တောင် ရှိခဲ့မည်ကို သူ ဘယ်လို သိနိုင်ပါမည်နည်း။
သို့သော် ကမ္ဘာမြေကို ပြန်ရောက်ပြီးနောက်မှာတော့ သူ့အမေကြောင့်သာ အချစ်အကြောင်းကို စဉ်းစားခဲ့ရပြီး သူ့ကလေးများကို မွေးပေးရန်အတွက် သူကိုယ်တိုင်လည်း ဇနီးတစ်ယောက် ရှာခဲ့ရတော့သည်။ နို့မဟုတ်ပါက သူ၏ငြင်းပယ်မှုကြောင့် မိခင်ဖြစ်သူကို စိတ်ဆင်းရဲစေပြီး သူ့အပေါ် စိတ်ဆိုးမည်ကို သူ ကြောက်လှပေသည်။
ထန်ရှုသည် သည်ညတွင် ကျင့်ကြံခြင်းအား မလုပ်နိုင်တော့ပေ။ သူ့ဒဏ်ရာများသည် အပြည့်အဝ သက်သာသွားသည်ဆိုသော်ငြား ညလုံးပေါက် ရက်များ ကြာအောင် လှုပ်ရှားခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထို့နောက် သူ ရေမိုးချိုး အဝတ်အစားလဲပြီး အိပ်တော့မည့်ဆဲဆဲတွင် တံခါးခေါက်သံနှင့်အတူ ရွှယ်ယု၏ ကြည်လင်သာယာသော အသံသည် အခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ထန်ရှု … ငါ သန့်ရှင်းရေး လုပ်ပြီး အဝတ်လဲဖို့ လိုတယ်။"
***