မျှော်လင့်မထားသောဧည့်သည်
Vol. 49 Ch. 685
ရှင်းယန်အုပ်စုတွင်…
ကျန်းယွဲ့မင်က ဖုန်းပြောနေရင်း ထိုင်နေရာမှ ထကာ ပြတင်းပေါက်ဆီသို့ လျှောက်လာသည်။ ထန်ရှု၏စကားကို ကြားသောအခါ သူ အနည်းငယ် အံ့ဩသွားပြီး ချက်ချင်းပင် တဟားဟားရယ်လိုက်ရင်း
"မင်းက ငါ့ကို လာနောက်နေတာပဲ ညီအစ်ကိုထန်။ ငါသာ အဲ့ဒီလို အရည်အချင်းရှိလိုကတော့ ကုလသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်နေပြီ။ မင်းအရှေ့မှာ ဘယ်သူကများ ဒီလိုဟာသတွေ လာပြောနေနိုင်မှာလဲ။"
ကျန်းကျီထောင် တံတွေးမျိုမိသွားသည်ကို မြင်လိုက်သော ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုထင်ရှားလာပြီး
"ခင်ဗျားရဲ့အဖိုးတန်သားလေးကလွဲရင် ဘယ်သူကများ အဲ့လိုပြောဝံ့ပါ့မလဲ။ အစ်ကိုကျန်းနဲ့အစ်ကိုဂူတို့ ဧည့်ခံတဲ့ ညစာကို ကျွန်တော် မသွားရဲတာ မဟုတ်ဘူး … ဒါကြောင့် ကျွန်တော် မသွားနိုင်တော့တာ။ အစ်ကိုကျန်းရဲ့သားက ရှန်ဟိုင်းတက္ကသိုလ်ဝင်ပေါက်မှာ သူ့ညီအကိုတွေနဲ့အတူ ကျွန်တော့်ကို ပိတ်ထားပြီး ဒေသခံအားသာချက်နဲ့ ကျွန်တော့်ကို ရိုက်နှက်မယ် ပြောနေတယ်လေဗျာ။ အမှန်အတိုင်းပြောရရင် ကျွန်တော် တကယ် ကြောက်နေပြီ။"
ကျန်းယွဲ့မင်၏အမူအရာသည် ချက်ချင်းပင် ကျောက်ရုပ်ဖြစ်သွားသည်။
ထန်ရှုကို သွားခြိမ်းခြောက်နေတာလား။
ထန်ရှု၏နည်းလမ်းများကို ပြန်သတိရသွားသောအခါ ကျန်းယွဲ့မင်တစ်ယောက် ကျောရိုးစိမ့်သည့်အထိ အေးစက်သွားရသည်။ သူ့သားငမိုက်သားသည် တစ်နေ့တွင် ထန်ရှုကို စော်ကားလိမ့်မည်ဟု တစ်ခါမျှ အိပ်မက်မမက်ခဲ့ပေ။
“ဒါက နားလည်မှုလွဲတာတစ်ခုပဲ ဖြစ်ရမယ်။ သူတို့အားလုံး။ ညီအစ်ကိုထန် … ဒီငမိုက်သားက ကိုယ်ရဲ့အကြီးတွေကို လေးစားရမယ်ဆိုတာကို မသိဘဲ မင်းကို မလေးမစားလုပ်နေရင် သူ့ကို ပါးသာ ရိုက်ပစ်လိုက်ကွာ။ ပြောနေတာ ကြာတယ် ခဏလေးစောင့်ပေး … ငါ အခု အဲ့ဒီကို လာခဲ့မယ်။"
ကျန်းယွဲ့မင်၏လေသံထဲတွင် တင်းမာမှုနှင့် ကြောက်ရွံ့မှုတို့ကို ကြားလိုက်သဖြင့် ထန်ရှုက ချက်ချင်း ရယ်မောလိုက်ပြီး
"အဲ့ဒီလောက် မလိုပါဘူး အစ်ကိုကျန်း။ ခင်ဗျားရဲ့ အဖိုးတန်လှတဲ့ ဒီသားလေးက ဘေးနားမှာ နားထောင်နေတယ်။ ခင်ဗျား သူ့ကို ဖုန်းနဲ့ ပြောရင်ရော ဘယ်လိုလဲ။"
“ဒါ … ကောင်းပြီ။” ကျန်းယွဲ့မင် တုန်လှုပ်သွားကာ နောက်ဆုံး ပြန်ဖြေလိုက်သည်။
ထန်ရှုအား သတိကြီးစွာထားပြီး စောင့်ကြည့်နေသော ကျန်းကျီထောင်၏မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာ ပေါ်လာသည်။ သူသည် ဖုန်းကို လက်ခံယူခြင်းမပြုမီ လူအများ၏အကြည့်အောက်တွင် ထန်ရှုကို ဦးစွာ ဦးညွှတ်လိုက်ပြီး ခါးသီးသောလေသံဖြင့်
“အဖေ … ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ စုန့်ကျီစုန်က ထန်ရှုဆိုတဲ့ နာမည်ကို ပြောပေမယ့် အဖေ့ဆီက မကြာခဏ ကြားခဲ့ရပေမယ့် သူ ထန် … အာ … အဖေနဲ့ မကြာခဏ တွေ့လေ့ရှိတဲ့ အန်ကယ်ထန် ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တစ်ယောက်ယောက်က ကျွန်တော့်ကို အဆ၁၀၀လောက် သတ္တိတွေ ပိုပေးခဲ့ရင်တောင် အန်ကယ်ထန်မှန်း သိရင် ဒီကိစ္စမှာ ကျွန်တော် ပါဝင်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။"
သူ့သား၏ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းယွဲ့မင်က ချက်ချင်းပင် ကြိမ်းမောင်းတော့သည်။
“အသုံးမကျတဲ့သား။ ညီအစ်ကိုထန်က ရိုင်းစိုင်းပြီး တခြားသူတွေကို အကြောင်းမဲ့ အနိုင်ကျင့်နေတယ်လို့ မင်း ထင်နေတုန်းလား။ မင်းရဲ့အန်ကယ်ထန်ကို စိတ်ရင်းမှန်နဲ့ သေသေချာချာ တောင်းပန်ပါ။ ချီးတဲ့မှ … ကောင်းတာတစ်ခုခု လေ့လာသင်ယူနေမယ့်အစား အရေမရအဖတ်မရ သူငယ်ချင်းတွေနဲ့ တနေကုန် လည်နေတာပဲ။ မင်း ပြန်ရောက်ရင် ငါ မင်းကို ဘယ်လို သင်ခန်းစာ သင်ပေးမယ်ဆိုတာ မင်း ကြည့်ထား။"
ကျန်းကျီထောင်၏အမူအရာသည် ရှုံ့မဲ့သွားသည်။ သူ့အဖေကလွဲပြီး မည်သူ့ကိုမှ သူ မကြောက်ပေ။ သူ ဘာပြောပြော အသုံးဝင်တော့မည်မဟုတ်တော့ပါချေ။ စုန့်ကျီစုန်ဆီမှ ထန်ရှု၏အမည်ကို အကြိမ်ပေါင်းများစွာ ပြောနေသံကို သူ ကြားသော်လည်း ဤနာမည်ပိုင်ရှင်သည် လွန်ခဲ့သောခြောက်လအတွင်း သူ့အဖေထံမှ အကြိမ်ကြိမ်ကြားခဲ့ရဖူးသော နာမည်ပိုင်ရှင်ဖြစ်လိမ့်မည်ဟူသောအတွေးအား သူ့စိတ်ထဲတွင် မတွေးမိခဲ့ပါပေ။
"ကျွန်တော် အန်ကယ်ထန်ကို ချက်ချင်း တောင်းပန်လိုက်ပါ့မယ် အဖေ။"
သူက ဖုန်းမချသေးဘဲ ဖုန်းကိုင်ကာ ထန်ရှုကို ပြန်ပေးရင်း ဦးညွှတ်လျက် ပြောလိုက်သည်။
“အန်ကယ်ထန် … ငါ့ရဲ့မသိနားမလည်မှုကြောင့် အန်ကယ်ထန်ကို မလေးစားရာ ရောက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ငါမှားသွားမှန်း ငါသိတဲ့အတွက် အန်ကယ်ထန်က ကြီးမြတ်သောသူပီပီ ငါ့အဆင့်ထိ မနှိမ့်ချပါနဲ့။ ဒေါသမပြေသေးရင် ငါ့ကို ရိုက်နိုင်ပါတယ်။"
ရုတ်တရက် အပြောင်းအလဲကြောင့် အနားတွင် ရပ်နေသော စုန့်ကျီစုန် တုန်လှုပ်သွားသည်။ အခြေအနေက ၁၈၀ဒီဂရီ ပြောင်းပြန်လှန်သွားသဖြင့် သူ လုံးဝ အံသြနေမိသည်။ သူ့နှလုံးခုန်သံ ရုတ်တရက် မြန်ဆန်လာကာ ကျောရိုးစိမ့်အောင်ပင် အေးစက်လာတော့သည်။ ကျန်းမိသားစုသည် ရှန်ဟိုင်းတွင် ထင်ရှားပြီး အားကောင်းသည့် မိသားစုများထဲတွင် ပါဝင်ပေရာ မည်မျှ အစွမ်းရှိကြောင်း သူ ရှင်းလင်းစွာ သိထားသည်။ မည်သို့ကြောင့် ... ကျန်းကျီထောင်သည် ထန်ရှု၏အရှေ့တွင် ရုတ်ခြည်းပင် ကျိုးကျိုးနွံနွံ ဖြစ်နေခဲ့ပါသနည်း။
ထို့အပြင် ထန်ရှုက ထူးခြားသောအဆင့်အတန်းရှိသူ သို့မဟုတ် တစ်ခုခုဖြစ်နေသကဲ့သို့ ကျန်းယွဲ့မင်သည် စိုးရိမ်ထိတ်လန့်နေပုံရသည်။
…ထိုလူ ... အဲ့ဒီလူထံတွင် မည်သို့သော ကြောက်စရာ နောက်ခံများ ရှိနေပါသနည်း။ ကျန်းယွဲ့မင်ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းကြီးသော ပုဂ္ဂိုလ်ကပင် သူ့ကို ကြောက်ရွံ့နေသလား။
သူ့အတွေးများ ထိုနေရာသို့ အရောက်တွင် ထန်ရှုအား စောစီးစွာ မစုံစမ်းမိသည့်အတွက် နောင်တတရားသည် သူ့နှလုံးသားထဲတွင် ရုတ်ချည်း ပြည့်လာခဲ့လေသည်။
ထန်ရှုသည် သူ့အား ရိုရိုကျိုးကျိုး တောင်းပန်နေသော ကျန်းကျီထောင်ကို ကြည့်ရင်း “အန်ကယ်ထန်” ဟူသော စကားလုံးသည် သူ့စိတ်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူက ကျန်းကျီထောင်နှင့် သက်တူ ရွယ်တူလောက်ပဲ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မထင်မှတ်ဘဲ သူက မျိုးဆက်တစ်ဆက် မြင့်သွားရပါသနည်း။
ထန်ရှုသည် သူ၏ပခုံးကို ညင်သာစွာ ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒုတိယမျိုးဆက် သူဌေးသား သူဌေးသမီးတွေနဲ့ အစိုးရအရာရှိတွေရဲ့သားတွေက မရင့်ကျက်ကြသလို နှိမ့်နှိမ့်ချချ မနေတတ်ကြဘူး။ အဲ့ဒီလိုနဲ့ပဲ နောက်ဆုံးတော့ သူတို့မိသားစုအပေါ်၊ သူတို့ရဲ့မျိုးနွယ်စုတစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်တဲ့ ဘေးဒုက္ခဆိုးကို ကျရောက်သွားစေတယ်။ ပြီးတော့ မင်း … နောက်ဆိုရင် အကောင်းအဆိုးကို ခွဲခြားသိမြင်တဲ့စိတ်ကို ပိုပြီး မွေးမြူသင့်တယ်။ မင်းက ဆယ်ကျော်သက်မဟုတ်တော့ဘူးလေ … ရင့်ကျက်ဖို့ အချိန်တန်နေပြီ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင်။”
ထိုစကားပြောပြီးနောက် သူ၏ဖုန်းကို ပြန်ယူလိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်
“ဘာပဲဖြစ်ဖြစ် အစ်ကိုကျန်း … ကျားအဖေက ခွေးသားလေးကို ဘယ်တော့မှ မမွေးဘူး။ ခင်ဗျားရဲ့သားက အနာဂတ်မှာ ထူးချွန်သူတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့ကို ကောင်းကောင်း သင်ပေးဖို့လိုမယ်။ ပြီးတော့ အကောင်းအဆိုး ခွဲခြားသိမြင်စိတ်ကို အချိန်ပေးပြီး နည်းနည်း သင်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်။”
သားဖြစ်သူ၏တောင်းပန်စကားကို ကြားပြီးရုံသာ ရှိသေးသော ကျန်းယွဲ့မင်သည် ထန်ရှု၏စကားကို ကြားပြီးနောက် ခြောက်ကပ်ကပ် ရယ်လိုက်ရင်း
“သူ့ကို လျစ်လျူရှုခဲ့မိတာ ငါ့အပြစ်တွေပါ ညီအစ်ကိုထန်။ လုပ်ငန်းတော်တော်များများမှာ အလုပ်များလွန်းတာကြောင့် ဒီကလေးကျီထောင်ကို ပြုပြင်ဆုံးမဖို့ အချိန်နည်းသွားတယ်။ ဒါပေမယ့် အနာဂတ်မှာ ငါ သူ့ကို ကောင်းကောင်း ဆုံးမပဲ့ပြင်ပြီး စောစောစီးစီး ရင့်ကျက်လာအောင် ကြိုးစားသွားမှာပါ၊ ဒါကြောင့် သူက ငါ့နေရာကို ယူနိုင်ပြီး နောက်ပိုင်းမှာ ငါ့ကို စိတ်အေးလက်အေး နေနိုင်စေလိမ့်မယ်။”
“ကောင်းပြီ။” ထန်ရှု ပြုံးလိုက်သည်။
"ဒါဆို ထမင်းစားဖို့ အစ်ကိုကျန်းနဲ့ အစ်ကိုဂူကို လာရှာလိုက်ပါ့မယ်။"
ဖုန်းချပြီးနောက် ထန်ရှုသည် စုန့်ကျီစုန်ကို ကြည့်လိုက်ရာ ထိုသူသည် ယခုအချိန်တွင် ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ရင်း
"မင်းနာမည်က စုန့်ကျီစုန် ဟုတ်တယ်နော်။ မင်းအဖေ ဘယ်သူပဲဖြစ်ဖြစ် မင်းမိသားစုက စွမ်းအား ဘယ်လောက် ရှိရှိ ငါ ဂရုမစိုက်ဘူး။ ငါ့စကားတွေကို မှတ်ထားပါ - မင်း မိန်းကလေးတစ်ယောက်ကို စိတ်ရင်းမှန်နဲ့ ချစ်တယ်ဆိုရင် အဲ့ဒီမိန်းကလေးက မင်းကို အထင်ကြီးစေပြီး သူမရဲ့နှလုံးသားကို မင်းရဲ့အချစ်တွေနဲ့ ပျော်ဝင်စေဖို့အတွက် မင်းရဲ့ရိုးသားတဲ့သဘောထားကို ပြသလိုက်ပါ။ မင်းရဲ့ချစ်သူပြိုင်ဘက်ကို ခြိမ်းခြောက်မှုတွေနဲ့ ဆက်ဆံတာက မိုက်မဲတာ သက်သက်ပါပဲ။ အခု ထွက်သွားတော့။ ငါ့အရှေ့မှာ ဒီလိုအမြင်ကပ်စရာကောင်းအောင် မနေနဲ့။"
စုန့်ကျီစုန်က မော့ကြည့်ပြီး တစ်ခုခု ပြောချင်ဟန် ရှိသည်။ သို့သော် ထန်ရှု၏ခံစားချက်မဲ့သော အမူအရာ ကို သူ မြင်သည့်အခါ သူ ပြောချင်သောစကားများကို ပြန်မျိုချလိုက်သည်။ သူတို့စုန့်မိသားစုက ကျန်းတွေထက် ပိုအားကောင်းသော်လည်း ထန်ရှု အစောပိုင်းက ပြောခဲ့သော စကားများက မှန်သည်ဟု သူ ယူဆမိပြီး သူ့မျိုးရိုးတစ်ခုလုံး၊ သူ့မိသားစုတစ်ခုလုံးအတွက် ထိခိုက်စေမည့် ဘေးဒုက္ခကို မခေါ်သင့်ပေ။ ထို့ပြင် ထန်ရှု၏အကြောင်းကို အခုထိ သူ မဖော်ထုတ်နိုင်သေးပါချေ။
မြင်ကွင်းအား ခပ်လှမ်းလှမ်းက ကြည့်ကာ အစောပိုင်းက ကောင်မလေးတွေကို ပွေ့ဖက်ရင်း ဟာသတစ်ပုဒ်လို သဘောထားခဲ့သည့် တခြားလူငယ်နှစ်ယောက်သည်လည်း ယခုချိန်တွင် လုံးဝကို ထိတ်လန့်နေခဲ့ပြီဖြစ်သည်။ စုန့်ကျီစုန်နှင့် ကျန်းကျီထောင်တို့ သူတို့အနား ပြန်ရောက်လာသည်ကိုပင် မသိလိုက်ကြပေ။ သို့သော် မိန်းကလေး သုံးယောက်သည် မျက်လုံးများ မှေးစင်းလျက် ထန်ရှုအား စူးစမ်းလိုသော အမူအရာဖြင့် သဘောကျစွာ ကြည့်နေကြသည်။
"သွားကြရအောင်။"
စိတ်ထဲတွင် ရိုးတိုးရိပ်တိတ်ဖြင့် ကျန်းကျီထောင်တစ်ယောက် တွေတွေဝေဝေ ဖြစ်နေသော သူ့သူငယ်ချင်းနှစ်ယောက်အား တီးတိုးအော်ဟစ်လိုက်သည်။ သူ ထန်ရှုကို သိချင်နေတာ ကြာပြီဖြစ်သော်လည်း အခွင့်မသာခဲ့ပေ။ အခု တွေ့မည့်တွေ့တော့ သူက ထန်ရှုကို စော်ကားမိသလို ဖြစ်နေသောကြောင့် စုန့်ကျီစုန်ကိုသာ ဆဲလိုက်ချင်တော့သည်။
တန်ဖိုးကြီးကားလေးစီး ထွက်ခွာသွားစဉ် ထန်ရှုက ထိတ်လန့်တုန်လှုပ်နေသော ရွှဲ့ချောင်ကို လက်ဖြင့် ပုတ်ကာ အပြုံးဖြင့်
"ကြည့် … ငါတို့ အခုထမင်းဆိုင်ကို မသွားရင် ယွဲ့ခိုင်နဲ့ တခြားသူတွေ စားလို့ ငါတို့ ငတ်သွားမှာ သေချာတယ်။”
ရွှဲ့ချောင်က အသိပြန်ဝင်လာပြီး သဘောကျစွာဖြင့် "မင်းက တကယ်ကို ထက်မြက်တဲ့ သူဌေးထန်ပဲ။ တန်ဖိုးကြီးကားတွေနဲ့ မာနကြီးပြီး မောက်မာတဲ့ သူဌေးသားတွေကို ကျိုးကျိုးနွံနွံ ဖြစ်အောင် လုပ်လိုက်နိုင်တယ်။ အဲ့ဒီကျန်း … ကျန်းကျီထောင် … သူဌေး တကယ်ပဲ မင်းက သူ့ဦးလေးလား။ ဒါပေမယ့် သူက ဘာကြောင့် မင်းကို လုံးလုံး မသိတာလဲ။"
ထန်ရှုက ရယ်မောလိုက်ပြီး
"မင်းကို ငါ ဥပမာတစ်ခု ပြောမယ်ကွာ။ မင်းအဖေရဲ့ သူငယ်ချင်းနဲ့ မင်း တွေ့ရင် သူ့ကို မင်း ဘယ်လိုခေါ်မလဲ။"
"ဦးလေး ဒါမှမဟုတ် ဦးကြီး…" ရွှဲ့ချောင်က ပြန်ပြောသည်။
“ဒါပဲလေ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
"ငါက ကျန်းကျီထောင်ရဲ့အဖေနဲ့ ဆက်ဆံရေးကောင်း ရှိတယ်။ ကဲ ပြောပါဦး … သူ့သားက ငါ့ကို ဘယ်လိုခေါ်သင့်လဲ။"
ရွှဲ့ချောင်က သူ့နဖူးကို ပုတ်လိုက်ပြီး
“ချီး … ငါ့မှာ ဘယ်လိုဦးနှောက် ရှိနေတာပါလိမ့်။ ဒီလိုမေးခွန်းမျိုး တစ်ခါမှ မတွေးဖူးဘူး။ သွားစားကြရအောင်။"
စိတ်ပြေရာ စားသောက်ဆိုင်…
၎င်းသည် ရှန်ဟိုင်းတက္ကသိုလ်အနီးရှိ အထွေအထူး မဟုတ်သော သာမန်စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သော်လည်း အစားအသောက်များ စုံလင်သည့်အပြင် ကိုယ်တတ်နိုင်သော ငွေကြေးပမာဏဖြင့် စားနိုင်သောကြောင့် ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားများကြားတွင် အတော်လေး ရေပန်းစားပေသည်။ ယွဲ့ခိုင်နှင့် အခြားသူများသည် ထန်ရှုတစ်ယောက် သူတို့နှင့်အတူ မရှိသည့်အခါတိုင်း ဤနေရာသို့ လာစားလေ့ရှိသည်။
ထန်ရှုနှင့် ရွှဲ့ချောင်တို့ ထိုဆိုင်သို့ ရောက်ရှိလာချိန်တွင် ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့ မရောက်သေးသည်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ်စဉ်းစားပြီးနောက် မုဝမ်ရင်ဆီ ဖုန်းဆက်လိုက်ရာ သူမသည် ယခုလေးတင် အတန်းပြီးသွားကာ ထမင်းစားရန် အဆောင်တူ ညီအစ်မများနှင့် ကော်ဖီဆိုင်သို့သွားတော့မည်ကို သိလိုက်ရသဖြင့် အတူတူစားရန် ချက်ချင်း ဖိတ်ခေါ်လိုက်သည်။
မကြာခင်မှာပင် ယွဲ့ခိုင်၊ ဟူချင်းစုန့် နှင့် ကျောက်လျန့်တို့ ရောက်လာကြပြီး မုဝမ်ရင်နှင့် သူမ၏ အဆောင်ညီအစ်မသုံးယောက်ပါ ရှေ့ဆင့်နောက်ဆင့် လိုက်ပါလာကြသည်။ သူတို့အုပ်စုသည် ရွှင်မြူးစွာ စကားပြောဆို စားသောက်ကြပြီးနောက် လူတိုင်းသည် နေ့လည်အတန်းတက်ရန် ကျောင်းဝင်းထဲသို့ ပြန်လာကြသည်။
"ငါတို့ စာသင်ခန်းကို အရင်သွားကြမယ်။"
ကျန်းဖေးယန်က ထူးဆန်းသောအမူအရာဖြင့် မုဝမ်ရင်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး ထန်ရှုအား စနောက်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် လီရှင်းကျီနှင့် ဟူဝအေား ဆွဲခေါ်သွားသည့်နည်းတူ ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့အုပ်စုကလည်း လေလေးတချွန်ချွန်ဖြင့် စာသင်ခန်းဆီသို့ လှမ်းသွားကြသည်။
မုဝမ်ရင်သည် ထန်ရှုကို စိတ်ပူနေခဲ့ပေရာ ယခု ရှန်ဟိုင်းသို့ သူ လုံခြုံစွာ ရောက်ရှိလာသည်ကို သူမ တွေ့လိုက်ရသောကြောင့် သူမ၏ နှလုံးသားထဲတွင် သောကများ ပြေလျော့သွားသည်။ လက်ရှိတွင် သူတို့နှစ်ဦးသာ ကျန်တော့သဖြင့် သူမသည် ထန်ရှု၏လက်ကို ညင်သာစွာ ဆွဲကိုင်လိုက်ပြီး "အနောက်ပိုင်းဒေသမှာ နင့်ကိစ္စတွေအားလုံးကို ဖြေရှင်းပြီးသွားပြီလား။"
“အားလုံး ပြေလည်သွားပြီ။ သက်တောင့်သက်သာ နေပါ။" ထန်ရှု ခေါင်းညိတ်သည်။
"ဒါနဲ့ မနက်ဖြန် ငါ့ကုမ္ပဏီကို သွားချင်တယ်။ နင် ငါနဲ့လိုက်ခဲ့ပေးနိုင်မလား။"
မုဝမ်ရင်က တိုးတိုးလေးမေးလိုက်သော်လည်း သူမမျက်နှာတွင် တုံ့ဆိုင်းနေသောအမူအရာနှင့် မျှော်လင့်ချက်များ ရှိနေသည်။
သူမ၏မျက်နှာပေါ်မှ မျှော်လင့်ချက်ကို မြင်လိုက်ရသော ထန်ရှုက ခေါင်းညိတ်ပြပြီး
"ကောင်းပြီ … ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်။ မနက်ဖြန်မှာ အတန်းမရှိဘူး။”
မုဝမ်ရင်၏အမူအရာမှာ ပျော်ရွှင်သွားကာ သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုတောက်ပလာသည်။ ထို့နောက် ထန်ရှုနှင့် အနည်းငယ် စကားစမြည် ပြောပြီးနောက် ထွက်သွားခဲ့သည်။ ထန်ရှုကတော့ စာသင်ခန်းထဲ ပြန်ရောက်ချိန်တွင် ယွဲ့ခိုင်တို့တွေက အချိန်အတော်ကြာအောင် သူ့ကို စနောက်နေကြသည်။
နေ့လည်ပိုင်း စာသင်ချိန်နှစ်တန်းသည် သက်တောင့်သက်သာဖြင့် ပြီးဆုံးခဲ့သည်။ ထန်ရှုသည် အိပ်ဆောင်သို့ ပြန်မလိုက်တော့ဘဲ ကြယ်ပြာအိမ်ရာသို့ ပြန်ရန် ကျောင်းဝင်းမှ တန်းထွက်ခဲ့သည်။ မီးအားပေးစက်ကို ရှန်ဟိုင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး ယခုအခါတွင် ၎င်း၏နေအိမ်သို့ ပြောင်းရွှေ့ထားကြောင်း သူ စာသင်ခန်းတွင် ရှိနေစဉ် မိုအားဝူထံမှ စာတိုသတင်းကို ရရှိခဲ့သည်။
မီးအားပေးစက်မှ ထုတ်ပေးသော လျှပ်စစ်ဓာတ်အား အသုံးပြု၍ ခန္ဓာကိုယ်အား ပုံသွင်းလေ့ကျင့်ခြင်းသည် ထန်ရှု တွေးခဲ့မိသော နည်းလမ်းတစ်ခုဖြစ်သည်။ ယခုအချိန်အထိ ထိုနည်းလမ်းအား စမ်းသပ်မှု မလုပ်ရသေးသောကြောင့် သူ့ကိုယ်သူ စမ်းကြည့်ရန် မျှော်လင့်နေသည်။ ထိုနည်းလမ်းသည် ကောင်းစွာ အလုပ်ဖြစ်ခဲ့ပါက သူ၏လူများလေ့ကျင့်ရေးအတွက် အရေးကြီးသော အရာဖြစ်လာပေလိမ့်မည်။
သို့သော်လည်း သူ့အိမ်ထဲသို့ မဝင်မီကပင် မထင်မှတ်ထားသော ဧည့်သည်တစ်ဦးကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ ထိုသူကို တွေ့ပါက ထန်ရှုက ခေါင်းအတော်ကိုက်ရသောကြောင့် ဖြစ်နိုင်ရင် သည်လူကို သူ တကယ်မတွေ့ချင်ပေ။
***