← Chapters

ငြင်းဆိုခြင်း

Vol. 50 Ch. 687

ငြင်းဆိုခြင်း

Vol. 50 Ch. 687

ပြင်းထန်သော လျှပ်စီးကြောင်းသည် ထန်ရှု၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သူ၏ ကြွက်သားများ၊ အရိုးများနှင့် သူ့ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများအားလုံးကို ထိခိုက်ပျက်စီးစေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ထန်ရှုသည် အတိဒုက္ခ ဖြတ်ကျော်သည့်အချိန်ကို ပြန်လည်အသက်သွင်းနေရသကဲ့သို့ ခံစားမိလာရသည်။

မိုးခြိမ်းသံနှင့် ကြောက်မက်ဖွယ်လျှပ်စီးကြောင်းများ။ ၎င်းတို့သည် အစွမ်းထက်သော ကျင့်ကြံသူများနှင့် မြင့်မားသော ကျင့်ကြံမှုအဆင့် အင်မော်တယ်များစွာကို သေကျေပျက်စီးစေခဲ့ပေသည်။ မိုးကြိုးနှင့်လျှပ်စီးတို့သည် သဘာဝတရား၏ အင်အားတစ်ခုဖြစ်ပြီး စကြာဝဠာများ၏ အလုံးစုံဖျက်ဆီးခြင်း အရာများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စွမ်းအင်လည်း ဖြစ်သည်။

မီးအားပေးစက်၏ပြင်းထန်သောအခြေအနေတွင် ရှိသော လျှပ်စစ်ဗို့အား ၄၀,၀၀၀သည် ထန်ရှု၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်ရီစေသော်လည်း သူ၏ဖြစ်နိုင်သောစွမ်းရည်ကို မလှုံ့ဆော်နိုင်ဘဲ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားကို တိုးမြှင့်ရာတွင် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့သဖြင့် ၎င်းပမာဏသည် သူ၏အကန့်အသတ်သို့ မရောက်သေးကြောင်း သူ ခံစားမိသည်။

“နောက်ထပ် ၂၀,၀၀၀ တိုးလိုက်ဦး။" ထန်ရှုထံမှ စကားသံ ထွက်လာသည်။

ချူယွမ်၏ချောမောသော မျက်နှာပေါ်ရှိ အမူအရာသည် လွန်စွာ အံ့သြရှုံ့မဲ့နေသည့်အသွင်ဖြစ်နေချေပြီ။ ပြင်းထန်သော လျှပ်စီးကြောင်းမှ ဗို့အား ၄၀,၀၀၀ သည် သာမန်လူတစ်ဦးကို ချက်ချင်း သေစေနိုင်သော်လည်း ထန်ရှုသည် အနည်းငယ် တုန်ရီနေရုံမှတပါး ဒဏ်ရာမရချေ။

…ဒီ... ဒီကောင်က ကျင့်ကြံသူဆိုရင်တောင် ဒီလို ကြောက်စရာတော့ မကောင်းသင့်ဘူး မဟုတ်လား။…

ချူယွမ်သည် သူ့ဘဝတွင် မတွေးတောနိုင်သည့် အရာများစွာကို မြင်တွေ့ခဲ့ရဖူးသည်ဟု ထင်ခဲ့သော်လည်း သူ့ရှေ့က လက်ရှိမြင်ကွင်းသည် သူကြုံတွေ့ခဲ့ရသမျှထက်ပင် ပို၍ပင် ကြမ်းတမ်းပေသည်။ သည်ကောင်က ရေချိုးရန်အတွက် လျှပ်စစ်စီးကြောင်းကို အသုံးပြုနေသည်ဟု အခိုင်အမာဆိုခဲ့ခြင်းသည် သူ့အတွက် လက်မခံနိုင်စရာဖြစ်သည်။

နောက်ဆုံးတွင် ဗို့အား ၆၀,၀၀၀၏အမြင့်ဆုံး လျှပ်စီးကြောင်းသည် ထန်ရှု၏မျက်နှာအား အနည်းငယ် ဖျော့တော့သွားစေကာ နဖူးထက်တွင် ချွေးများ ထွက်နေစေသည်။ သို့သော် ထွက်လာသော လျှပ်စီးကြောင်းကြောင့် ချွေးများက ချက်ချင်း အငွေ့ပျံသွားသည်။ သူ၏ဆံပင်များ ထောင်လာပြီး အရေပြားသည်လည်း နီရဲလာသည်ကို တွေ့ရသည်။

နာကျင်မှုသည် ပြင်းထန်လှသည်။ သို့တိုင် ထန်ရှုသည် ထိုနာကျင်မှုကို ခံနိုင်ရည်ရှိစွာဖြင့် ဖိနှိပ်ထားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် လျှပ်စစ်စီးကြောင်းကြောင့် အပူပေးပုံသွင်းခံနေရသည်ကို တွေ့ရှိသောအခါ သူ  အံ့အားသင့်သွားခဲ့သည်။ လျှပ်စီးကြောင်းသည် သူ၏ကြွက်သားများကို ပျက်စီးစေသော်လည်း မူလဖရိုရဲစွမ်းအားက ကြွက်သားများအတွင်း စီးဆင်းပြီး သူ၏အရိုးများကို အဆက်မပြတ် ပြုပြင်ပေးသောကြောင့် မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်စေပြီး ပိုမိုတောင့်တင်းကြံ့ခိုင်လာစေသည်။

သူ့အား အံ့အားအသင့်ရဆုံးအရာမှာ လက်ရှိဗို့အားအောက်တွင် မူလဖရိုဖရဲစွမ်းအားသည် ပုံမှန်ထက် နှစ်ဆ ပိုမိုမြန်ဆန်စွာ လည်ပတ်နေကာ ၎င်း၏ကိုယ်တွင်းအင်္ဂါများဆီသို့ နှိုးဆွပေးနေခြင်း ဖြစ်တော့သည်။ သူသည် အကြိမ်များစွာ ဒဏ်ရာရနေသော်လည်း မူလဖရိုဖရဲစွမ်းအားသည် ၎င်းကို အဆက်မပြတ် အားဖြည့်ပြုပြင်ပေးခဲ့ရာ အပူဖြင့် ပုံသွင်းမှုကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများ ပိုမိုသန်မာလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။

"အားဝူ ၁၀၀,၀၀၀…"

ထန်ရှု၏မျက်လုံးများသည် နီရဲနေပြီး ကြိုးများကို ကိုင်ထားသည့် သူ၏လက်များသည်ပင် အနည်းငယ် တုန်ရီနေသော်လည်း အမိန့်ပေးနေဆဲဖြစ်သည်။

"မင်းက ... အရူးတစ်ယောက်ပဲ…"

ချူယွမ်သည် တုန်တုန်ယင်ယင် ဖြစ်သွားရကာ နံရံအား သူ၏နောက်ကျော ထိသွားသည့်အထိ နောက်သို့ ဆုတ်သွားသည်။ သူသည် ထန်ရှုအား လူသေတစ်ယောက်အလား ကြည့်နေမိသည်။

ဇိ … ဇီ …

အားပြင်းသော လျှပ်စီးကြောင်းသည် ထန်ရှု၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုတည်းသော အဝတ်အစားအဖြစ် ရှိနေသော အတွင်းခံဘောင်းဘီအား လောင်ကျွမ်းစေပြီး ပြာဖြစ်သွားစေသော်လည်း မီးလောင်နေသော အတွင်းခံဘောင်းဘီနှင့် လျှပ်စစ်စီးကြောင်းတို့သည် ထန်ရှုအပေါ် ပြင်းထန်သော ဒဏ်ရာများ မဖြစ်စေခဲ့ပေ။

နာကျင်မှုသည် သူ့အား ထိုးဆွနေသည့်အလား ဖြစ်နေသည့်တိုင် ထန်ရှု စိတ်လှုပ်ရှားနေဆဲဖြစ်သည်။

သူ၏အာရုံကြောများသည် သံမဏိအဖြစ်သို့ ပြောင်းလဲသွားသည့်အလားဖြစ်ကာ သူ၏သွေးများသည် ဆူပွက်နေသော ချော်ရည်ပူများသဖွယ် စီးဆင်းနေသည်။ သူ၏ ပျော့ပျောင်းသော ကြွက်သားများသည် တုန်ရီ တုန်ခါနေသော်လည်း ခန္ဓာကိုယ်ပေါ်တွင် ခန္ဓာကိုယ်အတွင်းမှ မလိုအပ်သဖြင့် စွန့်ထုတ်လိုက်သော မီးခိုးရောင်အရာများ ဖုံးလွှမ်းသွားကာ အခဲလေးများ ဖြစ်လာကြသည်။

ဓာတ်အားပေးစက်၏ဘေးတွင်ရပ်နေသော မိုအားဝူ၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ သူဌေး၏ကိုယ်တွင်းရှိ မြင့်မားသော အပူချိန်ကို သူ ရှင်းရှင်းလင်းလင်း သိပေသည်။ ထိုအပူချိန်ကို သူဌေး၏ ခံနိုင်ရည်စွမ်းအားက သက်သေပြလိုက်သည့်အခါ သူ၏ရင်ထဲတွင် ပိုမိုသန်မာလိုသည့် စိတ်ဆန္ဒတစ်ခု ပြင်းပြပေါက်ဖွားလာတော့သည်...။ သူလည်း လျှပ်စစ်စီးကြောင်းနှင့် ရေချိုးခြင်း၊ လျှပ်စီးအလင်းဖြင့် ရေချိုးခြင်းတို့အား လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်သည့် ပိုမိုသန်မာပြီး ပိုမိုကြောက်စရာကောင်းသောသူ ဖြစ်ချင်လှပေသည်။

နံရံကို မှီရပ်နေရသော ချူယွမ်သည် နောက်ဆုံးတွင် ပင့်သက်ရှိုက်လိုက်သည်။ သူ၏နှလုံးခုန်နှုန်း ပိုမြန်လာသကဲ့သို့ သူ၏ခြေထောက်များ အားနည်းချိနဲ့သွားသည်ဟု ခံစားနေရသည်။

ဒါကြီးက တကယ့်ကို ထိတ်လန့်စရာကောင်းလွန်းတယ်။ အဲ့ဒီကောင်က လူတစ်ယောက်ရော ဟုတ်သေးရဲ့လား။

သူသည် ဤအရူးများနှင့် အတူမနေချင်သလို ဤကြောက်မက်ဖွယ်ကောင်းသော မွန်းစတားနှင့်လည်း မပေါင်းသင်းချင်တော့သောကြောင့် သည်နေရာမှ လှည့်ထွက်ပြေးချင်နေသည်။ သို့သော် ထန်ရှု၏ "ဤကဲ့သို့သော ရေချိုးခြင်း" နှင့်ပတ်သက်သည့် မွန်းစတားလုပ်ငန်းစဉ်တစ်ခုလုံးနှင့်အတူ နောက်ဆုံးရလဒ်ကို ကြည့်ချင်သေးသောကြောင့် သူ ခြေတစ်လှမ်းမှ မလှမ်းနိုင်ခဲ့ပေ။

အချိန်များ တစ်ချက်ချက် ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း မိနစ်၂၀ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ထန်ရှုက ကြိုးနှစ်ချောင်းကို ရုတ်တရက် ဖယ်လိုက်ပြီး အားရပါးရ ရယ်လိုက်ရင်း

“သိပ်ကောင်းတယ်။ သောက်ရမ်းမိုက်တယ်။”

မိုအားဝူက ရှေ့ကို လှမ်းလာပြီး အလျင်စလို မေးလိုက်သည်။

“ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ သူဌေး။”

ထန်ရှုသည် သူ့လက်ကို လှည့်လိုက်ပြီး လက်စွပ်ထဲမှ အဝတ်တစ်စုံကို ထုတ်ယူကာ အမြန်ဝတ်ဆင်ပြီးနောက် ကျေနပ်နေသောအသံဖြင့်

“မဆိုးဘူး။ ငါ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုခွန်အား တိုးလာတယ်လို့ ခံစားရတယ်။ အားဝူ … ငါ့အမိန့်ကို ပေး ပေးပါ။ ပုံမှန်လေ့ကျင့်မှုအတွက် အနည်းဆုံး ပါဝါဂျင်နရေတာ အလုံး၁၀၀ကို ဝယ်ယူဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်။”

“ငါ သူဌေးလေးကို ဆက်သွယ်လိုက်မယ်။” မိုအားဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထန်ရှုက သူ့ကို ခေါင်းညိတ်ပြပြီး နံရံကို မှီရပ်နေသည့် ချူယွမ်ကို ကြည့်လိုက်ရာ ထိုလူသည် ဖြူဖျော့ပြီး မယုံကြည်နိုင်ဟန်အမူအရာများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက ပြုံးပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့်

"မစ္စတာချူ … အစောပိုင်းက ရေချိုးတဲ့ပုံစံကြောင့် ကိုယ်လုံးတီးဖြစ်သွားတာက ငါ့အတွက် သိပ်ပြီး မတင့်တယ်ဘူးဆိုပေမယ့် အဲ့ဒီကရတဲ့ ခံစားချက်က အရမ်းကောင်းတယ်။ မင်း အခွင့်အရေးရရင် ကြိုးစားကြည့်မလား။"

ချူယွမ်က တံတွေးမျိုချလိုက်ပြီး ခေါင်းယမ်းလျက် "မင်းက တကယ့်ကို အရူးပဲ။ ရူးနေတဲ့သူပဲ ဒါမျိုး လုပ်နိုင်မှာ။ ငါ ဒီကမ်းလှမ်းမှုကို ငြင်းတယ်။ ငါ့ကိုယ်ငါ သေကြောင်းမကြံပါရစေနဲ့။"

အရူးတဲ့လား…

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ

“ကောင်းပြီ … မင်း မကြိုးစားချင်ရင် ထားလိုက်ပါ။ စိတ်မကောင်းစရာပဲ။ မင်း သိလား … လျှပ်စီးကြောင်းနဲ့ ရေချိုးရတာ တကယ်ကို ကောင်းတာကွ။”

ချူယွမ်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ့စိတ်ခံစားချက်ကို မြန်မြန်ဆန်ဆန် ညှိလိုက်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါ မင်း ရေချိုးတာ လုံးဝ မဟုတ်ဘူး။ ဒါက မင်းရဲ့ခန္ဓာကိုယ်ကို ပုံသွင်းလေ့ကျင့်ဖို့အတွက် လျှပ်စစ်ဓာတ်ကို အသုံးပြုနေတာ။”

"ကောင်းပြီ … ငါ မင်းကို မစတော့ဘူး။" ထန်ရှု ပြုံးလိုက်သည်။

“တကယ်တော့ ငါ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ လျှပ်စစ်စီးကြောင်းကို သုံးနေတာ။ ကံမကောင်းစွာပဲ ငါ့ခွန်အားက မသန်မာဘူး။ ဗို့အား အရမ်းမြင့်သွားရင် ကိုယ့်ကိုယ်ကိုယ် လျှပ်စစ်ဓာတ်ပေးပြီး သတ်သေသလို ဖြစ်မယ်။ ဒါပေမယ့် မကြာခင် ဒါမှမဟုတ် နောက်ဆိုရင် ကမ္ဘာ့အကြီးဆုံး ဓာတ်အားပေးစက်ရုံက ငါ့ရဲ့ ရေချိုးခန်း ဖြစ်လာမှာ ဖြစ်သလို ကောင်းကင်က မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေကို အသုံးပြုပြီး ငါ့ရဲ့ကျောကို ပွတ်တိုက်လို့ရပြီကွ။ ဟားဟားဟား …”

ပျော်ရွှင်စရာအဖြစ်က သူ့အား စိတ်အခြေအနေ ကောင်းစေသောကြောင့် ချူယွမ့်အပေါ် ထန်ရှု၏သဘောထား ပိုမိုကောင်းလာသည်။

ထန်ရှု၏စကားများကို နားထောင်ရင်း ချူယွမ် ပြောစရာစကား မဲ့နေသည်။ သို့သော် ရင်ထဲတွင် နက်ရှိုင်းသော မနာလိုအားကျစိတ်သည် မြင့်တက်လျက် ရှိသည်။ သူသည်လည်း ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်လိုသည်။ လျှပ်စစ်စီးကြောင်းကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ချင်ပြီး အနာဂတ်တွင် မိုးကြိုးနှင့်လျှပ်စီးကြောင်းများ သူ့ကျောပြင်ကို ပွတ်တိုက်ပေးစေချင်သည်။

ဒါက ကျင့်ကြံသူတစ်ယောက်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ အိပ်မက်မက်ခဲ့ရတဲ့ အခန်းကဏ္ဍတစ်ခု။ စိတ်မကောင်းစရာက သူတို့ ဧကရာဇ်ဥယျာဉ်၏ရာစုနှစ်များစွာ အမွေအနှစ်ထဲတွင် ကျင့်ကြံနည်းစနစ် လုံးဝမပါရှိပေ။ သူ၏သိုင်းပညာသည် မဆိုးဟု ဆိုနိုင်သော်လည်း သူသည် လူဆိုးဂိုဏ်းငယ်များကိုသာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ထိုသိုင်းပညာရှင်ကြီးများနှင့်မူ ခြေလှမ်းဝက်သာ ဝေးကွာခဲ့သည်။

ထန်ရှုနဲ့ စီးပွားရေးသဘောတူညီမှုတစ်ခု လုပ်ရင် ဖြစ်နိုင်မလား။ ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ကျင့်ကြံတဲ့နည်းစနစ်ကို ရနိုင်သရွေ့ ဈေး ဘယ်လောက်ကြီးကြီး ငါ ဂရုမစိုက်ဘူးကွာ။

ထိုအတွေးတစ်ချက် ချူယွမ်၏စိတ်ထဲ ဝင်လာသဖြင့် သူ မထိန်းချုပ်နိုင်တော့ပေ။ ပြင်းပြသောစိတ်ဆန္ဒတစ်ခုက သူ့မျက်လုံးထဲတွင် ပြည့်လျှံလာပြီး ထန်ရှုကို ကြည့်ကာ ပြောလိုက်သည်။

“မစ္စတာထန် … ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ငါ ဘယ်ဈေး ပေးရမလဲ။ ပိုက်ဆံက … အဆင်ပြေလား…”

ထန်ရှုက သူ့အား ထူးဆန်းသော အကြည့်တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းပင် မချိပြုံး ပြုံးကာ တုံ့ပြန်လိုက်သည်။

“ငွေဆိုတာ ကောင်းမွန်တဲ့ အရာတစ်ခုပါ … အထူးသဖြင့် ဒီလိုရုပ်ဝါဒခေတ်ကြီးမှာပေါ့။ ငါက မင်းအမြင်မှာ ငွေလိုနေတဲ့ပုံပေါ်နေလား။"

ချူယွမ်၏အသက်ရှုသံများ ရပ်တန့်သွားကာ ခါးသီးသော အပြုံးကို ချက်ချင်း ထုတ်လိုက်ပြီး

"မင်းရဲ့ဂုဏ်ပုဒ်၊ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မင်းက တကယ်တော့ ငွေမလိုလောက်ပါဘူး မစ္စတာထန်။"

ဒီဖေဖေကြီး ဘာလိုနေတာလဲကွ။

ထန်ရှုသည် အကြံအစည်အတွက် မျက်လုံး လှိမ့်လိုက်မိသည်။ ချူယွမ်သည် ဤကဲ့သို့ လိမ္မာပါးနပ်သူဖြစ်မည်ဟု သူ မမျှော်လင့်ထားသော်လည်း ထိုသူသည် တာအိုကို ခြေလှမ်းပင် မလှမ်းရသေးပေ။ သူသည် ချူယွမ်၏စကားများကို တန်ပြန်ရန်သာ ပြောခဲ့ပြီး သူ့စကားနောက်လိုက်ပြောရန် မမျှော်လင့်ထားခဲ့မိပေ။ သို့သော်လည်း ရှေးဟောင်းကျင့်ကြံနည်းစနစ်ကို ရောင်းချရန် သူ တွန့်ဆုတ်နေပါသေးသည်။ ယနေ့ခေတ်တွင် ကမ္ဘာ့စိတ်ဝိညာဉ်ချီသည် ပါးလွှာနေပြီး ကျင့်ကြံမှုအရင်းအမြစ်များလည်း ရှားပါးလာသည်။ ကျင့်ကြံသူ များလေလေ အရင်းအမြစ်အတွက် ပြိုင်ဆိုင်မှု များလေလေဖြစ်သည်။

ချူယွမ်သည် အလွန်ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း သူ ပြောနိုင်သည်။ ထိုသူကို သူ မကြောက်သည့်တိုင် ပြသနာဒုက္ခများကို ရှောင်လွှဲရန်အတွက် ကျင့်ကြံနည်းကို မဖြန့်ချင်ပေ။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျင့်ကြံနည်းစနစ်အား လောလောဆယ်တွင် ထိုသူနှင့် အရောင်းအဝယ် မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ပိုက်ဆံအတွက်ကတော့…။ ၎င်းကို ရရှိရန် ကြိုးကြိုးစားစား သူ လုပ်ဆောင်နေသရွေ့ နှစ်အနည်းငယ်အတွင်း ကြီးမားသောငွေကြေးပမာဏကို သူ ရရှိနိုင်မည်ဖြစ်သည်။ ယခုအချိန်တွင်မူ သေးငယ်သော အကျိုးအမြတ်အတွက် ဒုက္ခမျိုးစေ့ကို မကြဲလိုတော့ပေ။

ထန်ရှုက ခေါင်းညိတ်ကာ အပြုံးဖြင့်

"ငါက ပိုက်ဆံမလိုဘူးဆိုတာ မင်းလည်း အသိပဲ။ ဒါကြောင့် အရောင်းအဝယ်အကြောင်း မေ့လိုက်ကြရအောင်။ နောင်နှစ်အနည်းငယ်ကြာတဲ့အခါ မင်းကို ကျင့်ကြံနည်းစနစ်ကို သင်ပေးဖို့ ငါ စိတ်ဝင်စားနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။"

ချူယွမ်၏မျက်လုံးများထဲတွင် စိတ်ပျက်သွားမှုကို မြင်တွေ့နိုင်ပြီး ချက်ချင်းပင် မဖြေဖျောက်နိုင်ပေ။ တခဏမျှ သူ တွေးတောပြီးသောအခါ ကျွမ်းကျင်သူတစ်ယောက် စောလျင်စွာ ဖြစ်လာစေရန်အတွက် လိုအပ်သမျှ နည်းလမ်းမျိုးစုံဖြင့် ကျင့်ကြံသည့်နည်းစနစ်ကို ရယူရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံသည့်နည်းစနစ်ကို ပိုင်ဆိုင်ထားသူမှာ ထန်ရှုတစ်ဦးတည်း မဟုတ်သောကြောင့် ပိုက်ဆံရှိသရွေ့ ရနိုင်မည်ဟု သူ ယုံကြည်ထားသည်။

ဒေါက်…ဒေါက်…

တံခါးခေါက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အခန်းထဲ ဝင်လာသည်။

"သူဌေး … မစ္စအိုးရန် ဒီကို လာပါတယ်။"

ထန်ရှု တစ်စက္ကန့်မျှ အံ့အားသင့်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး

“သူ့ကို အပြင်ဧည့်ခန်းမှာ ခဏစောင့်ဖို့ ပြောပါ။ ခဏနေ ငါ ထွက်လာခဲ့မယ်။"

မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှုသည် ချူယွမ်နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ အိုးရန်လူလူအား ခြေချိတ်ထိုင်နေသည်ကို တွေ့လိုက်ရပြီး လိုလီပေါ့တစ်ချောင်းအား တမြုံ့မြုံ့ စားနေဟန်ရသည်။ ထန်ရှုက ပြုံးနေသော မျက်နှာနှင့်

"မင်း သတင်းရတာ တော်တော်မြန်တာပဲ လူလူ။ ငါ ရှန်ဟိုင်းကို ပြန်ရောက်လာတာ မင်း ဘယ်လို သိလဲ။"

အိုးရန်လူလူသည် ဆိုဖာပေါ်မှ ခုန်ထလာပြီး ထန်ရှု၏အနောက်မှ ချူယွမ်ကို ကြည့်သည်။ ချက်ချင်းပင် သူမက ထန်ရှုကို အသာဖက်လိုက်ရင်း ကြင်နာသော အပြုံးဖြင့်

"ဒီမမလေးမှာ အကန့်အသတ်မရှိတဲ့ သဘာဝလွန် တန်ခိုးရှိတယ်ဆိုတာ နင် သိတယ်မဟုတ်လား။ တွက်ချက်ဖို့ လက်ညိုးလေးတစ်ချက် ထောက်လိုက်ရုံနဲ့ နင် ပြန်လာပြီဆိုတာ ငါ သိတယ်။ ဆောင်းရာသီ အားလပ်ရက်မှာ နင့်ကို ငါ မတွေ့မိပါလား။ အဲ့ဒီအချိန်တွေမှာ နင် ငါ့ကို လွမ်းရော လွမ်းနေရဲ့လား။ နင် မလွမ်းဘူးလို့ ပြောရဲရင် နင့်ကို ငါ ရိုက်မှာနော်။"

ထန်ရှုက ခပ်သင်းသင်း မွှေးရနံ့ ရှိနေသော သူမ၏ကျောပြင်လေးကို အသာပုတ်ပေးပြီး အပြုံးဖြင့် "ငါ မင်းကို လွမ်းပါတယ် ဟုတ်ပြီလား။"

အိုးရန်လူလူက ကျေနပ်သွားသော အမူအရာဖြင့် ထန်ရှုကို လွှတ်ပေးလိုက်ပြီး ချူယွမ်ဘက်ကို စောင်းငဲ့ကြည့်ကာ

"နင့်သူငယ်ချင်းလား။"

"ဟုတ်တယ်။" ထန်ရှုက ပြုံးပြီး ပြန်ဖြေသည်။

အိုးရန်လူလူက လက်ဆွဲနှုတ်ဆက်ရန် ချူယွမ်ဆီသို့ သူမ၏လက်ကို ဆန့်တန်းပေးရင်း ပြောလိုက်သည်။ "ဟယ်လို … ငါက သုခဘုံစံအိမ်ပိုင်ရှင် အိုးရန်လူလူပါ။ ထန်ရှုရဲ့ဇနီးဆိုလည်း ဟုတ်ပါတယ်။"

"ဧကရာဇ်ဥယျာဉ်က ချူယွမ်ပါ။"

အိုးရန်လူလူ၏ထူးခြားသော အလှသည် ချူယွမ်ကို အံ့အားသင့်စေသည်။ အထူးသဖြင့် သူမ၏နောက်ဆုံးစကား ဖြစ်သည်။ ဤအခိုက်အတန့်တွင် မည်သည့်အတွက်ကြောင့် ရွှယ်ယုအား ထန်ရှု မျက်စိမကျခဲ့သည်ကို သူ နောက်ဆုံးတော့ နားလည်ခဲ့ချေပြီ။ သူ့အရှေ့ရှိ အိုးရန်လူလူ၏ရုပ်ရည်အဆင်း သို့မဟုတ် အရည်အချင်းများသည် ရွှယ်ယုထက် သာလွန်ခြင်း မရှိသည့်တိုင် ပြီးပြည့်စုံမှုပုံစံတစ်မျိုး ဖြစ်နေခဲ့သည်။

ချူယွမ်က ဖျစ်ညှစ်ပြုံးလိုက်ပြီး

“မစ္စတာထန် … ငါ လုပ်စရာ တစ်ခုရှိနေသေးလို့ ပြန်တော့မယ်။ မင်း အားလပ်ချိန်ရှိရင် အချိန်မရွေး ဧကရာဇ်ဥယျာဉ်ကို လာရောက်လည်ပတ်ပါ။"

ထန်ရှုက ထူးဆန်းသော လေသံဖြင့် "မင်းရဲ့လက်ဆောင်ကို ငါ ဖွင့်တာ မင်း မကြည့်တော့ဘူးလား။"

ချူယွမ်က ချောင်းတစ်ချက် ဆိုးလိုက်ပြီး

“မင်းဆီကို လာလည်တဲ့ ဧည့်သည် … မစ္စအိုးရန် ရှိနေတယ်ဆိုတော့ ငါ မနေတော့ဘူးလေ။ နောက်ပြီး မင်းကို လက်ဆောင်သေးသေးလေး ပေးထားပြီးပြီ မစ္စတာထန်။ မင်း အဲ့ဒါကို နောက်မှ တန်ဖိုးထားလို့ ရပါတယ်။"

***

All Chapters