ကမ်းကုန်အောင် အရှက်မဲ့ခြင်း
Vol. 50 Ch. 690
ထန်ရှုသည် မုဝမ်ရင်၏ဖခင် မုကျန်းဟွာအား ထင်ရှားသော ရုပ်ရည်သွင်ပြင်နှင့် ချီးကျူးဖွယ် အရည်အချင်းရှိသူအဖြစ်သာ မြင်ဖူးပေရာ သူ လုံး၀ မတွေးတတ်လောက်အောင် ဖြစ်သည်။ မုဝမ်ရင်က မည်သည့်အတွက်ကြောင့် သူ့အဖေ၏အကြွေးကို ဆပ်ပေးနေရပါသနည်း။ သူ့အဖေ၏လုပ်ငန်းက ဒေဝါလီ ခံလိုက်ရလို့များလား။
"ဘာများ ဖြစ်သွားလို့လဲ။" ထန်ရှုက စိတ်ဝင်တစား မေးသည်။
“မိသားစုတွင်း အရှုပ်တော်ပုံတွေကို လူတွေသိအောင် မပြသင့်ဘူးလို့ ဆိုကြတယ်။ ဒါပေမယ့် နင်က အနာဂတ်မှာ ငါ့ရဲ့အရင်းနှီးဆုံးလူ ဖြစ်လာမယ့်သူဆိုတော့ နင့်ကို ဖုံးကွယ်မထားချင်ဘူး။"
မုဝမ်ရင်က မချိပြုံး ပြုံးလိုက်ရင်း
“ငါ့အဖေက ခေါင်းမာပြီး သူ့ကိုယ်ပိုင်နည်းပုံစံကိုပဲ ခေါင်းမာမာ လုပ်တတ်တဲ့သူဖြစ်နေတော့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ မသင့်တော်ဘူးလို့ ငါ ပြောနိုင်တယ်။ နင်သိတဲ့အတိုင်း စီးပွားရေးလုပ်ငန်းဆိုတာက ပုံသေကားချပ် စွဲထားလို့မရဘူးလေ။ အဖေက မုမိသားစုထဲမှာ လုပ်ငန်းအနည်းငယ်လောက်ပဲ စီမံခန့်ခွဲရပေမယ့် သူ စီမံခန့်ခွဲရတဲ့ ကုမ္ပဏီငယ်နှစ်ခုလုံးက နှစ်တိုင်း ဝင်ငွေထွက်ငွေ မမျှဘဲ အကြွေးတင်နေတော့ သူ့မျက်နှာ မပျက်ရအောင် ငါ့ဆီကနေ ပိုက်ဆံ အမြဲ တောင်းတယ်။ အရေးကြီးဆုံးက ... သူ့မှာ ငါ့အမေအပြင် တခြားမိန်းမနဲ့ သားသမီးတွေ ရှိနေတာပဲ။ ငါနဲ့ဆို ဖအေတူမအေကွဲ ညီအစ်မ မောင်နှမတွေပေါ့ … ဒါပေမယ့် သူတို့ကို မုအိမ်တော်က အသိအမှတ်မပြုဘူး။”
ထန်ရှု ချက်ချင်း နားလည်သွားသည်။ ဖြောင့်မတ်သော အရာရှိတစ်ဦးပင်လျှင် မိသားစုပြဿနာများကို ဖြေရှင်းရန် ခက်သည်ဟု ဆိုကြသည်။ သို့သော် မုဝမ်ရင်၏မိခင် ကျင်းကျန်းလီသည် ထိုအရာအား ခံနိုင်ရည် ရှိပုံပေါ်သောကြောင့် ထန်ရှုသည် သူ၏ကိုယ်ပိုင်ထင်မြင်ချက်ကို မပြောချင်ပေ။ သူ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူမ၏ကျောအား ပုတ်လိုက်ပြီး
“နောက်ဆို မင်း ပိုက်ဆံမလောက်ရင် ငါ့ကို တိုက်ရိုက် ပြောလို့ ရတယ်။ မင်းက အနာဂတ်မှာ ငါ လက်ထပ်တော့မယ့် မိန်းမမို့ မင်းတစ်ယောက်တည်း ရင်မဆိုင်စေချင်ဘူး။"
မုဝမ်ရင်၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး
"နင့်ရဲ့ကတိစကားနဲ့တင် ငါ့အတွက် လုံလောက်နေပါပြီဟာ။ ဒါပေမယ့် အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို အားကိုးပြီး အမှီအခိုကင်းကင်း ရပ်တည်ဖို့ လိုသေးတယ်လို့ ငါ တွေးနေတုန်းပဲ။ နောက်ပြီး အခု ငါ လုပ်နေတဲ့ လုပ်ငန်းက နှစ်စဉ် ထူးခြားတဲ့ အမြတ်အစွန်းတွေနဲ့ ကောင်းကောင်း လည်ပတ်နေတဲ့အတွက် ငါ့အသုံးစရိတ်က လုံလောက်ပါတယ်။”
"လုံလောက်သည်ဖြစ်စေ မလုံလောက်သည်ဖြစ်စေ မင်း ပိုက်ဆံ လိုအပ်ရင် ငါ့ကို အရင်ရှာပါ။"
ထန်ရှုက ပြောသည်။
“ဒီတလော ငါ စီမံခန့်ခွဲဖို့ လိုတဲ့ အရာများစွာ ရှိပြီး အဲ့ဒါတွေက ငွေလိုနေတယ်ဆိုပေမယ့် ယွမ်ဘီလီယံ ဆယ်နဲ့ချီပြီးတော့ အလွယ်တကူ ထုတ်ယူနိုင်ပါသေးတယ်။”
မုဝမ်ရင်က ခပ်ဖျော့ဖျော့ ပြုံးပြီး ရုတ်တရက် စကားဆိုသည်။
"ငါတို့ ထျန်းကျင်မြို့မှာ ပထမဆုံး တွေ့ကြတုန်းက နင် အရမ်းဆင်းရဲတယ်လို့ ပြောတာမဟုတ်ဘူးလား။ အဲ့ဒီတုန်းက လက်ရေးလှစာပန်းချီနဲ့ ပန်းချီကားတွေ ရောင်းပြီး နင် ငွေရှာခဲ့တာကို ငါ သတိရမိသေးတယ်။”
"ဟားဟားဟား … အရိုးသားဆုံးပြောရရင် အဲ့ဒီတုန်းက ငါ တကယ် ဆင်းရဲခဲ့တာ။" ထန်ရှု ရယ်လိုက်သည်။
“ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက အမြတ်အစွန်း မရသေးဘဲ ရင်းနှီးမြှုပ်နှံဖို့ ငွေအမြောက်အမြား လိုအပ်နေသေးတယ်လေ။ နောက်ပြီး ငါက ကျင့်ကြံမှုဆိုင်ရာ အရင်းအမြစ်အချို့ကို ဝယ်ယူဖို့ ရည်ရွယ်ထားတာဆိုတာ အဲ့ဒါကလည်း ငွေကြေးများစွာ လိုသေးတယ်။ မဟုတ်သေးပါဘူး … အဲ့ဒါ မမှန်ဘူး။ မင်း ငါနဲ့ အငြင်းအခုံ လုပ်ချင်နေတာ မဟုတ်ပါဘူးနော်။ အဲ့ဒီအချိန်တုန်းကလည်း မင်းဆီက ပိုက်ဆံတွေ အများကြီးရခဲ့တာ ငါမှတ်မိတယ်။"
“ခွိ ... ဟားဟားဟား…။"
မုဝမ်ရင်က ရယ်မောလိုက်သည်။
“ငါ နင်နဲ့ ဘယ်တုန်းကမှ မငြင်းရဲပါဘူးနော်။ နင်က အခု စူပါသူဌေးဖြစ်နေပြီမို့ အနာဂတ်မှာ နင့်အထောက်အပံ့ ငါ လိုလိမ့်မယ်။"
ဂုဏ်ကျက်သရေ ကြော်ငြာကုမ္ပဏီ…
၎င်းသည် ဟုန်ခရိုင်၏ လူစည်ကားသော ဧရိယာတွင် တည်ရှိပြီး ကုမ္ပဏီတွင် ဝန်ထမ်းဦးရေ ၄၀ခန့်သာ ရှိသော်လည်း ရုံးအတွင်းပိုင်းပြင်ဆင်ထားမှုမှာ အလွန်ပင် သပ်ရပ်ပြီး ကိုယ်ပိုင်ထူးခြားသောဟန် ရှိသည်။ ထန်ရှုသည် ထိုနေရာသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သော်လည်း တောက်ပသော ခံစားချက်ကို ခံစားမိပေသည်။
"သူဌေး လာပြီလား။ ကောင်းချီးကံကြမ္မာ ကျောက်မျက်ရတနာရဲ့ဒါရိုက်တာဝေ့က သူဌေး ဒီနေ့ လာမယ်ဆိုတာ သိလို့ သူ အရင်ပြောပြဖူးတဲ့ သူ့သူငယ်ချင်း ကျန်းမျိုးရိုးကို ခေါ်လာတယ်။”
မျက်မှန်တပ်ထားပြီး ကောလိပ်ကျောင်းသူ ဝတ်စားဆင်ယင်ပုံမျိုးဖြင့် ဝတ်ဆင်ထားသည့် သွယ်လျသော အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက ထန်ရှုကို စူးစမ်းလိုသော အကြည့်ဖြင့် တစ်ချက် ကြည့်ပြီးနောက် မုဝမ်ရင်အား တလေးတစား တင်ပြလာသည်။
ယခုအချိန်တွင် မုဝမ်ရင်က သူမ၏ကြံ့ခိုင်မှုနှင့် လုပ်နိုင်စွမ်းကို ဖော်ပြလိုက်ပြီဖြစ်သည်။ အတွင်းရေးမှူးမလေး ပေးလာသည့် စာရွက်စာတမ်းကို ယူလိုက်ပြီး
“သူတို့ ဘယ်ဧည့်ခန်းထဲမှာ ရှိနေကြလဲ။”
“အခန်း၂ထဲပါ။” အတွင်းရေးမှူးမလေးက ပြန်ဖြေသည်။
“ကောင်းပြီ။” မုဝမ်ရင်က ခေါင်းညိတ်လိုက်သည်။ “မန်နေဂျာမြောင်ကို ဖုန်းဆက်ပြီး အဲ့ဒီနေရာကို အရင်သွားခိုင်းပါ။ ငါ ခဏနေ လာခဲ့မယ်လို့ သူ့ကို ပြောထားပေး။"
ထို့နောက် မုဝမ်ရင်သည် ထန်ရှုနှင့်အတူ သူမ၏ရုံးခန်းသို့ ရောက်လာသည်။ ရုံးခန်းသည် ၁၀၀ စတုရန်းမီတာနီးပါး ကျယ်ဝန်းပြီး ဒီဇိုင်းအပြင်အဆင်သည် လွန်စွာ ဖက်ရှင်ကျကာ အဆင့်မြင့်ပေသည်။ လခြမ်းပုံသဏ္ဍာန် စားပွဲ၏အနောက်တွင် စာအုပ်များနှင့် စာရွက်စာတမ်းများ ပြည့်နေသော နံရံကပ်စာအုပ်စင် တစ်တန်း ရှိနေပြီး အခြားတစ်ဖက်တွင် ဆိုဖာအကြီးကြီး နှစ်လုံးနှင့် ဆိုဖာအသေးသုံးလုံးအား ခင်းကျင်းထားကာ အလယ်တွင် လက်ဖက်ရည်စားပွဲတစ်လုံး ထားရှိသည်။
သည်နေရာတွင် အထင်ရှားဆုံးအရာသည် ဘွန်ဆိုင်းအပင်အိုးများစွာ ရှိနေခြင်းဖြစ်ပြီး ရုံးခန်းထဲ၌ လန်းဆန်းတက်ကြွသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
"မင်းရဲ့ရုံးခန်းက တော်တော်ကောင်းတာပဲ။"
ထန်ရှုက ချီးကျူးစကားဆိုသည်။
မုဝမ်ရင်က တစ်ချက် ပြုံးပြီး ထန်ရှုအတွက် လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင်ဖျော်စပ်ပေးလိုက်ပြီး
"ဖောက်သည်တွေကို ငါ အရင်တွေ့လိုက်ဦးမယ်။ ပြီးမှ ၁၈ထပ်ကို သွားကြတာပေါ့။ အဲ့ဒီဖောက်သည်က ငါ မုန်းတဲ့ လူစားမျိုးပဲ။”
မုဝမ်ရင် ပြောသည့် မုန်းသည့်အမျိုးအစားဆိုသည်မှာ သူမကို ပိုးပန်းနေသည်ဟု ဆိုလိုခြင်းဖြစ်သည်ကို ထန်ရှု ချက်ချင်း သဘောပေါက်သွားသည်။ ဤအခိုက်အတန့်တွင် သူမ၏ကုမ္ပဏီသို့ သူ့အား ယနေ့ အဖော်လိုက်စေလိုသော အကြောင်းရင်းကို သူ နားလည်သွားခဲ့သည်။ အဖိုးတန်ပန်းပွင့်လေးတွင် ပိုင်ရှင်တစ်ယောက် ရှိနေသည်ကို သူမက တခြားသူများအား ကြေညာချင်နေသည်မှာ ထင်ရှားပေသည်။
ဧည့်ခန်းနံပါတ် -၂တွင်…
မုဝမ်ရင် အခန်းတွင်းသို့ ဝင်လာစဉ် သူမ၏ ကြော်ငြာလုပ်ငန်းအတွက် သက်တမ်းရှည်ဖောက်သည် ဖြစ်သူ ဒါရိုက်တာဝေ့အပြင် ၁၈ထပ်ရှိ ရွှင်းသဲတံခါးစက်ရုံမှ အခြားဖောက်သည် ကျန်းတန်းယန်ကိုပါ တွေ့လိုက်ရသောကြောင့် သူမ၏မျက်ခုံးလေးများ အနည်းငယ် တွန့်သွားရသည်။ ယခုချိန်အထိ သူမ၏ကြော်ငြာလုပ်ငန်းတွင် ကြော်ငြာအလုပ်များ၏၄၀%သည် ရွှင်းသဲတံခါးစက်ရုံမှ ဖြစ်ပြီး ဒါရိုက်တာဝေ့၏ကုမ္ပဏီမှ လာသော ကြော်ငြာခွဲတမ်းနှင့် မယှဉ်နိုင်သည့်တိုင် ၎င်းသည်လည်း အသေးစားဖောက်သည်တစ်ဦး မဟုတ်ပါပေ။
"ဒါရိုက်တာဝေ့ … အကြီးအကဲကျန်း … ဘယ်လို ရောက်လာကြတာလဲ။"
မုဝမ်ရင်၏မျက်နှာထက်ရှိ မျက်မှောင်ကြုတ်ထားသော အမူအရာသည် တခဏသာ ကြာလိုက်ပြီး သူမက ပြုံးကာ နှုတ်ဆက်လိုက်သည်။
ဝေ့ကျုံးချောင်က ထရပ်ပြီး အပြုံးဖြင့်
"အကြီးအကဲမု … ရွှင်းသဲတံခါးစက်ရုံက ငါ့သူငယ်ချင်းကလည်း မင်းရဲ့ကုမ္ပဏီနဲ့ အလုပ်အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မထင်ထားဘူး။ သူ့ကို မင်းနဲ့ မိတ်ဆက်ပေးမလို့ ငါ ကြံထားတာ။ ဒါပေမယ့် ငါ မမျှော်လင့်ထားတာက သူ့ရဲ့နှလုံးသားထဲမှာ မင်းက နေရာယူထားတာ တကယ်ကို ကြာနေခဲ့ပြီပဲ။ ဟားဟားဟား …”
မုဝမ်ရင်၏အသက်ရှူသံများ နှေးကွေးသွားကာ သူမအား မတ်တတ်ရပ်ကာ ပြုံးကြည့်နေသော ကျန်းတန်းယန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ
“အာ … ရှင် ကျွန်မကို နောက်နေတာပဲ ဒါရိုက်တာဝေ့။ အကြီးအကဲကျန်းရဲ့ ရွှင်းသဲတံခါးစက်ရုံနဲ့ ကျွန်မရဲ့ကုမ္ပဏီက ရုံးခန်းအဆောက်အဦးက တူသွားလို့ ပူးပေါင်းလုပ်ဆောင်ရတာ ပိုမိုအဆင်ပြေသွားတာပါ။ ဒါနဲ့ … ဒါရိုက်တာဝေ့ … လွန်ခဲ့တဲ့၂ရက်လောက်က ရှင့်ကုမ္ပဏီအတွက် ကျွန်မ လုပ်ထားတဲ့ ကြော်ငြာအဆိုပြုလွှာကို ရှင် ငြင်းခဲ့တယ်လို့ကြားတယ်။ တိကျတဲ့အကြောင်းပြချက်ကို ကျွန်မ မေးလို့ရမလား။"
“ငါ့ကုမ္ပဏီအတွက် မစ္စမုကိုယ်တိုင် လုပ်ပေးခဲ့တဲ့ ကြော်ငြာအဆိုပြုချက်ကို ငါ အကောင်းမြင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ဒီဇိုင်းဌာနကလူတွေက အဲ့ဒါကို မပြီးခဲ့ဘူး။ အဆိုပြုချက်အစီအစဉ်ကို အကျိုးမရှိဘူးလို့ မထင်ပေမယ့် တစ်ခုခု လွဲချော်နေသလို ခံစားရတယ်။ စကားမစပ် … အဲ့ဒါကို အကြီးအကဲကျန်းက ငါ့ကို ထောက်ပြတော့မှ ငါ နားလည်သွားတာ။"
အကြီးအကဲကျန်း…
မုဝမ်ရင်၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမ၏ထက်မြက်သော ဉာဏ်ဖြင့် ဝေ့ကျုံးချောင်သည် သူမ၏ကုမ္ပဏီအတွက် ခက်ခဲသော အရာများကို မည်သည့်အတွက်ကြောင့် ပြုလုပ်နေသည်ကို ရိပ်မိပြီး ထိုအကြောင်းအရာသည် ကျန်းတန်းယန်နှင့် ပတ်သက်ရမည်ဟု ချက်ချင်းပင် သဘောပေါက်လိုက်သည်။
သူမ မှန်းဆထားသည့်အတိုင်း ကျန်းတန်းယန်က ပြုံးပြီး ပြောလိုက်သည်။
"ဝမ်ရင် … ငါတို့အားလုံးက အသိမိတ်ဆွေတွေပါပဲ။ ကြော်ငြာအစီအစဉ်ကို ကောင်းကောင်းမွန်မွန် ဆက်လက် လုပ်ဆောင်နိုင်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ဒါရိုက်တာဝေ့က ငါ့ကို မျက်နှာသာ အကြီးကြီး ပေးဖို့ ရှိနေတယ်။ ဒါကြောင့် ငါက မင်းနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှိပြီး မင်းကို ငါ မေတ္တာသက်ဝင်နေတယ်ဆိုတာ သူ သိသွားလို့ သူက ငါ့ကို အကူအညီပေးချင်ရုံပါ။ ငါတို့ ဒီမှာ သဘောတူညီမှုလည်း လုပ်ထားပြီးပြီ … မင်းနဲ့ငါက မိသားစုဖြစ်နေသရွေ့ သူ့ကုမ္ပဏီနဲ့ ငါ့ကုမ္ပဏီရဲ့ ကြော်ငြာတွေအားလုံးကို ငါတို့ မင်းဆီ လွှဲပေးမှာပါ။”
ကျန်းတန်းယန်၏စကားတွင် ခြိမ်းခြောက်မှု အရိပ်အယောင်ကို ခံစားသိမြင်သောကြောင့် မုဝမ်ရင်၏မျက်နှာလေးသည် မဲ့တဲ့တဲ့ ဖြစ်သွားခဲ့ရသည်။ တခဏ တိတ်ဆိတ်သွားပြီးနောက် သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အကြီးအကဲကျန်း … ကျွန်မတို့က စီးပွားရေး လုပ်နေကြတာပါ။ ရှင့်ရဲ့ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို အဲ့ဒီထဲကို ဆွဲမထည့်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မမှာ ချစ်သူရှိနေပြီဆိုတာလည်း ရှင့်ကို ပြောထားပြီးသားဆိုတော့ ကျွန်မတို့အကြားမှာ ဒီလိုဆက်ဆံရေးမျိုးရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"
“မဟုတ်ဘူး ဝမ်ရင်။ မင်း အိမ်ထောင်မပြုသေးသရွေ့ မင်းကို ပိုးပန်းဖို့ ငါ့မှာ အခွင့်အရေး ရှိသေးတယ်။" ကျန်းတန်းယန် ခေါင်းယမ်းလိုက်သည်။
“နောက်ပြီး ငါတို့နိုင်ငံက လူ့အဖွဲ့အစည်းရဲ့ အခြေအနေကို မင်းလည်း ကောင်းကောင်းသိပါတယ်။ ငါတို့တွေက မျက်နှာသာပေးမှုတွေ၊ အချင်းချင်း ပေါင်းသင်းဆက်ဆံရေးကောင်းမှုတွေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းထဲက မဟုတ်လား။ ဒီနိုင်ငံမှာ စီးပွားရေးလုပ်တာက လူမှုဆက်ဆံရေးအခြေအနေနဲ့ သတ်သတ်စီ လုပ်လို့မရဘူး။”
"အကြီးအကဲကျန်း … ရှင် ..."
မုဝမ်ရင် ဒေါသထွက်သွားသည်။
"ငါ မင်းကို နှလုံးသားထဲက ချစ်တာပါ ဝမ်ရင်။" ကျန်းတန်းယန်က လက်ကို မြှောက်ကာ အပြုံးဖြင့် သူမ၏စကားကို ကြားဖြတ်ပြောလိုက်သည်။
"ငါ့အိမ်က အမျိုးသမီးနဲ့တောင် ကွာရှင်းပြီး သားသမီးတွေကိုပါ သူမဆီ ပေးလိုက်တယ်။ မင်းကို ငါ တကယ် ရိုးရိုးသားသား ချစ်တာမို့လို့ မင်းလည်း အဲ့ဒါကို ခံစားနိုင်မယ်လို့ ငါ ယုံကြည်တယ်။ ဒါ့အပြင် ငါတို့တွေက စီးပွားရေးအရလည်း ပတ်သက်မှု ရှိတယ်ဆိုတော့ နှစ်ထပ်ကွမ်းဆက်ဆံရေး ရှိတယ်လို့ ဆိုနိုင်တယ်။ မင်းသာ ငါ့အမျိုးသမီး ဖြစ်နေသရွေ့ ငါ့ရဲ့အရင်းအမြစ်တွေနဲ့ ပုဂ္ဂိုလ်ရေးကွန်ရက်အားလုံးကို ငါ အသေအချာ အသုံးပြုပြီး ဖောက်သည်တွေ အများကြီးကို ဆွဲခေါ်ပေးမယ်ဆိုတာ မင်း စိတ်ချထား။"
"ရှင့်ရဲ့ကွာရှင်းမှုက ကျွန်မနဲ့ ဘာမှ မဆိုင်သလို ကျွန်မ ရှင့်ကို လက်လည်း မခံနိုင်ဘူး။"
မုဝမ်ရင်က ချက်ချင်း ပြောလိုက်သည်။
"နောက်ပြီး ဒါက ကျွန်မရဲ့ကိုယ်ပိုင်ကုမ္ပဏီ … ဖောက်သည်တွေကို ကျွန်မကိုယ်တိုင် ခေါ်နိုင်တယ်ရှင့်။"
ကျန်းတန်းယန်၏မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူ၏လေသံသည်လည်း ခပ်တင်းတင်း ဖြစ်လာပြီး
"ငါနဲ့ ညီအစ်ကိုဝေ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ရင်ရော မင်း ငါ့ကို ငြင်းဦးမှာလား။ ဟုတ်တာပေါ့ … မင်းကုမ္ပဏီရဲ့ တခြားဖောက်သည် ဖြစ်တဲ့ ကျုံးထန်ကြွေပြားရဲ့ အကြီးအကဲကျောက်၊ ကျန်းရီပရိဘောဂရဲ့အကြီးအကဲဟောင်တို့နဲ့လည်း ငါက အရမ်းရင်းနှီးတဲ့ ဆက်ဆံရေး ရှိသေးတယ်။"
“ရှင် ကျွန်မရဲ့ကုမ္ပဏီကို စုံစမ်းနေတာလား။” ဒေါသတကြီး ပြောလိုက်သော မုဝမ်ရင်၏မျက်နှာဟာ အေးစက်စက် ဖြစ်နေသည်။
ကျန်းတန်းယန်က ကျေနပ်စွာ ပြုံးလိုက်ပြီး
"မဟုတ်ဘူး … မဟုတ်ဘူး။ ငါ မင်းရဲ့ကုမ္ပဏီကို မစုံစမ်းခဲ့ဘူး။ ညီအစ်ကိုဝေ့၊ အကြီးအကဲကျောက်၊ အကြီးအကဲဟောင်တို့နဲ့ လက်ဖက်ရည်သောက် စကားစမြည် ပြောကြရင်း အမှတ်မထင် သိလိုက်ရရုံလေးတင်ပါ။”
စက်ဆုပ်ရွံရှာခြင်းသည် မုဝမ်ရင်၏နှလုံးသားအတွင်း၌ ပေါက်ဖွားလာခဲ့သည်။ များသောအားဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး ရင့်ကျက်သည့်အသွင်ရှိသော ကျန်းတန်းယန်သည် ဤကဲ့သို့ ယုတ်ညံ့ကာ စက်ဆုပ်စရာ ကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။ မုဝမ်ရင်၏မျက်လုံးများက ဝေ့ကျုံးချောင်ကို စိုက်ကြည့်လိုက်ရင်း
"ဒါရိုက်တာဝေ့ … အရင်က ပရောဂျက်ပေါင်းများစွာ ကျွန်မတို့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပြီး ကျွန်မတို့ကုမ္ပဏီရဲ့အရင်းအနှီးနဲ့ ယုံကြည်စိတ်ချရမှုကို ရှင် မြင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ပရောဂျက်သစ်အတွက်လည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အသစ်ကို ကျွန်မတို့တွေ မကြာမီ အတူလက်မှတ်ရေးထိုးဖို့လည်း ရှိနေတယ်။ အဲ့ဒါကို ရှင်က နောက်ဆုံးအချိန်ကျမှ ဒီလိုဆိုးရွားတဲ့ပုံစံနဲ့ ထွက်ခွာပြီး အပြင်လူတစ်ယောက်အတွက်နဲ့ ရှင့်ရဲ့ကုမ္ပဏီအကျိုးစီးပွားကို တကယ်ပဲ စွန့်လွှတ်မှာလား။”
ဝေ့ကျုံးချောင်က သူ့နှုတ်ခမ်းကို ကျွတ်ကနဲ မြည်အောင် စုတ်သပ်လိုက်ပြီး ဟက်ဟက်ပက်ပက် ပြုံးကာ
"အခုလောလောဆယ် ဒီအမြတ်လေးကို စွန့်လွှတ်လိုက်ရုံနဲ့ နောက်ပိုင်းမှာ အကျိုးအမြတ်တွေ ပိုရနိုင်မယ်ဆိုရင် ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ။"
“ရှင်တို့ …” အခုအချိန်မှာတော့ မုဝမ်ရင်၏အမူအရာသည် တကယ်ကို မှုန်ကုပ်နေပြီဖြစ်သည်။
ဖြောင်း…ဖြောင်း…ဖြောင်း...
အခန်းတံခါးသည် အပြင်ဘက်ကနေ တွန်းဖွင့်ခံလိုက်ရပြီး လက်ခုပ်သံ ထွက်ပေါ်လာသည်။ ထန်ရှုက ဝေ့ကျုံးချောင်၊ ကျန်းတန်းယန်တို့၏ အရှက်မဲ့သော မျက်နှာများကို အကဲခတ်ပြီး စိတ်ထဲက လှောင်ရယ်လိုက်သည်။ မူလက သူသည် မုဝမ်ရင်အား သူမ၏ရုံးခန်းတွင် စောင့်နေရန် ကြံရွယ်ထားသည်။ သို့သော် သူမသည် ပုံမှန်အားဖြင့် စိတ်ကြည်လင်တတ်ပြီး ယခုတိတ်ဆိတ်နေပုံကို ပြန်သတိရသောအခါတွင် မုဝမ်ရင်တစ်ယောက် တရားဝင်စီးပွားရေးကိစ္စများနှင့် ဆက်ဆံရာတွင် မည်သို့ ပြုမူသည်ကို သူ လာကြည့်ချင်မိသွားသည်။ သို့သော် ဤကဲ့သို့ ဆိုးရွားပြင်းထန်သော ခြိမ်းခြောက်မှုမျိုးကို သူ ကြားရလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
“ထန်ရှု …”
ထန်ရှုကို တွေ့လိုက်ရသောအခါတွင် မုဝမ်ရင်၏ နှလုံးသားထဲက ဒေါသအငွေ့အသက်များ လျော့ပါးသွားသည်။
ထန်ရှုသည် မုဝမ်ရင်ကို အာရုံမစိုက်ဘဲ ဝေ့ကျုံးချောင်နှင့် ကျန်းတန်းယန်ဆီသို့ လျှောက်သွားပြီး ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက် ချိတ်ထိုင်လိုက်ကာ စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ပြီးနောက် အပြုံးဖြင့် “ခင်ဗျားတို့နှစ်ယောက်လုံးက ကြီးတောင့်ကြီးမားနဲ့ ကျုပ်ရည်းစားကို အနိုင်ကျင့်လွန်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်မိကြဘူးလား။ နောက်ပြီး ကျုပ်ကြားလိုက်တဲ့ ပထမဆုံးစကားက သူမ အိမ်ထောင်မပြုသေးသရွေ့ ပိုးပန်းနိုင်သေးတယ် ဟုတ်စ။ ခင်ဗျားက ကျုပ်ရဲ့အစွန်းတစ်ဖက်ကို ပွင့်ပွင့်လင်းလင်း မတူးချင်ဘူးလား။"
"မင်း ဘယ်သူလဲ။" ကျန်းတန်းယန်သည် သတိကြီးစွာ ထားသော အကြည့်ဖြင့် အေးစက်စက် မေးလိုက်သည်။
"ကျုပ်က ခင်ဗျားတို့ နားလည်နိုင်တဲ့လူစားထဲက မဟုတ်ဘူး။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်လုံး ငါ့မိသားစု ဝမ်ရင်နဲ့ စီးပွားရေး မလုပ်ချင်ရင် မလုပ်နဲ့ပေါ့။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျုပ်ရဲ့ ဝမ်ရင်မှာ ခင်ဗျားတို့လို ယောက်ျားလေးဖောက်သည်တွေရှိနေတာ သူမကို ကျုပ် စိတ်ပူစပြုလာပြီ။"
***