← Chapters

ကွန်ရက်ချင်း ပြိုင်ကြခြင်း

Vol. 50 Ch. 691

ကွန်ရက်ချင်း ပြိုင်ကြခြင်း

Vol. 50 Ch. 691

မုဝမ်ရင်၏ရည်းစားကောင်လေးသည် သူမအား အဖော်ပြုပေးရန် လူလုံးထွက်ပြလာလိမ့်မည်ဟု ကျန်းတန်းယန် မမျှော်လင့်ထားပေ။ သည်ကောင်လေး ရိုင်းပြမောက်မာနေသည်ကိုပင် သတိမထားမိဘဲ မနာလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာရင်း ဒေါသတကြီး အော်လိုက်သည်။

“မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါက ကုမ္ပဏီအချင်းချင်း စကားပြောနေတာမို့ ထွက်သွားလိုက်။ မဟုတ်ရင် မင်း ကောင်းကောင်း မစားနိုင်တော့အောင် လုပ်ရလိမ့်မယ်။”

“ဒီကုမ္ပဏီက ကျုပ်မိသားစု ပိုင်တာပါ။ ခင်ဗျားက ကျုပ်ကို မောင်းထုတ်ချင်တယ်ပေါ့ … ဘာလို့ ခင်ဗျားက ထွက်မသွားတာလဲ။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် လူတော်တစ်ယောက်လို ကျုပ်ကို စကားမပြောနဲ့။ ကိုယ်စိတ်ဝင်စားရာကို သင့်တော်သလိုအကျင့်နဲ့ ကိုယ့်အကျိုးရှာနေတဲ့သူတွေအများကြီး ကျုပ်တွေ့ဖူးပေမယ့် ခင်ဗျားလောက် အရှက်ကင်းမဲ့တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ငါတို့မှာ ဘာမှ မရှိဘူး။ ခင်ဗျားမှာပဲ ကိုယ်ပိုင်ကွန်ရက်နဲ့ ချိတ်ဆက်မှုအချို့ရှိနိုင်တယ်လို့ ထင်နေတယ်ပေါ့။”

ဝေ့ကျုံးချောင်တစ်ယောက် မျက်မှောင်ကြုတ်နေပြီး ထန်ရှုအား အတန်ငယ် သိနေသလို ရှိသည်ဟု ခံစားမိသော်လည်း ယခုအချိန်တွင် သူ့အကြောင်း ဘာမှ စဉ်းစားမရပေ။ မည်သို့ပင်ဆိုစေကာမူ ထန်ရှုသည် ငယ်ရွယ်သော်လည်း မောက်မာနေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကာ

“လူငယ်လေး … မင်းကို ငါ အတော်လေး သိနေသလို ခံစားရတယ်။ မင်းရဲ့နောက်ခံအကြီးကြီးက ဘာလဲ ငါ သိလို့ရမလား။"

ထန်ရှုက ရယ်မောလိုက်ရင်း

“ကျုပ် အရင်က တော်တော် လူသိများတယ်လို့ ထင်ခဲ့မိတယ်။ ခင်ဗျားက ကျုပ်ကို သိတောင် မသိဘူးလို့ မထင်ခဲ့မိဘူး။ ခုတော့ စိတ်သက်သာသွားပြီ။"

"မင်းရဲ့မျိုးရိုးနာမည်က ထန် ဟုတ်တယ်မလား။" ကျန်းတန်းယန် ရုတ်တရက် ထလာပြီး အေးစက်စက်ပြောလိုက်သည်။

“မင်းက အကောင်ငယ်သလောက် အတော်ဘဝင်မြင့်ပြီး မောက်မာနေတာပဲ။ ကိုယ်ပိုင်အဆက်အသွယ်တွေ မင်းမှာ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ငါတို့ကို အတွေ့အကြုံ ရအောင် လုပ်စမ်းပါဦး။"

"ကျုပ်က ဘာကြောင့် လုပ်သင့်တာလဲ။" ထန်ရှုက ပြန်မေးသည်။

"ခင်ဗျားက ကျုပ်အတွက် ဘယ်သူမို့လို့လဲ။ ကျုပ်ရဲ့အကြီးအကဲမို့လား ဘာလားဗျ။"

“ဘယ်လောက် ဟန်ဆောင်ကောင်းတဲ့ အမှိုက်ကောင်လဲ။”

ကျန်းတန်းယန်က အေးစက်စွာ ဆိုလိုက်သည်။ "ဒါတောင် မင်း ငါတို့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲသေးတာလား။ မင်းပိုင်တယ်လို့ မင်းပြောခဲ့တဲ့ ဒီကွန်ရက်က ငါတို့အတွက် လေလည်နေသလောက်ပဲ ရှိတယ်။ ဝမ်ရင် … ဒီငမိုက်သားက မင်းနဲ့မထိုက်တန်ဘူးဆိုတာ မင်းတွေ့နိုင်လိမ့်မယ်လို့ ငါ ထင်တယ်။ ငါသာ ဆန္ဒရှိရင် သူ့ကို ကစားဖို့ နည်းလမ်းတစ်သောင်း ရှိတယ်။"

မုဝမ်ရင် ပြန်ပြောတော့မည့်ဆဲဆဲတွင် ထန်ရှုက သူမအား လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရပြီး သူ့အမူအရာက အတန်ငယ် အေးစက်နေဟန်ရသည်။ ကျန်းတန်းယန်၏စကားများက သူ့အား ဒေါသထွက်သွားစေဟန်ရသည်။

သည်အရှက်မရှိသောလူသည် သူ တုပြိုင်နိုင်ခြင်း မရှိသောသူတစ်ဦးကို ပြစ်မှားလိုက်ပြီဖြစ်သောကြောင့် ကျန်းတန်းယန်အား ရုတ်ခြည်းပင် မုဝမ်ရင် သနားမိလိုက်သည်။

ထန်ရှုသည် မျက်လုံးများကို မှေးစင်းလျက် စီးကရက်တစ်ဖွာ ရှိုက်လိုက်ကာ သူ၏ဖုန်းကို ဆွဲထုတ်လိုက်သည်။ သူသာ ဗြောင်းဆန်အောင် လုပ်လိုက်ပါက မုဝမ်ရင်သည် သူ့ကြောင့် ဤဖောက်သည်နှစ်ဦးကို ဆုံးရှုံးရနိုင်သည်ကို သူ သိသည်။ ထို့ကြောင့် အခန်းထဲ မဝင်ခင်ကတည်းက သူ သေသေချာချာ တွေးထားပြီးသားဖြစ်သည်။ နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် သူမအတွက် စီးပွားရေးလုပ်ငန်းအချို့ကို ဆွဲခေါ်ရန် ကူညီပေးရပေလိမ့်မည်။

သူ့တွင် ပြည့်စုံသော အရာသည် ဆက်သွယ်ရေးကွန်ရက် နှင့် ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များပင်တည်း။

ထို့နောက် သူသည် သူ၏မိုဘိုင်းဖြင့် သတင်းဝက်ဘ်ဆိုဒ်တစ်ခုကို ဖွင့်ကာ ဝေ့ကျုံးချောင်တို့၏ကုမ္ပဏီအမည်များနှင့် ၎င်းတို့၏အမည်များကို လျင်မြန်စွာ ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် စီးပွားရေးလုပ်နေကြသော သူ့သူငယ်ချင်းများ၏ ဖုန်းနံပါတ်များအားလုံးကို အမှတ်အသားပြုကာ ၎င်းတို့ထံ စာတိုတစ်စောင်ကို ရိုက်ကာ ပေးပို့လိုက်သည်။

“ကျွန်တော့်ကောင်မလေးကို ရှန်ဟိုင်းရဲ့ ရွှင်းသဲတံခါး စက်ရုံပိုင်ရှင် - ကျန်းတန်းယန်နဲ့ ကောင်းချီးကံကြမ္မာ ကျောက်မျက်ရတနာရဲ့ ဒါရိုက်တာကြီး ဝေ့ကျုံးချောင်တို့က ဖိအားပေးအနိုင်ကျင့်ကြတယ်။ အဲ့ဒီလူနှစ်ယောက်ရဲ့ အကျင့်စာရိတ္တက အရမ်းဆိုးရွားလွန်းလို့ သူတို့ကို သိတဲ့ ဘယ်သူမဆို သူတို့နဲ့ဆက်ဆံရေးကို ကျေးဇူးပြု၍ အမြန်ရပ်လိုက်ကြပါတော့။ နောက်ပြီး ကျွန်တော့်ကောင်မလေးရဲ့ကြော်ငြာအေဂျင်စီကိုလည်း ကြော်ငြာဝင်ပါရစေ။ ခင်ဗျားတို့ရဲ့ကုမ္ပဏီက ကြော်ငြာနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ လိုအပ်ရင် သူတို့နဲ့ ဆက်သွယ်လို့ရပါတယ်။”

“ပို့မည်”ခလုတ်ကို နှိပ်ပြီးနောက် ထန်ရှုသည် ကျေနပ်အားရသောအမူအရာဖြင့် ရှိနေကြသော ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ကို ကြည့်လိုက်သည်။

"မင်းရဲ့ ကိုယ်ရေးကိုယ်တာ အဆက်အသွယ်ကို ငါတို့ကို ပြချင်တာလား ကောင်လေး…" ကျန်းတန်းယန်က သရော်သည်။

"ဟားဟားဟား ... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ ဂုဏ်ကျက်သရေကြော်ငြာလုပ်ငန်းရဲ့တံခါးဝဆီ လာဖို့ ဖောက်သည်အချို့ကို စာပို့လိုက်ရုံနဲ့ ကူညီရာ ရောက်ပြီလို့ မင်း ထင်နေတာလား။ မင်း ဒီလောက်ထိ ဟန်ဆောင်ကောင်းမယ်လို့ ငါ မထင်မိဘူး။"

"သူ့ရဲ့ကိုယ်ပိုင်ဂုဏ်ပုဒ်ကိုတောင် မပြောဝံ့တဲ့ ယောက်ျားတစ်ယောက်က သူ့မှာ ဘာနည်းလမ်းတွေ ရှိနိုင်မှာလဲ။" ဝေ့ကျုံးချောင်က အထင်အမြင်သေးဟန်ဖြင့် ဝင်ပြောသည်။

“အစက ငါ ထွက်သွားချင်ပေမယ့် အခုတော့ အဲ့ဒီအတွေးကို ဖျက်လိုက်တယ်။ မင်း တကယ် ဘယ်လောက်စွမ်းမလဲ ငါ ကြည့်ဦးမယ်။"

ထန်ရှုကိုယ်တိုင်က သူ ပို့လိုက်သော စာသည် ရွှင်းသဲတံခါးစက်ရုံနှင့် ကောင်းချီးကံကြမ္မာ ကျောက်မျက်ရတနာတို့မှ ပေးသည့် ကြော်ငြာအလုပ်ပမာဏကို အစားထိုးနိုင်ရန် အပြည့်အဝ အာမခံချက် မရှိပေ။ သို့သော် မုဝမ်ရင်ထံ လုပ်ငန်းအချို့ကိုတော့ ခေါ်ဆောင်ပေးနိုင်မည်ဟု သူ ယုံကြည်သည်။ သူ ခဏလောက် စဉ်းစားပြီးနောက် လက်သုံးချောင်းကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ မလျော့မတင်းလေသံဖြင့်

“မိနစ် ၃၀ … ဒီမိနစ် ၃၀အတွင်း ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းရဲ့ဝန်ဆောင်မှုကို တောင်းဆိုမယ့် ကုမ္ပဏီအချို့ကို ကျုပ် မခေါ်နိုင်ရင် ယွမ် ၂၀၀,ဝဝဝ ခင်ဗျားတို့ကို ပေးမယ်။ ဒါပေမယ့် ခေါ်နိုင်ခဲ့ရင် ခင်ဗျားတို့ ကျုပ်ကို ယွမ် ၁၀၀,၀၀၀ ပေးရဲလား"

ယွမ် ၂၀၀,၀၀၀…။ ဒါက အလောင်းအစားလား။

ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး အေးစက်စက် တုံ့ပြန်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် ချမ်းသာသော ဘီလျံနာများ ဖြစ်ပြီး ၂၀၀,၀၀၀ဟူသော ငွေကြေးပမာဏသည် သူတို့အတွက် သီးသန့်နေရာတစ်ခုတွင် စားသောက်သော စားသောက်ဝိုင်းတစ်ခုစာလောက်သာ ဖြစ်သည်။ သူငယ်ချင်းများနှင့် ပုံမှန်စုဝေးပြီး တခါတရံ မာကျောက်ကစားခြင်းကပင် ထို့ထက် အဆများစွာ ပိုကုန်ကျပေသည်။

အစောပိုင်းက စိုးရိမ်စိတ်အချို့ ရှိနေဆဲဖြစ်သော ဝေ့ကျုံးချောင်သည်ပင် ထန်ရှု အဆိုပြုသည့် လောင်းကြေးပမာဏကို ကြားသိရပြီးနောက် လုံးဝ စိတ်သက်သာရာ ရသွားသည်။ သူသည် မည်သူနှင့်မဆို ကစားရခြင်းကို နှစ်သက်သောကြောင့် အေးအေးဆေးဆေး လက်ပိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း

“လူငယ်လေး … မင်းက အရမ်းကို တွန့်တိုလွန်းတယ်။ ယွမ်၂၀၀,၀၀၀က ဘာလုပ်ရမလဲ။ သွားချေးကပ်ဖို့လား။ နည်းနည်းပိုကြီးတာ ကစားရအောင်။ ယွမ် ၂ သန်း … ဘယ်လိုလဲ။"

"ဟုတ်တယ်။ မင်း အနိုင်ရရင် ငါတို့တွေက ၂သန်းစီ ပေးမယ်။ မင်းကတော့ ငါတို့တွေကို ၁ သန်းစီပဲ ပေးရမယ်။ အပေးအယူကောင်း မဟုတ်ဘူးလား။"

ထန်ရှု၏မျက်နှာထက်တွင် အနည်းငယ် ချီတုံချတုံ ဖြစ်နေသော အမူအရာ ရှိနေပြီး မုဝမ်ရင်အား လှည့်ကြည့်လိုက်သည်။ ထို့နောက် စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် သူက ကျယ်လောင်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့ ကျုပ်နဲ့ အလောင်းအစား လုပ်ချင်မှတော့ ကျုပ်က ဘာလို့ ကြောက်နေရမှာလဲ။ သန်း ၂၀ … ခင်ဗျားတို့ အနိုင်ရရင် သန်း ၂၀ ပေးမယ်။”

ဖွီး … (အဟွတ် … အဟွတ်…)

ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့သည် ထန်ရှု၏ အဆိုပြုချက်ကြောင့် သီးသွားကြသည်။ ထိုကဲ့သို့သော ဟန်ဆောင်ကောင်းသူမျိုးအား သူတို့ တစ်ခါမှ မမြင်ဖူးပေ။ သည်အမှိုက်ကောင်တွင် ယွမ် သန်း ၂၀ပင် ရှိနိုင်ပါ့မလား။ တစ်ခုသိရမည်မှာ ယွမ်သန်း၂၀သည် သူတို့အတွက်ပင် ကြီးမားသော ပမာဏဖြစ်နေချေပြီ။

ကျန်းတန်းယန်က တဟားဟားရယ်လိုက်ပြီး

“သန်း ၂၀လား။ ဒါက ငါတို့အတွက် ကြီးကြီးမားမား ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်လေး … မင်း ငါတို့ရှေ့မှာ မကြွားနဲ့။ မင်းကို ဆင်းရဲတဲ့အိမ်ဆိုပြီး ငါ နှိမ့်ချနေတာ မဟုတ်ဘူး … မင်းအတွက် ယွမ် သန်း၂၀ထုတ်နိုင်ဖို့ဆိုတာက အထူးအဆန်းပဲ။"

“ကျုပ်…” ထန်ရှုက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက် မုဝမ်ရင်ကို လှည့်ကြည့်လိုက်ပြီး

“ဝမ်ရင် ငါ့ကို ပြောပြပါ။ မင်းရဲ့ ကြော်ငြာကုမ္ပဏီက ဘယ်လောက်တန်ဖိုးရှိလဲ။ ယွမ် သန်း ၂၀ ဝန်းကျင် တန်လား။”

အစောပိုင်းကတည်းက သူတို့နှစ်ယောက်အား ထန်ရှု လောင်းကစားလုပ်ရန် လောင်းကြေးထပ်သည်ကို ကြားလိုက်သည်နှင့် မုဝမ်ရင် သိသိသာသာ အံ့သြထိတ်လန့်သွားသည်။ သို့သော် ထိုသူများကို သတ်ရန်အတွက် ထန်ရှုက  ကျားများကို မျိုမည့် ဝက်တစ်ကောင်အဖြစ် သရုပ်ဆောင်နေသည်ကို သူမ တဖြည်းဖြည်း နားလည်လာသည်။ ထက်မြက်သောသူ တစ်ယောက်ပီပီ သူမသည် ထိုဇာတ်ညွှန်းအတိုင်း လျင်မြန်စွာ လိုက်လာကာ ထန်ရှုနှင့် တွဲဖက်သရုပ်ဆောင်ရန်အတွက် စိုးရိမ်သောကများနေဟန်ဖြင့် အလျင်အမြန် ပြောလိုက်သည်။

"ထန်ရှု … ဒီလို မိုက်မိုက်မဲမဲတွေ မလုပ်ပါနဲ့ ဟုတ်ပြီလား။ လောင်းကစားတယ်ဆိုတာ အဓိပ္ပာယ် မရှိတဲ့အရာမို့ သူတို့တွေနဲ့ လောင်းကစား မလုပ်သင့်ဘူး။။ နောက်ပြီး သူတို့အားလုံးက ချမ်းသာတဲ့သူတွေ။ သူတို့တွေနဲ့ ကစားဖို့ ငါတို့ မတတ်နိုင်ဘူး။”

မုဝမ်ရင်က သူနှင့်အပြိုင် တုံ့ပြန်ကစားနိုင်သည်ကို ထန်ရှုက စိတ်ထဲက ရယ်မောလိုက်သော်လည်း သူသည် ရှက်ဒေါသဖြစ်ဟန်ဆောင်ကာ ဒေါသတကြီး အော်လိုက်တော့သည်။

“သူတို့နဲ့ ကစားဖို့ မတတ်နိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ။ မင်းရဲ့ကြော်ငြာကုမ္ပဏီက ငွေအလုံအလောက် ရနေတယ်မဟုတ်လား။ မင်း ငါ့ကို ဂရုစိုက်သေးရင် သူတို့နဲ့ လောင်းကစားခွင့်ပြုပါ … နို့မဟုတ်ရင်တော့…”

မုဝမ်ရင်က ထန်ရှု၏အင်္ကျီလက်ကို အလျင်အမြန် ဆွဲလိုက်ပြီး

"ထန်ရှု … ငါ့စကားကို နားထောင်ပေးပါ။ ဒါက ငါ နင့်ကို ဘယ်လောက် ဂရုစိုက်တယ် မစိုက်ဘူးဆိုတာကို ပြောနေတာ မဟုတ်ဘူး ။ ငါတို့တွေက အနာဂတ်ထဲ ရှင်သန်နေထိုင်ဖို့ ဘဝတစ်ခု ရှိနေသေးသလို ငွေရှာဖို့အတွက်လည်း ဒီကြော်ငြာကုမ္ပဏီကို အားကိုးနေရတာလေ။ နင် အခု ရှုံးသွားခဲ့ရင် ငါတို့တွေ ..."

ကျိုးကြောင်းဆီလျော်မှု ပျောက်ဆုံးသွားသော လောင်းကစားသမားတစ်ယောက်ကဲ့သို့ ထန်ရှုက ခုန်ပြီး အော်လိုက်သည်။

"ငါ ရှုံးမယ်လို့ ဘယ်သူ ပြောလဲ။ ငါ သူတို့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ်။ ငါ့မှာ အရမ်းကောင်းတဲ့ ကိုယ်ရေးကိုယ်တာ ကွန်ရက်ရှိတယ်ဆိုတာ မင်း မယုံဘူးလို့ ငါ့ကို မပြောနဲ့နော်။"

မုဝမ်ရင်သည်လည်း ထန်ရှုကြောင့် ဒေါသထွက်နေပုံရပြီး

"လောင်းကစား … လောင်းကစား … လောင်းကစား။ နင်က လောင်းကစားလုပ်ဖို့ပဲ သိတယ်။ ငါတို့ရဲ့အနာဂတ်ကို နင် တစ်ခါလောက် တွေးဖူးသလား။ ကုမ္ပဏီကို  အလောင်းအစားအဖြစ် လောင်းချင်တယ်ဆိုရင် နင့်သဘောအတိုင်းသာ လုပ်လိုက်တော့။”

ထိုစကားပြောပြီးနောက် သူမသည် ထန်ရှု၏ဘေးရှိ ဆိုဖာပေါ်တွင် တန်းထိုင်ချလိုက်ပြီး စိတ်ဆိုးနေဟန်ဖြင့် ခေါင်းကို ငုံ့ထားလိုက်တော့သည်။

ထို့နောက် ထန်ရှုသည် ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ကို ကြည့်ကာ

"ဒါဆို သန်း၂၀။ ဒီကုမ္ပဏီကို ကျုပ် လောင်းကြေးအဖြစ် ထားမယ်။ အဆိုးတကာ့ အဆိုးဆုံး ငါတို့ရှုံးသွားရင် ပေးချေဖို့ ကုမ္ပဏီကို ရောင်းလိုက်ရုံပဲ။ ဒါပေမယ့် ခင်ဗျားတို့ကရော ဘယ်လိုလဲ။ ကျုပ်ကို တစ်ယောက် ယွမ်သန်း ၂၀စီ ပေးချင်သေးလား။”

ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ များသောအားဖြင့် ဆင်ခြင်တုံတရားနှင့်  တွေးခေါ်နိုင်စွမ်း ရှိသူ မုဝမ်ရင်သည် ကုမ္ပဏီအား ထန်ရှု၏လောင်းကစား လောင်းကြေးအဖြစ် မမျှော်လင့်စွာ ပေးလိမ့်မည်ကို သူတို့ မထင်ထားခဲ့ကြချေ။ အထိန်းအကွပ်မရှိသော ဤကဲ့သို့သော လောင်းကစားမျိုးသည် ၎င်းတို့အတွက်လည်း အသေးအဖွဲကိစ္စ မဟုတ်ပေ။ ၎င်းတို့အနိုင်ရပါက များစွာ အမြတ်ရမည်ဖြစ်ပြီး ရှုံးခဲ့ပါက ၎င်းတို့ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်နိုင်သောကြောင့် သေသည်အထိ ဝမ်းနည်းနေရမည်ဖြစ်သည်။

ဝေ့ကျုံးချောင်က ထန်ရှုကို တစ်ချက်ကြည့်ပြီးနောက် မုဝမ်ရင်ကို နောက်တစ်ကြိမ် လှည့်ကြည့်ကာ ရုတ်တရက် လေးနက်သော အသံဖြင့်

"ငါတို့ လောင်းကစားလုပ်မယ်။ ဒါပေမယ့် ငါတို့တွေ ကြိုပြီး သဘောတူညီမှုရှိရမယ်။ မင်းမှာ ခိုင်မာတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခု ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒါပေမယ့် မင်း ခေါ်ပေးနိုင်တဲ့ အလုပ်ပရောဂျက်တန်ဖိုး ဘယ်လောက်ရှိမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ လိုတယ်။ နို့မဟုတ်ရင် မင်းက တစ်ယွမ်လောက်ပဲ တန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်အချို့ကို အမှန်တကယ် ဆွဲထုတ်လာရင် ငါတို့ မင်းကို ယွမ်ငွေ သန်း၂၀ ပေးဖို့ဆိုတာ သင့်လျော်ရဲ့လား။"

တန်ဖိုးလား…

ထန်ရှုသည် တစ်စက္ကန့်မျှ တွေဝစွော စိုက်ကြည့်ကာ တုံ့ဆိုင်းနေဟန်ဖြင့်

"ယွမ် ၁၀သိန်းတန် ပရောဂျက်တစ်ခုဆို မလုံလောက်ဘူးလား။"

“ယွမ် ၁၀သိန်းတန်တဲ့ ပရောဂျက်လား … ဟမ့်။" ကျန်းတန်းယန် နှာခေါင်းရှုံ့လိုက်သည်။

"မင်း ငါ့ကို လာနောက်နေတာလား။ ငါ မင်းကို ပြောလိုက်မယ် ကောင်လေး။ လောင်းကစားချင်ရင် ပိုက်ဆံပိုထုတ်ရမယ်။ လောင်းကစား လောင်းကြေးက သန်း ၂၀။ အဲ့ဒီပမာဏနဲ့ဆိုရင် အနည်းဆုံး ယွမ် ၁၀သန်း တန်တဲ့စီမံကိန်းလောက်တော့ ခေါ်သင့်တယ်မလား။”

ထန်ရှု၏ဘေးတွင် ထိုင်နေသည့် မုဝမ်ရင်က ရုတ်တရက် ခေါင်းမော့လာပြီး

“ဟေး … အဲ့ဒါကတော့ အရမ်းဝေးလွန်းတယ်။ ယွမ်၁၀သန်းတန် ကြော်ငြာပရောဂျက်တစ်ခု ဟုတ်လား။ ရှင်တို့နှစ်ယောက် ကျွန်မကို ပေးခဲ့တဲ့ ပရောဂျက်တွေတောင် ယွမ်၁၀သန်း တန်ဘူးလို့လား။"

ထန်ရှုက ရုတ်တရက် မုဝမ်ရင်ဆီ ခေါင်းလှည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ပါးစပ်ပိတ်ထား … သူတို့လိုချင်တာ ၁၀ သန်းဆိုလည်း ၁၀ သန်းပေါ့။ ငါ့ကို ဒီလို ဘယ်လိုအထင်သေးခွင့် ပြုနိုင်မလဲ။ မိနစ်၃၀အတွင်း ဒီကို ရောက်လာတဲ့ ကြော်ငြာပရောဂျက်တွေက ယွမ်၁၀သန်းနဲ့ မတန်ဘူးဆိုရင် ငါရှုံးတာကို ငါ ဝန်ခံမယ်။”

“ထန်ရှု … နင် …” မုဝမ်ရင် အတော် စိတ်တိုနေဟန်ရသည်။

ထန်ရှုက သူမကို လျစ်လျူရှုပြီး ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ကို စူးစူးစိုက်စိုက် ကြည့်ကာ “ခင်ဗျားတို့နှစ်ယောက် အခုရော ဘယ်လိုလဲ။ သန်း၂၀ မရှိတဲ့ လူတစ်ယောက်လိုမျိုး ကျုပ်အရှေ့မှာ ဟန်ဆောင်လှည့်စားမှု မလုပ်နဲ့။"

ထိုအချိန်တွင် ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ စိတ်သက်သာရာ ရသွားကြသည်။ ထန်ရှုသည် ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းဆီသို့ ယွမ်၁၀သန်းတန် ကြော်ငြာပရောဂျက်များကို ဆွဲခေါ်ပေးနိုင်မည်ဟု သူတို့ မထင်ကြပေ။ သည်ကောင်က အတွင်းအပြင်တွင် မည်သူမှ မရှိလောက်သည့် ပမွှားလေးပင်။ သူသည် ငွေမရှိသူ ဖြစ်လောက်ပြီး မုဝမ်ရင်၏အလှကြောင့် သူမနှင့် လက်တွဲခဲ့ဟန်ရပြီး တစ်ဖက်မှ ကြည့်မည်ဆိုပါကလည်း မုဝမ်ရင်အတွက် သူမ၏ကစားစရာ ကောင်လေးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သမီးလေး မုဝမ်ရင်သည် ခံစားချက်များနှင့် ပတ်သက်လာသောအခါတွင် ရူးသွပ်သူအဖြစ်သို့ ပြောင်းလဲသွားသည်မှာ စိတ်မကောင်းစရာပင်။

ဆယ်မိနစ်လောက် ကြာသည့်အခါ ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်က ဖုန်းဆက်ပြီး ဘဏ်ကတ်များကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ယွမ်သန်း ၂၀ကို ဘဏ်ကတ်တစ်ခုစီသို့ လွှဲပြောင်းထားကြောင်း သက်သေပြရန် ၎င်းတို့၏ ဖုန်းများဆီသို့ အသိပေးစာတိုများ ဝင်လာသည်။

အရာအားလုံး အခြေတကျ ဖြစ်သွားပြီး ထန်ရှု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အစောပိုင်းက တိတ်တိတ်ဆိတ်ဆိတ် ပိတ်ထားခဲ့သည့် သူ၏ဖုန်းကို ယူလိုက်သည်။ ဖုန်း ပြန်လည်ဖွင့်ပြီးနောက် အသိပေးစာတိုများသည် အဆက်မပြတ် ဝင်လာလေတော့သည်။

ထန်ရှုက ထိုစာများကို ဖွင့်ကြည့်ပြီး ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့အား ချက်ချင်း ကြည့်လိုက်ကာ "ဝမ်ရင် … မင်းရဲ့ ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေအကြောင်း ပြောပြပါဦး။"

“ငွေဖြစ်လွယ်မှုက အခု ယွမ် ၁၂သန်းဝန်းကျင် … ပိုရင်လည်း ပိုမယ် လျော့ရင်လည်း လျော့မယ်။” မုဝမ်ရင်က ဆိုသည်။

“နောက်ပြီး ပရောဂျက်မျိုးစုံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ယွမ်ငွေ သန်း ၄၀ကျော်လည်း ရှိတယ်။”

***

All Chapters