← Chapters

ဒါကဟာသလား။

Vol. 50 Ch. 692

ဒါကဟာသလား။

Vol. 50 Ch. 692

ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့အား သူမ၏ကုမ္ပဏီဘဏ္ဍာရေးအကြောင်း အကျဉ်းချုပ် ပြောပြပြီးနောက်တွင် မုဝမ်ရင်၏ အစောပိုင်းက စိုးရိမ်မှုများနှင့် ဒေါသများပြေလျော့သွားကာ ထန်ရှု၏ဘေးတွင် ထိုင်ရင်း ထိုနှစ်ဦးအား အတန်ငယ် သနားဂရုဏာသက်သည့်ပုံစံဖြင့် ကြည့်ရှုနေသည်။

တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ထိုသူတို့သည် ဤလောင်းကစားတွင် ကစားသူများ ဖြစ်သော်ငြား အကျိုးအများဆုံးရသူမှာ သူမ၏ကိုယ်ပိုင်ကုမ္ပဏီ ဖြစ်သည်။ ထန်ရှုနှင့်သိကျွမ်းသူ မည်မျှရှိသည်ကို သူမ မသိသော်လည်း သူမသည် သူ့ကို အပြည့်အဝ ယုံကြည်သည်။

ဖုန်းမြည်သံ…

ထန်ရှု ဖုန်းပြန်ဖွင့်ပြီးနောက်တွင် သူ့ဖုန်းက အသံမြည်လာသည်။ ဖုန်းကို ကြည့်လိုက်ရာ သူ ထင်မှတ်မထားသော ချူယွမ်၏နာမည် ဖြစ်နေသည်။ ထန်ရှု တခဏ တုံ့ဆိုင်းသွားကာ ပြန်ဖြေလိုက်သည်။

“မစ္စတာချူလား…"

ဖုန်းထဲမှ ချူယွမ်၏အသံ ထွက်ပေါ်လာသည်။

“ထန်ရှု … ငါ သူတို့အကြောင်း မေးကြည့်တယ်။ မင်းရဲ့ စာထဲမှာပါတဲ့ အဲ့ဒီကုမ္ပဏီနှစ်ခုက အမှန်တကယ်ပဲ ရှန်ဟိုင်းမှာ စာရင်းသွင်းထားတာကွ။ ငါကိုယ်တိုင်က သူတို့နဲ့ပတ်သက်မှု အများကြီး မရှိလို့ သူတို့ကို ကိုင်တွယ်ဖို့ အဆင်မပြေဘူး။ ဒါပေမယ့် ငါ့ကုမ္ပဏီက ထုတ်ကုန်ကြော်ငြာတစ်ခု ပြင်ဆင်နေလို့ လောလောဆယ် ပူးပေါင်းဆောင်ရွက်မယ့် ကြော်ငြာကုမ္ပဏီတစ်ခုကို ရှာဖွေနေတာတော့ရှိတယ်။ အဲ့ဒါကြောင့် ဂုဏ်ကျက်သရေကြော်ငြာလုပ်ငန်းဆီ ဖက်စ်တစ်စောင် ပို့ထားတယ်။ သူတို့ အဲ့ဒီဖက်စ်ကို ရရင် ငါ့ကုမ္ပဏီအတွက် ထုပ်ပိုးမှုနဲ့ ဈေးကွက်ချဲ့ထွင်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ကြော်ငြာအစီအစဉ်ကို ဒီဇိုင်း လုပ်ပေးရလိမ့်မယ်။  ကြော်ငြာတွေအတွက် လိုအပ်တဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ စပေါ်ငွေ ၃၀%ကို လွှဲပေးဖို့ ဘဏ္ဍာရေးဌာနကို ငါ ချက်ချင်း အကြောင်းကြားထားတယ်။”

ထန်ရှုက တခဏ တုံ့ဆိုင်းသွားပြီး

“ငါ သိပြီ … ရပြီ။ ချူယွမ် မင်းမှာ အချိန်နည်းနည်းရရင် အပြင်ထွက်သောက်ကြရအောင်။ နောက်ပြီး မင်းဆီက ရတဲ့ ပစ္စည်းလေးကို ငါ မကြည့်ရသေးဘူး။ ဒါကြောင့် နောက်တစ်ခါ ငါတို့တွေ့ရင် အဲ့ဒါကို လေ့လာကြမယ်။"

“ကောင်းပြီ။” ချူယွမ်က ပြန်ဖြေသည်။

"နောက်ကိစ္စတစ်ခု ရှိသေးတယ်။ ငါက ဧကရာဇ်ဥယျာဉ်ရဲ့ သခင်လေး မဟုတ်တော့ဘူး။ ငါ သူတို့နဲ့ လုံးလုံး ခွဲမထွက်ရသေးပေမယ့် ငါ့ရဲ့လက်ရှိဂုဏ်ပုဒ်က ဧကရာဇ်ဥယျာဉ်ရဲ့ နိုင်ငံခြားရေးရာအကြီးအကဲပါ။ ငါ စီမံခန့်ခွဲခဲ့ဖူးတဲ့ ဧကရာဇ်ဥယျာဉ်အောက်က စီးပွားရေးလုပ်ငန်းအားလုံးလည်း ပြန်သိမ်းသွားပြီ။ အခုလောလောဆယ် ငါ့ကိုယ်ပိုင်ကုမ္ပဏီနှစ်ခုကလွဲလို့ ကျန်တဲ့ကြော်ငြာတွေ များများစားစား ရနိုင်မယ် မထင်ဘူး။”

"ငါ နားလည်ပါတယ်။"

ထန်ရှု တည်ငြိမ်စွာ ပြောလိုက်သည်။ ချူယွမ်သည် မည်သည့်အတွက်ကြောင့် ဧကရာဇ်ဥယျာဉ်မှ ထွက်ခွာပြီး ဤမျှမြင့်မားသောအဆင့်အတန်းကို စွန့်လွှတ်ရသည်ကို သူ ရှင်းလင်းစွာ မသိပေ။ နောက်ဆုံးတွင် ချူယွမ်သည် ဧကရာဇ်ဥယျာဉ်၏ လမ်းကြောင်းများကို အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များစွာရနိုင်ပြီး သူ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေပေလိမ့်မည်။

သို့သော် အခြားသူများ မည်သို့ပင် တွေးတွေး သူနှင့် ဘာမှမဆိုင်ပေ။ ချူယွမ်က သူ့ကို စိတ်ကောင်း စေတနာကောင်း အရင်ပြသခဲ့သောကြောင့် သည်ကျေးဇူးကို သတိရရန်သာ လိုသည်။

ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့သည် တုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်ကြသည်။ ထန်ရှု လက်ခံရရှိသော ဖုန်းခေါ်ဆိုမှုအား စူးစမ်းလိုစိတ် ရှိသော်လည်း သူတို့၏စိတ်ထဲတွင် သရော်လိုစိတ် ရှိနေဆဲဖြစ်သည်။ သူတို့၏မျက်လုံးများထဲတွင် ထန်ရှု၏အပြုအမူသည် ဟန်ဆောင်ဝါကြွားရုံမှလွဲ၍ ဘာမှမဟုတ်ပေ။

ဒေါက်…ဒေါက်…

ဧည့်ခန်းနံပါတ် - ၂၏တံခါးခေါက်သံ ထွက်ပေါ်လာပြီး အထွေထွေမန်နေဂျာ၏အတွင်းရေးမှုးက အလျင်အမြန် တံခါးဖွင့်ဝင်လာကာ မုဝမ်ရင်ဆီသို့ ဖက်စ်နှစ်စောင် ပေးလိုက်သည်။

“သူဌေး … ကျွန်မတို့ လုပ်ငန်းဌာနက ဒီဖက်စ်နှစ်စောင်ကို အခု ရရှိပါတယ်။ တစ်ခုက စိတ်ကူးသစ်လေ့ကျင့်ရေးလုပ်ငန်း၊ နောက်တစ်ခုက ဧကရာဇ်ငွေကြေးလုပ်ငန်းကပါ။ ဒီနှစ်အတွက် သူတို့ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေအားလုံးကို ကျွန်မတို့ကုမ္ပဏီဆီကို ပေးဖို့ ပြင်ဆင်နေကြတယ်။”

…စိတ်ကူးသစ်လေ့ကျင့်ရေးလုပ်ငန်းနဲ့ ဧကရာဇ် ငွေကြေးလုပ်ငန်းကလား…

မုဝမ်ရင် အံ့အားသင့်သွားပြီး ဖက်စ်နှစ်စောင်ကို ထူးဆန်းသော အမူအရာဖြင့် လေးလေးနက်နက် ဖတ်လိုက်သည်။ ထို့နောက် သူမသည် ထိုစာရွက်များအား ထန်ရှုသို့ ပေးလိုက်ပြီး ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ကို သနားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သည်ဖြစ်ရပ်က ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့အတွက် တိုက်ရိုက်ထိတ်လန့်စရာပင်။ ၎င်းတို့သည် ရှန်ဟိုင်းတွင် နှစ်အတော်ကြာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့သောကြောင့် စိတ်ကူးသစ်လေ့ကျင့်ရေးလုပ်ငန်းကိုလည်း သိသလို ဧကရာဇ်ငွေကြေးလုပ်ငန်းကိုလည်း သိပေသည်။ ထိုကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏လုပ်ငန်းထက် နိမ့်ကျနေသည်မဟုတ်ပေ။

"အဲ့ဒါတွေ ငါ ကြည့်ပါရစေ။"

ကျန်းတန်းယန်က ထပြီး ထန်ရှု၏အရှေ့ကို တန်းလျှောက်လာသည်။

ထန်ရှုသည် ဖက်စ်နှစ်စောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ကျန်းတန်းယန်အား ပေးလိုက်သည်။ မိနစ်ဝက်လောက်ကြာသည့်အခါ ကျန်းတန်းယန်၏ အမူအရာသည် ရှုံ့မဲ့သွားပြီး ဒေါသများ ပြည့်နေသော သူ့မျက်လုံးများကို မြင်တွေ့နိုင်ပေသည်။ ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းထံ ဤဖက်စ်နှစ်စောင်ကို မည်သူ ပေးပို့ခဲ့သည်ကို သူ သိပေသည် ... ၎င်းတို့သည် ရှန်ဟိုင်းရှိ စီးပွားရေးအသိုင်းအဝိုင်း၏ အံ့သြဖွယ်ကောင်းအောင် အရည်အချင်းရှိသူတစ်ယောက်ဖြစ်သော ချူယွမ်၏ ကုမ္ပဏီများ ဖြစ်ပြီး သူသည် ထိုကုမ္ပဏီများအပြင် အခြားကုမ္ပဏီများကိုပါ စီမံခန့်ခွဲနေသူဖြစ်သည်။

"ချူယွမ်နဲ့သိတာလား။"

ကျန်းတန်းယန်က ထန်ရှုကို မယုံနိုင်စွာ မေးလိုက်သည်။

“ဟုတ်တယ်။” ထန်ရှု ပခုံးတွန့်ပြလိုက်သည်။

ဖုန်းမြည်သံ …

ထန်ရှု၏ဖုန်း ထပ်မြည်လာပြန်သည်။ ဖုန်းတွင် ပေါ်လာသော နံပါတ်ကို ကြည့်လိုက်မိသောအခါ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ဖုန်းကိုင်လိုက်သည်နှင့် သူက ဖုန်း၏ အသံချဲ့စက်ကို တိုက်ရိုက်ဖွင့်ပြီး

"ဟေး အစ်ကိုကျန်း … ကျွန်တော် ပို့လိုက်တဲ့ စာကို ဖတ်ပြီးပြီလား။"

“ညီအစ်ကိုထန် … မင်းရဲ့စာကို ငါ ဖတ်ပြီးပြီ။ ဒါပေမယ့် ရွှင်းသဲတံခါးစက်ရုံရဲ့ စီအီးအိုဖြစ်တဲ့ ကျန်းတန်းယန်ကို တစ်ခါမှ မကြားဖူးဘူး။ ဒါကြောင့် သူက ငါးသေးသေးလေးပဲ ဖြစ်ရမယ်။ ဒါပေမယ့် ကောင်းချီးကံကြမ္မာရတနာဆိုင်ပိုင်ရှင်ကိုတော့ ငါ သိတယ် … သူလည်း နာမည်သိပ်မကြီးဘူး။ ဒါတောင် ဒီကောင်တွေက ငါ့ခယ်မလေးကို နှောင့်ယှက်ဝံ့သလား။ လုပ်ရဲလိုက်လေ …။ ငါ့ရှင်းယန်အုပ်စုရဲ့ ကြော်ငြာတွေ အားလုံးကို လာမယ့်သုံးနှစ်အတွင်း ခယ်မလေးရဲ့ ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းဆီ အပ်လိုက်မယ်။ ညီအစ်ကိုထန် … မင်းမှာ အဲ့ဒါကို လုပ်ဖို့ အချိန် မရှိဘူးဆိုရင် အဲ့ဒီလူဆိုးနှစ်ကောင်ကို ငါ့ဆီသာ ပေးလိုက်။ ငါ သူတို့ကို ရှန်ဟိုင်းစီးပွားရေးလောကကနေ တစ်ပတ်အတွင်း ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်။”

ကျန်းယွဲ့မင်၏အသံက ဖုန်းမှ ထွက်ပေါ်လာသည်။

ထန်ရှုက ခပ်ယဲ့ယဲ့ပြုံးကာ မယုံကြည်နိုင်ဟန် အမူအရာများ ဖြစ်ပေါ်နေကြသော ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ကို စိုက်ကြည့်လိုက်ရင်း

“အစ်ကိုကျန်း … ဒီပုဇွန်သေးသေးလေးနှစ်ကောင်ကို ကိုင်တွယ်ဖို့ အစ်ကိုကျန်းကို အနှောက်အယှက် မပေးတော့ပါဘူး။  ဒီကြော်ငြာပူးပေါင်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တစ်နေ့ ကျွန်တော်တို့အတူ သောက်ကြတာပေါ့။"

"အိုခေ … ညီအစ်ကိုထန်အပေါ် ငါ့သားရဲ့ လုပ်ရပ်အတွက် တောင်းပန်ဖို့ နောက်မှ ငါ တစ်ဝိုင်းပြုစုပါမယ်။”

“ကောင်းပြီဗျာ။”

သူ ဖုန်းချလိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် ထန်ရှု၏ဖုန်းက ထပ်မြည်လာပြန်သည်။

"ဟယ်လို အစ်ကိုဂူ…"

“အခြေအနေက ဘယ်လိုလဲ ညီအစ်ကိုထန်။ အဲ့ဒီလူယုတ်မာနှစ်ယောက်က ဘယ်ကနေ ခုန်ဆင်းလာတာလဲ။ သူတို့က မင်းကို ပြစ်မှားရဲသတဲ့လား။ သူတို့ကို ဆုံးမဖို့ ငါ့ကွန်ရက်ကို အသုံးချစေချင်သလား။"

“ဒီလိုကြင်နာတဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဂူ။ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မယ်။"

“ကောင်းပြီ။ သူတို့ကို ဆုံးမဖို့ ငါ့ကို မလိုအပ်ဘူးဆိုတော့လည်း ထားလိုက်ပါ ညီအစ်ကိုထန်။ စကားမစပ် ငါ့ရဲ့ တင်းရှန်းမီဒီယာမှာလည်း ကြော်ငြာလုပ်ငန်းတစ်ခု ရှိတယ်။ ခယ်မလေးကလည်း ကြော်ငြာကုမ္ပဏီ လုပ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှု လုပ်လို့ရနိုင်မယ်လို့ ငါ ထင်တယ်။ ငါ့ကြော်ငြာလုပ်ငန်းရဲ့ အရေးကြီးတဲ့ ချန်နယ်အချို့ကို ငါ ပံ့ပိုးပေးမယ်ကွာ။ ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းက နှစ်တိုင်း တစ်ယွမ်ပဲ ပေးဖို့ လိုမယ်။"

"မဟုတ်ဘူး အစ်ကိုဂူ။ သက်သာတဲ့ဈေးနှုန်းနဲ့ပဲ ပေးလိုက်ပါ။ ကျွန်တော်တို့ကို အလကား လုပ်ပေးဖို့ မလိုဘူး။"

“အဆင်ပြေပါတယ်။ ငါတို့ ညီအစ်ကိုစိတ်ဓာတ်က ငွေကြေးထက် အများကြီး ပိုသန်မာပါတယ်။ ဒါဆို ငါ မင်းကို မနှောင့်ယှက်တော့ဘူး။ မင်း အချိန်ရရင်သာ ငါ့ရဲ့တင်းရှန်းမီဒီယာကို လာခဲ့။ ဒီမှာ လက်ဖက်ရည် ကောင်းကောင်း ရှိတယ်။"

“အိုခေပါဗျာ။”

ယခုအချိန်တွင် ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့သည် ထိတ်လန့်တကြား ဖြစ်နေပြီ ဖြစ်သည်။

တင်းရှန်းမီဒီယာ၏ ဂုဏ်သိက္ခာကြီးသောပိုင်ရှင် - ကျန်းယွဲ့မင်။ ဒီကောင်က ... အဲ့ဒီလိုလူမျိုးနဲ့ ဒီလောက် လေးနက်တဲ့ ဆက်ဆံရေးမျိုးတောင် ရှိထားတာလား။

သူတို့နှစ်ယောက်အတွက် ထန်ရှုက အထူးတလည် တူးပေးထားသည့် ထောင်ချောက်ထဲသို့ ကျသွားသည်ကို သူတို့ ရုတ်တရက် သိလိုက်ပြီဖြစ်သည်။

ဤအတွေးသည် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို အေးစိမ့်သွားစေပြီး သူတို့၏နှလုံးသားများသည် ရေခဲတွင်းထဲသို့ ကျသွားသည့်အလား အေးစိမ့်သွားရတော့သည်။

ဖုန်းမြည်သံ…

ထန်ရှု ဖုန်းကိုင်လိုက်ပြီး အသံချဲ့စက်ကို ဖွင့်လိုက်စဉ်မှာပင် ကျင်းရှင်းကွေ့၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ခယ်မလေးကို အနိုင်ကျင့်တဲ့ အဲ့ဒီအရှုပ်ထုပ် နှစ်ယောက်က ဘယ်သူတွေလဲ။ ဒီကျင်းရှင်းကွေ့က သူတို့ကို သတ်ပါရစေ။"

“ဟင့်အင်း … ဒီပုဇွန်သေးသေးနှစ်ကောင်ကို အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော် သူတို့ကို ကိုင်တွယ်နိုင်ပါတယ်။"

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

“ခယ်မလေးက ကြော်ငြာကုမ္ပဏီတစ်ခု လည်ပတ်နေတယ်ဆိုတာ အခုမှသိရတယ်။ ဒီလိုဆိုမှတော့ ငါ့ကျင်းတအိမ်ခြံမြေလုပ်ငန်းရဲ့ ဈေးကွက်ရှာဖွေမြှင့်တင်ရေး ကြော်ငြာတွေအားလုံးကို ခယ်မလေးရဲ့ကုမ္ပဏီဆီ လွှဲပေးလိုက်မယ်။ အဲ့ဒါအပြင် ငါတို့နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ပရောဂျက်အသစ်ကိုလည်း သူတို့ဆီ ပေးမယ်။ တိုတိုပြောရရင် ငါတို့တွေက ဆွေမျိုးရင်းချာတွေလိုပါပဲ ညီအစ်ကိုထန်။ ဘာမဆိုလုပ်ဖို့ လိုအပ်တဲ့အချိန်တိုင်း ငါ့ကို တိုက်ရိုက်သာ ပြောလိုက်။ ဒီကျင်းရှင်းကွေ့က အရာအားလုံးကို စွန့်စားပြီး မင်းအတွက် လှလှပပ လုပ်ပေးဖို့ အသင့်ပါပဲ။”

"ဟုတ်ပါပြီ။ ကျွန်တော် အဲ့ဒါကို မှတ်ထားလိုက်ပါမယ်ဗျာ။"

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ကျင်းရှင်းကွေ့က ဖုန်းမချသေးဘဲ ဆက်ပြောသည်။

“ရွှင်းသဲစက်ရုံက ကျန်းတန်းယန်ကို ငါ သိတယ်။ အရင်က သူ့ကုမ္ပဏီနဲ့ ဆက်ဆံခဲ့ဖူးတယ်။ မကြာသေးခင်ကတောင် သူ့ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ပြန်လည်ပြုပြင်ရေးလုပ်ဖို့ အိမ်ခြံမြေစီမံကိန်းအချို့ကို ဈေးကွက်ထဲ ငါ လွှတ်ပေးထားတယ်။ သူက ဒီလိုဆိုမှတော့ သူနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို နောက်ဆို ငါ ရပ်ဆိုင်းလိုက်မယ်။ အဲ့ဒါအပြင် ရှန်ဟိုင်းဆောက်လုပ်ရေးကုမ္ပဏီ အသိုင်းအဝိုင်းမှာလည်း ရွှင်းသဲတံခါးစက်ရုံနဲ့ ပူးပေါင်းဆောင်ရွက်ဝံ့သူတွေကို ကျင်းရှင်းကွေ့နဲ့ ရင်ဆိုင်ရမယ်ဆိုပြီး သတင်းဖြန့်ပစ်လိုက်မယ်။”

ဟားဟားဟား ...

ထန်ရှုက ရယ်မောလိုက်ကာ

"ကောင်းပါပြီ … အစ်ကိုကျင်းရဲ့သဘောပါဗျာ။ ကျွန်တော်တို့ တစ်နေ့ဆုံပြီး သောက်ကြတာပေါ့။"

"သဘောတူတယ်။"

ထန်ရှု ဖုန်းချပြီးနောက်တွင် ကျန်းတန်းယန်သည် တုန်လှုပ်နေပြီး သွေးမရှိသော မျက်နှာဖြင့် ဆိုဖာပေါ်သို့ ပြိုလဲသွားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်တစ်ခုလည်း ရှိနေသည်။ ဝေ့ကျုံးချောင်ကို ကြည့်ပြန်သည့်အခါ အတန်ငယ် စိုးရိမ်နေဟန်ရပြီး ကျန်းတန်းယန်အား ရံဖန်ရံခါ ကိုယ်ချင်းစာသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ဖုန်းမြည်သံ…

လက်ကိုင်ဖုန်း မြည်လာပြန်သည်။ နောက်နာရီဝက်အတွင်း ထန်ရှုသည် ဖုန်းခေါ်ဆိုမှု ဒါဇင်များစွာကို လက်ခံရရှိသည်။ ဖုန်းခေါ်ဆိုသူတိုင်းသည် ကိစ္စနှစ်ရပ်ကို ပြောဆိုခဲ့ကြသည်။ တစ်ခုသည် ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့ကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်ပြီး ကျန်တစ်ခုသည် ၎င်းတို့ကုမ္ပဏီ၏ ကြော်ငြာအလုပ်များကို ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းဆီသို့ ပေးရန် ဖြစ်သည်။ ထန်ရှုသည် အခြားသူများကို အနှောက်အယှက် မဖြစ်စေလိုသောကြောင့် ပထမတစ်ခုအား တိုက်ရိုက်ငြင်းဆိုခဲ့ပြီး ဒုတိယတစ်ခုဖြစ်သော ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်းဆီသို့ ၎င်းတို့၏ ကုမ္ပဏီများ၏ ကြော်ငြာများကို လွှဲပြောင်းပေးမည့်ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့သည်။

နာရီဝက်ကျော်ကြာပြီးနောက် ကျန်းတန်းယန်နှင့် ဝေ့ကျုံးချောင်တို့သည် အပ်များထောင်နေသော ကူရှင်တစ်ခုပေါ်တွင် ထိုင်နေကြသကဲ့သို့ အလွန်ပင် ဆောက်တည်ရာမရ ဖြစ်နေကြသည်။ ရာဇဝတ်အိုးကို တုတ်နှင့် ထိုးမိလိုက်ပြီဟု သူတို့ကိုယ်သူတို့ သဘောပေါက်ကြသည်။ သူတို့အရှေ့မှ သည်ကောင်လေးက ကြွားလုံးထုတ်ရသည်ကို နှစ်သက်သောသူတစ်ယောက်ကလွဲပြီး ဘာမှမဟုတ်ဟု ထင်ခဲ့ကြသော်လည်း ထိုသူ့ထံတွင် အရမ်း ကြောက်စရာကောင်းသည့် ကွန်ရက်တစ်ခု ရှိနေခဲ့သည်။ သူ၏ဂုဏ်ပုဒ်ကပင် ထူးထူးခြားခြား ဖြစ်ကောင်း ဖြစ်နိုင်သည်။

၎င်းတို့ကို ပြောစရာစကားမဲ့စေသည့်အရာမှာ ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်း၏ စီးပွားရေးဌာနသည် အကြောင်းအရာနှင့် သဘောတူညီချက်များ ပါရှိသော ဖက်စ်ဒါဇင်ပေါင်းများစွာကို လက်ခံရရှိခဲ့ပြီး အလုပ်အပ်နှံငွေစုစုပေါင်း ယွမ်သန်း ၂၀၀ ကို ကုမ္ပဏီဘဏ္ဍာရေးဌာန၏အကောင့်သို့ လွှဲလာကြခြင်းပင် ဖြစ်၏။

ကြော်ငြာပရောဂျက်ရငွေသည် သန်း၂၀၀ဖြစ်သည်။

ကျန်းတန်းယန်၏ကုမ္ပဏီစုစုပေါင်းပိုင်ဆိုင်မှုမှာ သန်း၂၀၀ထက် မနည်းသော်လည်း ဝေ့ကျုံးချောင်ကုမ္ပဏီ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ထို့ထက် အနည်းငယ် ပိုသည်။ သို့သော် သူသည် ကုမ္ပဏီ၏ တစ်ဦးတည်းသော ရှယ်ယာရှင်မဟုတ်ပေ။ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်ပါက ယွမ် သန်း ၁၅၀ ထက် မပိုချေ။

ထန်ရှုက သူ၏ဖုန်းကို သိမ်းကာ ထိုလူနှစ်ယောက်ကို ကြည့်လိုက်ပြီး

“ခင်ဗျားတို့နှစ်ယောက် ရှုံးသွားပြီ။ ဒီဘဏ်ကတ်နှစ်ခုက ကျွန်တော့်ရဲ့ဘဏ်ကတ် ဖြစ်သင့်တယ် မဟုတ်လား။”

စိတ်ဆင်းရဲ၊ စိတ်ပျက်ပြီး ဝမ်းနည်းပူဆွေးဟန်တို့ ပြည့်နေသော ကျန်းတန်းယန်၏မျက်နှာသည် တောင်းပန်တိုးလျှိုးနေသော ပုံစံဖြင့်

“မစ္စတာထန် … ငါ မင်းကို မှားယွင်းပြီး အကဲဖြတ်မိပါတယ်။ ကျေးဇူးပြုပြီး ငါ့အဆင့်ထိ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချလိုက်ပါနဲ့။ ဒီသန်း၂၀က မင်းအတွက်ပဲ ယူလိုက်ပါ။ ပင်နံပါတ် ၁၂၃၄၅၆။  ကျေးဇူးပြုပြီး ငါ့လုပ်ငန်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ ငါ့ကုမ္ပဏီကို ဒီအဆောက်အအုံကနေ ချက်ချင်းရွှေ့ပြီး ဒီတစ်သက် သူဌေးမုကို ဘယ်တော့မှ မတွေ့တော့ပါဘူး။"

ဝေ့ကျုံးချောင်သည် သူ့အား အနည်းငယ် စာနာမိသည်။ သူ၏ကောင်းချီးကံကြမ္မာ ကျောက်မျက်ရတနာ လုပ်ငန်း၏ရုံးချုပ်သည် ရှန်ဟိုင်းတွင် အမှန်တကယ် တည်ရှိသည်ဆိုသော်လည်း နိုင်ငံတစ်ဝှမ်းတွင် ရုံးခွဲများစွာ ဖြန့်ကျက်ထားရှိသည့်အတွက် ဝမ်းမြောက်ရပေသည်။ အထူးသဖြင့် ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းတွင် ၎င်း၏လုပ်ငန်းရှယ်ယာ ထက်ဝက်ခန့်ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏အခြေခံအုတ်မြစ်သည် မတုန်လှုပ်နိုင်ချေ။

သို့သော် ကျန်းတန်းယန်ကတော့ မတူပေ။ သူ၏လုပ်ငန်းအား ရှန်ဟိုင်းတွင် အဓိကထားကာ တည်ထောင်ခဲ့သည်။ အနီးနားမြို့များတွင် လုပ်ငန်းဈေးကွက် ရှိသော်လည်း ပမာဏ နည်းပါးလေသည်။ အကယ်၍ ထန်ရှုသည် သူ့အား အမှန်တကယ် ရက်စက်မည်ဆိုပါက ကျန်းတန်ယန်အတွက် ပွဲသိမ်းရန် ဖြစ်နိုင်ချေ များပေသည်။

***

All Chapters