← Chapters

ဟန်ကျင်းထုံ၏သေရေးရှင်ရေး

Vol. 50 Ch. 699

ဟန်ကျင်းထုံ၏သေရေးရှင်ရေး

Vol. 50 Ch. 699

ရှန်ဟိုင်းမြို့ ဟောင်ခရိုင်ရှိ ကျင်းပိုင်ဟိုတယ်တွင်…

ထိုဟိုတယ်သည် ကြယ်သုံးပွင့်သာအဆင့်ရှိသော ဟိုတယ်တစ်ခု ဖြစ်သည်။ ပျမ်းမျှအခန်းပြည့်မှုနှုန်းနှင့် အလယ်အလတ်လုပ်ငန်းတစ်ခုဖြစ်ပြီး ထိုနေရာတွင် ဧည့်သည်အချို့သာ တည်းခိုသည်။

ဟန်ကျင်းထုံ၏အသားအရေသည် စာရွက်တစ်ရွက်လို ဖြူဖျော့နေပြီး သူ၏နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေသည်။ သူသည် ခုနစ်လွှာရှိ အခန်းထောင့်တွင် ထိုင်နေပြီး သူ၏ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ၊ အမာရွတ်များကို မြင်တွေ့နိုင်သည်။ သူနှင့် လေးငါးမီတာအကွာတွင် စုတ်ပြဲသွေးစွန်းနေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဒဏ်ရာဒဏ်ချက်များအပြည့် ဖြစ်နေသော ရွှေရောင်ဆံပင်နှင့် လူဖြူအမျိုးသမီးတစ်ဦး ရှိနေသည်။

"ကျေးဇူးပြုပြီး ထွက်သွားပါတော့ ပါမောက္ခ။"

လူဖြူအမျိုးသမီးသည် နီရဲတောက်ပနေသော မျက်လုံးအစုံနှင့် ချွန်ထက်သော လက်သည်းများ ရှိသော လက်တစ်စုံတို့ ရှိသည်။ သူမ၏ဘယ်ဘက်ရင်ဘတ်မှ ယူလိုက်သော ကြေးဝါမှန်ဝိုင်းလေးတစ်ချပ်ကို ညင်သာစွာ ပွတ်သပ်နေရင်း ပြောလိုက်ခြင်းဖြစ်သည်။

ဟန်ကျင်းထုံက ခေါင်းယမ်းလိုက်ပြီး

"ရှန်းကျန် … သူတို့တွေ ဘာကြောင့် မင်းနောက်ကို လိုက်နေကြတာလဲဆိုတာ ငါ မသိနိုင်ပေမယ့် မင်းက ငါ ရဖူးသမျှထဲမှာ အကောင်းဆုံး ကျောင်းသားဖြစ်သလို ငါရဲ့နှစ်ပေါင်းများစွာ လေ့ကျင့်ဖော်လည်း ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ငါ … အဟွတ် … အဟွတ် … မင်းကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။”

ရှန်းကျန်၏မျက်နှာထက်တွင် မျှော်လင့်ချက် ကုန်ဆုံးသော အမူအရာကို မြင်တွေ့နိုင်ပေသည်။

“ရှင် ကျွန်မကို ကူညီတာ လုံလောက်နေပါပြီ ပါမောက္ခ။ အခု ရှင် ဒဏ်ရာအပြင်းအထန် ရနေပြီဆိုတော့ ကျွန်မနဲ့ ဆက်လိုက်နေရင် အသက်ရှင်ဖို့ အခွင့်အလမ်း အရမ်း နည်းသွားလိမ့်မယ်။ မနေ့က ကျွန်မတို့ တွေ့ခဲ့တဲ့ လူနေအဆောက်အဦးထဲက ဗီရိုထဲမှာ ဦးခေါင်းခွံအဆောင်အယောင်ကို ကျွန်မ လုံလုံခြုံခြုံ ဝှက်ထားပြီးပါပြီ။ ရှင် ဘေးကင်းတာ သေချာပြီးမှ ကျွန်မရဲ့အစ်ကိုကြီးဆီ ဦးခေါင်းခွံအဆောင်အယောင်ကို လွှဲပြောင်းပေးလို့ရအောင် ဆော့လ်စ်ဘတ်မြို့ကို ပို့ဖို့ စီစဉ်ထားတယ်။ ဒီတစ်ဉီးတည်းသော ကျွန်မရဲ့ဆွေမျိုးက ရှင်သန်နိုင်ပါ့မလားဆိုတာကတော့ ကံကြမ္မာပဲ။”

(Charm Ming Nge - ဆော့လ်စ်ဘတ်မြို့သည် သြစတေးလျနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ ဖြစ်ပြီး ဂီတပညာရှင် မိုးဇတ် မွေးဖွားခဲ့ရာနေရာလည်း ဖြစ်သည်။)

"ငါပြောခဲ့တဲ့အတိုင်း ငါ မင်းကို တစ်ယောက်တည်း မထားခဲ့ဘူး။"

ဟန်ကျင်းထုံက လေးနက်သောအသံဖြင့်ပြောသည်။ "မင်းရဲ့ ဦးခေါင်းခွံအဆောင်အယောင်ကို မင်းအစ်ကိုကြီးဆီကို လွှဲပြောင်းချင်တယ်ဆိုရင် ဒီအကျပ်အတည်းကို ကျော်အောင် စောင့်ပြီး ကိုယ်တိုင်သွားပို့ပါ။"

"ကျွန်မကို လိုက်ဖမ်းနေတဲ့သူက တောဝက်ဝံတဲ့ ပါမောက္ခ။" ရှန်းကျန်က ခါးခါးသီးသီးဟန်ဖြင့် ပြောလိုက်သည်။

“သူက မဟူရာကလပ်ရဲ့ ရွှေတံဆိပ် လုပ်ကြံသတ်ဖြတ်သူပါ။ သူ ဦးဆောင်တဲ့ အဖွဲ့မှာ လူငါးဦးပဲ ပါဝင်ပေမယ့် သူတို့အားလုံးက ငွေတံဆိပ် လက်ရွေးစင်တွေချည်းပဲ။ အဲ့ဒီအထဲကမှ နှစ်ဦးက သားရဲတစ်ပိုင်းလူတွေဖြစ်ပြီး တစ်ယောက်က ဗန်ပိုင်းယားပါ။ နောက်ဆုံးနှစ်ဦးကတော့ တောင်ပံလူသားတွေ။ မနေ့က ကျွန်မတို့နဲ့ တိုက်ခိုက်ခဲ့တဲ့သူတွေက သားရဲတစ်ပိုင်းလူ၊ ဗန်ပိုင်းယားနဲ့ တောင်ပံလူသားဖြစ်ပြီး ကျန်တဲ့ငွေတံဆိပ်နှစ်ဦးက ပေါ်မလာဘူး။ အရေးကြီးဆုံးအချက်က တောဝက်ဝံကိုယ်တိုင် ပေါ်မလာသေးတာပဲ။ ဒါပေမယ့် သူ ရှန်ဟိုင်းကို ရောက်နေတာတော့ သေချာတယ်။ မနေ့ညက သူသာ ပေါ်လာခဲ့ရင် ကျွန်မတို့ ထွက်ပြေးဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး။”

ဟန်ကျင်းထုံက မျက်မှောင်ကြုတ်ကာ

“ငါ့ကို ပြောပြပါ ။ မင်းကို ဘာလို့ လိုက်ရှာနေကြတာလဲ။"

ရှန်းကျန်၏မျက်နှာသည် ရုတ်တရက် တည်ကြည်သွားပြီး ပြန်ဖြေလာသည်။

"မဟူရာကလပ်ရဲ့အရိပ်ဌာနခွဲကနေ 'အသားစားပိုးကောင်အဖွဲ့'ကို တည်ထောင်ခဲ့တယ်။ အဲ့ဒီအဖွဲ့ဝင်တွေက ကမ္ဘာတစ်ဝှမ်းက သာမန်လူတွေကို လျှို့ဝှက်ပြန်ပေးဆွဲပြီး အဲ့ဒီလူတွေရဲ့ အသွေးအသားကို စားသုံးဖို့၊ ၎င်းတို့ရဲ့ဝိညာဉ်တွေကို ဝါးမျိုဖို့အတွက်တင် မဟုတ်ဘဲ အစမ်းသပ်ခံတွေအဖြစ်နဲ့ သူတို့ရဲ့စမ်းသပ်မှုနဲ့သေစေနိုင်တဲ့ လက်နက်အချို့ကို သုတေသနလုပ်တဲ့နေရာမှာတောင် သုံးခဲ့ကြတယ်။ အဲ့ဒီအသားစားပိုးကောင်အဖွဲ့ရဲ့ သီးခြားတည်နေရာကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အဲ့ဒီနေရာရဲ့သြဒီနိတ်တွေ မှတ်တမ်းတင်ထားတဲ့ မှတ်စုကို ဦးခေါင်းခွံ အဆောင်အယောင်မှာ ဝှက်ထားခဲ့တယ်။"

ဟန်ကျင်းထုံ၏မျက်နှာ ပျက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

"မဟူရာကလပ်က မကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာကို ငါ သိထားပြီးသားမို့ အဲ့ဒီအဖွဲ့မှာ မပါဝင်ဘူးလို့ ငြင်းထားခဲ့တာ။ ပုံမှန်ဘဝမှာ နေထိုင်ဖို့ နိုင်ငံခြားကနေ တရုတ်ပြည်ကို ငါ ပြန်လာတာတောင်မှ သူတို့က မင်းကို တရုတ်ပြည်အထိတောင် လိုက်ဖမ်းပြီး သာမန်လူတွေကိုပါ ဒီနေရာမှာ သတ်ပစ်ဖို့အထိ ရူးသွပ်လွန်းလိမ့်မယ်လို့ ငါ နည်းနည်းလေးမှ မထင်မိဘူး။”

"ရှင် အခု ထွက်သွားတာ ပိုကောင်းတယ် ပါမောက္ခ။" ရှန်းကျန်က ဆိုလိုက်သည်။

"ရန်သူက အားအရမ်းကောင်းတယ်။ သူတို့တွေ ကျွန်မတို့ကို ဒီမှာတွေ့တာနဲ့ ကျွန်မကိုယ်တိုင် သူတို့ကို ခေါ်သွားမယ်။ ပါမောက္ခက မြန်မြန် လွတ်အောင် ပြေးရမယ်။"

“ငါ့ကို ဆွဲဆောင်နေတာ ရပ်လိုက်တော့ ရှန်းကျန်…” ဟန်ကျင်းထုံက အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။

“ကိုယ့်ကျောင်းသားကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်နေတာက အလကားပဲ။ ဒါပေမယ့် ငါတို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့တော့ ဒီလုပ်ကြံသတ်ဖြတ်သူတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ ကြည့်ရတာ ငါ့သူငယ်ချင်းဟောင်းတွေရဲ့ အကူအညီ ငါလိုနေပြီထင်တယ်။”

ထိုစကားပြောပြီးနောက် သူသည် နံရံကိုမှီကာ ခဲရာခဲဆစ် ထလိုက်ပြီး ဘက်ထရီကုန်သွားသည့် ဖုန်းကို ကောက်ယူကာ ဘက်ထရီကို ပြန်တပ်လိုက်သည်။ ဖုန်း အလုပ်လုပ်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူ ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်သည်။ နံပါတ်တစ်ခုကို ခေါ်ဆိုခါနီးတွင် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ရှန်းယန်ကို ကြည့်လိုက်သည်။

ငါ့သူငယ်ချင်းနှစ်ယောက်က ငါ့လိုပဲ ခွန်အားတွေ ရှိပေမယ့် ရှင်းယန်နဲ့ ငါတောင် လုပ်ကြံသတ်ဖြတ်သူ သုံးယောက်ကို အတူတူ မယှဉ်နိုင်သေးဘူး။ သူတို့ကို ခေါ်လိုက်ရင် အသုံးမဝင်ဘဲ အဲ့ဒီအစား သူတို့ကို အသုံးချသွားမှာကိုတောင် ကြောက်ရတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို အကူအညီမတောင်းရင် ဒီကပ်ဘေးကို ဘယ်လိုဖြေရှင်းရပါ့မလဲ။

ဟန်ကျင်းထုံ၏မျက်နှာသည် အဆက်မပြတ် ပြောင်းလဲနေသည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ရှု၏မျက်နှာသည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ငါ တောင်းဆိုရင် သူက ကူညီမှာလား။ သူ့ရဲ့ အရည်အချင်း၊ စွမ်းရည်တွေနဲ့ဆိုရင် ဒီလုပ်ကြံသတ်ဖြတ်သူတွေကို ဖြေရှင်းဖို့ဆိုတာ အလွယ်လေး ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူ သဘောတူရင် ငါ ဘယ်လောက်ပေးရမလဲ။

သူ ဆက်တွေးပြီး ချီတုံချတုံ ဖြစ်နေသည်။ ဟန်ကျင်းထုံသည် စုတ်ပြတ်သတ်နေသော ရှန်းကျန်ကို စိုက်ကြည့်ရင်း နောက်ဆုံးတွင် အံတင်းတင်းကြိတ်ကာ ထန်ရှုဆီ ဖုန်းဆက်လိုက်သည်။

****

သုခဘုံစံအိမ်နယ်မြေတွင် …

ထန်ရှုနှင့် အိုးရန်လူလူသည် ယခုလေးတင် ရောက်လာရုံ ရှိသေးသည်။ သူတို့ ကားပေါ်က မဆင်းရသေးခင် ထန်ရှု၏ ဖုန်းမြည်သံ ကြားလိုက်ရသည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ နံပါတ်ကို ကြည့်ပြီးနောက် သူက ချိတ်ဆက်ပြီး

“ကျွန်တော့်ကို ခေါ်ဖို့ ကိစ္စရှိနေတာလား။”

ဟန်ကျင်းထုံ၏လေသံထဲတွင် မျှော်လင့်ချက် အနည်းငယ် စွက်လျက်

"မင်းဆီကနေ ငါ အကူအညီ တောင်းလို့ရမလား မစ္စတာထန်။ ပြီးတော့ ငါ့ကို ကူညီဖို့ ငါ ဘယ်လောက် ပေးရမလဲ။"

"စိတ်မဝင်စားဘူး။"

ထန်ရှုက ပြန်ဖြေကာ ဖုန်းတန်းချလိုက်သည်။ အကယ်၍ ဟန်ကျင်းထုံကသာ ထိုနောက်ဆုံးစာကြောင်းကို မပြောခဲ့ပါက သူ စဉ်းစားကောင်း စဉ်းစားမိလိမ့်မည်ဖြစ်သော်လည်း ထိုအဘိုးအိုသည် သူ့အကူအညီအတွက် မည်မျှ ပေးရမည်ဟု မေးလာခြင်းသည် သူနှင့် ဆန့်ကျင်ဘက် အယူအဆတစ်ခု ဖြစ်ပေသည်။

"ဘယ်သူဆက်တာလဲ ထန်ရှု… "

ကားပေါ်က ဆင်းလာသည့် အိုးရန်လူလူက ထန်ရှုကို မေးလာသည်။

"ငါ့ဆီကနေ အကူအညီတောင်းချင်တဲ့ အရေးမကြီးတဲ့ လူတစ်ယောက်ပါ။" ထန်ရှုက ပြောသည်။

အိုးရန်လူလူက ထပ်မမေးတော့ဘဲ ထန်ရှု၏လက်ကို တွဲကာ

“နင်က ဒီနေ့ကစပြီး သုခဘုံစံအိမ်နယ်မြေသူဌေးရဲ့ ခင်ပွန်း ဖြစ်သွားပြီ။ ဒါကြောင့် ဒီလုပ်ငန်းက ငါတို့မိသားစုလုပ်ငန်းဖြစ်ပြီး နင် ဘယ်လိုပဲ စီမံခန့်ခွဲခွဲ နင် ကြိုက်သလို လုပ်လို့ရတယ်။ ဒီမှာ မြှုပ်နှံထားတဲ့ ပိုက်ဆံတွေအားလုံးက ငါကိုယ်တိုင်က ခက်ခက်ခဲခဲ ရှာထားတာ။ ဒါကြောင့် လုံးဝကုန်သွားရင်တောင် ပြဿနာမရှိဘူး။ အဆိုးတကာ့ အဆိုးဆုံးဖြစ်လာရင် ခန်းဝင်ပစ္စည်းအဖြစ် ပိုက်ဆံတောင်းဖို့ မိသားစုဆီ သွားလိုက်မယ်။"

သူဌေးရဲ့ခင်ပွန်းဟုတ်လား…

ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။ “မိသားစုထဲက အိမ်ထောင်ပြုသွားတဲ့အမျိုးသမီးဟာ နောက်ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာနဲ့တူတယ်” ဆိုသော ရှေးစကား၏အဓိပ္ပါယ်ကို အမှန်တကယ် နားလည်သဘောပေါက်စေသည့်အတွက် သူ့အတွက် အတော်လေး ရှုပ်ထွေးသော ခံစားချက်ကို ပေးစွမ်းစေသည်။ အိုးရန်လူလူသည် သူနှင့် ထိမ်းမြားလက်ထပ်ခြင်းမပြုရသေးသော်လည်း သူမသည် အပြင်ဘက်သို့ ပြောင်းလဲစပြုနေခဲ့ချေပြီ။

****

ကျင်းပိုင်ဟော်တယ်တွင်…

ဖုန်းကျသွားသောအသံ တတူတူကို ကြားနေရသည့် ဟန်ကျင်းထုံ၏အမူအရာမှာ ခါးခါးသီးသီး ဖြစ်နေသည်။ ထန်ရှုသည် မည်သည့်အကူအညီကို သူ လိုအပ်နေသည်ကိုပင် မမေးဘဲ ရက်ရက်စက်စက် တန်းငြင်းဆန်လိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

"အသုံးမဝင်တော့ပါဘူး ပါမောက္ခ…"

ရှန်းကျန်၏အောက်နှုတ်ခမ်းသည် တွန့်လိမ်သွားပြီး အစွယ်နှစ်ချောင်း ထုတ်ဖော်လာသည်။ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် စွန့်လွှတ်ခြင်း အရိပ်အယောင်တစ်ခု ဖျတ်ကနဲ ပေါ်လာကာ အေးစက်စက်အသွင်သို့ ပြောင်းသွားသည်။ သူမ၏ နောက်ကျောမှ ကျိုးပဲ့နေသော အတောင်ပံတစ်စုံသည် ဖြန့်ထွက်လာပြီး တံခါးဆီသို့ သူမ၏အကြည့်များ ရွေ့သွားသည်။ တံခါးအား ထိုသူတို့ ဖွင့်လိုက်သည်နှင့် သူမက ဟန်ကျင်းထုံ၏နံဘေးကို ချက်ချင်း ရောက်လာပြီး သူ့ပခုံးကို ဆွဲကိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကို ပြေးသွားသည်။

သူမ၏အရှိန်သည် အလွန်မြန်ဆန်လွန်းသဖြင့် လေထဲတွင် ပုံရိပ်များသာ ချန်ထားခဲ့ကာ ငါးထပ်တိုက်၏မျက်နှာချင်းဆိုင်သို့ အမြန်ပြေးသွားခဲ့သည်။

ဖောက်…

ငွေရောင်ကျည်ဆန်ဖူးသည် ဟင်းလင်းပြင်အတားအဆီးကို ဆုတ်ဖြဲလှည့်ပတ်ပြီး သူမအား ပစ်ခတ်လိုက်လေရာ ရှင်းယန်၏တောင်ပံကို ချက်ချင်း ထိမှန်သွားသည်။ ထို့နောက် တောင်ပံများတစ်လျှောက် မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး ရှင်းယန်က စူးစူးဝါးဝါး အော်ဟစ်ကာ အဆောက်အဦးထိပ်မှ ချက်ချင်း ပြုတ်ကျသည်။ ကံကောင်းထောက်မစွာဖြင့် ဟန်ကျင်းထုံ၏တုံ့ပြန်မှုသည် လျင်မြန်ခဲ့ပြီး သူမကို ချက်ချင်း ဆွဲကိုင်ကာ အောက်ထပ်ဘက်သို့ ခုန်ဆင်းသည်။

သူ့တွင်လည်း ဒဏ်ရာများ ရှိထားပြီးဖြစ်သောကြောင့် ထိုဒဏ်ရာများသည် သူ၏လှုပ်ရှားမှုများကို သက်ရောက်မှု ရှိစေသည်။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်က အတော်လေး မြင့်မားသောကြောင့် ပြုတ်ကျသွားသောအခါ ဒုတိယထပ်က ပြတင်းပေါက်အား လက်ဖြင့် လှမ်းဆွဲလိုက်ပြီး ပြတင်းပေါက်မှန်ကို ကန်ခွဲပစ်လိုက်ရင်း ရှန်းယန်ကို သယ်ဆောင်ကာ အမြန်ပြေးတော့သည်။

သူ ထွက်ပြေးရမည်။ သူ လွတ်မြောက်ရန်အတွက် အရာရာတိုင်းကို ဆုပ်ကိုင်ရန် အဆင်သင့်ဖြစ်နေပြီ။

ရန်သူများက သူတို့အား လိုက်ဖမ်းနေသောကြောင့် တတ်နိုင်သမျှ လွတ်မြောက်အောင် လုပ်ဆောင်ရပေမည်။ သို့မဟုတ်ပါက သေဆုံးခြင်းတစ်ခုသာ သူတို့ တွေ့ကြုံရပေတော့မည်။

ဤလုပ်ကြံသတ်ဖြတ်သူများသည် နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်တွင် ဤကဲ့သို့ မဆင်မခြင် ပြုမူရဲကြလိမ့်မည်ဟု ဟန်ကျင်းထုံ ထင်မထားမိခဲ့ပေ။ ဤနေရာသည် တရုတ်ပိုင်နက် ဖြစ်သည်။ ဤလုပ်ကြံသတ်ဖြတ်သူများသည် တရုတ်နိုင်ငံတွင် နေထိုင်သော အင်အားစုကြီးများကို စိတ်အနှောက်အယှက်ဖြစ်စေမည်ကို မကြောက်ကြသည်များ ဖြစ်နိုင်လေမလား။

စင်္ကြန်လမ်းပေါ်မှ အမြန်ပြေးဆင်းလာသော ဟန်ကျင်းထုံ၏စိတ်ထဲတွင် ရဲရင့်သော အကြံအစည်တစ်ခု ဖြစ်ပေါ်လာသည်။ ဘေးအခန်းတံခါးကို လျင်မြန်စွာ ကန်ဖွင့်ပြီး ရှန်းယန်ကို အထဲသို့ ခေါ်လာသည်။ ထို့နောက် ကုလားထိုင်တစ်လုံးကို ဆွဲကိုင်ကာ ပြတင်းပေါက်ကို ရိုက်ခွဲပြီး ကုလားထိုင်အား အောက်ထပ်သို့ ပစ်ချလိုက်သည်။

ဆူညံမှုကို ပြုလုပ်ပြီး ကြီးမားသည့် ရှုပ်ယှက်ခတ်မှုကို ဖန်တီးခြင်းသာ သူတို့အတွက် အကောင်းဆုံး ဖြစ်ပေမည်။ ထိုလုပ်ကြံသတ်ဖြတ်သူများသည် ကြီးမားသော ဖြစ်ရပ်တစ်ခုကြားတွင် ၎င်းတို့၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို ထုတ်ဖော်ပြသရန် အလွန်ရဲရင့်လိမ့်မည်ဟု သူ မယုံခဲ့ပေ။ ထို့အပြင် စိတ်ရှုပ်ထွေးမှုများကြားတွင်သာ သူတို့ လွတ်မြောက်ရန် မျှော်လင့်ချက်ရောင်ခြည် ရှိနိုင်မည်ဟု သူ တွေးသည်။

အနီးနားတွင်…

လမ်းသွားလမ်းလာများ အဆုံးမရှိ သွားလာနေသည့် လမ်းများပေါ်တွင် လမ်းသွားလမ်းလာများက မှန်ကွဲသံကို ရုတ်တရက် ကြားလိုက်ရပြီး ချက်ချင်းပင် ကုလားထိုင်နှင့် မှန်အပိုင်းအစများ ပြုတ်ကျလာသည်ကို တွေ့ကြုံရသည်။ အော်ဟစ် ပြေးလွှားကြရင်း လူအများအပြား ထိမှန်လုနီးပါး ဖြစ်ခဲ့သည်။ ထိုမတော်တဆမှုက လမ်းသွားလမ်းလာများစွာ၏ အကြည့်များကို ဆွဲဆောင်သွားခဲ့ပြီး အဆောက်အဦး၏ ဒုတိယထပ်ပြတင်းပေါက်ကို မျှော်ကြည့်နေကြသည်။

တယ်လီဖုန်းတိုင်အောက်တွင် ဂျက်ကတ်အကျီ ဝတ်ဆင်ထားကာ စီးကရက်သောက်နေကြသည့် လူရွယ်နှစ်ဦးသည် ငြိမ်သက်စွာ ရပ်ရင်း ရည်ရွယ်ချက်မဲ့ ဘေးပတ်လည်ကို ကြည့်နေကြသည်။ သူတို့သည် အထက်ခေါင်းဆောင်များထံမှ အမိန့်ရပြီး ထူးဆန်းသောလူအချို့ကို ရှာဖွေရန် ထွက်လာကြသည်။ ၎င်းတို့အား တာဝန်ပေးထားသော တိကျသည့် အမိန့်မှာ လူသားများမဟုတ်ဘဲ ဗန်ပိုင်းယားကောင်များ၊ သားရဲတစ်ပိုင်းလူများနှင့် တောင်ပံလူသားများကို ရှာရန် ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ…"

လူရွယ်နှစ်ဦးသည် အကြည့်ချင်းဖလှယ်ကြပြီး အခင်းဖြစ်ပွားရာနေရာသို့ အမှုမဲ့ လျှောက်လာမိသည်။ သည်အခိုက်အတန့်တွင် သူတို့သည် အဝေးကြည့်မှန်ပြောင်းများကို ထုတ်လိုက်သည်။

"အစ်ကိုရ … ဟိုမှာကြည့်ပါဦး"

ရုတ်တရက် လူရွယ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူ၏လက်ကို မြှောက်လိုက်ရုံရှိသေးသည်။ လျှပ်တပြက်အတွင်း ပုံရိပ်သည် အဆောက်အဦး၏ တစ်ဖက်ခြမ်းတွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

"အဲ့ဒါ ဘာကြီးလဲ…။" အစ်ကိုရဟူသော လူရွယ်က စူးစမ်းလိုက်သည်။

သူ့ကို လှမ်းခေါ်လိုက်သည့် လူရွယ်က စိတ်လှုပ်ရှားသော အမူအယာဖြင့်

“အစောပိုင်းဟာက လူတစ်ယောက်ရဲ့ အရိပ် ၁၀၀% သေချာတယ်လို့ ငါ အာမခံတယ်။ ဘုရားသခင်ကျေးဇူးကြောင့် အဲ့ဒါက ပျံသန်းနိုင်တဲ့သူတစ်ဦးပဲ။ အဲ့ဒါက ငါတို့ရှာနေတဲ့ ပစ်မှတ်ပဲ ဖြစ်ရမယ်။”

"မြန်မြန် အကြောင်းကြားပါ။"

"နားလည်ပြီ။"

ငါးထပ်အဆောက်အအုံအတွင်းတွင် ဟန်ကျင်းထုံသည် ပြင်းထန်စွာဒဏ်ရာရရနေပြီး တောင်ပံများပြန်ကျုံ့ကာ မူးဝေနေသည့် ရှင်းယန်ကို တရွတ်တိုက်ဆွဲရင်း  ဘယ်ဘက်စင်္ကြန်အဆုံးရှိ ပြတင်းပေါက်ဆီသို့ အမြန်ပြေးသွားခဲ့သည်။ သူသည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ချက်ချင်းပင် အောက်ထပ်သို့ ခုန်ဆင်းကာ လူများကြားတွင် ရောနှောလျက် နောက်ဆုံးတွင် များစွာ အားစိုက်မထုတ်လိုက်ရဘဲ လူအုပ်ကြားထဲ ပျောက်ကွယ်သွားခဲ့သည်။

အဆောက်အဦး၏ခေါင်မိုးထက်တွင် သန်မာတောင့်တင်းကာ နီရဲသော မျက်လုံးအစုံတို့ ရှိနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဟန်ကျင်းထုံနှင့် ရှန်းယန်တို့ ပျောက်ကွယ်သွားသည့် ဦးတည်ရာကို ကြည့်နေသည်။ သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး လေသံတုံးတုံးဖြင့်

"ပြေးနိုင်သလောက် ပြေးစမ်း … မင်း ငါ့လက်ထဲက ဘယ်တော့မှ မလွတ်နိုင်ဘူး။ မိုင်ရာချီဝေးတာတောင် မင်းဆီကနေ အမှောင်ဝိညာဉ်ရနံ့ကို ငါ ရနိုင်သေးတယ်။"

***

All Chapters