အကူအညီပေးရန်အတွက် ဓားထုတ်ခြင်း
Vol. 51 Ch. 701
တောဝက်ဝံက အတင့်ရဲပြီး အရှက်မရှိသော စကားလုံးများဖြင့် ဟန်ဆောင်မှတ်ချက်စကား ဆိုခဲ့သည်။ သို့သော် ထိုစကားများကြားတွင် သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်မှုများနှင့် ရောယှက်လျက် သူ၏ စစ်မှန်သော စိတ်ထားကို ထုတ်ဖော်ပြသထားသည့် ပူလောင်သော ရည်မှန်းချက်များ ပါဝင်နေသည်။
လူသားများ…။ သူ့မျက်လုံးထဲတွင် လူသားများ၏ တည်ရှိမှုသည် ပုရွက်ဆိတ်များအလား တန်ဖိုးမရှိပေ။ သူသည် အစားအစာများတည်ရှိရာ ထိပ်ဖျားတွင် ရပ်တည်နေသည်ဟု ယုံကြည်ထားသော်လည်း လူသားလောက၏စည်းမျဉ်းများက ဘောင်ခတ်ထားမှုကို ခံနေရသည်။ သူ၏သွေးဆာနေသော သဘာဝကို မတားဆီးလိုသော ဆန္ဒသည် နောက်ဆုံးတွင် မှောင်မိုက်သော ကောင်းကင်အောက်၌ ပုန်းခိုကာ အသက်များကို အညှာတာမဲ့စွာ လုပ်ကြံသတ်ဖြတ်သော သူတစ်ယောက် ဖြစ်လာစေသည့် အကြောင်းရင်းပင်တည်း။
စိတ်ပျက်အားငယ်မှုသည် ဟန်ကျင်းထုံ၏နှလုံးသားကို ဖိစီးနေပြီး အသက်ရှင်ရန် အခွင့်အရေး နည်းနည်းလေးမှ မရှိသော အခြေအနေတစ်ခုတွင် သူ၏စိတ်နှလုံးအတွင်းမှ အတွေးတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူ၏ကြောက်စိတ်ကို ဖျောက်ကာ ရင်ကိုကော့လျက် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
“ငါတို့ရဲ့ကြီးမြတ်တဲ့ တရုတ်နိုင်ငံ တည်ရှိနေခဲ့တာ အနှစ်ငါးထောင်ကျော် ရှိသွားပြီကွ။ ခေတ်ကာလတိုင်းရဲ့ သူရဲကောင်းတွေ၊ ပညာရှိတွေက ၎င်းတို့တန်ဖိုးထားတဲ့ အရာအားလုံးအတွက် အလျှော့မပေးကြဘူး။ ဇာတ်ကောင်သုံးမျိုး ဂန္တဝင်ကျမ်းမှာ ဖော်ပြထားတဲ့ ပထမစာကြောင်းကို ငါ အမြဲယုံကြည်ခဲ့တယ်။ လူတစ်ယောက်က မွေးရာပါ ကောင်းမွန်တဲ့ သဘာ၀ ရှိကြတယ်တဲ့ … ဒါပေမယ့် မင်းလိုကောင်တွေအတွက်ကတော့ ငါတို့ တရုတ်လူမျိုးတွေက 'နတ်ဆိုး' လို့ ခေါ်တယ်။ ဟိုးအရင်ခေတ်ကတည်းက နတ်ဆိုးဆိုတာ ကောင်းမွန်တဲ့အရာတွေကို ဘယ်တော့မှ မအောင်မြင်ဘူး။ ရိုင်းစိုင်းတဲ့ နတ်ဆိုးဖြစ်ပြီး စစ်အင်အားရှိတာတောင် ရလဒ်အနေနဲ့ သနားစရာကောင်းတဲ့ မင်းတို့တွေက အားနည်းတဲ့ တည်ရှိမှုကိုပဲ ဆွဲထုတ်နိုင်ပြီး အမှောင်ထဲမှာ ပုန်းအောင်းနေရတာမို့လေ။”
ရိုင်းဆိုင်းတဲ့ နတ်ဆိုးတစ်ပါးလား…
တောဝက်ဝံက သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သတ်ဖြတ်လိုစိတ်သည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတော့သည်။ ရောင်ပြန်ရဲတိုက်မှ အမျိုးယုတ်များက သူ့ကို ထိုသို့ခေါ်ဝေါ်ခြင်းကို နှစ်သက်သောကြောင့် ဤအမည်ကို သူ မုန်းတီးလှသည်။
"သူ့ကို သတ်။" တောဝက်ဝံက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူ့အသားတွေ တစ်စစီ ဖြစ်ပြီး သူ့သွေးတွေ မိုးရွာနေတာကို ငါ မြင်ချင်တယ်။ သူ့ဝိညာဉ် နာကျင်နေစေပြီး အော်နေရပလေ့စေ။”
ထိုနေရာနှင့် ဝေးကွာသော တောထူထပ်သော တောင်ပေါ် ရှိ သစ်ပင်အုပ်အုပ်များ၏နောက်တွင် ဝိုးတဝါး လူရိပ်နှစ်ခု ရှိနေပြီး တစ်ယောက်သည် မှန်ပြောင်းဖြင့် ချိုင့်ဝှမ်းထဲရှိ မြင်ကွင်းအား ကြည့်နေကြသည်။ ည၏ အလင်းရောင်သည် မှိန်ဖျော့သော်လည်း ဖြစ်ပျက်နေသော အရာအားလုံးကို မှန်ပြောင်းဖြင့် ပြတ်ပြတ်သားသား မြင်နိုင်သဖြင့် ဆောက်တည်ရာမရသော အသွင်ဖြစ်နေကာ သူ၏အကြည့်များသည် ထို “နတ်မိစ္ဆာများနှင့် နတ်ဆိုးမျိုးရိုးများ”ဆီမှ ရံဖန်ရံခါ ရွေ့သွားသည်။ သည်နေရာမှ ထွက်သွားချင်သည့်တိုင် အဝေးတွင်လည်း မနေချင်ကြချေ။
ပြီးတော့ ထိုနေရာ … ငြိမ်သက်စွာ လဲလျောင်းပြီး စောင့်ကြည့်နေသော တည်ရှိမှုလေးခု ရှိသေးသည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ။"
"ခဏစောင့်ကြတာပေါ့။"
ပုန်းအောင်းနေသော လူလတ်ပိုင်းလေးယောက်သည် အမူအရာဖြင့် ပြောဆိုဆက်သွယ်ကြသည်။ ဝံပုလွေကဲ့သို့သော သားရဲတစ်ပိုင်းလူက ပခုံးထက်တွင် လေးထောင့်တူတစ်လက်ကို ထမ်းလျက် သိုသိပ်သော အပြုံးဖြင့် ဟန်ကျင်းထုံဆီသို့ လျှောက်သွားစဉ်တွင် အခြားဗန်ပိုင်းယားကောင်က နတ်ဆိုးအော်ရာများ ထွက်ပေါ်နေသော အနက်ရောင်ပုလင်းကို ထုတ်ယူလိုက်သည်ကို သူတို့ မြင်တွေ့လိုက်သော်လည်း မလှုပ်ရှားကြသေးပေ။
ညွှန်ကြားချက်မရှိဘဲ သူတို့သည် အလျင်စလို လှုပ်ရှားလိမ့်မည်မဟုတ်ဘဲ သူဌေး ရောက်လာပြီး သူတို့ကို ညွှန်ကြားချက်များ ပေးသည့်အထိ စောင့်ကြလိမ့်မည်။
"တကယ် သနားစရာပဲ။" ကျင်းရှီ စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။ သူသည် နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ်တစ်ခုကျော် ကြာသည့်တိုင် နေထိုင်ခဲ့သော်လည်း သူသည် တရုတ်သွေးပါသော တရုတ်နွယ်ဖွားတစ်ဦးဖြစ်သည်။ အသတ်ခံရတော့မည့်တိုင် ရင်ကိုကော့ကာ သူရဲကောင်းဆန်ဆန် အလျှော့မပေးဘဲ စကားပြောနေသော ဆံပင်ဖြူဖွေး၊ အမာရွတ် ဗလပွဖြင့် ဟန်ကျင်းထုံကို မြင်လိုက်ရချိန်တွင် သူ စာနာသနားမိသည်။
ဟန်ကျင်းထုံတွင် လက်နက်မရှိသောကြောင့် သူ့ဆီသို့ တည့်မတ်စွာ လာနေသော သားရဲတစ်ပိုင်းလူ၏ ခြေလှမ်းကို ကြည့်နေရုံသာ တတ်နိုင်ပေသည်။ အံကို တင်းတင်းကြိတ်ကာ ကျန်နေသေးသည့် သူ၏အစစ်အမှန်အဆီအနှစ်အားလုံးကို စုစည်းထားသည်။ သေမင်းကို သူသည် ထိုင်စောင့်နေမည်မဟုတ်ပေ။ လက်ရှိအခြေအနေသည် ဆိုးဆိုးရွားရွား ဖြစ်နေသော်လည်း ဤအကောင်၏ လက်ထဲတွင် သေရမည်ဆိုလျှင်ပင် ထိုအကောင်အား ကြီးလေးသော တန်ဖိုးပေးစေရမည်ဟု တိတ်တဆိတ် ကတိပြုထားသည်။
“မင်း တရုတ်ပြည်ကနေ ဘယ်တော့မှ အသက်ရှင်လျက် ထွက်မသွားစေရဘူးလို့ ငါ အာမခံနိုင်တယ်။ ခဏစောင့်လိုက် … မင်းကို ထိတ်လန့်သွားစေမယ့် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ မင်းအရှေ့မှာ ပေါ်လာပြီး မင်းတို့အားလုံးကို ရှင်းရှင်းလင်းလင်း ချေမှုန်းပစ်လိမ့်မယ်။"
ဟန်ကျင်းထုံက ကြိမ်းဝါးပြီး သူ့ဆီ ပြန်ပြီးပျံသန်းလာနေသည့် ရှန်းကျန်ကို တစ်ချက်မှ မကြည့်တော့ပေ။ သူသည် သားရဲတစ်ပိုင်းလူဆီသို့ မြှားတစ်စင်းအလား တည့်တည့်မတ်မတ် ဝင်သွားသည်။ သူ၏သွေးများ ပွက်ပွက်ဆူနေပြီး ကြွက်သားများသည် အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကာ သည်အချိန်တွင် သူ စုဆောင်းနိုင်သမျှ အကောင်းဆုံးခွန်အားကို ထုတ်ဖော်နိုင်ရန် သူ၏စွမ်းအားများကို ခြေလက်များဆီသို့ အဆက်မပြတ် ပို့လွှတ်နေသည်။
"ဘယ်လောက်မိုက်လိုက်တဲ့ လူသားလဲ။" သားရဲတစ်ပိုင်းလူ၏မျက်နှာထက်တွင် လှောင်ပြောင်လိုသောအမူအရာသည် ထင်ဟပ်လာသည်။ သူသည် အူသံတစ်ခု ပြုလုပ်ရင်း လက်ကောက်ဝတ်ကို လှည့်ကာ သူ၏ လေးထောင့်တုတ်ကို အောက်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ သူ၏တူသည် အလွန်လျင်မြန်ပြီး သံလူသားကို ထိသွားရင်တောင် ပျော့ဖတ်အလား ကွဲကြေသွားလိမ့်မည်။
ဘန်း…
လေးထောင့်တူ၏ ဝှေ့ယမ်းချက်သည် အေးစက်သော မြေပြင်ပေါ်တွင် ပြင်းပြင်းထန်ထန် ကျရောက်သွားတော့သည်။ ဟန်ကျင်းထုံကိုယ်တိုင်က တူချက်အား မရှောင်လွှဲခဲ့ပေ။ သူသည် တစ်ဟုန်ထိုး ပြေးလာသော နွားရိုင်းတစ်ကောင်အလား သားရဲတစ်ပိုင်းလူအား တိုက်ခိုက်လိုက်ပြီး ထက်ရှသော သစ်သီးဓားတစ်ချောင်းကို သူ့ခန္ဓာကိုယ်ပေါ် မှ လျင်မြန်စွာ ဆွဲထုတ်ကာ သားရဲတစ်ပိုင်းလူ၏ရင်ဘတ်သို့ ပြင်းထန်စွာ ဆောင့်ထိုးလိုက်သည်။ သားရဲတစ်ပိုင်းလူက နောက်ပြန်ဆုတ်သွားသဖြင့် သားရဲတစ်ပိုင်းလူ၏ ခန္ဓာကိုယ်ဘေးတစ်ဖက်ခြမ်းအား ကျွမ်းတစ်ချက်ပစ်ကာ ကန်ကျောက်လိုက်သည်။
ထက်ရှသော သစ်သီးဓားသည် နှစ်ပိုင်းကျိုးသွားကာ သားရဲတစ်ပိုင်းလူ၏အရေပြားကို ဖောက်ဝင်သွားသော်လည်း ထိခိုက်မှုများစွာ မရှိချေ။ သားရဲတစ်ပိုင်းလူသည် ခြေကန်ချက် မိသွားသောကြောင့် မီတာအနည်းငယ်ထိတိုင် နောက်ဆုတ်သွားရပြီးမှ သူ၏ဟန်ချက်ကို ထိန်းနိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသို့ သူ ဆုတ်သွားရသည့်အခိုက်တွင် သူ၏ လေးထောင့်တူအား ဟန်ကျင်းထုံ၏လက်မောင်းဆီသို့ ပစ်လွှတ်လိုက်ရာ ဟန်ကျင်းထုံ၏လက်မောင်းကျိုးသွားပြီး ခန္ဓာကိုယ်ကိုပါ ထိမှန်သွားသည်။
အားးး…
ရှန်းကျန်သည် သူမ၏တောင်ပံများကို ခတ်လိုက်ပြီး ဟန်ကျင်းထုံပြုတ်ကျသည့်နေရာသို့ ချက်ချင်း ပြေးသွားသည်။ သူမ၏အတောင်ပံများကို ဖွင့်ကာ ဟန်ကျင်းထုံအား ဖုံးကာလိုက်ပြီးနောက် သူမ၏နီရဲသော မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်။ သူမသည် ဗန်ပိုင်းယား အသက်အရွယ်အရ ၂၀၀ နှစ် ဖြစ်သော်လည်း အသက်၂၀အရွယ် လူသားမိန်းကလေးနှင့် အလားတူသည်။ ဟန်ကျင်းထုံသည် သူမ၏ဆရာဖြစ်ပြီး နှစ်ပေါင်းများစွာ အဆက်အသွယ်လုပ်ပြီးနောက်တွင် ဟန်ကျင်းထုံအပေါ် လေးစားမှု ကြီးမားလာခဲ့သည်။
သားရဲတစ်ပိုင်းလူသည် သူ့ရင်ဘတ်မှ စိမ့်ထွက်လာသော သွေးများကို သုတ်လိုက်ပြီး ထူးဆန်းစွာ ပြုံးကာ
“မင်းရဲ့ ခွန်အားအဆင့်က လူသားတစ်ယောက်အတွက် ဆိုရင် အတော်အစွမ်းထက်ပါတယ်။ ကံမကောင်းစွာပဲ မင်းဆီမှာ အထူးချွန်ထက်တဲ့ အရာတွေ မရှိဘူး။ ငါ့အရေပြားက စိန်တွေထက်တောင် ပိုမာကျောတယ်။ ဆိုတော့ ... မင်း ငါ့ကို မသတ်နိုင်ပေမယ့် ငါက မင်းကို လွယ်လွယ်ပဲ သတ်နိုင်တယ်။ ရှန်းကျန် … ငါ့လမ်းကနေ ဖယ်ပေးစမ်း … လင်းနို့ငယ်လေး။ နို့မဟုတ်ရင် မင်းကို ငါ အရင် သတ်ရလိမ့်မယ်။"
"သူတို့သာ ဒီမှာ မရှိရင် ငါ မင်းကို လွယ်လွယ်လေး သတ်နိုင်တယ် ဝံပုလွေငတုံးရဲ့။" ရှန်းကျန်က ပြင်းပြင်းထန်ထန် အော်လိုက်သည်။
“ဖယ်စမ်း … နို့မဟုတ်ရင် နင့်ကိုပါ ငါနဲ့အတူ သေရအောင် ဆွဲခေါ်မယ်။"
သားရဲတစ်ပိုင်းလူက ကမ္ဘာပေါ်တွင် သူ ကြားရသမျှ ရယ်စရာအကောင်းဆုံးစကားအဖြစ် သဘောထားကာ သူမကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက အမွှေးထူသော လက်ကို မြှောက်ကာ သူ့ကိုယ်သူ ညွှန်ပြပြီး မေးလိုက်သည်။
“မင်းက ငါ့ကို အသေဆွဲခေါ်ချင်နေတာလား။ လင်းနို့လေး မင်းက ဘာတွေ မိုက်မဲနေတာလဲ။ မင်းကသာ တကယ့်လူမိုက် မဟုတ်ဘူးလား။ မင်းရဲ့အမြုတေကို ဖောက်ခွဲချင်တာလား။ မင်း ဒီလို လုပ်ရင်တောင် မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူးနော်။"
ရှန်းကျန်က သည်သားရဲတစ်ပိုင်းလူ၏စကားများ မှန်သည်ကို သိသည်။ သူမ ထုတ်လွှတ်နိုင်သော အပြင်းထန်ဆုံး သတ်ဖြတ်မှုသည် သူမ၏အဓိက အမြုတေကို ဖောက်ခွဲပစ်လိုက်ခြင်းသာတည်း။ သို့သော်လည်း သူမသည်လည်း အစိတ်စိတ် အမွှာမွှာဖြစ်ကာ တစ်ခါတည်း သေဆုံးသွားပေမည်။
ဟား…ဟား…ဟား…။ သားရဲတစ်ပိုင်းလူက အရူးတစ်ယောက်ပမာ ရယ်မောလိုက်ရင်း
"မင်း ကြောက်သွားပြီလား။ ဒီဘိုးဘိုးကို အရှုံးပေးလိုက်စမ်းပါ။ နို့မဟုတ်ရင် ဒီဘိုးဘိုးက မင်းရဲ့ သတ္တိတွေကို ဖောက်ထုတ်ပစ်မယ်။"
ရုတ်တရက် အသံတစ်ခု သဲသဲကွဲကွဲ ပေါ်လာပြီး ၎င်း၏လေသံမှာ ထေ့ငေါ့သံ အပြည့်ဖြစ်သည်။ "သားရဲတစ်ပိုင်းလူတွေကို ပညာရှိတယ်လို့ ဘယ်သူတွေ ပြောတာလဲ။ ငါ့အထင်ကတော့ အဲ့ဒီလူက ဉာဏ်မဲ့တဲ့လူ ဖြစ်မှာ အသေအချာပဲ။ ဟား…ဟား…ဟား…”
သားရဲတစ်ပိုင်းလူ၏မျက်နှာ ကွက်ကနဲ ပျက်သွားပြီး ပတ်ဝန်းကျင်ကို လျှင်မြန်စွာ လှည့်ပတ်ကြည့်လိုက်ရင်း အော်ဟစ်လိုက်သည်။
“မင်း ဘယ်သူလဲ။ ထွက်လာပြီး ဒီဘိုးဘိုးကို ရင်ဆိုင်လိုက်…”
ဝှစ် … ဝှစ် … ဝှစ် …
ပုံရိပ်လေးခုသည် သစ်တောအုပ်ထဲမှ လျှပ်စီးတန်းတစ်ခုအလား ထွက်ပေါ်လာပြီး ဓားပျံများနှင့်အတူ သူတို့အနားတွင် ပျံဝဲနေပေသည်။ သူတို့၏လက်များကို ဝှေ့ယမ်းလိုက်သောအခါ ဓားရှည်များသည် ရှည်လျားသော သက်တန့်၄စင်းသဖွယ် သားရဲတစ်ပိုင်းလူအား ရှေးရှူ တိုက်ခိုက်လာသည်။ သားရဲတစ်ပိုင်းလူက လျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း ဓားပျံလေးစင်းက သူ၏အရေပြားကို စုတ်ပြဲသွားစေပြီး ခန္ဓာကိုယ်ထက်တွင် အပေါက်လေးခု ကျန်နေစေကာ သွေးများ ထွက်လာစေသည်။
ထန်ရှုသည် လေထဲတွင် ပျံဝဲလာသည်။ သူ့အနောက်တွင် မိုအားဝူနှင့် ထာဝရခန်းမ၏ အခြားကျွမ်းကျင်သူ ခြောက်ဦးတို့ ပါလာပြီး မျက်စိတစ်မှိတ်အတွင်း လူတိုင်း၏မြင်ကွင်းတွင် ပေါ်လာသည်။
ကျင်းရှီတို့လေးယောက်အုပ်စုသည် ၎င်းတို့၏ဓားပျံများကို ပြန်ရုတ်သိမ်းလိုက်ပြီး သားရဲတစ်ပိုင်းလူအား အေးစက်စက် အမူအရာများဖြင့် စူးစိုက်ကြည့်နေကြသည်။ သူတို့အတွက် တုံ့ဆိုင်းခြင်း မရှိဘဲ အပြင်းအထန် တိုက်ခိုက်ရန်မူ ထန်ရှု၏ အမိန့်သာ လိုပေသည်။
အောင်နိုင်ခါနီးပြီဟု မူလက ထင်နေသည့် တောဝက်ဝံ၏ မျက်ဝန်းအိမ်များ ရုတ်ခြည်းပင် သိသိသာသာ ကျဉ်းမြောင်းသွားတော့သည်။ ထန်ရှုနှင့် အခြားသူများ ပေါ်လာသောအချိန်တွင် သူ၏ရင်ထဲ၌ မကောင်းသော ကြိုတင်သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းအရှေ့တိုင်းနိုင်ငံတွင် တာအိုကျင့်ကြံသူဟု ခေါ်သော ထူးခြားသည့် လူတစ်မျိုး ရှိသည်ဟု အနောက်နိုင်ငံအင်အားစုများ၏ အမှောင်လောကသားများ သိကြသည်။
သည်လူများ၏အရှိန်အဟုန်သည် လွန်စွာ မြန်ဆန်လွန်းသောကြောင့် ကျင့်ကြံသူများဖြစ်ရမည်ဟု သူ ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။ အမှောင်အထောက်အပံ့ပေးနိုင်သော အရာနှင့် အလင်းအထောက်အပံ့ပေးနိုင်သော အရာလိုမျိုး လက်နက်များကို ကိုင်ဆောင်ထားကြပြီး ထိုလက်နက်များအားလုံးကို ထူးခြားသော နည်းလမ်းများဖြင့် ရန်သူများက ထိန်းချုပ်ထားနိုင်ကြပေသည်။
သို့သော် ပြန်တွေးကြည့်ရတွင် သူသည် ထိုသူများကို လုံးဝ မပြစ်မှားခဲ့ပေ။ ထိုသူတို့အား မည်သည့်အင်အားစုများက ပိုင်ဆိုင်ပါသနည်း။ မည်သည့်အတွက်ကြောင့် သည်ကိစ္စတွင် ဝင်ရောက် စွက်ဖက်ချင်နေပါသနည်း။
"မင်းတို့တွေက ဘယ်သူတွေလဲ။"
သူ့တာဝန်အား ပြီးမြောက်အောင် လုပ်နိုင်ရန်အတွက် ပြသနာကို နှိုးဆွလိုစိတ်မရှိသော တောဝက်ဝံက သတိကြီးစွာ ချဉ်းကပ်လာသည်။ ကျင့်ကြံသူများ ပိုင်ဆိုင်သော ခွန်အားသည် လူမျိုးစုများစွာကို ကြောက်ရွံ့ထိတ်လန့်စေသည့် အရာတစ်ခုဖြစ်သည်။ ဥပမာဆိုရသော် ရှန်းကျန်ကို ကာကွယ်ပေးနေသော အဘိုးအို။ ထိုအဘိုးအို၏ခွန်အားသည် အလယ်အလတ်အဆင့်ဆိုသည့်တိုင် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
နေပါဦး…
တောဝက်ဝံ၏ မျက်နှာသည် ရုတ်တရက် ပျက်သွားပြီး နိမိတ်မကောင်းသော ခံစားချက်သည် ပိုမိုပြင်းထန်လာသည်။ သည် … သည်လူတွေက ရှန်းကျန်ကို ကာကွယ်ပေးနေတဲ့ ဒီအဘိုးကြီးနဲ့ နေရာအတူတူက လာတာများလား။
ထန်ရှုသည် တောဝက်ဝံကို လုံးဝလျစ်လျူရှုထားပြီး ရှန်းကျန်ကာကွယ်ပေးထားသော ဟန်ကျင်းထုံအား မျက်တောင်တစ်ချက်ခတ်ကာ ကြည့်လိုက်သည်။ ဤအဘိုးအိုသည် သူ့အား အနောက်တိုင်း အမှောင်မျိုးနွယ်စုများကို ကိုင်တွယ်ဖြေရှင်းပေးရန် အကူအညီတောင်းဆိုသည်ဟု သူ့အား ပြောခဲ့ပါက ထိုသူအား မျက်နှာသာပေးသည့်အနေဖြင့် တန်းတန်းမတ်မတ် သူ ကူညီပေးလိမ့်မည်ဖြစ်သည်။
"ဒါကို ယူလိုက်။" ထန်ရှုက ကြွေပုလင်းတစ်ပုလင်းကို ထုတ်ကာ ရှန်းကျန်အား ပစ်ပေးလိုက်သည်။
ရှန်းကျန်သည် လေးညှို့သံကြောင့် ထိတ်လန့်နေသော ငှက်တစ်ကောင်နှင့် အလားတူပေသည်။ ထန်ရှုနှင့် အခြားသူများရောက်ရှိလာခြင်းသည် သူမအတွက် ဝမ်းသာစရာတစ်ခုဖြစ်သလို စိတ်ပူစရာလည်း ဖြစ်နေရသည်။ သည်လူများက သားရဲတစ်ပိုင်းလူကို တိုက်ခိုက်ကြသောကြောင့် သူမ ပျော်ရွှင်နေသော်လည်း ထိုသူတို့၏ဇာစ်မြစ်အား သူမ မသိသောကြောင့် စိတ်ပူနေမိဆဲပင်။ တစ်ဖက်အဖွဲ့သည် သူတို့စကားအတိုင်း ရဲတင်းစွာ ပြုမူခဲ့မည်ဆိုလျှင် သူမနှင့်ပါမောက္ခသည် မကြာမီ ကျရောက်တော့မည့် ဘေးဥပဒ်နှင့် ရင်ဆိုင်နေရပေဦးမည်။
"အဲ့ဒါ ဘာလဲ။" ရှန်းကျန်က ခက်ခက်ခဲခဲ မေးသည်။
"ဒါကို ယူပြီး အဲ့ဒီအဘိုးကြီးကို ပေးလိုက်ပါ။ ဒီဆေးက သူ့ဒဏ်ရာတွေကို ကုသနိုင်တယ်။"
ထန်ရှုက အသာအယာ ပြောလိုက်သည်။
“ဒါ…” ရှန်းကျန် တုံ့ဆိုင်းသွားသည်။ သည်လူအား ယုံလို့ ရ၊ မရ သူမ မသိချေ။ အကယ်၍ ဤကြွေပုလင်းအတွင်းတွင် ပါဝင်သော ပစ္စည်းများသည် အဆိပ်ဖြစ်ခဲ့ပါက ပါမောက္ခအား အဆိပ်သင့်ပေမည်။ ဟန်ကျင်းထုံ၏အော်ရာသည် ဖရိုဖရဲဖြစ်နေသော်လည်း ထန်ရှုနှင့် သူ၏လူများ ရောက်လာသည်ကို တွေ့သည့်အခါ သူ၏မျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုများ ပျောက်ကွယ်သွားခဲ့ကာ ဝမ်းသာပီတိဖြစ်မှုက အစားထိုးဝင်ရောက်လာသည်။
"ငါ့ကို ပေးပါ ရှန်းကျန်…"
ဟန်ကျင်းထုံသည် သူမ၏ တောင်ပံများကို တွန်းကာ ကြွေပုလင်းကို ယူရန် လက်လှမ်းယူလိုက်သည်။ ပုလင်းဖွင့်ပြီးသောအခါ သန့်စင်သော ဒဏ်ရာကျက် ဆေးရည်အား ပါးစပ်ထဲသို့ တန်းလောင်းထည့်သည်။ ရှားရှားပါးပါး ကျန်ရှိသော သူ၏အစစ်အမှန် အဆီအနှစ်သည် မရီဒျာန်များဆီ ဖြတ်သန်းစီးဆင်းစဉ် ထိုဆေးသည် သူ၏ခြေလက်လေးချောင်းနှင့် အရိုးငါးချောင်းဆီသို့ တဟုန်ထိုးစီးဆင်းသွားကာ တခဏချင်းပင် ဆေး၏ထူးခြားသော အာနိသင်က ဒဏ်ရာများကို အဆက်မပြတ် ကုစားပေးတော့သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာထန်…" ဟန်ကျင်းထုံက ရင်ထဲမှလာသော ကျေးဇူးတင်စကားကို ဆိုလိုက်သည်။
ထန်ရှုက သူ့ကို အေးစက်စက်လေသံဖြင့် တီးတိုး ပြောလိုက်သည်။
“ကျွန်တော့်စကားတွေကို မှတ်ထားပါ။ ထန်ရှုဆိုတဲ့ ကျွန်တော်က လူတွေရဲ့အသက်ကို ကယ်တင်ပေးဖို့ ကျွန်တော့်ကို ဘာပေးရမယ် ဘယ်လောက် ပေးရမယ်ဆိုတဲ့ စီးပွားရေးသဘောတူညီမှုမျိုး ဘယ်တော့မှ မလုပ်ဘူး။ ဒီနိုင်ငံခြားသား မတူကွဲပြားတဲ့ လူမျိုးတွေကို ဖယ်ရှားဖို့ ခင်ဗျားကို ကျွန်တော် ကူညီနိုင်ပေမယ့် ကျွန်တော့်မေးခွန်းတချို့ကိုတော့ ဖြေပေးရမယ်။"
ဟန်ကျင်းထုံသည် ထန်ရှု၏အကူအညီကို တောင်းစဉ်က မည်သည်အတွက်ကြောင့် အကူအညီတောင်းသည်ကို နားမထောင်ဘဲ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ စီးပွားရေးအရ သဘောတူညီချက်တစ်ခုအဖြစ် ပြောလိုက်သော သူ၏လေသံကြောင့် ထန်ရှုသည် သူ့အား စက်ဆုပ်ရွံရှာခဲ့သည်ကို သိသွားခဲ့သည်။ ထိုအချက်ကို သူ နားလည်လာသွားသောအခါ မချိပြုံး ပြုံးမိရုံမှလွဲ၍ သူ၏ခံစားချက်ကို စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။
***