အင်မော်တယ်မှော်ပညာများ၏ စွမ်းအား
Vol. 51 Ch. 702
ဟန်ကျင်းထုံ၏နှလုံးသားထဲမှ တင်းကျပ်လာမှုအား ဖြေလျှော့သည့်အနေဖြင့် တောင်းပန်စကားဆိုကာ "ကျေးဇူးပြုပြီး ငါ့ကို ပြောပါ မစ္စတာထန်…"
“ကျွန်တော် ကောင်းကောင်း သဘောပေါက်ထားပုံအရဆိုရင် ခင်ဗျားနဲ့ ရှန်းကျန်လို့ခေါ်တဲ့ ဒီဗန်ပိုင်းယားတို့ကို မတူကွဲပြားတဲ့မျိုးနွယ်တွေက အမဲလိုက်သလို လိုက်နေကြတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။"
ထန်ရှုက မေးလိုက်သည်။
"ရှန်းကျန်က ငါ့ရဲ့ ကျောင်းသားပါ။ အရမ်း ကြင်နာတတ်တဲ့ စိတ်ထားရှိပြီး ကောက်ကျစ်စဉ်းလဲမှု မရှိသလို နတ်ဆိုးတစ်ယောက်လည်း မဟုတ်ပါဘူး။ အဲ့ဒီတုန်းက သူမကို သွေးသောက်ရတဲ့ သွေးမျိုးနွယ်ဆိုတာကို မသိခဲ့ဘူး။ ကိုယ်ခံပညာမှာ ထူးချွန်သူလို့ပဲ ထင်ခဲ့တယ်။ မနေ့က သူမ အလိုက်ခံရပြီး တရုတ်ပြည်ကို ပြေးလာချိန်ကျတော့မှ သူမရဲ့ပုံရိပ်အစစ်အမှန်ကို ငါ သိလိုက်ရတာ။”ဟန်ကျင်းထုံက ပြောလာသည်။
"ဒါဆို ခင်ဗျားက သူ့ကို သွေးသောက်တဲ့ သွေးမျိုးနွယ် တစ်ယောက်လို့ သိနေတာတောင် သူ့ကို ကယ်တင်ဖို့ သတ္တိရှိနေတုန်းပဲလား။"
ထန်ရှုက စဉ်းစားတွေဝေသောအကြည့်ဖြင့် ဆက်ပြောလိုက်သည်။
"သူမ မကောင်းတာ မလုပ်သရွေ့ သူမ ဘယ်သူပဲဖြစ်နေပါစေ ငါ ကယ်တင်မှာပါ။" ဟန်ကျင်းထုံက အလေးအနက် ပြောလိုက်သည်။ "ဒါပေါ့ … အရေးကြီးဆုံးကတော့ သူမက တစ်ချိန်က ငါ့ရဲ့ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ။"
ထန်ရှု၏မျက်ဝန်းထဲတွင် အသိအမှတ်ပြုမှု တစ်ချက် ဖျတ်ကနဲ လက်သွားသည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ရှိစဉ် မတူညီကွဲပြားသော မျိုးနွယ်ပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး ထို့ကြောင့် သူ့တွင် မျိုးနွယ်ခွဲခြားသော စိတ် မရှိဘဲ ကောင်းတာလုပ်သူ သို့မဟုတ် ယုတ်ညံ့စွာ လုပ်သူဟူသည့် ခွဲခြားသောစိတ်သာ ရှိပေသည်။ သို့သော် အလွန်အားနည်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် ဟန်ကျင်းထုံတွင် ဤကဲ့သို့နားလည်မှုမျိုး ရှိသည့် လေးစားစရာ ကောင်းပေသည်။
"ဒါဆို သူမက ဘာလို့ လိုက်ဖမ်းတာ ခံနေရတာလဲ ပြောပါဦး။"
ဟန်ကျင်းထုံ ပြန်ပြောတော့မည့်ဆဲဆဲတွင် တောဝက်ဝံ၏ကြမ်းတမ်းသော အသံက အနှောင့်အယှက် ပေးလိုက်သည်။
ဤအချိန်တွင် တောဝက်ဝံ၏အကြည့်ထဲတွင် ဒေါသမီးလျှံများ ပြည့်နှက်နေပြီး သတ်ဖြတ်လိုစိတ် တောက်လောင်ကာ ထန်ရှုအား စိုက်ကြည့်နေသည်။ သူ၏မေးခွန်းအား လုံးလုံးလျားလျား လျစ်လျူရှုခံရလိမ့်မည်ဟု သူ နည်းနည်းမှ မထင်ခဲ့ချေ။ သူသည် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးဖြစ်ပြီး မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့စေသော ခွန်အားတစ်ခု ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မဟူရာကလပ်ရှိ သူ၏ရာထူးပင် ဂုဏ်ပြုခြင်း ခံထားရသူ ဖြစ်ပေသည်။
“ယီးလို အရှေ့တိုင်းသားတွေ။ ငါ မင်းကို ပြောလိုက်မယ်။ တခြားသူတွေရဲ့ကိစ္စမှာ ဝင်မပါနဲ့ မဟုတ်ရင် မင်း သေမယ်။”
နောက်ဆုံးတော့ ထန်ရှုက တောဝက်ဝံဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်ပြီဖြစ်သည်။
“ငါ့ကို ခြိမ်းခြောက်တဲ့လူတွေအတွက် ကံကြမ္မာက နှစ်မျိုးပဲ ရှိတယ်။ ပထမတစ်မျိုးက သနား ညှာတာပေးဖို့ တောင်းပန်ရတာ။ နောက်တစ်ခုကတော့ သေမင်းပဲ။ မင်း ဘာကို ရွေးချင်လဲ။"
"မင်း သူတို့အတွက် တကယ်ရပ်တည်ပေးချင်တာလား။" တောဝက်ဝံက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ဟုတ်တယ်။ ငါ သူတို့အတွက် ရပ်တည်ပေးမယ်။" ထန်ရှု အေးစက်စက် ပြုံးလိုက်သည်။
"မင်း ငါ့ကို ဘာလုပ်နိုင်မလဲ။"
“တိုက် … သူတို့ကို အသေသတ်စမ်း။”
တောဝက်ဝံက အသံပြင်းပြင်း ဟိန်းဟောက်လိုက်သည်။
တောင်ပံလူနှစ်ယောက်သည် ၎င်းတို့၏ အတောင်များကို တဖျတ်ဖျတ် ခတ်လိုက်ကာ အမှောင်လက်နက်များကို ဆွဲထုတ်ပြီး ထန်ရှုဆီသို့ ပြေးဝင်သွားချိန်တွင် ဗန်ပိုင်းယားနှင့် သားရဲတစ်ပိုင်းလူတို့သည် ကျင်းရှီနှင့် အခြားသူများဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။ စစ်ပွဲများစွာပြီးနောက် လူများကို သတ်ဖြတ်ခြင်းသည် ၎င်းတို့အတွက် လျှော်ပင်များကို ဖြတ်ခြင်းကဲ့သို့ အလားတူကာ မရေမတွက်နိုင်သော သတ်ဖြတ်မှုများအပြီး ရလဒ်အနေဖြင့် ၎င်းတို့ထံတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အော်ရာအား ဖြစ်ပေါ်စေသည်။
“သတ်…”
ထန်ရှု၏နှုတ်မှ အေးစက်သော အသံတစ်ခု ထွက်လာပြီး ကျင်းရှီနှင့် အခြားလူကိုးယောက် ချက်ချင်း လှုပ်ရှားကြသည်။ ၎င်းတို့အထဲတွင် အင်အားအကောင်းဆုံးမှာ အခြေခံတည်ဆောက်ခြင်း အဆင့်တွင် ဖြစ်သော်လည်း ၎င်းတို့သည် တိုက်ပွဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ကြသည့် သက်တမ်းရင့် တိုက်ခိုက်ရေးစွမ်းအားရှင်များဖြစ်သည်။ ထို့ထက်မက ၎င်းတို့သည် စိတ်ဝိညာဉ်လက်နက်များ၊ ဓားပျံများကို အားဖြည့်ကိုင်ဆောင်ခဲ့ကြပြီး ငွေတံဆိပ် လုပ်ကြံသတ်ဖြတ်သူ ၅ ဦးကို အသက်ရှုချိန် အနည်းငယ်အတွင်း ဖိနှိပ်ထားနိုင်ခဲ့သည်။
မိုအားဝူသည် လေထဲသို့ ပျံတက်ကာ ဓားမြှောင်ကို နောက်ပြန်ကိုင်လျက် တောဝက်ဝံဆီသို့ တစ်ဟုန်ထိုးတိုက်ခိုက်သည်။ သူ့ဘေးပတ်လည်တွင် ဓားရှည်ကို ပျံဝဲစေပြီး တောဝက်ဝံအား ကြီးစွာသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်စေသည်။
ထန်ရှုက မလှုပ်ရှားသေးဘဲ ဟန်ကျင်းထုံကို ခေါင်းငုံ့ကြည့်လိုက်ပြီး
"အကြောင်းပြချက်ကို ကျွန်တော့်ကို မပြောရသေးဘူးနော်။"
ဟန်ကျင်းထုံသည် ပြင်းထန်သော တိုက်ပွဲမြင်ကွင်းဆီမှ သူ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ရှန်းကျန် ပြောခဲ့သည့်အရာအားလုံးကို အစမှအဆုံးအထိ ရှင်းပြသည်။ စကားဆုံးခါနီး၌ သူ၏လေသံနှင့် အပြောအဆိုများတွင် ဒေါသနှင့် မုန်းတီးမှုများ ရောယှက်ပါလာပြီး
“ငါက ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ စူပါမင်းတစ်ယောက် မဟုတ်သလို ကမ္ဘာကြီး ငြိမ်းချမ်းအောင် ကာကွယ်ပေးတဲ့ ဘုရားသခင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကိုတော့ ငါ စက်ဆုပ်ရွံရှာတယ်။ ဒါက ငါ့ကျောင်းသားရဲ့ လုံခြုံရေးကို စိတ်ပူနေတာကတစ်ပိုင်း၊ ဒီလူမဆန်တဲ့ ကိစ္စအတွက်က ငါ ရပ်ကို ရပ်တည်ရမယ်။”
ထန်ရှု၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အလင်းတန်းတစ်ချက် လင်းလက်သွားသည်။ သူက ရုတ်တရက် လှည့်ကြည့်ကာ အော်လိုက်သည်။
"အားဝူ … ပြန်လာခဲ့။"
ထန်ရှု၏အမိန့်ကို ကြားသောအခါ တောဝက်ဝံကို ဓားပျံများဖြင့် တိုက်ခိုက်နေသော မိုအားဝူသည် သူ၏ပျံသန်းနေသောဓားများကို ထိန်းချုပ်ပြီး အသက်နှစ်ရှိုက်စာအတွင်း ထန်ရှု၏အရှေ့သို့ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏လက်မောင်းတွင် သွေးထွက်နေသော ဒဏ်ရာရှိနေပြီဖြစ်သော်လည်း တောဝက်ဝံ၏ ဝမ်းဗိုက်နှင့် နောက်ကျောတို့တွင်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် စုတ်ပြဲနေပြီး သွေးများထွက်နေသည်။
ထန်ရှုသည် တောဝက်ဝံကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့်
"မင်း မဟူရာကလပ်နဲ့ တကယ် ပတ်သက်နေတာလား။"
မိုအားဝူနှင့် တိုက်ခိုက်ပြီးနောက် တောဝက်ဝံ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ မွေးဖွားလာခဲ့သည်။ ထန်ရှု၏မေးခွန်းကို ကြားသောအခါတွင် သူ၏အရှိန်အဟုန်သည် ချက်ချင်း မြင့်တက်သွားပြီး
"ငါတို့တွေက မဟူရာကလပ်ကမှန်း မင်း သိနေတာတောင် ငါတို့ကို ရန်စရဲနေတာလား။ ငါတို့ရဲ့ မဟူရာကလပ်က လက်တုံ့ပြန်မှာကို မင်း မကြောက်ဘူးလား။"
ထန်ရှုက ပြန်မဖြေဘဲ လှံနက်ကို ချက်ချင်းထုတ်ကာ အရှေ့သို့ ရွေ့လျားသွားသည်။ သူ၏အမြန်နှုန်းက မိုအားဝူထက် အဆပေါင်းများစွာ ပိုမြန်သောကြောင့် တခဏချင်းပင် တောဝက်ဝံ၏အရှေ့သို့ ရောက်သွားသည်။ အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်း တစ်သောင်းကြာ နေထိုင်ခဲ့သော ထန်ရှုအတွက် လက်နက်၁၈မျိုးကို ချုပ်ကိုင်နိုင်ပြီး တစ်ပြိုင်နက်တည်း လက်နက်ပေါင်း ၁၈,၀၀၀ကိုပင် လွယ်ကူစွာ အသုံးပြုနိုင်ပေသည်။
ထန်ရှု၏စိတ်ဖြင့် ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားနေသော လှံနက်အား တောဝက်ဝံသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံဝဲနေသော အနက်ရောင်နဂါးကြီးသဖွယ် ထင်နေပြီး သူ၏ရင်ဘတ်ကို ထိုးဖောက်ကာ သူ၏နှလုံးသားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်ကိုသာ မြင်လိုက်ရပေသည်။
"ကောင်းကင်ဘုံ မြေကြီး အချုပ်အနှောင်…"
တောဝက်ဝံကို ဖုံးလွှမ်းသွားသော လှံရိပ်များ နိုးထမှုတွင် ထန်ရှုသည် ကျောက်စိမ်းအပိုင်းအစ တစ်ဒါဇင်ကျော်ကို တစ်ချိန်တည်း ထုတ်ယူခဲ့သည်။ ထို့နောက် သူ၏လက်ချောင်းများသည် အစီအရင်ပုံစံတစ်ခုကို အလျင်အမြန် ပုံဖော်ကာ ကျောက်စိမ်းအပိုင်းအစ တစ်ခုစီဖြင့် အစီအရင်၏ဆက်ထုံးငယ်တစ်ခုစီကို ဖြည့်ကာ ထိန်းချုပ်ခဲ့သည်။ ခဏအကြာတွင် သူသည် အစီအရင်ကို စီစဉ်ရန်နှင့် အသက်သွင်းရန်အတွက် သူ၏မူလဖရိုဖရဲစွမ်းအားကို ထုတ်လွှတ်ပြီး တောဝက်ဝံအား "ကောင်းကင်ဘုံ မြေကြီး အချုပ်အနှောင်" အတွင်း အကျဉ်းချထားလိုက်သည်။
"မင်းတို့အားလုံး နောက်ဆုတ်။"
ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ စုတ်ပြတ်သတ်နေသော တောဝက်ဝံကို ထန်ရှုက အာရုံမစိုက်တော့ပေ။ သူ၏ပုံရိပ်သည် လျှပ်စီးတန်းအလား တစ်ဟုန်ထိုး ပြေးသွားကာ တောင်ပံလူနှစ်ယောက်၏ တောင်ပံများကို လှံဖြင့် ဝှေ့ယမ်းတိုက်ခိုက်ပြီးနောက် တစ်ဦးတည်းသော ဗန်ပိုင်းယားကောင်ဆီသို့ လှံကို ပစ်လွှတ်လိုက်သည်။ အခြားသားရဲတစ်ပိုင်းလူနှစ်ဦးသည်လည်း ထန်ရှု၏တိုက်ခိုက်မှုကို ခံရပြီး စက္ကန့်အနည်းငယ်အတွင်း သွေးများ အကြိမ်ကြိမ် အန်ခဲ့ရကာ နောက်ဆုံးတွင် ထန်ရှုသည် ထိုသူတို့အား ကောင်းကင်ဘုံ မြေကြီး အချုပ်အနှောင်ထဲသို့ ကန်သွင်းလိုက်သည်။
"ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ခွန်အားလဲ။"
ထန်ရှုကို ကြည့်ရင်း ဟန်ကျင်းထုံ၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သောအမူအရာတစ်ခု ပေါ်လာသည်။ ထန်ရှုတွင် အလွန်ကြောက်စရာကောင်းသော ခွန်အား ရှိသည်ကို သူ သိထားပြီးဖြစ်သော်လည်း ဤမျှလောက်ထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ တစ်ခုသိရမည်မှာ သူသည် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။ ချီသန့်စင်ရေးအဆင့်တွင် သိုင်းပညာရှင် ၁၀၀သည် သူ၏ပြိုင်ဖက်များ လုံးဝ မဖြစ်နိုင်ပေ။ သို့သော်လည်း သူသည် ရွှေတံဆိပ်လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်သော တောဝက်ဝံကို မဆိုထားနှင့် ငွေတံဆိပ် လုပ်ကြံသတ်ဖြတ်သူတစ်ဦးကိုပင် အနိုင်မယူနိုင်ခဲ့ပေ။
သို့သော်လည်း တောဝက်ဝံကဲ့သို့ ကြောက်စရာ ကောင်းသော စွမ်းအားကြီးသူပင် ထန်ရှု၏ ထိုးနှက်ချက်တစ်ချက်အား မခံနိုင်ပေရာ ထန်ရှု မည်မျှ သန်မာလိုက်ပါသနည်း။
သူ့အနားတွင် ရှိနေသည့် ရှန်းကျန်သည်လည်း ထန်ရှု ပြသသွားသော မဖိနှိပ်နိုင်သည့် ခွန်အားကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သွေးမျိုးနွယ်စု၏ အပြင်းထန်ဆုံး ခွန်အားပိုင်ရှင် စတိဗ်ကိန်းအား သူမ တွေ့လိုက်ရသည့်အလားပင်။ သူမ၏စိတ်ထဲတွင် မင်းသားအဆင့် ရှိသော သခင်စတိဗ်ကိန်းသာ ထန်ရှုနှင့် နှိုင်းယှဉ်နိုင်ပေမည်။
သို့သော် သူမကို အံ့သြတုန်လှုပ်သွားစေသည့်နည်းတူ တစ်ချိန်တည်းမှာပင် ကျေနပ်ဝမ်းသာစိတ်လည်း ဖြစ်ပေါ်လာသည်။ ထန်ရှု ပိုမိုသန်မာလေလေ သူမနှင့် ပရော်ဖက်ဆာသည် ပိုမိုလုံခြုံလေလေ ဖြစ်သည်။ ယခုအချိန်တွင် သူမ၏အရှေ့ မှ ကြောက်မက်ဖွယ်ကောင်းသည့် သခင်သည် ပါမောက္ခ၏ အသိအကျွမ်းဖြစ်သည်ကို သူမ သိထားပြီးဖြစ်သည်။
“စိတ်ဝိညာဉ်ဖမ်းသူကြီး၏ကျေးဇူးတော်အား ချီးမွမ်းပါတယ်။ ကျွန်မတို့ကို ကယ်တင်ရှင် စေလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ရှန်းကျန်သည် သွေးမျိုးနွယ်စု၏အမြင့်ဆုံးသော ကျင့်ဝတ်ကို အရိုအသေ ပေးလိုက်သည်။
ထန်ရှုသည် တောင်ပံလူနှစ်ယောက်ကို တရွတ်တိုက်ဆွဲယူကာ အမှိုက်သဖွယ် ကောင်းကင်ဘုံ မြေကြီး အချုပ်အနှောင်ထဲသို့ ပစ်ထည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော လုပ်ကြံသူများအား စိုးစဉ်းမျှပင် သူ သနားခြင်း မရှိချေ။
တောဝက်ဝံသည် သူ့ရင်ဘတ်ကို ဖိထားရင်း စိတ်ပျက်နေသော အရိပ်အယောင်များသည် သူ့မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။ ငယ်ရွယ်သော သာမန်လူသားတစ်ယောက်သည် သည်လောက်ထိ ကြောက်စရာကောင်းသော ခွန်အားကို မပိုင်ဆိုင်နိုင်လောက်ဟု ထန်ရှု၏ခွန်အားကို သူ မှန်းဆခဲ့သည်။ ထိုအကြောင်းကြောင့်ပင် သူ လှုပ်ရှားဝံ့ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထန်ရှု၏ခွန်အားအပေါ် သူ၏ ခန့်မှန်းချက်သည် ဆိုးဆိုးရွားရွား မှားယွင်းခဲ့ပြီး နောက်ဆုံးတွင် ဤကဲ့သို့ ဆိုးရွားစွာ အဆုံးသတ်ခဲ့ရသည်။ နို့မဟုတ်ပါက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေဖြင့် သူ့လူငါးယောက်ကို ဆွဲခေါ်ကာ လွတ်မြောက်အောင် ပြေးသွားပေလိမ့်မည်။
ထန်ရှုက လေထဲသို့ ခြေတစ်ချက် ဆောင့်နင်းကာ တက်လိုက်ပြီး ဟန်ကျင်းထုံကို ကြည့်လိုက်ကာ
"သူတို့ကို ခင်ဗျားလက်ထဲ အပ်ရင် ခင်ဗျား ဘယ်လို လုပ်မယ်စိတ်ကူးလဲ။"
"ငါ သူတို့ကို သတ်ပစ်မယ်။ ဒီလိုလုပ်တာက မရေမတွက်နိုင်တဲ့လူတွေကို သူတို့လက်ထဲကနေ ကယ်တင်နိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပဲ။” ဟန်ကျင်းထုံ၏မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
ထန်ရှု ခေါင်းညိတ်တုန့်ပြန်လိုက်သည်။ သူ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး တခဏချင်းတွင် မီးတောက်သည် ကောင်းကင်ဘုံ မြေကြီး အချုပ်အနှောင်အစီအရင် တစ်ဝိုက်ရှိ ဧရိယာကို ဝိုင်းရံထားကာ အတွင်းမှ လုပ်ကြံသူခြောက်ဦးကို မီးမြှိုက်နေချေပြီ။
"မင်း လူယုတ်မာကောင် … ငါတို့ကို လွယ်လွယ် ပေးသေလိုက်။”
တောဝက်ဝံသည် မိနစ်အနည်းငယ်မျှသာ သည်းခံနိုင်ခဲ့သည်။ ဤကဲ့သို့ ပြင်းထန်သော အပူဒဏ်ဖြင့် လောင်ကျွမ်းရခြင်းသည် သူ့အား နောက်ဆုံးတွင် ဒေါသတကြီး အော်ဟစ်စေတော့သည်။
ထန်ရှုက သူ့ကို လျစ်လျူရှုထားဆဲဖြစ်ပြီး ဟန်ကျင်းထုံကို လှည့်ကြည့်ကာ
"သူတို့ကို သတ်လိုက်တာ လွယ်လွန်းတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ကို အဆုံးမရှိ နာကျင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ မြည်းစမ်းကြည့်စေတာက ပိုကောင်းတာပေါ့။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ပြိုလဲသွားတဲ့အချိန်ကျရင် သူတို့ကို သတ်နိုင်ပါသေးတယ်။”
ထိုစကားကို ပြောပြီးနောက် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ တောက်လောင်နေသော မီးတောက်သည် အရိပ်အယောင်မရှိဘဲ ချက်ခြင်းပျောက်ကွယ်သွားကာ အရိုးကိုက်အောင် အေးစက်နေသော ရေစီးကြောင်းဖြင့် အစားထိုးလာသည်။ မရေမတွက်နိုင်သော ငွေရောင်ရေခဲအပ်များသည် ကောင်းကင်ဘုံ မြေကြီး အချုပ်အနှောင်အတွင်းသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်သည်။ ပြင်းထန်သောအပူနှင့် အေးစက်နေသောနှင်းခဲများသည် တောဝက်ဝံနှင့်အတူ ပြင်းထန်စွာဒဏ်ရာရရှိထားသော အခြားငွေတံဆိပ် လုပ်ကြံသတ်ဖြတ်သူငါးဦးတို့အား ရူးသွပ်သွားစေမည့် နာကျင်မှုကို ခံစားရစေသည်။ သို့သော် ထိုသူတို့သည် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်သည့်အားလျော်စွာ ခံနိုင်ရည်ရှိနေကြဆဲဖြစ်သည်။
ဟန်ကျင်းထုံသည် သူ့မျက်လုံးရှေ့ မှ မြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်သွားသည်။ အိပ်မက်တစ်ခုထဲ သူ ရောက်နေသည့်အလား ခံစားနေရသည်။ သည်ကဲ့သို့သော မြင်ကွင်းမျိုးကို ရှန်းရှရုပ်ရှင်တွေမှာသာ သူ မြင်ဖူးခဲ့သော်လည်း ယခု သူ့အရှေ့တွင် မျက်ဝါးထင်ထင် ပေါ်လာခဲ့ပြီဖြစ်သည်။ ထိုသို့ မြင်လိုက်ရသည့်အတွက် သူ၏ရင်ခုန်သံများ တဟုန်ထိုး မြင့်တက်လာတော့သည်။
သည်ဟာသည် အံ့သြထိတ်လန့်စရာ ဖြစ်သည်။ ဘယ်တော့မှ ပုံတူကူးမရနိုင်သည့် အံ့သြထိတ်လန့်စရာ ဖြစ်သည်။
တစ်ချိန်က သူသည် နတ်ဘုရားများသာ စွမ်းဆောင်နိုင်သော လျှို့ဝှက်အတတ်ပညာမျိုးစုံကို ပြသနိုင်ပြီး တစ်နေ့တွင် အလွန်ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။ ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ပြီးနောက်တွင် သူသည် အလွန်ကြောက်စရာ ကောင်းသော ခွန်အား ရှိနေသည်ဟု ခံစားမိခဲ့ပြီး ကောင်းကင်အောက်တွင် မည်သူမျှ သူ့ထက် သန်မာနိုင်မည်မဟုတ်ကြောင်း သူထင်ခဲ့သည်။
သို့သော် ထန်ရှုနှင့် သိခဲ့ရသည့်အပြင် ပြီးခဲ့သော နှစ်ရက်လောက်က လိုက်လံဖမ်းဆီးခြင်း ခံရပြီးနောက်တွင် သူသည် ရေတွင်းအောက်ခြေကနေ ကောင်းကင်ကို ကြည့်နေသည့် ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း နောက်ဆုံးတော့ သိလိုက်ရပြီဖြစ်သည်။ ထန်ရှုသည် ကောင်းကင်ဘုံက အစစ်အမှန်အရာနှင့် တူနေချိန်တွင် သူ၏အမြင်မှာမူ တိမ်မြုပ်ပြီး သေးငယ်လွန်းသည်။
“တကယ်လို့ …လျှို့ဝှက်ပညာကို သင်ယူပြီး သန်မာလာခဲ့မယ်ဆိုရင်…”
သူ၏ရင်တွင်းထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် ထန်ရှုသည် နာကျင်စွာ ခံစားနေရသော လုပ်ကြံသတ်ဖြတ်သူခြောက်ဦးကို ကြည့်ကာ သူ၏ချောမောသောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး
"ကောင်းပြီ။ ငါ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးမယ်။ ဒါပေမယ့် မင်းတို့ ငါ့ကို တစ်ခုခုတော့ ပြောရမယ်။ ငါ့ကို သနားပေးဖို့ တောင်းပန်ရင် ငါ လွှတ်ပေးလိုက်မယ်။ ဆိုတော့ ဘယ်လိုလဲ။ မင်းတို့ အဲ့ဒါကို လိုချင်သလား။"
***