← Chapters

ကတိတစ်ခု ပေးပြီး အောင်မြင်သောအခါ ငြင်းဆိုခြင်း

Vol. 51 Ch. 703

ကတိတစ်ခု ပေးပြီး အောင်မြင်သောအခါ ငြင်းဆိုခြင်း

Vol. 51 Ch. 703

တောဝက်ဝံသည် မသေသေးချေ။ သူ့တွင် ရှိသော အသက်သလင်းအမြုတေသည် နဂိုအတိုင်း ရှိနေသောကြောင့် သူ၏နှလုံးသား ပေါက်ကွဲသွားသော်လည်း သန်မာဆဲဖြစ်သည်။ သို့သော် အမြုတေအတွင်းရှိ အမှောင်စွမ်းအင်ကို အလွန်လျင်မြန်စွာ သုံးစွဲနေရပြီး ထိုအမှောင်စွမ်းအင် လုံးလုံးလျားလျား ကုန်ဆုံးသွားသည့်အချိန်တွင် သေခြင်းတရားသည် သူ့အား စောင့်ကြိုနေပေလိမ့်မည်။

မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုများကြားတွင် နောင်တတရားသည် သူ့ရင်တွင်း၌ ပေါက်ဖွားလာတော့သည်။

မူလက သူသည် ရှင်းကျန်ကို လိုက်လံရှာဖွေသည့် စစ်ဆင်ရေးမစ်ရှင် ရရှိစေရန်အတွက် သူ၏ချိတ်ဆက်မှုများကို အသုံးပြုပြီး မဟူရာကလပ်မှ အရေးပါသောပုဂ္ဂိုလ်တစ်ဦးအား စေ့စပ်ညှိနှိုင်းခဲ့သည်။ မစ်ရှင်ပြီးပါက သူ ရရှိနိုင်မည့် ဆုလာဘ်များက အလွန် ကောင်းမွန်မည်မှာ သေချာသလောက်ပင် …။ ယခုမူကား သူ့ကို ခေါ်ဆောင်မည့်သေခြင်းတရားကို စောင့်ဆိုင်းနေရပြီး နောင်တကြီးစွာသာ ရနေရပေသည်။

ဝေးကွာလှပြီး လျှို့ဝှက်ဆန်းကြယ်သော ဤအရှေ့တိုင်းနိုင်ငံ၌ ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားရှိသော လူအချို့ရှိနေကြောင်း တရုတ်နိုင်ငံသို့ မလာမီက မဟူရာကလပ်ရှိ အရေးကြီးသော ပုဂ္ဂိုလ်ထံမှ သူ ကြားသိခဲ့ရသည်။ သို့သော် သူသည် ထိုစကားကို သဘောမတူသလို အလေးအနက်လည်း မထားခဲ့ပေ။ ယခုမှပင် ထိုပုဂ္ဂိုလ်ပြောသမျှ အမှန်ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့ရပေသည်။

"မင်း ဘာသိချင်တာလဲ။" တောဝက်ဝံ၏ယခုလေသံသည် ဟိန်းဟောက်ခြင်း မဟုတ်တော့ဘဲ အားနည်းသော မေးမြန်းမှုတစ်ခုသာ ဖြစ်ချေသည်။

"မင်းရဲ့ခွန်အားအရဆိုရင် မဟူရာကလပ်မှာ မင်းရဲ့ အဆင့်အတန်းက အတော်မြင့်တယ်ထင်တယ်။ မဟူရာကလပ်မှာရှိတဲ့ သတင်းအချက်အလက်တွေ ငါ့ကို ပြောပြစေချင်တယ်။ မင်းရဲ့အချက်အလက်တွေက ငါ လွှတ်ထားတဲ့ ငါ့လူတွေရဲ့စုံစမ်းမှုတွေနဲ့ ကိုက်ညီတယ်ဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးနိုင်တယ်။ နို့မဟုတ်ရင် မင်းကို ငါ ချက်ချင်း ထူးထူးခြားခြား နည်းလမ်းတွေနဲ့ နှိပ်စက်ဖမ်းချုပ်ထားမယ်ဆိုတာ မင်း သိထားလိုက်၊ ပြီးတော့ အသေခက် အရှင်ခက်စေမယ့် ဝေဒနာကို နေ့ရောညပါ ခံစားဖို့ပါ မင်း မျှော်လင့်ထားလို့ရတယ်။ အသက်ရှင်ရတာ ပင်ပန်းလိုက်တာဆိုပြီး ဖြစ်လာရစေ့မယ်။"

"ငါ ပြောပြမယ်။ ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ သခင်။”

ညှာတာပေးရန် တောင်းဆိုလာသော ပထမဆုံးသူမှာ တောဝက်ဝံ မဟုတ်ဘဲ သားရဲတစ်ပိုင်းလူဖြစ်သည်။ ဤအချိန်တွင် သူသည် အလွန်မခံစားနိုင်တော့ပြီဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုကြောင့် ခံစားရသော ဝေဒနာသည် သူ၏အားနည်းနေပြီဖြစ်သော စိတ်ဆန္ဒကို ဖုံးလွှမ်းသွားကာ နောက်ဆုံးတွင် သူ၏အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။

တောဝက်ဝံသည် ထိုသူ့အား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ချက်ချင်းပင် ဖုံးကွယ်ကာ

“ငါ ကတိပေးတယ်။”

ထန်ရှုက လက်ခုပ်တီးပြီး အပြုံးဖြင့်

“ကောင်းတယ်။ အခြေအနေကို သိတဲ့သူက ပညာရှိပဲ။ မင်းက ဒီအခွင့်အရေးကို တန်ဖိုးထား ရွေးချယ်ခဲ့တာ ဖြစ်လို့ မင်း ငါ့ကို ပြောမယ့်အကြောင်းအရာတွေက မှန်လား၊ မှားလားဆိုတာကို လူတချို့က ငါ့ကို ပြောပြလိမ့်မယ်။"

ထိုစကားပြောပြီးနောက် ထန်ရှုသည် လေထဲမှ ရေကန်ဘေးသို့ ဆင်းသက်လာပြီး ကြီးမားသော ဖုန်းရွှေအစီအရင်တစ်ခု ခင်းကျင်းရန် ကျောက်စိမ်းပိုင်းများကို ချက်ချင်း ထုတ်ယူလိုက်သည်။ အသံလုံအစီအရင်ခြောက်ခုကို ခင်းကျင်းပြီးနောက် သူသည် ကောင်းကင်ဘုံ အချုပ်အနှောင်ကို ချက်ချင်း ဖယ်ရှားပြီး လုပ်ကြံသတ်ဖြတ်သူ ခြောက်ဦးအား ထိုအသံလုံအစီအရင်များအတွင်း သီးခြားစီ ထည့်ထားခဲ့သည်။

"ငါ မင်းတို့ကို အထဲမှာ ခွဲချုပ်ပြီး ထိန်းသိမ်းလိုက်ပြီမို့ အဲ့ဒါကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး ငါက  အသံလုံအစီအရင်ကို ခင်းကျင်းထားတယ်။ မင်းတို့ပြောတဲ့စကားတွေကို အပြင်က ဘယ်သူမျှ မကြားနိုင်ဘူး။ ငါ့လူတွေ စုံစမ်းပြီး ပေးပို့ထားတဲ့ အလားတူ အချက်အလက်ကိုပဲ ငါ မေးမယ်။ မင်းတို့ ငါ့ကို ပေးတဲ့အဖြေက အဲ့ဒီအချက်တွေနဲ့ မတူဘူးဆိုရင် မင်းတို့တွေ အသေဆိုးနဲ့ သေရလိမ့်မယ်ဆိုတာ သေချာပေါက် သိထားပါ။ ဒါပေမယ့် ငါ့လူတွေ မတွေ့ခဲ့တဲ့ လျှို့ဝှက်ချက်တချို့ကို ပြောပြရင်တော့ မင်းတို့ကို ငါ မသတ်ရုံတင်မကဘူး … အကျိုးကျေးဇူးတွေလည်း ပေးဦးမယ်။ အဲ့ဒါတွေသာ ရသွားရင် မင်းတို့မဟူရာကလပ်ကနေ ထွက်သွားနိုင်မှာ သေချာတယ်။" ထန်ရှုက အစီအရင်ခြောက်ခု၏ အလယ်တွင် ရပ်ကာ ပြုံးလျက် ပြောသည်။

တောဝက်ဝံက ထန်ရှုကို နည်းနည်းလေးမှ မယုံပေ။ အခြားအစီအရင်များရှိ သူ၏တွဲဖက်ရဲဘော်များ၏ အမည်ကို ကြိုးစားခေါ်ဆိုသော်လည်း မည်သူမှ အကြောင်းပြန်ခြင်းမရှိပေ။ အခြေအနေသည် သည်အထိ ရောက်သွားပြီဖြစ်သောကြောင့် သူသာ အချက်အလက်များကို ဂရုမစိုက်ဘဲ ဖန်တီးမိပါက အလိမ်ပေါ်သွားနိုင်သည့်အတွက် ရှင်းရှင်းလင်းလင်း တွေးရန် လိုအပ်ပေသည်။

လောင်တောင်ထိပ်ပေါ်တွင်…

ကျိမုသည် ကျောက်ဆောင်များကြားတွင် လဲလျောင်းရင်း ကီလိုမီတာအနည်းငယ် ကွာဝေးသော အရပ်တွင်ရှိသော ချိုင့်ဝှမ်းထဲမှ မြင်ကွင်းအား မှန်ပြောင်းဖြင့် ကြည့်ရှုနေသည်။ ကံကောင်းသည်ဖြစ်စေ မဖြစ်စေ ဤလောကတွင် ဒဏ္ဍာရီလာ ကောင်းကင်ဘုံသားနှင့် နတ်ဆိုးများကဲ့သို့သော သတ္တဝါများ အမှန်တကယ် ရှိနေကြောင်းကို သူ တွေ့မြင်ခဲ့ရလိမ့်မည်ဟု သူ မထင်ထားမိကြောင်း ကျိန်ဆိုဝံ့ပေသည်။

သူ့အတွက် မယုံနိုင်ဆုံးအရာမှာ ထိုလူအုပ်စုကြားတွင် သူ သိသော အသိမိတ်ဆွေတစ်ဦးကို မမျှော်လင့်ဘဲ တွေ့လိုက်ရခြင်းဖြစ်သည်။ သူ ကြောက်ရွံ့ထိတ်လန့်ရသူတစ်ယောက်ဖြစ်သော ... ထန်ရှု…။

“အစ်ကိုမု … မင်း မှန်ပြောင်းကို သုံးနေတာ နှစ်နာရီနီးပါး ရှိပြီ။ ငါ့အလှည့်ရောက်နေပြီမဟုတ်လား" ကျိမူ၏ဘေးတွင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး လူရွယ်တစ်ဦးက ညည်းညည်းညူညူ ပြောလိုက်ခြင်းဖြစ်သည်။ ထိုလူရွယ်၏ပုံစံသည် ငြီးငွေ့နေဟန် ရှိသည်။  အောက်တွင် ဖြစ်ပွားနေသော မြင်ကွင်းအား အစအဆုံး သူ မမြင်လိုက်သောကြောင့် ထိုနက်မှောင်သော တောင်ကြားချိုင့်ကို ဆက်လက်စောင့်ကြည့်နေသည့် ကျိမု၏အပြုအမူအား ထူးဆန်းသည်ဟု သူ ခံစားမိသည်။

"မင်းကို ငါပြောခဲ့တာကို မေ့သွားပြီလား။" ကျိမုက တီးတိုး ပြောလိုက်သည်။

“ငါ့ခွင့်ပြုချက်မရှိဘဲ စကားမပြောနဲ့။ ဒီညကြည့်မှန်ပြောင်းတွေက အရမ်းအဖိုးတန်လွန်းလို့ မင်း ချိုးမိသွားရင် ဒုက္ခတွေ့လိမ့်မယ်။ ငြိမ်ငြိမ်လေးနေပြီး ပါးစပ်ပိတ်ထားပါ။ ငါတို့ ဒီမှာ ခဏစောင့်နေပြီးမှ ထွက်သွားမယ်။"

ပိန်ပိန်ပါးပါး လူရွယ်သည် သူ့အား မျက်လုံးပြူးပြကာ အသံတိုးတိုးဖြင့် ပွစိပွစိ ပြောနေသည်။ ထို့နောက် သူသည် စိတ်ပျက်သော အမူအရာဖြင့် လှည့်သွားကာ အနက်ရောင် ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူ၏ ပူပန်နေရသောအရာများအကြောင်းကို တိတ်ဆိတ်စွာ တွေးနေမိသည်။

မိုးကုပ်စက်ဝိုင်းတွင် ဝလေီဝလေင်းအလင်းတစ်ခု ပေါ်လာသည်နှင့် ကျိမု၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ပိန်ပိန်ပါးပါး လူရွယ်ကို နှိုးလိုက်ပြီး

“ဒီနေရာက ထွက်သွားပြီး ငါတို့ကားကို ပတ်လမ်းဆီ မောင်းကြရအောင်။ ဒါပေမယ့် မှတ်ထားပါ … မင်း ငါနဲ့ ဒီည ဒီနေရာကို ဘယ်တုန်းကမှ မလိုက်လာခဲ့ဘူး။ ငါလည်း ငါ့အိမ်မှာပဲ အိပ်တယ်။"

ပိန်ပိန်ပါးပါး လူရွယ်သည် သူ့အား ထိတ်လန့်စွာ ကြည့်ကာ

“အစ်ကိုမု … မင်း ဘာဖြစ်သွားတာလဲ။ မင်း ပြုစားတာများ ခံရတာလား … ဘာလား…။ ငါတို့ သိသိသာသာ…”

"ငါ့ကို ကတိပေးနိုင်မလား။ ငါ မင်းကို ဘမ်ဘဲလ်ဘီး ပြိုင်ကားတစ်စီး ပေးမယ်။” ကျိမုက လေသံခပ်တင်းတင်းဖြင့် ပြောလိုက်သည်။

လူရွယ်၏မျက်နှာသည် ပျက်သွားကာ မသိစိတ်ဖြင့် ချိုင့်ကို လှည့်ကြည့်မိသော်လည်း ဘာမှ မမြင်ရပေ။ ထို့နောက် သူက ခေါင်းညိတ်ပြီး

“ကောင်းပြီ။ ငါလည်း ဒီည အိမ်မှာ အိပ်နေပြီး တံခါးအပြင်ကိုတောင် လုံးဝမထွက်ဘူး။ အိုခေ အစ်ကိုမု … ငါ မင်းကို ကတိပေးတယ်။"

“သေချာစေနော်…”

ကျိမုသည် မီတာအနည်းငယ် လျှောဆင်းလိုက်ပြီးမှ မြေပြင်မှ ထကာ ထိုပိန်ပိန်ပါးပါး လူရွယ်နှင့်အတူ တောင်၏အခြားတစ်ဖက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တောင်ချိုင့်ဝှမ်း၏ရေကန်ဘေးတွင်…

ထန်ရှုသည် စစ်ဆေးမေးမြန်းမှုအပြီး ရလာသော သတင်းအချက်အလက်များကို ကြည့်ပြီး သူ၏ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ညသန်းခေါင်တွင် စစ်မေးပြီးနောက် သူသည် မဟူရာကလပ်အကြောင်း များစွာကို သိရှိနေပြီဖြစ်သည်။ အရေးအကြီးဆုံး သိလာရသော အချက်မှာ မဟူရာကလပ်အား လူသားများချည်းဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ကြောင်း သိရသည်။ ထိုနေရာတွင် လုပ်ပိုင်ခွင့်၊ အာဏာနှင့် အင်အားကို ကိုင်ဆောင်ထားသူမှာ သားရဲတစ်ပိုင်းလူများ၏ မြေခွေးကလန်မှ အန်းဂတ်စ်ဟုခေါ်သော တစ်စုံတစ်ဦးဖြစ်ပြီး မဟူရာကလပ်၏ ပထမ ခွန်အားပိုင်ရှင်အဖြစ်လည်း လူသိများသူဖြစ်သည်။

မဟူရာကလပ်သည် အင်အားစုများ ရောယှက်နေသော နေရာတစ်ခုပင် ဖြစ်တော့သည်။ အင်အားစုများနှင့် မျိုးနွယ်စုအများအပြားကို ထိန်းချုပ်ထားသည့် အန်းဂတ်စ်လက်အောက်တွင် သြဇာကြီးမားသော ပုဂ္ဂိုလ်ရှစ်ဦးရှိပြီး ထိုအင်အားစုများနှင့် မိသားစုများကိုလည်း ရာထူးအလိုက် ခွဲခြားထားသည်။

ထို့အပြင် ဤအမှောင်လောက အင်အားစုများအပြင် နောက်ထပ်အဖွဲ့ခွဲတစ်ခုဖြစ်သည့် ဥရောပတွင် တည်ရှိသော ရောင်ပြန်ရဲတိုက်၏အခြေအနေကိုလည်း သူ သိရှိခဲ့သည်။ ဤအင်အားစုသည် အမှောင်လောက သတ္တဝါများကို သုတ်သင်ရန် ရည်စူးထားသော အဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့ခွဲသည် ကမ္ဘာပေါ်တွင် ဒုတိယသြဇာအာဏာ အကြီးဆုံး အဖွဲ့အစည်းဖြစ်သော ပေါင်းကူးခရူးဆိတ် မဟာမိတ်အသင်း၏အဖွဲ့ခွဲဖြစ်ပြီး လွန်စွာ စွမ်းအားကြီးမားသည်။

"ငါတို့ကို လွှတ်တော့…"

အစီအရင်အတွင်းရှိ တောဝက်ဝံက အော်လိုက်သည်။

ထန်ရှုက မိုအားဝူကို ခေါင်းညိတ်ပြလိုက်သည်။ သူသည် အစီအရင်ခြောက်ခုလုံးကို ဖြုတ်ပေးလိုက်ချိန်တွင် မိုအားဝူနှင့်အခြားထာဝရခန်းမမှ လူငါးဦးတို့သည် လျှပ်စီးလက်သလို လှုပ်ရှားလိုက်ကြပြီး တောဝက်ဝံတို့ လုပ်ကြံသတ်ဖြတ်သူခြောက်ဦးကို တန်းသတ်လိုက်ကြသည်။

အနီးနားမှ ရှန်းကျန်သည် မိုအားဝူတို့ ခြောက်ယောက်အဖွဲ့၏ သတ်ဖြတ်နေသော မြင်ကွင်းများကို ကြည့်ရှုနေရင်း ပါးစပ်အာစေးမိကာ ကြက်သေ သေနေခဲ့သည်။ ထန်ရှုသည် ထိုအလောင်းခြောက်လောင်းကို သူ၏လက်စွပ်တွင် သိမ်းဆည်းပြီးနောက်မှသာ သူမသည် အိပ်မက်မှ နိုးလာပုံရပြီး ကြောက်ရွံ့ထိတ်လန့်သောအမူအရာဖြင့် ဟန်ကျင်းထုံအား မှီထားကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။

“ပါ - ပါမောက္ခ … သူက တောဝက်ဝံနဲ့ တခြားသူတွေကို အသက်ချမ်းသာပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ သူ ဘာလို့ သူ့စကားကို ပြန်ရုတ်သိမ်းပြီး သူတို့ကို သတ်လိုက်တာလဲ။”

သူ၏ထက်ရှသော အကြားအာရုံဖြင့် ထန်ရှုသည် ဟန်ကျင်းထုံ၏အဖြေကို စောင့်မနေခဲ့ပေ။ သူက လှည့်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

“ငါပြောတာက သိပ်ရှင်းပါတယ်။ ငါ သူတို့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပါတယ် … ဒါပေမယ့် ငါ့လူတွေက မသတ်ဘူးလို့တော့ ငါ ကတိမပေးခဲ့ဘူးနော်။ ဒီလူယုတ်မာတွေကို မင်းက သနားနေတာလား။"

"ဟင့်အင်း … မဟုတ်ဘူး … မဟုတ်ဘူး။ ငါ သူတို့ကို မသနားပါဘူး။ သူတို့ကို ငါကိုယ်တိုင် သတ်ဖို့တောင် ဆန္ဒရှိခဲ့တာပါ။ ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာထန်။ ဆော့လ်စ်ဘတ်မြို့မှာ ရှိတဲ့ ငါ့အစ်ကိုကြီးကို ဒီနေ့ ငါရခဲ့တဲ့ ခါးသီးတဲ့ အတွေ့အကြုံကို ပြောပြမယ်။ ငါ့အစ်ကိုကြီးလည်း မင်းကို ကျေးဇူးတင်လိမ့်မယ်လို့ထင်ပါတယ်။" ရှန်းကျန်က ပြောလိုက်သည်။

အလွန်အမင်း စိတ်ဝင်စားသော အကြည့်တို့ဖြင့် ထန်ရှုက မေးလိုက်သည်။

"အခု မင်းက ဒီလိုပြောတော့ မင်းရဲ့အစ်ကိုကြီးက ငါ့ကို ဘယ်လိုကျေးဇူးတင်မှာလဲ။ နှုတ်ဖျားလေးနဲ့ ကျေးဇူးတင်မှာလား ဒါမှမဟုတ် ငါ့ကို လက်ဆောင်ပေးမှာလား။”

“အဲ့ဒါက…” ရှန်းကျန်က ပြောစရာစကားမဲ့သွားသည်။

ထန်ရှုက ခေါင်းယမ်းလိုက်ပြီး ဟန်ကျင်းထုံဆီ အကြည့်ရောက်သွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ခင်ဗျားဆီမှာ တင်နေတဲ့ အကြွေးကို ကျွန်တော် ပြန်ဆပ်လိုက်ပြီနော်။ ဒါကြောင့် အခုချိန်ကစပြီး ကျွန်တော်တို့ အချင်းချင်း အကြွေးမတင်တော့ဘူး။”

“မဟုတ်ဘူး။ အသက်ကယ်ပေးတဲ့ ကျေးဇူးက မိုးကောင်းကင်ထက်တောင် ပိုပြီးကြီးပါတယ်။ ဒါက ငါ ဟန်ကျင်းထုံရဲ့ နှလုံးသားထဲမှာ အမြဲတမ်း အမှတ်ရနေမယ့် ကြင်နာမှုမျိုးပါ။ အနာဂတ်မှာ မင်း ငါ့ကို လိုအပ်ရင် အချိန်မရွေး ငါ့ဆီ ဖုန်းဆက်ပါ။" ဟန်ကျင်းထုံက ခေါင်းယမ်းကာ ပြောလိုက်သည်။

ထန်ရှုက ပြုံးလိုက်ပြီး

“ဒါနဲ့ သူမက တရုတ်ပြည်မှာ မနေနိုင်လောက်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားချင်ရင် သူမကို အပြင်ထုတ်နိုင်တဲ့ နည်းလမ်းကို စဉ်းစားပြီး အဲ့ဒါကို မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်။ ပြည်နယ်ရဲ့ အထူးဌာနက လူတချို့တွေ ရှန်ဟိုင်းကို အပြေးအလွှား ရောက်လာဖို့က အချိန်သိပ်ယူရမယ် မထင်ဘူး။”

ဟန်ကျင်းထုံ တွေကနဲ ဖြစ်သွားပြီးနောက် ချက်ချင်းပင် ကျေးဇူးတင်သောအမူအရာဖြင့်

"ငါ အဲ့ဒါကို စိတ်ထဲ မှတ်ထားပြီး မြန်မြန် ဖြေရှင်းလိုက်ပါ့မယ်"

ထန်ရှုက စကားထပ်မပြောတော့ဘဲ မိုအားဝူနှင့် တခြားသူများကို ဦးဆောင်ကာ လျင်မြန်စွာ ထွက်သွားတော့သည်။ ယနေ့ည လာရသည့် သူ၏ရည်ရွယ်ချက် အောင်မြင်ခဲ့ပြီဖြစ်ပြီး ဤ သားရဲတစ်ပိုင်းလူ၊ ဗန်ပိုင်းယားနှင့် တောင်ပံလူတို့၏ အလောင်းများကို လေ့လာရန် ရည်မှန်းထားသည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ရှိစဉ် နတ်ဆိုးအကျင့် ကျင့်ကြံသူအများစုသည် အမျိုးမျိုးသော မျိုးနွယ်စုများ၏ ခန္ဓာကိုယ်များကို ဆေးဝါးအဖြစ် အသုံးပြုကြပြီး အချို့က  သက်ရှိနမူနာများအဖြစ်ပင် အသုံးပြုခဲ့ကြသည်။ ထန်ရှုကိုယ်တိုင်က နတ်ဆိုးအကျင့် ကျင့်ကြံသူ မဟုတ်သော်လည်း သူ၏ကောင်းကင်ဘုံ စကြာဝဠာကျင့်ကြံနည်းစနစ်သည် နတ်ဆိုးနယ်ပယ်၏ အကောင်းဆုံး ကျင့်ကြံနည်းစနစ် ဖြစ်နေသည်။

အမှန်တကယ်တွင် အင်မော်တယ်နှင့် နတ်ဆိုးကျင့်ကြံသူများ၏ ကျင့်ကြံမှုစနစ်များကြားတွင် သိသိသာသာ ကွာခြားမှု မရှိဘဲ ပင်ကိုယ်စရိုက်နှင့် အကျင့်စာရိတ္တတို့သာလျှင် ကွာခြားချက်ဖြစ်ပေသည်။ ကြင်နာတတ်သော အကျင့်စရိုက်ရှိနေသရွေ့ နတ်ဆိုးကျင့်ကြံသူဖြစ်လင့်ကစား လူအများက နာမည်ဆိုးဖြင့် မုန်းတီးနေမည်မဟုတ်ပေ။ ထိုနည်းတူစွာ အင်မော်တယ်များသည်လည်း ဆိုးညစ်ယုတ်မာပါက ရန်ငြိုးဖွဲ့ခြင်းနှင့် မုန်းတီးခြင်းတို့၏ပစ်မှတ်များ ဖြစ်လာနိုင်ပေသည်။

အကောင်း နှင့် အဆိုး…

အင်မော်တယ်များ နှင့် နတ်ဆိုးများ…

အသွေးအသားခန္ဓာကိုယ်တွင် ထန်ရှုအား နတ်ဆိုးခန္ဓာ ကျင့်ကြံသူဟု ဆိုနိုင်သော်လည်း သူ၏နှလုံးသားထဲတွင် သီလနှင့် စေတနာကို ထိန်းသိမ်းထားသည်။

ချိုင့်ဝှမ်းထဲတွင်…

ထန်ရှု ထွက်သွားချိန်တွင် သူ၏နောက်ကျောကို ကြည့်ရင်း ဟန်ကျင်းထုံက သူ့ဘာသူ တီးတိုးရေရွတ်မိသည်။

"သူ့ရဲ့ခွန်အားကို ပုံမှန်မဟုတ်မှန်း ငါ သိတယ်။ ဒါပေမယ့် သူ ဒီလောက်အထိ ကြံ့ခိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဘာပဲပြောပြော အသက်ရှင်နေတယ်ဆိုတဲ့ ခံစားချက်က တကယ်ကို ကောင်းတာပဲ။”

သူ၏ဘေးတွင် ရပ်နေသော ရှန်းကျန်က သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး

“သူတို့က ဘယ်သူတွေလဲ ပါမောက္ခ။ ရှင်က အရမ်း အစွမ်းထက်တယ်ဆိုတာ ကျွန်မ သိပြီးသားဆိုပေမယ့် တစ်ချို့လူတွေ ရှင့်ထက်ပိုပြီး အစွမ်းထက်နိုင်တယ်ဆိုတဲ့ အတွေးကို တစ်ခါမှ မတွေးမိဖူးဘူး။ ကျွန်မတို့မျိုးနွယ်စုတွေကတော့ မွေးကတည်းက လူသားတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ အစွမ်းသတ္တိတွေကို ပိုင်ဆိုင်ထားပြီးသားမို့ ကျွန်မရဲ့မျိုးနွယ်စုကိုတော့ ထည့်မတွက်ဘူးပေါ့။"

ဟန်ကျင်းထုံက ပြန်လှည့်ကြည့်လာပြီး အားယူပြုံးလိုက်ကာ

“သူ့ရဲ့ဂုဏ်ပုဒ်ကို မမေးပါနဲ့။ အဲ့ဒါက မင်းကို ကောင်းတာ ဖြစ်စေမှာ မဟုတ်ဘူး။ ရှန်းကျန် … အခုအရေးကြီးဆုံးက မင်း ဆော့လ်ဘတ်စ်မြို့ကို ပြန်ပြီး မင်းအစ်ကိုကြီးရဲ့အနားကို ပြန်သွားနိုင်အောင် ငါ ကူညီပေးဖို့ပဲ။ မဟူရာကလပ်က နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတွေသာ ငါတို့ကို ရှာတွေ့သွားရင် အခြားဘယ်သူမှ ငါတို့ကို ထပ်ပြီး ကူညီနိုင်မှာ မဟုတ်တော့ဘူး။”

“ဒါပေမဲ့ အခုဒီလူတွေကို ရှင် သိတယ်လေ ပါမောက္ခ။” ရှန်းကျန်က အလျင်အမြန် ပြောလိုက်သည်။

"ကျွန်မကို ကူညီစောင့်ရှောက်ပေးဖို့ အဲ့ဒီလူတွေကို ပြန်ခေါ်ခိုင်းလို့ရမလား။ ကျွန်မ သူတို့ကို ငှားလိုစိတ် ရှိပါတယ်။”

"စွမ်းအားရှင်တွေကို ငွေနဲ့ ငှားလို့ရမယ်လို့ မင်း ထင်လား။"

ဟန်ကျင်းထုံက မချိပြုံး ပြုံးကာ မှတ်ချက်ချသည်။

***

All Chapters