← Chapters

တိုက်ပွဲအရှိန်မြင့်တက်ခြင်း

Vol. 47 Ch. 652

တိုက်ပွဲအရှိန်မြင့်တက်ခြင်း

Vol. 47 Ch. 652

အန်လင်းသည် တိုက်ပွဲပြင်းထန်နေပါသော်လည်း ဟွမ်းချန်မြို့တော်တွင်သာနေရန် ဆုံးဖြတ်ထားသည်။

လေဒင်သည် တွေဝေမနေပဲ စွမ်းအင်များအားလုံးကို မြှင့်တင်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သွေးနီရောင် ဝဲဂယက်တစ်ခုသဖွယ် ပတ်ဝန်းကျင်မှ သက်ရှိစွမ်းအင်များကို စုပ်ယူပစ်လိုက်သောကြောင့် ညဉ့်ကောင်းကင်ယံသည်ပင် တုန်ခါသွားရသည်။

ရှောင်ဇယ်သည် မိုးကြိုးတိမ်တိုက်များ ဆင့်ခေါ်ကာ အနက်ရောင် မိုးကြိုးလျှပ်စီးများဖြင့် လေဒင်အား ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။

အနက်ရောင် မိုးကြိုးလျှပ်စီးများသည် မီတာငါးရာ ဝန်းကျင်အထိ ကျယ်ဝန်းကာ မဟူရာ စွမ်းအင်လုံးကြီးဟုပင် ထင်မှတ်ရသည်။ ထို့နောက် စွမ်းအင်လုံးကြီး ကျုံ့ဝင်လာသည်နှင့်အတူ လေဒင်အပေါ် ကျဆင်းလာနေသော မိုးကြိုးလျှပ်စီးများလည်း ပိုမိုကြောက်မက်ဖွယ် ကောင်းလာသည်။

လေဒင်၏ လက်ဝါးထက်မှ အသင်္ချေမျှသော သွေးနီရောင် ကြယ်ပွင့်များ ဖြာထွက်လာကာ အနက်ရောင် မိုးကြိုးလျှပ်စီးများအား ခုခံတားဆီးလိုက်သည်။

သူသည် ရှောင်ဇယ်၏ တိုက်ခိုက်မှုအား အလုံးစုံ ကာကွယ်ထားလိုက်သည်။ အတိတ်ကာလများ၌ သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် လက်ကြီးသက်သက် ဆွဲဖြဲလာသူ ဖြစ်သောကြောင့် ယခုကဲ့သို့ ခုခံရသည်မှာ မခက်ခဲလှပေ။

"ငါ့မှာဖြုန်းစရာ အချိန်မရှိဘူး။ မင်းကို အခုပဲ အဆုံးသတ်လိုက်တော့မယ်။"

လေဒင်၏ မျက်ဝန်းများမှာ ရက်စက်ခက်ထန်နေသည်။

သူသည် မိုးကြိုးလျှပ်စီးများအား ဆုပ်ကိုင်လိုက်သည်နှင့် အကန့်အသတ်မဲ့သော သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကိုပင် နီရဲသွားစေသည်။

ဝုန်း......

အနက်ရောင် မိုးကြိုးလျှပ်စီးလုံးမှာ နှစ်ခြမ်းကွဲသွားပြီးနောက် သွေးနီရောင် အလင်းတန်းမှာ လျင်မြန်လှသော အရှိန်ဖြင့် ရှောင်ဇယ်ထံ ပျံဝဲသွားသည်။

ရှောင်ဇယ်မှာ ကြီးမားလှသော အမြှီးနှင့် သွေးနီရောင် အလင်းတန်းအား ရိုက်ထုတ်လိုက်လေသည်။

ဝုန်း....

၎င်းတို့နှစ်ဦး၏ တိုက်ပွဲမှာ ပြင်းထန်လွန်းလှပြီး စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်ထက်နိမ့်သောသူတစ်ဦးသာ မြို့တော်၏ ဝင်္ကပါ အပြင်ဘက် ရောက်ရှိသွားပါက စွမ်းအင်လှိုင်းဂယက်များကြောင့် သေဆုံးသွားရပေလိမ့်မည်။

လေဒင်သည် သွေးနီရောင် ကြယ်ပွင့်များ လင်းလက်နေသော လက်ဝါးဖြင့် ရှောင်ဇယ်၏ အမြှီးအား ရိုက်ချလိုက်သောကြောင့် ရှောင်ဇယ်မှာ အဝေးသို့ လွင့်ထွက်သွားရသည်။

လေဒင်သည် ထိုအခွင့်အရေးအား အမိအရယူကာ ရှောင်ဇယ်ပေါ် ခုန်အုပ်လျက် လက်ဝါးပဒေသာ အလှူပေးလိုက်သည်။

ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များနှင့်အတူ မြေပြင်တွင်ပင် ဆယ်ကီလိုမီတာမျှရှိသော လက်ဝါးရာကြီး ထင်သွားကာ ရှောင်ဇယ်သည်လည်း ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။

"ရှောင်လေး...."

အန်လင်းမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရလေသည်။

ကောင်းကင်ထက်တွင် ရှိနေသော လေဒင်၏နောက်တွင် ကြီးမားလှသော သွေးနီရောင် ကြယ်ကြီးတစ်လုံး ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင် တခွင်လုံးကို နီရဲသွားစေသည်။

"အဲ့ဒါ သူ့ရဲ့အံ့ဖွယ်တာအိုပဲ။"

ဓားအင်မော်တယ်လင်းရှောင်၏ အမူအရာမှာ လေးနက်ခက်ထန်သွားသည်။

"ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်တစ်ယောက်တောင်မှ အဲ့လိုစွမ်းအင်မျိုးထုတ်ဖို့ တန်ကြေးကြီးကြီး ပေးရလိမ့်မယ်။ ဒီတစ်ခေါက် သူ့ရဲ့တိုက်ခိုက်မှုက သေလောက်အောင် ကြောက်ဖို့ကောင်းမှာ အသေအချာပဲ။ ငါတို့ ဝင်္ကပါကို ရှိသမျှအစွမ်းနဲ့ အားဖြည့်ထားပေးဖို့လိုတယ်။"

ထိုစကားများကြောင့် အန်လင်းမှာ ပို၍ပင် စိုးရိမ်ပူပန်လာသည်။

လေဒင်၏ လက်ဝါးထက်တွင် ကြယ်စွမ်းအင်များ ပါဝင်နေသော သွေးနီရောင် စွမ်းအင်လုံးတစ်ခု ရှိနေသည်။

"မင်းက မဟူရာအဆိပ်သခင်ကို သတ်ပစ်ခဲ့တယ်။ အဲ့ဒါကြောင့် မင်းကိုငါကိုယ်တိုင် အရေခွံဆုတ်ပစ်တယ်။ ငါ့ကိုဆန့်ကျင်ရဲတဲ့သူမှန်သမျှ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ တလောကလုံးသိအောင် ပြပေးမယ်။"

"ဒီတိုက်ခိုက်မှုကို မင်းခံနိုင်ရည်ရှိမလား ကြည့်ရသေးတာပေါ့။"

လေဒင်မှာ လက်ဝါးအား ဆန့်ထုတ်လိုက်သည်နှင့် သွေးနီရောင် စွမ်းအင်လုံးကြီးမှာ ဥက္ကာပျံ တစ်ခုအလား ရှောင်ဇယ်ထံ အရှိနိအဟုန်ပြင်းစွာ ကျဆင်းလာသည်။

ဝုန်း....

ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပေါက်ကွဲသွားကာ ကီလိုမီတာ ငါးဆယ်ပတ်လည်ရှိ ကောင်းကင်နှင့်မြေပြင်မှာ သိမ့်သိမ့်တုန်သွားလေသည်။

ပေါက်ကွဲမှုအရှိန်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း သွေးနီရောင်များ တောက်ပနေသည်။

စွမ်းအင်လှိုင်းဂယက်များကြောင့် ဟွမ်းချန်မြို့တော်၏ အကာအကွယ် ဝင်္ကပါသည်ပင် အနည်းငယ် ကွဲအက်သွားသည်။ ဝင်္ကပါသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်၏ တိုက်ခိုက်မှုအား ခံနိုင်ရည် ရှိပါသော်လည်း လေဒင်၏ တိုက်ခိုက်မှု အစွန်းထွက်မျှဖြင့် ကွဲအက်သွားသောကြောင့် ထိုတိုက်ခိုက်မှုသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မှန်းဆကြည့်နိုင်သည်။

အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များနှင့်ပင် တူညီနေပြီဖြစ်သော အံ့ဖွယ်အာရုံအား ဖြန့်ကျက်လိုက်သည်နှင့် ပေါက်ကွဲမှုအလယ်တွင် ရှိနေသော ရှောင်ဇယ်အား တွေ့လိုက်ရသည်။

ရှောင်ဇယ် ဒဏ်ရာရထားတယ်......

အန်လင်း၏စိတ်မှာ အတော်ပင် တုန်လှုပ်သွားမိသည်။

လေဒင်သည် ရှောင်ဇယ်အား မဟူရာအဆိပ်သခင်ကို သတ်ဖြတ်ခဲ့သူအဖြစ် အထင်မှားနေခြင်းဖြစ်ပြီး တပည့်ဖြစ်သူသည် သူ့အစား တိုက်ခိုက်ခံနေရခြင်းပင်။

စွမ်းအင်လှိုင်းဂယက်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်တွင် အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

အနက်ရောင်နဂါးကြီးသည် ထိုတွင်းအောက်ဆုံးတွင် ရှိနေပြီး ခန္ဓာကိုယ်မှ သွေးများယိုစီးကျနေသည်

သူ၏ခန္ဓာကိုယ်မှာ တုန်ခါနေပါသော်လည်း ထီမထင်သော အကြည့်ဖြင့် လေဒင်အား စူးစိုက်ကြည့်ရှုနေဆဲပင်။

ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်မှာ လေဒင်၏ အံ့ဖွယ်တာအိုကြောင့် ပျက်စီးသွားရပါသော်လည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိပဲ နဂါးစွမ်းအင်များ ထုတ်ဖော်ကာ မောက်မာစွာ ခေါင်းမော့ထားဆဲ ဖြစ်သည်။

"အိုးဟိုး.....မင်းတိုက်နိုင်သေးတယ်ပေါ့။"

လေဒင် မျက်မှောင်ကျုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။

"မင်းသာထွက်ပြေးသွားရင် ငါလိုက်သတ်နိုင်လောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းကတကယ့်သောက်ရူးပဲ။"

"အခုမှတော့ လွတ်ဖို့မတွေးနဲ့တော့။ မင်းရဲ့သွေးတွေ တစ်စက်မကျန် စုပ်ပြီးတဲ့ထိ လိလိမ္မာမ္မာလေး နေလိုက်တော့။ ရှေးဟောင်းနဂါးရဲ့သွေးက အရသာရှိမှာ သေချာတယ်။ တာအိုပေါင်းစည်းခြင်း အဆင့်ကိုတက်ဖို့ ဉာဏ်အလင်းတောင် ပွင့်သွားနိုင်တယ်။"

ထိုစကားကြောင့် အန်လင်းမှာ လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

ရှောင်ဇယ်သည် တိုက်ပွဲမှ မထွက်သွားရသည့် အကြောင်းအရင်းကို သိရှိနေသောကြောင့် အန်လင်းမှာ ထိုင်ကြည့်မနေနိုင်တော့ပေ။

ရှောင်ဇယ်မှာ သူ၏တပည့် မဟုတ်လော။

လေဒင်မှာ မည်သည့်စကားမှ မဆိုတော့ပဲ ရှောင်ဇယ်အား လက်ညှိုးထိုးလိုက်သည်။

ဝုန်း...

ကြီးမားလှသော သွေးနီရောင် ကြယ်ကြီးထံမှ ပြင်းထန်လှသော စွမ်းအင်များ ဖြာထွက်လာကာ လေဒင်၏ လက်ဝါးထက်တွင် သွေးနီရောင် ဓားတစ်လက် ရုပ်လုံးပေါ်လာသည်။

သွေးနီရောင်ဓား၏ အရှိန်အဝါမှာ ကြယ်ကြီးထက် လျော့ပါးနေပါသော်လည်း ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်။

လေဒင်သည် ရှောင်ဇယ်၏ ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်ချင်နေပုံပင်။

ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်မှာ ပျက်စီးသွားသောကြောင့် ထိုတိုက်ခိုက်မှုအား ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

"ဝေါင်း...."

ရှောင်ဇယ်မှာ ကောင်းကင်ထက်သို့တက်ကာ အနက်ရောင် မီးလျှံများ မှုတ်ထုတ်လိုက်သည်။

သွေးနီရောင်ဓားသည်လည်း ကောင်းကင်ထက်မှ သက်ဆင်းလာကာ ရှောင်ဇယ်၏ခေါင်းပေါ် ကျရောက်လာသည်။

ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များမှာ ရှောင်ဇယ်၏ ခန္ဓာကိုယ်အား လွှမ်းမိုးသွားတော့သည်။

သူသည် မျက်လုံးထောင့်မှတဆင့် ဟွမ်းချန်မြို့အား လှမ်းကြည့်လိုက်သည်။ မိသားစုနှင့် မိတ်ဆွေများ ထွက်ခွာသွားပါသော်လည်း ဟွမ်းချန်မြို့တော်တွင် သူအလေးထားသူတစ်ဦး ရှိနေသည်။ ထို့ကြောင့် အသည်းအသန် ဖြစ်နေသော အခြေအနေတွင်ပင် ဟွမ်းချန်မြို့ တစ်နေရာကိုသာ လှမ်းကြည့်နေမိသည်။

သို့သော် ထိုသူအား မတွေ့ခဲ့ရပေ။

သွေးနီရောင်ဓားမှာ လျင်မြန်လှသော အရှိန်ဖြင့် ဆက်လက်ကျဆင်းလာနေသည်။

ရှောင်ဇယ် ရှာဖွေနေသောသူသည် သူ၏မျက်စိရှေ့သို့ ရုတ်ချည်းဆိုသလို ရောက်ရှိလာသည်။

ရှောင်ဇယ် ကြောင်တောင်တောင် ဖြစ်သွားရစဉ်မှာပင် ထိုလူသည် ကြေးမုံတစ်ချပ်အားထုတ်ကာ သွေးနီရောင်ဓားကို ချိန်ရွယ်လိုက်သည်။

ဝုန်း...

သွေးနီရောင် အလင်းတန်းများ ဖြာထွက်သွားသည်။

အကန့်အသတ်မဲ့သော ရောင်စဉ်များကြား သွေးနီရောင်ဓားမှာ လေဒင်ရှိရာသို့ လှည့်သွားလေတော့သည်။

All Chapters