← Chapters

ရှန်းကျန်၏အခွင့်အရေး

Vol. 51 Ch. 704

ရှန်းကျန်၏အခွင့်အရေး

Vol. 51 Ch. 704

ထိုအကြောင်းကို တိတ်ဆိတ်စွာ တွေးပြီးနောက် ရှန်းကျန်သည် နောက်ဆုံးတွင် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုထန်ရှုသည် အလွန်မြင့်မားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်မှာ ထင်ရှားသည်။ သည်လိုစွမ်းအားကြီးသော လူတစ်ယောက်က တခြားသူများ၏အလုပ်ကို ပိုက်ဆံနည်းနည်းလေးနှင့် လက်ခံပါ့လား။ မဖြစ်နိုင်ပေ။

ထိုစိတ်ကူးကို တွေးတောစွန့်လွှတ်လိုက်သော်လည်း မည်သို့ဆိုစေ ရှန်းကျန်တစ်ယောက် ထပ်မံဝမ်းသာသွားခဲ့ရသည်။ အနည်းဆုံးတော့ ကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်သွားရသည့် ခံစားချက်သည် လွန်စွာ နေလို့ကောင်းပေသည်။ သူမ အသက်ပြင်းပြင်းတစ်ချက် ရှူပြီး ဟန်ကျင်းထုံကို ကြည့်ကာ ပြုံးပြလိုက်သည်။

"အသက်ဘေးအတွက် ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ် ပါမောက္ခ။ ရှင့်ရဲ့ အကာအကွယ်သာ မရှိခဲ့ရင် ကျွန်မက ဆိုးဆိုးရွားရွား ခံစားရပြီး အစမ်းသပ်ခံ ပျော့ဖတ်လေး ဖြစ်သွားလိမ့်မယ်။"

ဟန်ကျင်းထုံသည် ပိုမိုအဆင့်မြင့်သော ကျင့်ကြံနည်းစနစ်များကို မည်သို့ ရယူရမည်နှင့် ထန်ရှုကဲ့သို့ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်လာရန် မည်သို့ လုပ်ရမည်ကို တွေးတောနေသည်။ ထို့ကြောင့် သူသည် ရှန်းကျန်၏စကားကို များစွာ အာရုံမထားဘဲ “ရပါတယ်ကွာ” ဟု ကျေကျေနပ်နပ် ပြန်ပြောပြီး သူမကို ခေါ်ထုတ်သွားရန်ဟန်ပြင်လိုက်သည်။

"အမ်…"

ရုတ်တရက်ဆိုသလိုပင် ရှန်းကျန်၏အကြည့်များသည် သစ်တောထူထပ်သော တောင်၏အနက်ပိုင်းဆီသို့ စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်မိသည်။ ထန်ရှုနှင့်အတူ ပြန်သွားခဲ့သော ဗလတောင့်တောင့် လူတစ်ယောက် ပြန်လာသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

ဟန်ကျင်းထုံသည်ပင် သူမ၏အပြုအမူကြောင့် အံ့အားသင့်သွားပြီး သူမ၏အကြည့်များအတိုင်း လိုက်ကြည့်လိုက်ရာ ကျင်းရှီသည် သူတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ အသက်ရှုချိန် အနည်းငယ် ကြာပြီးနောက် သူတို့အရှေ့သို့ ရောက်လာသဖြင့် ဟန်ကျင်းထုံက ချက်ချင်း လက်ဆုပ်ကာ

“ဒီညီလေးက ငါ့ကို ပြောချင်တာများ ရှိသေးလား။”

“သူဌေးက သူ့ဧည့်သည်အဖြစ်လုပ်ဖို့ စိတ်ဝင်စားလားလို့ ငါ့ကို မေးခိုင်းလိုက်လို့ပါ။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် သူ့တောင်းဆိုချက်နှစ်ခုကို မင်းတို့ လက်ခံရပါမယ်။"

"တောင်းဆိုချက်နှစ်ခုက ဘာများလဲ။" ဟန်ကျင်းထုံက မတွေးဘဲ ချက်ချင်းမေးလိုက်သည်။ သူသည် ထန်ရှုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် စိတ်ကူးယဉ်နေခဲ့သည်မှာ ယခုချိန်ထိအောင် ဖြစ်သည်။

“ပထမအချက်အနေနဲ့ မင်းက ငါ့ရဲ့ သူဌေးနဲ့ တစ်နေရာရာကို သွားရမယ်ဆိုရင် သူ့ရဲ့ ညွှန်ကြားချက်တွေကို မင်း လိုက်နာရမယ် … သူ့ခွင့်ပြုချက်မရဘဲ မင်း ထွက်သွားလို့မရဘူး။ ဒုတိယအချက်အနေနဲ့ကတော့ စမ်းသပ်မှုအချို့ပြုလုပ်ဖို့ သူမနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်။”

ရှန်းကျန်သည် သူမ၏နှာခေါင်းကို သွေးစွန်းနေသော လက်ချောင်းများကို ညွှန်လိုက်ပြီး

"ငါ့ကိုလား … နင့်ရဲ့သူဌေးက စမ်းသပ်မှုတချို့မှာ ငါနဲ့ ပူးပေါင်းချင်နေတာလား။ အဲ့ဒါက ဘာများလဲ။"

"ငါ မသိဘူး။" ကျင်းရှီ ခေါင်းယမ်းသည်။

ဟန်ကျင်းထုံသည် မျက်ခုံးအနည်းငယ် တွန့်သွားသည်။ သူက ရှန်းကျန်ကို ကြည့်ပြီးနောက် ထန်ရှု ထွက်ခွာသွားသည့်ဘက်သို့ အကြည့်ပြောင်းလိုက်ပြီး ရုတ်တရက် မေးသည်။

"ထန်ရှု လုပ်ချင်တဲ့ စမ်းသပ်မှုတွေက ရှန်းကျန်ကို ထိခိုက်နိုင်မလား။"

"အဲ့ဒါတော့ ငါလည်း မသိဘူး။" ကျင်းရှီက ခေါင်းခါပြီး ခဏလောက် တုံ့ဆိုင်းသွားကာ စဉ်းစားတွေဝေသော ဟန်ဖြင့်

"ငါ့သူဌေးက သူ့ကို ဒုက္ခပေးချင်တယ်ဆိုရင် အစကတည်းက လုပ်လိုက်ပြီပေါ့။ ပြီးတော့ မင်းတောင် ခုခံနိုင်မယ်မထင်ဘူး။"

ဟန်ကျင်းထုံ ချက်ချင်း စိတ်သက်သာရာ ရသွားကာ ရှန်းကျန်ကို ကြည့်ပြီး

"အခု မင်း ရွေးချယ်နိုင်တယ် ရှန်းကျန်။ မင်း ထွက်ခွာဖို့ ရွေးရင် မင်းကို တရုတ်ပြည်ကနေ ပို့ဖို့ ငါ တတ်နိုင်သမျှ လုပ်မယ်။ စမ်းသပ်မှုအချို့အတွက် မစ္စတာထန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီနေရာမှာ နေမယ်ဆိုလဲ နေလို့ရတယ်။ သူ့အကျင့်စရိုက်အရ မင်းကို ဒုက္ခမပေးဘူးလို့ ငါ ယုံကြည်တယ်။"

"မစ္စတာထန်ရဲ့နေရာကရော … လုံခြုံရဲ့လား။" ရှန်းကျန်က သတိကြီးစွာဖြင့် မေးလိုက်သည်။

"မင်းတစ်ယောက်တည်း ထွက်သွားတာထက်စာရင် ပိုပြီး လုံခြုံတယ်။ နောက်ပြီး မင်းဆီမှာ ရှိနေတဲ့ အမှောင်စိတ်ဝိညာဉ်ရနံ့က မပျောက်ပြယ်သေးတော့ မဟူရာကလပ်ရဲ့လုပ်ကြံသတ်ဖြတ်သူတွေက မင်းကို ဆက်ပြီးရှာဖွေနေဦးမယ်ဆိုရင် လွတ်မြောက်ဖို့ အခွင့်အရေးက နည်းနည်းလေးပဲ ရှိတယ်။ မင်းရဲ့ အမှောင်စိတ်ဝိညာဉ်ရနံ့တွေ လုံးဝပျောက်ကွယ်သွားတဲ့အထိ မစ္စတာထန်ရဲ့နေရာမှာ စောင့်နေပြီးမှ တိတ်တိတ်လေး ထွက်သွားလို့လည်း ရတယ်။” ဟန်ကျင်းထုံက ရှင်းပြသည်။

ရှန်းကျန်သည် စိတ်ထဲတွင် ပျော်ရွှင်သွားပြီး စိတ်လှုပ်ရှားသော အမူအရာဖြင့် ခေါင်းညိတ်ကာ “ကောင်းပြီ။ ကျွန်မ နေဖို့ ရွေးလိုက်တယ်။ မစ္စတာထန်က ကျွန်မကို မထိခိုက်စေသရွေ့ သူနဲ့ ပူးပေါင်းပြီး စမ်းသပ်မှုတွေ လုပ်ဖို့ ဆန္ဒရှိပါတယ်။”

လောင်ရှန်လမ်းမကြီး…

ဆာ့ဖ်ကားငါးစီးအား လမ်းဘေးတွင် ချရပ်ထားသည်။ ထန်ရှုသည် အလယ်တွင် ရှိနေသော ကားပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်နေရင်း ပြတင်းပေါက် အပြင်ဘက်ရှိ ရိုသေသောအမူအရာများဖြင့် ရှိနေသော လူရွယ်များကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်သည်။

"မင်းတို့ ဒီတစ်ခါ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပဲ။ နာမည် ဘယ်လိုခေါ်ကြလဲ။"

"ဝမ်ယာ … (ချန်းစုန့်…)” နှစ်ယောက်စလုံးက ပြန်ဖြေသည်။

ထန်ရှုက ခေါင်းတညိတ်ညိတ်ဖြင့်

"အလုပ်ကြိုးစားပြီး အနာဂတ်ကျရင် ရှန်ဟိုင်း ထောက်လှမ်းရေးဌာနခွဲရဲ့ အမြင့်ဆုံးရာထူးနှစ်ခုကို ရယူနိုင်ဖို့ ကြိုးစားပါ။ အနာဂတ်ကျရင် ငါ့လက်အောက်မှာ မင်းတို့ရဲ့ဝန်ဆောင်မှုပေးတာကို တွေ့ရဖို့ မျှော်လင့်ပါတယ်။"

ချန်းစုန့်နှင့် ဝမ်ယာတို့၏မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်ကြသည်။

ထန်ရှုက သူ့လက်စွပ်ထဲက ခန္ဓာကိုယ်သန့်စင်ဆေးရည် တစ်စက်စီပါရှိသော ကြွေပုလင်းနှစ်ပုလင်းကို ယူကာ ထိုနှစ်ယောက်ဆီ ပစ်ပေးလိုက်ပြီး

"မင်းတို့ အိမ်ပြန်ရောက်ရင် ဒါကို ရေနွေးနွေးလေးနဲ့ ရေချိုးကန်ထဲကို လောင်းထည့်လိုက်ပါ။ ကန်ထဲ ဝင်စိမ်ပါ။ ဘယ်လောက်ပဲ နာကျင်ပလေ့စေ နာရီဝက်ကြာအောင် သည်းခံဖို့ မှတ်ထားပါ။ အကျိုးကျေးဇူးအချို့ ရလာလိမ့်မယ်။"

"ကျေးဇူးတင်ပါတယ် သူဌေး…"

၎င်းတို့နှစ်ဦးသည် အဖိုးတန် ရတနာအချို့ကို ရရှိသွားသကဲ့သို့ ကြွေပုလင်းများကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကိုင်ဆောင်ထားကြသည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ထန်ရှု ဆေးလိပ်သောက်ပြီးချိန်တွင် ကျင်းရှီ၊ ဟန်ကျင်းထုံနှင့် ရှန်းကျန်တို့ ရောက်ရှိလာသည်ကို သူ တွေ့လိုက်ရပေသည်။ သူက ထိုသူများကို စကားမပြောသေးဘဲ ကားပေါ် အရင်တက်ခိုင်းပြီး စတင်ထွက်ခွာရန် အမိန့်ပေးလိုက်သည်။

ဟန်ကျင်းထုံနှင့် ရှန်းကျန်ကို ပြန်ခေါ်ရန် ရုတ်တရက် သူ စိတ်ပြောင်းသွားရသည်မှာ တစ်စုံတစ်ခုကို တွေးလိုက်မိသောကြောင့်ဖြစ်သည်။ သူ ယူထားသော ဗန်ပိုင်းယားကောင်၏အလောင်းသည် သွေးလှုပ်ရှားမှု အားနည်းသွားပြီဖြစ်သောကြောင့် နောက်ဆုံးတွင် ၎င်း၏လုပ်ဆောင်ချက်သည် ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် ရှန်းကျန်သည် သက်ရှိဗန်ပိုင်းယားကောင်ဖြစ်သဖြင့် ကွဲပြားသည်။ သူမ၏သွေးနှင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို လေ့လာနိုင်လျှင် တစ်စုံတစ်ခု သူ ရရှိနိုင်မည်ဖြစ်သည်။

အပြန်လမ်းတွင် မိုရီဆီ သူ ဖုန်းဆက်ပြီး လက်စသုတေသနကို ခဏချထားကာ ရှန်ဟိုင်းကို တစ်ယောက်တည်း အမြန်လာရောက်ပေးရန် သူ တောင်းဆိုလိုက်သည်။ မိုရီသည် ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်ပြီး  ဗန်ပိုင်းယားကောင်များနှင့် ပတ်သက်သည့် ၎င်း၏သုတေသနကို ဆက်လက်လုပ်ဆောင်နေဦးမည် ဖြစ်သောကြောင့် နောက်ဆုံးရလဒ်နှင့်ပတ်သက်၍ မျှော်လင့်ချက် ခပ်ရေးရေးတစ်ခု ရှိနေသည်ကို သူ သိထားသည်။

သုခဘုံစံအိမ် နယ်မြေ…

ထန်ရှုသည် ကြယ်ပြာအိမ်ရာသို့ တိုက်ရိုက်မသွားဘဲ ဟန်ကျင်းထုံနှင့် ရှန်းကျန်တို့ နေထိုင်ရအဆင်ပြေစေရန် သုခဘုံစံအိမ်သို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။ ထန်ရှုက ကြိုတင်ဖုန်းဆက်ထားသောကြောင့် အိုးရန်လူလူသည် သုခဘုံစံအိမ်ရှိ အများသူငှာအား မဖွင့်ပေးသော ဧရိယာတစ်ခုအတွင်းမှ ခြံဝင်းထဲတွင် စောင့်နေပြီဖြစ်သည်။ ထိုနေရာတွင် နိုင်ငံခြားပုံစံ အထပ်ပေါင်းများစွာဖြင့် အဆောက်အအုံများ ရှိပြီး ထန်ရှုတို့အဖွဲ့ရောက်လာသောအခါတွင် ၎င်းတို့သည် ဟန်ကျင်းထုံနှင့် ရှန်းကျန်တို့အား တန်းနေရာချပေးခဲ့သည်။

ဟန်ကျင်းထုံ ဧည့်ခန်းထဲတွင် ထိုင်လိုက်သောအခါ ထန်ရှုက ရှန်းကျန်ကို စောင့်ကြည့်အကဲခတ်နေသည်ကို တွေ့လိုက်ရသည်။ အတွေ့အကြုံရှိသော လူတစ်ယောက်ပီပီ သူက ချက်ချင်းထလိုက်ပြီး

“မစ္စတာထန် … ငါ ဒဏ်ရာရထားတာမို့ ငါ့အခန်းထဲမှာ သွားကုလိုက်ဦးမယ်။ မင်း ငါ့ကို ပြောစရာရှိရင် ခေါ်လိုက်ပါ။"

ထန်ရှုက သူ့အား လုံးဝမကြည့်ဘဲ လက်ကိုသာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလာသည်။ စူးစမ်းလိုစိတ်များ ပြည့်နေသော သူ့အကြည့်များကြောင့် ရှန်းကျန်၏အတွင်းထဲတွင် ကြက်သီးများပင် ထလာသည်။

“ထ … ထန် … မစ္စတာထန် … တခြားဘာမှ မရှိရင် ငါလည်း ကိုယ့်ကိုယ်ကိုယ် ကုရဦးမယ်။” ရှန်းကျန်က ထရပ်ပြီး ချက်ချင်းပဲ ပြောလိုက်သည်။

ထန်ရှုက သူမကို တားလိုက်သည်။ ရှန်းကျန်၏တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော်လည်း သူ စောင့်ကြည့်နေချိန်အတွင်း သူမသည် ကောင်းမွန်၍ လက်ရာမြောက်သော အရာဝတ္ထုတစ်ခုအလားပင်။ ဟန်ကျင်းထုံတစ်ယောက် စင်္ကြန်လမ်းတွင် ပျောက်ကွယ်သွားပြီးနောက် ထန်ရှုသည် သန့်စင်သော ဒဏ်ရာပျောက်ဆေးကိုယူ၍ သူမအား ပစ်ပေးလိုက်ပြီး "ငါ အရမ်းသိချင်နေတာတစ်ခု ရှိတယ်။ ဒီဆေးလုံးက လူသားတွေအပေါ် သက်ရောက်မှု ပြင်းထန်တဲ့ ကုသနိုင်မှု အာနိသင်ရှိပေမယ့် မင်းအပေါ် တူညီတဲ့ အကျိုးသက်ရောက်မှုရှိ၊မရှိတော့ ငါ မသိဘူး။ မင်း အဲ့ဒါကို စမ်းကြည့်ရဲလား။"

ရှန်းကျန်သည် သူမ၏လက်ထဲရှိ ဆေးလုံးကို ကြည့်လိုက်သည်။ ဆေး၏သင်းပျံ့သော ရနံ့ကို သူမ ရှုရှိုက်မိပြီး ဖြူဖျော့သော သူမ၏မျက်နှာထက်တွင် ရီဝေဝအေကြည့်တစ်ခု ဖြစ်လာသည်။ သူမသည် ထိုရနံ့အား လောဘတကြီး အများကြီး ရှူသွင်းလိုက်ကာ ထန်ရှုကို ကြည့်ရင်း

" ရှင် ကျွန်မကို ဒီဆေး သောက်စေချင်တာလား။"

"မှန်တယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ရှန်းကျန်သည် မဆိုင်းမတွဘဲ ပါးစပ်ထဲသို့ သန့်စင်သော ဒဏ်ရာကျက်ဆေးကို ပစ်သွင်းလိုက်ရာ ဆေးလုံးသည် သူမ၏လည်ချောင်းထဲသို့ ဝင်လာပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းတွင် အပူစီးကြောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ထိုအပူစီးကြောင်းသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး များပြားလှသော အပူစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ အသက်ရှူချိန် အနည်းငယ်အတွင်း သူမတစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။

နွေးထွေးပြီး သက်တောင့်သက်သာရှိတယ်။

သူမ၏ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များ ကျယ်လာသကဲ့သို့ ခံစားရသည့်အပြင် ဒဏ်ရာများ အဆက်မပြတ် သက်သာပျောက်ကင်းသွားခဲ့သည်။ ဆေးအကျိုးသက်ရောက်မှု၏တစ်စိတ်တစ်ပိုင်းပင်လျှင်သူမ၏သွေးလမ်းကြောင်းထဲသို့ ပေါင်းစပ်သွားပြီး သူမ၏အဓိကအမြုတေနှင့် တစ်သားတည်း ဖြစ်သွားသည်။ သူမ၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ပြင်းထန်သော သွေးထွက်ဒဏ်ရာများအားလုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကင်းသွားခဲ့သည်။ သူမ၏သွယ်လျသိမ်မွေ့သော ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ရီနေကာ နောက်ဆုံးတွင် နူးညံ့သော ဆိုဖာပေါ်သို့ လဲကျသွားပြီး တွန့်လိမ်နေတော့သည်။

အလွန် ယားယံနေသည့်တိုင် သက်တောင့်သက်သာ ခံစားရသည်။

ဆန့်ကျင်ဘက်ခံစားမှုများက သူမကို တိမ်ထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားရစေသည်။ သူမသည် ဤခံစားချက်နှစ်ခုကို လောဘကြီးစွာဖြင့် အုပ်စိုးထားပြီး ထိုခံစားချက်များအတွင်း၌ ထာဝရ မွေ့လျော်ကာ ဘယ်တော့မှ ပြန်မထတော့ရန်ပင် ဆန္ဒရှိနေတော့သည်။

လွင့်မျော …

ဘုန်း…

ရှန်းကျန်၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများသည် ပဲတောင့်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသော စုတ်ပြဲသွားသည့် တောင်ပံနှစ်ချောင်းသည် ယခုချက်ချင်း ပွင့်လာခဲ့သည်။ သူမ၏နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် ဆိုဖာပေါ်မှ ဖြည်းဖြည်းချင်း မျောလွင့်လာကာ အရပ်ရပ်မှ စွမ်းအားများသည် သူမ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာတော့သည်။

သူမ၏တောင်ပံများသည် လျင်မြန်စွာ ပြုပြင်ခြင်း ခံရပြီး သူမ၏အော်ရာသည် ပိုမိုအားကောင်းသည်ထက် အားကောင်းလာသည်။

ဖတ်…ဖတ်...

ရှန်းကျန်၏ခန္ဓာကိုယ်မှ ဖော့ဆို့ပြုတ်သွားသကဲ့သို့ အသံအား ဖျော့တော့စွာ ကြားနေရသည်။ သူမ၏ခန္ဓာကိုယ်သည် ဖောင်းပွလာပြီး တခဏချင်း ပိုမိုကြီးမားလာသည်။ သူမ၏တောင်ပံများသည်လည်း ကြီးမားကျယ်ပြန့်လာပြီး တောင်ပံထက်ရှိ မျဉ်းကြောင်းများသည် ယခင်ကထက် ပိုမိုရှုပ်ထွေးလာဟန် ရှိသည်။

ဤအချိန်တွင် အစောပိုင်းက မှိတ်နေသော သူမ၏ မျက်လုံးများ ချက်ချင်းပွင့်လာကာ နီရဲသော သွေးရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူမ၏မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်နေသော အမူအရာဖြစ်ပေါ်လာပြီး လက်သီးများကို တင်းတင်းဆုပ်ကာ လက်များကို ဝှီးကနဲမြည်အောင် လွှဲယမ်းလိုက်သည်။ ထို့နောက် သူမသည် ထန်ရှု၏အရှေ့သို့ လျှပ်တပြက်အတွင်း ရောက်လာပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ကျေးဇူးတင်သော အမူအရာဖြင့်

"ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာထန်။"

စောင့်ကြည့်လေ့လာနေသော ထန်ရှုသည် သူမ၏အော်ရာများ ယခင်ကထက် အဆများစွာ ပိုမိုအားကောင်းလာသည်ကို တွေ့ရှိခဲ့သည်။ သူမ၏ကျေးဇူးတင်နေသော မျက်နှာကို သူ ကြည့်ပြီး

“မင်းခန္ဓာကိုယ်က ဘာဖြစ်သွားတာလဲ။ ဒဏ်ရာတွေရော သက်သာပြီလား။"

ကြမ်းပြင်တွင် ဒူးထောက်ကာ ခေါင်းငုံ့နေသော ရှန်းကျန်သည် ခေါင်းမော့လာပြီး

“ကျွန်မတို့သွေးမျိုးနွယ်စုမှာ တင်းကျပ်တဲ့ မျိုးနွယ်အဆင့် ရှိတယ်။ ကျွန်မက အဆင့်နိမ့် သွေးမျိုးနွယ်တစ်ယောက်သာ ဖြစ်ပေမယ့် ရှင်ပေးတဲ့ ဆေးလုံးကို သောက်လိုက်တော့ ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားရုံတင်မကဘူး … အရေးကြီးဆုံးအရာက မျိုးနွယ်အဆင့်ပါ အရည်အသွေးပိုင်းအရ ပြောင်းလဲသွားလို့ အခု မြို့စားကြီးအဆင့်ကို ချိုးဖျက်ရောက်ရှိသွားပြီ။ ဒီဝံပုလွေတစ်ပိုင်းလူနဲ့ ပြန်ဆုံရရင်တောင် သူ့ခေါင်းကို ဖြတ်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။”

ထန်ရှုက သူမကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး

"ဒါဆို မင်းရဲ့ဒဏ်ရာတွေကို ကုသဖို့ ငါ ပေးလိုက်တဲ့ ဆေးလုံးက ကျင့်ကြံမှုခွန်အား၊ မင်းရဲ့ကိုယ်ပိုင်ခွန်အားနဲ့ သွေးမျိုးနွယ်အဆင့်ကို မြှင့်တင်ဖို့ အကျိုးသက်ရောက်တဲ့ပုံပေါ့။ မှန်တယ်မလား။"

“ဟုတ်တယ်။ ဖြစ်ပျက်ခဲ့တာ အတိအကျပါပဲ။” ရှန်းကျန် ခေါင်းညိတ်သည်။

"ဘာဆိုးကျိုးတွေ ရှိသေးလဲ။" ထန်ရှုက မေးလိုက်သည်။

"ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါ့မလဲ။" ရှန်းကျန် ခေါင်းယမ်းလိုက်သည်။

"ကျွန်မရဲ့ခန္ဓာကိုယ်က အခု နေရတာ အရမ်းကောင်းနေပြီး နောက်သုံးရက်အတွင်း သွေးမသောက်ရရင်တောင် အားနည်းနေတော့မှာ မဟုတ်ဘူး။"

ထန်ရှုက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

"မင်းရဲ့သွေးမျိုးနွယ်စုရဲ့ရှင်သန်မှုက သွေးသောက်တဲ့အပေါ်မှာ မူတည်တာလား။"

"ဟုတ်တယ်။ ကျွန်မတို့ရဲ့ စွမ်းအားကို အထောက်အပံ့ပေးဖို့ သွေးသောက်ရပါတယ်။ အသက်ရှင်ဖို့နဲ့ အချိန်အကြာကြီး နေနိုင်ဖို့ သွေး ယူရမယ်။ အရည်အသွေးမြင့်သွေးကို သောက်မိတယ်ဆိုရင် ကျွန်မတို့ရဲ့ သွေးမျိုးနွယ်စု အဆင့်ကလည်း အရည်အချင်းပြည့်မီတဲ့ ပြောင်းလဲမှုတစ်ခုအဖြစ် မြှင့်တင်လို့ရတယ်။"

ထန်ရှု အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်ကပင် သွေးမျိုးနွယ်စုအဆင့်လို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးချေ။ သူက သိလိုစိတ်ပြင်းပြစွာဖြင့် ရုတ်တရက် မေးလိုက်သည်။

"ဘယ်လိုသွေးမျိုးကို အရည်အသွေးမြင့်တယ်လို့ ယူဆကြတာလဲ။"

***

All Chapters