အရုပ်သစ်လေး
Vol. 51 Ch. 705
ရှန်းကျန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မသိစိတ်အရ သူမ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။
“ဥပမာ … ကျွန်မထက် အဆင့်အတန်းမြင့်တဲ့ မတူကွဲပြားတဲ့ မျိုးနွယ်စုမျိုး ဒါမှမဟုတ် ထူးခြားတဲ့ လူသားတွေဖြစ်တဲ့ ရှင် ဒါမှမဟုတ် ပါမောက္ခလိုမျိုး။ သူ့သွေးအရည်အသွေးက အတော်မြင့်တာ။ သူနဲ့ကျွန်မ လေ့ကျင့်ကြတုန်းက ကျွန်မကြောင့် သူ မတော်တဆ ဒဏ်ရာရသွားတော့ သူ့ဆီက ကျလာတဲ့ သွေးတွေကို တိတ်တဆိတ် မြည်းကြည့်ဖူးတယ်။”
ထန်ရှု အံ့အားသင့်သွားသည်။ ကစားစရာ အရုပ်သစ်တစ်ခုကို တွေ့လိုက်ရသည့်အလား သူ ထရပ်လိုက်ပြီး ရှန်းကျန်အား အကြိမ်အနည်းငယ် လှည့်ကြည့်ပြီးနောက် သူမ၏အရှေ့တွင် ရပ်ကာ သူ့မေးစေ့ကို ကိုင်လျက် တွေးတွေးဆဆ မေးလိုက်သည်။
"သွေးမျိုးနွယ်နဲ့ လူသားတွေကြားက ထူးခြားတာက ဘာလဲ။"
သူမ တခဏလောက် တွေးတောပြီး ပြန်ဖြေသည်။ “ခန္ဓာကိုယ်ပုံစံအရ သွေးမျိုးနွယ်တွေက လူသားတွေထက် ပင်ကိုယ်အားဖြင့် သန်မာတယ်။ လူသားတွေမှာ မရှိတဲ့ တောင်ပံတွေ ကျွန်မတို့မှာ ပါတဲ့အတွက် စွမ်းအားကို စုပ်ယူဖို့ အဓိက မှီခိုရတယ်။ အင်း … ကျွန်မတို့ သွေးမျိုးနွယ်မှာ လူတွေမှာ မရှိတဲ့ အဓိကအမြုတေဆိုတာလည်း ရှိတယ်။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး
"ထတော့။ မင်းရဲ့သွေးခုန်နှုန်းကို ငါ စစ်ပေးမယ်။"
သူမရဲ့သွေးခုန်နှုန်းကို စစ်ဆေးမှာလား။
ရှန်းကျန်က ပဟေဠိဖြစ်သွားသောအကြည့်ဖြင့် ထကာ ထန်ရှု၏အရှေ့တွင် ဆုံးရှုံးသွားသော အမူအရာဖြင့် ရပ်လိုက်သည်။ ထန်ရှု ဘာကို ဆိုလိုသည်ကို သူမ နားမလည်ချေ။
သူမ၏အမူအရာကို ကြည့်ရင်း သူမ မည်သို့ တွေးနေသည်ကို ထန်ရှု ချက်ချင်း နားလည်သွားသဖြင့် ကသိကအောက်ဖြစ်သွားမှုကို ဖုံးကွယ်ရန် ကြိုးစားကာ ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း
"မင်း ထွေထွေထူးထူး ဘာမှ လုပ်စရာ မလိုဘူး။ မင်းရဲ့ လက်ကောက်ဝတ်ကို ဆန့်ပေးရုံပါပဲ။ ငါ့ရဲ့စွမ်းအားက မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့အခါကျရင်သာ မခုခံဖို့ သတိရပါ။ ငါ မင်းကို ဒုက္ခမပေးဘူး။"
“ကောင်းပါပြီ။”
သည်အချိန်တွင် ရှန်းကျန်သည် ထန်ရှုအပေါ် သတိထားနေမှုအား ဖြေလျော့ချလိုက်ပြီဖြစ်သည်။ ထန်ရှုသည် သူမ၏အသက်ကို ကယ်တင်ခဲ့ပြီး သူမ၏ သွေးမျိုးနွယ်အဆင့်ကို အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်သည့် အလွန်အစွမ်းထက်သော ဆေးလုံးကိုပင် ပေးခဲ့ရာ သူမ၏ခွန်အားသည် အဆများစွာ မြင့်တက်လာခဲ့သည်။
ထန်ရှုက သူမ၏လက်ကောက်ဝတ်ကို ကိုင်ပြီး စစ်လိုက်ရာ ရှန်းကျန်၏ခန္ဓာကိုယ်တွင် မရီဒျာန်လမ်းကြောင်းများနှင့် သွေးပြန်ကြောများ နည်းပါးသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမ၏ခန္ဓာကိုယ်အတွင်းတွင် သွေးပြန်ကြောများနှင့် သွေးကြောမှတ် စုစုပေါင်းပါမှ ၁၀၈ ခုသာရှိသည်။ ထိုသွေးပြန်ကြော ၁၀၈ခုသည် ခြေလက်လေးချောင်း၊ အဓိကအရိုးငါးခုနှင့် အတောင်ပံတစ်စုံတို့ကို ဖြတ်သန်းသွားပြီး ကောင်းကင်သံသရာ၏ ပုံမှန်မဟုတ်သည့် ပြီးပြည့်စုံသော လည်ပတ်မှုကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း သူမ၏ခန္ဓာကိုယ်သည် ယခုတစ်ခေါက်တွင် ခြေလက်လေးချောင်းနှင့် အတောင်ပံများကို ချိတ်ဆက်ထားသော ပျက်စီးသွားသည့် မရီဒျာန်ခြောက်ခုသာ ရှိသည်။
သူ၏အာရုံခံချက်ဖြင့် ထန်ရှုသည် ရှန်းကျန်၏နှလုံးသားဆီသို့ ဦးတည်သွားခဲ့သည်။ ထန်ရှုက သူမကို ဒုက္ခမပေးကြောင်း သိနေသော်လည်း ရှန်းကျန်က မသိစိတ်ဖြင့် ပိတ်ဆို့ထားမိဆဲဖြစ်သည်။ သူမ၏နှလုံးသားတွင် ရှိသော အဓိကအမြုတေသည် သွေးမျိုးနွယ်စု၏လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် အရေးအကြီးဆုံး ဖြစ်တည်မှုဖြစ်ပြီး တစ်စုံတစ်ဦးမှ ၎င်းကို ဖျက်ဆီးလိုက်မည်ဆိုပါက ၎င်းတို့သည် ချက်ခြင်းသေဆုံးသွားလိမ့်မည်ဖြစ်သည်။
ထန်ရှုသည် ပိတ်ဆို့ထားခြင်းခံရသော်လည်း သူ၏စစ်ဆေးမှုကို မရပ်တန့်ခဲ့ပေ။ ရှန်းကျန်က ပိတ်ဆို့ထားမိသည့် သူမ၏အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သောအခါ သူမ၏နှလုံးသားအား သူ၏စွမ်းအင်ဖြင့် ချောမွေ့စွာ ရစ်ပတ်ပြီး အတွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လိုက်သည်။
သူမ၏အဓိကအမြုတေသည် စိန်တုံးပုံသဏ္ဍာန်ရှိပြီး သွေးရောင်ရှိသော သလင်းကျောက်နှင့်ဆင်တူသည်။ လက်သည်းခွံအရွယ်အစားလောက်သာ ရှိသဖြင့် အလွန်သေးငယ်သည်ဟုဆိုနိုင်သည်။ သို့သော် သူ၏ အာရုံစိုက်မှုဖြင့် ထန်ရှုသည် ၎င်းအတွင်းမှ ကြီးမားသော စွမ်းအင်ကို ခံစားသိနိုင်သည်။ သူသည် လက်ရှိတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ် ရှိသည့်တိုင် ဤအမြုတေသာ ပေါက်ကွဲခဲ့ပါက ဒဏ်ရာ ရရှိနိုင်ပါသေးသည်။
“ဘယ်လောက်တောင် အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိကအမြုတေပါလိမ့်။ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးစိတ်တစ်ခုပဲ။”
ထန်ရှုသည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အံ့သြဖွယ်ကောင်းပြီး နားလည်ရန် ခက်သော ဖန်တီးရှင်ကြောင့် သူ အံ့အားသင့်ရသည်။ သူသည် စကြာဝဠာအတွင်း ကမ္ဘာမြေ၏ တည်ရှိမှုအကြောင်းကို ပိုပိုပြီး သိချင်လာမိသည်။ အင်မော်တယ်ကမ္ဘာတွင် ရှားပါးပြီး အလွန်အဖိုးတန်သော ရတနာများစွာကို ဤနေရာတွင် ရှာတွေ့နိုင်ပြီး အင်မော်တယ်ကမ္ဘာတွင် တစ်ခါမှ မမြင်ဖူးသော မျိုးစိတ်များပင် ရှိနေသေးသည်။
"ထန်ရှု … အစားအသောက်တွေ ကျွေးမွေးဖို့ ငါ စီစဉ်ထားတယ်။ စားပွဲထိုးတွေကို နောက်မှ သူတို့ဆီ ငါ လိုက်ပို့ခိုင်း …”
လူလူသည် ပေါ့ပါးသော ခြေသံများနှင့်အတူ အတွင်းသို့ လျှောက်လာခဲ့သော်လည်း တောင်ပံများ ဖြန့်ထားသော ရှန်းကျန်ကို သူမ မြင်လိုက်ရသောအခါတွင် သူမ ပြောမည့် စကားလုံးများသည် လည်ချောင်းထဲတွင် တိမ်ဝင်သွားတော့သည်။ သူမသည် စိတ်ဓာတ်မာကျောသော်လည်း နေ့ခင်းဘက်သာ မဟုတ်ပါက သူမ လုံး၀ တုန်လှုပ်မေ့မျောသွားပေမည်။ သို့တိုင် သူမသည် ထိတ်လန့်စွာဖြင့် အော်မိသေးသည်။
“အား … သ … သရဲ…”
ထန်ရှုက သူ၏အာရုံခံချက်ကို ပြန်ရုတ်သိမ်းလိုက်ကာ အိုးရန်လူလူအား တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းကိုက်သွားသည်ဟုပင် ခံစားလိုက်ရသည်။ သူသည် ရှန်းကျန်၏ အဓိကအမြုတေအတွင်းသို့ သူ၏အသိစိတ် ဝင်ကြည့်နေသောကြောင့် လူလူ ရောက်ရှိလာသည်ကို သတိမထားမိလိုက်ပေ။ ယခု သူမသည် ရှန်းကျန်၏ အသွင်အပြင်ကို မြင်လိုက်ပြီဖြစ်သောကြောင့် သူမအား ရှင်းပြရန်အတွက် အတော်ပင် ခေါင်းကိုက်ရပေမည်။
ဆန့်ကျင်ဘက်အနေနှင့် ရှန်းကျန်သည် လူလူကို မြင်သော်လည်း ပုံမှန်မဟုတ်သော အမူအရာကို ပြသခြင်းမရှိဘဲ သူမ၏တောင်ပံများကို တဖျတ်ဖျတ် ခတ်လျက် လူလူ၏အရှေ့သို့ ရောက်လာကာ ဖော်ရွေသော ပုံစံဖြင့် သူမ၏လက်ကို ထုတ်ပေးရင်း
"ဟဲလို … လှပတဲ့ အရှေ့တိုင်းအမျိုးသမီးလေး။ ငါက ဆော့လ်ဘတ်စ်မြို့က ရှန်းကျန်ပါ။"
လူလူသည် တံတွေးကို အသည်းအသန် မျိုချလိုက်ပြီး ပြူးကျယ်သော မျက်လုံးများဖြင့် ရှန်းကျန်နှင့် ထန်ရှုအား လူးလာခေါက်တုံ့ ကြည့်မိသည်။ သူမသည် သတိကြီးစွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး တုန်တုန်ရီရီအသံဖြင့်
“ဟယ်လို … ငါက ကျင်းမန်ကျွန်းက အိုးရန်လူလူပါ။”
"ကျေးဇူးပြုပြီး ငါ့ကို မကြောက်ပါနဲ့ မစ္စအိုးရန်။ ငါက အမှောင်လောကတစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့် မကောင်းတဲ့ သွေးမျိုးနွယ် မဟုတ်ပါဘူး။ နောက်ပြီး မစ္စတာထန်က ငါ့အသက်ကို ကယ်တင်ခဲ့သလို ငါ့ခွန်အားကို မြှင့်တင်ပေးခဲ့သူပါ။ နင့်မှာ သူ့ရနံ့နဲ့ အော်ရာ ရှိနေတယ်။ ဒါကြောင့် နင်က သူ့မိန်းမ ဖြစ်ရမယ်။ ဆိုတော့ နင့်ကိုလည်း ကျေးဇူးရှင်လို့ ပြောလို့ရတာပေါ့။"
ရှန်းကျန်က ပြောလိုက်သည်။
သွေးမျိုးနွယ်… ကယ်တင်လိုက်သည်… ကျေးဇူးရှင်…
လူလူ၏နှလုံးသားသည် တုန်လှုပ်နေပြီး တဒိတ်ဒိတ် ခုန်နေသည်။ သူမသည် ဖျစ်ညစ်ပြုံးကာ ခေါင်းညိတ်ပြပြီးနောက် ပျာယာခတ်နေသည့် အမူအရာဖြင့် ထန်ရှု၏အရှေ့သို့ ချက်ချင်း အပြေးရောက်သွားသည်။ ထို့နောက် ထန်ရှု၏ဘေးတွင် ထိုင်ချပြီးနောက် သူ၏လက်မောင်းအား အားဖြင့်ဆုပ်ကိုင်လိုက်ပြီး
"ဒီအခြေအနေက ဘာတွေလဲ။ ကမ္ဘာပေါ်မှာ သွေးစုပ်တဲ့ အကောင်တစ်ကောင် ဘယ်လိုရှိနိုင်မှာလဲ … ဟင့်အင်း … မမှန်သေးဘူး … သွေးမျိုးနွယ်ကောင် ဘယ်လို ရှိနိုင်မှာလဲ။”
"စကြဝဠာက အဆုံးမဲ့ဖြစ်တဲ့အတွက် ထူးဆန်းတဲ့ အရာတိုင်း ရှိဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ငါတို့ လူသားတွေက သားရဲတွေ၊ ငှက်တွေနဲ့အတူ ရှိနေတာမို့ သွေးမျိုးနွယ်တွေကရော ဘာလို့ မရနိုင်ရမှာလဲ။ ဒါပေမယ့် ကျင့်ကြံသူဖြစ်ဖြစ် ဒါမှမဟုတ် သွေးမျိုးနွယ်ဖြစ်ဖြစ် အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ အင်အားစုတွေဖြစ်လို့ သာမန်လူတွေ ရှာတွေ့ဖို့ဆိုတာ ခက်ခဲတယ်။ တကယ်လို့ သာမန်လူတွေက သူတို့တွေကို ရှာတွေ့သွားတယ်ဆိုရင် မြင်ဖူးသွားတဲ့သူတွေကို သူတို့ရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ နည်းလမ်းအမျိုးမျိုး သုံးကြလိမ့်မယ်။ သတ်တောင်မှ သတ်ပစ်နိုင်လိမ့်မယ်။ ဒါ တကယ်ကို ဆိုးတာပဲ။ ဗန်ပိုင်းယားကောင်တစ်ယောက်အဖြစ် ရှန်းကျန်ရဲ့ လျှို့ဝှက်ချက်ကို အခုပဲ မင်း တွေ့လိုက်တယ်။ သူမ မင်းကို သတ်မယ်လို့ မင်း ထင်လား။"
“ငါ … ငါ … ငါ…”
လူလူ၏မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်သွားပြီး ထန်ရှုထံသို့ ချက်ချင်းပင် ကြောက်လန့်တကြား ချဉ်းကပ်လာသည်။ သို့သော် သူမ၏ကြောက်ရွံ့နေသော အကြည့်သည် စက္ကန့်အနည်းငယ်သာ ကြာလိုက်ကာ သူမသည် ချက်ချင်း တုံ့ပြန်လာပြီး ထန်ရှု၏လက်မောင်းအား ရှက်ဒေါသဖြင့် ရိုက်ရင်း ဘောက်ဆတ်ဆတ် ပြန်ပြောလိုက်သည်။
“သူက ငါ့ကို ဘယ်လို သတ်နိုင်မှာလဲ။ နင့်ကိုတောင်မှ မသတ်တာကြီးကို။ နောက်ပြီး နင်က သူ့ရဲ့ကယ်တင်ရှင် ဖြစ်သလို ငါကလည်း သူ့ရဲ့ကယ်တင်ရှင်တစ်ပိုင်းလေ။ သူက ငါ့ကို ဘယ်လိုသတ်မှာလဲ။ ကောင်စုတ်ရီး … နင် ငါ့ကို ကြောင်တောင်တောင် ဖြစ်သွားအောင် လုပ်ချင်နေတာပဲ။"
ထန်ရှု ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လူလူ ကြောက်လန့်တကြားဖြစ်သည်ကို မြင်ရခဲသောကြောင့် သူ့အတွက် တကယ်ရွှင်မြူးစရာကောင်းနေပေသည်။ သူမ၏ပခုံးကို ပွေ့ဖက်ပြီးနောက် ထန်ရှုက ပြုံးပြီး ပြောသည်။
"လူလူ … ငါ့ရဲ့အဆင့်အတန်းက ကျင့်ကြံသူတစ်ယောက်ဆိုတာ မင်း သိပြီးပြီလို့ ငါ ထင်တယ်။ ရှန်းကျန်ရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ ဗန်ပိုင်းယားတစ်ယောက်ဆိုတာကို လျှို့ဝှက်ထားပေးပါ။ လူတွေက သွေးမျိုးနွယ်စုရဲ့တည်ရှိမှုအပေါ် နက်ရှိုင်းစွာ ကြောက်ရွံ့ကြလို့ အဲ့ဒါကို အပြင်မှာ မထုတ်ဖော်ပါနဲ့။ မင်း သူ့ကို ဒုက္ခပေးမိတာမျိုး ငါ မဖြစ်စေချင်ဘူး။"
"စိတ်အေးအေးထားပါ။ အဲ့ဒီလောက်တော့ ငါ သိပါတယ်။" လူလူ ခေါင်းညိတ်လိုက်သည်။ သည်တစ်ခါတော့ သူမ၏အမူအရာလေးသည် ချစ်စရာကောင်းနေပေသည်။
ထို့နောက် ထန်ရှုက ရှန်းကျန်ကို လှည့်ကြည့်ကာ "ကောင်းပြီ။ မင်းရဲ့တောင်ပံတွေကို ပြန်သိမ်းလိုက်ပါဦး။ မင်း ဒီမှာ ခဏလောက် နေရတော့မယ်ဆိုတော့ မင်းရဲ့နေ့စဉ်စားသုံးမှုအတွက် သေချာရအောင် လတ်ဆတ်တဲ့သွေးရှာဖို့ လူတချို့ကို ငါ ဆေးရုံလွှတ်လိုက်မယ်။ ဒါပေမယ့် ငါ့ခွင့်ပြုချက်မရဘဲ မင်း ဒီအဆောက်အဦးကနေ ထွက်သွားလို့မရဘူး။"
"ဒါပေမယ့် မစ္စတာထန် … ကျွန်မ ခေါင်မိုးကိုတော့ သွားလို့ရမလား။" ရှန်းကျန်က မဝံ့မရဲ မေးလိုက်သည်။ "ကျွန်မလိုသွေးမျိုးနွယ်က သွေးတွေကို သောက်သုံးရုံတင်မကဘဲ လရောင်အောက်မှာ လရောင်စွမ်းအားကို စုပ်ယူတာကလည်း ကျွန်မတို့ရဲ့ ကျင့်ကြံနည်းစနစ်ကို အထောက်အကူဖြစ်စေလို့ပါ။"
လရောင်ကို စုပ်ယူခြင်းလား…
ထန်ရှုသည် သူ လေ့လာအကဲခတ်ခဲ့သော သူမ၏တောင်ပံများပေါ် ရှိ မျဉ်းကြောင်းများကို ရုတ်တရက် သတိရသွားသည်။ သည်မျဉ်းကြောင်းများ၏လမ်းကြောင်းများသည် သူ့စိတ်ထဲတွင် ရုတ်ခြည်းပင် ပေါ်လာသောကြောင့် သူ၏မျက်လုံးများကို ချက်ချင်း မှိတ်လိုက်သည်။ သူ ပိုပြီးသတိရသွားလေလေ … သူ့အမူအရာက ပိုမိုအံ့သြသောအသွင် ဖြစ်လာလေလေဖြစ်သည်။ နောက်ဆုံးတော့ သူ၏မျက်လုံးများကို ပြန်ဖွင့်ပြီး ရှန်းကျန်အား သူမ၏အတောင်ပံများကို ပြန်ဖြန့်ရန် အမိန့်ပေးလိုက်ကာ ဂရုတစိုက် စောင့်ကြည့်အကဲခတ်သည်။
“အံ့ဩစရာပဲ။ ဒါ တကယ့်ကို အံ့ဩစရာပဲ။”
ထိုအရာကို လေ့လာနေစဉ်တွင် ထန်ရှု၏ရင်တွင်း၌ အံ့အားသင့်မှုများ ပိုမိုနက် ရှိုင်းလာသည်။ သူ၏စိတ်လှုပ်ရှားမှုများ ပိုမိုထင်ရှားလာပြီး သူ့မျက်လုံးများက ပိုပိုပြီးအရောင်လက်လာသည်။
နာရီဝက်ကြာပြီးနောက် ထန်ရှုက လူလူကို စာရွက်နှင့် ဘောပင် ရှာခိုင်းပြီး ထိုစာရွက်ပေါ်တွင် ပုံစံတစ်ခု၏ အနားသတ်မျဉ်းအချို့ကို အမြန်ရေးဆွဲသည်။ မိနစ်အနည်းငယ်အတွင်း သူသည် ပြီးပြည့်စုံသော ပုံစံတစ်ခုကို ရေးဆွဲခဲ့ပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်ရှိ မူလဖရိုဖရဲစွမ်းအားသည် ပုံစံထဲသို့ စိမ့်ဝင်သွားသည်နှင့် အမှောင်ထုထဲတွင် အားနည်းသော စုပ်ယူမှုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ဖျော့တော့ကာ လွန်စွာ အားနည်းသည်။ လရောင်အတွင်းပါရှိသော စွမ်းအင်သည် အားနည်းသော ကျင့်ကြံသူပင် နားမလည်နိုင်သော အရာတစ်ခုဖြစ်သော်လည်း စာရွက်ပေါ်ရှိ ပုံစံထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။
နေ့ခင်းဘက်တွင် လရောင်သည် အလွန်ပါးလွှာသည်။
ထန်ရှုက သည်အချက်ထိ တွေးကြည့်သည်။ သူက ရုတ်တရက် လက်ခုပ်တီးကာ ပြုံးရင်း
“ကောင်းတယ်။ သိပ်ကောင်းတယ်။ မရည်ရွယ်တဲ့ လှုပ်ရှားမှုကနေ မထင်မှတ်ထားတဲ့ ရလဒ်တွေကို သယ်ဆောင်လာမယ်လို့ မမျှော်မှန်းထားမိဘူး။ ဒီအခွင့်အရေးကြီးကို ရခဲ့တာ အံ့သြစရာပဲ။”
ဒါ အမှန်ဖြစ်သည်။ သည်ဟာသည် တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပင်တည်း။ သူ၏ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်မှ အဓိက စုပ်ယူခဲ့သော စွမ်းအားမှာ ကြယ်များမှ စွမ်းအားဖြစ်သည်။ လသည် ကြယ်တစ်မျိုးဖြစ်ပြီး လရောင်ကိုလည်း သူ စုပ်ယူနိုင်မည်မှာ သဘာဝပင်။ အကယ်၍ သူသည် ဤပုံစံအတိုင်း အစီအရင်တစ်ခုကို စီစဉ်ထားမည်ဆိုပါလျှင် ၎င်းသည် စုပ်ယူမှုကို မြန်ဆန်စေပြီး သူ၏ကျင့်ကြံမှုနှုန်းကို အဆများစွာ တိုးတက်စေမည်မှာ သေချာပေသည်။
နေဝင်ရီတရောအချိန်တွင် ခရီးသွားရသဖြင့် ပင်ပန်းနွမ်းနယ်နေသော မိုရီသည် သုခဘုံနယ်မြေစံအိမ်သို့ ရောက်လာသည်။ သူ့ပုံပန်းသဏ္ဍာန်သည် အနည်းငယ် ရှုပ်ပွနေပြီး ဆံပင်ဖြူများက အတော်ပင် ဖရိုဖရဲ ဖြစ်နေသည်။ ထို့ကြောင့် သုခဘုံစံအိမ်၏ လုံခြုံရေးအစောင့်များက သူ့ကို တားဆီးခဲ့သည်။
"ငါ့ကို ဝင်ခွင့်ပြုပါ … ငါ လူတစ်ယောက်ကို ရှာနေတာပါ။"
မိုရီသည် ထန်ရှုကို တွေ့ရန် စိတ်အားထက်သန်နေသည်။ ထန်ရှုက သူ့အား မည်သည့်အတွက်ကြောင့် သည်နေရာသို့ တစ်ယောက်တည်း လာခိုင်းသည်ကို သိချင်နေသောကြောင့် သူ၏လေသံက မာဆတ်ဆတ် ဖြစ်နေသည်။
လုံခြုံရေးအစောင့်တစ်ဦးမှ မျက်နှာသုတ်ပုဝါတစ်ထည်ကို လှမ်းပေးလိုက်ပြီး “ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ။ ငါ့ကို ပြောပြရင် အဲ့ဒီလူကို ကူရှာပေးပါ့မယ်။"
မိုရီသည် သူ့ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်သည်။ သူ အရမ်းစိုးရိမ်ခဲ့ပြီး အလျင်စလို ဖြစ်နေသောကြောင့် ဓာတ်ခွဲခန်းထဲမှ ဖုန်မှုန့်များ ကပ်နေခဲ့သည်။ သူ့ကိုယ်သူ သန့်စင်ပြီးတောင်မှ ဖုန်မှုန့်များစွာ တင်ကျန်နေသေးသည်။ သူ့ဆံပင်ဖြူများပေါ်မှာပင် မီးခိုးရောင်ဖုန်မှုန့်မျာ ရှိနေခဲ့သည်။ မသိသောသူများအတွက် သူသည် ရွေ့ပြောင်းအလုပ်သမား အဘိုးအိုအလားပင်။
"ငါ ထန်ရှုကို ရှာနေတာပါ။ သူ … ဟုတ်တယ်။ ငါ ဒီကို ရောက်တာနဲ့ အိုးရန်လူလူကို ပြောပြလိုက်ရင် အိုးရန်လူလူက သူ့ဆီ ခေါ်သွားလိမ့်မယ်တဲ့။"
လုံခြုံရေးအစောင့်များ၏အမူအယာများ ပြောင်းလဲသွားကာ ၎င်းတို့ထဲမှ တစ်ဦးက စကားပြောစက်ကို ချက်ချင်းယူကာ သတင်းစကား ပေးပို့ခဲ့သည်။ သိပ်မကြာမီ ရှုခင်းကြည့်ကားတစ်စီးက ရောက်လာပြီး သားမွေးကုတ်အင်္ကျီကို ဝတ်ထားသည့် လူလူက စူးစမ်းသောမျက်နှာဖြင့် မိုရီကို ကြည့်ကာ
“ရှင်က ပါမောက္ခမိုလား။”
သူ့ကို လာခေါ်သော မိန်းကလေးက သည်လောက် ချောမောလိမ့်မည်ဟု မိုရီ မမျှော်လင့်ထားချေ။ သူက ခေါင်းညိတ်ပြပြီးနောက်
"ထန်ရှု … ဘယ်မှာလဲ။ ငါ သူ့ကို ချက်ချင်း တွေ့ဖို့ လိုတယ်။"
လူလူ နှုတ်ခမ်းစူလိုက်သည်။ သူမက ခပ်ဖျော့ဖျော့ ပြုံးကာ
“သူ အခု သူ့အရုပ်အသစ်နဲ့ ကစားနေတယ်။ ကောင်းပြီ … ပရော်ဖက်ဆာမို … ကျွန်မ ရှင့်ကို သူ့နဲ့တွေ့ဖို့ ခေါ်သွားမယ်။ အဟုတ်ပဲ … အဲ့ဒီမှာ ရှင့်အတွက် အံ့အားသင့်စရာတွေလည်း ရှိလိမ့်မယ်။"
***