← Chapters

အသက်ကြီးသူတစ်ဦး၏ အရှိုက်ထိသွားသော ဂုဏ်သိက္ခာ

Vol. 51 Ch. 706

အသက်ကြီးသူတစ်ဦး၏ အရှိုက်ထိသွားသော ဂုဏ်သိက္ခာ

Vol. 51 Ch. 706

မိုရီသည် အဘိုးအိုတစ်ဦးဖြစ်ပြီး သူ့ဘဝတွင် အံ့ဩစရာများစွာကို တွေ့ကြုံခဲ့ဖူးသောကြောင့် ထိုစကားကြောင့် သူ့နှလုံးသားထဲတွင် လှိုင်းမထပေ။ သူသည် လူလူ၏အနောက်မှ လိုက်ပါလာပြီး သုခဘုံစံအိမ်၏အနက်ရှိုင်းဆုံးနေရာတွင်ရှိသော အနောက်တိုင်းပုံစံအဆောက်အဦးသို့ ရောက်လာသည်။ ထို့နောက် မိုရီက ကားပေါ်မှ ဆင်းကာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတညိတ်ညိတ်ကြည့်ရင်း

“ဒီသုခဘုံစံအိမ်က ပတ်ဝန်းကျင်ကောင်းလေး ရှိတယ်။ တကယ်ကို အငြိမ်းစားယူပြီး အသက်ကြီးလာရင် အချိန်ကုန်ဆုံးဖို့ နေရာကောင်းတစ်ခုပဲ။”

ဒီနေရာမှာ ပင်စင်ယူပြီး အနားယူချင်တာလား။

အိုးရန်လူလူ သူမ၏မျက်လုံးများကို တိတ်တဆိတ် လှိမ့်လိုက်မိသည်။ သည်သုခဘုံစံအိမ်က သူမအတွက် ရွှေဥ ဥပေးနေသည့်ကြက်ကလေးသဖွယ် ဖြစ်ပေရာ သည်နေရာတွင် အနားယူချင်သော သက်ကြီးရွယ်အိုများကို မပံ့ပိုးပေးချင်သူ မည်သူများ ရှိပါလိမ့်မည်နည်း။

"ပါမောက္ခမို … ပင်ပန်းသွားရပြီ။"

ထန်ရှုသည် နိုင်ငံခြားပုံစံအဆောက်အဦးမှ ထွက်လာပြီး မိုရီကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

"မင်းက အခု ငါ့ရဲ့ သူဌေးလေ … မင်းက ငါ့ကို ဒီနေရာကို လာစေချင်တယ်ဆိုမှတော့ တတ်နိုင်သမျှ မြန်မြန်လာဖို့ လုပ်ရမှာပေါ့။ အခုခေတ်မှာ လမ်းပန်းဆက်သွယ်ရေးက တအားတိုးတက်နေတော့ သိပ်မပင်ပန်းပါဘူး။ ဒါနဲ့ မင်းဆီမှာ ငါ့အတွက် ကျေနပ်အံ့သြစရာတစ်ခု ရှိတယ်လို့ ဒီမိန်းကလေးဆီက ငါ ကြားထားတယ် အဲ့ဒါဟုတ်လား။” မိုရီက ပြုံးကာ ပြောလိုက်သည်။

ကျေနပ်အံ့သြစရာတဲ့လား…

ထန်ရှုက လူလူအား ထူးဆန်းသောအမူအရာဖြင့် ကြည့်မိသည်။ သည်မိန်းကလေးက မိုရီကို နောက်ပြောင်ဖို့ တွင်းအကြီးကြီး တူးနေတာလား။ မိုရီသာ ရှန်းကျန်၏ဗန်ပိုင်းယားကောင်သွင်ပြင်ကို ရုတ်တရက် မြင်လိုက်ပါက လန့်သေသွားနိုင်သည်။

"ဒါက ခင်ဗျားအတွက် ကျေနပ်အံ့သြစရာ ကောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ရိုးရိုးသားသား ပြောရရင် ခင်ဗျား ထိတ်လန့်သွားဖို့ ပိုများတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုပြောပါ့မယ်။ ခင်ဗျား မြင်ရမယ့်အရာက သာမာန်သက်ရှိသတ္တဝါ မဟုတ်ဘူး။"

မိုရီက ရယ်ရယ်မောမော ဆိုလိုက်သည်။ “သာမန်သက်ရှိသတ္တဝါ မဟုတ်ဘူးလား။ ဟားဟားဟား … အေးဆေးပါကွာ။ ငါက အသက်ကြီးနေပါပြီကွ။ ငါ့တစ်သက်မှာ နေရာတော်တော်များများကို ခရီးထွက်ဖူးတော့ ထူးဆန်းတဲ့ သက်ရှိသတ္တဝါတွေ၊ မျိုးစိတ်ပေါင်းများစွာကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ငါ့ရှေ့မှာ သရဲတစ္ဆေ ပေါ်လာရင်တောင်မှ မျက်မှောင်ကြုတ်မိတာ ဒါမှမဟုတ် ထိတ်လန့်မိတာမျိုးတွေ ဖြစ်မှာမဟုတ်ဘူး။”

သူ မြင်တွေ့ရမည့်အရာသည် ဗန်ပိုင်းယားကောင် ဖြစ်သည်ဟု မူလက ပြောပြချင်သော်လည်း ဤအဘိုးအိုသည် မိမိကိုယ်ကို အမွှမ်းတင် ပြောဆိုလိမ့်မည်ဟု ထန်ရှု မမျှော်လင့်ထားသောကြောင့် ထိုသူ့ကို ထိတ်လန့်စေရန် လုပ်မည်ဟု ကြံရွယ်ခဲ့သည်။ ထို့ကြောင့် ထန်ရှုက ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြီး ပြောလိုက်သည်။

"ကောင်းပြီ။ ပရော်ဖက်ဆာမိုက ထူးဆန်းတဲ့ သက်ရှိသတ္တဝါတွေကို တွေ့ဖူးတဲ့အတွက် အထဲ ဝင်ကြတာပေါ့။ သူမကို အဆင်သင့်ပြင်ထားဖို့ ပြောပြီး ခင်ဗျားကို လာစောင့်နေတာ။"

အထပ်များစွာသော နိုင်ငံခြားပုံစံ အဆောက်အဦးထဲသို့ ဝင်လာကြပြီးနောက် မိုရီသည် ဧည့်ခန်းထဲရှိ ရှန်းကျန်ကို စူးစမ်းလိုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ သို့သော် သူမကို သေချာ မြင်လိုက်ရသည်နှင့်တပြိုင်နက် သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး ခြေလှမ်းများ ယိုင်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားရသည်။ ကံကောင်းစွာဖြင့် ထန်ရှု၏တုံ့ပြန်မှုသည် ကောင်းမွန်ပြီး သူ့ကို ထူပေးလိုက်သည်။

"အဆင်ပြေရဲ့လား ပါမောက္ခမို။"

ချက်ချင်းပင် ဖြူဖျော့ကာ ထိတ်လန့်တုန်လှုပ်သွားသည့် မိုရီ၏အမူအရာကို ထန်ရှု မြင်လိုက်ရသောအခါ ငိုရခက် ရယ်ရခက်ဖြင့် မေးလိုက်သည်။

မိုရီ၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီနေကာ ရှန်းကျန်၏ဗန်ပိုင်းယားကောင်သွင်ပြင်ကို မယုံနိုင်သော အမူအရာဖြင့် ကြည့်နေသည်။ ဖြန့်ထားသော အတောင်ပံတစ်စုံ၊ သွေးရောင်လွှမ်းနေသော မျက်လုံးများနှင့် ထိုချွန်ထက်သော အစွယ်နှစ်ချောင်း...

ဒါက ဒဏ္ဍာရီလာ ဗန်ပိုင်းယားမဟုတ်လား။

မိနစ်ဝက်လောက် ကြာသောအခါ မိုရီ၏အသက်ရှူသံသည် ပုံမှန်ပြန်ဖြစ်သွားသော်လည်း ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး ထွက်ပြေးလိုသည့်စိတ်ကို ခက်ခက်ခဲခဲ တွန်းလှန်နေရသည်။ သူက အားတင်းပြုံးပြပြီး

“ထ - ထန် … သူ - သူဌေး။ ဒါ … ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကမ္ဘာပေါ်မှာ ဗန်ပိုင်းယားကောင်တွေ ဘယ်လိုရှိနေတာလဲ။”

"ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီး မတွေ့ဖူးသေးဘူးပေါ့ ပါမောက္ခမို။"

ထန်ရှု ခပ်သဲ့သဲ့ ပြုံးလိုက်သည်။

“ကမ္ဘာမြေပေါ်မှာ ဗန်ပိုင်းယားကောင်တွေ ရှိနေတာက ပျာယာခတ်စရာ လိုလို့လား။”

“ငါ … ငါ …”

မိုရီသည် တစ်စုံတစ်ယောက်က သူ့ကို ကြိမ်ဖန်များစွာ ပါးရိုက်လိုက်သည့်အလား အိုမင်းရှုံ့တွနေသော သူ၏မျက်နှာထက်တွင် ပူလောင်သော ခံစားချက်ကို ခံစားလိုက်ရပြီး ပါးစပ်အပြည့် သွေးအန်လုနီးပါး ဖြစ်သွားရသည်။ သူ့အရှက်ကို ဖုံးကွယ်ရန် သူ့ကိုယ်သူ တွင်းတူးပုန်းအောင်းလိုက်ချင်သော်လည်း ဆိုးသည်က သည်အချိန်တွင် မည်သည့်အက်ကွဲကြောင်းမှ မရှိပါချေ။ ယခင်က သူသည် ထူးဆန်းသော သက်ရှိသတ္တဝါများနှင့် တွေ့ကြုံခဲ့ဖူးသော သူ၏အတွေ့အကြုံအရ ထိုအရာကို ထိတ်လန့်စရာ၊ ပျာယာခတ်စရာ ဖြစ်မည်မဟုတ်ဟု သူ ထင်ခဲ့သည်။ သို့သော် …. သို့သော် သည်အရာက အသက်ရှင်နေသော ဗန်ပိုင်းယားဟု မည်သူက ထင်ပါမည်နည်း။

"ရှန်းကျန် … ဒါက ကမ္ဘာကျော် ဇီဝဗေဒပညာရှင် ပါမောက္ခမိုပါ။ သူက ရူပဗေဒပညာရှင်ဆိုလည်း ဟုတ်တယ်။"

ထန်ရှုက ပေါ့ပါးသော အပြုံးဖြင့် ပြောသည်။

ရှန်းကျန်က ခပ်ယဲ့ယဲ့ ပြုံးမိသည်။ သူမ အရှေ့သို့ တက်လာသောအခါ မိုရီသည် မသိလိုက်မသိဘာသာဖြင့် နောက်ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရသဖြင့် အနူးညံ့ဆုံးသော သွင်ပြင်ကို ဖော်ပြရန် ကြိုးစားလိုက်ပြီး

"ဟယ်လို ပါမောက္ခမို။ နက်ရှိုင်းတဲ့ အသိပညာနဲ့ ပါမောက္ခတွေကို ကျွန်မ တကယ်ပဲ လေးစားမိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အရမ်းနာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခုက ကျွန်မရဲ့ ဆရာတစ်ဦးက ကျွန်မကို တစ်ချိန်က အသိပညာတွေ သင်ကြားပေးခဲ့ပြီး တအားလည်း ရင်းနှီးပါတယ်။"

မိုရီ၏ခြေသလုံးများသည် အနည်းငယ် တုန်ရီနေသည်။ သို့သော် ဖော်ရွေလွန်းသော ရှန်းကျန်ကို မြင်လိုက်ရသောအခါ သူ့ကိုယ်သူ ကြိုးစားထိန်းချုပ်ပြီး “ရှန်း … ရှန်းကျန် ဟုတ်တယ်နော်။ ရိုးရိုးသားသား ပြောရရင် မင်း ... မင်းက အရမ်းအံ့သြဖို့ကောင်းတယ်။ ငါ့အမူအရာအတွက် အရင်ဆုံး တောင်းပန်ပါရစေ။ မင်းက ငါ့ရဲ့သိချင်စိတ်ကို ပြင်းပြစေတယ်။"

"သာမန်လူသားတွေက ကျွန်မကို တွေ့ရင် ရှင်လုပ်သလိုမျိုး တုံ့ပြန်တာ ပုံမှန်ပါပဲ။"

ရှန်းကျန် ပြုံးလိုက်သည်။

“ဒါပေမယ့် သွေးမျိုးနွယ်စုတွေက ပုံစံအစစ်အမှန်အတိုင်း သာမန်လူသားတွေရဲ့ရှေ့ ပေါ်ထွက်ခွင့်မပြုဘူး။ ဒါကြောင့် ဒီနေရာကို မရောက်မီထိ အခြားသူတွေ ထိတ်လန့်သွားအောင် ကျွန်မ မလုပ်ခဲ့ပါဘူး။”

စကားအနည်းငယ်ပြောပြီးနောက်တွင် ခိုင်မာသော သည်းခံနိုင်စွမ်းရှိပြီး မည်သည့်အရာကိုမဆို လက်သင့်ခံနိုင်စွမ်းရှိသော မိုရီသည် နောက်ဆုံးတွင် ရှန်းကျန်၏ဗန်ပိုင်းယားကောင် ဖြစ်တည်မှုအား မစိမ်းသက်နေတော့ပါပေ။ သူ၏ကြောက်ရွံ့မှု တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ပြင်းထန်သော စူးစမ်းလိုစိတ်က အစားထိုးဝင်လာသည်။ သူက သူမကို လှည့်ပတ်ကြည့်ပြီး သဘောတကျ သက်ပြင်းချကာ

“မယုံနိုင်စရာပဲ။ ဒါ တကယ်ကို မှန်းဆလို့မရဘူး။ ဗန်ပိုင်းယားကောင်တွေ ရှိနေတာကို စိတ်ကူးယဉ်ခဲ့ဖူးတယ် … မဟုတ်သေးဘူး။ သွေးမျိုးနွယ်စုက ဒီကမ္ဘာမှာ တကယ်ရှိတယ်။ ငါ့စိတ်ကူးတွေ လက်တွေ့ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အလှကလေး ရှန်းကျန် … မင်းရဲ့အသက် ဘယ်လောက်ရှိပြီလဲ မေးလို့ရမလား။”

“သွေးမျိုးနွယ်စုရဲ့အသက်စနစ်အရဆိုရင် ကျွန်မက အသက် ၂၀၀ ပါ။ လူသားတွေရဲ့အသက်စနစ်အရဆိုရင် လူသားမိန်းကလေး အသက် ၂၀အရွယ်နဲ့ အတူတူပါပဲ။” ရှန်းကျန်က ပြုံးပြီး ပြောသည်။

ရှူး … သူမ၏ဖြစ်တည်မှုကို လက်ခံထားသော်လည်း ဤစကားကြောင့် မိုရီ ထိတ်လန့်နေဆဲဖြစ်သည်။

သူမရဲ့အသက်က ၂၀၀။ ဒါပေမယ့် အသက်နှစ်ဆယ်ကျော်အရွယ် လူသားတစ်ဦးနဲ့ အလားတူသတဲ့လား။ ဒါ ... ကောင်းကင်ဘုံကြီးက တကယ်ကို မမျှတဘူးပဲ…

မိုရီ၏စိတ်ထဲ အပူလုံးကြွကာ ယူကျုံးမရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ထန်ရှုကို လှည့်ကြည့်ပြီး

"သူဌေး … ငါ့ကို သွေးမျိုးနွယ်စုရဲ့အလှလေးကို တွေ့ဖို့ ရှန်ဟိုင်းကို လာခိုင်းတာလား … ဘာအတွက်များလဲ။"

"သူမကို လေ့လာဖို့လေ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

မိုရီ၏မျက်လုံးများ အရောင်တောက်ပလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ ဗန်ပိုင်းယားတစ်ကောင်ကို လေ့လာဖို့လား။ ဤကြီးမားသောအခွင့်အရေးကို ကမ္ဘာပေါ်တွင် ရရှိသော ဇီဝဗေဒပညာရှင်မှာ သူတစ်ဦးတည်းများ ဖြစ်လေမလား။ သူမကို လေ့လာပြီးနောက် ဇီဝဗေဒဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုများစွာကို ရှာတွေ့နိုင်ပြီး လူသားတွေအတွက် အရေးကြီးတဲ့ ရလဒ်များစွာကို ငါ ရနိုင်တယ်။

"ငါ သဘောတူတယ်။"

"ခင်ဗျား သဘောတူပြီးတာနဲ့ လိုအပ်တဲ့ ပစ္စည်းစာရင်းကို ပြုစုပြီး ကျွန်တော့်ဆီ ပေးပါ ပရော်ဖက်ဆာမို။ လူတချို့ကို ခင်ဗျားအတွက် ဝယ်ပေးဖို့ ကျွန်တော် တာဝန်ပေးပါ့မယ်။" ထန်ရှုက ပြုံးလျက် ပြောသည်။

"ဒါပေမယ့် ရှန်းကျန်ရဲ့ဂုဏ်ပုဒ်က အရမ်းထူးခြားလို့ ခင်ဗျား သူမနဲ့ ပူးပေါင်းပြီး သုတေသနကို ဒီမှာပဲ လုပ်လို့ရမယ်။ နောက်ပြီး ရှန်းကျန်ကို တွေ့မြင်ရတာနဲ့ ပတ်သက်လို့ ဘယ်အရာကိုမျှ ထုတ်ဖော်ဖို့ မလိုဘူး။ ရလဒ်တွေ အောင်မြင်ရင်တောင်မှ အရာအားလုံးကို လျှို့ဝှက်ထားရမယ်။”

မိုရီက အသေအချာ ခေါင်းညိတ်ပြီး

“စိတ်ချပါ သူဌေး။ မင်းပြောတဲ့အတိုင်း ငါ လုပ်ပါ့မယ်။"

****

ရှန်ဟိုင်း …  ဘန်း ခေါ် ဝှိုက်ထန် …

(Charm Ming Nge - The Bund သို့မဟုတ် Waitan 'အပြင်ဘက်ကျသော ကမ်းခြေ') သည် ကမ်းနားနယ်မြေဖြစ်ပြီး ရှန်ဟိုင်းအလယ်ပိုင်းရှိ ကာကွယ်ခြင်းခံထားရသော သမိုင်းဝင်နယ်မြေတစ်ခု ဖြစ်သည်။)

ချင်းရှောင်ယန်သည် ဦးထုပ်တစ်လုံးနှင့် အနက်ရောင် လေကာကာအင်္ကျီကို ဝတ်ဆင်ထားပြီး မြစ်ကမ်းနားရှိ အကာလက်ရန်းအား မှီရပ်နေသည်။ ခပ်လှမ်းလှမ်းမှ လျှောက်လာသော သွယ်လျသည့် အမျိုးသမီးကို ကြည့်ရင်း သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ရှန်ဟိုင်းကို ဘာက ခေါ်လို့ ရောက်လာတာလဲ သခင်လေးချင်း။             ဘာလို့ အပြာရောင်မြို့ မှာ လိမ်လိမ်မာမာ မနေတာတုန်း။ ကျန်းကောင်လေးက နင် ရှန်ဟိုင်းမှာ ရှိနေတာကို သိရင် နင့်မျက်လုံးတွေကို လိမ်းဆေးသုံးရတော့မှာ နင် မကြောက်ဘူးလား။"

ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့သော ထိုအမျိုးသမီးသည် နို့နှစ်ရောင်ကုတ်အင်္ကျီနှင့် အပြာနုရောင်ပဝါအား ဆင်မြန်းကာ ဒေါက်မြင့်ဖိနပ်ကို စီးလျက် တင့်တယ်စွာ လျှောက်လှမ်းလာသည်။ သူမ၏မျက်နှာထက်တွင် ကျီစယ်လိုသော အပြုံးတစ်ခု ရှိနေပြီး သူမ၏အသံ တိုးတိတ်သွားသည့်တိုင်အောင် သူမ၏ ရေမွှေးရနံ့လေးသည် ခပ်ဖျော့ဖျော့ ရနေဆဲဖြစ်သည်။

ချင်းရှောင်ယန်က သူ၏လက်များကို အင်္ကျီအိတ်များထဲ ထည့်ရင်း ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

"ကျန်းမိသားစုက အဲ့ဒီကောင်ကို အခု အိမ်မှာ ချုပ်ထားတယ်လို့ ငါ ကြားတယ်။ အဲ့ဒီကောင်က ပုဂ္ဂိုလ်ကြီးကြီးမားမား ဒါမှမဟုတ် တစ်ခုခုကို ပြစ်မှားလိုက်ပုံပဲ။ နို့မဟုတ်ရင် ငါဆိုတဲ့လူက သူ့ကိုယ်ပိုင်မြက်ခင်းဖြစ်တဲ့ ရှန်ဟိုင်းမှာ ဘယ်လို ရှိနိုင်မှာလဲ။ ဒါနဲ့ ကျန်းက မင်းကို လိုက်နေတာ နှစ်နှစ်ကျော်သွားပြီလို့ ငါ ကြားတယ်။ မင်း သူ့ကို အလျှော့မပေးသေးဘူးလား။"

ချောမောလှပသော ထိုအမျိုးသမီးက မျက်လုံးပြူးကာ ညည်းတွားသည်။

"ကျန်းကျိထောင်သာ တကယ် အရည်အချင်းရှိခဲ့ရင် ငါ စဉ်းစားလို့ ရသေးတယ်။ ဒါပေမယ့် သူက အတွေ့အကြုံ နည်းလွန်းတယ်။ သခင်လေးချင်း … နင်ရော ဘယ်လိုလဲ။ ဒီအမျိုးသမီးလေးကို လုံးဝ စိတ်မဝင်စားဘူးလား။ နင် အမျိုးသမီးတွေကို မကြိုက်ဘူးလို့ မပြောနဲ့နော်။"

ချင်းရှောင်ယန်က မျက်လုံးလှိမ့်လိုက်ပြီး

"ငါတို့ သင့်တော်တဲ့စကား ပြောလို့ရမလား နီကျဲ။ နောက်ပြီး မင်းက ငါ့ထက် နှစ်အနည်းငယ် ပိုကြီးတယ်လေဗျာ … ငါ့ကို နည်းနည်းလောက် လျှော့ပေးလို့မရဘူးလား။”

"ဟီးဟီး … ငါက အဲ့လိုပြောရတာ ပျော်တယ်လေ။" နီကျဲက ရယ်သည်။

“ဒီနှစ်တွေမှာ မင်း နည်းနည်းလေးမှ မပြောင်းလဲဘူးပဲ။ ငါ မင်းနဲ့ ဆွေးနွေးဖို့ အရေးကြီးတာတစ်ခု ရှိတယ်။ လမ်းလျှောက်ရင်းနဲ့ စကားပြောကြမယ်လေ ဘယ်လိုလဲ။" ချင်းရှောင်ယန်က အပြုံးဖြင့် ခေါင်းတယမ်းယမ်းဆိုလိုက်သည်။

"အနီးနားက ကော်ဖီဆိုင်ကို သွားရင်ရော။ ကြောင်ကတိုးကော်ဖီက အဲ့ဒီနေရာမှာ ရတယ်။ သူ့ရဲ့အရသာက ဒေသထွက်အစားအစာတစ်မျိုးပဲ။"

"မင်းတိုက်လေ။"

"ပြသနာ မရှိဘူး။"

****

ပင်းကျန်အရပ် ပိုဒိုကော်ဖီဆိုင်…

တင့်တယ်ထည်ဝါသော ကော်ဖီဆိုင်တွင် ငြိမ့်ညောင်း ပေါ့ပါးသော တေးဂီတသံများ ပျံ့လွင့်နေသည်။ ဧည့်သည်အနည်းငယ်သာ ရှိသော်လည်း ၎င်းတို့အားလုံးသည် အောင်မြင်နေသူများ၏ ပုံစံအပြုအမူ ရှိကြပြီး စတိုင်လ်ကျကျ ဝတ်စားထားကြသည်။ လျှောက်လမ်းဘေး ပြတင်းပေါက်နားရှိ နေရာတစ်ခုတွင် ကျန်းကျိထောင်သည် ဆိုဖာပေါ် မှီထိုင်နေရင်း ပြင်းပြသော မျက်ဝန်းတို့ဖြင့် ထောင့်စွန်းရှိ အမျိုးသမီးတစ်ဦးကို စူးစိုက်ကြည့်နေသည်။ ထိုအမျိုးသမီးမှာ ရွှယ်ယုဖြစ်သည်။

မရေမတွက်နိုင်အောင် လှပသောအမျိုးသမီးများစွာကို သူ တွေ့မြင်ဖူးသော်လည်း ဆိတ်ငြိမ်သော ချိုင့်ဝှမ်းတစ်ခုတွင် ဖူးပွင့်နေသည့် သစ်ခွပန်းတစ်ပွင့်ကဲ့သို့ အော်ရာတစ်ခု ပေးစွမ်းနိုင်သော အမျိုးသမီးတစ်ဦးသည် သူ တစ်ခါမှ မမြင်ဖူးသော အမျိုးသမီးမျိုး ဖြစ်သည်။ သူမသည် ကောင်းကင်ကိုးဘုံမှ ကမ္ဘာမြေသို့ ဆင်းသက်လာသော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးသဖွယ် မသန့်စင်မှုအနည်းငယ်မျှပင် မရှိဘဲ ဖြူစင်သန့်ရှင်းနေဟန်ရသည်။ သူမသည် အလွန်ရှားပါးပြီး မွန်မြတ်လှသောအသွင် ရှိသည်။

ကျန်းကျိထောင်၏နှလုံးသားလေး တဆတ်ဆတ်တုန်ကာ လှုပ်ရှားနေသည်။

ကလေးဘဝကစပြီး အရွယ်ရောက်သည့်အထိ သူ့နှလုံးသားကို လှုပ်ရှားနိုင်သော အမျိုးသမီးအရေအတွက်သည် ရွှယ်ယုအပါအဝင် သုံးယောက်ထက် မပိုပေ။ သူမနှင့် စကားတိုက်ရိုက်ပြောရန် မကြိုးစားရသည့် အကြောင်းရင်းမှာ သည်အမျိုးသမီးကို အဝေးတစ်နေရာကပဲ မြင်နိုင်ပြီး ပြစ်မှားရန် မဟုတ်သည့် ရယ်စရာကောင်းသော ခံစားချက်တစ်ခု သူ့တွင် ရှိနေသောကြောင့်ပင် ဖြစ်တော့သည်။

"ကောင်းပြီ။ ပြတင်းပေါက်နား ထိုင်ရအောင်။"

နီကျဲက ဘေးပတ်လည်ကို ကြည့်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။ ကျန်းကျိထောင်က သူတို့ကို နောက်ကျောပေးထားသောကြောင့် သူမ မမြင်ခဲ့ပေ။

“ကောင်းပြီ။” ချင်းရှောင်ယန်သည် သူမနှင့် ဆွေးနွေးရန် တစ်ခုခု ရှိနေသောကြောင့် သူတို့ထိုင်မည့်နေရာကို သူ ဂရုမစိုက်ပေ။ သို့သော် ပြတင်းပေါက်နားရှိ ထိုင်ခုံများဆီသို့ သွားရာတွင် ကျန်းကျိထောင်၏စားပွဲနားမှ ဖြတ်သွားရသည့်အခါ ကျန်းကျိထောင်အား ထိုနေရာတွင် မြင်လိုက်ရသဖြင့် ချင်းရှောင်ယန်သည် ယခုအချိန်တွင် အေးခဲသွားသည့်အလားပင်။

"ဘာဖြစ်တာလဲ။"

ချင်းရှောင်ယန်၏အမူအရာသည် သဘာဝမကျ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် နီကျဲသည် နောက်သို့ လှည့်ကြည့်လိုက်ရာ အတွင်းထောင့်တစ်နေရာအား စူးစူးစိုက်စိုက်ကြည့်နေသော ကျန်းကျိထောင်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူမ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

"အိုး … ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ။"

ချင်းရှောင်ယန်က ခါးသီးသော အပြုံးကို ဖျစ်ညစ်ထုတ်လိုက်ပြီး ကျန်းကျိထောင်ဆီသို့ ချက်ချင်း သွားကာ ကူကယ်ရာမဲ့သော အမူအရာဖြင့်

"သခင်လေးကျန်း … ငါ ရှန်ဟိုင်းမှာ ဘာမှ ဆူဆူညံညံ မလုပ်ပါဘူး။ ဒါပေမယ့် အရေးကြီးကိစ္စ ဆွေးနွေးဖို့ နီကျဲနဲ့ တွေ့ပြီး သူမရဲ့အကူအညီ တောင်းဖို့ ရှိတယ်။ ရှန်ဟိုင်းက ဒီလောက်သေးငယ်ပြီး မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။”

ကျန်းကျိထောင်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ကြည့်လိုက်ရာ ချင်းရှောင်ယန်မှန်း သူ သိပြီးနောက် ချက်ချင်း လက်ယပ်ခေါ်လိုက်သည်။

“အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အသေးအဖွဲလေးကို မေ့လိုက်ပါ။ နောက်ပြီး အဲ့ဒီတုန်းက ကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။ ငါ့ရဲ့ခြိမ်းခြောက်မှုကို မင်း မှတ်မထားနဲ့။ မင်း လုပ်စရာရှိတာ ဦးစားပေး လုပ်။ အခု ငါ မင်းနဲ့ စကားပြောဖို့ အချိန်မရှိသေးဘူး။"

***

All Chapters