ဦးလေးမှ ဖယ်ရှားခြင်း
Vol. 51 Ch. 707
ချင်းရှောင်ယန်၏နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု တွဲခိုသည်။ စကြာဝဠာအနုပညာ မီဒီယာကုမ္ပဏီ တည်ထောင်ရန် အစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက် တော်ဝင်ဂီတအကယ်ဒမီကျောင်းမှ ထူးချွန်သော ကျောင်းသားအချို့ကို ရှာဖွေတွေ့ရှိရန် ရည်ရွယ်၍ သူသည် အပြာရောင်မြို့တွင် အချိန်အတော်ကြာ နေခဲ့သည်။
ရလဒ်အနေဖြင့် ထိုမြို့တွင် ရှိစဉ်က ကျန်းကျိထောင်ကို မတော်တဆ ဝင်တိုက်မိပြီး အသေးစား အငြင်းပွားမှုတစ်ခုကြောင့် သူ့သူငယ်ချင်းသည် အတန်ငယ် ဆုံးရှုံးခဲ့ရကာ နှိမ့်နှိမ့်ချချနေရန် ခြိမ်းခြောက်မှုပင် ခံခဲ့ရသည်။ ယခုလည်း သူသည် ရှန်ဟိုင်းရှိ ကျန်းကျိထောင်နှင့် ထပ်မံဆုံတွေ့ခဲ့ပြန်သည်။ သူသည် အပေါ်ယံတွင် နှိမ့်ချပြီး ကြောက်ရွံ့သော အမူအရာများကို ပြသထားသော်လည်း ဤလူက သောင်းကျန်းပြီး လွန်လွန်ကျူးကျူးပြုမူပါက ဤလူကို သူကိုယ်တိုင် အမှန်တစ်ကယ် ဆုံးမရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားသည်။
သို့သော် ထိုသူက ငြင်းခုံမှုကို ဆက်မလုပ်ချင်သည့်အပြင် သူ့ကိုလည်း နှောင့်ယှက်လိုစိတ် မရှိသည်ကို မည်သူက သိပါမည်နည်း။
ကျန်းကျိထောင်ကို တွေ့ပြီးနောက် နီကျဲသည် သူ့အကြည့်များအတိုင်း လိုက်ကြည့်ရာ စာအုပ်တစ်အုပ်ကို တိတ်တဆိတ်ဖတ်နေသော ရွှယ်ယုအား တွေ့ခဲ့သည်။ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်ငြား ရွှယ်ယု၏သွင်ပြင်ကြောင့် အံ့အားသင့်နေရသေးပြီး ရွှယ်ယု၏ ကိုယ်ဟန်အမူအရာအောက်တွင် ကျရှုံးခဲ့ရပါသေးသည်။ ကျန်းကျိထောင်၏အရှေ့တွင် သူမ ရပ်နေသော်လည်း အဘယ်ကြောင့် သူမကို မမြင်ရသည်ကို နောက်ဆုံးတွင် နီကျဲ သဘောပေါက်သွားသည်။
"အဲ့ဒီအမျိုးသမီးက နင့်ရဲ့သူငယ်ချင်းတစ်ယောက် မဟုတ်လား ကျန်းကျိထောင်။ နင် ဘာလို့ ငါတို့ကို သူ့နဲ့ မိတ်ဆက်မပေးတာလဲ။" မူလက ကျန်းကျိထောင်သည် နီကျဲ၏နောက်သို့ ပိုးပန်းရန် လိုက်ခဲ့သည်။ သူမသည် သူ့ကို လျစ်လျူရှုထားသော်လည်း သူမအား ပိုးပန်းရန် နောက်က လိုက်သည့် ခံစားချက်ကိုလည်း သူမ နှစ်သက်သည်။ သို့သော် ယခု သည်လူရွယ်လေးတွင် ပစ်မှတ်အသစ် ရှိနေသည်ကို မြင်လိုက်ရသည့်အခါ သူမ မနာလိုဖြစ်ကာ စိတ်မကောင်းဖြစ်မိသည်။
“ရှစ် … မင်း နှောင့်ယှက်နေတာ…”
ကျန်းကျိထောင်က ဒေါသတကြီး သူ့အကြည့်အား နီကျဲဆီသို့ ပြောင်းလိုက်သည်။ သို့သော် သူမကို မြင်သောအခါတွင် သူ၏အသံသည် ချက်ချင်း ရပ်သွားသည်။ ထို့နောက် သူသည် ရွှယ်ယုကို လျင်မြန်စွာ ကြည့်ကာ စိုးထိတ်နေဟန်ဖြင့် ကမန်းကတန်း ထရပ်ကာ အပြုံးဖြင့်
"ကျဲလေး … မင်း ဘယ်လို ရောက်လာတာလဲ။ ငါ စဉ်းစားနေလို့ မင်း ရောက်လာတာကို သတိမထားမိလိုက်ဘူး… အဟွတ် … အဟွတ်…”
နီကျဲက သူ့အား အခံရခက်စွာ တစ်ချက်စိုက်ကြည့်ပြီး ခနဲ့လိုက်သည်။
“ဟမ့် … ဒီအလှလေးက နင့်ရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်တယ်ဆိုတာ ငါ ပြောနိုင်တယ် ဟုတ်တယ်မလား။ ပြောရရင် သူမရဲ့ အလှက တကယ်ကို ထူးခြားပြီး နိုင်ငံတောင် ပြိုလဲစေနိုင်တာ သေချာတယ်။ ဆိတ်ငြိမ်တဲ့ ချိုင့်ဝှမ်းတစ်ခုထဲက ပန်းသစ်ခွအော်ရာလေးလို အဲ့ဒီနေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေပေမယ့် သူမရဲ့အလှက ထင်ရှားနေသေးတယ်။ နင် လုံးဝ ကြွေသွားတာ မဆန်းပါဘူး။”
ကျန်းကျိထောင်က ခြောက်ကပ်ကပ် ရယ်လိုက်ပြီး
“ကျဲလေး … ငါလည်း သူမကို မသိပါဘူး။ နောက်ပြီး မင်းကလည်း ငါ့မျက်လုံးထဲမှာ အရမ်းထူးချွန်တဲ့သူပါ။"
“အိုး … ထားလိုက်ပါ။” နီကျဲက သူမ၏လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ငါ နင့်ကို စိတ်မဝင်စားဘူး။ နင် ငါ့ကို နှောင့်ယှက်တာ ရပ်နိုင်မယ်ဆိုရင် အဲ့ဒီအလှလေးနဲ့ နင် ချိတ်မိဖို့ အကူအညီတောင် ပေးလိုက်ချင်သေးတယ်။ ကောင်းပြီ … ရှောင်ယန်က ခုလေးတင် ရှန်ဟိုင်းကို ရောက်လာတာ။ ငါတို့တွေ ဆွေးနွေးစရာ ရှိတယ်။ နင့်ရဲ့အလှလေးကို နင်ကိုယ်တိုင် တန်ဖိုးထားပါ။"
"သခင်လေးကျန်း … ငါတို့ မင်းကို အဖော်မလုပ်တော့ဘူးနော်။"
ချင်းရှောင်ယန်က ပြုံးပြီး ပြောလိုက်သည်။
ကျန်းရှောင်ယန်သည် စိတ်အပြောင်းအလဲ မြန်သူဖြစ်ပြီး သူ၏သဘာဝဗီဇသည် အလှအပကို နှစ်သက်ပေသည်။ သူ့မျက်လုံးထဲတွင် နီကျဲသည် သူ သဘောကျသော အမျိုးသမီးလည်း ဖြစ်သည်။ ယခု သူမသည် အခြားအမျိုးသားတစ်ဦးနှင့် ချိန်းတွေ့သဖြင့် သူ့အား အတော်လေး တုန်လှုပ်စေသည်။ ချင်းရှောင်ယန်၏ စကားသံ ဆုံးသွားသည်နှင့် သူ ချက်ချင်း ပြောလိုက်သည်။
"နေပါဦး…။"
"ကိစ္စတစ်ခုခု ရှိလို့လား သခင်လေးကျန်း…။" ချင်းရှောင်ယန်က မေးသည်။
ကျန်းကျိထောင် တွန့်ချိုးထားသော မျက်ခုံးအစုံဖြင့် "မင်းက တကယ် ဘယ်သူလဲ။ ကျဲလေးကို မင်း ဘယ်လို သိနိုင်တာလဲ။"
"ငါတို့ အပြာရောင်မြို့မှာ တွေ့တုန်းက မင်းကို ငါ ပြောပြီးပြီ မဟုတ်လား။ ငါက အိမ်သယ်ဖို့ မုန့်ဖိုးနည်းနည်းပါးပါး ရှာတဲ့ လုပ်ငန်းသေးသေးလေး လုပ်တဲ့သူပါ။ မင်းနဲ့ နှိုင်းစာရင် ငါက ငချွတ်လေးတစ်ယောက်ကလွဲပြီး ဘာမှမဟုတ်ဘူး သခင်လေး ကျန်း…။"
ကျန်းကျိထောင်၏မျက်ခုံးများ ပိုမိုတွန့်ချိုးလာသည်။ ချင်းရှောင်ယန် ပို၍ကျိုးနွံလေလေ ဤလူသည် သူကြည့်ရသလောက် မရိုးရှင်းကြောင်း သူပို၍ ခံစားလာမိလေလေ ဖြစ်သည်။ ဖီးနစ်လို မာနကြီးသည့် နီကျဲ၏စရိုက်ကို သူ သိသောကြောင့် သာမန်လူများသည် သူမ၏မျက်လုံးထဲ လုံးဝ မဝင်နိုင်ကြချေ။
သို့သော် သူသည် အရိုးထဲမှ မာနရှိသူဖြစ်သည်။ ရှန်ဟိုင်းသည် သူ့နယ်မြေ ဖြစ်ပြီး သူ့ကို မျက်လုံးထဲ မထည့်သော အမျိုးသမီးသည် အခြားအမျိုးသားတစ်ဦး၏ခေါ်ဆောင်ခြင်းကို ခံရသည်။ ထို့ကြောင့် သူ့မျက်နှာ အေးစက်သွားကာ တင်းမာသောလေသံဖြင့်
“မင်းရဲ့အဆင့်အတန်းနဲ့ မင်း ဘယ်သူလဲဆိုတာကို ငါ လုံး၀ ဂရုမစိုက်ဘူး။ နီကျဲနဲ့ ဝေးဝေးနေပါ။ နို့မဟုတ်ရင် အပြာရောင်မြို့မှာ မင်းကို ငါပြောခဲ့တဲ့ စကားအတွက် ငါ ရှင်းဖို့ ဝန်မလေးဘူး။"
ချင်းရှောင်ယန်က သူ့ကို လေးနက်သောအကြည့်ဖြင့် စိုက်ကြည့်ရင်း ရုတ်တရက် အပြုံးဖြင့် ပြောလိုက်သည်။ “မင်း အရင်က သံပြားကို ဘာလို့ ကန်ခဲ့မိတာလဲဆိုတာ အခု ငါ နားလည်သွားပြီ။ မင်းသိလား…စစ်ပွဲပညာရပ်မှာ ဖော်ပြထားတဲ့ စာကြောင်းတစ်ကြောင်း ရှိတယ် - ကိုယ့်အကြောင်းကိုယ် သိသလို ရန်သူတွေရဲ့ အကြောင်းကိုလည်း သိမှသာ တိုက်ပွဲတွေမှာ အောင်နိုင်လိမ့်မယ်တဲ့။ မင်း ရင်ဆိုင်နေရတဲ့သူက ဘယ်သူမှန်းမသိဘဲ မင်းက မာနကြီးပြီး အခြားသူများကို ရန်စရဲနေတယ်။ မင်းမိသားစုကို ဒုက္ခပေးမိမှာ မင်း မကြောက်ဘူးလား။"
ကျန်းကျိထောင်၏စိတ်ထဲ တုန်လှုပ်သွားသည်။ ချင်းရှောင်ယန် ပြောလိုက်သော နောက်ဆုံးစကားအား အနည်းငယ် ရင်းနှီးနေသည်ဟု သူ ဖျတ်ခနဲ ခံစားလိုက်ရပြီး ခဏအကြာတွင် ရုတ်တရက် ပြန်သတိရသွားသည်။ ထန်ရှုကို သူ ပြစ်မှားမိချိန်က ထန်ရှုကလည်း သူ့အား ထိုစကားများကို ပြောဖူးသည်။
ဖြစ်နိုင်တာက…
ကျန်းကျိထောင်၏အမူအရာ ပြောင်းလဲသွားပြီး
"မင်း ထန်ရှုကို သိတာလား။"
"ငါ သူ့ကို မသိတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ထန်ရှုဆိုတာ ပေကျင်းက အထင်ကရမိသားစုတွေရဲ့ အမျိုးကောင်းသားတွေနဲ့ အမျိုးသမီးငယ်တွေအားလုံးရဲ့ စံပြလူသားလေ။ ဘာမှားနေလို့လဲ။ မင်းပြောတာကို ကြည့်ရတာ ထန်ရှုကို မင်းလည်း သိပုံရတယ်။
ကျန်းကျိထောင်၏စိတ်နှလုံး တင်းကြပ်လာပြီး မေးလိုက်သည်။
"ထန်ရှုနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ။ မင်းက ဘယ်သူလဲ။"
ဘေးတွင် ရှိနေသော နီကျဲသည် ကျန်းကျိထောင်အား သနားစိတ်ဖြင့် ကြည့်ကာ
"ငါ သိသလောက် နင် မနှစ်က ပေကျင်းကို သွားခဲ့တယ်။ ကန်ဒီကလပ်ကို ဝင်ခွင့်ရဖို့ အရည်အချင်း ပြည့်မီတဲ့အတွက် နင့်ရဲ့အပေါင်းအဖော်တွေကို ဂုဏ်ယူဝင့်ကြွားခဲ့ပြီး အဲဒီ့မှာ နှစ်ရက်လောက် ပိုက်ဆံတွေ အများကြီး ဖြုန်းတီးနေခဲ့ပြီးမှ ကန်ဒီကလပ်ပိုင်ရှင်ကို မသိဘူးလို့ နင် မပြောနဲ့နော်။"
"ဘာ…"
ကျန်းကျိထောင်သည် မိုးခြိမ်းသံကြောင့် သူ၏ခြေလက်များ ထုံထိုင်းသွားသည့်အလားပင်။
ကန်ဒီကလပ် … နိုင်ငံတွင်း ထင်ရှားကျော်ကြားသော မိသားစုများစွာမှ ဝင်ခွင့်အရည်အချင်းပြည့်မီရန် အိပ်မက်မက်နေကြသော ပေကျင်းရှိ အဆင့်အမြင့်ဆုံးကလပ်အသင်း။
ဒီလူက အဲ့ဒီကလပ်ရဲ့သူဌေးကြီးလား။
နောက်ဆုံးမှာတော့ ကျန်းကျိထောင်က "ကျားကို မျိုရန် ဝက်ကို ကစားခြင်း" ၏အဓိပ္ပါယ်ကို နားလည်ခဲ့ပေသည်။ ကန်ဒီကလပ်ကို တည်ထောင်ခဲ့သည့် အံ့ဩစရာကောင်းသော ထိုလူ၏ ချမ်းသာမှု၊ အဆင့်အတန်း သို့မဟုတ် ကွန်ရက်တစ်ခုစီကပင် သူ့အား ဖိချေရန် လုံလောက်ပေသည်။ သူ့အဖေသည် ရှန်ဟိုင်းတွင် မြင့်မားပြီး သူတို့မိသားစုသည် တကယ့်ကို ချမ်းသာပြီး သြဇာကြီးသော မိသားစု ဖြစ်နိုင်သော်လည်း...
ချင်းရှောင်ယန် အသာအယာ ပြုံးပြီး သူ၏လုပ်ငန်းကတ်ကို ထုတ်ယူကာ ကျန်းကျိထောင်အား ပေးလိုက်ရင်း
"ငါတို့တွေက သူငယ်ချင်းဖြစ်သလို စီးပွားရေးမှာလည်း စီးပွားဖက်တွေဖြစ်တာမို့ ထန်ရှုကို ငါ သိတယ်။ ဒီတစ်ခေါက် သူ့ကို တွေ့ဖို့ လိုအပ်ပြီး ရှန်ဟိုင်းမှာ လုပ်စရာ တစ်ခုခုရှိလို့သာ မဟုတ်ရင် ဒီကဒေသခံ အာဏာရှင်တွေရဲ့ ခြိမ်းခြောက်မှုကို ငါ လျစ်လျူမရှုရဲသလို မင်းကို လွယ်လွယ်ကူကူ လျစ်လျူရှုပြီး ရှန်ဟိုင်းမှာ လည်ပတ်ဖို့လည်း ငါ သတ္တိမရှိပါဘူး။”
သည်တစ်ကြိမ်တော့ ကျန်းကျိထောင် တကယ်ကို ငိုချင်နေပြီဖြစ်သည်။ သူ့ပခုံးပေါ်ထမ်းထားသော ကံဆိုးမှုက သူ သောက်စကားများလိုက်မှုကြောင့် သူ့ကို ထိခိုက်မိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိချေ။ ထိုနေ့က ထန်ရှုကို သူ ပြစ်မှားခဲ့မိသည့်ကိစ္စမှာ ပြီးခဲ့တာတွေ ပြီးပါစေဟု ပြောနိုင်သော်လည်း ယနေ့ ကျားကို စားရန် ဝက်ကို ကစားသော ချင်းရှောင်ယန်ကိုပင် သူ ပြစ်မှားမိပြန်သည်။ သူ့အား စိတ်သက်သာရာရစေသည့် တစ်ခုတည်းသော အရာမှာ အပြာရောင်မြို့တွင် ယခင်က သူပြောခဲ့သော ခြိမ်းခြောက်မှုများကို သူ ထပ်မဆွဲလာမိခြင်းပင်တည်း။ နို့မဟုတ်ပါက ချင်းရှောင်ယန်ကို သူမြင်သည့်အချိန်၌ သူ တန်းပြီး စတင်တိုက်ခိုက်ခဲ့ပါလျှင် သူသည် ဒုက္ခကြီးကြီးမားမားကို ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် သူ့စိတ်အတွင်း၌ ယောက်ျားဝါဒက အောင်နိုင်သွားသည်။ နီကျဲသည် သူ၏အရှေ့တွင် ရှိနေသဖြင့် ခေါင်းငုံ့ပြီး သူ့အမှားကို ဝန်မခံချင်သောကြောင့် သူ ကျည်ဆန်ကို ကိုက်ရုံသာ ရှိတော့သည်။
“မင်းက ကန်ဒီကလပ်ပိုင်ရှင်ဖြစ်ရင်တောင်မှ ငါ့ရဲ့ မူလရည်ရွယ်ချက်ကို မပြောင်းလဲဘူး။ နီကျဲနဲ့ ဝေးဝေးနေပေးပါ။ သူမက ငါ့ရဲ့အနာဂတ် အမျိုးသမီးလေး ဖြစ်လာမှာ အသေအချာပဲ။ ထန်ရှုကတော့ သူက ငါ့ဦးလေး။”
ဦးလေး…
ချင်းရှောင်ယန်က တွေဝသွေားပြီး ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ ကျန်းကျိထောင်သည် အစောပိုင်းအချိန်များက စွမ်းအားကြီးသော ပုဂ္ဂိုလ်ကို ပြစ်မှားမိခြင်းကြောင့် သံပြားကို ကန်ခဲ့မိသလို ဖြစ်ကြောင်း သတင်းရရှိခဲ့သော်လည်း ထိုသူမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိခဲ့ပေ။ သို့သော် ထန်ရှု၏မျိုးရိုးနာမည်သည် ထန် ဖြစ်ပြီး ကျန်းကျိထောင်၏မျိုးရိုးနာမည်သည် ကျန်း ဖြစ်ပေရာ တူအရီး မည်ကဲ့သို့ တော်စပ်သွားပါသနည်း။ ထန်ရှုနှင့် ကျန်းယွဲ့မင်တို့က ညီအကိုတွေအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်များ ဖြစ်လေမလား။
ထိုအချိန်တွင် နီကျဲသည်လည်း အလားတူပင် အံသြသွားသည်။ သူမသည် ထန်ရှုကို သိပြီး သူ့အား သိသိသာသာပင် မှတ်မိနေသည်။ ပြီးခဲ့သောနှစ်က ထိုရုပ်ဆိုးသော အမျိုးသမီးက သူမအား ပါးရိုက်သည့်အချိန်၌ ထန်ရှုသည်လည်း ထိုအခင်းဖြစ်ပွားရာတွင် ရှိနေသည်ကို သူမ မှတ်မိနေသည်။ သို့သော်လည်း ထန်ရှုသည် ဤမျှစွမ်းအားကြီးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
မျိုးရိုးနာမည်တူတဲ့ နာမည်တူပဲ ဖြစ်ပါလိမ့်မယ် ဟုတ်တယ်မလား။
နီကျဲသည် တခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမ၏အကြည့်များက ကျန်းကျိထောင်အပေါ် ကျရောက်သွားသည်။ သည်လူက အရင်တုန်းကနှင့် အနည်းငယ် ကွဲလွဲနေဟန် ရှိသည်ဟု သူမ အနည်းငယ်ပင် အမြင်မှားမိသွားသည်။ ဥပမာအားဖြင့် သူသည် ချင်းရှောင်ယန်ကို တွေ့စဉ်အချိန်က မဖိနှိပ်ခဲ့သလို ယခုနောက်ဆုံးတွင် ထိုသူ၏ထူးခြားသော လက္ခဏာကို သူ သိလိုက်သော်လည်း ခေါင်းမငုံ့ခဲ့ပေ။
ဖြစ်နိုင်တာက ... ငါ့အပေါ်ထားတဲ့ သူ့အချစ်က တကယ်ရိုးသားတာလား…
ထိုအတွေးက နီကျဲ၏စိတ်ထဲ ဝင်ရောက်လာချိန်တွင် ယခုတော့ သူမသည် ထိုလူရွယ်လေးအပေါ် မတူကွဲပြားသော ခံစားချက်တစ်ခု ရှိနေသည်။ သူ့ကို သူမ သိပ်စိတ်မဝင်စားသည့်တိုင် ထိုသူသာ တကယ်ရင့်ကျက်နိုင်မည်ဆိုပါက သည်လူရွယ်လေး နှင့် သူမ ခင်မင်နိုင်ပါသည်။
ကော်ဖီဆိုင်ထောင့်တွင်…
ရွှယ်ယုသည် လက်ထဲတွင်ကိုင်ထားသော စာအုပ်ကို ချလိုက်ပြီး ဝယ်ယူထားသည့် လက်ကိုင်အိတ်ကို ကောက်ယူကာ ထွက်ခွာရန် ပြင်ဆင်သည်။ ကျန်းကျိထောင်နှင့် ထိုလူများအကြားမှ ပြောဆိုနေသော စကားများကို သူမ ကြားနေရပြီး ထန်ရှု၏နာမည်ကိုပင် ကြားခဲ့ရသော်လည်း ထိုစကားဝိုင်းတွင် သူမ မပါဝင်ချင်ပေ။ သူမအတွက် ထန်ရှုသည် ထူးချွန်သူဖြစ်ပြီး လူများစွာနှင့် သိကျွမ်းရန်မှာ ပုံမှန်မျှသာဖြစ်သည်။
ကျန်းကျိထောင်သည် ရွှယ်ယုကို အာရုံစိုက်နေပေရာ သူမ ထွက်သွားတော့မည်ကို မြင်လိုက်ရသောကြောင့် သူ၏စိတ်ထဲတွင် အနည်းငယ် ကြေကွဲသွားသလို ခံစားလိုက်ရသည်။ ကိစ္စရပ်များ ချိန်ညှိပြီးသောအခါ အပြင်ထွက်ရန်သာ သူ ဆုံးဖြတ်လိုက်ပြီး ပြောလိုက်သည်။
"ကျဲလေး … ငါ လုပ်စရာတစ်ခု ရှိလို့ အရင် သွားနှင့်လိုက်မယ်။ ငါ မင်းကို နောက်နေ့ ထပ်လာရှာမယ်။"
ရွှယ်ယု ထွက်သွားရန် ပြင်ဆင်နေသည်ကို နီကျဲလည်း သတိထားမိပေသည်။ ကျန်းကျိထောင်၏ ယခုစကားကို ကြားလိုက်ရသည့်အခါ ထိုလူရွယ်လေးအပေါ် သူမ ပြောင်းလဲခဲ့သော အထင်အမြင်များ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ဒေါသနှင့် ရွံရှာမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူမ၏လက်ကို ဝှေ့ယမ်းကာ
“နင် လုပ်စရာရှိတာ သွားလုပ်ပါ။ ငါတို့အတွက် စိတ်မပူပါနဲ့။ နောက်ပြီး ငါ့မှာ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီးရှိနေလို့ နင် ငါ့ကို နောက်ပိုင်း ရှာဖို့ မလိုဘူး။"
ကျန်းကျိထောင်သည် သူမ ပြောသမျှကို ကြားဟန်မရတော့ဘဲ ချင်းရှောင်ယန်ဆီသို့ သတိပေးသောအကြည့်တို့ဖြင့် လှမ်းကြည့်ပြီးနောက် ကော်ဖီဆိုင်မှ ထွက်သွားသော ရွှယ်ယုအနောက်သို့ လိုက်သွားတော့သည်။ သူတို့ကြားက အကွာအဝေးသည် မီတာရာနှင့်ချီဝေးနေသဖြင့် ကျန်းကျိထောင် အမြန် အမှီလိုက်ကာ ရွှယ်ယု၏လမ်းကို ပိတ်လိုက်ရင်း
"ဟယ်လို … ငါက ကျန်းကျိထောင်ပါ။ မင်းရဲ့နာမည် သိလို့ရမလား မိန်းကလေး…"
ရွှယ်ယု မျက်မှောင်ကြုတ်သွားကာ သူမ၏ခြေလှမ်းကို ရပ်လိုက်သည်။ နီကျဲ၊ ချင်းရှောင်ယန်နှင့် သည်လူရွယ်လေးကြားက စကားများအရ ကျန်းကျိထောင်သည် စိတ်အပြောင်းအလဲမြန်သော လူတစ်ယောက်ဖြစ်ကာ သူမ မည်သည့်အခါကမှ သဘောမကျဖူးသော လူစားမျိုးဟု သူမ တွေးထားသည်။ သို့သော်လည်း ထန်ရှု၏မျက်နှာကို ထောက်ထားသဖြင့် သူမသည် စကားပြန်ပြောနေဆဲ ဖြစ်သည်။
"ငါ့နာမည်က ရွှယ်ယုပါ။ ဒါပေမယ့် နင် ငါ့ကို အန်တီလို့ ခေါ်လို့ရတယ်။"
အန်တီ ဟုတ်လား…
ကျန်းကျိထောင် အံသြသွားသည်။ သို့သော် သူသည် အခွင့်ကောင်းယူတတ်သူတစ်ယောက် မဟုတ်သောကြောင့် ချီတုံချတုံ ဖြစ်သွားပြီး “ဘာကြောင့်လဲ။ ငါက မင်းကို ဘာလို့ ဒီလိုခေါ်ရမှာလဲ။"
"အင်း … ငါက ထန်ရှုရဲ့မိန်းမမို့လေ။" ရွှယ်ယုက ပြောလိုက်သည်။
"ဘာရီး…"
ကျန်းကျိထောင် ပြောစရာစကား လုံးဝ မရှိတော့ဘဲ သူ့တစ်ကိုယ်လုံး မိုးခြိမ်းသံကြောင့် ထပ်မံချည့်နဲ့သွားရသလိုပင်။ ရွှယ်ယုအကြောင်းအား သူ အမျိုးမျိုး ခန့်မှန်းထားရာ သူမတွင် ရည်းစားရှိပြီးသား ဒါမှမဟုတ် အိမ်ထောင်ရှိပြီးသားဟုပင် ခန့်မှန်းထားပြီးသားဖြစ်သည်။ သို့သော် သူမသည် ထန်ရှု၏အမျိုးသမီး ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မခန့်မှန်းထားခဲ့ပေ။
"နင်က ထန်ရှုကို ဦးလေးလို့ ခေါ်တာဆိုတော့ ငါ့ကိုလည်း အန်တီလို့ ခေါ်သင့်တယ်လေ။" ရွှယ်ယုက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ဒါနဲ့ ငါ ပြီးရင် ကြယ်ပြာအိမ်ရာကို သွားမလို့။ နင်ရော ငါနဲ့အတူ သွားချင်လား။"
“ရှစ် … ငါ သူ့ ကို ဦးလေးလို့ ခေါ်တာ ဖြုတ်ရတော့မယ်။”
ကျန်းကျိထောင် လုံးဝကို စိတ်ဓာတ်ကျနေပြီး စိတ်ထဲက ကြုံးဝါးလိုက်သည်။ သူက ခေါင်းယမ်းပြီး သရုပ်ဆောင်လိုက်သော အကြည့်တစ်ချက်ဖြင့် မျှော်လင့်ချက် ကုန်ဆုံးစွာ ပြောလိုက်သည်။
“ဟင့်အင်း မလိုက်တော့ဘူး။ ငါ … တခြားလုပ်စရာတွေ ရှိတယ်။ ကြယ်ပြာအိမ်ရာကို ငါ … ငါ မလိုက်နိုင်တော့ဘူး။ တ ... တကယ်လို့ မင်း ထန်ရှုကို တွေ့ရင် ကျေးဇူးပြုပြီး ငါက သတိရတယ်လို့ ပြောပေးပါ။"
ထိုသို့ပြောပြီးနောက် ကျန်းကျိထောင်တစ်ယောက် အမြီးကုပ်ကာ ပြေးထွက်သွားတော့သည်။
***