စွန့်စားမှု
Vol. 51 Ch. 708
တနင်္လာနေ့ ဖြစ်၍ ထန်ရှုသည် အတန်းသုံးခုလုံးကို အဆုံးထိ တက်ရောက်ခဲ့သည်။ သူသည် စာအုပ်များရှိ အကြောင်းအရာများနှင့် သိမှတ်ဖွယ်ရာများအားလုံးကို ပြီးစီးသွားပြီဖြစ်သော်လည်း ဟန်ကျင်းဝူသည် သူ့အား အတန်းများ မတက်သည်ကို မမြင်ချင်သလို သူသည်လည်း သူမနှင့် ထိုကိစ္စကို အငြင်းအခုံ မဖြစ်လိုပါပေ။
နောက်ဆုံးအတန်း၏ အတန်းဆင်းခေါင်းလောင်းသံ မြည်လာသည်နှင့် ထန်ရှု၏ဘေးတွင် ထိုင်နေသော ယွဲ့ခိုင်က တီးတိုးပြောလိုက်သည်။
“ဒီည မင်းမှာ အစီအစဉ်ရှိလား။ မရှိရင် ငါတို့နဲ့ ဘိုးလင်းကစားရင်ရော ဘယ်လိုလဲ။"
ထန်ရှုကိုယ်တိုင်က အကြံအစည်တစ်ခု ရှိပြီးသားမို့ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။
"ဒီည ငါ လုပ်စရာတစ်ခု ရှိတာမို့ မင်းတို့နဲ့ မလိုက်နိုင်တော့ဘူး။ ငါ အလုပ်အရမ်းမရှုပ်တဲ့နေ့ကျရင် တစ်ရက်ရက် အတူသွားကြတာပေါ့။ နောက်မှ ညီအစ်ကိုတွေအားလုံးကို ငါ ထမင်းကျွေးမယ်။"
ထန်ရှု၏ကိုယ်ပိုင်ဂုဏ်ပုဒ်နှင့် လုပ်ငန်းကို စီမံခန့်ခွဲရသော အလုပ်များသည့် သူ့အချိန်ဇယားများကို သိရှိထားသော ယွဲ့ခိုင်က ခေါင်းညိတ်ပြီး
“ကောင်းပြီ။ ဒါပေမယ့် အပြင်ထွက်တဲ့အခါ သတိထားဦး။ ရှန်ဟိုင်းမြို့က ဒီတလော မငြိမ်းချမ်းဘူး။ လူသတ်မှုတွေအများကြီး ဖြစ်ထားတယ်။ မင်းက သူဌေးကြီးဆိုတော့ မင်းနဲ့အတူ ကိုယ်ရံတော်တွေ ခေါ်သွားသင့်တယ်နော်။"
လူသတ်မှုတွေ အများကြီး…
ထန်ရှု အံ့သြသွားပြီး
"ဘာလူသတ်မှုတွေလဲ။ နိုက်ကလပ်မှာ အလုပ်လုပ်တဲ့ မိန်းကလေး လေးယောက် အသတ်ခံရတဲ့ အကြောင်းကိုတော့ ငါ ကြားတယ်။”
“အသတ်ခံရတဲ့ နိုက်ကလပ်က မိန်းကလေးတွေရဲ့ အမှုက အဲ့ထဲကတစ်ခုပဲ။ ဖန်းယုဒေသနဲ့ ကျင်းနင်ဒေသတို့မှာ နောက်ထပ် လူသတ်မှု နှစ်ခု ဖြစ်ပွားခဲ့သေးတယ်။ ရဲတစ်ယောက်တောင် အသတ်ခံလိုက်ရတယ်။ တရားခံက အဲ့ဒီအမှု ကျူးလွန်တဲ့သူပဲ ဖြစ်ရမယ်။ မင်း မြင်တဲ့အတိုင်းပဲ ရဲတပ်ဖွဲ့က အခု တင်းကျပ်တဲ့ ပိတ်ဆို့တားဆီးမှုတွေ လုပ်နေပြီလေ။ ငါ့အဘိုးကြီးက ကျောင်းဝင်းထဲကနေ ထွက်ရင် ဘေးကင်းအောင် ဂရုစိုက်ဖို့ ဖုန်းဆက်ပြီး မပြောခဲ့ရင် ဒီအကြောင်းတွေ ငါတောင် သိမှာ မဟုတ်ဘူး။”
ထန်ရှုက ခေါင်းညိတ်ပြပြီး အခြားလူသတ်မှုနှစ်ခုသည် ထူးခြားသောဖြစ်ရပ် မဟုတ်နိုင်ဟု တွေးနေမိသည်။ နို့မဟုတ်ပါက ထာဝရခန်းမ၏ ထောက်လှမ်းရေးများက သူ့အား အသိပေးပေမည်။
ဆရာ ထွက်သွားပြီးနောက် ထန်ရှုသည် သူ့ဖတ်စာအုပ်များအား ယွဲ့ခိုင်ဆီသို့ လွှဲပြောင်းပေးလိုက်ပြီး တစ်ယောက်တည်း စာသင်ခန်းအပြင်ဘက်သို့ လျှောက်လာခဲ့သည်။ ပရော်ဖက်ဆာမိုရီ လိုအပ်သော သုတေသနပစ္စည်းများကို သူ မဝယ်သေးဘဲ ယခင်က ဤနေရာတွင် ဖြစ်ပွားခဲ့သော အတိတ်ကဖြစ်ရပ်များကို သူ သိချင်သေးသည်။
ပွမ် … ပွမ် ...
ထန်ရှု၏ဘေးနားတွင် အနီရောင်ဘီအမ်ဒဗလျူတစ်စီး ဖြည်းညှင်းစွာ ရပ်သွားပြီး ကားတံခါးပွင့်လာကာ ဟန်ကျင်းဝူ ဆင်းလာသည်။ သူမ၏ လမ်းလျှောက်ပုံသည် အနည်းငယ် ပုံမှန်ဖြစ်ပုံမရဘဲ သူမ၏လည်ပင်းဖြူဖြူထက်တွင် သွေးစွန်းနေသည်။
"ဒီည နင့်မှာ အချိန်ရှိလား … ညစာ အတူတူ စားရအောင်။"
ထန်ရှု မျက်ခုံး အနည်းငယ် တွန့်ချိုးလိုက်ပြီး ချက်ချင်း ပြန်မဖြေဘဲ သူမကို အကဲခတ်လိုက်ပြီး
“မင်း ဒဏ်ရာရထားတာလား။”
"ဘာမှ မဟုတ်ပါဘူး။ လေ့ကျင့်နေတုန်း ငါ ဒဏ်ရာနည်းနည်း ရသွားတာပါ။” ဟန်ကျင်းဝူက စဉ်းပင်မစဉ်းစားဘဲ ဖြေသည်။
ထန်ရှုက ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်။
"တစ်ခုခု ဖြစ်နေလို့လား။"
"ငါ နင့်ကို ပြောစရာတစ်ခု ရှိနေတယ်။ လျှောက်သွားပြီး စားဖို့နေရာ ရှာကြတာပေါ့။ ပြီးရင် စားသောက်ရင်းနဲ့ အဲ့ဒီအကြောင်း ပြောပြမယ်။"
ထန်ရှုက မငြင်းဆန်ဘဲ ရှေ့ခုံတွင် ဝင်ထိုင်သည်။ ဘီအမ်ဒဗလျူကားအနီရောင်လေးသည် စတင်ရွေ့လျားလာပြီး ရှန်ဟိုင်းတက္ကသိုလ်မှ အမြန်ထွက်ခွာသည်။ ရှေ့ခုံတွင် ထိုင်နေရင်း ထန်ရှုသည် ကားမောင်းနေသော ဟန်ကျင်းဝူ၏မျက်နှာကိုကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"သုခဘုံစံအိမ်မှာ စားကြရအောင်။ မင်းအဘိုးလည်း အဲ့ဒီမှာ ရှိနေတယ်။"
ဟန်ကျင်းဝူ တခဏလောက် အံ့အားသင့်သွားပြီး “ငါ့အဘိုးက သုခဘုံစံအိမ်မှာ ဘယ်လို ရှိနိုင်မှာလဲ။ ပြီးတော့ နင်ကရော အဲ့ဒါကို ဘယ်လိုသိတာလဲ။”
"သူ ဒဏ်ရာရလာလို့ အခု အဲ့ဒီနေရာမှာ ကုနေတယ်။ မင်း အဲ့ဒီကို ရောက်ရင် အကြောင်းစုံ သိပါလိမ့်မယ်။"
ဟန်ကျင်းဝူက ထန်ရှု၏အကျင့်စရိုက်ကို သိသည်။ သည်လူက မပြောချင်ဘူးဆိုပါက အတင်းအကျပ် ပြောခိုင်းရင်တောင်မှ အဖြေကို ဘယ်တော့မှ ပေးမည်မဟုတ်ပေ။ သုခဘုံစံအိမ်သို့ ရောက်သောအခါ ထန်ရှုသည် ဟန်ကျင်းဝူအား ဟန်ကျင်းထုံ တည်းခိုနေသော နိုင်ငံခြားပုံစံ အဆောက်အဦးသို့ တစ်ခါတည်း ပို့ဆောင်ပေးရာ ဧည့်ခန်းထဲတွင် တီဗွီကြည့်နေသော ရှန်းကျန်ကိုသာ တွေ့လေသည်။
"ပါမောက္ခမိုနဲ့ ဟန်ကျင်းထုံက ဘယ်မှာလဲ။" ထန်ရှုက မေးလိုက်သည်။
ရှန်းကျန်က ခုန်ထလာကာ အနားရောက်လာပြီးနောက် “ပါမောက္ခမိုက တခြားအခန်းမှာ အချက်အလက်နဲ့ စာရွက်စာတမ်းတွေကို စီစစ်နေတယ်။ ဆရာကတော့ အခုလောလောဆယ် သူ့ကိုယ်သူ ကုသနေပါတယ် မစ္စတာထန်။ ဘာပဲဖြစ်ဖြစ် သူ့ကို သန့်စင်တဲ့ ဒဏ်ရာကျက်ဆေးကို ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူ့ဒဏ်ရာက ပိုကောင်းလာပါပြီ … အနည်းဆုံး ၂-၃ ရက်အတွင်း အပြည့်အဝ သက်သာလာမယ်လို့ ဆရာက ပြောတယ်။”
"သူ့ကို သွားခေါ်ပါဦး။ သူ့မြေး ဒီကို ရောက်နေတယ်လို့ ပြောလိုက်ပါ။” ထန်ရှုက ပြောသည်။
ထိုအချိန်တွင် ဟန်ကျင်းထုံသည် အခန်းတွင်းမှ အပြင်သို့ ထွက်လာရာ ဟန်ကျင်းဝူကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အံ့အားသင့်သွားပြီး
"ဝူလေး … မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။"
သူမ၏အဘိုး ဒဏ်ရာရထားမှန်း သိထားသော ဟန်ကျင်းဝူက ဟန်ကျင်းထုံဆီသို့ လျှောက်သွားပြီး စိုးရိမ်ပူပန်နေသော အမူအရာဖြင့်
"အဘိုး ဒဏ်ရာရသွားတယ်လို့ ထန်ရှုဆီက သိရလို့။ ဒဏ်ရာက အခု ဘယ်လိုလဲ။ ဘာတွေ ဖြစ်ခဲ့တာလဲ … အဘိုးကို ဘယ်သူက လုပ်တာလဲ။"
ဟန်ကျင်းထုံက ထန်ရှုကို ကြည့်လိုက်ပြီးနောက် သူ့မြေးအား ချက်ချင်း ပြုံးပြလိုက်ကာ
"စိတ်မပူပါနဲ့။ အဘိုးရဲ့ဒဏ်ရာတွေက သက်သာလာပြီမို့ ကြီးကြီးမားမား မဟုတ်တော့ပါဘူး။ ဘာပဲပြောပြော ဖြစ်ပျက်ခဲ့တာတွေကတော့ တော်တော်ရှုပ်ထွေးတဲ့ ကိစ္စမို့ အဲ့ဒီအကြောင်းကို နောက်မှပြောပြမယ်။ သြော် … ဒါက အဘိုး ဟိုမှာ စာသင်ပေးတုန်းက ယေးလ်တက္ကသိုလ်က အဘိုးရဲ့ကျောင်းသူ ရှန်းကျန်လေ။”
"ဟယ်လို ချင်းဝူ။ ငါက ရှန်းကျန်ပါ။ မင်းကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်။"
ရှန်းကျန်က သူမ၏လက်ကို ဆန့်တန်းလိုက်ကာ အပြုံးဖြင့် ဆိုသည်။
"အမေရိကန်မှာ ရှိတုန်းက ပါမောက္ခက မင်းအကြောင်းကို မကြာခဏ ပြောဖူးတယ်။"
ဟန်ကျင်းဝူက သူမကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး "ဟိုင်း ရှန်းကျန်။ ငါ့အဘိုးက ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ အတိအကျ ငါ့ကို မပြောပြချင်ဘူး။ အဲ့ဒါကို နင် ပြောပြပေးနိုင်မလား။"
ရှန်းကျန်သည် ဟန်ကျင်းထုံနှင့် ထန်ရှုတို့ကို တစ်ချက် ကြည့်လိုက်သည်။ ထိုသူတို့၏မျက်နှာထက်တွင် တည်ငြိမ်သော အမူအရာ ရှိပြီး သူမကို ဟန့်တားပုံ မပေါ်သည်ကို တွေ့ရတော့မှ သူမက တောင်းပန်သည့် အမူအရာဖြင့် ချက်ချင်း ပြောလိုက်သည်။ “တကယ်တော့ ပရော်ဖက်ဆာက ဒဏ်ရာရသွားတာ ငါ့ကြောင့်ပါ။ ငါက သွေးမျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး လိုက်အဖမ်းခံနေရလို့ တရုတ်နိုင်ငံကို ထွက်ပြေးလာခဲ့တာ။ သူ ဒီမှာ နေတယ်ဆိုတာ ငါ သိတယ်လေ။ ဒါကြောင့် သူ့ဆီ အကူအညီတောင်းပြီး ပုန်းဖို့ လုံခြုံတဲ့နေရာတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလုပ်ကြံသတ်ဖြတ်သူတွေက ပြင်းထန်တဲ့ ခြေရာခံအကျိုးသက်ရောက်မှု ပစ္စည်းအမျိုးအစား အမှောင်စိတ်ဝိညာဉ်နံ့ကို ငါ့အပေါ် သုံးခဲ့တယ်လို့ မထင်ခဲ့မိဘူး။ ရလဒ်အနေနဲ့ သူတို့က ငါ ဘယ်နေနေ အမြဲ သိနေတယ်။ ပါမောက္ခကလည်း ငါ့ကို တစ်ယောက်တည်း မထားခဲ့ချင်ဘူးဆိုတော့ အဲ့ဒါက ငါတို့အားလုံး ဒဏ်ရာရသွားရတဲ့ အကြောင်းရင်းပါ။”
"ဒီသွေးမျိုးနွယ်ဆိုတာ ဘာအဖွဲ့အစည်းလဲ။" လတ်တလောတွင် ဟန်ကျင်းဝူသည် နိုင်ငံတကာ အဖွဲ့အစည်းကြီးအချို့အကြောင်းကို လေ့လာထားသော်လည်း ထိုအဖွဲ့အစည်းအကြောင်းကို သူမ မကြားဖူးခဲ့ပေ။
“သွေးမျိုးနွယ်ဆိုတာ အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး … လူမျိုးတစ်မျိုးကို ခြုံပြီး ခေါ်တာပါ။ ပြီးတော့ သွေးမျိုးနွယ်စုရဲ့အဖွဲ့ဝင်တွေက နင်တို့တွေ ဗန်ပိုင်းယားလို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်လိုပုံစံမျိုး။”
ထိုစကားပြောပြီးနောက် သူမသည် အတောင်များကို ဖြန့်ကာ အစွယ်များကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူမ၏ ကြီးမားသော အော်ရာကို ထုတ်လွှတ်လိုက်ရင်း ရှန်းကျန်က ဆက်လက်ရှင်းပြသည်။
“ငါတို့အကြောင်း တီဗွီမှာ ကြည့်ဖူးတယ်မလား။ အဲ့ဒီဗန်ပိုင်းယားကောင်တွေက ငါတို့သွေးမျိုးနွယ်တွေပဲ။ ဒါပေမယ့် ငါတို့နဲ့ တီဗွီပေါ်က ဇာတ်လမ်းတွေကြားမှာ ကွာခြားချက်တချို့ ရှိတယ်။”
မိုရီလောက် မကြောက်ရွံ့သွားသည့်တိုင် ဟန်ကျင်းဝူ၏မျက်နှာထက်တွင် တုန်လှုပ်နေသော အမူအရာကို တွေ့မြင်နိုင်ပေသည်။ သူမ၏အရှေ့မှ လာနေသော ကြီးမားသော အော်ရာဖိအားကို သူမ ခံစားလိုက်ရသဖြင့် သူမသည်လည်း ရှန်းကျန်ဆီသို့ အလားတူ ကြီးမားသော အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ဘာ…"
ဘေးတွင် ရပ်နေသော ဟန်ကျင်းထုံသည် ရှန်းကျန်နှင့် ဟန်ကျင်းဝူထံမှ ကြီးမားသော အော်ရာတို့ကို ခံစားနိုင်သည်။ သူ၏အိုမင်းသော မျက်နှာထက်တွင် မယုံကြည်နိုင်သောအမူအရာ ထင်ဟပ်နေပြီး ပြူးကျယ်နေသော မျက်လုံးများသည် ပြုတ်ထွက်တော့မည့်အလားပင်။ ရှန်းကျန် အလွန် စွမ်းအားကြီးသည်ကို သူ သိသည်။ သို့သော် … သူ့မြေးလေးက မည်သည့်အချိန်က သည်ကဲ့သို့ စွမ်းအားကြီးသူ ဖြစ်လာပါသနည်း။
"ကောင်းပြီ … ရပ်ကြတော့။"
ထန်ရှုက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုဖာတွင် သွားထိုင်လိုက်သည်။
"အချိန်တိုလေးအတွင်းမှာ မင်း ဒီလောက် အစွမ်းထက်လာလိမ့်မယ်လို့ ငါ မထင်မိဘူး။ ဟန်ကျင်းဝူ … မင်း ချီသန့်စင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီမဟုတ်လား။ ဒီတိုးတက်မှုနှုန်းကို မင်း ဆက်ပြီး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မကြာခင် ရှန်းကျန်နဲ့ ပြိုင်ဆိုင်လာနိုင်လိမ့်မယ်။"
"ဟင့်အင်း … ငါ အားနည်းနေသေးတယ်။" ဟန်ကျင်းဝူက ခေါင်းယမ်းကာ ဆိုသည်။
“ငါသာ အစစ်အမှန် ချီအဆီအနှစ်ကို မသုံးရင် တချို့ သိုင်းပညာရှင်ကြီးတွေက ငါ့ကို သူတို့ ခုခံနိုင်တယ်။ နင့်ရဲ့လူတွေဆီက သိုင်းပညာအချို့ကို ငါ သင်ယူခဲ့ပေမယ့် အဲ့ဒီလှုပ်ရှားမှုတွေက ငါ့အတွက် မသင့်တော်ဘူး။ အဲ့ဒါတွေက သတ်ဖို့အတွက် အထူးသုံးထားတဲ့အရာတွေ ဖြစ်နေတယ်။"
နောက်ဆုံးတွင် ဟန်ကျင်းထုံ မအောင့်နိုင်တော့ဘဲ ဟန်ကျင်းဝူဆီသို့ လျှောက်သွားပြီး
"ဝူလေး … မင်းရော ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီလား။"
"မြေးက ကျင့်ကြံနည်းစနစ်တစ်စုံပဲ လေ့ကျင့်တာပါ အဘိုး။" ဟန်ကျင်းဝူ ခေါင်းညိတ်လိုက်သည်။
"မြေးရဲ့ကြံ့ခိုင်မှုနဲ့အရှိန်ကတော့ အများကြီး တိုးတက်လာပေမယ့် ကျန်တာတော့ မကောင်းပါဘူး။"
ဟန်ကျင်းထုံ၏အိုမင်းသော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူ့မြေးကို ကျင့်ကြံနည်း သင်ပေးခဲ့သောသူအား ထန်ရှုဟု သူ ထင်မိသောကြောင့် ကျေးဇူးတင်စွာ ပြောလိုက်သည်။ “ငါ့မြေးကို ကျင့်ကြံနည်းစနစ် သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာထန်။ ဟန်မိသားစုအပေါ် မင်းပေးခဲ့တဲ့ ကျေးဇူးက ကောင်းကင်ထက်တောင် ကြီးမားနေပါပြီ။”
"ဘယ်လို ကျေးဇူးတရားလဲ။" ဟန်ကျင်းဝူ ဇဝဇေဝါဖြင့် မေးလိုက်သည်။
ဟန်ကျင်းထုံက အလျင်အမြန် ပြောသည်။
"ဝူလေး … ရှန်းကျန်နဲ့ ငါက အစကဆိုရင် ရန်သူတွေရဲ့ လိုက်ဖမ်းခြင်းခံရလို့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ ရှိနေတယ်။ ငါတို့ကို ကယ်တင်ဖို့ ချက်ချင်းရောက်လာတဲ့ မစ္စတာထန်ကြောင့်သာ မဟုတ်ရင် အခုအချိန်မှာ ငါတို့တွေ သေနေပြီပေါ့။ သူက အဘိုးရဲ့ကယ်တင်ရှင်ပါ။”
ဟန်ကျင်းဝူသည် ထိုကဲ့သို့ လျှို့ဝှက်ဇာတ်လမ်းတစ်ခု ရှိမည်ဟု လုံးဝ မမျှော်လင့်ထားပေ။ သူမ ကျေးဇူးတင်ကြောင်း ပြောတော့မည့်ဆဲဆဲတွင် ထန်ရှုက သူမကို ပြောရန် အခွင့်အရေး မပေးတော့ဘဲ မတ်တတ်ရပ်လိုက်ပြီး
"ကောင်းပြီ။ မင်းတို့အားလုံး စကားစမြည်ပြောကြဦး။ ငါ ညစာစားဖို့ သွားစီစဉ်လိုက်ဦးမယ်။"
တံခါးဝမှ အခုလေးတင် ဝင်လာပြီး ထန်ရှု ထွက်လာသည်ကို မြင်လိုက်သော မိုအားဝူက
"သူဌေး … မင်းကို တွေ့ချင်နေတဲ့ ချန်ရှီမြို့က လူတစ်ယောက်ရှိတယ်လို့ ချီနန်က ပြောတယ်။ သူ့နာမည်က ကျိမုတဲ့။ အခု ရှန်ဟိုင်းမှာ ရှိနေတယ်။ ဒါပေမယ့် ချီနန်က သူဌေးရဲ့ခွင့်ပြုချက်မရှိဘဲ မဆုံးဖြတ်ဝံ့လို့ ဒီကိစ္စကို မေးဖို့ ငါ့ဆီ ဖုန်းဆက်လာတယ်။”
ကျိမုလား…
ထန်ရှုသည် လောင်ရှန်အဝေးပြေးလမ်းမကြီးထက် ကားမောင်းပြိုင်ပွဲတွင် သူ ပါဝင်ခဲ့စဉ်က သူနှင့်ရင်းနှီးခဲ့ဖူးသော ဤလူအား သတိရသွားသည်။ စဉ်းစားလိုက်ပြီးနောက် သူက ခေါင်းညိတ်ကာ "ကောင်းပြီ။ ကျိမုကို ဒီသုခဘုံစံအိမ်ကို လာခွင့်ပြုဖို့ ချီနန်ကို ပြောလိုက်ပါ။"
"နားလည်ပါပြီ။" မိုအားဝူက ပြန်ပြောပြီး ချက်ချင်း ထွက်သွားသည်။
ထိုအချိန်တွင် ဟန်ကျင်းဝူ အခန်းထဲမှ ထွက်လာရာ ထန်ရှုအား စီးကရက်တစ်လိပ် မီးညှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက အနားသို့ ရောက်လာပြီး
"ထန်ရှု … ကျေးဇူးတင်ပါတယ်။"
"ဘာမှ မဖြစ်ပါဘူး။" ထန်ရှုက တည်ငြိမ်စွာ ပြန်ပြောသည်။
ဟန်ျကျင်းဝူသည် ဆယ်စက္ကန့်ကျော်ခန့် တိတ်ဆိတ်သွားပြီးနောက် သူမသည် တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့်
“နင် သဘက်ခါမှာ အချိန်အားလား။ ငါနဲ့ တစ်နေရာရာကို အဖော်လိုက်ပေးပါလား။”
"အဲ့ဒါက ဒီနေ့ မင်း ငါ့ကို ရှာရတဲ့ ရည်ရွယ်ချက်အမှန်လား" ထန်ရှုက မေးလိုက်သည်။
“ဟုတ်တယ်။” ဟန်ကျင်းဝူ ခေါင်းညိတ်သည်။
"ဘယ်နေရာလဲ။" ထန်ရှုက ထပ်မေးလိုက်သည်။
“သဘက်ခါက နိုင်ငံလုံးဆိုင်ရာ မြေအောက်တိုက်ပွဲ ပြိုင်ပွဲတွေရဲ့ ဖိုင်နယ်ပွဲစဉ်တွေပဲ။ အဲ့ဒီအချိန်ကျရင် ကွန်ဖူးဆရာတွေ အများကြီးနဲ့ ဆရာကြီးအဆင့် ရှိသူတွေတောင် အနည်းငယ် ရှိလိမ့်မယ်။ အဲ့ဒီအထဲမှာ တစ်ယောက်က အသက် ၄၀ ခန့်ပဲ ရှိသေးပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်-၆ နှစ်လောက်က သိုင်းဆရာကြီးအဆင့်ကို ရောက်သွားတဲ့ လီထုံဆိုတာ ရှိတယ်။ တစ်ချိန်တည်းမှာပဲ သူ့ပုံစံက ပါးနပ်လိမ္မာတယ်၊ ရက်စက်တယ်၊ သတိကြီးတယ်။ အရင်တုန်းက သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့သူတွေရဲ့ ၆၀%က သေဆုံးရပြီး ၃၀%က မသန်မစွမ်းအဖြစ် ရောက်သွားကြတယ်။ အရှုံးကို အမြန်ဝန်ခံတဲ့သူ ၁၀%ကပဲ ဘေးဆိုးကနေ လွတ်မြောက်ခဲ့ကြတာ။
“လက်ရှိမှာ ငါ့ရဲ့ ခွန်အားက အရမ်းသန်မာတယ်ဆိုတာ သိပေမယ့် ဒါပေမယ့် စစ်မှန်တဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲကို ရင်ဆိုင်ရမယ်ဆိုတော့ ယုံကြည်မှု နည်းနေတယ်။ ဒါကြောင့် နင့်ကို ငါနဲ့ အဲ့ဒီနေရာ အဖော်လိုက်ပေးစေချင်တာပါ။ နင် ငါနဲ့ အဖော်လိုက်ပေးပါလား။"
ထန်ရှုက မျက်မှောင်ကြုတ်သွားပြီး
"မင်း မြေအောက်တိုက်ပွဲတွေမှာ ဘယ်တုန်းက စပြီး ပါဝင်ခဲ့တာလဲ။"
"နှစ်လတောင် ရှိနေပြီ။" ဟန်ကျင်းဝူက နှုတ်ခမ်းကို ကိုက်ပြီး ဖြေလိုက်သည်။
ထန်ရှု တိတ်တဆိတ် သက်ပြင်းချမိသည်။ ဟန်ကျင်းဝူသည် ပိုမိုအားကောင်းလိုသောကြောင့် အန္တရာယ်များသည့် မြေအောက်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ရသည့်အထိ ဤသို့ ခေါင်းမာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ မြေအောက်တိုက်ပွဲတွင် ပါဝင်သူများသည် သေခြင်းရှင်ခြင်းစာချုပ်ကို လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး ကွင်းထဲတွင် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူတို့၏ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုရပေမည်။
***