ပြင်းထန်သော မနာလိုမှုမုန်တိုင်း
Vol. 51 Ch. 709
ထန်ရှုသည် သူ့အား သစ္စာဖောက်ခဲ့သော အင်မော်တယ်ကမ္ဘာမှ ချစ်သူရွှဲ့ချင်းချန်အား မုန်းတီးခဲ့ရာ သူမ ပြန်လည်ဝင်စားထားသော ဟန်ကျင်းဝူသည် သူ့နှလုံးသားအတွင်း၌ ရှုပ်ထွေးနေသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဟန်ကျင်းဝူအား မြေအောက်တိုက်ပွဲကွင်းတွင်တော့ သူ မသေစေချင်ပေ။ အင်မော်တယ်ကမ္ဘာကြီးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဟန်ကျင်းဝူ ပြန်လည်အမှတ်ရလာစေရန် ထန်ရှု တောင့်တနေပြီး သူတို့နှစ်ဦးကြားရှိ ကိစ္စရပ်များကို သေချာစွာ ဖြေရှင်းနိုင်ရန်အတွက် ထန်ရှု မျှော်လင့်လျက် ရှိသည်။
“ကောင်းပြီလေ။ ငါ သွားမယ်။"
ထန်ရှုက ခံစားချက်မဲ့သော မျက်နှာအမူအရာဖြင့် ပြန်ပြောပြီး တန်းထွက်သွားသည်။ ဟန်ကျင်းဝူနှင့် အချိန်ကြာကြာ ရှိနေပါက အင်မော်တယ်ကမ္ဘာတွင် ရွှဲ့ချင်းချန်နှင့်အတူ ဖြတ်သန်းခဲ့သည့် နှစ်များကို ပြန်လည်တွေးတောမိနေမည်ဖြစ်သောကြောင့် ဟန်ကျင်းဝူအနား အချိန်ကြာကြာ သူ မနေချင်တော့ပေ။ ထိုစဉ်အခါက ပျော်ရွှင်စရာကောင်းသော နှစ်ကာလများသည် ယခုအချိန်တွင် သူ့နှလုံးသားအား ဓားထက်ထက်ဖြင့် ပိုင်းဖြတ်နေသကဲ့သို့ နာကျင်လွန်းလှသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် သုခဘုံစံအိမ်၏ထမင်းစားခန်းနေရာသို့ ရောက်လာသည်။ ဒုတိယထပ် ပြတင်းပေါက်နားရှိ နေရာအား အမှတ်တမဲ့ ယူလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။ ဟန်ကျင်းဝူသည် မည်သည်အတွက်ကြောင့် ပိုမိုသန်မာချင်လာသည်ကို သူ တွေးရင်း အံ့သြနေသည်။ ကျင်းမန်ကျွန်းတွင် ဖြစ်ခဲ့သော အဖြစ်အပျက်က သူမအား ထိုသို့ဖြစ်စေရန် တွန်းအားပေးသည်ဆိုလျှင်ပင် သူမသည် မိမိကိုယ်မိမိ ပုံသွင်းလေ့ကျင့်ရန်အတွက် မြေအောက်သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ပါဝင်ရန် လုံလောက်သောအကြောင်းပြချက် မဟုတ်သေးပေ။
အကြောင်းရင်းအမှန်က မည်သည်ဖြစ်ပါသနည်း။
ထိုအကြောင်းကို ပိုတွေးလေလေ ပိုရှုပ်လေလေဖြစ်ပြီး ထန်ရှု၏အမူအရာက ပိုပြီးလေးနက်လေလေ ဖြစ်လာသည်။
"နင် အခု ဘာတွေ တွေးနေလဲ။"
အနားသို့ ရောက်လာသော လူလူသည် အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံနွယ်ရှည်အား လှပစွာ ဖြည်ချထားသောကြောင့် မွှေးပျံ့သောရနံ့တစ်ခုက ရစ်ဝဲနေသည်။ ထန်ရှု၏ တစ်ဖက်ခြမ်းတွင် ဝင်ထိုင်လိုက်ပြီးနောက် သူမက မေးလိုက်ခြင်းဖြစ်သည်။
ထန်ရှုက တွန့်ချိုးထားသော မျက်ခုံးများကို ပြန်ဆန့်လိုက်ကာ ခေါင်းယမ်းပြပြီး
“အသေးအမွှားကိစ္စလေးတွေကို တွေးနေတာပါ။ ပြန်တွေးလိုက်တော့လည်း ဘာတွေလုပ်ဖို့ ကျန်သေးလဲဆိုတာ ငါ့ကို သတိပေးလိုက်သလိုပဲ။ နောက်ပြီး ကျိမုဆိုတဲ့ သူငယ်ချင်းတစ်ယောက် ဒီကို လာမယ်ဆိုလို့ စောင့်နေတာ။ သူ ရောက်လာရင် မင်းရဲ့လူတွေကို ဒီနေရာခေါ်လာပေးဖို့ ပြောပေးပါဦး။”
လူလူက ခေါင်းညိတ်ပြီး သူမ၏ဖုန်းကို ထုတ်ကာ ဖုန်းတစ်ချက်ဆက်လိုက်သည်။ ပြီးနောက် သူမက မေးထောက်ကာ ထန်ရှုကို စိုက်ကြည့်ရင်း
"ထန်ရှု … နင် ငါ့ကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သင်ပေးရမယ်။ တခြားတစ်ယောက်ကို ပိုပြီး မျက်နှာသာပေးတာမျိုး ဖြစ်လို့မရဘူးနော်။"
သူ၏မျက်ခုံးကို အသာဖိထားရင်း ထန်ရှုက
"ငါ မင်းကို ကျင့်ကြံနည်းစနစ် သင်ပေးရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် တခြားတစ်ယောက်ကို ပိုပြီး မျက်နှာသာပေးတာမျိုး ဖြစ်လို့မရဘူးဆိုတာ ဘာကို ပြောတာလဲ။"
"အဲ့ဒီဗန်ပိုင်းယားကောင်ကို တွေ့လိုက်ကတည်းက နင်က ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သိတယ်လို့ ငါ နားလည်သွားတယ်။ နင်တင်မကဘူး ရှောင်ရွှဲ့တောင်မှ ဒီအကြောင်းကို သိမှာဖြစ်လို့ ခန်းရှဆီ ငါ ဖုန်းဆက်ခဲ့တယ်။”
အိုးရန်လူလူက ဆက်ပြောလာသည်။
"မင်း ဘာလို့ သူ့ဆီ ဆက်တာလဲ။"
ထန်ရှု အံ့သြထိတ်လန့်သွားသည်။
"ဟယ် … နင် ငါ့ကို ငနုံလေးလို့ ထင်နေတာလား။" အိုးရန်လူလူက ညည်းညည်းညူညူ ပြောသည်။ "အခြားအမျိုးသမီးတွေက နင်နဲ့ မရေမရာ ဆက်ဆံရေး ရှိ၊မရှိ ငါ သေချာမသိပေမယ့် ခန်းရှကတော့ သေချာ ရှိလိမ့်မယ်။ နင့်ကြောင့်သာမဟုတ်ရင် သူ အကုန်လုံးကို ပစ်ပြီး ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို စီမံခန့်ခွဲဖို့ ထွက်လာမှာမဟုတ်ဘူး။ သူက အရာအားလုံးကို လုပ်ပေးနေတဲ့သူမို့လို့ ကုမ္ပဏီမှာ ကိစ္စအားလုံးကို နင် စီမံခန့်ခွဲတာ မဟုတ်ဘူးလို့တောင် ငါ ပြောနိုင်တယ်။”
ထန်ရှုသည် လူလူ ဉာဏ်ထက်ကြောင်း သိထားသော်လည်း ဤအတိုင်းအတာလောက်ထိ ရှိလိမ့်မည် မထင်ထားပေ။ ခန်းရှဆီ ဖုန်းဆက်ပြီးနောက် သူမဘာသာ ခန့်မှန်းချက်တစ်ခု သေချာစွာ ပြုလုပ်ခဲ့သည်။ နို့မဟုတ်ပါက ခန်းရှ၏အရည်အချင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့် ဤစကားများကို အလွယ်တကူ ထုတ်ပြောရန်မှာ လုံးဝမဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးတစ်ဦး၏ ဦးနှောက် အလုပ်လုပ်ပုံကိုလည်း သူ နားမလည်ပါပေ။ သို့သော် ရှေးဧကရာဇ်များကဲ့သို့ နန်းတော်သုံးခုနှင့် စံအိမ်တော် ခြောက်လုံးတို့တွင် မိဖုရားမောင်းမမိဿံ ၇၂ယောက်တို့ ထားရှိပြီး မျိုးဆက်တစ်ခုပြီးတစ်ခု အင်ပါယာနန်းတွင်း၌ ပြဇာတ်များကို အံ့သြဖွယ်ကောင်းသော မြင်ကွင်းများဆီသို့ ဦးတည်စေခဲ့သော စံနမူနာများကြောင့် ထန်ရှုသည် အမျိုးသမီးများစွာ ရှိခြင်း၏ ဒုက္ခများစွာကို ရေးတေးတေး ခံစားမိလာသည်။ မယားသုံးယောက်နှင့် မောင်းမမိဿံလေးယောက်ရှိသော ပုဂ္ဂိုလ်များသည် နောက်ဆုံးတွင် ၎င်းတို့၏အိမ်နောက်ဖေးတွင် မီးများ လောင်ကျွမ်းသွားသည် မဟုတ်ပါလော။
တိတ်ဆိတ်သွားသော ထန်ရှုကို ကြည့်ရင်း အိုးရန်လူလူ၏နှလုံးသားလေးသည် ရုတ်တရက် တုန်လှုပ်သွားကာ အလျင်အမြန် ပြောလိုက်သည်။ "ဟန်နီ … ငါ ဒီကိစ္စကို ပြသနာ လုပ်နေတာ မဟုတ်ဘူးနော်။ ငါ့အဆင့်အတန်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ခန်းရှနဲ့ ငါ ပြိုင်မှာမဟုတ်ဘူး။ နင် ငါ့ကို ဂရုစိုက်နေသရွေ့၊ ငါက နင့်ရဲ့အမျိုးသမီးလေးဆိုတာကို သတိရနေသရွေ့ ငါ့အတွက် လုံလောက်ပါပြီ။ ကျင့်ကြံခြင်းပါ အပါပေါ့ ..."
လူလူ ထိုသို့ပြောနေရသော်လည်း စားပွဲအောက်က သူမ၏လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိသည်။ ထန်ရှု၏နှလုံးသားထဲတွင် ခန်းရှ၏နေရာသည် အလွန်ခိုင်မာကြောင်း လူလူ သဘောပေါက်ခဲ့ပြီဖြစ်သည်။ ထန်ရှု၏စီးပွားရေးအင်ပါယာ စီမံခန့်ခွဲရာတွင် ခန်းရှ၏အကူအညီပေးမှုက သူမ မယှဉ်နိုင်သော အရာ ဖြစ်နေသည်။ သို့သော် သူမသည် ကျောက်တုံးပေါ်တွင် ရေအဆက်မပြတ် ကျနေခြင်းဖြင့် တွင်းပေါက်တစ်ခု ဖန်တီးနိုင်မည်ဟု သူမ အခိုင်အမာ ယုံကြည်ထားသည်။ ထန်ရှုသည် ရေခဲဖြင့် ချိတ်ပိတ်ထားသော အေးခဲနေသည့် နှလုံးသားတစ်ခု ရှိကောင်းရှိနိုင်သော်လည်း သူမ၏နွေးထွေးသော အချစ်တို့ဖြင့် အရည်ပျော်စေကာ အတွင်းထဲတွင် သူမကိုယ်တိုင် ထွင်းထုထားနိုင်ပေမည်။
"ဒီည ငါ ဒီမှာ နေမယ်။" ထန်ရှုက ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး ပြောလိုက်သည်။
လူလူ၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ပျော်ရွှင်စွာ ကြည့်ကာ ခေါင်းကို အခါခါ ညိတ်တော့သည်။ ထန်ရှု မည်သည်ကို ဆိုလိုသည်ကို သူမ နားလည်ပြီး သူ၏သဘောထား ပြောင်းလဲလာမှုကိုလည်း သူမ သတိပြုမိပေသည်။
ယခင်ကဆိုလျှင် ထန်ရှုသည် သူမကို အမြဲတမ်း ငြင်းဆန်ပေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အိပ်ရာထက် ချစ်ပွဲဆင်နွှဲသည်ဆိုသော်လည်း သူမက စတင်ပြီး ထန်ရှု လှုပ်ရှားအောင် သွေးဆောင်ရသူ ဖြစ်နေချေသည်။ သို့သော်လည်း ထန်ရှုသည် လွန်ခဲ့သော နှစ်ရက်ကတည်းက သူမကို မထိခဲ့ပေ။ ရင်ထဲတွင် ဆုံးရှုံးမှုအား သူမ လုံး၀ မခံစားရပါဟု ဆိုပါက လိမ်ညာမှုတစ်ခု ဖြစ်သော်ငြား သူမကိုယ်တိုင်ကလည်း ချုပ်တည်းထားသော အမျိုးသမီးလေး ဖြစ်သည်။ သူမသည် သူ့ကို သွေးဆောင်ရန်အတွက် အရမ်းကို ပြင်းပြသော နည်းလမ်းများအား ရွေးချယ်စရာ မရှိသည့် အခြေအနေကြောင့် အမြဲတမ်း အသုံးပြုနေရတာမျိုး မဖြစ်ချင်သလို မျှော်လင့်ချက် ကုန်ဆုံးနေသော လူကဲ့သို့လည်း မနေချင်ပေ။
သေချာသည်က ထန်ရှုတွင် နူးညံ့သော နှလုံးသားတစ်ခု ရှိသည်။ ထိုသို့သောသူအား အတင်းအကျပ် ဖိအားပေး စေခိုင်းပါက သူမအတွက် အရာအားလုံးကို ဆုံးရှုံးစေမည်ဖြစ်ပြီး ထိုဆုံးရှုံးမှုသည် သူမ ရလိုက်သော အရာထက် ပိုမိုများပြားနေမည်မှာ အသေအချာပင်။ အမျိုးသားများ၏နှလုံးသားကို မဆုပ်ကိုင်မီ ထိုသူ၏နှလုံးသားကို အနည်းငယ် ပွင့်လာရန် သွယ်ဝိုက်သော နည်းလမ်းများကို အသုံးပြုရပေသည်။ သို့မှသာ အမျိုးသမီးတစ်ဦးသည် အနာဂတ်တွင် ဆက်ဆံရေးကို အဆက်မပြတ် နက်ရှိုင်းစေကာ နောက်ဆုံးတွင် သူမနှင့် ထပ်မံ မခွဲခွာနိုင်သည့်အထိ သူမကို လက်ခံနေရအောင် လုပ်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် လူလူ၏အပြုံးသည် အထူးတောက်ပနေပေရာ သူမ၏မျက်လုံးလေးများသည်ပင် လခြမ်းကွေးလေးများအလားပင်။
သုခဘုံစံအိမ်လမ်းတစ်ခုတွင် စံအိမ်ဆီသို့ ဦးတည်လျက် မာ့ဇရာတီကားတစ်စီးသည် မိုင်ကုန်မောင်းလာသည်။ ကားမောင်းလာသူ ကျိမုသည် ချီနန်မှတဆင့် ထန်ရှုကလည်း သူ့အား တွေ့လိုကြောင်း သိရှိရပြီးနောက် ကျေနပ်အံ့သြသောစိတ်တို့ ပြည့်နေသည်။
လွန်ခဲ့သောနှစ်ရက်က လောင်ရှန်တွင် သူ မြင်ခဲ့ရသော မြင်ကွင်းကို မမေ့ဖျောက်နိုင်သလို ထန်ရှု ပြသခဲ့သော ဆန်းကြယ်သည့်အတတ်ပညာအား သူ့စိတ်ထဲတွင် ဖျောက်ဖျက်၍မရပေ။ သေချာသည်မှာ ထိုနတ်ဆိုးခြောက်ကောင်ကို သတ်ရန် အမိန့်ပေးသောအခါ ထန်ရှု၏ ရက်စက်သော တစ်ဖက်ခြမ်းကို သူ မြင်ခဲ့ရပေသည်။ ထို့အတွင် စိတ်အတွင်း၌ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း သူ့ဘဝအပြင်သို့ ထွက်ကြည့်ရန် စိတ်အားထက်သန်မှုသည် သူ့အရိုးများအတွင်း၌ နစ်မြုပ်နေပြီး ရှေ့ဆက်သွားရန် ဆုံးဖြတ်ရသည့် အကြောင်းရင်းက ကြီးမားလှသည်။
သူက ပိုပြီးသန်မာချင်သည့်နည်းတူ ထန်ရှုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုလည်း ပိုင်ဆိုင်ချင်သည်။ သူ့တွင် စွန့်စားလိုစိတ်ရှိပြီး ပျံသန်းနည်းကိုသာ သင်ယူနိုင်ပါက သူ ကြိုးစားကြည့်ချင်သည်။ ထို့ကြောင့် အလွန်ကြီးမားသော လက်ဆောင်တစ်ခု ပြင်ဆင်ရန် အချိန်နှင့်အားစိုက်ထုတ်မှုကို အသုံးပြုပြီးနောက် ရှန်ဟိုင်းသို့ ရောက်လာခဲ့ပြီး ထိုလက်ဆောင်များထဲမှ တစ်ခုသည် အဖိုး၏မိတ်ဆွေကောင်းထံမှ ယွမ်တစ်ဘီလီယံနီးပါးဖြင့် သူဝယ်ခဲ့ရသော နှစ်ပေါင်းနှစ်ထောင်ကျော်သက်တမ်းရှိ ဂျင်ဆင်းရိုင်းပင်၏ပင်စည် ဖြစ်တော့သည်။
ကျိမူသည် သုခဘုံစံအိမ်၏ကားရပ်နားရာနေရာတွင် သူ့ကားကို အမြန်ရပ်လိုက်သည်။ ကားပေါ်က သူ မဆင်းရသေးခင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကားပြတင်းပေါက်ကို လာခေါက်သည်။
"မင်းက…" ကျိမူက ဇဝဇေဝါဖြင့် မေးလိုက်သည်။
"မင်းက မစ္စတာကျိ … ကျိမူလား" လူလတ်ပိုင်းက မေးလာသည်။
"ငါပါ။" ကျိမူက ပြောလိုက်သည်။
"ဟယ်လို မစ္စတာကျိ။ ငါ့သူဌေးက မင်းကို ကြိုလာဖို့ ငါ့ကို ဒီမှာ စောင့်ခိုင်းပြီး မင်းရောက်တာနဲ့ သူ့ဆီ ခေါ်လာခိုင်းထားတယ်။" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
"မင်းရဲ့သူဌေးက ထန်ရှုလား။" ကျိမုက မေးသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခဏတုံ့ဆိုင်းသွားပြီး “မစ္စတာထန်က ငါတို့သူဌေးရဲ့လူ ဖြစ်လို့ သူ့ကို ငါ့သူဌေးလို့လည်း မှတ်ယူနိုင်ပါတယ်။"
"ဟင်…" ကျိမူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါဆို မင်းရဲ့ သူဌေးက ဘယ်သူလဲ။"
“ငါ့သူဌေးရဲ့မျိုးရိုးနာမည်က အိုးရန် … ကျင်းမန်ကျွန်းကပါ။” သက်လတ်ပိုင်း အမျိုးသားက ပြန်ဖြေသည်။
အိုးရန်မိသားစုသည် ကျင်းမန်ကျွန်းတွင် နေထိုင်ကြောင်း ကျိမုသည် သိထားပြီးဖြစ်ပြီး ထိုမိသားစု၏ မိန်းမပျိုနှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးသည်။ အိုးရန်မိသားစုမှ ဤမိန်းမပျိုသည် မာနကြီးပြီး မြင့်မြတ်သော မင်းသမီးလေးကဲ့သို့ ဖြစ်နေသောကြောင့် သူမနှင့် လုံးဝ ဆက်ဆံရေး မရှိသော်လည်း သူမနှင့်ပတ်သက်သည့် မှတ်ဉာဏ်သည် လတ်ဆတ်ပြီး ထင်ထင်ရှားရှား ရှိနေပါသေးသည်။
သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး လူလတ်ပိုင်းကို ကြည့်လိုက်ကာ
"မင်းရဲ့သူဌေးက အိုးရန်လူလူလို့ခေါ်တာမလား။"
"မင်းပြောတာမှန်ပါတယ် မစ္စတာကျိ။" လူလတ်ပိုင်းအရွယ်က ပြုံးသည်။
"တကယ်တော့ ငါ့သူဌေးက အိုးရန်လူလူပါ။ ငါ့သူဌေးကို သိနေတာလား။"
သို့သော် ကျိမု၏နှလုံးသားအတွင်းတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရှိနေသည်။ အိုးရန်လူလူသည် ထူးထူးခြားခြား လှပမှန်း သူ သိသည်။ အလှဆုံးဟု သူထင်ထားသည့် ကျန်းရှင်းယာနှင့်တန်းတူနီးပါး လိုက်နိုင်မည့်သူ ဖြစ်သည်။ သူမသည် ထန်ရှု၏ အမျိုးသမီး ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်လည်း ထန်ရှု၏အဆင့်အတန်းနှင့် ဂုဏ်ပုဒ်ကို ပြန်လည်သတိရသောအခါတွင် ထန်ရှုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် အိုးရန်လူလူကဲ့သို့ အလှတရား အဆင့်အတန်းနှင့် ထိုက်တန်သည်ဟု သူ တွေးမိသောကြောင့် ရုတ်တရက် စိတ်သက်သာရာရသွားသည်။
"ဟုတ်တယ်။ ငါ သူမနဲ့ နှစ်ခါလောက် ဆုံဖူးတယ်။" ကျိမုက ကျေကျေနပ်နပ် ပြောလိုက်သည်။ ထို့နောက် သူသည် ကားနောက်ခန်းထဲက လက်ဆောင်ကို ထုတ်ပြီး လူလတ်ပိုင်းအရွယ်နှင့်အတူ ထမင်းစားခန်းထဲသို့ လိုက်သွားသည်။ အိုးရန်လူလူသည် ပြတင်းပေါက်နားတွင် ထိုင်ပြီး ထန်ရှုနှင့် စကားပြောနေသည်ကို ကျိမု သတိပြုမိသောအခါ ချက်ချင်း ရှေ့သို့ တိုးလာပြီး
"အစ်ကိုထန် … မရီး … ငါ မင်းတို့ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားလား။"
အစ်ကိုထန် … မရီး … ဘာတွေတုန်း …
ထန်ရှုသည် ကျိမု၏အခေါ်အဝေါ်ကြောင့် ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားရသည်။ သည်ငနဲအား သူ တစ်ခါလောက်သာ တွေ့ဖူးပေရာ မည်သို့မည်ပုံ သူတို့နှစ်ယောက်သည် အရမ်းကို ရင်းနှီးသွားတဲ့ပုံ ဖြစ်သွားရပါသနည်း။ ဆန့်ကျင်ဘက်အနေနှင့် သူမအား "မရီး" ဟု ခေါ်သည်ကို ကြားလိုက်ရသည့် လူလူသည် ရင်တွင်း၌ ချိုမြိန်သွားရကာ ကျိမုကို တိတ်တဆိတ် ကျေနပ်သဘောကျသွားသည်။ သူမက လျင်မြန်စွာ ထရပ်ပြီးနောက် စားပွဲဘေးတွင်ရပ်လိုက်ပြီး အပြုံးဖြင့်
"ကျိမု … ထန်ရှု ပြောခဲ့တဲ့ သူငယ်ချင်းက နင် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကြည့်ရတာ ငါ့ရဲ့လူက အရမ်းထူးချွန်တာမို့ ချန်ရှီမြို့ ကျိမိသားစုရဲ့ သခင်လေးနဲ့ မိတ်ဖွဲ့ခဲ့ပုံရတယ်။ သူနဲ့ စကားစမြည် ပြောလိုက်ပါဦး။ နင်တို့အတွက် ဟင်းချက်ဖို့ မီးဖိုချောင်ကို သွားပြင်ဆင်ခိုင်းရင်းနဲ့ ဝိုင်ကောင်းကောင်းတစ်လုံး ငါ ယူလာခဲ့မယ်။"
လူလူ ထွက်သွားသည်ကို ကြည့်ပြီး ထန်ရှုက ကျိမုအား မျက်နှာချင်းဆိုင် နေရာမှာ ထိုင်ရန် လက်ဟန်ပြပြီး မေးလိုက်သည်။
"ညီအစ်ကိုကျိမု … မင်းက ငါတို့ကို ဘာလို့ အဲ့ဒီလို ခေါ်ရတာလဲ။"
ကျိမုက ရောင်စုံကြိုးများဖြင့် လှပစွာ ချည်ထားသော လက်ဆောင်သေတ္တာလေးလုံးကို တွန်းပေးလိုက်ရင်း အပြုံးဖြင့်
“မနှစ်က လောင်ရှန်မှာ တွေ့ပြီးကတည်းက ငါတို့ မတွေ့တာ ကြာပြီ။ ပြန်တွေးကြည့်ရင် အဲ့ဒီတုန်းက မင်းရဲ့ကြော့မော့တဲ့ ပုံစံနဲ့ အပြုအမူကို ငါ မှတ်မိနေသေးတယ် ညီအစ်ကိုထန်။ မင်းသိလား … ဒီတလော ငါ အချိန်ရတာနဲ့ မင်းဆီ လာလည်ဖို့ ရှန်ဟိုင်းကို လာခဲ့တာ။"
“ပြီးတော့ … ဒါတွေက ဘာတွေလဲ။” ထန်ရှုက လက်ဆောင်သေတ္တာလေးလုံးကို ညွှန်ပြသည်။
“ငါ မကြာသေးခင်ကမှ ပစ္စည်းတချို့ ရခဲ့တယ်ဆိုတော့ အလည်လာရင် မင်းကို လက်ဆောင်ပေးဖို့ စိတ်ကူးထားတယ်။ ဒါတွေကို မင်းလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ် အစ်ကိုထန်။"
ထန်ရှုသည် မျက်လုံးများကို မှေးစင်းထားပြီး ကျိမုကို စူးစူးနစ်နစ် စိုက်ကြည့်နေသည်။ ရုတ်တရက် လာရောက်လည်ပတ်သည့်အပြင် ပြင်ဆင်ပေးလာသည့် လက်ဆောင်များပါ ပါရှိလာပေရာ နက်နဲသော အဓိပ္ပာယ် ရှိရပေမည်။ ထန်ရှု ခဏလောက် နှုတ်ဆိတ်နေပြီးနောက် သူက ဖြည်းညှင်းစွာ မေးသည်။ "ကျိမု … ငါ မင်းကို ကူညီနိုင်တာ တစ်ခုခုရှိလား။"
"ဟင့်အင်း … မဟုတ်ဘူး … မရှိပါဘူး။" ကျိမုသည် ခဏလောက် တွေကနဲ ဖြစ်သွားကာ ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။
“မင်းရဲ့အရည်အချင်းတွေကို ငါ လေးစားမိလို့ မင်းဆီ အလည်လာချင်ခဲ့တာ အစ်ကိုထန်။ ဒီခေတ်ထဲမှာ ငါ ကြည်ညိုလေးစားရတဲ့သူက နည်းနည်းလေးပဲ ရှိတယ်။ ဒါကြောင့် မင်းနဲ့ ပိုပြီးရင်းရင်းနှီးနှီးနေဖို့၊ ပိုပြီး ကောင်းကောင်းမွန်မွန် ပေါင်းဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ငါ ဒီကို လာခဲ့တာပဲ။"
“ဟားဟားဟား။” ထန်ရှုက မအောင့်နိုင်ဘဲ ရယ်တော့သည်။
“မင်း သိပါတယ် မင်းရဲ့သူငယ်ချင်းဖွဲ့နည်းက အဆန်းကြီးလေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ တခြားရည်ရွယ်ချက်တွေ ရှိပစေဦးတော့ … ဒီလက်ဆောင်ကို ငါ လက်ခံလိုက်မယ်။ ဒီည မင်း အရေးတကြီး မပြန်ဖြစ်ရင် ဒီမှာပဲ နေပြီး တစ်ည အနားယူသွားလိုက်ဦး။”
“ကောင်းပြီ။” ကျိမုက ဝမ်းသာအားရ ပြန်ပြောသည်။
ဖုန်းမြည်သံ…
ထန်ရှု၏အိတ်ကပ်ထဲက လက်ကိုင်ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းခေါ်ဆိုသူကို ကြည့်သောအခါတွင် သူ၏အမူအရာသည် ချက်ချင်းပင် ထူးဆန်းသွားသည်။ သူ တစ်ချက်တွေးပြီးနောက် ကျိမုအား ထွက်သွားရန် မတောင်းဆိုတော့ဘဲ ဖုန်းပြန်ဖြေလိုက်သည်။
" ရှောင်ယန် … ဘယ်လိုဖြစ်ပြီး ငါ့ကို ဖုန်းဆက်ဖို့ သတိရသွားတာလဲ။"
ချင်းရှောင်ယန်၏အသံသည် မိုဘိုင်းဖုန်းထဲမှ ထွက်ပေါ်လာပြီး
“ညီအစ်ကိုထန် … ငါ အခု ရှန်ဟိုင်းကို ရောက်နေတယ်။ အတူတူထမင်းစားဖို့ အချိန်ရှိသေးလား။ ငါ...မင်းနဲ့ ဆွေးနွေးချင်တာတစ်ခုရှိတယ်။"
ထန်ရှုသည် ချင်းရှောင်ယန်နှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုရှိသောကြောင့် သူ့အား သဘာဝအတိုင်း မငြင်းဆိုပေ။ ထို့နောက် သူသည် ဖုန်း၏စကားပြောသောနေရာကို အုပ်ကာ ကျိမုကို ကြည့်လိုက်ပြီး
“ပေကျင်းက သူငယ်ချင်းတစ်ယောက်က ငါနဲ့ တစ်ခုခု ဆွေးနွေးချင်တယ်လို့ ပြောတယ်။ ငါ သူ့ကို ဒီနေရာ ခေါ်လိုက်ရင်ရော ဘယ်လိုလဲ … ငါတို့အားလုံး အတူတူ သောက်ကြမလား။”
***