နင် ငါ့ခဲအိုလုပ်ရင်ရော ဘယ်လိုလဲ။
Vol. 51 Ch. 711
ထန်ရှုသည် ဟိုယခင်က အမြွှာညီအစ်မများစွာကို တွေ့ဖူးသော်လည်း ထပ်တူနီးပါးမျှ တူသူအား ပထမဆုံးအကြိမ် တွေ့ရခြင်း ဖြစ်သည်။ သည်အခြေအနေက စိတ်ဝင်စားစရာကောင်းသည်ဟု သူ ခံစားမိသောကြောင့် လက်ဟန်ခြေဟန်ဖြင့်
"မေးပါ။"
"နင် ငါ့အစ်မကို သဘောကျလား မစ္စတာထန်။ ငါ့ခဲအို ဖြစ်ချင်လား။" ကျန်းရှင်းယွဲ့က ရုတ်တရက် မေးလာသည်။ သည်မေးခွန်းသည် ရိုးရှင်းပြီး အလွန် တိုက်ရိုက်ကျသော မေးခွန်းဖြစ်ပေသည်။
အဟွတ် … အဟွတ် …
ထန်ရှု မည်သို့ပင် ဉာဏ်ထက်နေပါစေ ကျန်းရှင်းယွဲ့တစ်ယောက် သည်လိုမေးခွန်းမျိုးအား ရုတ်တရက် မေးလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော် သူမ၏စူးစူးနစ်နစ် စိုက်ကြည့်နေမှုကို သူ မြင်ရသည့်အတွက် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီးနောက် ပြုံးလိုက်ရင်း
“မင်း တစ်ခုခုကို နားလည်မှုလွဲနေပြီထင်တယ်။ ငါက မင်းအစ်မရဲ့ သာမန်သူငယ်ချင်းတစ်ယောက်ပါ။ နောက်ပြီး ငါ့မှာ ရည်းစားရှိနေပြီမို့ မင်းရဲ့ ခဲအို မဖြစ်နိုင်ပါဘူး။"
"နင့်ရည်းစားက ငါ့အစ်မထက် ပိုလှလား။" ကျန်းရှင်းယွဲ့က မျက်မှောင်ကြုတ်လိုက်ရင်း
"သူ့ထက်ရော ပိုတော်လား။"
"မိန်းကလေးတစ်ယောက်ရဲ့ထူးချွန်မှုက သူမ ဘယ်လောက် ရုပ်ရည်ချောမောတယ်ဆိုတာနဲ့ မဆိုင်သလို တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ဖို့ဆိုတာ နည်းလမ်းမရှိပါဘူး။ အထူးသဖြင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါပေါ့။
"ငါ သဘောကျတဲ့ မိန်းကလေးကို အရမ်းထူးချွန်တဲ့ မိန်းကလေးတစ်ယောက်လို့ ခံစားမိတာ သဘာဝကျပေမယ့် မိန်းကလေးတစ်ယောက်က အရမ်းထူးချွန်တယ်ဆိုရင်တောင် ငါ သဘောမကျရင် သူမနဲ့ လက်ထပ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။"
"နင် ပြောတာက အမှားကြီး ဟမ့်။" ကျန်းရှင်းယွဲ့က အေးစက်စက် ဆိုလိုက်သည်။
"ထူးချွန်တဲ့မိန်းကလေးတစ်ယောက်ကို အမျိုးသားတွေက ဘာကြောင့် မနှစ်သက်နိုင်ရမှာလဲ။"
ထန်ရှုက တခဏလောက် တွေးတောပြီး ဖြည်းညှင်းစွာ ပြောသည်။
"ယောက်ျားတစ်ယောက်က ထူးချွန်တဲ့ အမျိုးသမီးတိုင်းကို မြင်တိုင်း သဘောကျနှစ်သက်ပြီး လိုက်နေရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားမှာကို ငါ ကြောက်တယ်။ ဒီလိုစဉ်းစားကြည့်ရအောင်။ မင်းရဲ့အစ်မက ရုပ်ရည် အရပ်အမောင်းအရရော၊ စိတ်နေစိတ်ထားအရရော၊ ထင်ရှားကျော်ကြားတဲ့ စူပါစတားတစ်ယောက်အနေနဲ့ရော ထူးချွန်လွန်းပါတယ်။ သူ့အတွက် အထင်ရှားဆုံး အချက်က ကောင်းမွန်တဲ့ စိတ်နေသဘောထား ရှိတာမို့ သူသာ ဆန္ဒရှိရင် အဆင့်အတန်းနဲ့ နေရာတစ်ခုကိုတော့ ရနိုင်တယ်။ မရေမတွက်နိုင်တဲ့ အမျိုးသားတွေရဲ့ အမြင်မှာ သူက တကယ့်ကို ထူးချွန်တဲ့ မိန်းကလေးတစ်ဦးပါ။
“ပြီးတော့ မင်း … မင်းလည်း မင်းရဲ့အစ်မလိုပဲ။ သူ့လို ထူးထူးခြားခြား လှပတဲ့ အပြင်ပန်း အလှရှိသလို ရှန်ဟိုင်းလိုနေရာမှာတောင် အလှပြင်ဆိုင်ကြီးတစ်ခု တည်ထောင်နိုင်တဲ့အတွက် အတော်ကောင်းမွန်တဲ့ ငွေရှာနိုင်စွမ်း ရှိတယ်လို့ ဆိုရမယ်။ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေရဲ့အမြင်မှာ မင်းက မြင့်မားတယ်။ မင်းမှာရှိတဲ့ ပိုင်ဆိုင်မှုကြောင့် ယောက်ျားတွေရဲ့အမြင်မှာ အရမ်းထူးချွန်တဲ့ မိန်းမတစ်ယောက် ဖြစ်စေတယ်။
"မင်းတို့တွေရဲ့ ထူးချွန်မှုကြောင့်... မင်းတို့ညီအစ်မနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ငါ ချစ်မိသွားရင် ယုတ္တိမဲ့ပြီး ရယ်စရာကောင်းတယ်လို့ မင်း ထင်မလား။"
ထန်ရှု၏အကျိုးအကြောင်းပြောမှုကြောင့် ကျန်းရှင်းယွဲ့ အံ့အားသင့်သွားသည်။ ပြဿနာကို ရိုးရိုးရှင်းရှင်းလေးဟု သူမ ထင်ခဲ့မိသည်။ သူမ၏အစ်မနှင့် အချိန်အတူကုန်ဆုံးခဲ့သော ရက်များတွင် အစ်မက ထန်ရှုအကြောင်း တစ်နေကုန် ပြောနေသည့်အတွက် အစ်မဖြစ်သူသည် ထန်ရှုကို တကယ် သဘောကျနေသည်ဟု သူမ ခံစားမိသည်။ ထိုသူ့အတွက် သူ့အစ်မ၏ခံစားချက်များက လွန်စွာ နက်ရှိုင်းသည်ဟုပင် သူမ ပြောနိုင်ပေသည်။
ထို့ကြောင့် သူမသည် ဤအခွင့်အရေးကို ယနေ့တွင် အသုံးချပြီး သူမ၏အစ်မအပေါ် ထန်ရှု၏ ခံစားချက် မည်သို့ ရှိသည်ကို သိချင်ခဲ့သည်။ သို့သော် ထိုသို့မမျှော်လင့်ထားသော ရလဒ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ပန်းကလေးများက အချစ်အတွက် ကြွေကျခဲ့ပေမယ့် နှလုံးသားမဲ့တဲ့ စမ်းချောင်းလေးအတွက်ကတော့ လှိုင်းပွက်ရုံသာ ဖြစ်ခဲ့သည့် တုံ့ပြန်မှု မရှိသော အချစ်တစ်ခုကဲ့သို့လား။
ရုတ်ခြည်းပင် သူမ၏အစ်မအတွက် ကျန်းရှင်းယွဲ့ ကြေကွဲသွားရသည်။ တစ်ချိန်တည်းမှာပင် ထိုရလဒ်အတွက် ထန်ရှုကို မုန်းတီးခြင်းမရှိဘဲ ထိုအစား သူ့ကိုပင် လေးစားမိသည်။ သူမ၏အစ်မတွင်ရှိသော ပိုင်ဆိုင်မှုအားလုံးဖြင့်ဆိုပါက အစ်မကို လက်ထပ်ရန် ရှန်ဟိုင်းရှိ ရာနှင့်ချီသော အမျိုးသားများသည် တန်းစီကြပေမည်။ သို့သော် သူမ၏အရှေ့ရှိ သည်လူက လုံလောက်သော စဉ်းစားဉာဏ်နှင့် အကြောင်းပြချက်တို့ ရှိပြီး ရိုးသားပေသည်။
ကျန်းရှင်းယွဲ့ ဖြည်းညှင်းစွာ ထလိုက်သည်။ ထန်ရှု၏အကြည့်အောက်တွင် သူမက ဦးတစ်ချက် ညွှတ်လိုက်ပြီး
"နင် သူနဲ့ အတူ ရှိမနေနိုင်ဘူးဆိုမှတော့ နောက်ဆို ငါ့အစ်မနဲ့ ခပ်ခွာခွာနေပေးဖို့ နင့်ကို ဒုက္ခပေးလို့ရမလား မစ္စတာထန်။ ဖြစ်နိုင်ရင် ဒါက နင် သူနဲ့တွေ့တဲ့ နောက်ဆုံးအကြိမ် ဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်။”
"မင်းပြောတာကို ငါ နားမလည်ဘူး။" ထန်ရှုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ငါ့အစ်မ လောလောဆယ် ဒီမှာမရှိတော့ ငါတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်။"
ကျန်းရှင်းယွဲ့က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ့အစ်မက နင့်ကို အထင်ကြီးပြီး နင့်အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေက အတော်လေးနက်တယ်ဆိုတာ ငါ ပြောနိုင်တယ်။ နင်က ရည်းစားရှိပြီးသားမို့ ငါ့အစ်မကို အနာဂတ်မှာ လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီတော့ အကောင်းဆုံးရွေးချယ်မှုက သူ့ရဲ့ခံစားချက်တွေကို အချိန်ပေးပြီး မေ့ခိုင်းလိုက်ဖို့ပဲ။ နင်က ပါးနပ်ထက်မြက်တဲ့သူပါ မစ္စတာထန်။ ဒါကို နင် နားလည်နိုင်မှာ သေချာပါတယ်။ ပြီးတော့ ငါ … ငါ့အစ်မကို မထိခိုက်စေချင်၊ မနာကျင်စေချင်ဘူး။”
ထန်ရှု တခဏမျှ ငြိမ်သက်သွားခဲ့ပြီး နောက်ဆုံးတွင် သူ ခေါင်းညိတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်
"ငါ နားလည်ပါတယ်။ ဒါပေမယ့် သူနဲ့ ဘယ်တော့မှ ပြန်မဆုံတော့ဘူးလို့တော့ ငါ အာမ မခံနိုင်ဘူး။ ပြဿနာက ငါတစ်ယောက်တည်း ဒီဟာကို လုပ်လို့ရတာ မဟုတ်ဘူးလေ။ ဒါပေမယ့် မင်း စိတ်ချပါ။ ဒီနေ့ကစပြီး သူနဲ့ ခပ်ဝေးဝေးနေနိုင်အောင် ငါ ကြိုးစားပါ့မယ်။"
သူ၏အဖြေစကားကြောင့် ကျန်းရှင်းယွဲ့သည် ထန်ရှုအပေါ် အမြင်ပိုကောင်းလာသည်။ ထိုသူသည် အချစ်တွင် စိတ်အပြောင်းအလဲမြန်ကာ ဖောက်ပြန်သူ မဟုတ်သည့်အပြင် ထိုကဲ့သို့ ထူးချွန်သော အမျိုးသမီးတစ်ဦးက သူ့ကို သဘောကျနေမှန်း သိသွားသောအခါတွင်လည်း ဝင့်ကြွားမှု မရှိသည်ကို သူမ တွေ့ရပေသည်။ ထိုသူသည် ကျိုးနွံပြီး သတိထားတတ်သော အမျိုးကောင်းသား တစ်ယောက်၏အပြုအမူကို ပြသခဲ့လေသည်။
အစ်မက သူ့ကို တကယ် သဘောကျသွားတာ မဆန်းဘူး။ ဒီလူက တကယ်တော်တာပဲ။
ကျန်းရှင်းယွဲ့က စိတ်အတွင်းမှ ရေရွတ်လိုက်မိသည်။ ထန်ရှု ရှင်းပြသွားသော "ထူးချွန်မှု" နှင့် "စိတ်ခံစားချက်" အကြောင်းအရာအကျဉ်းချုပ်အား သူမ ရုတ်တရက် ပြန်သတိရသွားပြီး ရုတ်ခြည်းပင် သူမကိုယ်သူမ ရယ်လိုက်မိသည်။ ကြည့်ရတာ သူ ပြောတာ မှန်သလိုပဲ။ သူမတွင် ထူးချွန်ထက်မြက်မှုအပေါ် ကြည့်သော မျက်လုံးများသာ ရှိဆဲဖြစ်ပါက ဤလူသည် ထူးချွန်ကြောင်း သူမ အသိအမှတ်ပြုသည်။ သည်အရာက သူ့ကို သူမလည်း သဘောကျသည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
“ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်ပါ မစ္စတာထန်။ ငါ့အစ်မ ပြီးပြီလားလို့ ငါ သွားကြည့်လိုက်ဦးမယ်။"
ကျန်းရှင်းယွဲ့ ထွက်သွားပြီးနောက် ထန်ရှု၏ ချောမောသော မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်း ကွယ်ပျောက်ကွယ်သွားကာ အားတင်းထားရသော မချိပြုံးက အစားထိုးဝင်ရောက်လာသည်။ ကမ္ဘာမြေကို ပြန်ရောက်လာပြီးနောက် ကျန်းရှင်းယာကဲ့သို့ စူပါစတားတစ်ဦးကပင် သူ့ကို ချစ်မိသွားစေသည့် ဤကဲ့သို့ ကံကောင်းခြင်းမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ့စိတ်ထဲတွင် ဘယ်သောအခါမှ ထင်မထားမိခဲ့ပေ။
သူ အလုံးစုံကို မတွေးတတ်နိုင်အောင်ပင် ဖြစ်နေရသည်။ သူ့အား ပထမနေရာမှာ ရှိစေရသည့်အထိ သူ့တွင် မည်သည့်အရာများက ကောင်းမွန်နေခဲ့ပါသနည်း။
သူ့ရုပ်သွင်ပြင်က ရုပ်ဆိုးသည့်အထဲတွင် မပါဘဲ အခြားသူများထက် အနည်းငယ် ပိုချောကောင်း ချောသည်ဟု ဆိုနိုင်သေးသည်။ သူသည် ပိုက်ဆံ အနည်းငယ် ပိုရှိသည်မှာ သေချာသော်လည်း အပြင်တွင် ချမ်းသာသောသူများသည် ဒုနှင့်ဒေး ရှိနေပြန်သည်။ သူ၏ခွန်အားနှင့်ပတ်သက်၍မူ သူသည် ကျင့်ကြံသူဖြစ်ပြီး အလွန်ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားလည်း ရှိပေသည်။ သို့သော်လည်း သူသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော ကျင့်ကြံသူ မဟုတ်ပေ။ ပင်ကိုယ်စရိုက်အရ သူသည် ဝင့်ဝင့်ကြွားကြွား မနေဘဲ တစ်ချိန်လုံး နှိမ့်ချကာ သိုသိုသိပ်သိပ်နေသူလည်း ဖြစ်သည်။ သူက မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်ဘူးလား။ ဆေးပညာကျွမ်းကျင်မှုအရကရော...
ထန်ရှု ထိုအကြောင်းများအား မည်သည့်အခါကမှ မတွေးခဲ့ဖူးသလို သူ့ကိုယ်သူလည်း သတိမထားမိပေ။ သို့သော် ပြန်စဉ်းစားမိချိန်တွင် အံ့သြထိတ်လန့်သွားသည်။ သူ့တွင် ခံစားချက် ဉာဏ်ရည်မြင့်မားခြင်းမျိုး တခါမှ မရှိဖူးသော်လည်း တွေးခေါ်ခြင်းဉာဏ်ရည်မြင့်မားသောကြောင့် ဂရုတစိုက် စိတ်ဖြာတွေးတောလိုက်သောအခါ သူ့တွင် အားကောင်းသော အချက်များ များစွာ ရှိသည်ကို သိလိုက်ရတော့သည်။
"ပြန်လည်မွေးဖွားပြီး အခြားပုံစံတစ်ခုကို ပြောင်းလဲသွားခြင်းက အမှန်တကယ်ကို ဘဝမှာ ကြီးမားတဲ့ သတ်ဖြတ်ခြင်းကိရိယာတစ်ခုလိုပဲ။"
ထန်ရှုက ဆိုဖာပေါ်တွင် ခြေတစ်ဖက်ချိတ်ထိုင်နေရင်း အစစ်အမှန်အဆီအနှစ်စီးကြောင်းတစ်ခုကို ထုတ်ကာ စီးကရက်ပြာကို ရစ်ပတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ပစ်ချလိုက်သည်။ ဆေးလိပ်ပြာခွက်ကို အမျိုးသမီးများ အပြည့်ရှိသော သည်နေရာတွင် မထားရှိသည့်အပြင် ဤနေရာတွင် ဆေးလိပ်သောက်ခြင်းမှာလည်း အလားတူ အဆင်မပြေလှပေ။
ကျန်းရှင်းယွဲ့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ကျန်းရှင်းယာနှင့်အတူ ရုံးကို ပြန်လာခဲ့သည်။ ထန်ရှုသည် ထိုညီအစ်မနှစ်ယောက်၏ တူညီသော သွင်ပြင်ကို မြင်ရချိန်တွင် ထိုကဲ့သို့ဆန်းကြယ်စွာ ဖန်တီးနိုင်သူအား တိတ်တဆိတ် မချီးကျူးဘဲ မနေနိုင်ပါချေ။ ထိုညီအစ်မများ၏တူညီသော ရုပ်သွင်အမူအရာများကြောင့် ထိုသူတို့နှင့် မည်မျှပင် ရင်းနှီးနေပါစေ လူတစ်ယောက်သည် လွဲမှားစွာ မှတ်မိနေမည်မှာ အံ့သြစရာ မဟုတ်ချေ။
"ထန်ရှု…"
ကျန်းရှင်းယာသည် ထန်ရှုကို မြင်သောအခါ ထူးထူးခြားခြား ပျော်ရွှင်နေဟန်ရသည်။ သူမသည် အမြန်လျှောက်လာပြီး အနီးရှိ ဆိုဖာပေါ်တွင် သူမ လွယ်လာသော အိတ်ကို တင်လိုက်ကာ ထန်ရှု၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး
"မနေ့က ငါ့ဆီ ဖုန်းဆက်ပြီး ပြောစရာတစ်ခု ရှိတယ်ဆိုတာ ဘာများလဲ။ နောက်ပြီး ငါ ရှန်ဟိုင်း ရောက်နေတာကို နင် ဘယ်လိုသိ။ ငါ ဒီကို ရောက်ကတည်းက အပြင်ထွက်တာ ရှားတယ်လေ။ စီးပွားရေးပွဲတွေလည်း ငါ မတက်မိပါဘူး။”
"တကယ်တော့ မင်း ရှန်ဟိုင်းမှာ ရှိမှန်း ငါ မသိဘူး။ ငါ့ကို ချင်းရှောင်ယန် ပြောပြတာ။ နောက်ပြီး မင်းကို ငါ လာတွေ့ရတဲ့ အကြောင်းရင်းက သူ့အတွက် ဆွယ်တရား လာပြောပေးတာ။”ထန်ရှုက ပြုံးစစဖြင့် ပြောလိုက်သည်။
ချင်းရှောင်ယန်လား…
"ပေကျင်းမှာရှိတဲ့ ကန်ဒီကလပ်ပိုင်ရှင်နဲ့ ချင်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလား။"
ကျန်းရှင်းယာက အံ့သြစွာမေးလိုက်သည်။
"ဟုတ်တယ် … သူပဲ။" ထန်ရှု ခေါင်းညိတ်ပြသည်။
"ဒါဆို ဘာကို လာဆွယ်တာလဲ။" ကျန်းရှင်းယာက ဇဝဇေဝါ ဖြစ်သွားသော အမူအရာဖြင့် မေးလိုက်သည်။
“အာ … ဒါက ဒီလိုကွာ။ ချင်းရှောင်ယန်ရယ်၊ ငါရယ်၊ ချူယီရယ်ပေါင်းပြီး အနုပညာဖျော်ဖြေရေး ကုမ္ပဏီအမျိုးအစားတစ်ခုကို တည်ထောင်ထားတယ်။ ငါက ယွမ် ၁ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီရဲ့ရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ချူယီက မီလီယံ ၅၀၀နဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ ရှယ်ယာတွေရဲ့၁၀ရာခိုင်နှုန်းကိုတော့ အနာဂတ်ကုမ္ပဏီအမှုဆောင်တွေအတွက် သီးသန့်ထား ထားတယ်။ ချင်းရှောင်ယန်ကတော့ ကုမ္ပဏီမှာ ယွမ် ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာမို့ လက်ကျန်ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်။” ထန်ရှုက အပြုံးဖြင့် စတင်ရှင်းပြသည်။
“ဒါပေါ့ … ချူယီနဲ့ ငါက ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ချင်းရှောင်ယန်က ဂရုစိုက်လိမ့်မယ်။ မင်းရဲ့အေဂျင်စီနဲ့ စာချုပ်သက်တမ်း ကုန်သွားပြီဆိုတာ သူ သိတယ်လေ။ ဒါကြောင့် မင်းကို ငါတို့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ငါ့ကို လာဖိတ်ခိုင်းတာပဲ။ တခြားခံစားခွင့်တွေအပြင် ပိုလာမှာက မင်းကို ကုမ္ပဏီရဲ့ရှယ်ယာ ၁% ပေးမှာဆိုတော့ အရင်စာချုပ်နဲ့ နှိုင်းယှဉ်ရင် အများကြီး ပိုကောင်းသွားမှာပါ။”
"ငါ သဘောတူတယ်။" ကျန်းရှင်းယာ နားထောင်ပြီးနောက် မဆိုင်းမတွ ဖြေသည်။
"ဟင့်အင်း … နင် သဘောတူလို့ မရဘူး။" ကျန်းရှင်းယွဲ့ ချက်ချင်း ကြားဖြတ်လိုက်သည်။
ထန်ရှုက ကျန်းရှင်းယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမစိတ်ထဲမှာ ရှိနေသည့်အကြောင်းကို နားလည်သွားသည်။ ကျန်းရှင်းယာက မျက်မှောင်ကြုတ်သွားကာ သူမဘက်သို့ လှည့်ပြီး ဇဝဇေဝါဖြင့် မေးလိုက်သည်။
“ဘာလို့ သဘောမတူတာလဲ ညီမလေး။ ငါက ကိုယ်ပိုင် စတူဒီယိုကို တည်ထောင်ဖို့ ဘယ်တုန်းကမှ အစီအစဉ် မရှိခဲ့ဖူးဘူး။ ပြီးတော့ ငါ အခု ဘာမှ လုပ်စရာ မရှိဘူးလေ။ အခုတလော ငါ ပိုက်ဆံလိုနေတယ်ဆိုတာ နင်လည်း အသိပဲ။ နင့်ဆီကတောင် မကြာခင် အကူအညီ တောင်းရတော့မှာကို။ အလုပ်မရှိရင် ငါ ဘာလုပ်နိုင်မလဲ။ နောက်ပြီး ဒီကုမ္ပဏီမှာ ထန်ရှုလည်း ရှယ်ယာတွေ ရှိနေတာဆိုတော့ သူက ငါ့ကို အရှုံးမပေါ်စေမှာတော့ သေချာတယ်။"
ကျန်းရှင်းယွဲ့သည် စိတ်ထဲမှ တိတ်တဆိတ် ပွစိပွစိ ပြောနေသည်။
*ထန်ရှုရဲ့ရှယ်ယာတွေ ဒီကုမ္ပဏီမှာ ရှိနေလို့ပဲ နင့်ကို သဘောမတူချင်တာလေ။ အနာဂတ်မှာ သူ့ကို ရှောင်နိုင်လေလေ … တခြားသူတွေနဲ့ တွေ့ဖို့ အခွင့်အလမ်း ပိုများပြီး နင့်အတွက် ပိုကောင်းလေပဲ။*
သို့သော်လည်း သူမ၏အတွေးများကို မျိုသိပ်ထားကာ တောင့်တောင့်ကြီး ရှေ့သို့သာ လှမ်းလိုက်ပြီး
"အစ်မ … လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နင် အရမ်းပင်ပန်းနေပြီလို့ ငါ ထင်တယ်။ ဒါကြောင့် နင် အခုချိန် ခဏအနားယူလိုက်တာ ပိုကောင်းမလားလို့။ ဒါ့အပြင် နင့်မှာ ငါရှိသေးတယ် မဟုတ်ဘူးလား။ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ထိ နင် အနားယူချင်တယ်ဆိုရင်တောင် ငါတို့နှစ်ယောက်စလုံးကို ငါ ပံ့ပိုးပေးနိုင်ပါသေးတယ်။”
သူ့ညီမ၏စကားကြောင့် ကျန်းရှင်းယာ၏ ရင်ထဲ နွေးထွေးသွားရသော်လည်း ညီမဖြစ်သူအပေါ် မမှီခိုချင်သောကြောင့် သူမက ခိုင်မာစွာ ပြောလိုက်သည်။
“ရှင်းယွဲ့ … နင် ငါ့ကို နားမချပါနဲ့တော့။ ငါ ဒီဖျော်ဖြေရေးကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ။”
ကျန်းရှင်းယွဲ့သည် သူ့အစ်မ၏အကြောင်းကို ကောင်းစွာ သိသည်။ သူမသည် အပြင်ပုံပန်းတွင် နူးညံ့သိမ်မွေ့ဟန် ရှိနေသော်လည်း တစ်ခုခုကို ဆုံးဖြတ်လိုက်ချိန်တွင် လူအနည်းငယ်ကသာ သူမ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ပေသည်။ သို့သော်လည်း ကျန်းရှင်းယွဲ့ စဉ်းစားလိုက်ပြီးနောက် ထန်ရှုသည် သည်ဖျော်ဖြေရေးကုမ္ပဏီ၏ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိသည့်အတွက် စိတ်ပြောင်းသွားခဲ့သည်။ အစ်မဖြစ်သူ အလုပ်ရှုပ်နေသော အခြေအနေမျိုးတွင် သူတို့ နှစ်ယောက် တွေ့ဆုံရန် အခွင့်အလမ်း လွန်စွာ နည်းပေလိမ့်မည်။
ထို့ကြောင့် သူမသည် အားယူပြုံးရုံသာ ပြုံးလိုက်နိုင်သည်။
"နင် ဆုံးဖြတ်ပြီးပြီဆိုတော့ နင့်ရဲ့ဆုံးဖြတ်ချက်ကို ငါ လေးစားပါ့မယ်။ ဒါပေမယ့် အလုပ်ကို အရမ်းကြီး မလုပ်ပါနဲ့။ ငွေက အရာအားလုံး မလုပ်နိုင်ဘူး။"
"စိတ်မပူပါနဲ့ … ငါ သိပါတယ်။" ကျန်းရှင်းယာက ပြုံးကာ ပြောလိုက်သည်။
ကျန်းရှင်းယာ၏အဖြေကို ရရှိပြီးနောက် ထန်ရှုသည် ထိုနေရာတွင် အကြာကြီး မနေချင်တော့ဘဲ ပြန်ရန် ထရပ်လိုက်ပြီး အပြုံးဖြင့်
"ငါ့မှာ လုပ်စရာတွေ ရှိသေးလို့ အရင်ပြန်နှင့်တော့မယ်။ ရှင်းယာ … ချင်းရှောင်ယန်ရဲ့ ဖုန်းနံပါတ်ကို ပို့လိုက်မယ်။ မင်း သူ့ကို ဆက်သွယ်လို့ရအောင်လို့။"
"ဒီလောက် မြန်မြန် ပြန်တော့မှာလား။ ခဏလောက် အတူတူ နေပါဦး။" ကျန်းရှင်းယာက အလျင်အမြန်ပြောလာသည်။
ထန်ရှုသည် ကျန်းရှင်းယွဲ့ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ပြုံးကာ ပြန်ပြောလိုက်သည်။
" ငါ့မှာ ဖိစီးစရာကိစ္စတွေ အများကြီးရှိလို့ ငါ သွားရမယ်။ ဒါပေမယ့် ကိစ္စတချို့ပြီးသွားရင်တော့ ငါ မင်းကို ထပ်ပြီး ဆက်သွယ်ပါ့မယ်။"
ကျန်းရှင်းယာသည် ထန်ရှုနှင့် ခွဲခွာရန် အတန်ပင် မလိုလား၊ တွန့်ဆုတ်နေသော်လည်း ထန်ရှု၏လုပ်ငန်းကို နှောင့်နှေးစေပြီး အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သူမ စိတ်ပျက်အားငယ်စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။
ဖုန်းမြည်သံ…
ထိုအချိန်တွင် ထန်ရှု၏ဖုန်း မြည်လာသည်။ သူ ချက်ချင်း ထုတ်ကြည့်ရာ မိုအားဝူ ဖုန်းခေါ်သည်ကို တွေ့သည့်အတွက်
“ဘာကိစ္စရှိလို့လဲ အားဝူ…”
"သူဌေး … မတော်တဆမှုတစ်ခု ရှိတယ်..."
တခဏချင်းမှာပင် ထန်ရှု၏မျက်နှာထက်က အပြုံး ပျောက်ကွယ်သွားပြီး မှုန်မှိုင်းတည်ကြည်သော အမူအရာက အစားထိုးဝင်လာတော့သည်။
***