ကြီးမားသော မတော်တဆမှုများ
Vol. 51 Ch. 712
ထန်ရှုသည် ကျန်း ရှင်းယွဲ့၏အလှပြင်ဆိုင်မှ အမြန် အပြင်သို့ ထွက်လာပြီး ကားပေါ်တက်ပြီးနောက် ချက်ချင်းမေးလိုက်သည်။
"အားဝူ … အခြေအနေအသေးစိတ် ပြောပြပါလား။"
အားဝူသည် ကားကို မမောင်းသေးဘဲ စာရွက်စာတမ်းများစွာကို လွှဲပြောင်းပေးခဲ့ကာ "မနေ့ညက ရှန်ဟိုင်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုလေးခုမှာ 'လူသတ်သမားတွေ' သုံးတဲ့နည်းလမ်းတွေက အရမ်း ရက်စက်လွန်းတယ်။ အမှုစစ်ရာမှာ ပါဝင်ခဲ့တဲ့ ပြည်နယ်အထူးဌာနက လေးဦးလည်း သေဆုံးခဲ့တယ်။ စာရင်းဇယားတွေအရ အသေအပျောက်နဲ့ သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိနေပြီ။ လူသတ်မှုလေးခုက ရှန်ဟိုင်းမြို့ရဲ့ အရပ်လေးမျက်နှာမှာ ဖြစ်ပွားခဲ့တာ။”
"အရင်က အလားတူကိစ္စမျိုးတွေ ရှိလား။" ထန်ရှုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း လူသတ်မှု သုံးခု ရှိတယ်။” မိုအားဝူက ခေါင်းညိတ်သည်။ “သူတို့ထဲက တစ်ခုက ငါတို့သိပြီးသား မဟူရာကလပ်က လုပ်ကြံသတ်ဖြတ်သူတွေပါ။ ကျန်တဲ့နှစ်ခုက မနေ့ညက ကိစ္စနဲ့ ဆင်တူတယ်။ ဒီလူသတ်မှု (၆)မှုရဲ့ တရားခံအစစ်က တစ်အုပ်စုတည်းက ဖြစ်လိမ့်မယ်လို့ သံသယရှိပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုကို အခုချိန်ထိ မဖော်ထုတ်နိုင်သေးဘူး။”
ထန်ရှု တခဏလောက် စဉ်းစားပြီး လီရှောင်ကျဲဆီ ဖုန်းဆက်လိုက်သည်။ အံ့အားသင့်စရာမှာ အမျိုးသားထောက်လှမ်းရေးဌာနမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဤလူသည် ဖြစ်ပျက်ခဲ့သည်များကိုပင် မသိလိုက်ခြင်းပင်ဖြစ်သည်။ သို့သော်လည်း သူက ထန်ရှုကို အခြားကိစ္စတစ်ခုအကြောင်း ပြောပြသည်။ အထူးတိုက်ခိုက်ရေးတပ်မှ အဖွဲ့ဝင်အချို့သည် ရှန်ဟိုင်းသို့ လျှို့ဝှက်စွာ အပြေးသွားနေကြခြင်းပင်။
"သူတို့တွေရဲ့ရည်ရွယ်ချက်က ဘာလဲ။"
သူ့မေးစေ့ကို ကိုင်ရင်း ထန်ရှု၏မျက်လုံးထဲတွင် တွေးတောနေသော အရိပ်အယောင်တစ်ခု လက်နေသည်။
မိုအားဝူက ထန်ရှု စဉ်းစားနေသည်ကို အနှောင့်အယှက် မပေးချေ။ ထန်ရှုက စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ပြီးမှသာ
“ဒါဆို ငါတို့ ဘယ်ကို သွားကြမလဲ သူဌေး…။”
"သုခဘုံကို သွားမယ်။ ဒီရာဇဝတ်မှုတွေက ရှန်းကျန်နဲ့ ဆက်စပ်နေသလားဆိုတာ ငါ မသိပေမယ့် ရှန်ဟိုင်းမှာရှိတဲ့ အခြေအနေက အရမ်းကို သိသာလွန်းနေတယ်။ ပွင့်ပွင့်လင်းလင်း မဖော်ပြတဲ့ လွှမ်းမိုးမှုအချို့က သည်နေရာမှာ လတ်တလော ဖြစ်ပေါ်လာနေပြီ။ ဒီအဖြစ်အပျက်တွေအားလုံးက မတော်တဆ ဖြစ်လာစရာ အကြောင်းမှ မရှိတာပဲ။ ဒါကြောင့် ရှန်းကျန် ဘေးကင်းစေအောင် လူအချို့ကို သုခဘုံမှာ ပုန်းခိုနေစေဖို့ မင်း စီမံလိုက်ဦး အားဝူ။"
“ကောင်းပါပြီ။” မိုအားဝူက ပြန်ဖြေသည်။
ထန်ရှုသည် သုခဘုံစံအိမ်သို့ ပြန်လာပြီး ကျန်းရှင်းယာ၏ ဆုံးဖြတ်ချက်အား ချင်းရှောင်ယန်ကို ဦးစွာ ပြောပြရန် သွားသည်။ ထို့နောက် သူသည် နိုင်ငံခြားပုံစံ အဆောက်အအုံသို့ သွားချိန်တွင် လေးလံဟန်ရသော ကွန်တိန်နာကားကြီးတစ်စီး လမ်းပေါ်တွင် ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ မိုရီ လိုအပ်သော သုတေသန ကိရိယာများကို လာပို့ခြင်း ဖြစ်ပေမည်။
" ရှန်းကျန် … မင်း ငါ့ခွင့်ပြုချက်မရှိဘဲ ဒီအဆောက်အဦးကနေ မထွက်သွားနဲ့။ အခု အပြင်မှာ တစ်ခုခု ဖြစ်နေတယ်။ ရှန်ဟိုင်းက လောလောဆယ် အရမ်းအန္တရာယ်များနေတော့ မမျှော်လင့်ထားတဲ့ မတော်တဆမှုမျိုး ငါ မဖြစ်စေချင်ဘူး။”ထန်ရှု ရောက်ပြီးနောက် ရှန်းကျန်အား တန်းပြောလိုက်သည်။
"ဘာအန္တရာယ်တွေ ဖြစ်နေတာလဲ။"
သူမကို ရှာဖွေရန် မဟူရာကလပ်မှ လုပ်ကြံသတ်ဖြတ်သူများ ထပ်မံလွှတ်လိုက်ခြင်း ဖြစ်မည်ဟု သူမ တွေးလိုက်ပြီး ရှန်းကျန်၏မျက်နှာ အနည်းငယ် ပျက်သွားသည်။ တစ်ခုသတိပြုရမည်မှာ အမှောင်စိတ်ဝိညာဉ်ရနံ့သည် သူမအပေါ်တွင် ရှိနေဆဲဖြစ်ပြီး အခြားလုပ်ကြံသတ်ဖြတ်သူများသာ ရှန်ဟိုင်းသို့ လာပါက ထိုအနံ့ကို ခြေရာခံလိုက်ကာ သူမအား ဤနေရာတွင် ရှာတွေ့နိုင်မည်ဖြစ်သည်။
“ခုတလော ရှန်ဟိုင်းမှာ ကြီးမားတဲ့ အဖြစ်အပျက်တွေနဲ့ လူသတ်မှုတွေ ဖြစ်ခဲ့တယ်။ တရုတ် အထူးဌာနက လူတချို့တင်မကဘူး စစ်တပ်ကတောင် ဒီအမှုတွေမှာ ပါဝင်လှုပ်ရှားနေပြီလို့ သိရတယ်။ အကြောင်းရင်းကို သေချာ မသိရသေးတဲ့အတွက် ငါ ဒီမှာပဲ နေဦးမယ်။ နောက်ပြီး မင်းရဲ့ဘေးကင်းမှုကို ကာကွယ်ဖို့လည်း ငါ့လူတွေကို ဒီအနီးအနားမှာ တာဝန်ချထားပြီးပြီ။"
ရှန်းကျန်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်သည်။ ထန်ရှု၏စကားများက သူမ၏ ကြောက်ရွံ့မှုကို ငြိမ်းအေးဆေးသည့် စိတ်တည်ငြိမ်ဆေးတစ်ခုလိုပင်။ ထန်ရှုနှင့် သူ၏လူများသည် တုနှိုင်းမဲ့လောက်အောင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိသည်။ သူတို့သာ သူမကို မကာကွယ်နိုင်ဘူးဆိုပါက သည်ကောင်းကင်အောက်တွင် သူမအတွက် လုံခြုံသည့်နေရာပင် ရှိတော့မည်မဟုတ်ပေ။
သို့သော် သူမသည် တစ်စုံတစ်ခုကို လွန်စွာ သိချင်နေမိခဲ့သည်။ တရုတ်ပြည်တွင် သည်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများကို မည်သူက ကျူးလွန်ရဲပါသနည်း။ သူမသည် ဤနိုင်ငံနှင့်ပတ်သက်သည့် အချို့သော အကြောင်းအရာများကို သိထားပြီး သည်နိုင်ငံ တစ်ခုလုံးကို ဆန့်ကျင်မိပါက ထိုသူတို့သည် ဆိုးရွားသော အဆုံးသတ်ကို သေချာပေါက် ရင်ဆိုင်ရမည်ကို သူမ သိပေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို ရှန်းကျန် သတိရသွားသောအခါ သူမ၏ ကိုယ်လေးသည် တုန်ရီသွားပြီး
" ရှင့်အတွက် အသုံးဝင်နိုင်တဲ့အရာတစ်ခုကို ငါ သိတယ် မစ္စတာထန်…"
"ဘာများလဲ။" ထန်ရှုက မေးလိုက်သည်။
“ဥရောပကနေ ငါ ထွက်ပြေးလာတဲ့တလျှောက်လုံးက ပုံသေလမ်းကြောင်း လုံးဝမရှိဘူး။ အဆင်ပြေသလို ပြေးရင်း လဝက်ကြာသွားတော့ စီးပွားရေး သဘောတူညီချက်တစ်ခုကို ငါ မတော်တဆ သိလာရတယ်။ ဒီသဘောတူညီချက်ရဲ့တိကျတဲ့ အသေးစိတ်အချက်အလက်တွေကို ငါ မသိပေမယ့် လက်နက်ကို အသုံးချနိုင်တဲ့ နည်းပညာထုတ်ကုန်တစ်ခုနဲ့ သက်ဆိုင်တယ်ဆိုတာတော့ ငါ သိတယ်။ သူတို့ ဒီအကြောင်းကို ပြောကြတဲ့အခါ မကြာခင်မှာ အရောင်းအဝယ်လုပ်ဖို့အတွက် ရှန်ဟိုင်းကို လာမယ်ဆိုပဲ။”
"တစ်ဖက်အဖွဲ့က ဘယ်သူလဲ။"
ထန်ရှုက ချက်ချင်း မေးလိုက်သည်။
"ငါ မသိဘူး။" ရှန်းကျန် ခေါင်းယမ်းလိုက်သည်။ “အဲ့ဒီတုန်းက ငါ အာရုံမစိုက်မိဘူး။ အော်စတင်ကိုးလ်လို့ ခေါ်တဲ့ ကော့ကေးဆပ်လူမျိုးတစ်ယောက်ရှိတယ် ဆိုတာတော့ မှတ်မိတယ်။ အာ ဟုတ်သားပဲ … နိုင်ငံပိုင်လုပ်ငန်းတစ်ခုမှာ သူက အတော် လွှမ်းမိုးမှု ရှိတယ်။ အရောင်းအဝယ်ဆက်လုပ်ဖို့ အခွင့်အာဏာ အပြည့်ရှိတယ်။ အမှားအယွင်း ရှိခဲ့ရင်တောင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်ဖို့ ဆန္ဒရှိတယ်။” ရှန်းကျန်က ပြောသည်။
ထန်ရှုက မိုအားဝူဘက် လှည့်ပြီး "အဲ့ဒီနိုင်ငံပိုင်လုပ်ငန်းအကြောင်းရော၊ အော်စတင်ကိုးလ်ဆိုတဲ့လူအကြောင်းရော အသေးစိတ်အချက်အလက်တွေကို စုံစမ်းပါ။"
မိုအားဝူက မလှုပ်ရှားဘဲ တခဏမျှ နှုတ်ဆိတ်နေပြီးနောက်တွင် သူက
“ငါ အဲ့ဒီနိုင်ငံပိုင်လုပ်ငန်းကို သိတယ်ထင်တယ် သူဌေး။ အော်စတင်ကိုးလ်ကိုလည်း သိတယ်။ အဲ့ဒီနိုင်ငံပိုင်လုပ်ငန်းမှာ ဆေးဝါးလုပ်ငန်း ဖြစ်ပြီး ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာ ကိရိယာတွေ လုပ်ကိုင်တယ်။ ဒါပေမယ့် အဲ့ဒီလုပ်ငန်းနောက်မှာ ဥရောပက အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခု ရှိတယ်။ အော်စတင်ကိုးလ်က အဲ့ဒီနိုင်ငံပိုင်လုပ်ငန်းမှာ တတိယအဆင့်လူ ဖြစ်လို့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အင်အားတစ်ဝက်ကို ထိန်းချုပ်ထားတယ်။ အရင်တုန်းက သူနဲ့ အဆက်အဆံ ရှိဖူးတယ်။ အဲ့ဒီသူက ရက်စက်တဲ့လူတစ်ယောက်ပဲ။”
“သူက လက်နက်မှောင်ခိုသမား ဆိုတော့ ဘာလို့ တရုတ်ကို လာတာလဲ။” ထန်ရှု မျက်မှောင်ကြုတ်လိုက်သည်။
"သူက ဒီမှာ စီးပွားရေးလုပ်ချင်တာ ဖြစ်နိုင်လား"
“အဲ့ဒါတော့ ငါ မသိဘူး။” မိုအားဝူက ခေါင်းယမ်းသည်။
“ဒီနိုင်ငံပိုင်လုပ်ငန်းရဲ့အဖွဲ့ဝင်တွေက အမှောင်ထဲမှာပဲ နေကြတာများတယ် … အထူးသဖြင့် ထိပ်ဆုံးက လူသုံးယောက်ပေါ့။ အဲ့ဒီကောင်တွေက မြေခွေးတစ်ကောင်လို နိုးကြားကောက်ကျစ်၊ ကြွက်တစ်ကောင်လို သတိထားမှုတွေအပြင် ဝံပုလွေလိုပဲ ရက်စက်ကြမ်းကြုတ်တယ်။ ဥရောပမှာ ဒီကောင်တွေကို စော်ကားရဲတဲ့သူ အတော်နည်းတယ်။”
"သူ ရှန်ဟိုင်းကို တကယ်လာခဲ့တာ ဟုတ်မဟုတ် အဲ့ဒီ အော်စတင်ကိုးလ်အကြောင်း ငါတို့လူတွေကို ထောက်လှမ်းခိုင်းထား။ ငါက အစိုးရထဲက လူတစ်ယောက် မဟုတ်ပေမယ့် ဒီလူတွေက ရှန်ဟိုင်းကိုလာပြီး ဒီနေရာက လူတွေကို အကြောင်းမဲ့ သတ်သွားတယ်။ ငါ ဒီနေရာမှာ ရှိပြီဆိုမှတော့ သူတို့ကို ရှင်းရမယ်။"
“ဒီကိစ္စက မြင်သလောက်တော့ မရိုးရှင်းဘူး သူဌေး။ တကယ်လို့ ဒါက အဲ့ဒီကုမ္ပဏီလုပ်တာဆိုရင် သူတို့မှာ အတော်ကြီးမားတဲ့ ပစ်မှတ်တစ်ခု ရှိရမယ်။ နို့မဟုတ်ရင် သူတို့ တရုတ်နိုင်ငံထဲ လွယ်လွယ်ကူကူ ဝင်လာမှာ မဟုတ်သလို ရှန်ဟိုင်းလို အဓိကမြို့ကြီးကိုလည်း သူတို့ရဲ့ ဦးတည်ချက်အဖြစ် ရွေးမှာ မဟုတ်ဘူး။" မိုအားဝူက ဆိုသည်။
"စုံစမ်းထားပါ။ ရလဒ်အချို့သိရရင် ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့။"
"နားလည်ပြီ။" မိုအားဝူက ဖြေပြီး အခန်းထဲက ထွက်သွားသည်။
ထန်ရှုက ရှန်းကျန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ရင်း "ရှန်ဟိုင်းမှာ လူသတ်မှုကျူးလွန်တဲ့လူတွေက မင်းပြောသလိုမျိုး အဲ့ဒီနိုင်ငံပိုင်လုပ်ငန်းက လူတွေသာ တကယ်ဖြစ်ခဲ့ရင် မင်းကို ကောင်းမွန်တဲ့ လက်ဆောင်တစ်ခု ငါ ပေးရမှာပေါ့။"
ရှန်းကျန် စိတ်ဝင်တစား ဖြစ်သွားကာ "ဘယ်လို ကောင်းမွန်တဲ့ လက်ဆောင်လဲ။"
"ငါ မင်းကို အခု ပြောပြလိုက်လို့ စုံစမ်းမှုရလဒ်က မင်းပြောခဲ့တာနဲ့ကွဲလွဲနေတယ်ဆိုရင် မင်း စိတ်ပျက်သွားလိမ့်မယ်။"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“အဲ့ဒါကြောင့် စုံစမ်းမှု ရလဒ်တွေကို ငါ စောင့်ဦးမယ်။ ဘာပဲဖြစ်ဖြစ် ပရော်ဖက်ဆာမိုနဲ့သာ ကောင်းကောင်း အလုပ်လုပ်ပါ။ ငါ့လူတွေက လုံခြုံရေးကိစ္စတွေကို ဂရုစိုက်ပေးလိမ့်မယ်။”
"နားလည်ပြီ။" ရှန်းကျန် ပခုံးတွန့်ပြီး ခေါင်းညိတ်သည်။
ထန်ရှု ထိုနေရာတွင် အကြာကြီး မနေဘဲ အိုးရန်လူလူ၏ အခန်းသို့ သွားပြီးနောက် မနေ့ညက သူ ရရှိထားသော လက်ဆောင်သေတ္တာများကို ကြည့်လိုက်သည်။ ထို့နောက် ပထမလက်ဆောင်သေတ္တာကို စတင် ဖွင့်လိုက်ရာ အထဲတွင် အဖြူရောင်ကျောက်စိမ်း လည်ဆွဲတစ်စုံကို တွေ့လိုက်ရပြီး စိတ်ဝိညာဉ်ချီများ ပါနေသည်ကို တွေ့လိုက်ရသည်။
"အာ … အဲ့ဒါက မှော်ပစ္စည်းတစ်ခုလား။" ခဏစောင့်ကြည့်ပြီးနောက် ထန်ရှု၏မျက်နှာပေါ်ရှိ အံ့အားသင့်သည့်အမူအရာသည် ပို၍ထင်ရှားလာသည်။
သူက ဒုတိယလက်ဆောင်သေတ္တာကို ချက်ချင်း ဖွင့်လိုက်သည်။ အထဲတွင် လက်သီးသရုပ်ပြမှု စာအုပ်တစ်အုပ် ရှိနေပြီး အဝါရောင်စာမျက်နှာများအား အကဲဖြတ်သည့်အခါ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီကို သိနိုင်ပေသည်။ တတိယလက်ဆောင်သေတ္တာကို ထပ်မံဖွင့်လိုက်သောအခါ ထန်ရှုသည် ကောင်းမွန်စွာ ထိန်းသိမ်းထားသော ထောင်စုနှစ်ဂျင်ဆင်းသည် သူ၏အရှေ့တွင် ပေါ်လာသောကြောင့် သူ၏အသက်ရှူသံသည်ပင် အနည်းငယ် ရပ်တန့်သွားရသည်။
“ဒီလက်ဆောင်…” ထန်ရှုသည် မနေ့ညက ကျိမု၏ စိတ်သဘောထားနှင့်အမူအရာကို ပြန်တွေးတောလိုက်သည်။
သူသည် ခမ်းနားသော စီးပွားရေးလုပ်ငန်းစု၏ ပိုင်ရှင်ဖြစ်သည့်အပြင် ပေကျင်း ထန်မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော်ငြား ကျိမုအား သူ့အတွက် ထိုကဲ့သို့ ငွေကြေးများစွာ သုံးစွဲစေရန် မဖြစ်နိုင်ပေ။ တစ်ခုသိရမည်မှာ ဤကျောက်စိမ်းဖြူတစ်စုံသည် ကောင်းမွန်သော အရာဝတ္ထုများကို အကဲဖြတ်နိုင်သူများအတွက် မိုးလောက် မြင့်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ပေသည်။ တစ်ဖက်တွင်လည်း ဤနှစ်၂,၀၀၀ သက်တမ်းရှိသော ဂျင်ဆင်းရိုင်းသည် အနည်းဆုံး ဂဏန်းကိုးလုံး တန်ဖိုးရှိသည်။ လက်သီး သရုပ်ဖော်ပြစာအုပ်ကိုပင် သိုင်းပညာအသိုင်းအဝိုင်းမှ လူများအတွက် အမြတ်အစွန်းများစွာဖြင့် ရောင်းချနိုင်ပေမည်။
"သူ့ရည်ရွယ်ချက်က ဘာများလဲ။"
အကြီးဆုံးဖြစ်သော စတုတ္ထလက်ဆောင်သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါတွင် ထန်ရှု၏စိတ်ထဲတွင် အတွေးများ ပြည့်နှက်သွားသည်။ သေတ္တာအတွင်းမှ ပစ္စည်းပေါ်လာသောအခါ ရတနာများစွာကို သူ မြင်ဖူးသော်လည်း အံ့သြထိတ်လန့်သွားသေးသည်။
၎င်းသည် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ဇီသာတစ်လက် ဖြစ်သည်။ ဇီသာ၏ကိုယ်ထည်အား အဖြူရောင်ကျောက်စိမ်းမှ ထွင်းထုထားပြီး ကြိုးများသည် ရေနဂါး၏အရွတ်များမှဖြစ်သည်။ ရေပုတီးစေ့ကို ဇီသာ၏ဘယ်ဘက်တွင် မြှုပ်ထားပြီး ညာဘက်တွင် မီးပုတီးစေ့ကို မြှုပ်ထားသည်။ ဇီသာ၏ကိုယ်ထည်တွင် အစီအရင်ပုံစံ ထွင်းထုထားပြီး ကိုယ်ထည်တစ်ခုလုံးအား စိတ်ဝိညာဉ်စွမ်းအားများ အရှိန်အဟုန်ဖြင့် လည်ပတ်စေကာ တဖိတ်ဖိတ်တောက်နေသော အလှတရားကို ပေါ်ထွက်နေစေသည်။
“ဒါက အဖိုးမဖြတ်နိုင်တဲ့ အလှတစ်ခုပဲ။”
ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားပြီး သူ့မျက်နှာပေါ်တွင် တွေးရခက်သောအမူအရာသည် ပို၍ထင်ရှားလာသည်။
အချိန်အတော်ကြာပြီးနောက် သူသည် ကျိမု၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ပြီး ဖုန်းကိုင်လိုက်သည်နှင့် တန်းပြောလိုက်သည်။
"ကျိမု … မင်းလက်ဆောင်တွေကို ငါ ကြည့်ပြီးပြီ။ အခုအချိန်ရရင် သုခဘုံကို လာပါဦး။ ငါတို့ ရှင်းရှင်းလင်းလင်း ဆွေးနွေးဖို့ လိုတဲ့ အချက်တွေ ရှိတယ်။”
"ငါ ပေးတဲ့ လက်ဆောင်တွေကို မင်း ကြိုက်ရဲ့လား ညီအစ်ကိုထန်။" ကျိမုက ထန်ရှုကို မဖြေဘဲ မေးလာသည်။
"ဒီပစ္စည်းတွေအားလုံးက အရမ်းကောင်းမွန်တဲ့ ပစ္စည်းတွေပဲ … မကြိုက် ဘယ်သူ ရှိပါ့မလဲ။"
ထန်ရှုက ဆိုသည်။
“ဒါဆို ငါ လက်ဆောင်ပေးချင်တဲ့ဆန္ဒလေး အထမြောက်သွားပြီပေါ့ ညီအစ်ကိုထန်။” ကျိမုက ပြုံးသည်။
“မင်းက ပစ္စည်းကောင်းတွေကို တန်ဖိုးထားတတ်တဲ့သူ ဖြစ်တဲ့အပြင် ဒါတွေကို ကောင်းကောင်း အသုံးပြုနိုင်မယ့်လူပါ။ ငါသာ ဒါတွေ သိမ်းထားရင် ဒီပစ္စည်းတွေက အလဟသ ဖြစ်သွားမှာ။ ငါ မင်းကို လက်ဆောင်ပေးပြီးသားမို့ အဲ့ဒါတွေက မင်းပစ္စည်းတွေ ဖြစ်သွားပြီလေ။"
"ဒီကို လာမှသာ လာပြီး ငါနဲ့ စကားလာပြောလှည့်။ မင်း အရမ်းမတောင်းဆိုသရွေ့ ငါ့ဆီက တစ်ခုခု တောင်းလို့ ရတယ်။"
“…”
ကျိမု တိတ်ဆိတ်သွားသည်။ သူ၏ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းသည်။ သူသည် ထန်ရှု၏နောက်သို့ လိုက်ကာ ထိုယှဉ်ပြိုင်နိုင်စွမ်းမရှိသော အရည်အချင်းများကို တိုက်ရိုက်သင်ယူလိုသော်လည်း ယခုအချိန် ဒါကို ထုတ်ပြောသင့်လားမသိပေ။ ထိုသို့လုပ်ဆောင်မည်ဆိုပါက သူ၏လက်ဆောင်ပေးခြင်းသည် အရောင်းအဝယ်တစ်ခုနှင့် တူသွားပေလိမ့်မည်။ သို့သော် သဘောတူညီချက် မအောင်မြင်ပါက ၎င်း၏ပန်းတိုင်သို့ရောက်ရန် သူ၏ကြိုးပမ်းမှုအားလုံးမှာ လုံးဝ အချည်းနှီး ဖြစ်သွားပေမည်။
"ပြဿနာရှိလို့လား။" ထန်ရှုက မေးလိုက်သည်။
"ငါ့ကို စောင့်ပါ။ ငါ အဲ့ဒီကို ရောက်ဖို့ နှစ်နာရီလောက် အချိန်လိုတယ်။" ကျိမုက ဖြေသည်။
ထန်ရှုက ဖုန်းချလိုက်ပြီး သူ့အရှေ့က ပစ္စည်းများကို ပြန်ကြည့်လိုက်ပြီးနောက် တစ်ပေအကျယ်ရှိသော ကျောက်စိမ်းဖြူဇီသာကို ကောက်ယူလိုက်သည်။ ရှန်ဟိုင်းတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားတွင် သူတီးခတ်ခဲ့သည့်အချိန်က သူ့တွင် ဤကျောက်စိမ်းဖြူဇီသာ ရှိခဲ့ပါက ပို၍ အံ့သြဖွယ်ကောင်းသော သီချင်းကို သူ တီးခတ်နိုင်ပေမည်။
***