← Chapters

နင့်ပါးစပ်ကိုမပိတ်ထားနိုင်တော့ဘူးလား

Vol. 22 Ch. 305

နင့်ပါးစပ်ကိုမပိတ်ထားနိုင်တော့ဘူးလား

Vol. 22 Ch. 305

အခန်း (၃၀၅) – နင့်ပါးစပ်ကို မပိတ်ထားနိုင်တော့ဘူးလား

လင်းချင်းဟယ်သည် သူ့မရီး၏ အစီအစဥ်ကို မသိပေ။

ဒီနေ့ အသားဘန်းမုန့်တွေ အများကြီးလုပ်ထားသည်။ ဂေါ်ဖီထုပ်နှင့် ဝက်သားဘန်းမုန့်၊ အသီးအရွက်ချဥ်နှင့် ဝက်သားဘန်းမုန့်၊ ဘာဘီကျူးဝက်သားဘန်းမုန့်တွေ ဖြစ်ကြသည်။

လင်းချင်းဟယ်က ဘန်းမုန့်လုပ်နည်း အမေကျိုးအား ရှင်းပြသည်။

“ချင်းပိုင်နဲ့ သမီးက အငယ်ဆုံးမတ်လေး လုပ်ထားတဲ့ ဘန်းမုန့်တွေ စားဖူးတယ်။ အရသာက လုံးဝကို ထူးခြားကောင်းမွန်တယ်။ သူတို့သာ ဆန္ဒရှိမယ်ဆိုရင် ဟိုမှာ မုန့်ဆိုင်ဖွင့်လို့ရတယ်လို့ သမီးထင်တယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

လင်းချင်းဟယ်သည် အမေကျိုးအား ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ကို မြို့တော်မှာ မုန့်ဆိုင်ဖွင့်ဖို့ အကြံပေးခဲ့ကြောင်းကိုတော့ တစ်ခါမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ဒါကြောင့် အမေကျိုးသည် ဒီစကားကိုကြားတော့ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

တကယ်တော့ သူမမှာ တခြားအတွေးတွေ မရှိပါဘူး။ အငယ်ဆုံးသားလေးက မြို့တော်မှာ ဖက်ထုပ်ဆိုင်ဖွင့်သည်။ ဒါပေမယ့် အဆုံးမှာတော့ တစ်ကိုယ်တည်းမိသားစုသာ ဖြစ်နေခဲ့သည်။ ဟိုမှာ တစ်ခုခုဖြစ်ခဲ့ရင်၊ ကူညီပေးမယ့်သူ မရှိပေ။

တစ်ကိုယ်တည်းအိမ်ထောင်စုဆို အခက်အခဲပိုများလိမ့်မည် မဟုတ်ပါလား။

အဲဒါကြောင့်လည်း သူမရဲ့မိသားစုမှ လူတချို့ကို ဟိုလို လိုက်ပါလာနိုင်ဖို့ မိတ်ဆက်ပေးချင်နေတာ ဖြစ်လေသည်။ တစ်ခုခုဖြစ်ခဲ့ရင်တောင် လူများတော့ ကူညီပေးမယ့်သူ ပိုများတာပဲ မဟုတ်ပါလား။

ဒီအဘွားအိုကြီးက ဒါကိုပဲ အတွေးများနေခဲ့တာ ဖြစ်သည်။ ကျိုးလျှို့နီသာ ဟိုကို ပါလာခဲ့ရင် သူမသည် တာဝန်တွေကို မျှဝေယူနိုင်မှာ မဟုတ်တဲ့အပြင် သူမသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းပင် ရှိပေလိမ့်မည်။

ကျန်တာကို ဘေးဖယ်ထားလိုက်ပြီး၊ သူမ သားမက်ဖြစ်သူကို မိတ်ဆက်ပေးတဲ့အကြောင်းကို ပြန်မေးကြည့်မိသည်၊ “အဲဒီမှာ ဘန်းမုန့်ဆိုင်က အဆင်ပြေပါ့မလား။”

“အငယ်ဆုံးမတ်လေးရဲ့ ဘန်းမုန့်လက်ရာက တော်တော်လေးကို‌ ကောင်းတယ်။ အရေးကြီးဆုံးအချက်က သူ့အနာဂတ်ကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာပဲ။ ဆိုင်တစ်ဆိုင်ဖွင့်တာက ဆက်ဆံရေးကို စီမံခန့်ခွဲတာနဲ့ တူပါတယ်။ ပြီးတော့ အဲ့တာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်သွားတာပဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။

ထမင်းချက်တတ်သူတိုင်း သူတို့ကိုယ်ပိုင် စားသောက်ဆိုင်ကို ဖွင့်လို့မရဘူး။ ဒါက အရာအားလုံးကို ရှင်းပြနိုင်ပါသည်။ စီးပွားရေးဆိုတာ စာကြောင်းတစ်ကြောင်းတည်းနဲ့ ရှင်းပြနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။

“သူတို့ အဲ့ကိုသွားတော့၊ ကလေးတွေရဲ့ ပညာရေးက ပြဿနာမဖြစ်ဘူးလား။” အမေကျိုးက ဆက်ပြောသည်။

“ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် သမီးရဲ့ မျက်နှာနည်းနည်းရှိတော့ ဒီအတွက် စီစဥ်ပေးလို့ရပါတယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

ကလေးတွေရဲ့ ပညာရေးက ပြဿနာ မဟုတ်ဘူး။ ပြဿနာမှာ စုတာ့လင်းသည် လက်ရှိ လစာမြင့်သောအလုပ်ကို စွန့်လွှတ်ရဲသော သတ္တိရှိမရှိဆိုသည်က ပြဿနာ ဖြစ်သည်။

ဒါက သတ္တိရှိဖို့ လိုနေသေးသည်။

စုတာ့လင်းရဲ့ လစာက အခုဆို ယွမ် ၆၀ ကျော်သွားပြီ။ လင်းချင်းဟယ်သည်လည်း ထိုဝန်းကျင်လောက်ရသည်။ လာမယ့်နှစ်မှာ လစာ နည်းနည်း တိုးလာမယ်ဆိုပေမယ့် သူမရဲ့ အရည်အချင်းအရ အတော်လေးကို နည်းတယ်လို့ ဆိုရပေမည်။ အထက်တန်း အရည်အချင်းရှိသူများသည် ယွမ် ၁၀၀ ကျော် ဝင်ငွေရနိုင်သည်။

ဒါပေမယ့် ဒီလိုမြို့မျိုးမှာ စုတာ့လင်းရဲ့ ဝင်ငွေက တကယ်ကို ကောင်းပါသည်။

ဒါကြောင့် စုတာ့လင်းသည် ဒီအလုပ်ကို စွန့်လွှတ်ပြီး မြို့တော်မှာ အစကနေ ပြန်စဖို့ သတ္တိရှိမရှိဆိုတာ တကယ့်ကို သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ပါဘူး။

စုတာ့လင်းတစ်ယောက် ဖွံ့ဖြိုးတိုးတက်ချင်လို့ မြို့တော်ကို လာရင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးဆိုတာကို လင်းချင်းဟယ်တစ်ယောက် ကောင်းကောင်းသိသည်။ သူမသည် အနာဂတ်ရဲ့ ဦးတည်ချက်ကို သိသောကြောင့် ဖြစ်ပြီး စုတာ့လင်းကတော့ မသိပါဘူး။

သူမရဲ့ စံနှုန်းအတိုင်း လူတွေကို လိုက်လုပ်စေချင်လို့ မဖြစ်နိုင်ဘူး။

ဒါပေမယ့် စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့သာ မြို့တော်ကို လာကြမယ်ဆိုရင်တော့ သူမဟာ ဆိုင်တစ်ဆိုင်နှင့် နေထိုင်ရန် အိမ်တစ်လုံးကို ရှာဖွေပေးမှာ သေချာပေါက်ပါပဲ။

“အိမ်ထောင်စုစာရင်း မှတ်ပုံတင်တာက တကယ့် ပြဿနာပဲ။ သူတို့ အဲဒီမှာ ကြာကြာနေမယ်ဆိုရင် နောင်မှာ အိမ်တစ်လုံးလောက် ဝယ်ထားသင့်တယ်။ ဒါက အခြေချနေထိုင်ဖို့ အရမ်းလွယ်ကူသွားပါလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြောပါသည်။

ယခုအချိန်တွင် အိမ်ထောင်စုစာရင်းသွင်းရန်မှာ အမှန်တကယ် မလွယ်ကူလှပေ။

ပေကျင်းတက္ကသိုလ်၏ လုပ်သားစုဆောင်းမှုကြောင့် သူမရဲ့ အိမ်ထောင်စုစာရင်းကို အလွန်လွယ်ကူစွာ ရရှိခဲ့တာ ဖြစ်သည်။ ကျန်တဲ့သူတွေကတော့ စမ်းကြည့်ရမှာပဲ။

အန်တီမားရဲ့ သားအငယ်ဆုံးပင်၊ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား လုပ်ကိုင်နေပေမယ့် သူ့အိမ်ထောင်စုစာရင်းကို မြို့တော်သို့ ပြန်မပြောင်းနိုင်သေးပေ။

“ကျောင်းကရော မကူညီနိုင်ဘူးလား။” ဟု အမေကျိုးက မေးသည်။

“တကယ်လို့ သူတို့သာ ကူညီနိုင်တယ်ဆိုရင်၊ အမေ သမီးကို ပြောနေဖို့တောင် မလိုဘူး။ ရှောင်မိန်နဲ့ သမီးရဲ့ ဆက်ဆံရေးကလည်း ကောင်းနေပြီးသား၊ သူ့အတွက် သမီးလုပ်ပေးလိုက်မှာပေါ့။” ဟု လင်းချင်းဟယ်က ရယ်ကာမောကာ ပြောလိုက်သည်။

အမေကျိုးလည်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်ပါသည်၊ ဒါကြောင့် သူမက “သူတို့အိမ်ထောင်စုစာရင်းကို ခဏလောက် မရွှေ့နိုင်ရင်လည်း အဆင်ပြေရဲ့လား ဆိုတာကို အရင်ဆုံး စုံစမ်းကြည့်ပါဦး။” ဟု ပြောလိုက်သည်။

အဲ့လိုလုပ်လို့ အဆင်မပြေဘူးဆိုရင် သူတို့ ဒီကို ပြန်လာတာ ပိုအဆင်ပြေလိမ့်မည်။ အနည်းဆုံးတော့ ထွက်လမ်းတစ်ခုတော့ ရှိတာပေါ့။

လင်းချင်းဟယ်က ပြုံးရုံသာ ပြုံးနေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း၊ နှစ်သစ်ကူးနေ့သို့ ရောက်ရှိလာခဲ့သည်။ ဒီနှစ်ရဲ့ နှစ်သစ်ကူးညစာစားပွဲမှာတော့ လင်းချင်းဟယ်၊ ကျိုးချင်းပိုင်၊ အဖေကျိုးနှင့် အမေကျိုးတို့သာ ရှိသည်။

“လောင်တတို့ညီအစ်ကိုတွေ ပြန်မလာတော့ အိမ်က အတော်လေးကို တိတ်ဆိတ်နေတာပဲ။” ဟု အမေကျိုးက မှတ်ချက်ပြုသည်။

“အဆင်ပြေပါတယ်။ အမေ၊ အဖေနဲ့ တိုင်ပင်ပြီးပြီလား။ နှစ်သစ်ကူးပြီးရင် သမီးနဲ့အတူ လိုက်လာချင်လား။” ဟု လင်းချင်းဟယ်က မေးသည်။

“နင့်အဖေနဲ့ ငါကတော့ နွေရာသီကျမှ လိုက်လာရင် ကောင်းမလားလို့ တွေးထားတယ်။” ဒါကိုကြားတော့ အမေကျိုးက ပြန်ဖြေသည်။

“နွေရာသီအားလပ်ရက်အတွင်းလို့ ပြောချင်တာလား။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး “အဲဒီအချိန်ကျရင်၊ ချင်းပိုင်နဲ့ ကျွန်မ ခရီးသွားဖို့ရှိတယ်။ သမီးတို့ စျေးဝယ်ခြမ်းပြီးရင် အမေတို့ကို အိမ်မှာ လာခေါ်လိုက်မယ်လေ။” ဟု ပြောလိုက်သည်။

“နင်တို့ နွေရာသီ အားလပ်ရက်မှာ ဘယ်ကို ခရီးထွက်မှာလဲ။ အဲဒီအချိန်ကျရင် စီးပွားရေးက ဆိုးလို့လား။” ဟု အမေကျိုးက မေးသည်။

“စာအုပ်ထောင်ချီဖတ်တာက မိုင်ထောင်ချီခရီးထွက်တာလောက် မကောင်းဘူး။ သမီးက အခု ပေကျင်းတက္ကသိုလ်မှာ အင်္ဂလိပ်ဆရာမ ဖြစ်နေပြီ။ အသိပညာက မရှိမဖြစ် လိုအပ်တယ်။ ချင်းပိုင်ကို သမီးနဲ့အတူ လိုက်လည်ခွင့်ပေးလိုက်တယ်။ တကယ်လို့ သမီး တစ်ယောက်တည်း အပြင်ထွက်ရင်၊ သူ စိုးရိမ်ပူပန်နေရလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဖက်ထုပ်ဆိုင်ကကော” ဟု အမေကျိုးက မေးခွန်းထုတ်သည်။

“လောင်အာ့နဲ့ တခြားသူတွေ စောင့်ကြည့်ပေးတယ်။ အဲ့မှာ သူတို့အဖိုးလည်း ရှိနေတာပဲလေ။ ဒါကြောင့် သူတို့ အလုပ်သိပ်မရှုပ်ပါဘူး။” လင်းချင်းဟယ်က မထူးခြားသလို ပြောလိုက်သည်။

သူမရဲ့ သားကြီးကတော့ လာမည့်နှစ်တွင် ရှိနေမည် မဟုတ်သော်လည်း ဒုတိယသားနှင့် တတိယသားတို့ကတော့ ရှိနေပါသေးသည် မဟုတ်ပါလား။

အဆိုပါ ကောင်စုတ်လေး နှစ်‌ယောက်သည် ဆိုင်ကို ထိန်းထားနိုင်သည်။ အရပ် ၁.၇၈မီတာ (၅ပေ ၉လက်မ) ရှိသော ကျိုးရွှမ်းနှင့် ၁.၅မီတာ (၄ပေ ၉လက်မ) ရှိသော ကျိုးကွေ့လိုင်တို့သည် သက်သက်လွတ်စားသူများ မဟုတ်ပေ။

ယန်ယန်နဲ့ ဝူနီတို့လည်း အဲဒီမှာ ရှိနေမှာပင်။

လူကြီးတွေကတော့၊ အဖိုးဝမ်နှင့် အဒေါ်မားတို့လည်း ရှိသည်။

ထို့အပြင် ကျိုးအာ့နီကိုလည်း နှစ်သစ်ကူးအပြီးတွင် သူမတို့နှင့်အတူ ခေါ်ဆောင်သွားမှာပဲ ဖြစ်သည်။ ဒီညတော့ အကြီးဆုံးမရီးနှင့် စကားပြောရမည်။ အကြီးဆုံးမရီးကတော့ ကျိုးယန်ဆီကနေ သူမ ပြောချင်တာကို ကြားသိခဲ့ပြီး ဖြစ်လိမ့်မည်။

ဆိုင်မှာ လူအများကြီး ရှိနေမှာဆိုတော့၊ အခြား ဘာဖြစ်နိုင်မှာလဲ။

အမေကျိုးသည်လည်း အာ့နီကို အရင်ကတည်းက ဖက်ထုပ်ဆိုင်ကို အကူခေါ်မယ်လို့ တွေးခဲ့ပေမယ့် အာ့နီက အသက်ကြီးနေပြီလို့ ထင်ပြီး ဘာမှ မပြောတော့တာ ဖြစ်သည်။ ဒါကြောင့် သူမက ခေါင်းညိတ်ပြီး ဘာမှ မပြောနေတော့ဘူး။

မိသားစု ညစာစားပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကျိုးအိမ်ဟောင်းဆီသို့ ရောက်ရှိလာကြသည်။

ကျိုးချင်းပိုင်က သူ့အစ်ကိုသုံးယောက်နှင့် စကားပြောရင်း ‌သောက်ဖို့ မောင်းထိုင်ကို ယူလာခဲ့သည်။ လင်းချင်းဟယ်က သကြားလုံး နှစ်ထုပ်ကို ယူလာပြီး သူ့တူတွေ၊ တူမတွေကို ဝေငှပေးခဲ့သည်။

ကျိုးလျှို့နီက သကြားလုံး လေးလုံး ရရှိခဲ့သည်။ သူမက ဤသို့ ပြောဖို့ကိုပင် မမေ့ချေ၊ “စတုတ္ထဒေါ်လေး၊ စာအိတ်နီတွေရော မပါဘူးလား။ ဒီနှစ်၊ ငါ့ဦးလေးက ဖက်ထုပ်ဆိုင်ဖွင့်ပြီး စီးပွားရေးလည်း အဆင်ပြေနေတာပဲ၊ ဒါကြောင့် နင် ငါတို့ကို စာအိတ်နီ တစ်အိတ်စီတော့ ပေးသင့်တယ်။”

“သကြားကတောင် နင့်ပါးစပ်ကို မပိတ်ထားနိုင်တော့ဘူးလား။”တတိယမရီးက ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး လင်းချင်းဟယ်ကို ကြိုဆိုနှုတ်ဆက်ခဲ့သည်၊ “ငါ နင့်ကို ငါတို့စားသောက်ပြီးကတည်းက မျှော်နေတာ။ မြန်မြန်လာပြီး ငါတို့နဲ့ စကားစမြည်ပြောချေ။ ဒီနှစ် နင်တို့ပြန်လာတော့ ငါတို့စတုတ္ထမတ်လေးက ဟိုမှာ အစားကောင်းတွေ စားရတဲ့ပုံပဲ။ သူ့ကြည့်ရတာ ပိုဝလာတယ်။”

“ငါ့အထင်တော့ သူ့ကိုယ်အလေးချိန် ကျင်းသုံးဆယ်လောက် ရှိမယ်ထင်တယ်။” ဟု အကြီးဆုံးမရီးက ရယ်ကာမောကာ ပြောလိုက်သည်။

ကျိုးလျှို့နီရဲ့ ကိုးယိုးကားယားလုပ်တဲ့ အပြုအမူကို ရိုးရိုးရှင်းရှင်း ဘေးဖယ်ထားလိုက်သည်။

“ဝူနီ ဒါကို ပြန်ပြောခဲ့သေးလား မသိဘူး။ ကျွန်မ ဝူနီနဲ့ ယန်ယန်တို့ရဲ့ အခြေခံအုတ်မြစ်ကို အားမရဘူး၊ ဒါကြောင့် သူတို့ကို နွေရာသီအားလပ်ရက်ကျရင် မြို့တော်ကို ပို့ထားလိုက်ပါလား။ အဲ့အချိန်ဆို လောင်အာ့လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားပြီ။ သူ့မှာ အချိန်အားလည်း ရတယ်ဆိုတော့ ဒီကလေးနှစ်ယောက်ကို စာသင်ခိုင်းလို့ရတယ်။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။

“ဝူနီပြန်လာတော့ ငါ့ကို ဒီအကြောင်းပြောတယ်။ ဒီကောင်မလေးက အရမ်းပျော်နေတာ။ ဒါပေမယ့် သူတို့ အဲ့ကို သွားတာတော့ ဟုတ်ပါပြီ၊ နင်တို့ကို ပြဿနာပေးသလို ဖြစ်သွားမလား။” ဟု တတိယမရီးက ပြန်မေးသည်။

“ယန်ယန်ကတော့ အဲဒီကို သွားမယ်လို့ စဥ်းစားထားတယ်။ နေရာထိုင်ခင်းကရော အဆင်ပြေပါ့မလား။” ဟု အကြီးဆုံးမရီးက ထိုအချက်ကို ထောက်ပြပြောဆိုခဲ့သည်။

“ဟိုမှာ နေရာက နည်းနည်းကျဥ်းပေမယ့် ကြမ်းပြင်ပေါ်မှာ အိပ်လို့ အဆင်ပြေတယ်။ ပူတဲ့နေ့တွေဆို ကောက်ရိုးဖျာနဲ့ ဧည့်ခန်းမှာ အိပ်ရတာ ပိုအဆင်ပြေတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

သူတို့ ဖက်ထုပ်ဆိုင်ရဲ့ ဒုတိယထပ်မှာ အိပ်နိုင်ပြီး၊ တိုက်ခန်းမှာလည်း အခန်းနှစ်ခန်းရှိသည်။

အာ့နီ၊ ဝူနီနှင့် ယန်ယန်တို့ ဟိုကို လိုက်လာရင်တောင် နေရာထိုင်ခင်းက ပြဿနာဖြစ်မည် မဟုတ်ပေ။

All Chapters