ဟန့်တားခြင်း
Vol. 51 Ch. 714
ကြွက်သည် ပိုက်ဆံ ကြိုက်ပေသည်။ ထိုအချက်သည် သူ့ကို သိသော လူအားလုံးကြားတွင် အပြန်အလှန် သဘောတူညီမှုတစ်ခုလို ဖြစ်ပြီး သူနှင့် ညှိနှိုင်းလိုသူတိုင်းသည်လည်း ငွေအများအပြား တောင်းခြင်းကို ခံနိုင်ရည်အသင့်ရှိရမည်ဖြစ်သည်။
"ဟုတ်တယ် … ငါ ပိုက်ဆံကို အရမ်းချစ်တယ်။" ကြွက်က ရင်ဘတ်ကို တည့်မတ်စွာထားကာ ပွင့်လင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ ဒီတစ်ခါတော့ ငါတို့သူဌေးအတွက် တကယ်ကောင်းတဲ့ အကူအညီကို ငါ တွေ့လိုက်ရပုံပဲ။" ကျင်းရှီက ပြုံးပြီး ပြောလိုက်သည်။
"မင်းက ရှန်ဟိုင်းလို ဧရိယာလေးတစ်ခုမှာပဲ ဖုံးလွှမ်းထားတယ်ဆိုပေမယ့် မင်းရဲ့သတင်းကွန်ရက်က သတင်းအချက်အလက်စုဆောင်းရာမှာ ထူးချွန်ပြီး ထောက်လှမ်းရေး ကွန်ရက်ကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်တဲ့အတွက် မြေအောက်ကမ္ဘာရဲ့ မျက်လုံးများလို့ လူသိများတယ်။ နောက်ပြီး ငွေကို နှစ်သက်တဲ့ လူတစ်ယောက်ဆိုတော့ ဘဏ္ဍာရေး ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ မင်းသာ ငါတို့သူဌေးရဲ့ယုံကြည်မှုကို ရနိုင်ရင် သူက မင်းကို ကြီးလေးတဲ့ တာဝန်တစ်ခု ပေးပြီး မင်းကို ဘဏ္ဍာတိုက်ရဲ့ သော့ကို ယုံကြည်စွာ ပေးလိမ့်မယ်။"
"ဘဏ္ဍာတိုက်လား…"
ကြွက်၏မျက်လုံးများသည် ချက်ချင်းပင် အရောင်တဖျပ်ဖျပ် လက်လာသည်။ ဘဏ္ဍာတိုက်တစ်လုံးကို ပိုင်ဆိုင်နိုင်သော သူဌေးက သာမာန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။ သူ တကယ် ခုန်ပေါက်ချင်သွားသော်လည်း မလုပ်နိုင်ပေ။ သူသည် အရာအားလုံးကို ထိန်းချုပ်တတ်သည့် ခံစားချက်ကို ကျင့်သုံးသူဖြစ်သည်။ သူ့အကောင့်ထဲသို့ အချိန်မှန်မှန် ငွေလွှဲစောင့်ရတာ ပင်ပန်းသော်လည်း ငွေစက္ကူများနှင့် အိပ်ခြင်းက သူအနှစ်သက်ဆုံးပါပင်။
သူသည် ဘေးဘီဝဲယာကို ကြည့်ရင်း ဓားကို ဆုပ်ကိုင်ထားသည့် လက်သည် ပိုမိုတင်းကျပ်လာကာ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ငြင်းဆိုရန် ပြင်ဆင်လိုက်သည်။ သူသည် အခွင့်အရေးကို အသုံးချပြီး အလစ်တိုက်ခိုက်ကာ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။
“သူငယ်ချင်းတို့ … လက်ရှိလူ့အဖွဲ့အစည်းကို တရားဥပဒေနဲ့အညီ အုပ်ချုပ်နေချိန်မှာ ရန်ငြိုးကို ထိန်းသိမ်းထားတာထက် ရန်ငြိုးကို ဖယ်ရှားတာက ပိုကောင်းတယ်ဆိုတာ မင်းတို့ သိပါတယ်။ ဒါက လူမြင်ကွင်းနေရာမို့ မင်းတို့ ငါ့ကို မတိုက်ခိုက်ဝံ့လောက်ပါဘူး။ နောက်ပြီး ဒီကြွက်အိုက ဖြစ်နိုင်တာနှစ်ခုစလုံးအတွက် အမြဲပြင်ဆင်ထားတယ်။ ငါ ပေါ်လာတဲ့နေရာတိုင်းမှာ ငါ့နောက်ကို လိုက်နေတဲ့ လူတွေ ရှိနေမှာပဲ။ အဲ့ဒီရင်ပြင်ကို ကြည့်လိုက် … လူတချို့က ငါ့ဆီ အချိန်မရွေး အပြေးအလွှား လာလိမ့်မယ်။” ကြွက်က ပြုံးသည်။
"ငါ့ကို ခြောက်ဖို့ မစဉ်းစားနဲ့ သူငယ်ချင်း။" ကျင်းရှီ ပြုံးလိုက်သည်။
“စုပုံနေတဲ့ အလောင်းတွေကြားထဲ ငါ တွားသွားနေချိန်မှာ မင်းက ကလေးသာသာ ရှိဦးမယ်။ အလျင်စလို ငြင်းမနေနဲ့။ ဒီနေ့ မင်း ထွက်ပြေးနိုင်မယ်လို့ မင်း ထင်ကောင်းထင်နိုင်ပေမယ့် မင်းအကြောင်းကိုတောင် ငါတို့ စုံစမ်းနိုင်တဲ့အတွက် ငါတို့ရဲ့သတင်းရင်းမြစ်တွေက မင်းရဲ့ရင်းမြစ်တွေထက် ပိုကောင်းမယ်လို့ မင်း မထင်ဘူးလား။ ငါတို့နောက်ကွယ်က အင်အားက မင်းစိတ်ကူးနိုင်တဲ့အရာ မဟုတ်ဘူးလေ။ ဘာကြောင့် သည်တစ်ခေါက် မင်းကိုယ်မင်း အဖိုးတန်တဲ့ အစောင့်အကြပ်နဲ့ အကာအကွယ်တစ်ခု မပေးရမှာလဲ။”
ကြွက်သည် မျက်ခုံးပင့်ကာ သူ၏စုတ်ချွန်းချွန်း မျက်နှာထက်တွင် လေးနက်သော အမူအရာ ဖြစ်လာသည်။ အလွန်အရေးကြီးသောရွေးချယ်မှု သို့မဟုတ် အရေးကြီးသောအခိုက်အတန့်တစ်ခုနှင့် မကြုံမချင်း ထိုအမူအရာသည် သူ ပြခဲလှသည့် အရာတစ်ခု ဖြစ်သည်။
"မင်းတို့သူဌေးက ဘယ်သူလဲ။"
ကျင်းရှီက
"ငါတို့သူဌေးက ထန်ရှုလို့ခေါ်တဲ့ လူတစ်ယောက်ပဲ။”
ကြွက်က တစ်ချက်တွေးလိုက်ပြီး ချက်ချင်း ပြောလာသည်။
"သူက ရှန်ဟိုင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသား၊ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံက နတ်ဆေးသမားတော်လေး၊ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့လျှို့ဝှက်သူဌေးကြီး၊ ပေကျင်း ထန်မိသားစုရဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ မျိုးနွယ်။ မင်းပြောတာ အဲ့ဒီထန်ရှုလား။"
"ငါတို့ရဲ့ သူဌေးအကြောင်းကို မင်း ဒီလောက် သိလိမ့်မယ်လို့ မထင်ခဲ့ဘူး။" ကျင်းရှီ ပြုံးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့သူဌေးအကြောင်းကို သိပြီးပြီမို့ မင်းရဲ့ ဒုတိယအခွင့်အရေးက အရေးကြီးလာပြီ။ တစ်ခုရွေးပါ။ ရှင်မလား … သေမလား ဒါမှမဟုတ် ငြင်းမလား … လက်ခံမလား။ အခုပဲ အဖြေပေးလိုက်။”
“ငါ့ကို အရင်ဖြေပါဦး။” ကြွက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“မေးချင်တာ နှစ်ခုရှိတယ်။ မင်း ငါ့ကို ဖြေပေးရင် ငါ့ရဲ့ရွေးချယ်မှုကို ရွေးမှာပါ။"
"မင်းက အရည်အချင်းရှိတဲ့လူတစ်ယောက်မို့ မင်းကို မေးဖို့ အခွင့်အရေးပေးလိုက်မယ်။" ကျင်းရှီက သဘောတူလိုက်သည်။
ကြွက်၏မျက်လုံးများတွင် အလင်းတစ်ချက် လက်လာပြီး
"မင်းရဲ့သူဌေးက ငါ ပြောခဲ့တာတွေအပြင် တခြားဂုဏ်ပုဒ် ရှိသေးတယ် မဟုတ်လား။ သူ့ရဲ့ တခြားဂုဏ်ပုဒ်က ငါပြောခဲ့တဲ့အရာတွေထက် ပိုလေးသလား။”
“သူ့မှာ တခြားဂုဏ်ပုဒ်ရှိတယ်။ မင်း ဝဖေန်လို့ မရဘူး။ ဒါပေမယ့် မင်းထင်ထားတာထက် အများကြီး ပိုလေးတယ်။” ကျင်းရှီက မဆိုင်းမတွ ဖြေသည်။
ကြွက်၏မျက်လုံးများ ပိုမို တောက်ပလာပြီး
“မင်းရဲ့သူဌေးက ဒီတလော ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေကို ဘာကြောင့် စုံစမ်းချင်တာလဲ။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့လူတွေက အစိုးရဘက်ကနေ ဖြစ်သင့်တယ်ဆိုတာလည်း သိထားသင့်တယ်။”
“ဒီအကြောင်းတော့ ငါ သိပ်မသိဘူး။ ငါ့သူဌေးက ဘာမှလုပ်စရာ မရှိလို့ ပျင်းနေတော့ အချိန်ဖြုန်းဖို့ တစ်ခုခု ရှာချင်နေတာ။ ဒါမှမဟုတ်လည်း သူက လူတွေအပေါ် သနားလို့ နောက်ထပ် သားကောင်တွေကို မတွေ့ချင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ မင်း မေးတာ မေးခွန်းနှစ်ခု ရှိနေပြီ။ အခု မင်းရဲ့အဖြေကို ပေးဖို့ အချိန်ရောက်ပြီ။"
“ငါ ရုတ်တရက် စိတ်ပြောင်းသွားလို့ မင်းကို နောက်ထပ်မေးခွန်းတစ်ခု မေးချင်သေးတယ်။ မင်းတို့နဲ့ပူးပေါင်းရင် ငါ့ကို ဘယ်လိုဆက်ဆံမလဲ။" ကြွက်က အလျင်စလို မေးသည်။
"ငါ မသိဘူး။ သူဌေးပဲ ဖြေနိုင်မယ်။” ကျင်းရှီ ခေါင်းယမ်းလိုက်သည်။
ကြွက်သည် မျက်လုံးများ လှိမ့်လိုက်ပြီး အိတ်ကပ်ထဲတွင် ကိုင်ထားသော ဓားကို ဖြေလျော့လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် အကြောဆန့်လိုက်ပြီး ပြုံးစစဖြင့် မေးလိုက်သည်။
“အင်း … ငါက မသေချင်သေးဘူးဆိုတော့ မင်းတို့နဲ့ ပူးပေါင်းဖို့ ရွေးလိုက်တယ်။ ငါပူးပေါင်းလာမှုရဲ့ သင်္ကေတတစ်ခုအနေနဲ့ ဒီလူသတ်မှုကိစ္စတွေရဲ့ အချက်အလက်များကို မင်းထံ … အမ် … မဟုတ်သေးဘူး … မင်းရဲ့သူဌေးဆီ လွှဲပြောင်းပေးရမှာပေါ့။ ဒါဆို သွားကြစို့။ ငါ့ကို အခု သူ့ဆီ ခေါ်သွားပါ။”
ကျင်းရှီ ခေါင်းညိတ်သည်။ ကြွက်က သူ့စကားကို ရုတ်သိမ်းမှာကို သူ မကြောက်သလို သည်ကောင် လမ်းခုလတ်တွင် ပြေးသွားမှာကိုလည်း သူ မကြောက်ပေ။ သူ ရည်ရွယ်ထားသည့် သားကောင်က အတောင်ပံများရှိရင်တောင် သူ့ဆုပ်ကိုင်မှုကနေ မည်သည့်အခါမှ မလွတ်မြောက်နိုင်ပေ။
မိနစ်အနည်းငယ်အကြာတွင် ကျင်းရှီတို့သည် ကြွက်နှင့်အတူ ထွက်ခွာသွားသောအခါ အဝါရောင်ဖျော့ဖျော့ဆံပင်နှင့် သာမန်သွင်ပြင် ဝတ်စားဆင်ယင်ထားသည့် လူရွယ်တစ်ဦးသည် ၎င်းတို့နောက်သို့ လိုက်သွားခဲ့သည်။ ထိုလူရွယ်သည် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ချန်းယန်ဖန်ဟုခေါ်ပြီး ထူးချွန်သော ကင်းထောက်တစ်ဦးလည်းဖြစ်သည်။ သူ့တာဝန်က ကြွက်ကို ခြေရာခံပြီး ထိုသူ၏နေရာအား ရှာရန်ပင်။
“ထူးဆန်းတယ်။ ဒီလူနှစ်ယောက်က ဘယ်နေရာက ထွက်လာတာလဲ။ ကြွက်ကို ဘာရည်ရွယ်ချက်နဲ့ သူတို့နဲ့ ခေါ်သွားတာလဲ။”
ချန်းယန်ဖန်သည် ရှေ့မှမောင်းနေသော ကားကို ကြည့်ရင်း ငြိမ်သက်စွာ တွေးနေမိသည်။
နာရီဝက် ကြာသော်…
ဘန်း…
သုခဘုံစံအိမ်မှ ဆယ်ကီလိုမီတာခန့်ဝေးသော လမ်းဆုံတစ်ခုတွင် ချန်းယန်ဖန် မောင်းနှင်လာသည့် ပေကျင်းနံပါတ်ပြားတပ်ထားသည့် ဆာ့ဖ်ကား၏ နောက်ဘီးသည် ပေါက်ကွဲသွားသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အလွန်ကျွမ်းကျင်သော ယာဉ်မောင်းတစ်ဦး ဖြစ်ပြီး လက်နှစ်ဘက်စလုံးမှ စတီယာရင်ဘီးကို ထိန်းချုပ်ထားကာ ဘရိတ်ကို အဆက်မပြတ် တော့တော့အုပ်ခဲ့သဖြင့် ကားလမ်းဘေးတွင် တဖြည်းဖြည်း ရပ်သွားသည်။
“ထူးဆန်းတယ်။”
ချန်းယန်ဖန်က ကားပေါ်က ဆင်းပြီး နောက်ဘီးတာယာကို သွားကြည့်လိုက်သည်။ ပေါက်ဓားတစ်ချောင်းသည် တာယာကို ထိုးစိုက်သွားသည်ကို တွေ့ရှိခဲ့ပြီး အဆိုပါဓားကြောင့် တာယာပေါက်ကွဲရခြင်း ဖြစ်သည်။
ဝှစ်…
သူ့အနောက်တွင် ဝေဝေဝါးဝါး အရိပ်တစ်ခု ပေါ်လာသည်။ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၏ ခြေရာခံခြင်းနှင့် ထောက်လှမ်းခြင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်လင့်ကစား သူ၏လည်ပင်းတွင် ထက်မြက်သောဓားမြှောင်တစ်ချောင်း ထောက်ထားမှသာ သူ သတိပြုမိခဲ့သည်။ ရုတ်တရတ် ကျရောက်နေသော အကျဉ်းအကြပ်ကြောင့် သူ့တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ကာ ချွေးအေးများ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတွင်းထဲသို့ ကျသွားသည့်အလားပင်။
ဒါက ဘယ်လိုဖြစ်နိုင် မှာလဲ။
သူ၏ရင်တွင်း၌ ကြုံးဝါးမိ၏။ သူ၏တုံ့ပြန်မှုနှင့် အာရုံခံနိုင်စွမ်းကို သူသည် အလွန်ယုံကြည်မှုရှိသည်။ အထူးတိုက်ခိုက်ရေးတပ်၏ခေါင်းဆောင် ယုရှုချင်းသည်ပင် သူ သတိမထားမိအောင် သူနှင့် ၇မီတာအကွာထိသာ ချဉ်းကပ်နိုင်သည်။ ထို့ထက်ပို၍ နီးစပ်ပါက သူ၏အာရုံခံမှုမှ လွတ်နိုင်မည်မဟုတ်ပေ။
"မသေချင်ရင် နောက်ပြန်လှည့်မကြည့်နဲ့။"
သူ၏နောက်မှာ တိုးပြီးအေးစိမ့်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အနည်းငယ်ကြောက်သွားသော ချန်းယန်ဖန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ပြန်မေးလိုက်သော သူ၏အသံက အက်ရှနေသည်။
"မင်း ဘယ်သူလဲ။"
လူတစ်ယောက်၏ထီမထင်သောအသံ ထွက်ပေါ်လာပြီး
“ငါ ဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုဘူး။ ငါ့မေးခွန်းကို ဖြေပါ။ ကြွက်ကို ခြေရာခံဖို့ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ မင်းက ဘယ်သူလဲ။"
ကြွက်လား…
ချန်းယန်ဖန်သည် အစောပိုင်းက သူ တွေ့လိုက်သော လူလတ်ပိုင်းလူနှစ်ယောက်ကို ပြန်သတိရသွားသည်။ သူ့စိတ်များ တဟုန်ထိုး တုန်လှုပ်သွားပြီး
“မင်းက ကြွက်ကိုခေါ်သွားတဲ့ လူအုပ်စုနဲ့တစ်ဖွဲ့တည်း ဖြစ်ပုံရတယ်။ ငါ့အကြောင်း ထုတ်ပြောဖို့ အဆင်မပြေဘူး။ ဒါပေမယ့် အဲ့ဒီလူကို ရည်ရွယ်ချက်ဆိုး မရှိဘူးဆိုတာတော့ ငါ အာမခံတယ်။"
သူ့နောက်ကလူက ခဏလောက် စဉ်းစားနေဟန်ရပြီး “မင်း များများသိလေ မြန်မြန်သေလေပဲ။ ငါ့မေးခွန်းကို မင်း မဖြေပေမယ့် မင်းရဲ့ပြောပုံဆိုပုံကနေ မင်းက စစ်သားတစ်ယောက် ဖြစ်တယ်ဆိုတာ ငါ ရိပ်မိတယ်။ ရိုးရိုးစစ်သားတောင်မဟုတ်ဘဲ တရုတ်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့အချို့နဲ့ဆက်နွယ်နေတဲ့ ထူးချွန်တပ်သား တစ်ယောက် ဖြစ်လိမ့်မယ်။ ငါ မင်းကို သတိပေးတယ်။ ပြန်သွားပြီး မင်းရဲ့ခေါင်းဆောင်ကို ပြောလိုက်ပါ။ ကြွက်ကို နောက်ထပ်စုံစမ်းဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ နို့မဟုတ်ရင်...”
နှစ်စက္ကန့်အကြာတွင် ချန်းယန်ဖန်သည် သူ့လည်ပင်းတွင် ထောက်ထားသော ဓားမြှောင် ပျောက်ကွယ်သွားပြီကို သိလိုက်ရပြီး သူ့အနောက်မှ လူ၏အသံအား မကြားရတော့ပေ။ သူ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် မည်သူမှ မရှိတော့သည်ကို တွေ့ရသဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော လူသည် အရိပ်အယောင်ပင် လုံးဝမရှိတော့ပါချေ။ သူ၏စူးရှသော မျက်လုံးများက ဖြတ်သွားသော လမ်းသွားလမ်းလာများကို လျင်မြန်စွာ ကြည့်လိုက်သော်လည်း သူ၏ကျွမ်းကျင်သော ခြေရာကောက်မှုဖြင့်ပင် ထိုသူအား ခြေရာမခံနိုင်ပေ။
"နှစ်စက္ကန့်သုံးစက္ကန့်လောက်ပဲ ကြာတာလေ…"
ချန်းယန်ဖန် ကြောက်ရွံ့ထိတ်လန့်သွားသည် ။ တစ်စုံတစ်ယောက်၏အရှိန်အဟုန်သည် ဤကဲ့သို့ အတိုင်းအတာအထိ မြန်ဆန်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ၂ စက္ကန့် ၃ စက္ကန့်သာ ကြာလိုက်ပြီး ထိုသူသည် အနည်းဆုံး မီတာ ၆၀ အကွာအဝေးတွင် ရှိနေလောက်ပြီဖြစ်သည်။ ထိုသူ၏ပုံစံကိုပင် သူ မမြင်လိုက်ရပေ။ ထိုလူသည် လေထုထဲတွင် ပျောက်ကွယ်သွားသည့်အလားပင်။
ထို့နောက် သူ့အကြည့်က သူ့ကား၏တာယာဘီးတွင် ထိုးစိုက်နေသည့် ဓားတစ်ချောင်းအပေါ်သို့ ကျရောက်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ဓားအပေါ် ကားဖြတ်မောင်းမိခြင်းကြောင့် ကားတာယာ ပေါက်သွားရခြင်းမဟုတ်ဘဲ သူ ကားမောင်းလာချိန်တွင် တစ်စုံတစ်ဦးမှ ထိုဓားအား ကားတာယာဆီသို့ ပစ်ပေါက်လိုက်ခြင်းဖြစ်မှန်း သေချာသွားတော့သည်။ ထိုအကြောင်းကို သဘောပေါက်လိုက်သည်နှင့် သူ၏စိတ်များ တုန်လှုပ်သွားပြီး ကားမောင်းသူနေရာသို့ တုံဆိုင်းမနေဘဲ ချက်ချင်း ပြန်သွားကာ အဖွဲ့ခေါင်းဆောင် ယုရှုချင်းဆီ ဖုန်းဆက်လိုက်သည်။
"အခြေအနေက ဘယ်လိုလဲ။" ဖုန်းထဲမှ ယုရှုချင်း၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
"ကျွန်တော် ကျွမ်းကျင်ပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့တယ် ခေါင်းဆောင်။"
ချန်းယန်ဖန်က ခါးသီးသော လေသံဖြင့် ပြောလိုက်သည်။
“အဲ့ဒီလူက သရဲတစ္ဆေအတိုင်းပဲ။ တစ်နာရီကို ကီလိုမီတာ ၈၀ကနေ ၉၀လောက်ထိ မောင်းလာတဲ့ ကျွန်တော့်ကားရဲ့ နောက်ဘီးတာယာ ကွဲသွားအောင် ဓားနဲ့ပေါက်လိုက်တယ်။ နောက်ပြီး အဲ့ဒီလူ ချဉ်းကပ်လာနေတာကို မသိလိုက်ရဘဲ ကျွန်တော့်နောက် ပေါ်လာပြီး လည်ပင်းမှာ ဓားအထောက်ခံလိုက်ရတယ်။ ကြောက်စရာ အကောင်းဆုံးကတော့ သူ ကျွန်တော့်ကို စကားပြောတာရပ်သွားလို့ နှစ်စက္ကန့်အကြာမှာ ကျွန်တော် ရုတ်တရက် လှည့်ကြည့်ပေမယ့် သူ ပျောက်ကွယ်သွားခဲ့တာပဲ။ အနီးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တော့ သူက အနည်းဆုံး မီတာ ၆၀ အကွာကို ၂ စက္ကန့် ၃ စက္ကန့်လောက်အတွင်းမှာပဲ ထွက်သွားခဲ့တယ်လို့ ကျွန်တော် ဆုံးဖြတ်နိုင်တယ်။”
“မဖြစ်နိုင်တာတွေ…” ယုရှုချင်းက အော်ပစ်လိုက်သည်။ "မင်းက စစ်သားပဲ ယန်ဖန်။ ငါ့ကို ဒီလိုဟာသတွေ လာမပြောနဲ့။ အားကောင်းတဲ့ သိုင်းပညာရှင်တောင်မှ မီတာ ၆၀ အကွာအဝေးကို နှစ်စက္ကန့်အတွင်း ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး မင်းရဲ့အရည်အချင်းကိုလည်း ငါ ကောင်းကောင်း သိတယ်။ မင်းက ပြည်နယ်အလိုက် ခြေရာခံပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရထားပြီး တိုက်ခိုက်ရေးအသိက နောက်ဆုံးလေ့ကျင့်မှုအရဆိုရင် ငါ့ထက်တောင် ပိုကောင်းတဲ့အဆင့်ကို ရောက်နေပြီလေ။ မင်း လုံးဝ မတုံ့ပြန်နိုင်ဘဲ မင်းရဲ့လည်ပင်းကို ဓားနဲ့ထောက်ဖို့ဆိုတာ ဘယ်သူမှ မလုပ်နိုင်ဘူး။”
"ဒါပေမယ့် ဒါက အမှန်တရားပဲ ခေါင်းဆောင်။" ချန်းယန်ဖန်က ခါးသီးသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်ကိုယ်တိုင် မယုံနိုင်ပေမယ့် တကယ်ဖြစ်သွားခဲ့တာမို့ ယုံဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ရတယ်။"
ယုရှုချင်းသည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီး "ဒါဆို ကြွက်အိုကြီးကော ဘယ်လိုလဲ။"
"သူ့ကို ခြေရာခံတာက ပျောက်သွားတယ်။ ခုနလူက ကျွန်တော့်ကို အထူးတပ်ဖွဲ့တစ်ခုကလို့ မှန်ကန်စွာ ခန့်မှန်းခဲ့ပေမယ့် အဲဒီ့ထက် အများကြီး ပိုမသိဘူး။ နောက်ပြီး အထက်အရာရှိဆီ ပေးပို့ဖို့ သတိပေးစကား ပြောခဲ့သေးတယ်။ ကြွက်အကြောင်းကို ထပ်မစုံစမ်းပါနဲ့တဲ့ … နို့မဟုတ်ရင်…”
ယုရှုချင်း၏မျက်လုံးများကို မှေးစင်းထားပြီး အေးစက်စွာ မေးလိုက်သည်။
"သူ ဘာပြောသေးလဲ။"
“ဆက်တော့ မပြောဘူး။ ဒါပေမယ့် သူ့ရဲ့သတ်ဖြတ်လိုစိတ်အော်ရာက အရမ်း ပြင်းထန်လွန်းတယ်။ သူသတ်ခဲ့တဲ့ လူအရေအတွက်က ဂဏန်းသုံးလုံးထက် မနည်းလောက်ဘူးလို့ ကျွန်တော် ပြောရဲတယ်။ မဟုတ်ရင် သူ့မှာ ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်အော်ရာ ရှိမှာ မဟုတ်ဘူး။"
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယုရှုချင်းက နောက်ဆုံးတွင် ပြောလိုက်သည်။
"မင်း ကြွက်ကို ခြေရာခံလိုက်တာ ပျောက်သွားတဲ့အတွက် အခု ပြန်လာခဲ့လိုက်တော့။ ဒီကြွက်အိုက ရှန်ဟိုင်းကနေ မထွက်သေးသရွေ့ သူ့ကို ငါတို့ အနှေးနဲ့အမြန်ဆိုသလို တွေ့မှာပါ။”
***