စိတ်ဓာတ်ကျခြင်း
Vol. 22 Ch. 307
အခန်း (၃၀၇) – စိတ်ဓာတ်ကျခြင်း
သူတို့အားလုံးက သူမရဲ့ တူမတွေပဲ။ သူတို့တွေသာကောင်းရင် ဘယ်သူက တားမှာလဲ။
ကျိုးအာ့နီ မသွားနိုင်ဘူးဆိုရင်တောင် ကျိုးလျှို့နီအလှည့် မဟုတ်သေးပေ။ စန်းနီနှင့် စစ်နီတို့လည်း ရှိသေးသည်။
သူတို့တွေက ကျိုးလျှို့နီထက် အသက်ပိုကြီးပြီး သူတို့အားလုံး အလုပ်လုပ်နိုင်ကြသည်။
ကျိုးလျှို့နီရဲ့ ပုံစံဆို သူမက ဘယ်လိုလုပ်နိုင်ပါ့မလဲ။ သူမရဲ့ စတုတ္ထဦးလေးနှင့် ဒေါ်လေးသည် အပြင်တွင် စီးပွားရှာဖို့ ထွက်သွားကြပြီး မလွယ်ကူလှပေ။ သူမ မြို့တော်ကို လိုက်သွားတဲ့အခါ ကူညီပေးနိုင်ဖို့ပဲ လိုအပ်တယ် မဟုတ်ပါလား။ လိုက်သွားပြီး ဟိုမှာ အလုပ်ရှုပ်စေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။
လင်းချင်းဟယ်က “ဒုတိယမရီးကိုကြည့်ရတာ သိပ်မပျော်ပုံပဲ။” ဟု ပြောသည်။
“ဒါဆိုရင်လည်း မပျော်ပါစေနဲ့ပေါ့။ တခြား ဘာလုပ်လို့ရမှာလဲ။” ဟု တတိယမရီးက ပြန်ဖြေသည်။
သူမက ကိုယ့်သမီးအကြောင်း ကိုယ် မသိဘူးလား။
ဒုတိယမရီးက ပြန်မလာဘဲ သမီးယောင်းမ သုံးယောက်သား ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေခဲ့ကြသည်။
အကြီးဆုံးမရီးက သူမ ကြက်သွားရောင်းတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြလာခဲ့သည်၊ “အရင်တစ်ခေါက်က ငါ ကြက်နှစ်ကောင် ယူသွားခဲ့တယ်။ ငါ အချိန်တော်တော်ကြာ စောင့်ဆိုင်းနေခဲ့ပေမယ့် တစ်ကောင်မှ မရောင်းရဘူး။”
လင်းချင်းဟယ် အံ့အားသင့်သွားသည်၊ “ဒါက ဘယ်လိုဖြစ်တာလဲ။ ကျွန်မမောင်လေးတောင် ကြက်ရောင်းတာကနေ ပိုက်ဆံအများကြီး ရတယ်။ သူ အကုန်လုံးရောင်းထွက်တာ မရီးလည်း မြင်တာပဲ မဟုတ်လား။”
အကြီးဆုံးမရီးက နှုတ်ခမ်းစူပြီး “ငါလည်း ဘာတွေဖြစ်နေတာလဲ မသိပါဘူးအေ။” ဟု ပြောသည်။
အကြီးဆုံးမရီးသည် ထိုအခါက သူမပုံစံက အရမ်းကြောက်နေမှန်းကို သတိမထားမိခဲ့ပေ။ သူမသည် ကြက်ဝယ်ချင်လားလို့ ဘယ်သူ့ကိုမှ မမေးခဲ့ဘူး။ သူမသည် သာမာန်အတိုင်း ဝတ်စားဆင်ယင်ပြီး ဆေးရုံအပေါက်ဝသို့ ကြက်တွေကို ယူဆောင်သွားခဲ့သည်။ သူမကို မြင်သည့် သူစိမ်းတွေရဲ့ စိတ်ထဲမှာတော့ သူမဟာ ဆွေမျိုးတွေနဲ့ တွေ့ရင် ပေးဖို့ ကြက်တွေကို သယ်ဆောင်လာတယ်လို့သာ ခံစားရသည်။
ဘယ်သူက သူမကို လှမ်းမေးတော့မှာလဲ။
သူမကိုယ်တိုင်လည်း ကြက်ရောင်းဖို့ စကားလုံးအနည်းငယ်လောက် အော်ဟစ်ဖို့ လိုအပ်ပါသေးသည်။
ထို့အပြင်၊ အရမ်းကြောက်လို့လည်း မဖြစ်ပါဘူး။
“ဒါပေမယ့် ကျွန်မရဲ့ တတိယမောင်လေးက ကြက်တွေ စုဆောင်းနေတာဖြစ်လို့၊ သူ့ဆီ ပြန်ရောင်းရင်လည်း မဆိုးပါဘူး။ ပိုက်ဆံနည်းနည်းပါးပါးတော့ လျော့မှာ ဖြစ်ပေမယ့် အချိန်ကုန်သက်သာပြီး လယ်ကွင်းထဲ အလုပ်လုပ်ဖို့ အချိန်ပိုထွက်တာပေါ့။ ဒီနှစ်မှာ မရီးတို့ မြေတွေ အများကြီး စာချုပ်ချုပ်ထားတယ်လို့ အမေ့ဆီကနေ ကြားတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
“ဒီနှစ် ငါတို့ မြေတွေ အများကြီး ယူထားတယ်။ စပါးအထွက်ကောင်းဖို့တော့ ငါတို့ ရည်မှန်းထားတာပဲ။” ထိုအကြောင်းကို တွေးလိုက်တာနဲ့ အကြီးဆုံးမရီးဟာ ပြုံးမိသွားသည်။
“အိမ်ထောင်စုတွေအလိုက် မြေယာစာချုပ်ချုပ်ဆိုတဲ့ မူဝါဒက အရမ်းရှားတယ်။ ဒါကြောင့် ငါတို့က အလုပ်ကြိုးကြိုးစားစား လုပ်ကိုင်သင့်တယ်၊ မဟုတ်လား။” ဟု တတိယမရီးကလည်း ပြောလိုက်သည်။
စိုက်ပျိုးထုတ်လုပ်မှုကို အိမ်ထောင်စုအလိုက် စာချုပ်ချုပ်ဆိုထားပြီး လုံလောက်တဲ့ ပမာဏကို ပေးချေပြီးရင် ကျန်တာက သူတို့ကိုယ်ပိုင်ဖြစ်သည်။ လာမည့်နှစ်တွင် ပရောဂျက်ကြီးတစ်ခုအတွက် ပြင်ဆင်ဖို့ အားလုံးက ကြိုးစားလုပ်ဆောင်နေကြပါသည်။
လင်းချင်းဟယ်သည် မရီးနှစ်ယောက်နှင့် ပျော်ရွှင်စွာ စကားပြောဆိုခဲ့သည်။
ကျိုးချင်းပိုင်သည်လည်း သူ့အစ်ကိုသုံးယောက်နှင့် တက်ကြစွာ စကားပြောဆိုနေခဲ့သည်။
အမျိုးသားတွေက အမျိုးသမီးတွေလောက် အတွေးမများကြဘူး။ ထို့အပြင်၊ သူတို့သည် အဖေတူအမေတူ ညီအစ်ကိုအရင်းအချာများ ဖြစ်ကြသည်။ ဆက်ဆံရေးက အရမ်းကောင်းမွန်နေဆဲပင်။ ကျိုးမိသားစုမှ ညီအစ်ကိုများသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင် စကားများရန်ဖြစ်တာမျိုး မရှိခဲ့ကြပေ။
ကျိုးချင်းပိုင်က မြို့တော်မှာ စီးပွားရေး အရမ်းကောင်းတယ်လို့ ပြောတာကိုကြားတော့ အစ်ကိုကြီးက စိတ်သက်သာရာရသွားပြီး “မင်း စီးပွားရေး ကောင်းနေသရွေ့ အဆင်ပြေတယ်။ ဒီနှစ် တို့မိဘတွေက မင်းတို့ဆီမှာ အဆင်ပြေမပြေကို အရမ်းစိတ်ပူနေကြတယ် ဆိုတာ ငါသတိပြုမိတယ်။” ဟု ပြောလိုက်သည်။
“ဒါပေမယ့် ဖက်ထုပ်ရောင်းတာကနေ ငွေဘယ်လောက်ရှာနိုင်လို့လဲ။ တခြား တစ်ခုခုလုပ်ကိုင်ဖို့ စဥ်းစားတာက ပိုကောင်းမယ်။” ဟု ဒုတိယအစ်ကိုက ပြောသည်။
“တခြားအရာတွေ လုပ်ကိုင်ဖို့ သိပ်မလွယ်လောက်ဘူး။ မြို့တော်မှာ လုပ်ရကိုင်ရတာ သိပ်မလွယ်လောက်ဘူး။ နည်းနည်းတော့ ရုန်းကန်နေရဦးမှာပဲ။” ဟု တတိယအစ်ကိုက ရှေးရိုးဆန်စွာ ပြောသည်။
“ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း ထိန်းသိမ်းထားနိုင်တယ်။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်၊ “လာမယ့်နှစ် နွေရာသီလောက်ကျရင်၊ ကျွန်တော်တို့ အဖေနဲ့ အမေ့ကို မြို့တော်ကို ခေါ်သွားမယ်လို့ စီစဥ်ထားတယ်။”
ကျိုးချင်းပိုင်က ဒီကိစ္စအား သူ့အစ်ကိုသုံးယောက်အား ပြောပြခဲ့ပါသည်။
“အဖေနဲ့ အမေ့ကို မြို့တော်ကို ခေါ်သွားမှာလား။” အစ်ကိုကြီးက ခဏလောက် အေးခဲသွားပြီး “ဒါက ဖြစ်ပါ့မလား။” ဟု မေးသည်။
“ဟုတ်တယ်၊ ဟိုမှာ မင်းတို့မိသားစုကို ထောက်ပံ့ဖို့ မင်းရဲ့ ဇနီးသည်ကို အားကိုးနေရတာ မဟုတ်လား။ ငါတို့ ဒီမှာ အဖေနဲ့ အမေ့ကို သေချာပြုစုထားနိုင်ပါတယ်။” ဟု ဒုတိယအစ်ကိုက ပြောလေသည်။ ဘာပဲဖြစ်ဖြစ် ဖက်ထုပ်ဆိုင်က ပိုက်ဆံအများကြီး ရနိုင်မယ်လို့ သူက ထင်ထားပုံမရဘူး။
“အဖေနဲ့ အမေ့က ဒီမှာဆိုရင်လည်း အိမ်မှာပဲ နေရတာ၊ အဆင်ပြေကြပါတယ်။ မင်းတို့သာ ဟိုမှာ စိတ်ချလက်ချနေကြပါ။” ဟု တတိယအစ်ကိုလည်း ဦးနှောက်ခြောက်စွာ ပြောခဲ့သည်။
ကျိုးချင်းပိုင်က “ကျွန်တော့်ဆိုင်ရဲ့ စီးပွားရေးက အဆင်ပြေပါတယ်၊ ဒါကြောင့် ကျွန်တော့်မိဘတွေကို မြို့တော်ကို ခေါ်သွားဖို့ ပြဿနာမရှိပါဘူး။” ဟု ပြောခဲ့သည်။
“ဒါပေမယ့် အဖေနဲ့ အမေတို့က လှေကားထစ်တွေ တက်ရတာ အဆင်မပြေဘူး။ တိုက်ခန်းတွေက အရမ်းစည်ကားတယ်။” ဟု တတိယအစ်ကိုက ထောက်ပြပြောဆိုသည်။
“ကျွန်တော် ဥယျာဥ်ခြံပါ အိမ်တစ်လုံး တွေ့ထားတယ်။ အိမ်ရှင်ဆီက ငှားတော့ မငှားရသေးဘူး။ အဖေနဲ့ အမေတို့ ရောက်တဲ့အခါ ငှားဖို့ စီစဥ်ထားတယ်။ သူတို့နေရာထိုင်ခင်းက ပြဿနာ မရှိဘူး။” ဟု ကျိုးချင်းပိုင်က ပြောသည်၊ “ပြီးတော့ ဒါက ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံးရဲ့ ဆုံးဖြတ်ချက်ပါ။”
ထို့ကြောင့် ညီအစ်ကိုသုံးယောက်က အခြေအနေကို သဘောပေါက်သွားသည်။ ဖက်ထုပ်ဆိုင်ရဲ့ စီးပွားရေးက အဆင်ပြေနေပုံရသည်။ မဟုတ်ရင်၊ လူကြီးနှစ်ယောက်ကို ဟိုကို ဘယ်ခေါ်သွားပါ့မလဲ၊ ဝန်ထုပ်ဝန်ပိုး တိုးရုံသာ ရှိသွားမှာ မဟုတ်ပါလား။
“ဖက်ထုပ်တစ်ပန်းကန်ကနေ ပိုက်ဆံဘယ်လောက်ရနိုင်လဲ။” ဟု ဒုတိယအစ်ကိုက ပွင့်ပွင့်လင်းလင်း မေးသည်။
“တခြားသူတွေကတော့ ပိုက်ဆံ ဘယ်လောက်ရလဲ ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ ပဲနိအနည်းငယ်လောက်ပဲ ရတယ်။” ဟု ကျိုးချင်းပိုင်က ပြောသည်။
ကျိုးချင်းပိုင်သည် အရင်က တခြားသူတွေရဲ့ အစားအစာကို မြည်းစမ်းကြည့်ဖူးသည်။ သူတို့ ရောင်းချတဲ့ အနေအထားအရ တစ်ပန်းကန်ကို ရှစ်ဆင့်ထက် ပိုရနိုင်တယ်လို့ တွက်ဆမိသည်။ ဘာကြောင့်လဲဆိုတော့ အစာသွပ်ပဲဖြစ်ဖြစ် ဖက်ထုပ်ထည့်ပေးတာပဲဖြစ်ဖြစ် သူတို့က သူ့လောက် ကောင်းတာ မဟုတ်ဘူး။”
“တစ်နေ့ကို ဘယ်နှပန်းကန်လောက် ရောင်းရလဲ။” ဟု ဒုတိယအစ်ကိုက စပ်စပ်စုစု မေးမြန်းခဲ့သည်။
အစ်ကိုကြီးနှင့် တတိယအစ်ကိုတို့ကလည်း သိချင်ကြပါသည်။
အရင်ကဆိုရင် ကျိုးချင်းပိုင်က သူ့အစ်ကိုတွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်မှာပဲ ဖြစ်သည်။ သို့ပေမယ့်၊ လင်းချင်းဟယ်က သူ့ကို ကောင်းကောင်းသင်ကြားပေးထားသည်။
ချမ်းသာကြွယ်ဝမှု သိပ်မကွာလျှင် ဘာမှ မဖြစ်ပါဘူး၊ ချမ်းသာကြွယ်ဝမှု အရမ်းကွာခြားသွားလျှင် စိတ်ပူရပေမည်။ ညီအစ်ကိုတွေအဖြစ် ဆက်ရှိချင်ပါသလား။ ဆက်ဖြစ်ချင်တယ်ဆိုရင်၊ ကွာဟချက်ကို သိပ်မချဲ့ပါနဲ့၊ ဒါမှမဟုတ်ရင် ညီအစ်ကိုတွေအဖြစ် ဆက်ရှိနိုင်မှာ မဟုတ်ဘူး။
ကျိုးချင်းပိုင်က ဒါဟာ ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ခံစားရသည်။
မဟုတ်ရင် သူနဲ့ သူ့ဇနီးသည်တို့က ဆိုင်နဲ့ အိမ်ကို ဝယ်ထားတယ်လို့ မပြောဘဲ ငှားရမ်းတယ်လို့ ပြောမှာ မဟုတ်ပါဘူး။ တခါတရံမှာ အဖြူရောင်မုသားတွေ လိုအပ်ပါသည်။
“တခါတရံ များသလို၊ တခါတလေကျတော့လည်း နည်းတယ်။ တိကျတဲ့ ပမာဏတော့ မရှိဘူး။ အနည်းဆုံး တစ်လကို ယွမ်သုံးဆယ် လေးဆယ်လောက်တော့ ရပါတယ်။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။
ဒီဝင်ငွေက သိပ်မမြင့်ပေမယ့် မနည်းပါဘူး။ ညီအစ်ကိုတွေက ဒါကို ယုံကြသည်။ နောက်ဆုံးတော့၊ စတုတ္ထလေးက လူကြီးနှစ်ယောက်ကို ဟိုကို ခေါ်သွားမယ်ဆိုတော့ သူ တတ်နိုင်လို့ပဲ ဖြစ်ရမည်။ မဟုတ်ပါက၊ ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမှာ မဟုတ်ပါလား။ အဲ့လိုဆို နှစ်ဖက်စလုံး အကြပ်အတည်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြရပေမည်။
ဒါပေမယ့် သူ့မှာ တစ်လကို ဒီလောက် ဝင်ငွေရှိတယ် ဆိုရင်တော့ ဒါက ပြဿနာ မရှိတော့ဘူး။
ဘဝကို ခြိုးခြံချွေတာစွာ ဖြတ်သန်းနေသော ဒီညီအစ်ကိုတွေရဲ့ အမြင်တွင် တစ်လလျှင် ယွမ်သုံးဆယ် သို့မဟုတ် ယွမ်လေးဆယ် ဆိုသည့် ဝင်ငွေပမာဏက တကယ်ကိုများပါသည်။
“အစ်ကိုကြီးတို့သုံးယောက်လည်း ဒီနှစ် အလုပ်ကြိုးစားခဲ့ကြတယ်။” ကျိုးချင်းပိုင်က ပြောသည်၊ “နောင်အနာဂတ်ကာလမှာ ပိုကောင်းလာလိမ့်မယ်။”
ညီအစ်ကိုတွေက မောင်းထိုင်အရက်ကို မြေပဲဆားလှော်လေးနဲ့ မြည်းရင်း သောက်နေခဲ့ကြသည်။ တကယ့်ကို စိတ်တွေ လန်းဆန်းနေကြသည်။
သူတို့က ခုနှစ်နာရီကျော်လောက်မှ ကျိုးအိမ်တော်ဟောင်းဆီသို့ ရောက်လာကြပြီး ဆယ့်တစ်နာရီကျော်တဲ့အထိ စကားပြောဆိုနေခဲ့ကြသည်။
ဒုတိယအစ်ကို ပြန်ရောက်လာသောအခါ ဒုတိယမရီးတစ်ယောက် မအိပ်သေးပေ။
ဒုတိယအစ်ကိုက သူမ အိပ်ပျော်နေပြီလို့ ထင်တဲ့အတွက် လန့်ပြီး “ဒီအချိန်အထိ မင်းက မအိပ်ဘဲ ဘာလုပ်နေတာလဲ။” ဟု မေးလိုက်သည်။
“ကျွန်မ စိတ်မကောင်းသလို ခံစားနေရလို့ပါ။” ဟု ဒုတိယအစ်ကို ပြန်လာတာကို စောင့်ဆိုင်းနေသည့် ဒုတိယမရီးက ပြန်ဖြေသည်။
“အခု မူဝါဒတွေလည်း ပိုကောင်းလာပြီ။ ငါတို့ကိုယ်ပိုင်ကြက်တွေလည်း မွေးမြူထားနိုင်ပြီ။ ဘဲတွေလည်း မွေးမြူထားနိုင်ပြီ။ ဝက်တွေ မွေးမြူတာလည်း ကန့်သတ်ချက် မရှိတော့ဘူး။ အိမ်ထောင်စုအလိုက် မြေယာစာချုပ်စနစ်လည်း ရှိတယ်။ လူနေမှုဘဝက သေချာပေါက် ပိုကောင်းလာတယ်။” ဟု ဒုတိယအစ်ကိုက သက်တောင့်သက်သာ လှဲလျောင်းပြီး ပြောလိုက်သည်။
သူ့ကိုယ်ပိုင်အမြင်အရ ပြောရရင်တော့ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ကျေနပ်အားရမိသည်။ သူတို့ ဘာမဆို အေးအေးဆေးဆေး ရဲရဲတင်းတင်း လုပ်ကိုင်နိုင်တယ်လို့ စတုတ္ထလေးက သူတို့ကို ပြောပြခဲ့သည်။ သူတို့ ဥပဒေကို မချိုးဖောက်သရွေ့ ပြဿနာမရှိနိုင်ဘူး။
အနာဂတ်ကာလဟာ ရောင်ခြည်သန်းလာပြီလို့ ဆိုနိုင်သည်။
“ကျွန်မ ဒါကို ပြောနေတာ မဟုတ်ဘူး။” ဟု ဒုတိယမရီးက ပြန်ဖြေသည်။
“ဒါဆိုရင် မင်းက ဘာကို ပြောချင်တာလဲ။” ဟု ဒုတိယအစ်ကိုက သူ အိပ်ချင်နေသေးသည့်တိုင် ပြန်မေးခဲ့သည်။
“စတုတ္ထလေးတို့အိမ်ထောင်စုက ကျွန်မတို့ ဒုတိယအိမ်ထောင်စုကို နှိမ့်ချနေတယ်လို့ ရှင်ထင်လား။” ဟု ဒုတိယမရီးက ထုတ်မေးလာခဲ့သည်။ သူမ ဒီည တစ်ညလုံး ထိုအကြောင်းကိုသာ တွေးနေမိသည်။ သူမသည် ဒီအကြောင်းကို ပိုတွေးလေလေ ပို၍ ဝမ်းနည်းမိလာလေလေ ဖြစ်သည်။
ဒီလို ညနက်ချိန်အထိ သူမ အိပ်မပျော်နိုင်သေးဘဲ သူမ ယောကျာ်းပြန်လာတဲ့အချိန်အထိ ဒီအကြောင်းပြောဖို့ စောင့်နေခဲ့တာ ဖြစ်သည်။