သူဌေးဖြစ်ခွေးဖြစ် ကြိုးစားခြင်း
Vol. 52 Ch. 715
ရှေးဆိုရိုးစကားအတိုင်း ငှက်တို့သည် အစာအတွက် သေကြသကဲ့သို့ လူတို့သည်လည်း စည်းစိမ်ဥစ္စာအတွက် သေကြလိမ့်မည်။
ရှဲ့ကျီချန်၏မျက်လုံးများတွင် ကြွယ်ဝချမ်းသာမှုသည် သူ၏ထိပ်တန်းဦးစားပေးများထဲတွင် ဒုတိယအဆင့်ရှိပြီး သူ၏သနားစရာအသက်ကလေးက ပထမဦးစားပေး အဆင့်ဖြစ်သည်။ ကြွယ်ဝချမ်းသာမှုအတွက် မိဘများကို သတ်ပစ်နိုင်၊ မိန်းမနှင့်သားသမီးများကို သတ်ပစ်နိုင်ပြီး ဒုစရိုက်မျိုးစုံကိုလည်း သူ လုပ်နိုင်သည်။ သူ့ဘဝတွင် လက်ကိုင်ထားသော ဆောင်ပုဒ်သည် သူ့ငွေအရင်းအမြစ်အား ပိတ်ဆို့ဝံ့သူတိုင်း သေရမည်ဖြစ်သည်။
သည်တစ်ကြိမ်တွင် သေနတ်တစ်ဒါဇင်ကျော်က သူ့အား ချိန်ရွယ်ထားသည်။ တစ်ယောက်ယောက်ကသာ ခလုတ်ဆွဲလိုက်ပါက သူ့အသက်ကလေး ချက်ချင်း လွင့်ကြွေသွားပေမည်။ သို့သော် ဤသို့သော အကြပ်အတည်းတွင် သူသည် လုံးဝကြောက်ရွံ့ခြင်း မရှိဘဲ အိစက်နေသော ဆိုဖာထက်တွင် ထိုင်လျက် သူ့အနောက်မှ သက်တော်စောင့်၄ယောက်ကိုပင် သေနတ်ချရန် လက်ဟန်ပြလိုက်ပြီး သူ့အရှေ့တွင် ထိုင်နေသော ကော့ကေးဆပ်နိုင်ငံခြားသားအား ပြုံးနေသော မျက်နှာထားဖြင့် ကြည့်နေလိုက်သေးသည်။
“ကနဦးဈေးနှုန်းက အများကြီး ဈေးကြီးနေတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့ ညီအစ်ကိုကိုးလ်။ ငါတို့ ပူးတွဲသုတေသနက ထုတ်လုပ်ထားတဲ့ မျိုးရိုးဗီဇမြူက အရမ်းအဖိုးတန်တယ်။ အရင်သဘောတူထားကြတာက ဒီမျိုးရိုးဗီဇမြူကို သုတေသနပြုပြီးတာနဲ့ မင်းက ငါ့ကို အမေရိကန်ဒေါ်လာ မီလီယံ၂၀၀ ပေးမယ်လို့ အမှန်ပဲ ဖော်ပြထားပါတယ်။ သုတေသနဒေတာနဲ့အတူ အဲ့ဒီမျိုးဗီဇမြူကို မင်း ယူသွားမယ်လို့လည်း ဖော်ပြထားပြီးသားပါ။ ဒါပေမယ့် ဒီမျိုးရိုးဗီဇမြူကို သုတေသနလုပ်တဲ့အချိန်က မျှော်လင့်ထားတာထက် အများကြီး ပိုကြာခဲ့တယ်ဆိုတာ မင်း အသိပဲ။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း လိုအပ်တဲ့ နောက်ထပ်ရန်ပုံငွေတွေကို မင်းတို့က မပေးခဲ့တော့ ငါ့ငွေနဲ့ငါ အိပ်စိုက်ရတာ အမေရိကန်ဒေါ်လာ ၁ဘီလီယံ ရှိတယ်။ တစ်ပြားလျော့တာနဲ့ မင်း အဲ့ဒါကို ယူသွားလို့ မရဘူး။ မင်း လုပ်ရဲရင် ငါ့ကို ပစ်ဖို့ မင်းရဲ့လူတွေ အမိန့်ပေးလိုက်လို့ရတယ်။ ငါ သေဆုံးရတာက အသေးအဖွဲပဲ။ မင်းကတော့ အဲ့ဒီမျိုးရိုးဗီဇမြူကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။"
ရှဲ့ကျီချန်က သူ့မေးစေ့ကို ပွတ်ပြီး ပြုံးသည်။
အရပ်ရှည်ပြီး လူကောင်ကြီးသော အော်စတင်ကိုးလ်သည် ဒေါသရှိန်အဟုန်နှင့် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်အပြည့် ဖြစ်နေသည်။ တစ်စုံတစ်ယောက်ကို သူ သတ်ချင်လာပါက သူ့အင်္ကျီအောက်ဆုံးက ကြယ်သီးကို ဖြုတ်တတ်သော အကျင့် သူ့တွင် ရှိသည်။ သို့သော် ယခုအချိန်တွင် သူ့လက်များသည် ထိုကြယ်သီးပေါ်တွင် မြဲမြံလျက် ရှိသေးသည်။ သူသည် လောဘကြီးသော လူများစွာကို တွေ့ဖူးသော်လည်း သူနှင့်ကနဦးဈေးနှုန်း သဘောတူညီချက်ကို မည်သူမျှ ပယ်ဖျက်ဝံ့ခြင်း မရှိပေ။
သို့သော် ရှဲ့ကျီချန်သည် သူတို့လုပ်ငန်း၏သူဌေးကြီးအား တစ်ချိန်က အသက်ကယ်တင်ပေးထားသောကြောင့် အလွန်နက်ရှိုင်းသော ရင်းနှီးမှုရှိကြောင်း သူ ကောင်းစွာ သိသည်။ အကယ်၍ သူသည် ဤလူအား သတ်မည်ဆိုပါက သူဌေးကြီးသည် သူ၏ဒေါသကို တိုက်ရိုက်မပြသည့်တိုင် နောင်တွင် ထိုသူ့ထံမှ ဆိုးရွားသော ဆက်ဆံမှုကို ရရှိနိုင်ပေမည်။
သို့သော် ထိုဒေါ်လာ ၁ဘီလီယံတည်းဟူသော အရာသည်လည်း သူ ခံနိုင်ရည်ရှိသော ဈေးနှုန်း မဟုတ်ပါချေ။
" ရှဲ့ … ငါတို့နိုင်ငံပိုင်လုပ်ငန်းက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပြည်တွင်းရေး ပြဿနာတွေ ရှိနေခဲ့တာ မင်း ကြားမိမှာပါ။ ငါတို့ရဲ့ရန်ပုံငွေအားလုံးကို ကြီးမားတဲ့ ပရောဂျက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံထားမိလို့ မင်း လိုအပ်တဲ့ ရန်ပုံငွေတွေကို အချိန်မီ မပေးနိုင်တာက ငါတို့ရဲ့အမှားဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၁ဘီလီယံက အရမ်းများလွန်းပါတယ်။ ငါ မပြောနဲ့ … သူဌေးကိုယ်တိုင်တောင် သဘောတူမှာ မဟုတ်ဘူး။ ငါတို့ အများဆုံးပေးနိုင်မှာက အမေရိကန်ဒေါ်လာ ၃၀၀မီလီယံပဲ။ တကယ်လို့ မင်း သဘောမတူရင် ငါတို့နဲ့ ရန်သူဖြစ်ဖို့ မင်း ရွေးချယ်လို့ရတယ်။"
"ဟမ့် … အမေရိကန်ဒေါ်လာ ၃၀၀မီလီယံ ဟုတ်လား။" ရှဲ့ကျီချန် အေးစက်စက် ပြုံးလိုက်သည်။
"မင်း ငါ့ကို သူတောင်းစားများ မှတ်နေလား။ ဒီပရောဂျက်မှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးစုစုပေါင်းက အမေရိကန်ဒေါ်လာ ၂၀၀မီလီယံနီးပါး ကုန်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သုတေသနပစ္စည်းတွေကို ဒီသုတေသနအတွက် တန်ချိန်များစွာ ငါ တင်သွင်းခဲ့ရတယ်။ နာနိုဘော့လို့ခေါ်တဲ့ အရာကို မင်း သိတယ် မဟုတ်လား။ ဒီပစ္စည်းတွေကို ရဖို့အတွက် အာဖရိကမှာရှိတဲ့ အမေရိကန်နိုင်ငံရဲ့ လျှို့ဝှက်သုတေသန ဓာတ်ခွဲခန်းတချို့ဆီ ငါ့လူတွေကို စေလွှတ်ရတယ်။ ငါ ဘယ်လောက်ဆုံးရှုံးသွားလဲ မင်း သိလား … ငါ့ရဲ့ အစစ်အမှန်တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေကို အဲ့ဒီနေရာတွေကို စေလွှတ်တုန်းက နာနိုဘော့တွေကြောင့် ငါ့လူအယောက်၄၀မှာ ၂၇ ဦး သေတယ်။ ကျန်တဲ့ ၁၃ဦးထဲက ၄ ဦးက မသန်မစွမ်း ဖြစ်သွားတယ်။
“နောက်ပြီး အဲ့ဒီဓာတ်ခွဲခန်းတွေအကြောင်းကိုရော ငါ ဘယ်က ရခဲ့တာလဲဆိုတာ မင်း သိလား။ အမှောင်လေအဖွဲ့အစည်းကနေ ဒေါ်လာ ၂၅မီလီယံ အကုန်ခံပြီး ဝယ်ခဲ့ရတာကွ။ ဒါတောင် မင်းက ၁၀၀မီလီယံလေးပဲ ငါ့ကို တိုးပေးတယ်ပေါ့။ ဟယ်လို … မင်းက ငါ့ကို စော်ကားဖို့ အာရုံရှိနေတာလား။"
(Charm Min Nge - နာနိုနည်းပညာသည် အလွန်သေးငယ်သော အရာဝတ္ထုများဆိုင်ရာ နည်းပညာ ဖြစ်သည်။ ကမ္ဘာပေါ် ရှိ သက်ရှိ၊ သက်မဲ့ အရာဝတ္ထု အားလုံးသည် အက်တမ်ခေါ် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်သော အလွန်သေးငယ်သိမ်မွေ့လှသည့် မြူမှုန်တို့ဖြင့် ဖွဲ့စည်းထားသောကြောင့် နာနို နည်းပညာကို အသုံးပြုပြီး အက်တမ်များဖြင့် အရာဝတ္ထုများကို ဖွဲ့စည်းတည်ဆောက်နိုင်သည်။ နာနိုဘော့ခေါ် နာနိုအရွယ်အစား အသေးစားစက်ရုပ်များ သို့မဟုတ် နာနိုနည်းပညာအား ဆေးဘက်ဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ ကုန်ထုတ်လုပ်ငန်းဆိုင်ရာနှင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုရန် သုတေသန လုပ်လာကြပြီး အသုံးပြုသည့်နေရာအပေါ်လိုက်ကာ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး ဖြစ်ပေါ်နိုင်သည်။)
အော်စတင်ကိုးလ် တိတ်ဆိတ်သွားသည်။ ရှဲ့ကျီချန် ပြောသည့်စကား မှန်၊ မမှန် သူ မပြောနိုင်သော်လည်း စာချုပ်ကို ဖောက်ဖျက်လိုက်သည်က အမှန်တကယ် သူတို့အမှားပင်။ ပူးတွဲသုတေသနကို စတင်ခဲ့သည်မှာ ရှစ်နှစ်ရှိပြီဖြစ်ပြီး ပထမခြောက်နှစ်အတွင်း သူတို့ကုမ္ပဏီသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈၀မီလီယံ ရင်းနှီးမြုပ်နှံခဲ့သော်လည်း သုတေသနသည် သိသိသာသာ တိုးတက်မှုမရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် ထိုသုတေသနအစီအစဉ်အား စွန့်လွှတ်လိုက်သည့်အချိန်ကျမှ သုတေသနစမ်းသပ်မှု အောင်မြင်သည်ဟူသော သတင်းကို မထင်မှတ်ဘဲ ရရှိခဲ့သည်။
သည်အရာသည် မျိုးရိုးဗီဇမြူ ဖြစ်သည်။ စရိတ်စက အကုန်ခံကာ ထိုအရာကို သူ ရယူရပေမည်။ ဤမျိုးရိုးဗီဇမြူကို ရရှိပြီးသည်နှင့် သူတို့သည် သာမန်လူများ၏ခန္ဓာကိုယ်ကို အသွင်ပြောင်းကာ မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ကို ဖွဲ့စည်းနိုင်ပေမည်။ သူတို့ကုမ္ပဏီတွင် ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိသော်လည်း ထိုတပ်ဖွဲ့များနှင့် ကမ္ဘာပေါ်ရှိ ထိပ်တန်း လက်နက်ကိုင်တပ်ဖွဲ့များကြား ကွာဟချက်မှာ ချောက်နက်ကြီးတစ်ခုလို ကွာဟနေသည်။
“ဒေါ်လာ မီလီယံ ၅၀၀ … ဒါ ငါပေးနိုင်တာအကုန်ပဲ။”
နောက်ဆုံးတွင် အော်စတင်ကိုးလ်သည် အပေးအယူ လုပ်ရန်သာ ရွေးချယ်လိုက်ပြီး အမေရိကန်ဒေါ်လာ မီလီယံ၂၀၀ ထပ်ပေါင်းပေးလိုက်သည်။ ထိုပမာဏသည် သူ့အာဏာအတွင်း ကမ်းလှမ်းခွင့်ပေးနိုင်သော အမြင့်ဆုံး ပမာဏလည်း ဖြစ်သည်။
“ငါ ပြောခဲ့သလိုပဲ ငါလိုချင်တာက ၁ ဘီလီယံ။ တစ်ပြားမှ မလျော့ရဘူး။ မဟုတ်ရင် ဒီမျိုးရိုးဗီဇမြူကို မင်းတို့ကုမ္ပဏီကို ငါ ရောင်းမှာမဟုတ်ဘူး။”
ရှဲ့ကျီချန် ခေါင်းယမ်းလိုက်သည်။
“နောက်ပြီး … ဒီမျိုးရိုးဗီဇမြူတွေကို တခြားနိုင်ငံခြားက အင်အားကြီးနိုင်ငံတွေဆီ ရောင်းချမယ် ပြောလိုက်တာနဲ့ ဈေးနှုန်းမြင့်မြင့်နဲ့ လေလံဆွဲချင်တဲ့ အင်အားစုတွေ မရေမတွက်နိုင်လောက်အောင် ရှိနေမယ်ဆိုတာ ငါ သေချာပြောရဲတယ်။”
"မင်း ငါ့ကို ဖိအားပေးနေတာလား။" အော်စတင်ကိုးလ်က ဒေါသတကြီး အော်လိုက်သည်။
“မင်း မှန်တယ်။ ငါ တကယ်ပဲ မင်းကို ဖိအားပေးနေတယ်။” ရှဲ့ကျီချန်က ပြောသည်။
“ဒါကိုယူဖြစ်ရင် ငါတို့မှာ သဘောတူညီချက်တစ်ခု ရှိမယ်။ ဒါကိုထားခဲ့ရင် ငါတို့ ခွဲခွာကြမယ်။ ဒါက တရုတ်နိုင်ငံ။ မင်းက လူအများကြီး ခေါ်လာပေမယ့် ငါ့ကို သတ်ဖို့ဆိုတာ မလွယ်ဘူးနော်။ နောက်ပြီး တရုတ်နယ်စပ်ကနေ မင်း ထွက်သွားနိုင်မလားဆိုတာလည်း မသေချာဘူး။”
ငါ့ကို ခြိမ်းခြောက်တဲ့ သူတွေအားလုံး သေရတယ်ကွ။
အော်စတင်ကိုးလ်က အသံကျယ်ကျယ် မပြောဘဲ စိတ်ထဲက သုံးကြိမ်တိုင်တိုင် အော်လိုက်သည်။ သူသည် သူတို့ကုမ္ပဏီ၏ရည်ရွယ်ချက် အထမြောက်စေရန် ကြံ့ကြံ့ခံပြီး စိတ်ရှည်သည်းခံနေရပေသည်။ သူတို့ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ကုမ္ပဏီလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ဆယ်ဆ စွမ်းအားကြီးမားသည့် မျိုးရိုးဗီဇ စစ်သည်များစွာကို အရင်အင်အားထက် ၂ဆ ပျိုးထောင်ရန် ဖြစ်သည်။
အော်စတင်ကိုးလ်သည် ကျူးဘားဆေးပြင်းလိပ်ကို ထုတ်ယူစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့အား မီးလာညှိပေးသည်။ အနည်းငယ် ဖွာရှိုက်ပြီးနောက် သူက လက်ဝှေ့ယမ်းကာ သူ့လူများကို သေနတ်များချထားရန် အချက်ပြသည်။ ထို့နောက် သူက ရှဲ့ကျီချန်ကို စိုက်ကြည့်လိုက်ပြီး
"ဒေါ်လာ မီလီယံ၅၀၀လောက်ထိပဲ ငါ့မှာ လုပ်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူဌေးဆီ ဖုန်းဆက်ပြီး သူ့ဆုံးဖြတ်ချက်ကို မေးဖို့ ငါ လိုတယ်။"
"ငါ မင်းကို အချိန်သုံးရက်ပဲ ပေးနိုင်တယ်။" ရှဲ့ကျီချန်က ပခုံးတွန့်ပြီး ပြုံးလိုက်သည်။
“သုံးရက်အတွင်း အဖြေမရရင် အီးမေးလ်ထဲက စာရွက်စာတမ်းဖိုင်တွေကို အလိုအလျောက် ပို့ပေးလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါနဲ့စီးပွားရေးဆိုင်ရာ သဘောတူညီချက် ဆွေးနွေးဖို့ ကမ္ဘာပေါ်က ထိပ်တန်း အင်အားစု(၂၀)က သူတို့ရဲ့လူတွေကို တရုတ်နိုင်ငံဆီ စေလွှတ်လာကြလိမ့်မယ်။”
အော်စတင်ကိုးလ်သည် သူ့အင်္ကျီ၏အောက်ဆုံး ကြယ်သီးကို မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အေးစက်သောအမူအရာဖြင့် ခေါင်းညိတ်ကာ ထထွက်သွားတော့သည်။
မိနစ်ဝက်လောက် ကြာပြီးသော် မိတ်ကပ်ထူထူ လိမ်းချယ်ထားပြီး ညှို့အားပြင်းပြင်းဖြင့် ဆွဲဆောင်မှု ရှိသော မိန်းကလေးတစ်ယောက်သည် ဘေးအခန်းထဲက ထွက်လာသည်။ သူမလက်ထဲရှိ ထက်ရှသော လိပ်ပြာဓားတစ်ချောင်းကို အထက်အောက် ဝှေ့ယမ်းလျက် ပွင့်အာနေသော ပန်းပွင့်ပုံများကို ဖန်တီးဖြစ်ပေါ်စေသည်။
"ကျွန်မကို တစ်ခုခု ပြောပါဦး။ ရှင် … အော်စတင်ကိုးလ် ဒေါသထွက်မှာကိုတောင် မကြောက်တဲ့အထိ တကယ်ကို ငွေ အရမ်းလိုချင်နေတာလား။" မိန်းကလေးက ပြုံးပြီး မေးသည်။ "သူ့ရဲ့ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာကင်းမဲ့တယ်လို့ ကျော်ကြားတဲ့ နာမည်ဆိုးကို ရှင်လည်း အသိမဟုတ်လား။"
“ငါ အရင်ကတည်းက ရက်စက်ကြမ်းကြုတ်ပြီး ကြင်နာမှုကင်းတဲ့လူတွေကို ပြစ်မှားခဲ့ဖူးပါတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ အစတုန်းက ငါ့ကို ဘာမျှော်လင့်ချက်မှ မမြင်ရတဲ့၊ တင်းကျပ်တဲ့ ထောင့်တစ်နေရာကို သူတို့တွေ တွန်းပို့ခဲ့ကြတယ်။ အခု မျိုးရိုးဗီဇမြူ ဖွံ့ဖြိုးတိုးတက်လာတော့မှ ဆာလောင်နေတဲ့ ဝံပုလွေတွေလိုပဲ ထွက်လာကြတာ။ သူတို့ကိုသွေးထွက်အောင်မှ မလုပ်ရရင် ငါ့ရင်ထဲက တင်းကျပ်နေတဲ့ခံစားချက် ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး။”
"အဲ့ဒီကုမ္ပဏီရဲ့သူဌေးကြီးက သူ့အဖြေကို ပြောပြီးရင် ရှင် ဘာဆက်လုပ်မှာလဲ။"
မိန်းကလေးက ပြုံးပြီး မေးလိုက်သည်။
ရှဲ့ကျီချန်၏မျက်လုံးများအတွင်းတွင် ကြောက်စိတ်များ ဖျတ်ကနဲ ဖြစ်ပေါ်လာသည်။ အတန်ကြာ သူ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ စကားဆိုသည်။ “သူ့အကျင့်အကြောင်း ငါ နည်းနည်းတော့ သိပါတယ်။ ဒီကိစ္စကို ငွေနဲ့ဖြေရှင်းနိုင်ရင် ပိုဆိုးသွားအောင် သူ လုပ်မှာ မဟုတ်ဘူး။ ဒါပေါ့ … သူက မျက်နှာပြောင်တိုက်ပြီး ငါ့ဆီကနေ အမေရိကန်ဒေါ်လာ မီလီယံ၅၀၀နဲ့ ဝယ်ချင်ရင်တော့ သူ့ကို ငါ ရောင်းရတော့မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မျိုးဗီဇမြူကို အုပ်စုတစ်စုအတွက်ပဲ ရောင်းချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တချို့အဆက်အသွယ်ကို ငါ့အတွက် စစ်ဆေးလေ့လာပေးပါ။ နောက်ထပ်ချမ်းသာတဲ့ ဖောက်သည်နှစ်ယောက်ကို ရှာဖို့ လိုတယ်။”
မိန်းကလေးက မျက်လုံးကို မှေးစင်းလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ မေးသည်။
"ရှင့်လက်ထဲမှာ မျိုးရိုးဗီဇမြူတွေ ရှိနေတာကို လူတိုင်းသိသွားမှာ မကြောက်ဘူးလား။ အဲ့ဒီအခါကျရင် ရှင့်ကို စောင့်ကြည့်နေတဲ့ အင်အားစုတွေ အများကြီး ရှိလာလိမ့်မယ်။"
"ငါက ဘာကြောင့် ကြောက်ရမှာလဲ။" ရှဲ့ကျီချန်က မထီတထီ ရယ်လိုက်ပြီး
“သူတို့ထဲက အင်အားစုတချို့ကို ရောင်းပြီးသွားရင် မျိုးရိုးဗီဇမြူရဲ့ဖော်မြူလာကို ငါ နိုင်ငံတော်ကို လွှဲပေးလိုက်မယ်။ အဲ့ဒီအချိန်ကျရင် နိုင်ငံတော်က ငါ့ကို ဒီအတိုင်းကြည့်နေမယ်လို့ မင်း ထင်လား"
“…”
မိန်းကလေးက သူ့ကို လက်မထောင်ပြပြီး သူမ၏ မိတ်ကပ်ထူထူမျက်နှာထက်တွင် ချီးကျူးလိုရိပ်များ ထင်ဟပ်နေတော့သည်။
****
သုခဘုံစံအိမ်နယ်မြေ…
များသောအားဖြင့် အိုးရန်လူလူ နေထိုင်တတ်သော အဆောက်အဦး၏ဧည့်ခန်းတွင် ထိုင်ကာ ထန်ရှုသည် ကျိမု၏လက်ဆောင်များကို ကြည့်နေသည်။ သူသည် ဇီသာ၏ကြိုးများကို ညင်သာစွာ တီးခတ်နေသောကြောင့် သာယာငြိမ့်ညောင်းသော တေးသံသည် ခမ်းနားကြီးကျယ်သော ဖျော်ဖြေပွဲတစ်ခု၏အရသာအား ပေးစွမ်းနေသကဲ့သို့ပင်။ အိုးရန်လူလူသည် ဘေးနားရှိ လက်ဖက်ရည်စားပွဲလေး၏အရှေ့တွင် တင်ပျဉ်ခွေ ထိုင်ကာ လက်ဖက်ရည်ဖျော်စပ်မှုတွင် အပြည့်အဝ အာရုံစိုက်နေလျက် ရှိသည်။
"ကျိမု ရောက်ပြီ သူဌေး…"
မိုအားဝူသည် ထန်ရှု၏အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီး သတင်းပို့လိုက်သည်။
ထန်ရှုက စကားမဆိုသေးဘဲ သီချင်းနုတ်တစ်ခုလုံးကို ဆက်လက်တီးခတ်လိုက်ပြီးနောက် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ မကြာခင် ကျိမုသည် လှပစွာထုပ်ပိုးထားသော လက်ဆောင်သေတ္တာတစ်လုံးနှင့် ဝင်လာကာ ထန်ရှု၏အရှေ့တွင် ဂရုတစိုက် တင်ထားလိုက်ပြီး နောက်နှစ်လှမ်း ပြန်ဆုတ်လိုက်သည်။
"ဒီတစ်ခေါက်ရော ဘယ်လိုရတနာမျိုးလဲ။" ထန်ရှုက အမူအရာမဲ့စွာ လက်ဆောင်သေတ္တာကို ညွှန်ပြသည်။
"ငါလည်း မသိဘူး။" ကျိမု ခေါင်းယမ်းလိုက်သည်။ "လွန်ခဲ့တဲ့နှစ်နာရီလောက်က အဘွားကို သွားနှုတ်ဆက်တော့ ဒီပစ္စည်းကို ယူသွားပြီး ညီအစ်ကိုထန်ကို လက်ဆောင်ပေးလိုက်ဖို့ မှာလိုက်တာ။"
ထန်ရှုက တစ်ဖက်ခြမ်းက ဆိုဖာတွင် ဝင်ထိုင်ရန် ညွှန်ပြသည်။ ကျိမု ဝင်ထိုင်လိုက်ပြီးနောက် ထန်ရှုက “ပြောပါဦး။ မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာများလဲ။"
ကျိမုသည် သူ့အတွေးများကို ရှင်းလင်းကာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သော်လည်း ယခုအချိန်တွင်တော့ အနည်းငယ် ထိတ်လန့်နေဆဲ ဖြစ်သည်။ သို့သော် သူသည် သူ၏စိတ်ခံစားချက်ကို မျိုသိပ်ပြီး သတ္တိမွေးလိုက်ကာ
"ငါက အမြဲတမ်း ထူးထူးခြားခြား လူတစ်ယောက် ဖြစ်ချင်ခဲ့တယ် … စူပါမင်း ဒါမှမဟုတ် ဆန်းကြယ်စွမ်းအားရှိတဲ့ လူတစ်ယောက်လိုမျိုးပေါ့။ လောင်ရှန်မှာ မင်းလုပ်ခဲ့တဲ့အတိုင်း မင်းရဲ့ရန်သူတွေကို သတ်ဖို့ ဓားပျံတွေကို ထိန်းချုပ်တာမျိုး၊ တိမ်တွေပေါ် တက်ပြီး စီးနင်းတာမျိုးပေါ့။"
ထန်ရှု ရုတ်တရက် မော့ကြည့်လိုက်သည်။ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော သူ၏မျက်လုံးများသည် အေးစက်နေပြီး အေးစက်စက် လေသံဖြင့်
"အဲ့ဒီတုန်းက မင်း အနီးနားမှာ ရှိနေတာလား။"
ထန်ရှုက သူ့ကို စိုက်ကြည့်နေသဖြင့် ကျိမုတစ်ယောက် ကျောရိုးပင် အေးစိမ့်သွားသည့်အလား ခံစားလိုက်ရပေသည်။ သားရဲတစ်ကောင်က သူ့ကို အချိန်မရွေး မျိုချတော့မလိုမျိုး၊ ရက်စက်သော သားရဲ၏မျက်လုံးများက ရုတ်တရက် စိုက်ကြည့်နေသလိုမျိုးပင် ခံစားမိလာတော့သည်။
"ဟုတ်တယ် … ငါ အနီးနားမှာ ရှိနေတယ်။" ကျိမုသည် သူ့ကိုယ်သူ ထိန်းချုပ်ကာ ခေါင်းညိတ်လိုက်သည်။
"မင်းအပြင် ဘယ်သူ ရှိသေးလဲ။" ထန်ရှုက ခံစားချက်မဲ့စွာ မေးလိုက်သည်။
"နောက်ပြီး မင်း ဒီအကြောင်းကို တခြားတစ်ယောက်ကို ပြောပြမိသေးလား။"
ကျိမုက ခေါင်းယမ်းပြပြီး
“ငါကလွဲလို့ ဘယ်သူမှ မရှိဘူး။ ဒီကိစ္စကို လွယ်လွယ်နဲ့ ထုတ်ပြောလို့ မရဘူးဆိုတာ ငါ နားလည်တယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။”
ဟမ့်…။ ထန်ရှုက အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ဒီလိုပြန်ဖြေလိုက်ရင် နောက်ပိုင်းအဆုံးမရှိတဲ့ ဒုက္ခတွေကို ရှောင်ဖို့ မင်းကို ငါသတ်မှာကို မကြောက်ဘူးလား။"
"အဲ့ဒီအတွက် ငါကိုယ့်ငါ ပြင်ဆင်ထားပါတယ်။" ကျိမုက ခါးသီးသောလေသံဖြင့် ပြောသည်။ “ဒီနေ့အသက်ရှင်လျက် ပြန်နိုင်မယ်ဆိုရင် ဒါက မှန်ကန်တဲ့ လောင်းကစားကို ငါ လုပ်ခဲ့တာလို့ ဆိုလိုတာပဲ။ ဒါပေမယ့် ငါ ဒီမှာ သေသွားခဲ့ရင်လည်း နောင်တရစရာတွေ အများကြီး ကျန်နေခဲ့ရင်တောင်မှ လောင်းကစားဆုံးရှုံးမှုအတွက် ငါ ပေးရမယ့် တန်ဖိုးတစ်ခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ လက်ခံနိုင်ပါတယ်။"
ထန်ရှုက သူ့ကို လေးလေးနက်နက် စိုက်ကြည့်ပြီး လူလူ လှမ်းပေးလာသည့် သင်းပျံ့သော လက်ဖက်ရည်ကို လက်ခံလိုက်သည်။ သူက တစ်ငုံ သောက်ပြီးနောက် လက်ဖက်ရည်ခွက်အား စားပွဲပေါ်တင်လိုက်ကာ လှပစွာ ထုပ်ပိုးထားသော လက်ဆောင်သေတ္တာကို ဖြည်လိုက်သည်။ စတုဂံပုံစံ သစ်သားသေတ္တာကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားသောအခါတွင် သူ၏အမူအရာသည် အနည်းငယ် တွေဝသွေားတော့သည်။
"ဒီသေတ္တာကို ကြီးထွားတိုးတက်သစ်သားနဲ့ လုပ်ထားတာလား။"
***