ရေဒီယို
Vol. 23 Ch. 311
အခန်း (၃၁၁) – ရေဒီယို
လင်းချင်းဟယ်က ဒီကလေး ကျိုးတုန်း ကြီးပြင်းလာတာကို ကြည့်ရှုခဲ့ရတယ်လို့ ဆိုနိုင်ပါသည်။ လင်းချင်းဟယ်က သူ့အကျင့်စရိုက်ကို ကောင်းကောင်းသိပြီး သူသည် အိမ်နီးနားချင်းကောင်းတစ်ယောက် ဖြစ်နိုင်ပါသည်။
ဒါကြောင့် လင်းချင်းဟယ်က ဒီအိမ်ကို အလည်ရောက်လာတာပဲ ဖြစ်သည်။ သူ့အတွက် တွေးစရာတွေ နည်းသွားတော့ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားလားလို့ မေးချင်နေခဲ့သည်။
တကယ်လို့ သူလုပ်ချင်တယ်ဆိုရင် တတိယမောင်လေးလင်းနှင့် အပြန်အလှန် ကူညီပံ့ပိုးနိုင်လိမ့်မယ်၊ မဟုတ်ပါလား။
“ဒီနှစ် အိမ်မှာ ကြက်တွေ အများကြီး မွေးထားတယ်။ ကျွန်တော် ဦးလေးကို လာကောက်ခိုင်းတာ ကောင်းလိမ့်မယ်။” ဟု ကျိုးတုန်းက ပြုံးပြီး ပြောလိုက်သည်။
သူသည် လယ်ယာလုပ်ငန်းခွင်ဆင်းရပြီး ယခုနှစ်တွင် လယ်ယာမြေစာချုပ် အများအပြား စာချုပ်ချုပ်ဆိုထားသည်။ သူ့ဇနီးသည်ကလည်း အိမ်မှာ ကြက်တွေ အများကြီး မွေးမြူထားခဲ့သည်။ ကြက်ဥတွေ သို့မဟုတ် ကြက်တွေကို ရောင်းချခြင်းဖြင့် မိသားစုကို ထောက်ပံ့ရန် ငွေရှာနိုင်သည်။
လူနေမှုဘဝသည် အလွန်ကောင်းနေသေးသည်ဟု ဆိုနိုင်ပါသည်။
“ဘာဖြစ်လို့ မွေးမြူတဲ့ ပမာဏကို မချဲ့တာလဲ။” လင်းချင်းဟယ်က “နင်တို့ အိမ်နောက်ဖေးမှာ မြေကွက်တစ်ကွက် ရှိသေးတယ် မဟုတ်လား။ ရွာနဲ့ စာချုပ်ချုပ်ပြီး ခြံစည်းရိုးခတ်လိုက်လို့ရတယ်။ ပြီးရင် အဲဒီနေရာမှာ ကြက်အကောင်တစ်ရာလောက် မွေးမြူလို့ရတယ်။ ပြီးရင် ခြံစောင့်ဖို့ ခွေးနှစ်ကောင်လောက် ထပ်မွေးလိုက်။ နင့်ဇနီးသည်လည်း ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပြီး ကြက်မွေးဖို့ အိမ်မှာနေနိုင်တယ်။ နင့်ဇနီးသည်အတွက်လည်း အရမ်းစိတ်ပူနေဖို့ မလိုအပ်တော့ဘူး။” ဟု ပြောလိုက်သည်။
ပြောရမယ်ဆိုရင် ကျိုးတုန်းက သူ့ဇနီးသည်ကို အရမ်းချစ်တဲ့ အမျိုးသား ဖြစ်သည်။ ချိုင်ပါ့မိန်ကို လယ်ထဲဆင်း အလုပ်မလုပ်ခိုင်းပေ။ သူတစ်ဦးတည်း လယ်ယာအလုပ်အားလုံးကို လုပ်ကိုင်ခဲ့သည်။
ချိုင်ပါ့မိန်က အိမ်မှာပဲ နေရသည်။ သူမသည် ရိုးသားသော်လည်း ဘယ်လို နေထိုင်ရမယ်ဆိုတာကို သိရှိသည်။
ချိုင်ပါ့မိန်သည် အိမ်မှာနေရင်း ကြက်အကောင် နှစ်ဆယ်နီးပါးကို မွေးမြူထားနိုင်ရုံသာမက နောက်နှစ်တွင် ဝင်ငွေအမြောက်အများရရှိစေမည့် ဝက်ကလေးတစ်ကောင်ကိုပါ မွေးမြူထားသည်။
ချိုင်ပါ့မိန်သည် အလွန်အရည်အချင်းရှိတဲ့ ဇနီးသည်တစ်ယောက် ဖြစ်သည်။
“အိမ်နောက်ဖေးက မြေကွက်လပ်လား။” ကျိုးတုန်က အံ့အားသင့်သွားသည်။
“အဲ့မြေကွက်ကို စာချုပ်ချုပ်ဆိုပြီး နောင်မှာ နင် ဝယ်နိုင်မလားဆိုတာ စောင့်ကြည့်ပေါ့။ တကယ်လို့ နင်ဝယ်နိုင်တယ်ဆိုရင် ဝယ်လိုက်။” ဟု လင်းချင်းဟယ်က ပြောသည်။
သူတို့ ထိုမြေကွက်လပ်ကို အခုအချိန်မှာ မဝယ်ယူနိုင်သေးရင်တောင် စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် နောင်အခါတွင် သေချာပေါက် ပြဿနာရှိမှာ မဟုတ်ဘူး။
“ဒေါ်လေးပြောတာ မဆိုးဘူး။” ဗိုက်ဖောင်းဖောင်းနဲ့ ချိုင်ပါ့မိန်က မျက်လုံးတောက်တောက်လေးတွေနဲ့ ပြောလိုက်သည်။
“မဆိုးဘူး၊ မဟုတ်လား။” လင်းချင်းဟယ်က ရယ်ကာမောကာဖြင့် “အုတ်တွေဝယ်၊ ခြံခတ်ပြီး ခွေးနှစ်ကောင်ပါ ထပ်မွေးလိုက်။ ရွာထဲမှာလည်း ရှိတယ်၊ နင့်မိခင်အိမ်နဲ့လည်း နီးတယ်။ ဘယ်သူကများ မျက်စိစုံမှိတ် ခိုးယူဝံ့ပါ့မလဲ။ အော်လိုက်တာနဲ့ နင့်မိခင်အိမ်ကလူတွေ ရောက်လာမှာပဲ။ လုံးဝစိတ်ပူစရာ မရှိဘူး။” ဟု ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော့်ဇနီးသည်က အခုလောလောဆယ် ဗိုက်ကြီးနေတယ်လေ။” ကျိုးတုန်းက သူ့ဇနီးသည်ရဲ့ ဗိုက်လေးကိုကြည့်ပြီး ပြောလိုက်သည်။
“ဒီနှစ် ကျွန်မ ကလေးမီးဖွားပြီး မီးနေချိန်ကာလပြီးသွားရင် ကျွန်မ သူတို့ကို ပြုစုပျိုးထောင်နိုင်ပြီ။” ဟု ချိုင်ပါ့မိန်က လေးနက်စွာ ပြောသည်။
သူမ ဒါကို ကိုင်တွယ်နိုင်လိမ်မ့ယ်လို့ သူမ တကယ်ထင်ခဲ့သည်။
“ဒါပေမယ့် ကြက်များများ မွေးမြူတယ်ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းမှုကို လုံးဝ ဂရုစိုက်ရမယ်။ ဆေးရုံမှာသုံးတဲ့ ပိုးသတ်ဆေးရည်ကို သုံးလို့ရတယ်၊ မဟုတ်ရင်၊ ထုံးမှုန့်ကို သုံးနိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို လုံးဝ ဂရုစိုက်နိုင်မယ်ဆိုရင် ပြဿနာမရှိပါဘူး။” ဟု လင်းချင်းဟယ်က သတိပေးသည်။
“အန်တီပြောတာ မှန်တယ်။” ချိုင်ပါ့မိန်က ခေါင်းညိတ်လိုက်သည်။
“ကြက်ရောင်းချတဲ့ ကိစ္စက နင်တို့ ငါ့မောင်လေးနဲ့ ပြောပြီး စျေးနှုန်းကို ကိုယ်တိုင်ပဲ ဆွေးနွေးကြည့်ကြပေါ့။ ငါကတော့ ဒါကို နားမလည်တဲ့အတွက် နင်တို့ကိစ္စမှာ ဝင်မပါတော့ဘူး။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။
ချိုင်ပါ့မိန်နှင့် ကျိုးတုန်းသည် ယမန်နှစ်က တတိယမောင်လေးလင်းနှင့် ပေါင်းသင်းဆက်ဆံခဲ့ကြပြီး သူတို့သည် တတိယမောင်လေးလင်းထံ ကြက်ဆယ်ကောင်ကျော် ရောင်းချခဲ့သည်။ ကြက်တွေ အများကြီး ရောင်းချမယ်ဆို စျေးပိုရနိုင်သည်။ တစ်ကောင် နှစ်ကောင်လောက်သာ ရောင်းချမယ်ဆို စျေးနှုန်းက မြင့်မားမည် မဟုတ်ပါ။ ဒါက အတော်လေးကို သင့်တော်တဲ့ အရောင်းအဝယ်ပါပဲ။
လင်းချင်းဟယ် ထွက်သွားပြီးနောက် ကျိုးတုန်းသည် ချိုင်ပါ့မိန်နှင့် ဒီကိစ္စအား ဆွေးနွေးတိုင်ပင်ခဲ့သည်။
“အများကြီးမွေးမြူဖို့က အကြံကောင်း ဖြစ်ပါ့မလား။” ကျိုးတုန်းက တုံ့ဆိုင်းနေခဲ့သည်။
“ဒါက အဆင်မပြေဘူးဆိုရင်၊ ဒေါ်လေးက ကျွန်မတို့ကို ဒီအကြောင်း လာပြောပြမှာ မဟုတ်ဘူး။ ဒေါ်လေးက ရှင့်ကို အမြဲတမ်း ဂရုစိုက်ကြည့်ရှုပေးတယ်။” ဟု ချိုင်ပါ့မိန်က အပြုံးလေးဖြင့် ပြောသည်။
ထို့နောက် သကြားလုံးထုပ်ကို ဖွင့်ဖောက်ပြီး သူတို့ရဲ့ သားနှင့် သမီးအား အညီအမျှ ခွဲဝေပေးလိုက်သည်။
တကယ်တော့ ချိုင်ပါ့မိန်ကိုယ်တိုင်လည်း ကြက်တွေကို ဒီထက်ပိုပြီး မွေးမြူချင်ပေမယ့် အခြေအနေတွေက ဘာမှန်းမသိရသဖြင့် ဒီကိစ္စအား မပြောဝံ့ခဲ့ဘူး။
ဒါပေမယ့် အခု ဒေါ်လေးချင်းဟယ်က အလည်လာရင်း ဒီအကြောင်းကို ပြောလာတဲ့အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ သေချာပေါက် အရင်လို ပြန်ဖြစ်တော့မှာ မဟုတ်ဘူး။
“ဒီနှစ်ကူးပြီးရင် ရပ်ရွာအုပ်ချုပ်ရေးမှုးဆီသွားပြီး ကိုယ်တို့နောက်က မြေကွက်လပ်ကို စာချုပ်ချုပ်ဆိုလိုက်ရမလား။” ဟု ကျိုးတုန်းသည် သူ့ဇနီးသည်၏ စကားကို နားထောင်ပြီး တုံ့ပြန်ပြောဆိုခဲ့သည်။
“စာချုပ်ချုပ်ဆိုလိုက်ပါ။” ချိုင်ပါ့မိန်က ခေါင်းညိတ်သည်။
သူမသည် ကလေးမွေးဖို့ လေးလခန့်သာ လိုတော့သည်။ ကလေးမီးဖွားပြီး သိပ်မကြာခင်မှာ အလုပ်စလုပ်နိုင်ပါပြီ။
မိသားစုကို ရှာဖွေကျွေးမွေးဖို့ သူမခင်ပွန်းသည်ကိုပဲ အလွန်ပင်ပန်းနေအောင် ခွင့်မပြုသင့်ဘူး၊ မဟုတ်ပါလား။ သူမသည်လည်း ကူညီပေးနိုင်ပါသည်။
လင်းချင်းဟယ် အိမ်ပြန်ရောက်တော့ အမေကျိုးက သူမအား ကျိုးတုန်းတို့မောင်နှမအကြောင်း ဖောက်သည်ချခဲ့သည်။
“ဒီမောင်နှမနှစ်ယောက်စလုံး ကံကောင်းတယ်။ သူတို့ ငယ်ငယ်တုန်းက ပင်ပန်းဆင်းရဲခဲ့ကြပေမယ့် အခုတော့ သူတို့ဘဝတွေ ချိုမြိန်နေကြပါပြီ။” ဟု အမေကျိုးက ပြောသည်။
ကျိုးတုန်းသည် ချိုင်ပါ့မိန်နှင့် လက်ထပ်ခဲ့သည်။ ချိုင်မိသားစုက ဘာမဆို ကူညီပေးနိုင်ကြသည်။ ရွာမှာ ဘယ်သူကများ သူတို့ကို နှိမ့်ချဝံ့မှာလဲ။
အခု ကျိုးတုန်းတို့လင်မယားက သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားခဲ့ပြီး ဗိုက်ထဲမှာ နောက်တစ်ယောက်ကို ကိုယ်ဝန်ဆောင်နေခဲ့သည်။ သူတို့က အတော်လေးကို သာယာချမ်းမြေ့သောဘဝဖြင့် နေထိုင်လျက်ရှိသည်။
ကျိုးရှီးသည် ရွာမှ လူတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။ ရွာအစွန်မှာနေထိုင်သည့် နာမည်ဂုဏ်သတင်းကောင်းသော မိသားစုမှ တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ ယခုနှစ်တွင် သူတို့သည်လည်း မြေယာစာချုပ်များစွာ စာချုပ်ချုပ်ဆိုခဲ့သည်။ ကျိုးရှီးရဲ့ အမျိုးသားသည် ထိုမိသားစု၏ အငယ်ဆုံးသားဖြစ်ကာ အလုပ်သမားဖြစ်သည်။
တခြားသူတွေအတွက် အိမ်ဆောက်ဖို့ အပြင်ထွက်လိုက်ရုံနဲ့ လစဥ်ရတဲ့ငွေက မြို့ထဲမှာ အလုပ်လုပ်တဲ့ သူတွေနဲ့ အတူတူပါပဲ။ ထို့အပြင်၊ ဒီလူငယ်လေးသည် သူ့ဇနီးသည်ကို ချစ်ခင်ယုယတတ်သူလည်း ဖြစ်သည်။ သူက ကျိုးရှီးကို လယ်ထဲဆင်း အလုပ်မလုပ်စေဘဲ အိမ်အလုပ်တွေကိုသာ လုပ်ကိုင်စေပါသည်။
ဘဝက တော်တော်ကောင်းပါသည်။
ငယ်ရွယ်စဥ်တုန်းက ခက်ခဲခဲ့ပေမယ့် အခု ကြီးပြင်းလာချိန်မှာတော့ အဆင်ပြေလာခဲ့ပါပြီ။
လင်းချင်းဟယ်က ခေါင်းညိတ်ပြီး စကားသိပ်မပြောတော့ပေ။
ကျိုးချင်းပိုင် ပြန်ရောက်သောအခါ တစ်မိသားစုလုံး ညစာစားကြသည်။
ဘန်းမုန့်ပေါင်းကို စွပ်ပြုတ်နှင့် တွဲဖက်စားသောက်ကြသည်။
စားသောက်ပြီးနောက် လင်းချင်းဟယ်က စာလေ့လာရန် အခန်းထဲ ပြန်ဝင်သွားပြီး ကျိုးချင်းပိုင်က ခြံဝင်းထဲတွင် ထင်းခုတ်နေခဲ့သည်။
အမေကျိုးနှင့် အဖေကျိုးကတော့ တခြားသူတွေနဲ့ စကားစမြည်ပြောဖို့ ထွက်သွားကြသည်။ အဆုံးတော့ ဒီအချိန်အခါဟာ နှစ်သစ်ရဲ့ ပထမဆုံးနေ့ပါပဲ။
“ကောင်စုတ်လေးတွေ ပြန်မပါလာတော့ အိမ်က တိတ်ဆိတ်ခြောက်ကပ်နေတယ်။” ဟု လင်းချင်းဟယ်က ထင်းခွဲပြီးဖို့ အခန်းထဲ ပြန်ဝင်လာသည့် ကျိုးချင်းပိုင်အား ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူမ ပျင်းနေတယ်လို့ထင်ပြီး “မနက်ဖြန်ကျရင် ရှောင်းမိန်နဲ့ တခြားသူတွေ အလည်လာကြလိမ့်မယ်။” ဟု ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံးပြီး “ကျွန်မတို့ရဲ့ မျိုးဆက်တွေ ပြောကြတဲ့ ‘ဗလာကျင်း အသိုက်အမြုံ၊ လူအိုစုံတွဲ’ ဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ ချင်းပိုင်၊ ကျွန်မတို့လည်း နောင်ကျရင် ‘ဗလာကျင်း အသိုက်အမြုံ၊ လူအိုစုံတွဲ’ မဖြစ်နိုင်ဘူးလားဟင်။”
“ဗလာကျင်း အသိုက်အမြုံ၊ လူအိုစုံတွဲ” ဆိုသည်မှာ အရွယ်ရောက်ပြီးသော ကလေးများ အိမ်မှ ထွက်ခွာသွားပြီး အိမ်မှာ ကျန်ရစ်ခဲ့ကြသော လူကြီးမိဘများကို ဆိုလိုသည်။
“ကိုယ်တို့ မဖြစ်နိုင်ပါဘူး။” ကျိုးချင်းပိုင် ခေါင်းညိတ်သည်။
အခုအချိန်မှာ ပိုက်ဆံကောင်းကောင်းရှာပြီး သူ့ဇနီးသည်ကို နောင်တချိန်မှာ သူမ လိုချင်တဲ့အတိုင်း နေရာအနှံ့ ခရီးထွက်ရမှာမို့ ငြီးငွေ့စရာ မရှိပါဘူး။
တကယ်တော့ ကျိုးချင်းပိုင်ဟာ အနာဂတ်ဘဝနဲ့ ပတ်သက်ပြီး သိပ်ပြီး ခံစားချက်မရှိခဲ့ပါဘူး။ အကောင်းဆုံးနေ့ရက်တွေဆိုတာက သူ့ဘေးနားက ဇနီးသည်နဲ့ အတူနေရတဲ့နေ့ရက်တွေဖြစ်တယ်လို့ သူ ခံစားမိသည်။ သူ့အတွက် တခြားအရာအားလုံးက ကွာခြားမှု သိပ်မရှိပါဘူး။
သူက စိတ်မဝင်စားသော်လည်း သူ့ဇနီးသည်လိုချင်တဲ့ဘဝမျိုးကို ရရှိအောင် သူ စွမ်းဆောင်ပေးချင်ခဲ့သည်။
လင်းချင်းဟယ်က စာဖတ်နေတာကို ရပ်လိုက်ပြီး သူ့ကို အနွေးကုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ သူမက သူ့ရင်ခွင်ထဲ မှီတွယ်ပြီး ကျီစယ်စနောက်နေခဲ့သည်။
လင်းချင်းဟယ်သည် နှစ်သစ်ကူး ပထမနေ့မှာ ကျိုးအိမ်ဟောင်းကို သွားလည်ဖို့ အစပိုင်းတွင် စီစဥ်ထားခဲ့သည်။ ဒါပေမယ့် ဒုတိယမရီးပါ ရှိနေသောကြောင့် လင်းချင်းဟယ်သည် ထိုအစီအစဥ်ကို ဖျက်ပြီး ကျိုးချင်းပိုင်နှင့်အတူ အိမ်မှာပဲ နေခဲ့သည်။
“ကျွန်မ လုံးဝကို မေ့နေတာ။” လင်းချင်းဟယ်သည် ရုတ်တရတ် သတိရသွားပြီး နေရာလွတ်ထဲမှ ရေဒီယိုကို ထုတ်ယူလိုက်သည်။ မူလက အဖေကျိုးနှင့် အမေကျိုးတို့အတွက် ရည်ရွယ်ထားသော်လည်း သူမ ပြန်ရောက်လာသောအခါတွင် ဒါကို ထုတ်ယူဖို့ မေ့သွားခဲ့သည်။ သူမက ကျိုးချင်းပိုင်ကိုကြည့်ပြီး “ဒါကို ဘယ်လိုရှင်းပြရမလဲ။” ဟု မေးသည်။
“အိတ်ထဲမှာထည့်ထားပြီး မေ့နေတာလို့ ပြောလိုက်။” ကျိုးချင်းပိုင်က သိပ်ဂရုမစိုက်ဘဲ ပြောလိုက်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ကျိုးချင်းပိုင်ကို နားထောင်ဖို့ ရေဒီယိုချန်နယ်လိုင်းကို ရှာဖွေခိုင်းခဲ့သည်။ ကျိုးချင်းပိုင်က နားထောင်ဖို့ ရေဒီယိုလိုင်းကို ရှာဖွေပြီး သူတို့လင်မယားနှစ်ယောက် ရေဒီယို စတင်နားထောင်ကြသည်။
ညရှစ်နာရီလောက်ကြာတော့ အဖေကျိုးနှင့် အမေကျိုးတို့ အပြင်ကနေ ပြန်ရောက်လာကြသည်။ သူတို့က ဧည့်ခန်းထဲမှ ရေဒီယိုတစ်လုံးကို သတိပြုမိလိုက်ကြသည်။ လူကြီးနှစ်ယောက်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။
သို့ပေမယ့် သူတို့ရဲ့ အငယ်ဆုံးသားလင်မယားက အခန်းတံခါးပိတ်ပြီး မီးမှုတ်ထားပြီးဖြစ်သောကြောင့် သူတို့ မေးချင်နေတဲ့ မေးခွန်းတွေကို နောက်နေ့အထိ အောင့်ထားလိုက်ရသည်။