ဆုံးဖြတ်ချက်
Vol. 23 Ch. 312
အခန်း (၃၁၂) – ဆုံးဖြတ်ချက်
နောက်တစ်နေ့မှာ ကျိုးချင်းပိုင်က အရင်ဆုံး အိပ်ရာနိုးလာခဲ့သည်။ သူ အိပ်ရာနိုးချိန်အထိ လင်းချင်းဟယ်က အိပ်ပျော်နေဆဲ ဖြစ်သည်။
သူမသည် မနေ့ညက သူ တွန်းလှဲတာကို ခံခဲ့ရပြီး ယခုလက်ရှိတွင် စောင်အောက်ထဲမှာ လဲလျောင်းအိပ်ပျော်နေတုန်းပါပဲ။
အမေကျိုးက “ချင်းပိုင်၊ ဒီရေဒီယိုက ဘယ်သူ့ဟာလဲ။” ဟု တိုးတိုးလေး မေးသည်။
“ကျွန်တော့်ဇနီးသည်က အမေနဲ့ အဖေတို့အတွက် ဝယ်လာပေးတာ၊ ဒါပေမယ့် အိတ်ထဲထည့်ထားပြီး ပြန်ထုတ်ပေးဖို့ မေ့သွားတယ်။ မနေ့ညက ကျွန်တော်တို့ ဒါကို သတိရသွားလို့။” ဟု ကျိုးချင်းပိုင်က အမေကျိုးရဲ့အမေးကို ပြန်ဖြေခဲ့သည်။
“အဲဒီ... အဲဒီဟာတွေအတွက် ပိုက်ဆံသုံးဖို့ မလိုပါဘူး။” အမေကျိုးက အရမ်းပျော်သွားသော်လည်း သူမရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတွေကတော့ အနည်းငယ် ရှက်ရွံ့နေဟန်ပေါ်သည်။
အခုခေတ်မှာ ရေဒီယိုဆိုတာ ရှားပါးပစ္စည်းတစ်ခုပါပဲ။
“ဟိုမှာ နေရတာ မလွယ်ဘူး။ ဘာဖြစ်လို့ ပိုက်ဆံကို ဖြုန်းရတာလဲ။” အဖေကျိုးက သူ့လက်နှစ်ဖက်ကို နောက်ကျောဘက်ပစ်ပြီး ပြောလိုက်သည်။
ရေဒီယိုများသည် ရှားပါးသည်ဟု သဘာဝအားဖြင့် သူ ထင်မြင်သော်လည်း ရှားပါးသော ရေဒီယိုများနှင့် နှိုင်းယှဥ်ပါက ရှင်သန်နေထိုင်ရန်အတွက် ငွေစုထားခြင်းက ပိုကောင်းတယ်လို့ သူ ထင်နေပါသေးသည်။
နောက်ဆုံးတော့၊ ဒါက မရှိမဖြစ် ဝယ်သင့်တဲ့ ပစ္စည်း မဟုတ်ဘူး။
“ရပါတယ်။ အများကြီး မကုန်ပါဘူး။ ဝယ်လာပြီး ဆိုတော့ သုံးလိုက်ပါ။” ဟု ကျိုးချင်းပိုင်က ပြောသည်။
နောက်တော့ သူ့မိဘတွေ ဘာစားချင်လဲလို့ စဥ်းစားခိုင်းသည်။
အမေကျိုးက “နင့်ဇနီးသည်က အခုအထိ မနိုသေးဘူးလေ။” ဟု မေးသည်။
“နောက်မှ ပြန်နွှေးပြီး သူမ အိပ်ရာနိုးရင် စားခိုင်းလိုက်မယ်။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။
မနေ့ည နှစ်သစ်ကူး ပထမနေ့တွင် သူ့ကိုယ်သူ တာဝန်ကျေပွန်ခဲ့သည်။ မနေ့ညက သူ့မိဘတွေ ပြန်ရောက်သောအခါ သူတို့လင်မယားနှစ်ယောက်စလုံး မအိပ်သေးပေ။
သူတို့ ရပ်တန့်ပြီး အနားယူချိန်တွင် ည ၁၁နာရီ ထိုးခါနီးပြီ။ သေချာပေါက် သူ့ဇနီးသည်က ပင်ပန်းနွမ်းနယ်သွားသောကြောင့် အိပ်ရာစောစော မထနိုင်ဘူး။
“နင့်မိန်းမ နေမကောင်းဘူးလား။” ဟု အမေကျိုးက စိုးရိမ်တကြီးမေးသည်။
“မဟုတ်ပါဘူး။ စာလေ့လာတာက ဦးနှောက်စွမ်းအားကို အများကြီး ကုန်ဆုံးစေတယ်။” ဟု ကျိုးချင်းပိုင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
“ငါနဲ့ နင့်အဖေတို့ အဲ့ကိုလိုက်လာဖြစ်ရင် ငါ နင့်မိန်းမနဲ့ လောင်တအတွက် ဝက်ဦးနှောက် များများဝယ်ချက်ပြီး ကျွေးဦးမှပါ။” ဟု အမေကျိုးက ပြောသည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး သူတို့ အရင်ထမင်စားလိုက်ကြသည်။
စားသောက်ပြီးနောက် ကျိုးချင်ပိုင်က အပြင်ထွက်မလည်တော့ဘဲ သတင်းစာဖတ်ရန် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
လင်းချင်းဟယ်သည် ရှစ်နာရီခွဲလောက်အထိ အိပ်ရာမထသေးပေ၊ လင်းချင်းဟယ် အိပ်ရာနိုးတော့ ကျိုးချင်းပိုင်က သူမဘေးတွင် သတင်းစာဖတ်နေတာကို တွေ့တော့ “ဘယ်နှနာရီရှိပြီလဲ။” ဟု မေးလိုက်သည်။
“ရှစ်နာရီခွဲပြီ။” ကျိုးချင်းပိုင်က “အိပ်ရာထပြီး မနက်စာစားချင်လား။” ဟု မေးသည်။
“ကျွန်မ ပြန်အိပ်ချင်သေးတယ်။” ဟု လင်းချင်းဟယ်က ပျင်းရိစွာဆိုသည်။
သူမ ပြန်ရောက်ကတည်းက သူမ ဒီအချိန်လောက်အထိ ဘယ်တော့မှ မအိပ်ဖူးဘူး။ အရင်တုန်းကတော့ အားလပ်ရက်တွေမှာ ဆယ့်နှစ်နာရီထိုးအထိ အိပ်သည်။
အခု ဒီအကျင့်က ကျေနပ်စရာ ဖြစ်သည်။
“အိပ်လိုက်ဦး။ ကိုယ် မင်းကို ရှောင်မိန်ရောက်လာရင် နိုးပေးမယ်။” ဟု ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။
လင်းချင်းဟယ်က အဲဒါကိုတွေးပြီး အကြံရသွားသည်။ လင်းချင်းဟယ်က အိပ်ရာထကာ ခြေလက်ဆေး၊ မျက်နှာသစ်ပြီးနောက် မနက်စာစားရန် မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့က အရင် ရောက်လာခဲ့သည်။ သူတို့က ဆယ်နာရီထိုးလောက်တွင် ရောက်လာကြသည်။ သူတို့က သူတို့နှင့်အတူ အငယ်ဆုံးသမီးလေးကို ခေါ်လာခဲ့သည်။ သူတို့က အကြီးသုံးယောက်ကို မခေါ်လာခဲ့ကြပေ။ သူတို့က ကလေးတွေကို စုတာ့လင်း၏ ဦးလေးအိမ်သို့ ပို့ထားလိုက်ကြသည်။
သူတို့ ညနေအိမ်ပြန်ရောက်ရင် ကလေးတွေကို သွားခေါ်လိုက်မည်။
“အမေ၊ အမေ့ရဲ့ မြေးမလေးကိုခေါ်ပြီး လမ်းလျှောက်ထွက်ပါလား။ ဒီသကြားလုံး သုံးထုပ်က သမီးရဲ့ ယောင်းမသုံးယောက်အတွက်။ တစ်အိမ်ထောင်ကို တစ်ထုတ်စီ။” ဟု ကျိုးရှောင်မိန်က ပြောသည်။
“သကြားလုံးတွေ ဝယ်လာဖို့ မလိုပါဘူး။” ဟု အမေကျိုးက ပြောသည်။
“ဝယ်လာပြီးပြီပဲ။ ဘာမှ မဖြစ်ပါဘူး။” ကျိုးရှောင်မိန်က ဂရုမစိုက်ဘူး၊ “ဒါနဲ့စကားမစပ်၊ အဖေရော ဘယ်မှာလဲ။”
“ရေဒီယိုယူပြီး အပြင်ထွက်သွားတာပဲ။ အခုထိ ပြန်မလာသေးဘူး။” အမေကျိုးက စိတ်ပျက်လက်ပျက်ရယ်ရင်း ပြောသည်။
ငွေကြေးကုန်ကျခံပြီး ဒီရေဒီယိုကို ဝယ်ပေးဖို့ မလိုပါဘူးဟု အဲဒီအဖိုးကြီးက ပြောသည်။ တကယ်တော့ သူက ထိုရေဒီယိုကို အရမ်းကြိုက်သည်။ စတုတ္ထဇနီးသည်က ရေဒီယိုကို သူတို့အတွက် တကူးတက ဝယ်ပေးတယ်လို့ ကြားတော့ သူ့သားအငယ်ဆုံးကို ဘယ်လိုသုံးရမလဲလို့ သင်ပေးခိုင်းသည်။ ထို့နောက် သူက ရေဒီယိုကိုယူပြီး အပြင်ထွက်သွားခဲ့သည်။
သူက အခုထိ ပြန်မလာသေးဘူး။
“ရေဒီယိုတစ်လုံး ဝယ်လိုက်တာလား။” ကျိုးရှောင်မိန်က အံ့အားသင့်စွာ မေးလိုက်သည်။
“နင့်စတုတ္ထယောင်းမ ဝယ်လာပေးတာလေ။” အမေကျိုးက ရယ်ကာမောကာ ပြောလိုက်သည်။
“အမေ၊ အမေက စတုတ္တယောင်းမလို ချွေးမမျိုးရဖို့ အရင်ဘဝတုန်းက ကောင်းချီးတွေ စုဆောင်းထားတာ ဖြစ်ရမယ်။ တခြားမိသားစုဝင်တွေထက် ပိုသာတယ်။” ဟု ကျိုးရှောင်မိန်က စနောက်ကျီစယ်ခဲ့သည်။
“နင်ကတော့လေ အရမ်းအပြောကောင်းတာပဲ။” လင်းချင်းဟယ်က ပြုံးကာရယ်ကာ ကြိမ်းမောင်းခဲ့သည်။
“နင်တို့တွေ ထိုင်ပြီး စကားပြောနေကြဦး။ ငါ နန်နန်ကိုခေါ်ပြီး လမ်းလျှောက်ထွက်လိုက်ဦးမယ်။” ဟု အမေကျိုးက ပြောသည်။
အမေကျိုးက မြေးမလေးကို ခေါ်ပြီး အပြင်ထွက်သွားသည်။ သူမသည် တခြားအိမ်ထောင်စုသုံးခုအတွက် သကြားလုံးထုပ်တွေကိုပါ ယူသွားခဲ့သည်။
“နင် ဘာဖြစ်လို့ ချန်ချန်တို့ညီအစ်ကိုတွေကို ခေါ်မလာရတာလဲ။” လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို လှည့်ပြောလိုက်သည်။
“အရမ်းပျင်းလို့။ ငါက နောက်တစ်ဘီး မနင်းချင်လို့။ သူတို့အဖိုးအိမ် ပို့ထားလိုက်တာက ပိုကောင်းတယ်။” ဟု ကျိုးရှောင်မိန်က ပြောသည်။
စက်ဘီးတစ်စီးတည်းဆို လူအများကြီး ထိုင်လို့မရဘူး။
လင်းချင်းဟယ်က ပြုံးပြီး စုတာ့လင်းကို “မတ်လေး၊ နင့်အလုပ်အကိုင်က တည်ငြိမ်နေရဲ့လား။” ဟု မေးသည်။
“ဟင့်အင်း... မတည်ငြိမ်... မတည်ငြိမ်ဘူး။” စုတာ့လင်းက ခေါင်းခါသည်။
မနှစ်ကတည်းက စက်ရုံတွင်း အခြေအနေက အတော်လေး ဆိုးရွားနေခဲ့သည်။ စုတာ့လင်းက စကားထစ်နေပေမယ့် ဒါကိုတော့ ကောင်းကောင်းနားလည်သည်။
မြန်မြန်ဆန်ဆန် မဟုတ်ဘူး ဆိုရင်တောင် စက်ရုံက အနာဂတ်မှာ ပိတ်သွားလိမ့်မယ်လို့ သူ သုံးသပ်မိသည်။
“သိပ်မတည်ငြိမ်ဘူးဆိုကတည်းက နောက်အလုပ်တစ်ခုကို ကြိုတင်စဥ်းစားထားတာ ပိုကောင်းလိမ့်မယ်။” လင်းချင်းဟယ်က အကြံပြုသည်၊ “နင်တို့ မြို့တော်ကိုတက်လာပြီး အလုပ်စမ်းလုပ်ကြည့်ပါလား။”
“ဘယ်လို... ဘယ်လို စတုတ္ထအစ်ကိုရဲ့ဆိုင်... အဲ့လိုမျိုးလား။” စုတာ့လင်းက ကျိုးချင်းပိုင်ကို ကြည့်လိုက်သည်။
“သိပ်မဆိုးဘူး။” ကျိုးချင်းပိုင်က ပြန်ဖြေသည်၊ “ဒီဖက်မှာ အလုပ်လုပ်ရတာ အဆင်မပြေရင်၊ မင်း မြို့တော်ကို တက်လာလို့ရတယ်။”
“တကယ်လို့ မင်း မြို့တော်ကိုလာချင်ရင် ငါ့ကို ကြိုပြော။ စျေးဆိုင်နဲ့ အိမ်ကို ကြိုရှာပေးလို့ရတယ်။” လင်းချင်းဟယ်က “ဒါနဲ့ စကားမစပ်၊ နေရာထိုင်ခင်းအတွက် အိမ်ရှာနေစရာ မလိုဘူး။ ချင်းပိုင်နဲ့ ငါ အဖေတို့အတွက် နေရာတစ်ခု ရှာထားတယ်။ နေရာက ကျယ်တယ်။ ဘာပဲဖြစ်ဖြစ် အိမ်ငှားခက အတူတူပဲ။ နင်တို့ အဖေတို့နဲ့ အတူနေနိုင်တယ်။” ဟု ပြောသည်။
“ဒါက... ကျွန်တော်... တကယ် မလုပ်နိုင်ဘူး။” စုတာ့လင်းက ရှက်ရွံ့စွာပြောသည်။
“ဘာမှ ရှက်မနေနဲ့။ တကယ်လို့ နင်တို့ မြို့တော်ကို မလာဘူးဆိုရင်တောင် ငါတို့က အဖေတို့ကို မြို့တော်ကို ခေါ်သွားဦးမှာပဲ။ အိမ်ငှားခက ဒီအတိုင်း ပေးနေရဦးမှာပဲ။ နင်တို့ အဲဒီမှာ နေနေ မနေ ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ နင်တို့လာရင်၊ ချင်းပိုင်နဲ့ငါ နင်တို့ကို နေရာလိုက်ပြပေးမယ်။ အဲဒီအနီးအနားမှာ ဆိုင်ရှိ မရှိ ကြည့်ကြတာပေါ့။ ဆိုင်ပါ ရှိမယ်ဆိုရင် ပိုကောင်းလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်နဲ့ သူမ ဝယ်ထားတဲ့ ခြံဝင်းပါရှိတဲ့အိမ်ဟာ ဖက်ထုပ်ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေပါသေးသည်။ လမ်းလျှောက်ဖို့ မိနစ်လေးဆယ်လောက်ကြာပေမယ့် အရမ်းမဝေးပါဘူး။
သာမန်အားဖြင့် အဖေကျိုးနှင့် အမေကျိုးတို့ ညရေးညတာအတွက် အကွာအဝေးကို ထည့်စဥ်းစားရပါမည်။
ထို့ကြောင့် လင်းချင်းဟယ်သည် ကျိုးရှောင်မိန်တို့လင်မယားကို အဲဒီမှာ အတူနေခိုင်းလိုက်တာက အကောင်းဆုံးဖြစ်မည်ဟု ခံစားခဲ့ရသည်။
လင်းချင်းဟယ်သည် သူမရဲ့ဆိုင်ကိုတော့ တကယ်မငှားနိုင်ဘူး။ သူမ တခြားဆိုင်ဖွင့်ချင်သည်။ သို့ပေမယ့် နေရာထိုင်ခင်းကတော့ ပြဿနာမရှိပါဘူး။ နောင်တွင် သူမ အိမ်တစ်လုံးဝယ်ပြီး အိမ်ပြောင်းလို့ရပါသည်။
“စတုတ္ထယောင်းမ၊ နင်နဲ့ စတုတ္ထအစ်ကိုတို့က အဖေတို့ကို မြို့တော်ကို ဘယ်အချိန်လောက် ခေါ်သွားမှာလဲ။” ဟု ကျိုးရှောင်မိန်က မေးသည်။
“ဒီနွေရာသီအားလပ်ရက်။” လင်းချင်းဟယ်က ပြောသည်။
“အရမ်းမြန်တယ်လား။” ကျိုးရှောင်မိန်က အံ့သြသွားသည်။
လင်းချင်းဟယ်က ပြုံးပြီး ကျိုးရှောင်မိန်တို့လင်မယားကို ကြည့်ကာ “ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က တည်ငြိမ်တယ်။ နင့်စတုတ္ထအစ်ကိုရဲ့ ဝင်ငွေကလည်း တည်ငြိမ်တယ်။ ဒီနှစ် အဖေတို့ကို မြို့တော်ခေါ်သွားပြီး ပြုစုစောင့်ရှောက်ဖို့ ပြဿနာမရှိဘူး။” ဟု ပြောလိုက်သည်။
“စတုတ္ထယောင်းမ၊ ငါ တာ့လင်းနဲ့ ဆွေးနွေးတိုင်ပင်ပြီးပြီ။ ငါတို့ ဒီနှစ် ပြောင်းလို့ရမလား။” ကျိုးရှောင်မိန်က သူမနှုတ်ခမ်းလေးကို အသာကိုက်ကာ မေးခွန်းထုတ်သည်။
“ဒါပေါ့၊ နင် ပြောင်းလို့ရတယ်။” လင်းချင်းဟယ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး “ကလေးတွေရဲ့ ပညာရေးအတွက် စိတ်ပူဖို့ မလိုဘူး။ ငါ နင့်အတွက် ဒီကိစ္စကို ကိုင်တွယ်ပေးမယ်။ စီးပွားရေးလုပ်တာက အရမ်းယုံကြည်စိတ်ချရမယ်လို့ ငါထင်တယ်။ ပြီးတော့ မတ်လေးက အချက်အပြုတ် ကျွမ်းကျင်ပြီး လက်ရာကောင်းတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေအတွက် နင်တို့ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှသိလိမ့်မယ်။” ဟု ပြောလိုက်သည်။
“ခဏ... အဖေတို့... ပြောင်းတဲ့အချိန်အထိ ခဏလောက် စောင့်ပါဦး၊ ကျွန်တော်တို့... အဖေတို့နဲ့အတူ... လိုက်ခဲ့... လိုက်ခဲ့မယ်။” စုတာ့လင်းက ခေါင်းညိတ်သည်။
“ကောင်းပြီလေ။ အဲဒီအချိန်ရောက်ရင် နင်တို့ပစ္စည်းတွေ ထုပ်ပိုးပြီး အဆင့်သင်ပြင်ထား။ ငါတို့က အဖေတို့ကို လာကြိုပေးမှာ၊ ဒါကြောင့် နင်တို့ပစ္စည်းတွေကို ကူသယ်ပေးလို့ရတယ်။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။