← Chapters

ဒေါသမရှိသူ

Vol. 23 Ch. 314

ဒေါသမရှိသူ

Vol. 23 Ch. 314

အခန်း (၃၁၄) – ဒေါသမရှိသူ

“အဲဒီကလေးက သူ့အစ်ကိုထက် ပိုထွားတယ်။ သူက တော်တော်လေး သန်မာတယ်။ အလုပ်ကောင်းကောင်းမလုပ်နိုင်ပေမယ့် ကျန်တဲ့ ဝေယျာဝစ္စအကုန်လုံးကို လုပ်နိုင်တယ်။” ဟု ဒုတိယအစ်မက ပြောသည်။

လင်းချင်းဟယ်က ဒီတူဖြစ်သူ ဟူကျစ်အပေါ် အထင်ကောင်းအမြင်ကောင်းရှိသည်။ တစ်ခါက ဟူကျစ်သည် ငါးတစ်ခြင်း အိမ်ကို လာပို့ပေးခဲ့သည်။ သူကိုယ်တိုင် ဖမ်းပြီးတော့ ဒီကို ပို့လိုက်သည်ဟု လင်းချင်းဟယ် ထင်သည်။

ထိုအချိန်က သူ့အသက်သည် ဆယ့်သုံးနှစ်သာ ရှိသေးသည်။ မျက်စိတစ်မှိတ်အတွင်း လေးနှစ်တာ ကုန်လွန်သွားပြီးနောက် သူလေးတောင် အရွယ်ရောက်လာခဲ့ပြီ။

လင်းချင်းဟယ်က နောက်ထပ် လူတွေ ခေါ်ဖို့ကို စိတ်ထဲ သိပ်မထားဘူး။

အဘယ်ကြောင့်ဆိုသော် နေရာက ကျယ်ဝန်းပြီး အစားအသောက်လည်း ပေါသည်။ မြို့တော်ကို လိုက်ပါလာပြီးနောက် လုပ်စရာတွေ အများကြီး ရှိလိမ့်မည်။

ဥပမာအားဖြင့် အာ့နီနှင့် ရှုရှန့်မိန်ကို ဆိုင်ကြည့်ခိုင်း၍ ရမည်။ ဒီကောင်လေး ဟူကျစ်ကိုတော့ အပြင်ထွက်ပြီး လမ်းဘေးဆိုင်ဖွင့်ခိုင်း၍ရသည်။ မည်သည့်လုပ်အားကိုမျှ မဖြုန်းတီးမိတော့ဘူး။

“တကယ်လို့ သူ အားနေတယ်ဆိုရင် ဒီကို နှစ်ရက်လောက် လွတ်ထားပေးပါလား။ ညီမ သူ့ကို သကြားလုံးနဲ့ ဧည့်ခံပါ့မယ်။” လင်းချင်းဟယ်က ရှင်းရှင်းလင်းလင်း အဖြေမပေးခဲ့ဘူး။ သူမက ဒီကောင်လေးကို အရင်ဆုံးကြည့်ဖို့ လိုသေးသည်။

“ကောင်းပြီ။ ငါ သူ့ကို မနက်ဖြန်ကျ လွှတ်လိုက်မယ်။” ဒုတိယအစ်မက ဝမ်းသာအားရ ပြောလိုက်သည်။

ဒီနှစ် ကလေးတွေ အိမ်ပြန်လိုက်မလာတော့ အိမ်မှာ နေရာများများ ရှိနေသည်။ ဒါကြောင့် နေလည်စာကို ဒီဘက်အိမ်မှာပဲ စားနိုင်သည်။

ထမင်းစားသောက်ပြီးစီးတာနဲ့ အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မသည် ခဏတဖြုတ်လောက် ထိုင်ပြီး စကားစမြည်ပြောပြီးနောက် ကျိုးအိမ်ဟောင်းကို သွားကြသည်။

အစ်မနှစ်ယောက်နှင့် ခဲအိုတွေ ထွက်သွားတော့ ကျိုးရှောင်မိန်က စိတ်ရှုပ်ထွေးစွာ မေးသည်၊ “စတုတ္ထယောင်းမ၊ နင်တို့ဖက်ထုပ်ဆိုင်မှာ လူဒီလောက် လိုအပ်လို့လား။”

“သူတို့ကို ဖက်ထုပ်ဆိုင်အတွက် ခေါ်တယ်လို့ ဘယ်သူပြောလဲ။ ငါ ဒီနှစ် အထည်စက်ရုံကနေ နမူနာအထည်တွေ ယူဖို့ စိတ်ကူးထားပြီး အထည်ချုပ်စက်ရုံကို ငါ့အတွက် အထည်သစ်တွေ ချုပ်ပေးဖို့ အပ်မယ်လို့ တွေးထားတယ်။ ပြီးရင် ငါ အထည်ဆိုင်ဖွင့်မယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

ကျိုးရှောင်မိန်က အံ့အားသင့်သွားသည်၊ “စတုတ္ထ‌ယောင်းမ၊ နင်က နင်ကိုယ်တိုင် အထည်ဆိုင်တစ်ဆိုင်လောက် ဖွင့်ချင်နေတာလား။” သူမရဲ့ စတုတ္ထယောင်းမက အရမ်းအစွမ်းထက်တာပဲ။

“နင့်စတုတ္ထအစ်ကိုရဲ့ အခု တိုးတက်နေပြီ ဆိုတော့ ငါ သူ့နောက်ကျလို့ မဖြစ်ဘူးလေ၊ မဟုတ်ရင်၊ နောင်မှာ မြို့တော်က ချမ်းသာတဲ့ မိန်းမပျိုလေးတွေက သူ့ကို သွေးဆောင်သွားနိုင်မယ်ဆို ဘယ်လိုလုပ်မလဲ။ ငါ့ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းလေး တစ်ခုလောက်တော့ ရှိထားသင့်တာပေါ့။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

ကျိုးချင်းပိုင်က ကူကယ်ရာမဲ့သလို ကြည့်လိုက်သည်။

ကျိုးရှောင်မိန်တို့လင်မယားနှစ်ယောက်လုံး ရယ်မိကြသည်။

“ချင်းပိုင်၊ နင် နင့်ဇနီးသည်အပေါ် ဘာအမှားလုပ်ထားတာလဲ။” အမေကျိုးရဲ့မျက်နှာက ပျက်သွားပြီး ချက်ချင်းဆိုသလို အမေးထုတ်သည်။

“အမေ၊ ကျွန်တော် ဘာမှ မလုပ်ပါဘူး။” ကျိုးချင်းပိုင်က ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။

“ဟုတ်တယ်၊ ရှင် မလုပ်ဘူး။ ရှင့်ကို တစ်စုံတစ်ယောက်ကသာ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလား။ အမေ၊ အမေတို့ ဟိုကိုရောက်တာနဲ့ မျက်စိထောင့်ဒေါက် ကြည့်ပေးရမယ်နော်၊ အမေ ကျွန်မနဲ့ အမေ့မြေးသုံးယောက်ကို ဆုံးရှုံးလုနီးပါး ဖြစ်သွားသေးတယ်။” ဟု လင်းချင်းဟယ်က အမေကျိုးကို ပြောသည်။

တစ်စုံတစ်ယောက်ရဲ့ အရူးလုပ်ခြင်းကို ခံရသည့် အမေကျိုးက “ဘာဖြစ်ခဲ့တာလဲ။” ဟု အလျင်စလို မေးမြန်းခဲ့သည်။

“ဇနီးလေး” သူ့ဇနီးသည်ကို ကြည့်ရင်း ကျိုးချင်းပိုင်တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။

လင်းချင်းဟယ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး “ကျန်းမေ့ဟယ်ဆိုတဲ့ တစ်ယောက်လေ။ ရှင်က သူ့ကို ကျွန်မ မေ့သွားပြီလို့ ထင်နေတာလား။ သူမက ရှင့်ကို ရှာဖို့ ဆိုင်အထိတောင် လိုက်လာသေးတယ်လေ။ တကယ်လို့ ကျွန်မအတန်းစောစောဆင်းပြီး ဆိုင်ကိုသာ မလာမိရင် ဘာဖြစ်သွားမလဲ၊ ဟမ့်။”

အတိတ်ဟောင်းတွေကို ဆွဲထုတ်ခြင်းသည် အမျိုးသမီးတစ်ဦးအတွက် အကျွမ်းကျင်ဆုံးအရာ ဖြစ်သည်။ သူမသည်လည်း ချွင်းချက် မဟုတ်ပေ။

ကျိုးရှောင်မိန်တို့လင်မယား နှစ်ယောက်စလုံး ကြက်သေ သေသွားကြသည်။ အမေကျိုးက အရမ်းစိုးရိမ်သွားသဖြင့် သူမသားကို ရိုက်နှက်ဆုံးမလိုက်သည်၊ “နင်... နင် ဒီအမေကို ဒေါသထွက်ပြီး သေအောင်လုပ်ဖို့ ကြိုးစားနေတာလား။ နင် နင့်ဇနီးသည်နဲ့ ကလေးတွေနဲ့ ကောင်းကောင်းမကောင်းဘူးလား... အဲဒီအစား...”

“အမေ၊ စိတ်အေးအေးထားပါဦး။” လင်းချင်းဟယ်သည် ထိုအတိတ်ဟောင်းကို ပြန်ပြောခဲ့သော်လည်း သူမရဲ့ အမျိုးသားကို ရိုက်နှက်နေခြင်းအား မြင်ချင်စိတ်မရှိပေ။ လင်းချင်းဟယ်သည် အမေကျိုးကို သူမရဲ့ ထိုင်ခုံတွင် ပြန်ထိုင်ဖို့ ကူညီပေးလိုက်ပြီး “ဒီမတော်တဆမှုက ပြီးသွားပါပြီ။ အဲဒီအမျိုးသမီးလည်း အိမ်ထောင်ကျသွားပြီ။ သမီးက အမေ့ကို သိစေချင်ရုံလေးပါပဲ။ တကယ်လို့ ချင်းပိုင်သာ သမီးအပေါ် အမှားလုပ်ဝံ့ရင်၊ သမီးကို သူ့ကို ခွင့်မလွှတ်ဘူး။ သမီးက နောက်ပြန်လှည့်ကြည့်မှာ မဟုတ်ဘူး။ ဒါ့အပြင် သားသုံးယောက်လည်းရှိတယ်၊ ကျိုးမိသားစုက ကလေးတွေကိုရဖို့ နည်းနည်းတောင် မစဥ်းစားနဲ့။ ကလေးတွေကို ကျွန်မရဲ့ မျိုးရိုးနာမည် လင်းလို့ ပြောင်းပစ်လိုက်မှာ။” ဟု ပြောလိုက်သည်။

အမေကျိုးက အလျင်စလို နှစ်သိမ့်ပေးသည်၊ “လောင်တအမေ၊ စိတ်မဆိုးပါနဲ့။ ချင်းပိုင်ရဲ့ ပင်ကိုယ်အကျင့်စရိုက်ကို ငါတို့အားလုံး သိတာပဲ။ သူက မင်းအပေါ် လုံးဝ အမှားမလုပ်ဝံ့ဘူး။ တကယ်လို့ သူ လုပ်ဝံ့ရင်၊ ငါက သူ့ကို အရင်ဆုံး လှည့်မကြည့်မယ့်သူပဲ ဖြစ်လိမ့်မယ်။”

လင်းချင်းဟယ်က “ဒီနေ့၊ သမီး အကြီးဆုံးအစ်မနဲ့ ဒုတိယအစ်မတို့ရဲ့ ကလေးတွေဖြစ်တဲ့ ရှန့်မိန်နဲ့ ဟူကျစ်ကို မြို့တော်ကို ခေါ်သွားဖို့ လက်ခံလိုက်တယ်။ ဒုတိယမရီးက လျှို့နီကို ခေါ်သွားဖို့ ပြောပေမယ့် သမီး သဘောမတူခဲ့ဘူး။ ဒါကို စိတ်ဆိုးသွားမလား သမီး မသိဘူး။” ဟု ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ နင့်ဆိုင်ကိစ္စကို နင်ကိုယ်တိုင် စီမံခန့်ခွဲနိုင်တယ်။ ဘယ်သူက ဘာပြောနိုင်မှာလဲ။” အမေကျိုးက သူမရဲ့ အထင်အမြင်ကို အလျင်စလို ထုတ်ဖော်ခဲ့သည်။

“ဒုတိယမရီးက လျှို့နီကို မြို့တော်ခေါ်သွားစေချင်တာလား။” ကျိုးရှောင်မိန်က ခဏလောက် အေးခဲသွားပြီး သူမမျက်လုံးတွေကို လှိမ့်လိုက်မိသည်၊ “ဒုတိယမရီးက မျက်နှာ တကယ်ကြီးတာပဲ။ လျှို့နီရဲ့ အကျင့်စရိုက်က ဘယ်လိုလဲ ဆိုတာ သူ မသိဘူးလား။ အရင်တစ်ခေါက် သူမ မြို့တော်ကို လာတုန်းက သမီးအိမ်မှာ ထမင်းနှစ်နပ် စားခဲ့တယ်။ စားသောက်ပြီးတာနဲ့၊ သူမက ပါးစပ်သုတ်ပြီး ထွက်ပြေးတော့တာပဲ။”

ပန်းကန်တွေ ကူဆေးပြီး ကြမ်းမလှည်းပေးတာက ကိစ္စမရှိဘူး၊ ဒါပေမယ့် အဲဒီစိတ်ထားကိုတော့ ကျိုးရှောင်မိန် လုံးဝ မကြိုက်ဘူး။ နောက်ပိုင်း၊ ကျိုးလျှို့နီ အိမ်လာလည်သည့် အကြိမ်အနည်းငယ်တွင် ကျိုးရှောင်မိန်က လျှို့နီ အိမ်ပြန်မယ့်အချိန်အထိ ရိုးရှင်းစွာ စောင့်ဆိုင်းနေပြီ သူမကို ထမင်းစားသောက်ပြီးမှ ပြန်ဖို့ မပြောတော့ပေ။

သူမက သူမကိုယ်သူမ ‌အထင်ကြီးခေါင်းမော့နေခဲ့သည်၊ သူမ(ကျိုး‌ရှောင်မိန်)ကို သူမရဲ့အန်တီလေးအနေနဲ့ ယဥ်ကျေးပျူငှာခြင်း မရှိခဲ့ဘူး။ လူတိုင်းကို အရူးလို့ ဆက်ဆံနေတာလား။

“အကြီးဆုံးမရီးနဲ့ တတိယမရီးကလည်း လျှို့နီကို မြို့တော်ခေါ်ဖို့ မထောက်ခံဘူး။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။

“သူတို့အကုန်လုံး အတူတူနေကြတာဆိုတော့ အကြီးဆုံးမရီးနဲ့ တတိယမရီးတို့ရဲ့ ပြောစကားကို နားထောင်တာ မမှားဘူး။ အမေ၊ ဝင်မစွက်ဖက်နဲ့နော်၊ နားလည်တယ်မလား။ စတုတ္ထယောင်းမလို ကျင့်ဝတ်သိတတ်တဲ့ ချွေးမမျိုးနဲ့ဆို အမေ့တစ်သက်လုံး အေးအေးချမ်းချမ်း နေရလိမ်မ့ယ်။ အမေ ဝင်ပါဖို့ လုပ်ချင်တယ်ဆိုရင်၊ သမီး သဘောမတူနိုင်ဘူး။” ကျိုးရှောင်မိန်က သူမမိခင်ဖြစ်သူကို ပြောလိုက်သည်။

သူမမိခင်ဖြစ်သူက ဘယ်လိုစိတ်ထားမျိုးရှိတယ်ဆိုတာ သူမ သိသည်။

အမေကျိုးက ရှက်ရွံ့သွားတာကို မြင်တော့ လင်းချင်းဟယ်က စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် “အမေက သမီးကိုယ်စား သိပ်တွေးမနေနဲ့။ နောက်ကျ အမေတို့ မြို့တော်ကို ရောက်ရင် ကြက်နှစ်ကောင်ထပ်ပိုပြီး မွေးလို့ရတယ်။ သမီး အမေမွေးတဲ့ကြက်သားကို စားရတာ ပိုကြိုက်တယ်။ အမေမွေးတဲ့ကြက်သားနဲ့ချက်တဲ့ စွပ်ပြုတ် အရသာပိုရှိတယ်။” ဟု ပြောလိုက်သည်။

“ဒါက ကိစ္စမရှိဘူး။” အမေကျိုးက ချက်ချင်းသဘောတူသည်။

“နေရာက ကျယ်ရဲ့လား။” ကျိုးရှောင်မိန်က မေးသည်။

“နေထိုင်ဖို့ လုံလောက်တယ်။ မြေကွက်တစ်ကွက်တောင် ပါသေးတယ်။ တကယ်လို့ နင် စားချင်တဲ့ အသီးအရွက်တွေကို နင်ကိုယ်တိုင် စိုက်ပျိုးလို့ရသလို ကြက်မွေးချင်တယ်ဆိုရင်လည်း အဆင်ပြေတယ်။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောသည်။

“ကောင်းသားပဲ။ တာ့လင်းနဲ့ ငါ ဒီနှစ်နွေရာသီအားလပ်ရက်မှာ အဖေတို့နဲ့အတူ မြို့တော်လိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ အဲဒီအချိန်ကျရင်၊ ငါတို့ အဖေတို့နဲ့အတူ နေမယ်။” ဟု ကျိုးရှောင်မိန်က ပြောသည်။

“တကယ် ဆုံးဖြတ်လိုက်ပြီလား။” အမေကျိုးက အရမ်းပျော်သွားပြီး ပြောလိုက်သည်။

“အင်း၊ သမီး ဆုံးဖြတ်လိုက်ပြီ။” ဟု ကျိုး‌ရှောင်မိန်က အတည်ပြုသည်။

“ကောင်းတယ်၊ ကောင်းတယ်။ မြို့တော်ကို သွားကြမယ်။ ဟိုမှာ လူပိုများလာလေ၊ တစ်ယောက်ကိုတစ်ယောက် ပိုပြီး ဂရုစိုက်နိုင်လာလေလေပဲ။” အမေကျိုးက ဝမ်းသာအားရ ပြောလိုက်သည်။

ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့က ညနေသုံးနာရီ‌ကျော်မှ မြို့သို့ ပြန်သွားကြသည်။ စုတာ့လင်းသည် သူ့ယောက္ခမဖြစ်သူရဲ့ စိတ်အားထက်သန်မှု မငြင်းဆန်နိုင်သောကြောင့် ကြက်တစ်ကောင်ကို ပြန်သယ်သွားခဲ့ရသည်။

ညနေခင်းတွင် အကြီးဆုံးမရီးနှင့် တတိယမရီးတို့က အိမ်လည်လာကြသည်။

ဒုတိယမရီးကတော့ မပါလာခဲ့ပေ။ ယနေ့ ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်တွေက သူမကို စိတ်ဆိုးစေကြောင်း လင်းချင်းဟယ်က သိသော်လည်း ဂရုမစိုက်ပေ။

ဒါက သူမရဲ့ ကိုယ်ပိုင်ဆိုင် ဖြစ်သည်။ သူမ ခေါ်ချင်တဲ့သူ သူမ ခေါ်နိုင်သလို၊ သူမ မခေါ်ချင်တဲ့သူကို သူမ မခေါ်ဘဲ နေလို့ရသည်။ အမေကျိုးကတောင် သူမရဲ့ ဆုံးဖြတ်ချက်ကို ဝင်ရောက်မစွက်ဖက်နိုင်တာ သူမရဲ့ မရီးလောက်ကို စကားထဲတောင် ထည့်မပြောဘူး။

“ဘာဖြစ်လို့ ဒုတိယမရီး မလိုက်လာတာလဲ။” သို့တိုင်၊ လင်းချင်းဟယ်က အပေါ်ယံ မျက်နှာဆယ်သည့်အနေဖြင့် မေးလိုက်သေးသည်။

“သူမ ဒီနေ့ တစ်နေ့လုံး အတင်းပြုံးထားရတဲ့ပုံပဲ။” အကြီးဆုံးမရီးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဘယ်သူက သူမကို အလိုလိုက်အကြိုက်ဆောင်နေရမှာလဲ။ ဒါက နင့်ဆိုင်ပဲ။ နင်ကြိုက်တဲ့သူကို နင်ခေါ်လို့ရတယ်။ သူမကို စိတ်ထဲမထားနဲ့။” ဟု တတိယမရီးက ပြတ်ပြတ်သားသား ပြောလိုက်သည်။

လင်းချင်းဟယ်ကလည်း “ကျွန်မအားလုံး တစ်မိသားစုတည်းကပဲ။ ကျွန်မက ဘယ်လိုလုပ်ပြီး ကျွန်မတို့မိသားစုဝင်ကို မကောင်းစားချင်ဘဲ နေပါ့မလဲ။ နောင်အနာဂတ်မှာ ဒီလူငယ်လေးတွေရဲ့ ကမ္ဘာဖြစ်လာမှာပဲလေ။ သူတို့ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးနိုင်ကြရင် ပိုကောင်းလိမ့်မယ်။ အဲ့ကလေးမ မြို့ကို သွားလည်တော့ ရှောင်မိန်တို့အိမ်က ထမင်းကျွေးတာကို စားသောက်ပြီးတာနဲ့ ပန်းကန်လုံးချပြီး တန်းပြေးတာပဲလို့ ကျွန်မ ဒီနေ့ ရှောင်မိန်ဆီကနေ ကြားခဲ့ရတယ်။” ဟု ပြောလိုက်သည်။

သူမ ကျိုးလျှို့နီအကြောင်း အတင်းအဖျင်း မပြောချင်ပါဘူး။ ဒီကောင်မလေးက အရှက်ကင်းမဲ့လွန်းလှသည်။ ဒုတိယမရီးက သူမသမီးဟာ အရမ်းတော်တယ်လို့ ပြုမူနေဆဲဖြစ်သည်။ ဒါကြောင့် လင်းချင်းဟယ်က သူမအပေါ် ယဥ်ကျေးနေပါက ထူးဆန်းပေလိမ့်မည်။ ဘယ်သူ့ကို ဒေါသမရှိသူလို့ ထင်နေတာလဲ။

All Chapters