ဒီဇိုင်းရေးဆွဲခြင်း
Vol. 23 Ch. 136
အခန်း (၃၁၆) – ဒီဇိုင်းရေးဆွဲခြင်း
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကျိုးအာ့နီတို့နှင့်အတူ ရက်အနည်းငယ်အကြာတွင် မြို့တော်သို့ ရောက်ရှိခဲ့သည်။
ကျိုးခိုင်တို့ညီအစ်ကိုတွေက ဘူတာရုံကို လာမကြိုကြဘူး။ သူတို့က လင်းချင်းဟယ်တို့ ဒီနေ့ဒီအချိန်မှာ ပြန်ရောက်မယ် ဆိုတာကို သူတို့ မသိကြဘူး။
လင်မယားနှစ်ယောက်သား သူတို့ရဲ့ တူ၊ တူမတွေအား တိုက်ခန်းသို့သာ ပြန်ခေါ်လာခဲ့ကြသည်။ ဘတ်စ်ကား အကြိမ်အနည်းငယ် ပြောင်းစီးပြီးနောက် အနားယူဖို့ လိုအပ်နေကြသည်။
“နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ” လင်းချင်းဟယ်သည် တိုက်ခန်းသို့ ရောက်သည့်အခါမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ကျိုးခိုင်တို့ညီအစ်ကိုတွေဟာ အိမ်မှာ မရှိကြပေ။ သူတို့ အိမ်မှာ မရှိဘူးဆိုတော့ သူတို့ ဖက်ထုပ်ဆိုင်မှာပဲ ဖြစ်ရမည်။ ဒီအချိန်လောက်ဆို ဆိုင်ဖွင့်ထားသင့်သည်။
“ဒေါ်လေး၊ ဒေါ်လေးတို့အိမ်မှာ တီဗီ ရှိတာလား။” ဟု ဟူကျစ်က တောက်ပတဲ့ မျက်လုံးတွေနဲ့ မေးလိုက်သည်။
“အင်း” လင်းချင်းဟယ်က ပြုံးပြီး “နင်တို့ကြည့်ချင်ရင် ညနေကျ ကြည့်လို့ရတယ်။” ဟု ပြောလိုက်သည်။
“ဒေါ်လေး၊ လောင်တတို့ညီအစ်ကိုတွေ ဘယ်မှာလဲ။” ဟု အာ့နီက မေးသည်။
“ဒီအချိန်လောက်ဆို သူတို့ ဖက်ထုပ်ဆိုင်မှာ ရှိလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
သူမ ဘေးအိမ်ကို တစ်ချက်စစ်ကြည့်လိုက်သည်။ အဒေါ်မားတစ်ယောက် အိမ်မှာ မရှိသောကြောင့် ဖက်ထုပ်ဆိုင်ဖွင့်နေတာ ဖြစ်ရမည်။
“နင်တို့သုံးယောက် ခဏနေကျမှ အနားယူကြ။ အရင်ဆုံး ငါတို့တွေ ရေမိုးချိုးဖို့ ရေချိုးခန်းသွားကြမယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
လင်းချင်းဟယ်သည် အိမ်ကို ပြန်ရောက်တဲ့အခါ အရင်ဆုံး လုပ်ချင်တာက ရေချိုးဖို့ပါပဲ။ ရေမိုးချိုးပြီးသွားရင် သက်တောင့်သက်သာပိုရှိသည်။
ကျိုးချင်းပိုင်သည် ရေချိုးခန်းသွားဖို့ အဝတ်အစားတွေ ပြင်ဆင်ပြီး ထွက်လာခဲ့သည်။ လင်းချင်းဟယ်သည် သူမရဲ့ တူမဖြစ်သူတွေကို အမျိုးသမီးရေချိုးခန်းသို့ ခေါ်သွားခဲ့ပြီး ကျိုးချင်းပိုင်ကတော့ ဟူကျစ်ကို အမျိုးသားရေချိုးခန်းသို့ ခေါ်သွားခဲ့သည်။
သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါ သူတို့ ထွက်လာကြသည်။ ရေချိုးပြီးနောက် ပိုတက်ကြွလာပြီး သန့်ရှင်းနေတယ်လို့ ခံစားရသည်။
“ငါတို့ ဖက်ထုပ်ဆိုင်မှာ သွားစားရအောင်။” ဟု လင်းချင်းဟယ်က ပြောသည်။
ကျိုးခိုင်တို့ညီအစ်ကိုတွေ ဖက်ထုပ်ဆိုင်ကို ပုံမှန်အတိုင်း ဖွင့်ထားကြပြီး အခုအချိန်မှာ သူတို့အားလုံး အလုပ်များနေကြသည်။ အဖိုးဝမ်နှင့် အဒေါ်မားတို့သည်လည်း ဆိုင်မှာပဲ ရှိသည်။
“ပြန်ရောက်ပြီလား။” ဟု အဒေါ်မားက ပြုံးပြုံးလေး ကြိုဆိုနှုတ်ဆက်သည်။
“ဒီလိုအရမ်းအေးတဲ့ ရာသီဥတုမျိုးမှာ ပန်းကန်တွေဆေးဖို့ ရေနွေးမသုံးဘူးလား။” ဟု လင်းချင်းဟယ်က မေးသည်။
“ရပါတယ်။ သိပ်မအေးပါဘူး။” ဟု အဒေါ်မားက ပြုံးပြုံးလေး ပြောသည်။
“ကျွန်မ စနိုးအပိုတစ်ဘူး ထပ်ဝယ်ခဲ့တယ်။ ဒေါ်လေး၊ ခဏနေရင် အဲ့တာကို သုံးလိုက်။” ဟု လင်းချင်းဟယ်က ဆက်ပြောသည်။
“အဲ့တာတွေ မလိုပါဘူးကွယ်။” ဟု အဒေါ်မားက ချက်ချင်း ပြန်ဖြေသည်။
“လိုတယ်။ အခုလိုအေးတဲ့ရာသီဥတုမှာ ဒေါ်လေးအတွက် တကယ်လိုတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။ ထို့နောက် သူမသည် အဖိုးဝမ်ကို နှုတ်ဆက်ပြီး ကျိုးအာ့နီတို့နှင့် မိတ်ဆက်ပေးခဲ့သည်၊ “ဒါက မင်းတို့ စတုတ္ထဦးလေးရဲ့ မွေးစားအဖေပဲ။ ပြီးတော့၊ နင်တို့မောင်ကျိုးခိုင်တို့ညီအစ်ကိုတွေရဲ့ မွေးစားအဖိုးပေါ့။ နင်တို့တွေ သူ့ကို အဘိုးဝမ်လို့ ခေါ်နိုင်တယ်။”
ကျိုးအာ့နီ၊ ဟူကျစ်နှင့် ရှုရှန့်မိန်တို့သည် အဘိုးဝမ်လို့ ခေါ်လိုက်ကြသည်။
အဖိုးဝမ်က ပြုံးပြီး ခေါင်းညိတ်သည်။
“ဒါက ငါတို့ရဲ့ သဘောကောင်းတဲ့ အိမ်နီးနားချင်း အဒေါ်မားပဲ။ နင်တို့ သူ့ကို အဘွားမားလို့ ခေါ်သင့်တယ်။” ဟု လင်းချင်းဟယ်က မိတ်ဆက်ပေးသည်။
ကျိုးအာ့နီတို့က “အဘွားမား” ဟု ယဥ်ကျေးစွာ လှမ်းခေါ်သည်။
အဒေါ်မားက ပြုံးပြီး “သူတို့တွေက...” ဟု မေးသည်။
“ဒါက အာ့နီ၊ ကျွန်မရဲ့ အကြီးဆုံးမရီးက မွေးထားတဲ့ သမီး။ ဒါက ရှန့်မိန်၊ ကျွန်မရဲ့ အကြီးဆုံးယောင်းမက မွေးထားတဲ့ သမီး။ ဒီကောင်လေးကတော့ ကျွန်မရဲ့ ဒုတိယယောင်းမက မွေးထားတဲ့ သား။” လင်းချင်းဟယ်က ပြုံးပြီး “ကျွန်မက နောက်ထပ် အထည်ဆိုင်လေး တစ်ဆိုင်လောက် ဖွင့်ဖို့ စီစဥ်ထားတယ်လေ။ ကျွန်မ ဆိုင်ဖွင့်တဲ့အခါကျ သူတို့ကို ဆိုင်ကြည့်ခိုင်းမလို့ ခေါ်လာခဲ့တာ။” ဟု ပြောလိုက်သည်။
ဒီစကားလုံးတွေက အဒေါ်မားကို အံ့အားသင့်သွားစေရုံသာမက ကျိုးအာ့နီတို့ကိုပါ သူမရဲ့ အတွေးအား သိရှိသွားစေသည်။
သိသာထင်ရှားစွာပင် ကျိုးအာ့နီတို့အားလုံး အံ့သြသွားကြသည်။
“ငါတို့ အိမ်ပြန်ရောက်မှ ဒီအကြောင်း ပြောကြတာပေါ့။ ရထားပေါ်မှာ အချိန်အကြာကြီး ထိုင်ခဲ့ရတော့ ငါ ပင်ပန်းနေပြီ။ အရင်ဆုံး စားကြရအောင်။” ဟု လင်းချင်းဟယ်က ပြောသည်။
ကျိုးခိုင်က သူ့ဝမ်းကွဲတွေအတွက် ဖက်ထုပ်ထည့်ပေးခဲ့သည်။
ကျိုးခိုင်သည် ကျိုးအာ့နီထက် ငယ်သည်။ သို့ပေမယ့် သူသည် ဟူကျစ်နှင့် ရှုရှန့်မိန်တို့နှင့် အသက်တူသော်လည်း သူတို့ထက် လအနည်းငယ် ကြီးသည်။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့သည် ဖက်ထုပ်များကို ဦးစွာစားကြသည်။
ရထားပေါ်ကဆင်းပြီး ရေချိုးပြီးတဲ့နောက်မှာတော့ ဖက်ထုပ်ပူပူလေး တစ်ပန်းကန်ကို စားရတာ သူတို့အတွက် အရမ်းစိတ်ကျေနပ်စေသည်။
“အဖေ၊ အမေ၊ ဘာဖြစ်လို့ ပြန်လာမယ့်ရက်ကို ကြိုမပြောတာလဲ။ အခုအချိန်မှ စောင်ဝယ်မယ်ဆို အရမ်းနောက်ကျနေပြီ။” ဟု ကျိုးရွှမ်းက ဆိုသည်၊ “သူတို့တွေ တည်းခိုခန်းမှာ တည်းခိုနေရလိမ့်မယ်။”
“နင့်အဖေက စောင်တစ်ထည်နဲ့ မွေ့ယာကို ယူလာပေးတယ်။ စောင်က အာ့နီနဲ့ ရှန့်မိန်တို့ သုံးဖို့ အဆင်ပြေတယ်။ နောက်ကျရင် နင်တို့ သူတို့ရဲ့ပစ္စည်းတွေကို ဒီကို အကုန်ရွှေ့ပေးလိုက်ကြ။ ဟူကျစ်ကိုတော့ နင်တို့နဲ့အတူ အိပ်ခိုင်းလိုက်။” ဟု လင်းချင်းဟယ်က စီစဥ်ပေးသည်။
ဖက်ထုပ်ဆိုင်သည် လူနှစ်ယောက်အတွက်သာ သင့်တော်ပြီး လူများလွန်းရင် သိပ်အဆင်မပြေနိုင်ဘူး။ အာ့နီနှင့် ရှန့်မိန်တို့ကို ကျယ်ဝန်းတယ်လို့ ယူဆရသည့် ဒီနေရာတွင် နေထိုင်ရန် စီစဥ်ပေးခဲ့သည်။
အိမ်မှာတော့ ကောင်လေးသုံးယောက်နှင့် ဟူကျစ်တို့ နေရလိမ့်မည်။ သူတို့လေးယောက်နဲ့ဆိုတော့ အိမ်မှာ နည်းနည်းတော့ စည်ကားပေမယ့် ယောကျာ်းလေးတွေဆိုတော့ ကိစ္စမရှိပါဘူး။
“နင်တို့စတုတ္ထဦးလေးက ဒီနားက အိမ်နီးနားချင်းတွေ အကုန်လုံးနဲ့ သိတယ်။ ကြောက်စရာ မလိုဘူး။ ညဘက် ငါတို့ပြန်သွားတာနဲ့ သော့ခတ်ထားလိုက်။ နင်တို့ ဒုတိယထပ်တက်ပြီး စောစောစီးစီး အိပ်စက်အနားယူကြ။ နင်တို့စတုတ္ထဦးလေး မနက်စောစောလာပြီး တံခါးဖွင့်ပေးလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
သူတို့နှစ်ယောက်စလုံးက အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ် မိန်းကလေးတွေဖြစ်လို့ သတိထားနေဖို့ မလိုပါဘူး။
နောက်တစ်ခုကတော့ ကျိုးချင်းပိုင်သည် အကျင့်စာရိတ္တကောင်းမွန်ပြီး ဆိုင်ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးကောင်းသည်။ နောက်ကျရင် သူက အိမ်နီးနားချင်းတွေကို ကလေးမလေးတွေအား ကြည့်ရှုစောင့်ရှောက်ပေးဖို့ ပြောထားလိုက်မည်။ တကယ်လို့ တစ်ခုခု ဖြစ်တယ်ဆိုရင် ဘယ်သူက လျစ်လျှုရှုထားနိုင်ပါ့မလဲ။ ဒီခေတ်အချိန်အခါမှာ လူတွေက သိပ်ကို နွေးနွေးထွေးထွေး ရှိနေတုန်းပါပဲ။
“ကောင်းပါပြီ။” ကျိုးအာ့နီက ပြောလိုက်သည်။
တစ်ဖက်တွင်မူ ရှုရှန့်မိန်ကတော့ အိမ်ရှိ တီဗီအကြောင်းကို အနည်းငယ် စပ်စုနေပြီး သူမသည် ယခင်က တခါမှ တီဗီမကြည့်ဖူးပေ။
အဖိုးဝမ်သည် အကြာကြီးမနေဘဲ ခုနစ်နာရီခန့်တွင် ပြန်သွားခဲ့သည်။
ဖက်ထုပ်ဆိုင်က ည ၈ နာရီထိုးအထိ မပိတ်ဘူး။
ဆိုင်ပိတ်ချိန်ပြီးမှ တစ်မိသားစုလုံး အိမ်ပြန်ကြသည်။ သူတို့သည် လိမ္မော်သီးစားရင်း တီဗီကြည့်ကြသည်။ ည ကိုးနာရီကျော်မှ ကျိုးခိုင်နှင့် ဟူကျစ်သည် ကျိုးအာ့နီနှင့် ရှုရှန့်မိန်တို့၏ အဝတ်အစားအိတ်တွေနှင့် စောင်တွေကိုသယ်ပြီး ဖက်ထုပ်ဆိုင်သို့ လိုက်ပို့ပေးသည်။
ဖက်ထုပ်ဆိုင်ကို အိမ်ကနေ ဆယ်မိနစ်ကျော်လောက် လမ်းလျှောက်ရသည်။ ဆိုင်နှင့် အိမ်က အရမ်းနီးတယ်လို့ ဆိုနိုင်သည်။
“အစ်မအာ့နီ၊ ဒီမှာနေဖို့ မကြောက်နဲ့။ ဆိုင်ဖွင့်ဖို့ မနက်ဖြန် မနက်စောစော လာခဲ့မယ်။” ဟု ကျိုးခိုင်က ပြောသည်။
“မကြောက်ပါဘူး။” ဟု ကျိုးအာ့နီက ပြုံးပြီး ပြောသည်။
သူတို့ ညစာစားဖို့ ဖက်ထုပ်ဆိုင်ကို ရောက်တဲ့အခါက သူမနှင့် ရှုရှန့်မိန်တို့သည် ဒုတိယထပ်ကို အရင်ဆုံး တက်ပြီး သန့်ရှင်းရေးလုပ်ခဲ့ကြသည်။ အပေါ်ထပ်သည် အလွန်ရိုးရှင်းပြီး သစ်သားကုတင်တစ်လုံးသာ ရှိသော်လည်း ကြမ်းပေါ်တွင် မွေ့ယာနှင့် စောင်ခင်းပြီး အိပ်ရမှာ မဟုတ်သဖြင့် အအေးဒဏ်ကို ကြောက်စရာ မလိုပေ။
ရေနွေးအိုးများ၊ ကြွေရည်သုတ်ခွက်များနှင့် အခြားအရာအားလုံးသည် သူတို့အတွက် အသစ်ဝယ်လာပေးခြင်း ဖြစ်သည်။
ပြတ်ပြတ်သားသားပြောရရင် ဒီလိုနေရာထိုင်ခင်းမျိုးက သူတို့အိမ်မှာထက် အများကြီး ပိုကောင်းသည်။
“တီဗီကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။” ဟု ရှုရှန့်မိန်က ပြောသည်။
ကျိုးအာ့နီက သိပ်စိတ်မဝင်စားဘဲ “စောစောအိပ်ရာဝင်ကြရအောင်။ ငါတို့ မနက်ဖြန်မနက်စောစောထပြီး ဆိုင်ကို သန့်ရှင်းရေးလုပ်ရမယ်။” ဟု ပြောလိုက်သည်။
သူမတို့ရဲ့ စတုတ္ထဒေါ်လေးက ဒီနေ့ညမှာ သူတို့တွေကို ဖက်ထုပ်ဆိုင်အတွက် ကူညီလုပ်ကိုင်ပေးဖို့ ခေါ်လာတာမဟုတ်ဘဲ အခြားဆိုင်တစ်ဆိုင်အတွက် ခေါ်လာတာဖြစ်ကြောင်း ပြောခဲ့သည်။
“အင်း” ရှုရှန့်မိန်က ခေါင်းညိတ်လိုက်ပြီး ဝမ်းကွဲနှစ်ယောက်သား အိပ်ရာဝင်ကြသည်။
အိမ်မှာ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည်လည်း ပင်ပန်းနေကြပြီ။ လင်းချင်းဟယ်သည် မနက်ဖြန်ကျရင် လုပ်စရာတွေ အများကြီးရှိတာကြောင့် အရင် အိပ်ရာဝင်ခဲ့သည်။
အပြင်မှာ ကောင်လေးတွေကိုတော့ သူတို့ ဂရုမစိုက်တော့ဘူး။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ တီဗီကို လုံးဝ မမြင်ဖူးသည့် ဟူကျစ်ကြောင့် ကျိုးခိုင်တို့ညီအစ်ကိုတွေဟာ ညဆယ်နာရီထိုးအထိတိုင် တီဗီအတူတူကြည့်ကြသည်။
ကျိုးချင်းပိုင်သည် နောက်နေ့မနက်စောစော ဆိုင်သို့သွားခဲ့ပြီး လင်းချင်းဟယ်က မနေ့ညက အိပ်ရာစောစောဝင်ခဲ့သောကြောင့် မနက်ခြောက်နာရီမှာ အိပ်ရာနိုးခဲ့သည်။ သူမသည် မနက်ဖြန်ကျရင် စာသင်နှစ် အသစ်စပြီ ဖြစ်သောကြောင့် ဒီနေ့ လုပ်စရာများစွာ ရှိပါသေးသည်။
ဆိုင်မှာ သန့်ရှင်းရေးလုပ်ဖို့ သူမရဲ့ တူ၊ တူမတွေကို ထားရစ်ခဲ့လိုက်သည်။ သူမသည် အထည်တွေကို ယူသွားပြီး ကွန်မြူနတီရှိ အငြိမ်းစားအလုပ်သမ အဒေါ်ကြီးတစ်ယောက်ထံ သွားတွေ့ခဲ့သည်။
သူမသည် အဒေါ်မားနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ပြီး အဒေါ်မားက သူမကို ထိုအဒေါ်ကြီးနှင့် မိတ်ဆက်ပေးခဲ့တာ ဖြစ်သည်။
“ဒီအထည်တွေက ကျွန်မရဲ့ အရွယ်အစားအတိုင်းပဲ ချုပ်ပေးပါ။ သုံးရက်အတွင်း ချုပ်ပေးနိုင်မလား ကျွန်မ မသိဘူး။” ဟု လင်းချင်းဟယ်က ဒီဇိုင်းစာရွက်ကို ထုတ်ပေးပြီး ပြောခဲ့သည်။
ဒါတွေက သူမမွေးရပ်မြေမှာရှိတုန်းက သူမ ရေးဆွဲထားတဲ့ အဝတ်အစားဒီဇိုင်းတွေ ဖြစ်သည်။ အရွယ်အစားကို လူတိုင်း ဝတ်လို့ သင့်တော်မယ့် အတိုင်းအထွာမျိုးနဲ့ ရေးဆွဲထားခဲ့ပါသည်။