← Chapters

ဆွဲဆောင်မှုအားကောင်းတဲ့ မိန်းမဆိုးလေး

Vol. 52 Ch. 717

ဆွဲဆောင်မှုအားကောင်းတဲ့ မိန်းမဆိုးလေး

Vol. 52 Ch. 717

ထန်ရှု၏လူကဲဖြတ်သော အရည်အချင်းသည် အများအားဖြင့် မှန်ကန်သည်။ သူသည် ဤလူအပေါ် သူ့ထောက်လှမ်းရေးကွန်ရက်၏ တွေ့ရှိချက်များကိုလည်း ယုံကြည်သည်။ ငွေကြေးလောဘကြီးသူ၊ အသက်ကို မြတ်နိုးသူ၊ လိမ္မာပါးနပ်သူ … ဤသို့သောသူအမျိုးအစားသည် ၎င်းတို့ကို ပေးဆောင်ရန် အကျိုးကျေးဇူးများ လုံလောက်နေသရွေ့ ကိုယ်ပိုင်အသုံးပြုရန်အတွက် သင့်တော်သော လူတစ်ဦးဖြစ်သည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်က ဤကဲ့သို့ လူမျိုးများစွာကိုလည်း စုဆောင်းခဲ့ဖူးသည်။

ရုတ်တရက် ထန်ရှုသည် အင်မော်တယ်ကမ္ဘာရှိ နိုင်ငံတစ်ခုတွင် သူ ရောနှောနေထိုင်သည့်အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ရည်မှန်းချက်များ အောင်မြင်ရန် အရာအားလုံးကို ကြံစည်ချိန်ဆပြီး ရရာနည်းဖြင့် စည်းစိမ်ဥစ္စာများကို အရူးအမူး စုဆောင်းကာ ကြီးမားသော စစ်တပ်ကို ထူထောင်ရန်အတွက် လူအင်အားကို လျှို့ဝှက်စုဆောင်းခဲ့သည်။ ထိုအချိန်တုန်းက ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲနေသော လူတစ်ယောက်လို သူ့ကိုယ်သူ သဘောထားရသော ခံစားချက်ကို ပြန်သတိရရင်း သူ့သွေးများ ဆူပွက်လာသည်။

"အမ် … သူဌေး …" အတွေးများ ရှုပ်နေဟန်ရှိသော ထန်ရှုကို ကြည့်ရင်း ကြွက်က အသံတိုးတိုးဖြင့် သတိထားပြီး မေးလိုက်သည်။

ထန်ရှုသည် သတိပြန်ဝင်လာပြီး ထိုအမှတ်တရများကို စွန့်ပစ်လိုက်သည်။ ထို့နောက် သူက ပြုံးကာ

“ရှန်ဟိုင်းမှာ မင်း ထိန်းချုပ်ထားတဲ့ ပိုက်ကွန်ကြီးလိုမျိုး တရုတ်ပြည်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ထောက်လှမ်းရေးကွန်ရက်တစ်ခု ထူထောင်ဖို့ မင်းကို သုံးနှစ် အချိန်ပေးမယ်။ ဒီတာဝန်ကို ပြီးမြောက်တာနဲ့ မင်းကို ကျင့်ကြံနည်းစနစ်ကို ငါ သင်ပေးမှာမို့ မင်းမှာ ဆန်းကြယ်တဲ့ အစွမ်းတွေ ရှိလာလိမ့်မယ်။ အဲ့ဒီမတိုင်ခင်အထိ မင်း လိုအပ်မယ့် ငွေကြေးနဲ့ လူအင်အားကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြန့်ကျက်ဖို့ ကူညီပေးမှာမို့ အနာဂတ်မှာ အမှောင်လေအဖွဲ့ကို ကျော်အောင် မင်း လုပ်ရမယ်။”

ကြွက်၏မျက်လုံးများ အရောင်လက်နေပြီး နှလုံးခုန်သံပင် မြန်လာသည်။ သည်နေရာသို့ သူ လာရန် ဖိအားပေးပြီး ကူညီခိုင်းတာထက်စာရင် သည်အချိန်မှာ ကြီးမားသည့်အခွင့်အရေးကို သူ ဆုပ်ကိုင်ထားမိသည်ကို နားလည်သွားသည်။

"သေချာပေါက် အောင်မြင်မှာပါ။" ပြတ်သားခိုင်မာသော လေသံဖြင့် ကြွက်က ပြောလိုက်သည်။

ထန်ရှု ခေါင်းညိတ်ကာ တုန့်ပြန်သည်။ သူ၏လက်ချောင်းများအား နှစ်ကြိမ်လှုပ်ယမ်းလိုက်ရာ ရှေးဟောင်းသင်္ကေတတစ်ခုသည် ကြွက်၏မျက်ခုံး နှစ်ခုကြားသို့ ဝင်သွားပြီး ကြည့်ကောင်းသော အနီရောင်ရှေးဟောင်းသင်္ကေတတစ်ခုကို ရိုက်နှိပ်ထားသည့်အလား ထင်ရပေသည်။

“မင်း လိုချင်တာကိုရဖို့ တစ်ခုခုတော့ အကုန်အကျ ခံရမယ်။ ငါက အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေ လိုအပ်တယ်ဆိုပေမယ့် ပိုပြီးလိုအပ်တာက သူတို့ရဲ့သစ္စာစောင့်သိမှုပဲ။ မင်းရဲ့မျက်ခုံးနှစ်ခုကြားမှာ ခြေရာခံနိုင်တဲ့ သင်္ကေတစ်ခုကို ငါ ထည့်ထားတယ်။ မင်း ကမ္ဘာမြေကနေ ထွက်ပြေးရင်တောင် မင်းရဲ့အော်ရာ၊ ဦးတည်ချက်နဲ့ မင်းရဲ့ လက်ရှိနေရာကို ဒီရှေးဟောင်းသင်္ကေတကနေ ငါ ခံစားသိရှိနိုင်မယ်။ မင်း ငါ့အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိပြီး ငါ့ကို ပေးထားတဲ့ကတိအတိုင်း အောင်မြင်သရွေ့ မင်းကို ငါ့ရဲ့ယုံကြည်စိတ်ချရတဲ့လူအဖြစ် အပြည့်အဝ မှတ်ယူလာတဲ့တစ်နေ့ကျရင် ဒီခြေရာခံသင်္ကေတကို ငါ ဖယ်ရှားပေးမှာပါ။"

ကြွက်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး သူ၏မျက်ခုံးနှစ်ခုကြားရှိ အနီရောင်ရှေးဟောင်း သင်္ကေတကို ထိရန် မသိစိတ်ဖြင့် သူ့လက်ကို မြှောက်လိုက်မိသည်။ ထန်ရှုနှင့် ချိတ်ဆက်ပေးသော မှော်ဆန်ပြီး မမြင်နိုင်သော မျဉ်းတစ်ခုရှိနေသည်ဟု တိတ်တဆိတ် ခံစားမိသည်။ မျဉ်း၏တစ်ဖက်က ထန်ရှု၏အခြေအနေကို သူ မပြောနိုင်ပေမယ့် ထန်ရှုကတော့ ဒီမျဉ်းကနေ သူဘယ်သွားသွား သူ့ကို ခြေရာခံနိုင်မည်မှာ သေချာပေသည်။

"ဒါနဲ့ ဒီခြေရာခံသင်္ကေတက ငါ့အတွက် အန္တရာယ်ရှိလား သူဌေး။ တန်ပြန်သက်ရောက်မှု ရှိနိုင်လား။" ထန်ရှု၏နည်းလမ်းကြောင့် ထိတ်လန့်သွားသော ကြွက်က သတိထားပြီး မေးလိုက်သည်။

"ဒါက မင်းကို ဒုက္ခပေးမှာ မဟုတ်သလို သက်ရောက်မှုလည်း မရှိဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။

"တကယ်တော့ အဲ့ဒါရဲ့ဆန့်ကျင်ဘက်အနေနဲ့ ငါက မင်းရဲ့ကိုယ်ပေါ်ရိုက်ထားတဲ့ ရှေးဟောင်းသင်္ကေထဲကို ငါ့ရဲ့မူလဖရိုဖရဲစွမ်းအား ထည့်ပေးလိုက်တာပဲ။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒါက မင်းရဲ့ခန္ဓာကိုယ်စနစ်ကို သိမ်သိမ်မွေ့မွေ့ ပြောင်းလဲစေပြီး စိတ်ကို ပိုမိုကြည်လင်လာစေမှာ ဖြစ်တဲ့အတွက် မင်းရဲ့မှတ်ဉာဏ်စွမ်းရည်ကိုတောင် ရေရှည်မှာ တိုးတက်စေနိုင်လိမ့်မယ်။”

ကြွက်က အံ့အားသင့်သွားပြီး ကျေးဇူးတင်စွာ ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် သူဌေး…။"

နောက်နေ့မနက်ခင်းတွင်…

"ဆိုတော့ … မင်း အားလုံးကို ဆုပ်ကိုင်မိပြီးပြီလား။"

ပင်ပန်းနွမ်းနယ်နေသော်လည်း သူ့မျက်လုံးများတွင် တက်ကြွနေသော စိတ်ဓာတ်အပြည့်ရှိနေသည့် ကျိမုကို ကြည့်ရင်း ထန်ရှုက မေးလိုက်သည်။ ကျိမုသည် မိုအားဝူ၏အနောက်က လိုက်ထွက်လာခြင်းဖြစ်သည်။

"အားလုံးပဲ။" ကျိမု ခေါင်းညိတ်သည်။

ထန်ရှု ခေါင်းညိတ်တုံ့ပြန်လိုက်ပြီးနောက် ကျိမုကို အခန်းထဲသို့ ကိုယ်တိုင် ခေါ်သွားခဲ့သည်။ ထို့နောက် မြွေပါကောင်၏ အမွှေးအမျှင်စုတ်တံမှ ကောင်းမွန်သော ကျင့်ကြံနည်းစနစ်တစ်ခုကို ရွေးချယ်ပေးလိုက်ပြီး “ကျင့်ကြံခြင်းဆိုတာက လျှပ်တပြက်အတွင်း တိုးတက်နိုင်တဲ့အရာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် မင်းရဲ့အသက်အရွယ်က ကျင့်ကြံဖို့ အကောင်းဆုံး အချိန်ကာလကို ကျော်လွန်သွားခဲ့ပြီဆိုတော့ ပြင်ပအင်အားစုတွေရဲ့ အကူအညီမပါဘဲ ကျင့်ကြံသူတံခါးပေါက်ကို မင်း ရောက်ရှိဖို့က အချိန်အတော်ကြာလိမ့်မယ်။ ဒါပေမယ့် မင်းက ငါ့ကို နှစ်ပေါင်းနှစ်ထောင်ကျော်သက်တမ်းရှိတဲ့ ဂျင်ဆင်းရိုင်းကို လက်ဆောင်ပေးခဲ့လို့ မင်းရဲ့ကိုယ်ခန္ဓာနဲ့ ကြီးထွားမှုအရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ လက်ဆောင်ကောင်းတစ်ခု ငါ ပေးလိုက်မယ်။"

ကျိမု ပျော်ရွှင်နေပြီး

"မင်းပြောတဲ့အတိုင်း အောင်မြင်ဖို့ ငါ့အတွက် အချိန်ဘယ်လောက်ကြာမလဲ။"

"ငါ ပြောလို့မရဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။ “လူတစ်ဦးစီမှာ မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ရှိတာမို့ ကျင့်ကြံ့မှုအရှိန်အဟုန်ကလည်း အမျိုးမျိုး ရှိတယ်။ မင်းမှာ ပျမ်းမျှအရည်အချင်းတစ်ခုပဲ ရှိတယ်။ ဒါကြောင့် ငါ့ခန့်မှန်းချက်က မှန်တယ်ဆိုရင် မင်း အောင်မြင်ဖို့ တစ်နှစ်ခွဲလောက် အချိန်ယူရလိမ့်မယ်။ ဒါပေမယ့် ဒီအတောအတွင်း အဖိုးတန်ဆေးပင်တွေကို ရှာတွေ့ပြီး ဆေးအာဟာရအဖြစ် စားသုံးမယ်ဆိုရင်တော့ ကျင့်ကြံနှုန်းက နည်းနည်းမြန်လာလိမ့်မယ်။”

ကျိမုက ချက်ချင်း ခေါင်းညိတ်ပြပြီး

“ငါ သိပြီ။ ကျေးဇူးတင်ပါတယ်။”

မကြာခင်မှာပင် ထန်ရှုသည် ကျိမုနှင့်အတူ ဧည့်ခန်းကို ရောက်လာသည်။ သူ့တွင် တခြားလုပ်စရာများစွာ ရှိသည့်အတွက် ကျိမုကို အကြာကြီး နေခွင့်မပြုပေ။ ကျိမု ထွက်သွားပြီးနောက် ကြွက်သည် သူခိုးကဲ့သို့ ထန်ရှု၏ဘေးသို့ တိတ်တဆိတ် လျှောက်လာပြီး

"သူဌေး … ချန်ရှီမြို့မှ ကျိမိသားစုနဲ့လည်း သိလိမ့်မယ်လို့ မထင်ထားဘူး။ ဒီကောင်က အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်တဲ့ စီးပွားရေး ရှိပေမယ့် သူက အရည်အချင်းရှိပြီး ထက်မြက်တယ်။ ငါ သိသလောက်တော့ သူ့မှာ ငွေကြေးများစွာ ရှာနိုင်တဲ့ လျှို့ဝှက်စီးပွားရေးလမ်းကြောင်းများစွာကို ထိန်းချုပ်ထားတယ်။”

ထန်ရှု စိတ်ဝင်စွားသွားပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

"သူ့ရဲ့ ငွေရှာတဲ့လမ်းကြောင်းတွေအကြောင်း ပြောပြပါဦး။"

“သူ့ မှာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၊ ကေတီဗွီလုပ်ငန်းက လေးခု၊ အပန်းဖြေစင်တာ နှစ်ခု၊ ကားအရောင်းကိုယ်စားလှယ်တစ်ခုတို့ ရှိတယ်။ အဲ့ဒါတွေက သူ့အမည်အောက်မှာ မထားရှိဘဲ တရားဝင်နည်းလမ်းတွေကို အသုံးပြုတဲ့ သူရဲ့အယုံကြည်ရဆုံးလူရဲ့အမည်အောက်မှာ ထားထားတာမို့လို့ အဲ့ဒီလုပ်ငန်းတွေနဲ့ သူ့ကို ဘယ်သူမှ ချိတ်ဆက်မိမှာ မဟုတ်ဘူး။ အဲ့ဒီသခင်လေးကျိက ရှန်ဟိုင်းမှာ မကြာခဏ နေလေ့ရှိလို့ သူ့ကို ဒေသခံတစ်ပိုင်းလို့တောင် ပြောလို့ရတယ်။ သူ့ကို စုံစမ်းဖို့ ငါ လူတစ်ယောက်ကို လွှတ်ခဲ့သေးတယ်။ သူ့ရဲ့နက်နဲမှုကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ခွန်အားတွေ အင်အားတွေ အများကြီး စိုက်ထုတ်ပြီးမှ သိခဲ့ရတာပေါ့။ ငါ့စုံစမ်းမှုတွေအရ သူက နှစ်စဉ် အသားတင်ဝင်ငွေ ယွမ်မီလီယံ ၁၀၀ကျော် ရှိတယ်။”

ထန်ရှု အတန်ငယ် အံ့သြသွားသော်လည်း သူ့ထံ ပေးပို့ထားသော ကျိမု၏လက်ဆောင်များကို ပြန်သတိရပြီးနောက် ထိုအရာများသည် သူ့တွင် ငွေရှာရန် လမ်းကြောင်းအချို့ရှိသောကြောင့်သာ ရရှိလာသော အရာများဖြစ်သည်ဟု သူ တွေးမိသွားသည်။ သို့သော် ကျိမုသည် ဤလုပ်ငန်းများကို ထူထောင်ရန် အားလပ်ချိန် အနည်းငယ် ရှိသည်ဆိုပါက ကျိမိသားစု၏ လုပ်ငန်းတစ်ခုလုံးကို အဘယ်ကြောင့် မရယူခဲ့ပါသနည်း။ ချန်ရှီမြို့တွင် ရှိသော ကျိမိသားစု၏ အနေအထားအရ ထိုမိသားစု၏ချမ်းသာမှုသည် ၁၀ ဘီလီယံကျော် ဒါမှမဟုတ် ယွမ်ဘီလီယံဆယ်နှင့်ချီပင် ရှိနိုင်သည် မဟုတ်တုံလော။

ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ ထိုအကြောင်းအား သူ မတွေးချင်တော့ပေ။ ထို့နောက် သူသည် မိုအားဝူအား မေးမြန်းခဲ့ရာ ရှန်ဟိုင်းရှိ ထာဝရခန်းမမှ ထောက်လှမ်းရေးမှူးနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့ဆယ်မြို့မှ အခြားဆယ်ဦးတို့ ရောက်ရှိလာကြောင်း သိရှိခဲ့ရသောကြောင့် ၎င်းတို့အား ကြည့်ရှုရန် ကြွက်ကို ခေါ်ဆောင်လာခဲ့သည်။ ထန်ရှု အံ့အားသင့်ရသည်မှာ ရှန်ဟိုင်းနယ်မြေတာဝန်ခံသည် ထာဝရခန်းမ၏အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်နေခြင်းပင်။

ထို့အပြင် ဤလူသည် သူလျှိုလုပ်ခြင်း နှင့် သတင်းရယူခြင်းတွင် ကျွမ်းကျင်သော်လည်း သတင်းကွန်ရက်ကို ထိန်းချုပ်ခြင်းနှင့် စီမံခန့်ခွဲနိုင်မှုမှာ ညံ့ဖျင်းကြောင်း မိုအားဝူထံမှ သူ သိခဲ့သည်။ သူသည် လက်ရှိအလုပ်မှ နှုတ်ထွက်ရန် လျှောက်လွှာများစွာကို ပေးပို့ခဲ့ပြီး တောင်တရုတ်ပင်လယ်ရှိ နားခိုမြှုပ်နှံရာကျွန်းသို့ သွားရောက်ကာ ကျင့်ကြံရန်ပင် ဆန္ဒရှိခဲ့သည်။

ဤလူသည် ကျင့်ကြံခြင်းကို အစွဲအလမ်းကြီးသည်ဟု ကြားသောအခါ ထန်ရှု ကျေနပ်သွားသည်။ သူ့တောင်းဆိုချက်ကို သဘောတူပြီး မြို့ဆယ်မြို့က တခြားလူများကို ကြွက်နှင့် မိတ်ဆက်ပေးလိုက်သည်။ ကြွက်သည် ရှန်ဟိုင်းမြို့နှင့် ၎င်း၏အိမ်နီးချင်း ၁၀မြို့တို့တွင် နှံ့စပ်သော သတင်းကွန်ရက်တစ်ခုကို ထူထောင်ကာ ထာဝရခန်းမ၏ ထောက်လှမ်းရေးဌာနခွဲနှင့် ပေါင်းစည်းရမည်ဖြစ်သည်။

လူလူသည် ထန်ရှုကို အဖော်လုပ်ပေးရင်း ပြဿနာတိုင်းကို သူ ကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ကြည့်နေသည်။ ထာဝရခန်းမ၏ နက်နဲသော အမွေအနှစ်ကို အံ့ဩနေရုံသာမက ထန်ရှု၏ ကျွမ်းကျင်မှုနှင့် ပြသနာများကို စီမံခန့်ခွဲသည့်ပုံစံကို ကြည့်ပြီး အံ့အားသင့်နေကာ သူမ၏မျက်လုံးထဲတွင် အရောင်တဖျတ်ဖျတ် လက်နေသည်။

"ဟန်နီ … ငါ ရှန်ဟိုင်းတက္ကသိုလ်ကို သွားပြီး နင် အတန်းတက်တာကို အဖော်လိုက်ပေးရင်ရော ဘယ်လိုလဲ။"

လူလူက မေးထောက်ပြီး ထန်ရှု နေ့လည်စာစားနေသည်ကို ကြည့်ရင်း မေးလိုက်သည်။

ထန်ရှုက ဝါးနေသော အစားအစာကို မျိုချလိုက်ပြီး

"မင်း အဲ့ဒီမှာသာ ပေါ်လာရင် မနက်ဖြန် ကျောင်းဝင်းထဲမှာ ငါ နာမည်ကြီးတော့မယ်ဆိုတာ အာမခံနိုင်တယ်။ ငါ့စာသင်ခန်းထဲမှာ မင်း ရှိနေရင် ငါ့အတန်းဖော်တွေက နေ့ခင်းအတန်းကို လုံးဝတက်တော့မှာမဟုတ်ဘူး။"

"အမ်…" လူလူက အံ့သြသွားပြီး မေးလိုက်သည်။

"ဒါပေမယ့် ဘာလို့လဲ။"

"ဆွဲဆောင်မှုအားကောင်းတဲ့ မိန်းမဆိုးလေးဆိုတဲ့ စကားလုံးကို မင်း မကြားဖူးဘူးလို့ မပြောနဲ့နော်။" ထန်ရှုက ပြောသည်။

"မင်းက အရမ်းချောမောလွန်းတော့ အဲ့ဒီကောင်လေးတွေက မင်းကို ခိုးကြောင်ခိုးဝှက်နဲ့ ခိုးကြည့်လိမ့်မယ်။ ကောင်မလေးတွေက မင်းကို မနာလိုစိတ်နဲ့ ကြည့်နေလိမ့်မယ်။ စာထဲ စိတ်ပါလက်ပါ အတန်းတက်ဖို့ စိတ်ကူးရှိမယ်ထင်လား။ လူလူ … ငါတို့က လူကောင်းတွေ ဖြစ်ရမယ်။ သူတို့ စာလေ့လာနေတဲ့အချိန်မှာ စိတ်အနှောင့်အယှက် ဖြစ်စေတာက အရမ်းမှားတယ်လေ။"

ခွီး ... ဟားဟားဟား…။

ထန်ရှုက သူမ၏တောင်းဆိုမှုကို သွယ်ဝိုက်ပြီး ငြင်းဆိုသည့်တိုင် လူလူသည် ရယ်မောပျော်ရွှင်စွာဖြင့် ချိုမြိန်မှုကို ခံစားနေရသည်။ သို့သော် ဟန်ကျင်းဝူသည်  စိတ်အားထက်သန်စွာ ရောက်ရှိလာသောကြောင့် သူမ၏ချိုမြိန်မှုသည် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပေသည်။ ဟန်ကျင်းဝူသည် ထန်ရှုအပေါ် ထူးခြားသော ခံစားချက်ရှိကြောင်း လူလူ၏ ပင်ကိုယ်သဘာဝစိတ်က ခံစားသိနိုင်သည်။ သူမတို့အားလုံးသည် ငယ်ရွယ်သူများဖြစ်ကြပြီး ဟန်ကျင်းဝူသည် ထန်ရှုထက် နှစ်အနည်းငယ် ကြီးသော်လည်း ဟန်ကျင်းဝူ၏ခံစားချက်သည် သေချာပေါက် ချစ်ခြင်းမေတ္တာသည်သာ ဖြစ်တော့သည်။

"ထန်ရှု … ငါ နင့်ကို ကျောင်းဝင်းထဲ ပြန်လိုက်ပို့ပေးမယ်။"

ဟန်ကျင်းဝူက လေးနက်သော အမူအရာဖြင့် ပြောသည်။

ထန်ရှုသည် ကိုင်ထားသော တူအစုံကို ချလိုက်ပြီး တစ်ရှူးတစ်ရွက်ကို ယူကာ ပါးစပ်ကို သုတ်လိုက်သည်။ ပြီးနောက် ခေါင်းညိတ်ပြပြီး

"ဒီကိုလာတာ ကားမပါလာဘူး။ အတူတူ ပြန်ကြတာပေါ့။"

ထို့နောက် သူသည် ဟန်ကျင်းဝူ၏ကားကို စီးကာ ကျောင်းဝင်းသို့ ပြန်ခဲ့ရာ နေ့လည်စာသင်ချိန်သည် နာရီဝက်ကျော် ကျန်ရှိဆဲဖြစ်သည်။ သူ ကားပေါ်က ဆင်းတော့မည့်ဆဲဆဲတွင် ဟန်ကျင်းဝူအား သူမ ဝင်ရောက်ခဲ့သော မြေအောက်တိုက်ပွဲနေရာကို မေးလိုက်ရာ ချန်ရှီမြို့တွင် ဖြစ်နေသည်။

ဖုန်းမြည်သံ…

ထန်ရှု တံခါးကို တွန်းဖွင့်လိုက်စဉ်ခဏ သူ့ဖုန်းက ရုတ်တရက် အသံမြည်လာသည်။ ဖုန်းပေါ်တွင် ပြသနေသည့် ခေါ်ဆိုသူကို ကြည့်ရှုပြီး တံခါးကို ပြန်ပိတ်ကာ ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။

"ဘာဖြစ်လို့လဲ။"

"ငါ မတော်တဆမှုသတင်းတစ်ခု ရလိုက်တယ် သူဌေး။ ဒီတလော လူသတ်မှုတွေရဲ့တရားခံဖြစ်တဲ့ ဥရောပက နိုင်ငံပိုင်ကုမ္ပဏီ အော်စတင်ကိုးလ်နဲ့ သူ့လူတွေကို စစ်တပ်က တိုက်ခိုက်ခဲ့တယ်။ အော်စတင်ကိုးလ် ဒဏ်ရာအကြီးအကျယ် ရပြီး သူ့လူတွေရဲ့ အကာအကွယ်နဲ့ ထွက်ပြေးခဲ့ရတယ်။ နောက်ပြီးတော့ စစ်တပ်ထဲက လူတချို့လည်း အသတ်ခံရတယ်။” ကြွက်၏အသံက ဖုန်းထဲမှ ထွက်လာသည်။

“စစ်တပ်က အဲ့ဒီကောင်တွေက မင်းဆီကနေ သတင်းဝယ်တဲ့သူတွေလား။” ထန်ရှုက မေးလိုက်သည်။

"ဟုတ်တယ်။ ငါ သူတို့ကို ရောင်းခဲ့တာ။" ကြွက်က ပြောသည်။

"အော်စတင်ကိုးလ်တို့ကို ဆက်ခြေရာခံထား။ သူတို့ကို တွေ့ရင် စစ်တပ်ကို အကြောင်းကြားဖို့ နည်းလမ်းရှာဖို့ မမေ့ပါနဲ့။ နောက်ပြီး ဉာဏ်အလင်းဇီဝဗေဒနည်းပညာက ရှဲ့ကျီချန်ကို စောင့်ကြည့်ဦး။ သူတို့တွေက အကြိမ်ကြိမ် အဆက်အသွယ်ရှိခဲ့တာမို့ လျှို့ဝှက်ချက်တွေ မရှိဘဲ မနေဘူး။ သူတို့ရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ အစွမ်းကုန် လုပ်ပါ။”

"ပြဿနာ မရှိဘူး။" ကြွက်က မြန်မြန်ပြန်ဖြေပြီး ဖုန်းတန်းချသွားသည်။

ထန်ရှုသည် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် စီးကရက်တစ်လိပ်ကို ထုတ်ပြီး တိတ်ဆိတ်စွာ မီးညှိဖွာရှိုက်လိုက်သည်။ ထိုဉာဏ်အလင်းဇီဝနည်းပညာအဖွဲ့အကြောင်း သူ သိခဲ့သည်က အနည်းအကျဉ်းသာ ရှိသည်။ ကြွက်ထံမှ သူသိခဲ့သမျှမှာ ရှဲ့ကျီချန်သည် ယနေ့နံနက်တွင် ဖုန်းအနည်းငယ် ခေါ်ဆိုခဲ့ပြီး ရှန်ဟိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် သူ့အသိမိတ်ဆွေအချို့နှင့် ရုတ်တရက် တွေ့ဆုံခဲ့ကြောင်းပင်။

ကောက်ကျစ်ကာ ရက်စက်ကြမ်းကြုတ်ပြီး လောဘကြီးကာ စည်းစိမ်ဥစ္စာကိုပဲ မြင်ခြင်းသည် ထိုသူ၏ဘဝပင် ဖြစ်သည်။ ဒါတွေသည် ရှဲ့ကျီချန်၏ အကျင့်စရိုက်ကို အကောင်းဆုံး ဖော်ပြချက်တွေသာတည်း။

ထိုဉာဏ်အလင်းဇီဝနည်းပညာသည် အီလက်ထရွန်နစ်ထုတ်ကုန်များနှင့် ဇီဝဆေးဝါးလုပ်ငန်းအား လုပ်ဆောင်သည်။ ရှဲ့ကျီချန်သည် ရှန်ဟိုင်းတွင် ကြီးကျယ်ခမ်းနားသော နာမည်မရှိသည့်တိုင် မီလီယံရာပေါင်းများစွာ  ချမ်းသာကြွယ်ဝကြောင်း သူ ကြားထားသည်။ အရေးကြီးဆုံးအချက်မှာ ထိုအမျိုးသားသည် မြို့ထဲတွင် ဖျော်ဖြေရေးဆိုင်များစွာရှိပြီး လုံခြုံရေးကုမ္ပဏီတစ်ခုလည်း ရှိဟန်ရပေသည်။

***

All Chapters