← Chapters

ဟန်ကျင်းဝူ အချစ်မြစ်ထဲတွင် နစ်မြုပ်နေသည်

Vol. 52 Ch. 718

ဟန်ကျင်းဝူ အချစ်မြစ်ထဲတွင် နစ်မြုပ်နေသည်

Vol. 52 Ch. 718

ဆိုးရွားသော ပြသနာရှာသူများသည် လှုပ်ရှားရန်နှင့် ပြဿနာရှာရန် အဆင်သင့်ဖြစ်နေချိန်တွင် ရှန်ဟိုင်း၏ အောက်ခြေတွင် လှိုင်းလုံးများသည် လျှို့ဝှက်စွာ တဟုန်ထိုး ပြင်းထန်နေသည်။ မကြာသေးမီက ကြီးမားသော ရာဇဝတ်မှုများသည် မရေမတွက်နိုင်သော လူများ၏အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း ထန်ရှုအတွက် ဘဝအရသာတစ်ခုကလွဲ၍ ဘာမှ မထူးခြားပေ။ အမှန်ဆိုရင် သည်ကိစ္စ၌ သူ မပါဝင်ခဲ့ဘူးဆိုရင်တောင် အရာအားလုံးက သူ့ကို ဘယ်တော့မှ ထိခိုက်စေမည် မဟုတ်ပေ။

လက်ရှိတွင် သူ၏ အဓိက ဦးစားပေးမှာ ငွေရှာရန်နှင့် ကျင့်ကြံရန် ဖြစ်သည်။ ထပ်ခါတလဲလဲ မတော်တဆ တိုက်ဆိုင်မှုဖြစ်ရပ်များစွာနှင့် တွေ့ကြုံရသောကြောင့် သူ၏ကျင့်ကြံမှုသည် တဟုန်ထိုး တိုးတက်လာခဲ့သည်။ အကယ်၍ သူသာ ကမ္ဘာမြေသို့ ပြန်လာခါစအချိန် ဖြစ်ခဲ့ပါက သူ၏လက်ရှိခွန်အားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ထင်ရှားကျော်ကြားသော ပုံရိပ်များအားလုံးကို သုတ်သင်နိုင်မည်ဟုပင် သူ ခံစားမိပေမည်။ သို့သော် ကမ်းဇတ်တွင် အခြားကျင့်ကြံသူများအား တွေ့ပြီးကတည်းက ကမ္ဘာမြေတွင်လည်း ပုန်းကွယ်နေသော နဂါးများ၊ ဝပ်နေသော ကျားများ ရှိသည်ကို နောက်ဆုံးတွင် သူ သဘောပေါက်ခဲ့သည်။

သူ့မိသားစုနှင့် အတူနေထိုင်ပြီး ကျင့်ကြံမှုတွင် နှစ်မြှုပ်ရန်…

ဤသည်မှာ သူ ကမ္ဘာမြေသို့ ပြန်လာစဉ်က သူ၏ အစီအစဉ် ဖြစ်သည်။ သူ့အမေနှင့် အနှစ် ၁၀,၀၀၀ အတူရှိချင်သော ဆန္ဒ၊ သူ အမြဲတမ်း လိုချင်သော မိသားစု ချစ်မေတ္တာတို့အပြင် သူ့အဖေနှင့်တခြား မိသားစုဝင်များကိုပင် ရခဲ့သဖြင့် သူ လိုချင်တာထက် ပိုနေခဲ့ပြီဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံမှုကတော့ အဟောင်းကို ဆုံးရှုံးပြီး ပြန်လည်တည်ဆောက်ခဲ့ရသော အသစ်သာ ဖြစ်တော့သည်။ သူသည် သေမျိုးတစ်ယောက်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယခုအချိန်တွင် သူနှင့် အသင့်တော်ဆုံးဖြစ်သော ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ဖြင့် ပိုမိုသန်မာလာအောင် ကျင့်ကြံနိုင်ခဲ့ပေရာ ကျင့်ကြံမှုတိုးတက်မှုနှုန်း အဟုန်ပြင်းစွာ တိုးတက်လျက် ရှိသည်။

တစ်ညလုံး ကျင့်ကြံပြီးနောက် ထန်ရှုသည် နံနက်မိုးသောက် အလင်းရောက်ချိန်တွင် ကျင့်ကြံရာမှ ထလာသည်။ သူသည် တစ်ညလုံး ကျင့်ကြံနေခဲ့သော်လည်း နဂါးကိုးကောင်ကျွန်းတွင် ကျင့်ကြံခဲ့သော ကျင့်ကြံမှုတိုးတက်နှုန်းကို မမီသဖြင့် ထိုကျွန်းအား လွမ်းဆွတ်နေခဲ့သည်။ မကြာမီကာလတွင် နဂါးကိုးကျွန်းသို့ ပြန်သွားရန် အချိန်အနည်းငယ် ဖယ်ထားနိုင်မလားဟု စိတ်ထဲတွင် တိတ်တဆိတ် တွေးတောမိသည်။

မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးနောက် မြေအောက်သိုင်းပညာတိုက်ခိုက်ခြင်းပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ချန်ရှီမြို့သို့ အဖော်လိုက်ပေးရန် ဟန်ကျင်းဝူမှ ဖုန်းဆက်လာချိန်တွင် သူသည် နံနက်စာပင် မစားရသေးပေ။ ရှန်ဟိုင်းတက္ကသိုလ် အဝင်ဝတွင် တွေ့ဆုံရန် သဘောတူပြီးနောက် ထန်ရှုသည် အဝတ်အစားလဲကာ နံနက်စာမစားတော့ဘဲ ထိုနေရာသို့ အပြေးသွားလိုက်သည်။ သူ ထိုနေရာကို ရောက်သောအချိန်တွင် ဟန်ကျင်းဝူ စောင့်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။

"မနက်စာ စားပြီးပြီလား။" ဟန်ကျင်းဝူက မေးသည်။

"မစားရသေးဘူး … မင်းရော …" ထန်ရှု ခေါင်းယမ်းပြသည်။

"မင်းလည်း မစားရသေးရင် ဗိုက်ဖြည့်ဖို့ နေရာရှာရအောင်။ ဒီတိုက်ပွဲက ဘယ်နှစ်နာရီ စမှာလဲ … ကျွန်တော့်ကို ပြောပါဦး။”

"ငါလည်း မစားရသေးဘူး။" ဟန်ကျင်းဝူက ခေါင်းယမ်းလိုက်ပြီး

“ပွဲက ည ၈နာရီမှာ စလိမ့်မယ်။”

ထန်ရှု တခဏလောက် ငူငူကြီး ဖြစ်သွားသည်။ သူ့အမူအရာသည် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

"အစ်မကြီး … မင်း မှားနေတာတော့ မဟုတ်ပါဘူးနော်။ တိုက်ပွဲက ည ၈ နာရီမှ စမှာကို အခုမနက်ကတည်းက လာဖို့ ဘာဖြစ်လို့ ခေါ်တာလဲ။ မင်းက အခုပဲ ချန်ရှီမြို့ကို အပြေးအလွှားသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြောက်လန့်တကြား ကြည့်ရင်းနဲ့ ညနေအထိ စောင့်ချင်နေတာလား။"

ဟန်ကျင်းဝူက အတန်ငယ် အနေရခက်နေဟန်ရသည်။ သူမ မနက်စောစော ထန်ရှုကို ခေါ်လိုက်ရသည့် အကြောင်းရင်းသည် ထန်ရှုတစ်ယောက် ရုတ်တရက် အကြောင်းတစ်စုံတစ်ခု ပေါ်ကာ သူမနှင့်အတူ မလိုက်နိုင်တော့မည်ကို စိုးထိတ်မိသောကြောင့်ပင်။ ထို့အပြင် သူနှင့်အတူ ရှိချင်ကာ ရင်ခုန်စရာကောင်းသော အချိန်တစ်ခုကို ကုန်ဆုံးချင်သော ဆန္ဒတစ်ခုလည်း သူမထံတွင် ရှိနေခဲ့ပသည်။ ယမန်နှစ် စက်တင်ဘာလက မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြီးချိန်မှစ၍ သူမ၏စိတ်အတွင်း၌ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသော ရုပ်သွင်တစ်ခုသည် ထန်ရှု၏ရုပ်ရည်သွင်ပြင်နှင့် တူညီလုနီးပါးရှိသည်။

သူမအတွက် ပိုမိုမယုံနိုင်စရာကောင်းသော အရာတစ်ခု ရှိခဲ့သည်။ ထန်ရှု၏မျက်နှာသည် သူမ၏စိတ်ထဲတွင် မကြာခဏ ပေါ်လာပြီးနောက် သူမ၏စိတ်ထဲတွင် မေးခွန်းများ ပေါ်လာသည်။ ထန်ရှု အခု ဘာများ လုပ်နေပါလိမ့်။ သူ စားပြီးပြီလား။ ဒီနေ့ ကျောင်းဝင်းကို လာမှာလား။ ဒီနေ့ရော ငါ သူ့ကို တွေ့နိုင်လေမလား။

သူမနှင့်ဆုံချိန်တွင် ထန်ရှု ဖော်ပြသော အမူအရာက သူမကို သက်တောင့်သက်သာ မဖြစ်စေသော်လည်း သူ့ကို တွေ့လိုက်ရသည့်အတွက် သူမ ဝမ်းသာနေဆဲပင်။ သူမ မပျော်ဘဲမနေနိုင်လောက်အောင်ပင်တည်း။

သူမ တစ်ခါမှ မချစ်ခဲ့ဖူးပေ။ အခြားသူများထံမှ ကြားရခြင်း၊ စာအုပ်များဖတ်ခြင်း သို့မဟုတ် တီဗီကြည့်ခြင်းတို့မှသာ အချစ်ဆိုသောအရာအား သူမ သိလာရခြင်းဖြစ်သည်။ သို့သော် သူမသည် သူ့ကို လေးလေးနက်နက် ချစ်မိသွားကြောင်း ပြောပြနိုင်သည်။ မဟုတ်ဘူး … သူမက အချစ်မြစ်ထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားခဲ့သည်ဟုပင် ဆိုရပေတော့မည်။ အဆိုးဆုံးမှာ တုံ့ပြန်မှု မရှိသော၊ အဆင်မပြေသော ချစ်ခြင်းမေတ္တာတစ်ခု၏ အဆိုးရွားဆုံး နှိပ်စက်ခြင်းသာ ဖြစ်တော့သည်။

တခါတရံတွင် သူမသည် မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်မိသည်ဟုလည်း တွေးထင်မိသည်။ သူမ ချစ်မိသွားသောသူသည် သူမ၏ကျောင်းသား ဖြစ်နေသည့်အပြင် သူမထက် နှစ်အနည်းငယ် ငယ်သည်။ သို့သော် ကျောင်းသားစင်စစ် မဟုတ်သော ထန်ရှု၏အပြုအမူနှင့်အမူအကျင့်များကို သတိရလာသောအခါ သူမ တဖြည်းဖြည်း စိတ်သက်သာရာ ရသွားခဲ့သည်။ နိုင်ငံ့အဆင့်က ပါမောက္ခများပင် သူ၏အရည်အချင်းနှင့် မယှဉ်နိုင်ပေရာ ကမ္ဘာတဝှမ်းတွင် သူ့ကို ယှဉ်နိုင်သောသူ မည်မျှကျန်ပါလိမ့်မည်နည်း။

ထို့အပြင် ထန်ရှု၏အမျိုးသမီးများနှင့်ပတ်သက်သော ကံသည် ကောင်းလွန်းနေပြီး သူ၏အနီးတွင် ထက်မြက်သော မိန်းမချောလေးများ အမှန်တကယ် ပေါများသောကြောင့် သူမသည် အတော်ပင် စိတ်ဆင်းရဲနေရသည်။ ပုံရိပ်ကြီးမားသည်ဖြစ်စေ၊ ရုပ်ရည်ချောမောသည်ဖြစ်စေ၊ စိတ်နေစိတ်ထားနှင့် အရည်အချင်းပင်ဖြစ်စေ ထန်ရှုအတွက် တန်းစီနေသော မိန်းကလေးအရေအတွက်သည် များပြားလွန်းသည်ကို သူမကိုယ်တိုင် သိရှိနားလည်ခဲ့သည်။

ဒါက တစ်ဖက်သတ်အချစ်ကို သူမ ခံစားနေရခြင်းပင်။ သူမအတွက် အချိုရော အခါးရော ရောယှက်နေပေသည်။

ထို့ကြောင့် ကျင့်ကြံနည်းစနစ်တစ်ခုသည် နားလည်ရခက်စွာ သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည့်အပြင် ကျင်းမန်ကျွန်းတွင် သူမ ကြုံတွေ့ရသော အန္တရာယ်ကြောင့် သူမသည် ပိုမိုသန်မာလာစေရန်အတွက် သေသည်အထိ ကျင့်ကြံရန် စတင်လုပ်ဆောင်ခဲ့သည်။ ထန်ရှု၏နောက်တွင် သူမ မကျန်ခဲ့စေရန်အတွက် သူမသည် မြေအောက်တိုက်ပွဲများတွင်ပင် ပါဝင်စွန့်စားရန် တုံ့ဆိုင်းမနေခဲ့ပေ။

"ဘာလို့လဲဆိုတော့ ငါ့မှာ မတွေ့ရတာ နှစ်ဝက်လောက် ရှိနေတဲ့ ညီအစ်မတစ်ယောက်က ချန်ရှီမြို့မှာ ရှိတယ်။ ဒါကြောင့် သူ့နဲ့တွေ့ဖို့ အရင်ကြိုသွားချင်တာပါ။” ပြန်ဖြေလာသော ဟန်ကျင်းဝူ၏အသံက ဖျော့တော့နေသည်။

"ဒါပေမယ့် မင်းရဲ့ညီအစ်မကို တွေ့ဖို့ ကျွန်တော်နဲ့အတူ သွားတာက လွဲနေတာမဟုတ်ဘူးလား။"

ထန်ရှု ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဒီလိုဆို ချန်ရှီမြို့ကို မင်း အရင်သွားလိုက်ပါ။ ညနေကျရင် ကျွန်တော် မင်းဆီ လိုက်လာခဲ့မယ်။ နောက်မှ မင်းဆီ ဖုန်းဆက်လိုက်မယ်။ မြေအောက်တိုက်ပွဲ ကျင်းပမယ့်နေရာမှာ ကျွန်တော်တို့ တွေ့ကြမယ်လေ။ အဲ့ဒါ မင်းအဆင်ပြေရဲ့လား။"

နာကျင်ခါးသီးမှုသည် ဟန်ကျင်းဝူ၏နှလုံးသားထဲတွင် ပြည့်နှက်သွားသည်။

"ငါ သူနဲ့ ထမင်းသွားစားရုံလေးပါ။ ငါတို့အတူတူ သွားစားလို့ အဆင်မပြေဘူးလား။ နောက်ပြီး ငါက လူလွတ်ဆိုတာကို သူက သိနေတော့ သူနဲ့တွေ့ရင် သူ့ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမှာကို ငါ ကြောက်လို့။”

ထန်ရှုသည် ငတုံးမဟုတ်သောကြောင့် ဟန်ကျင်းဝူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သည်။ သူမသည် သူ့ကို အကာအကွယ်အဖြစ် အကြောင်းပြချက်တစ်ခု အသုံးချချင်သည်။ သူ ခဏလောက် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ

“ကောင်းပါပြီ။ ဒီနေ့ ဘာမှအရေးကြီးတာတော့ မရှိဘူး။ ဒါပေမယ့် နေ့လယ်စာတော့ ဝယ်ကျွေးရမယ်။”

"ပြဿနာ မရှိဘူး။" ဟန်ကျင်းဝူ၏စိတ်ထဲတွင် ပျော်ရွှင်သွားပြီး ဝမ်းသာအားရ ပြန်ပြောသည်။ ထို့နောက် အပြင်ဘက်တွင် ရပ်ထားသည့် ဘီအမ်ဒဗလျူအနီရောင်ကားဆီသို့ အမြန် လျှောက်သွားကာ ကားရှေ့တံခါးကို ထန်ရှုအတွက် ကိုယ်တိုင် ဖွင့်ပေးလိုက်သည်။

ထန်ရှုက တိတ်တဆိတ် ခေါင်းယမ်းမိသည်။ ကားပေါ် တက်လာပြီးနောက် သူက

“စကားမစပ် … မင်းစိတ်ထဲမှာ ကျင့်ကြံနည်းတစ်ခုပဲ ပေါ်လာသေးတာလား။”

ဟန်ကျင်းဝူ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး ကားကို စတင်မောင်းလိုက်သည်။

ထန်ရှုက ဟန်ကျင်းဝူ မည်သည့်ကျင့်ကြံနည်းစနစ်ကို လေ့ကျင့်နေမှန်း သိထားသောကြောင့် ခေါင်းယမ်းကာ သက်ပြင်းချပြီး

"မင်းအဖိုးက ပိုအဆင့်မြင့်တဲ့ ကျင့်ကြံနည်းစနစ်ကို လိုချင်နေတယ်။ ဒါပေမယ့် မင်းမှာ သူ့ကို ပေးစရာ မရှိဘူးဆိုတော့ ငါ သူ့ကို တစ်ခုပေးဖို့ အချိန်ပေးရှာရလိမ့်မယ်။ ဒါပေမယ့် သူ့အသက်အရွယ်အရ ပိုပြီးအဆင့်မြင့်တဲ့ ကျင့်ကြံနည်းစနစ်ရှိရင်တောင် အနာဂတ်မှာ အောင်မြင်မှုအများကြီး ရမှာ မဟုတ်ဘူး။ နောက်ထပ်အောင်မြင်မှုတစ်ခု ရနိုင်ရင်တော့ သူက နောက်ထပ်ဆယ်စုနှစ်များစွာ အသက်ရှင်နေထိုင်ရဦး မှာပါ။”

"ဟင်…" ဟန်ကျင်းဝူ အံ့အားသင့်သွားသည်။ "ကျင့်ကြံတာက ငါတို့ရဲ့သက်တမ်းကို တိုးစေနိုင်တာလား။"

သည်တစ်ခါတော့ ထန်ရှု စကားမပြောနိုင်တော့သော အလှည့်ဖြစ်သည်။ ဟန်ကျင်းဝူသည် ထိုကဲ့သို့ သာမန်အသိလေးပင် မသိတော့ကြောင်း သူ မမျှော်လင့်ထားခဲ့မိပေ။ သို့သော် သူမ၏စိတ်ထဲတွင် ပေါ်လာသော မှတ်ဉာဏ်သည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေသည်ကို သူ ပြန်အမှတ်ရလာတော့မှ စိတ်သက်သာရာရပြီး

“တာအိုကျင့်ကြံသူတွေအတွက် သူတို့ရဲ့ကျင့်ကြံမှု အဆင့်မြင့်လာတာနဲ့အတူ သူတို့ရဲ့သက်တမ်းဟာ တိုးလာသလို အသက်ရှည်မှုကလည်း တိုးလာမှာပါ။ မင်းရဲ့ကျင့်ကြံမှုအဆင့်က အခုဆိုချီသန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။ မတော်တဆမှု မရှိရင် မင်း အနှစ် ၁၂၀သက်တမ်း ရှည်နိုင်ပြီ။ အခြေခံတည်ထောင်ခြင်း အဆင့်ကို ဖြတ်ကျော်ပြီး ဒါမှမဟုတ် ဒီအဆင့်ရဲ့အထွတ်အထိပ်ကို ရောက်သွားရင် မင်းရဲ့သက်တမ်းဟာ အနှစ်၂၀၀ရှိလိမ့်မယ်။”

ကံကောင်းထောက်မစွာ ဟန်ကျင်းဝူ၏စိတ်သည် ခိုင်မာနေသောကြောင့်ပင်။ နို့မဟုတ်ပါက သူမသည် ထိတ်လန့်မှုကြောင့် ကားတိုက်မှု ဖြစ်မည်မှာ သေချာပေါက် ဖြစ်လိမ့်မည်။ သို့တိုင် သူမ၏နှလုံးသားလေးသည် တုန်လှုပ်နေဆဲဖြစ်ပြီး ကျင့်ကြံမှုအပေါ် အရင်ကထက် ပိုပြီး စိတ်အားထက်သန် လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ကားသည် အဝေးပြေး တိုးဂိတ်ကို ဖြတ်လာကာ နောက်ဆုံးတွင် အဝေးပြေးလမ်းမပေါ်သို့ တက်လာသည်။ ထို့နောက် ဟန်ကျင်းဝူက

"ထာဝရခန်းမလူတိုင်းက ကျင့်ကြံသူတွေချည်းပဲလား။"

“အဓိကအဖွဲ့ဝင်တွေပါပဲ။ လူ ၁၀၀လောက်ရှိမယ်။”

ဟန်ကျင်းဝူ အံသြသွားသည်။ ထိုအရာသည် သူမ၏ စိတ်ကူးထားမှုကို ကျော်လွန်နေသည်။ ထန်ရှုသည် သူ့လက်အောက်တွင် ထိုကဲ့သို့ ကြီးမားသော အင်အားတစ်ခု ထားနိုင်သည်ကို သူမ သိရသောအခါ အံ့အားသင့်နေမိသည်။

သူ့အာဏာကို ချဲ့ထွင်လိုပြီး ကြီးမားသော အခွင့်အရေးများနှင့်အခွင့်ထူးများကို ရယူလိုပါက သူသည် ဤအင်အားစုကို အသုံးပြုရန်သာ လိုအပ်ပြီး သူ၏ သြဇာအာဏာသည် ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် တိုးလာမည်ဖြစ်သည်။

မနက်ဆယ်နာရီ…

ဟန်ကျင်းဝူနှင့်ထန်ရှုသည် ချန်ရှီမြို့သို့ ရောက်ခဲ့လေပြီ။ သူမ၏ညီအစ်မနှင့်ချိန်းဆိုထားသည့်အချိန် မရောက်သေးသောကြောင့် ဟန်ကျင်းဝူသည် ဈေးဝယ်စင်တာတစ်ခုအနီးတွင် ကားကို ရပ်လိုက်ပြီး ထန်ရှုကို ကြည့်ကာ

"နင်သွားချင်တဲ့ နေရာ ရှိသေးလား။"

“မရှိဘူး။” ထန်ရှု ခေါင်းခါလိုက်သည်။

"ဒါက ချန်ရှီမြို့ကို ပထမဆုံးအကြိမ် ရောက်တာဆိုတော့ နေရာနဲ့ သိပ်မရင်းနှီးဘူး။ မင်းပဲ ဆုံးဖြတ်ပါ။ ကျွန်တော်က ဒီနေ့ ဧည့်သည်ပဲ။”

ဟန်ကျင်းဝူ၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး ချက်ချင်းပင် ဝမ်းသာအားရ အဆိုပြုလိုက်သည်။

"ဘာလို့ ကောလိပ်နားက ရုပ်ရှင်စတူဒီယိုကို မသွားတာလဲ။ ငါ ဒီကို နောက်ဆုံးရောက်တုန်းက အချိန်ပြည့်သွားလို့ သွားကြည့်ဖို့ အခွင့်အရေး မရခဲ့ဘူး။ အခု အဲ့ဒီမှာ ရုပ်ရှင်ရိုက်နေတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး သမားတွေ ရှိတယ်လို့ ငါကြားထားတယ်။”

ထန်ရှုက ရုပ်ရှင်ကား ရိုက်ခြင်းကို စိတ်မဝင်စားသော်လည်း ဟန်ကျင်းဝူ၏အဆိုပြုချက်ကို ကန့်ကွက်လိုစိတ်မရှိပေ။ နာရီဝက်လောက်ကြာသော် သူတို့နှစ်ယောက် ရုပ်ရှင်မြို့ကို ရောက်လာသည်။

ချန်ရှီမြို့သည် တောင်ပိုင်းဒေသတွင် တည်ရှိသော်လည်း မတ်လနှင့်ဧပြီလများတွင် ရာသီဥတုသည် အနည်းငယ် အေးနေသေးသည်။ သည်ရုပ်ရှင်မြို့တော်တွင် လူအများကြီး ရှိနေသည်။ စုံစမ်းမေးမြန်းပြီးနောက် ထိုနေရာတွင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ရုပ်ရှင်ထုတ်လုပ်ရေးသမားများ အမှန်တကယ် ရှိနေကြောင်း သိရှိခဲ့ရသည်။ သို့သော် ထင်ရှားကျော်ကြားသော အနုပညာရှင်များ ပါဝင်ခြင်းမရှိပေ။

“ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှာ လူတွေက အခန်းကဏ္ဍသေးသေးလေးတွေ ပါဝင်ဖို့ အခွင့်အရေးရှိတယ်လို့ ကြားတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ငါ့ရဲ့ညီအစ်မတော်တောင် ဒီနေရာကိုလာပြီး အပျော်သဘောပါလို့ တီဗွီစီးရီးနဲ့ ရုပ်ရှင်အချို့ မှာ ဇာတ်ရံတစ်ဦး ဖြစ်လာသေးတယ်။ တစ်ချက်လောက် စမ်းကြည့်မလား။"

ဟန်ကျင်းဝူသည် အနည်းငယ် စိတ်အားထက်သန်နေပုံရသည်။

ထန်ရှုက မျက်လုံးလှိမ့်လိုက်ပြီး သူမကို အမြန်တားလိုက်ကာ

"လုပ်လို့မရဘူး။ မင်းရဲ့ညီအစ်မနဲ့ ချိန်းထားတဲ့အချိန်က တစ်နာရီပဲ လိုတော့တယ်။ ဇာတ်ရံတစ်ယောက် ဖြစ်လာပြီး သေးငယ်တဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်ရင်တောင် တစ်နာရီ နှစ်နာရီလောက် ပြီးအောင်လုပ်ဖို့ မလုံလောက်ဘူး မဟုတ်ဘူးလား"

“အာ … နင် မှန်ပါတယ်။" ဟန်ကျင်းဝူသည် အနည်းငယ် ဝမ်းနည်းဟန်ဖြင့် တွေးပြီးနောက် သူမ၏ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

ထန်ရှုသည် ဟန်ကျင်းဝူ၏အကြံအစည်ကို လုံးဝ အလိုမလိုက်ချင်ပေ။ သူသည် ဖျော်ဖြေရေးနယ်ပယ်မှ တစ်စုံတစ်ယောက် မဟုတ်သော်လည်း ချင်းရှောင်ယန်၊ ချူယီတို့နှင့် ပူးပေါင်းကာ ကိုယ်ပိုင်ဖျော်ဖြေရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ချင်းရှောင်ယန်သည် လက်ရှိတွင် ထိပ်တန်းစူပါစတားများ သို့မဟုတ် ထို့ထက်နိမ့်သော အတန်းအစားများဖြင့် လက်မှတ်ရေးထိုးထားသည်။ ထိုကုမ္ပဏီ၏သူဌေးတစ်ဦးဖြစ်ပြီး အသေးအဖွဲ ဇာတ်ကောင်အချို့တွင် သူ ပါဝင်သရုပ်ဆောင်ကြောင်း ချင်းရှောင်ယန်နှင့် ချူယီတို့ သိသွားပါက သူ အရယ်ခံနေရလိမ့်မည်မဟုတ်ပါလော။

နှစ်ယောက်သား လှည့်ပတ်ကြည့်ရင်း နေ့လည် ၁၁:၃၀ ရောက်ခဲ့ချေပြီ။ ဟန်ကျင်းဝူက သူ့ညီအစ်မဆီ ဖုန်းဆက်ခဲ့ရာ ထိုအမျိုးသမီးသည် သူတို့ ရှိနေသော နေရာသို့ ရောက်လာပြီး အခု သူတို့နှစ်ယောက်၏ အရှေ့တွင် ရပ်နေခဲ့ပြီဖြစ်သည်။

အရပ် ၁.၈မီတာရှိပြီး ရှူးဖိနပ်အပြားကို ဝတ်ဆင်လျက် အရပ်အမောင်းကောင်းသော သူမသည် ရိုးရိုးရှင်းရှင်းဖြင့် ဖြူစင်သော အသားအရေကို ပိုင်ဆိုင်ထားသည်။ အသားဖြူခြင်းသည် ချို့ယွင်းချက်များကို ဖုံးကွယ်နိုင်သည်ဟု လူများက ပြောကြပြီး မျှော်လင့်ထားသောအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အားကောင်းသောအချက်သည် ဤအမျိုးသမီးအတွက် ပိုမိုများပြားပေသည်။

"လူချောလေး … မင်းက ဝူလေး နေ့ရောညပါ တောင့်တနေရတဲ့သူလား" ယုဟောင်က လက်နှစ်ဖက်ပိုက်ပြီး ထန်ရှုကို ဂရုတစိုက်ကြည့်ရင်း ခပ်သဲ့သဲ့ပြုံးကာ မေးလိုက်သည်။

အာ ... ထန်ရှုက ဟန်ကျင်းဝူကို ကြည့်လိုက်စဉ် သူမ၏ လှပသော မျက်နှာလေးသည် နီရဲနေသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး

“မင်္ဂလာပါ အလှလေး။ စကားမစပ် ကျွန်တော်က ဆရာမဟန်ရဲ့ ကျောင်းသားပါ။ သူ့ညီအစ်မတော်က လူလွတ်ဖြစ်နေတုန်းပဲလို့ ကြားသိရတဲ့အတွက် သူမကို လူချင်းတွေ့ဖို့ လာခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် မင်းက မဆိုးပါဘူး။ အရပ်အမောင်းနဲ့ ရုပ်ရည်သွင်အပြင် ပုံစံစတိုင်က မိုက်ပါတယ်။ ကျွန်တော်နဲ့ ချိန်းတွေ့ပြီး အခု ရုပ်ရှင်တစ်ကားလောက် ကြည့်ရင်ရော ဘယ်လိုလဲ။"

“သေပါပြီ …”

***

All Chapters