← Chapters

ပျော်ရွှင်ဖွယ်အဆုံးသတ်ရရှိရန် အချစ်ဇာတ်လမ်းကို ကူညီပေးခြင်း

Vol. 52 Ch. 721

ပျော်ရွှင်ဖွယ်အဆုံးသတ်ရရှိရန် အချစ်ဇာတ်လမ်းကို ကူညီပေးခြင်း

Vol. 52 Ch. 721

ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး ရှက်ရွံ့စွာဖြင့် စားပွဲအောက်ခြေအထိ ခေါင်းမြုပ်လုနီးပါး ဖြစ်နေသော ယုဟောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ အပြုံးဖြင့်

"အချစ်ဇာတ်လမ်းလေးကို ပျော်ရွှင်ဖွယ်အဆုံးသတ် ဖြစ်စေဖို့ အကူအညီပေးတာက ငါ ကျေကျေနပ်နပ်ကြီး လုပ်ချင်တဲ့အရာပါ။ အဲ့ဒါကို စိတ်ထဲ မထားပါနဲ့။ အနာဂတ်မှာ ကောင်းမွန်သောဘဝလေး ပိုင်ဆိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။”

ထိုအချိန်တွင် ကျိမုသည် ဒုတိယထပ်သို့ ရောက်လာသည်။ ချန်ရှီသည် သူ၏နယ်မြေ ဖြစ်သော်လည်း ထန်ရှု၏အရှေ့တွင် ရပ်ကာ လေးစားသော အမူအရာဖြင့်

“မင်း အစောက ပြောလိုက်တဲ့စကားကြောင့် ငါ ဉာဏ်အလင်း ရသွားပါပြီ။ ချန်ရှီကို မင်း လာလည်တာ ငါ မသိဘူး။ မင်းကို ဧည့်ဝတ်မကျေခဲ့မိတာအတွက် ငါ တောင်းပန်ပါတယ်။"

"ကိုယ်ရေးကိုယ်တာကိစ္စနဲ့ လာတာမို့လို့ ထုံးစံတွေ မလိုပါဘူးကွာ။"

ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ဇနီးကို လက်ခံထားပြီးပြီ။ မကြာခင်မှာလည်း မင်းရဲ့ကလေးကို မွေးတော့မှာမို့လို့ အနားယူဖို့ သူ့ကို အိမ်ခေါ်သွားတာ ပိုကောင်းမယ်။"

“ငါ အဲ့ဒါကို ဘယ်လိုလုပ်နိုင်မှာလဲ ညီအစ်ကိုထန်။ မင်းက အခုမှ ရောက်တာကို အိမ်ရှင်အဖြစ်နဲ့ ငါက ကောင်းကောင်း ဧည့်ခံရမှာပေါ့။ နောက်ပြီး မင်း ချန်ရှီမှာ ရက်အနည်းငယ်လောက် နေမယ်ဆိုရင် မင်းအတွက် ဟိုတယ်တစ်ခုမှာ ငါ ချက်ချင်း အခန်းမှာပေးမယ်။ ဒါမှမဟုတ် အဲ့ဒီမှာ မနေချင်ရင် ငါ့ရဲ့ ဗီလာမှာ နေဖို့လည်း ရွေးလို့ရတယ်။ ငါ့မှာ လူမနေတဲ့ အိမ်တစ်လုံးရှိတယ်။ ဒါကြောင့် မင်း အချိန်မရွေး အဲ့ဒီမှာ နေလို့ရတယ်။"

အနီးနားရှိလူတိုင်းသည် သူ့စကားကို ကြားပြီးနောက် ချက်ချင်းပင် အံ့အားသင့်သွားကြပြီး သူ၏အခင်ဆုံးသူငယ်ချင်းများပင် သူတို့ကြားလိုက်သည်ကို မယုံနိုင်လောက်အောင် တုန်လှုပ်ခြောက်ခြားကာ စကားပင် မပြောနိုင်ခဲ့ကြပေ။

ယုဟောင်ကိုယ်တိုင် ဤအချိန်တွင် အံ့အားသင့်သွားသည်။ သူမ၏ညီအစ်မ ဟန်ကျင်းဝူသည် သူမ၏ကျောင်းသားအပေါ် တစ်ဖက်သတ်ချစ်နေကြောင်း သူမ သိသော်လည်း ထိုကျောင်းသားသည် သူ့ကိုယ်ပိုင်လုပ်ငန်းကို စတင်ပြီး ကုမ္ပဏီတစ်ခုထူထောင်ထားကာ အရည်အချင်းများစွာ ရှိကြောင်းလည်း သူမ သိသည်။ သို့သော် ထိုအကြောင်းကလွဲပြီး တခြားဘာမှ သူမ မသိထားချေ။

သို့သော် ယခုတော့ ထန်ရှုက အမှန်အတိုင်း ပြောရမည်ဆိုပါက အလွန်ကောင်းမွန်နေဟန်ရပေသည်။ ချန်ရှီ၏ကျိမိသားစုသည်ပင် သူ့အရှေ့တွင် ရိုသေလေးစားသော သဘောထား ပြသရနေသည်ဟု သူ တွေးထင်မိသည်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ … ထန်ရှုမှာ အလွန်လေးစားစရာကောင်းတဲ့ ဂုဏ်ပုဒ်တစ်ခု ရှိနေတာလား ဘာလား။ ထန်ရှုရဲ့သြဇာက ကျိမိသားစုထက် အများကြီး အင်အားကြီးနေတာများလား။

တစ်ချိန်တည်းမှာပင် ရန်ယန်ယန်သည် ကျိမု၏စကားများမှတဆင့် ကျိမုသည် သူမကို ကူညီခဲ့သည့်လူငယ်ကို သိရုံသာမက ထိုသူ့ကိုလည်း အလွန်လေးစားကြောင်း သိနိုင်သဖြင့် အံ့အားသင့်သွားခဲ့သည်။ သူမသည် ကျိမုအကြောင်းကို ကောင်းစွာ သိသောကြောင့် ချန်ရှီတစ်ခုလုံးတွင် သူက လေးလေးစားစား ဆက်ဆံနိုင်သည့် လူသည် ခရိုင်တစ်ခုလုံးတွင်သာမက တစ်ပြည်လုံးတွင်ပါ လူနည်းစုသာဖြစ်သည်။

သည်ကျေးဇူးရှင်က ဘယ်သူ ဖြစ်နိုင်မလဲ။ ဒီဂုဏ်သရေ ရှိတဲ့သူက ဘယ်က လာပြီး ကျိမုက သူ့ကို အရမ်းလေးစားသွားအောင် လုပ်နိုင်တာလဲ။

လူတိုင်း၏အံ့သြတုန်လှုပ်နေသော အမူအရာများကို ကြည့်ရင်း ထန်ရှုက ကူကယ်ရာမဲ့စွာဖြင့်

"မင်းမိန်းမ ကိုယ်ဝန်ရှိနေပြီ ကျိမု။ သူမက ဒီလို စိတ်လှုပ်ရှားမှုမျိုးကို ကြုံထားရတယ်။ သူမ ကိုယ်ဝန်မပျက်ကျစေရအောင် ကောင်းကောင်း အနားယူခိုင်းလိုက်တာ သင့်တော်တယ်။ နောက်ပြီး ငါလည်း ကိုယ်ရေးကိုယ်တာကိစ္စအတွက် သူငယ်ချင်းတစ်ယောက်နဲ့ ဒီကိုလာခဲ့တာဆိုတော့ ဒီညနေ ရှန်ဟိုင်းကို ပြန်မှာပါ။ ငါ ဒီမှာ ရှိနေတုန်း မင်းအတွက် ဒုက္ခဖြစ်စရာ မလိုပါဘူးကွာ။"

ရန်ယန်ယန်၏ဗိုက်ကလေးကို ကြည့်ရင်း ကျိမုက အနည်းငယ် တုံ့ဆိုင်းသွားကာ

"ကောင်းပြီ … ငါ သူမကို အရင် ခေါ်သွားပြီး သူမ အခြေတကျဖြစ်သွားရင် မင်းဆီကို ပြန်လာခဲ့မယ်။ ညီအစ်ကိုထန် … မင်းက ဘုရင်တစ်ယောက်လို့တောင် ပြောနိုင်တဲ့ ငါက ချန်ရှီဒေသခံတစ်ယောက်ပါ။ ဒါကြောင့် မင်း အသေးအဖွဲပြဿနာတစ်ခုခု ကြုံလာရင် မင်း ဒီမှာ ရှိတဲ့အရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ငါ ကူညီပေးနိုင်တယ်။"

"မင်းက ခွေးအရေခွံပလာစတာလား ဘာလားကွာ။" ထန်ရှုက အာလုပ်သံဖြင့် ပြောလိုက်သည်။ သို့သော် ထိုသို့ပြောပြီးနောက်တွင် သူ၏လုပ်ရပ်များသည် ကျိမုအား မျက်နှာသာ မပေးသကဲ့သို့ ဖြစ်နေသောကြောင့် ဆက်ပြောလိုက်သည်။

"ဒါပေမယ့် မင်းမှာ ဘာမှ လုပ်စရာမရှိဘူးဆိုရင်တော့ အဆင်ပြေတယ်။ နောက်မှ တစ်ခေါက် ထပ်လာခဲ့ပေါ့။"

"အသေအချာပေါ့။" ကျိမုသည် အစက အနည်းငယ် ရှက်သွားသော်လည်း ထန်ရှုထံမှ နောက်ဆက်တွဲစကားကြောင့် ချက်ချင်းပင် သူ့ကို ပျော်ရွှင်စေသည်။ ထို့နောက် သူသည် ရန်ယန်ယန်ကို ခေါ်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။

ထန်ရှု၏အကြည့်များသည် သူတို့နှစ်ယောက်၏ အနောက်သို့ ပါသွားပြီး ရုတ်တရက် လှမ်းပြောလိုက်သည်။

"ဟေး … မင်း လက်ထပ်ရင် ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့ဦး။ လက်ဆောင်ကောင်းတွေ ငါ ပြင်ထားမယ်။"

ကျိမု၏ခြေလှမ်း ရပ်တန့်သွားပြီး သူ၏နှလုံးခုန်သံ မြန်သွားရသည်။ သူသည် ချက်ချင်းပင် လှည့်ကြည့်ကာ အလေးအနက် ကျေးဇူးတင်သောအမူအရာ ပြလိုက်ပြီးနောက် ပဟေဠိဖြစ်နေဟန်ရသည့် ရန်ယန်ယန်နှင့်အတူ ထွက်သွားတော့သည်။

ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ပြီးသွားသည့်နောက် စားသောက်ဆိုင်တစ်ခုလုံးရှိ လူတိုင်းသည် ကျိမိသားစု၏သခင်လေးကပင် ထန်ရှုအား ရိုသေစွာ ဆက်ဆံသောကြောင့် သူသည် ကောင်းကင်ဘုံမှ ကြီးမြတ်သော အရာမျိုးကဲ့သို့ ဖြစ်သည်ကို သိလိုက်ကြရသည်။ သူနှင့် စကားစမြည်ပြောရန် မည်သူမှ မလာဝံ့ကြချေ။

ထိုအချိန်တွင် ယုဟောင်သည် ဘဲဥတစ်လုံးပင် ဝင်နိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူမ၏မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်သော အမူအရာသည် မိနစ်အနည်းငယ်ကြာပြီးနောက် အသိပြန်ဝင်လာသည်။ သူမ တံတွေးတစ်ချက် မျိုချလိုက်ရင်း ထမင်းစားနေဆဲဖြစ်သော ဟန်ကျင်းဝူကို ကြည့်လိုက်ပြီး အနေရခက်စွာဖြင့် မေးလိုက်သည်။

“ထ - ထန် … ထန်ရှု … နင်က ဘယ်လို ဂုဏ်သရေရှိ ပုဂ္ဂိုလ်လဲ။ ကျိမု ... သူက အရိုးပေါ် မာနရောက်တဲ့လူ ဒါပေမယ့် နင့်ရှေ့ မှာ မြေးတစ်ယောက်လို ဘယ်လို ပြုမူနေနိုင်တာလဲ။"

ထန်ရှုက သူမကို မျက်လုံးလှိမ့်ပြကာ ဆတ်ကနဲ ပြောလိုက်သည်။

“ဟေး … မင်းက အရွယ်ရောက်ပြီးတဲ့ မိန်းမလှလေး ဖြစ်ပေမယ့် အာချောင်နေတာမျိုး ဖြစ်မနေဘူးလား။ ကျွန်တော်က အိမ်ထောင်ကျပြီး မယားလည်း မရသေးသလို သားလည်း မရှိဘူး။ ကျွန်တော့်မြေးတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲတုန်း။ ကျိမုနဲ့ တွေ့ဖူးတယ်လို့ ပြောခဲ့တယ်မလား … ကျွန်တော်တို့က သူငယ်ချင်းတွေပါဗျ။"

ယုဟောင်က နှုတ်ခမ်းစူကာ ထန်ရှု၏ရှင်းပြချက်ကို နည်းနည်းလေးမှ မယုံဘူးဆိုသော အမူအရာကို ပြသည်။

ဟန်ကျင်းဝူ ရုတ်တရက် ခေါင်းမော့လာပြီး ယုဟောင်ကို ကြည့်ကာ

"ဟောင်ဟောင် … မြန်မြန် စားတော့လေ။ ဟင်းတွေက ချက်ထားတာ တော်တော်ကြာနေပြီ။ မစားရင် အေးသွားမယ်။”

“ကောင်းပြီ။ ငါ စားမယ်။"

ထန်ရှုက သူမကို မဖြေချင်တော့သည်ကို ကြည့်ပြီး ယုဟောင်က သူမ၏ရင်တွင်းမှ သံသယများကို မျိုသိပ်ထားကာ မခံချိမခံသာဖြစ်သွားသော ခံစားချက်ကို မျိုသိပ်ထားလိုက်သည်။

စားသောက်ဆိုင်၏အောက်ဘက် လမ်းတွင်…

ကျိမုသည် သူ၏ဖယ်ရီယာကားမောင်းသူနေရာတွင် ထိုင်ပြီး ကားကို စတင်မောင်းထွက်လိုက်သည်။ သို့သော် ဘေးထိုင်ခုံတွင် ထိုင်နေသော ရန်ယန်ယန်၏ စိတ်ထဲတွင် အရမ်းပျော်နေသည့်တိုင် စိတ်ရှုပ်ထွေးနေသေးသည့်ဟန်ဖြစ်သည်။ ထို့နောက် သူမက

“ကျိမု … ထန် … အဲ့ဒီမစ္စတာထန်က ဘယ်သူလဲ။ နင့်ကို ကြည့်ရတာ သူ့ကို အရမ်းတန်ဖိုးထားတဲ့ပုံ ရတယ်…"

ကျိမုက သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သူ့မှာ အရမ်းထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခု ရှိတယ်။ ဒါပေမယ့် ငါ မင်းကို အခု မပြောနိုင်ဘူး။ ဒါပေမယ့် မင်း တစ်ခုတော့ မှတ်ထားရမယ်။ နောက်ပိုင်းမှာ မင်းဟာ ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပေမယ့် မင်း သူ့ကို ဘယ်တော့မှ ပြစ်မှားလို့ မရဘူး။"

"သူက တကယ် စွမ်းအားကြီးတာလား။" ရန်ယန်ယန် အံ့သြသွားသည်။

ကျိမုက သက်ပြင်းချက်လိုက်ရင်း အားတင်းပြုံးလိုက်ကာ

“စွမ်းအားကြီးတာထက် ပိုတယ်။ ငါတို့ကျိနဲ့ ရန်မိသားစုတွေကို ချေမှုန်းဖို့က သူ့အတွက် ပုရွက်ဆိတ်တစ်ကောင် သတ်တာထက်တောင် ပိုလွယ်သေးတယ်။”

“ဒါ…” ရန်ယန်ယန် လုံး၀ တုန်လှုပ်သွားသည်။ အစွမ်းထက်သော ပုဂ္ဂိုလ်များအကြောင်း သူမ ကြားဖူးသော်လည်း ကျိနှင့် ရန်မိသားစုများကို အလွယ်တကူ ဖျက်ဆီးနိုင်သူတစ်ယောက်အကြောင်းကို တစ်ခါမျှ မကြားခဲ့ဖူးချေ။ ထိုလူက မြို့တော်ရှိ အင်အားအကြီးဆုံးမျိုးနွယ်စု၏ အမျိုးကောင်းသား ဖြစ်ခဲ့လျှင်ပင် ၎င်းသည် အောင်မြင်နိုင်ရန် နည်းလမ်း မရှိပါချေ။

သို့သော်လည်း ကျိမုသည် ထိုကဲ့သို့သော စကားလုံးကြီးကြီးများကို ထုတ်ပြောတတ်သူ မဟုတ်ကြောင်းလည်း သူမ ခံစားမိသည်။ ထို့ကြောင့် ဤအရာအားလုံး၏အတိအကျသည် မည်သည့်အရာ ဖြစ်မည်နည်း။

ကျိမုက သူမ၏စိတ်ထဲရှိ အတွေးများကို သဘောပေါက်သွားပုံရပြီး

“ကမ္ဘာပေါ်မှာ ငါတို့တွေ နှောင့်ယှက်လို့ မရတဲ့သူတွေ အများကြီးရှိတယ် ယန်ယန်။ ငါ ပြောခဲ့တာတွေက အမှန်တွေပဲ။ သူ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို ငါ ဖော်ပြနိုင်တာက သူ့ရဲ့အင်အားကို ယုတ်လျော့ထားတဲ့ အနိမ့်ဆုံး ခန့်မှန်းချက်လောက်ပါပဲ။ မြို့တော်က ထင်ရှားတဲ့ မျိုးနွယ်စုတွေအကြောင်းလည်း မင်း သိတယ်မဟုတ်လား။ အစစ်အမှန် အင်အားကြီး မိသားစုတွေတောင် သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေလိုပဲ။ ငါ့စကားကို သတိရပါ။ သာမာန်မျက်လုံးနဲ့ မကြည့်ပါနဲ့ … သူ့ရှေ့မှာ မင်း လေးစားရမယ်။ သူ ငါတို့ကို သတ်ချင်ရင်တောင် ငါတို့က ကိုယ်တိုင် အစပျိုးပေးရမယ်။”

ရှူး … ရန်ယန်ယန် ပင့်သက်ရှိုက်ပြီး ကျောရိုးစိမ့်အောင် အေးစက်သွားသလို ခံစားလိုက်ရသည်။

ကျိမုက သူ့ရှင်းပြချက်က မလုံလောက်သေးဟု ခံစားမိသဖြင့် ရိုးရှင်းသော အကျဉ်းချုပ်ကို ပြောလိုက်သည်။

"အဲ့ဒါကို မေ့လိုက်ပါ။ ငါ မင်းကို ထပ်ပြောပြမယ်။ သူက ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုရဲ့ လျှို့ဝှက်သူဌေးကြီးဖြစ်သလို ပေကျင်းမြို့က ထန်မိသားစုရဲ့ဂျူနီယာလည်း ဖြစ်တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ အရာအားလုံးက ထန်မိသားစုနဲ့ ဘာမှ မဆိုင်ဘူး။ သူကိုင်ထားတဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားက ထန်မိသားစုပေါင်း တစ်ရာလောက် ရှိတာတောင် နှိုင်းယှဉ်လို့မရဘူး။”

"နင် နတ်ဘုရားတစ်ပါးအကြောင်းကို ဖော်ပြနေတာတော့ မဟုတ်ဘူးမလား။"

ရန်ယန်ယန်၏နှုတ်ခမ်းများ တုန်ရီသွားကာ သူမက ကြားဖြတ်ပြောလိုက်သည်။

ကျိမုသည် သူ၏မျက်လုံးထဲတွင် ထန်ရှုသည် နတ်ဘုရားတစ်ပါးနှင့်တူသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသောကြောင့် ရန်ယန်ယန်၏ဖော်ပြချက်မှာ အလွန်မှန်ကန်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ တွေ့မြင်ခဲ့သည့် သာမန်ထက် ကြောက်စရာကောင်းသော နတ်ဆိုး နတ်ဘုရားများ အစုလိုက်အပြုံလိုက်သည် လက်တွေ့ဘဝနှင့် ဝေးကွာသောအမျိုးအစား ဖြစ်သည်။

"အဲ့ဒါက သူ့ကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပါပဲ။"

ယခုတော့ ရန်ယန်ယန် လုံးဝ တုန်လှုပ်သွားခဲ့ချေပြီ။ အချိန်အတန်ကြာပြီးနောက် သူမ အသိပြန်ဝင်လာပြီး "ဒါနဲ့ ငါ ယုဟောင်ကို အဲ့ဒီမှာ တွေ့ခဲ့တယ်။ သူက မစ္စတာထန်နဲ့ သိပုံရတယ်။"

ကျိမုသည် ချက်ချင်းပင် တွေးတောနေသည့်အလား ခဏလောက် ငေးစိုက်ကြည့်နေရင်း မိနစ်ဝက်လောက် ကြာသောအခါ သူက တိုးညှင်းသောလေသံဖြင့် “အနာဂတ်မှာ အခွင့်အလမ်းအချို့ရှိတော့မှာမို့ ယုဟောင်နဲ့ ပိုရင်းနှီးအောင် ကြိုးစားပါ။ နောက်ပြီး အနာဂတ်မှာ ယုမိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် မင်းမိသားစုက အကြီးအကဲတွေကို ပြောထားပါ။”

အလွန်ထက်မြက်သော မိန်းကလေးပီပီ ရန်ယန်ယန်သည် ကျိမု ပြောချင်သော အဓိပ္ပါယ်ကို ချက်ချင်းသိရှိသွားသည်။

ဖယ်ရီယာကားလေးက ခရီးအတော်ပေါက်အောင် မောင်းနေရင်း ကျိမုက

"ယန်ယန် … ငါတို့ အချင်းချင်း သိနေတာကြာပြီဆိုတော့ နှစ်ယောက်လုံးက ငါတို့ရဲ့ဇစ်မြစ်နဲ့ တစ်ယောက်အကြောင်းကို တစ်ယောက်လည်း သိကြတယ်။ မင်းက ငါ့ကလေးကို လွယ်ထားရပြီဆိုကတည်းက သဘာဝကျစွာပဲ ငါ တာဝန်ယူရမယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်ပြီး ဒီလို စိတ်မပါလက်မပါ ခံစားချက်ကိုတော့ ငါ မယူချင်ဘူး။ ဒါကြောင့် အနာဂတ်မှာ ငါတို့ အတူတူ လက်တွဲသွားကြည့်ချင်တယ်။ ဒီအချစ်ဆိုတဲ့ ခံစားချက်ကို ငါ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်နိုင်မှာ သေချာပါတယ်။ ဒါကြောင့် အရင်ဆုံး စေ့စပ်ကြတာပေါ့။ စေ့စပ်မယ့်ရက်စွဲကို မိသားစုအကြီးအကဲတွေက ဆုံးဖြတ်ပြီးရင် အိမ်ထောင်ပြုဖို့ကို ဆက်ပြီး ဆွေးနွေးကြမယ်လေ။”

"ကောင်းပြီ … ငါ နင့်စကား နားထောင်မယ်။"

ရန်ယန်ယန်က သူ့လက်ကို ဆုပ်ကိုင်ထားရာမှ တုံ့ဆိုင်းစွာ လွှတ်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည်။

အချိန်များ ကုန်သွားသည်။

ထန်ရှု၊ ဟန်ကျင်းဝူနှင့် ယုဟောင်တို့သည် နေ့လည်စာ စားပြီးသည်နှင့် အပြင်ထွက်ဖို့ အလျင်မလိုဘဲ စားပွဲထိုးကို စားပွဲရှင်းခိုင်းပြီး ကျိမု ပြန်လာသည်ကို စောင့်ရင်း လက်ဖက်ရည်တစ်အိုး တောင်းကာ သောက်နေကြသည်။

ထိုအချိန်တွင် ထန်ရှုသည် စကားများများစားစား မပြောဘဲ ယုဟောင်နှင့် ဟန်ကျင်းဝူတို့၏ဘဝတွင် တွေ့ကြုံခဲ့ရသည့် ရယ်စရာကောင်းသော အကြောင်းအရာများအား တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ၂နာရီခွဲတွင် ကျိမုသည် နောက်ဆုံးတွင် အပြေးပြန်ရောက်လာခဲ့သည်။

“ငါတို့လုပ်စရာရှိတာက ဒီည ၈နာရီမှမို့ ဒီနေ့ နေ့လည်မှာ ဘာမှ လုပ်စရာ မရှိဘူး။ မင်း အကြံပြုချင်တာရှိလား။”  ထန်ရှုက မေးလိုက်သည်။

"စကားမစပ် … မင်း မြေအောက်တိုက်ပွဲတွေကို သွားကြည့်နေတာလား ညီအစ်ကိုထန်…" ကျိမုက အံ့သြစွာ မေးလိုက်သည်။

"အမ် … မင်း အဲ့ဒီအကြောင်း သိတာလား။" ထန်ရှုက ထပ်မေးသည်။

"မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ချန်ရှီမှာ ကျင်းပမှာမို့လို့ ငါ သိတာ သဘာဝကျပါတယ်။ အစက ငါ့မှာ ဒီညအတွက် အချိန်မရှိဘူးဆိုတာ ငါ့အပေါင်းအသင်းတွေနဲ့ ဆုံပြီး ပွဲအတူတူကြည့်ဖို့ သဘောတူထားကြတာ။"

“ကောင်းပြီလေ။ အတူတူ သွားကြတာပေါ့။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

"အခု ဒီနေ့ နေ့လည်ခင်းရဲ့ အစီအစဉ်ကို ကြည့်ရအောင်။"

ကျိမုက ခဏလောက် စဉ်းစားပြီး

“အနီရောင်ပွဲကြည့်စင်ကို သွားရင်ရော ဘယ်လိုလဲ။ လက်ဖက်ရည်သောက်ပြီးပြဇာတ်ကို ကြည့်လို့ရတယ်။ ဖျော်ဖြေပွဲကြည့်ချင်ရင် နေ့ခင်းတစ်ပွဲ ရှိဦးမယ်။ မင်းတို့ မိန်းကလေးနှစ်ယောက်က ဆန္ဒရှိရင် အနီရောင်ပွဲကြည့်စင်က မိတ်ကပ်နဲ့ ဆံပင် အလှပြင်ဆိုင်ရဲ့ မန်နေဂျာကို ငါ သိတာမို့ မင်းတို့ မိတ်ကပ်လိမ်းဖို့ အဲ့ဒီအမျိုးသမီးရဲ့ဝန်ဆောင်မှုကို တောင်းဆိုလို့ရတယ်။"

ဟန်ကျင်းဝူက ရုတ်တရက် မေးလိုက်သည်။

"နင်ပြောတဲ့ အနီရောင်ပွဲကြည့်စင်မှာ အားကစားလေ့ကျင့်တဲ့နေရာရော ရှိလား။"

"ရှိတယ် … အဲ့ဒီမှာ ကိုယ်လက်ကြံ့ခိုင်ရေးနေရာလည်း ရှိတယ်။" ကျိမု ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ဒါဆို သွားကြရအောင်။"

ဟန်ကျင်းဝူက ပြောသည်။

"ဒါနဲ့ … ဒီနေ့လည်ခင်း နင့်မှာ လုပ်စရာတွေ ရှိနေလား ဟောင်ဟောင်။ နင့်မှာ လုပ်စရာရှိနေရင် ငါတို့ကို အဖော်လုပ်ပေးစရာ မလိုဘူးနော် … နင် သွားလုပ်လို့ ရတယ်။ ပြီးရင်သာ ငါတို့ကို ဖုန်းဆက်လိုက်။"

ယုဟောင် တခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလာသည်။

“ကိစ္စမရှိဘူး။ ငါ လုပ်စရာရှိတာကို သူတို့ဆီ ဖုန်းဆက်ပြီး နောက်တစ်ကြိမ် ရွှေ့လိုက်မယ်။ သခင်လေးကျိကတောင် နင်တို့နဲ့လိုက်ဖို့ သူ့အချိန်ကို ဖဲ့ပေးနိုင်တာမို့ ငါ ထွက်သွားရင်…”

“မလိုပါဘူး ကောင်မလေး။ ရှေ့ဆက်ပြီး ကိုယ့်လုပ်စရာ ရှိတာတွေကို အရင်လုပ်ပါ။ နင်ပြီးသွားရင်တော့ ငါ့ကို ဖုန်းပြန်ဆက်လိုက်။ အဆင်ပြေပါတယ် … တကယ်ပါ။ နင့်ရဲ့အရေးကြီးကိစ္စတွေ ငါ့ကြောင့် နှောင့်နှေးရရင်သာ ငါ တော်တော် စိတ်မကောင်းဖြစ်ရလိမ့်မယ်။”

ဟန်ကျင်းဝူသည် မြေအောက်တိုက်ပွဲများတွင် သူမ ပါဝင်နေသည်ကို ယုဟောင်အား မသိစေလိုသောကြောင့် ဟန့်တားနေခြင်းဖြစ်ပေသည်။

***

All Chapters