ကိုယ်ဝန်ဆောင်ခြင်းနှင့်စိတ်ကြိုက်အမှာ
Vol. 23 Ch. 318
အခန်း(၃၁၈) - ကိုယ်ဝန်ဆောင်ခြင်းနှင့် စိတ်ကြိုက်အမှာ
နှစ်သစ်၊ ပုံစံအသစ်နှင့်။ ဒီနှစ်ပေကျင်းတက္ကသိုလ်မှာ ရှင်သန်မှုများနှင့်အတူ တဖန်ပြန်လည်သစ်လွင်လာလေပြီ။
ကျောင်းသားပထမအသုတ်မှာ လာမည့်နွေရာသီတွင် ဘွဲ့ရတော့မည် ဖြစ်သောကြောင့်ပင်။
လင်ချင်းဟယ်က ယခုနိုင်ငံခြားဘာသာရပ်ဆရာမတစ်ယောက် ဖြစ်နေပြီဖြစ်သော်လည်း သူမနှင့် ဝမ်လီတို့၏ ဆက်ဆံရေးမှာ မပြောင်းလဲဘဲ ရှိနေပါသေးသည်။
ဝမ်လီလည်း ဒီနှစ်တွင် ဘွဲ့ရတော့မည်။ သူမမြို့တွင် စာသင်ပေးရန်အတွက် သူမတို့မြို့က ကျောင်းကို လျှောက်ထားခဲ့သည်။ ကျောင်းကလည်း လေးလေးနက်နက် စဥ်းစားပေးမည်ဟု ပြော၏။
ထို့အပြင် ဝမ်လီ၏ပညာနှင့် သူမသာ ထိုနေရာတွင် စာသင်ကြားမည်ဆိုပါက အောင်မြင်မှုများမှာ သာမန်ထက် လွန်ကဲမည်မှာ အမှန်ဖြစ်သည်။
ဒီနေ့လင်ချင်းဟယ် ဝမ်လီကိုတွေ့တော့ ဝမ်လီက ရှက်နေခဲ့သည်။
"ဘာဖြစ်လို့လဲ။" ဟု လင်ချင်းဟယ်က ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။
ဝမ်လီက ပြောရမှာအနည်းငယ် ရှက်ရွံ့နေသေးသည်။ သူမနှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး "ချင်းဟယ်၊ ငါ...ငါကိုယ်ဝန်ရှိနေပြီထင်တယ်"
လင်ချင်းဟယ် ခဏတာ အံ့အားသင့်သွားမိသည်။ ထို့နောက် သူမရဲ့ မျက်နှာက ပျက်ယွင်းသွား၏။ ဝမ်လီ့ကို ကြည့်ပြီး ပြောလိုက်သည်။ "ဝမ်လီ ဘာတွေဖြစ်နေတာလဲ။"
သူမကိုကြည့်ပြီး လင်းချင်းဟယ်က နားလည်မှုလွဲနေပြီ ဆိုတာကို ဝမ်လီသိလိုက်သည်။ သူမက အလျှင်အမြန် ဖြေရှင်းချက်ပေးလိုက်ရသည်။ "အတွေးမလွန်ပါနဲ့ ငါ့ယောက်ျားအပေါ်မှာ အမှားမလုပ်ပါဘူး။ နှစ်သစ်ကူးတုန်းက ငါ့ယောက်ျားနဲ့ငါ ကလေးရခဲ့ကြတာ"
"ဟူး" လင်ချင်းဟယ် စိတ်သက်သာရာရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူမ ခုနလေးတင် သေလုနီးပါး ထိတ်လန့်သွားသည်။ သူမရဲ့အချစ်ဆုံးသူငယ်ချင်းက ဖောက်ပြန်ခဲ့သည် ဟုထင်လိုက်မိသောကြောင့်ပင်။
သူမ ထိုကိစ္စကို ခွင့်လွှတ်မည်မဟုတ်ပါ။ ထိုကဲ့သို့သော ကိစ္စမျိုးက ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သောကိစ္စမျိုး ဖြစ်သည်။ ဆွေးနွေးစရာအကြောင်းကို မရှိပေ။
"နင်က ရှင်းရှင်းလင်းလင်းမှ မပြောတာ" လင်ချင်းဟယ်က စိတ်ရှုပ်စွာပြောလိုက်သည်။
ဝမ်လီမျက်နှာကတော့ ရှက်နေဆဲပင်။ သူမမေးလိုက်သည်။ "ငါ ဘာလုပ်ရမလဲ ပြောပါဦး။"
လင်ချင်းဟယ်က ပြုံးလိုက်သည်။ "ဘာလုပ်ရမှာလဲ။ ဒါကောင်းတာပဲကို ဒီနှစ်မှာ နင်ဘွဲ့ရမှာနဲ့ အလုပ်ကိစ္စတွေလည်း အဆင်ပြေနေတာ။ ကလေးလေးက အချိန်ကိုက်ရောက်လာတာပဲလေ။ ရင်ထဲမှာ ပန်းတွေပွင့်နေတယ် မဟုတ်လား။ နင့်ယောက်ျားတော့ အရမ်းဝမ်းသာမှာပဲ၊ သူသိပြီးပြီလား။”
"မသိသေးပါဘူး မနေ့ကငါသွားစစ်ကြည့်မှ ငါသိရတာလေ" ဝမ်လီကပြန်ပြောသည်။
ဤကိစ္စက ကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်သည်။
သူမ၏ ပထမသားလေးကို မွေးဖွားပြီးတုန်းက သူမမှာ အမှန်တကယ်ပင် နောက်ထပ်ကလေးထပ်ယူဖို့ အစီအစဥ် မရှိခဲ့ပါ။ သို့သော်လည်း လင်မယားနှစ်ယောက် အကာအကွယ်သုံးရန် မှန်မိသည်ဆိုရုံမျှသာရှိခဲ့သည်။
ထိုနေ့ည သူတို့တွေ့ဆုံခဲ့စဥ်က သူတို့ထိုကိစ္စကို ခဏတာ မေ့လျော့သွားခဲ့ကြသည်။ ကျိုးရှောင်းမိန် ကဲ့သို့ပင် သူတို့ကံစမ်းခဲ့မိကြသည်။
တစ်ညတည်းလည်း ဖြစ်ပြီး ထိုကဲ့သို့ ကံကောင်းမည်ဟုလည်း မထင်ခဲ့ကြပေ။
သို့သော်လည်း ဘယ်သူ ပြောနိုင်မည်နည်း။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့သည်။
ပထမတော့ ဝမ်လီသတိမထားခဲ့ပါ။ သူမ ဓမ္မတာမလာသော်လည်း ရက်အနည်းငယ်နောက်ကျခြင်းက ပုံမှန်ဖြစ်သဖြင့် သူမက အရေးကြီးသည်ဟု မထင်ခဲ့ပါ။
သို့သော် ရက်အတော်ကြာ နောက်ကျနေခဲ့သည်။
ဝမ်လီ နှလုံးသားထဲမှ အနည်းငယ်ထိတ်လန့်လာသဖြင့် ဆေးသွားစစ်ခဲ့သည်။
ဆရာဝန်က သူမကိုယ်ဝန်ရှိနေကြောင်း ပြောခဲ့၏။ လနည်းသေးသော်လည်း တကယ်ပဲ ကိုယ်ဝန်ရှိနေသည်။
ဝမ်လီ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမသည် ကလေး မလိုချင်သော်လည်း သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။
လင်ချင်းဟယ်သည် သူမကို ဒီလိုတွေ့လိုက်ရတော့ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားရသည်။ ကံကောင်းစွာဖြင့် ကျိုးချင်းပိုင် မသိသေးပေ။ မဟုတ်လျှင် သူ နေရခက်ပေဦးမည်။ သူက သမီးမိန်းကလေး လိုချင်နေခဲ့သည်မှာ ကြာပြီမဟုတ်ပါလား။
မနေ့က သူတို့နယ်အတွင်းက တစ်ယောက်ယောက် ကလေးမလေးတစ်ယောက်ကို ချီပြီး ထွက်လာခဲ့သည်။ သူမက အသက် ၂နှစ် ၃နှစ်လောက်သာရှိဦးမည်။ သူမက အလွန်ချစ်စရာကောင်းသည်။ ကျိုးချင်းပိုင်သည် ထိုကလေးမလေးကို တွေ့တွေ့ချင်း လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့ပေ။
လင်ချင်းဟယ် စကားထပ်မပြောရဲတော့ဘူး။
"ချင်းဟယ်၊ ဒီကလေးကို ငါ..."
ဝမ်လီ၏ စကားမဆုံးခင်မှာပင် လင်ချင်းဟယ် စိတ်မကျေချမ်းစွာဖြင့် ပြန်ဖြေလိုက်သည်။ "နင် ငါ့ကိုလာမေးတာဆိုရင် ငါလက်ခံမှာမဟုတ်ဘူးနော်။ နင့်မှာ ရလာပြီဆိုတော့ ဒါက နင့်ကံကြမ္မာပဲလေ။ ဒီတိုင်းပဲ မွေးလိုက်စမ်းပါ။ ဘာဖြစ်လို့ ဖျက်ချမှာလဲ။ ၁၈နှစ်လောက်ကြာရင် ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ဖြစ်လာမှာပဲကို"
ဝမ်လီ သက်ပြင်းချလိုက်သည်။ "ဒါပေမယ့် ကလေးမွေးဖွားရတာက နာကျင်ရတယ်လေ။"
"ငါအရင်က ကလေးမမွေးဖူးဘူးများ ထင်နေတာလား။ နင် ငါ့ကလေးသုံးယောက်ကို ထိန်းကျောင်းလာခဲ့တာ မဟုတ်ဘူးလား။ နင်ကလေးမွေးသည်ဖြစ်စေ မမွေးသည်ဖြစ်စေ၊ ဒီလိုပဲဖြစ်နေမှာပဲလေ။ ထားလိုက်စမ်းပါ၊ ငါ ဒီနေ့အိမ်ပြန်ရောက်ရင် ငါ့ချင်းပိုင်ကို ကြက်တစ်ကောင်နဲ့ စတူးဟင်းချက်ခိုင်းလိုက်မယ်။ မနက်ဖြန်ကျ နင့်အတွက် ငါ ကြက်စွပ်ပြုတ် ယူလာပေးမယ်" ဟု လင်ချင်းဟယ် ပြောလိုက်သည်။
"နင့်မှာ ကလေးသုံးယောက်တောင် ရှိနေတာကို ဘာဖြစ်လို့ နောက်တစ်ယောက်ယူဖို့ လုပ်နေတယ်လို့ ခံစားနေရပါလိမ့်နော်" ဝမ်လီက ပြုံးကာမေးလိုက်သည်။
လင်ချင်းဟယ်က "ငါ မလိုချင်ပါဘူး။ ကလေးလိုချင်နေတာက ငါ့ယောက်ျားလေ။ နင် မွေးသာမွေးလိုက်စမ်းပါ။ နင် မွေးပြီးလို့မှ မလိုချင်ဘူးဆိုရင် ငါ့ကိုပေးလိုက်။ နင့်အတွက် ထူးချွန်တဲ့ကလေးတစ်ယောက် ဖြစ်လာအောင် ငါ ပြုစုပျိုးထောင်ပေးမယ်။" ဟု ပြောလိုက်သည်။
ဝမ်လီက ရယ်မောလိုက်သည်။ လင်ချင်းဟယ်က "ငါ တကယ်ပြောတာဟဲ့။ ငါ့ယောက်ျားက သမီးမိန်းကလေး ဘယ်လောက် လိုချင်နေလဲ နင် မသိပါဘူး" ဟု ပြောလိုက်သည်။
"ငါမွေးရင် နင် ခေါင်းကိုင်အမေ ဖြစ်ချင်လား။" ဟု ဝမ်လီက ပြုံးကာ မေးလိုက်သည်။
"ဒါပေါ့" လင်ချင်းဟယ်၏ မျက်လုံးများပင့်သွားပြီး ပြုံးလိုက်သည်။ "ခေါင်းကိုင်သမီးဖြစ်ရင်လည်း ကောင်းပါတယ်။ သူက သမီးမိန်းကလေး လိုချင်နေတာကိုး။"
"ယောက်ျားလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။" ရယ်ရမလား ငိုရမလား ဝမ်လီမသိတော့ပါ။
"ယောက်ျားလေးလည်း ရပါတယ်။ သူ မလိုချင်ရင်တောင် ငါလိုချင်တယ်။ သားတွေအများကြီးရှိလို့ ငါစိတ်မညစ်ပါဘူး။" ဟု လင်ချင်းဟယ်က ပြန်ပြောလိုက်သည်။
ဝမ်လီတစ်ယောက် ပျော်ရွှင်မှုကြောင့် ပြုံးလိုက်မိသည်။
ဒီလိုနှင့် ပြဿနာက ဖြေရှင်းပြီးသွားခဲ့လေပြီ။ လင်ချင်းဟယ်၏ အကူအညီကြောင့် ဝမ်လီသည် အရေးမပါသော ကိစ္စများကို မစဥ်းစားတော့ပါ။ သူ့ယောက်ျားကိုလည်း ကြေးနန်းစာ မပို့ရသေးပေ။ ဒီနှစ် ဘွဲ့ယူရမယ့်အချိန်ထိ စောင့်ပြီး သူမကို လာခေါ်သည့်အခါ သူ သေအောင် ထိတ်လန့်သွားလောက်သည်။
နောက်တစ်ခါ ကံစမ်းချင်ဦးမလား။ ကြည့်ကြသေးတာပေါ့။
လင်ချင်းဟယ်က သူမ၏ခေါင်းကိုင်ကလေးကို ကောင်းကောင်းမွန်မွန်ပြုစုခဲ့သည်။ မကြာခဏဆိုသလို ဝမ်လီဆီသို့ စွပ်ပြုတ်များ ယူလာပေးသည်။
ဝက်ခြေထောက်စွပ်ပြုတ်၊ ဝက်နံရိုးစွပ်ပြုတ်၊ ကြက်သားစွပ်ပြုတ် စသဖြင့်... သူမအမြဲတမ်း မျှဝေပေးခဲ့သည်။
ရလဒ်အနေနှင့် ဝမ်လီ၏ အသားအရည်က ကိုယ်ဝန်တစ်လသာ ရှိသေးသော်လည်း အလွန်ကောင်းမွန်စိုပြည်နေခဲ့သည်။
တစ်ချိန်တည်းတွင် လင်ချင်းဟယ်၏ အထည်ဆိုင်ကိုလည်း တရားဝင် ဖွင့်လှစ်နိုင်ခဲ့၏။
သူမသည် ထိုဆိုင်ကို ဖွင့်လှစ်နိုင်ဖို့ လဝက်ကျော်လောက် ပြင်ဆင်ခဲ့ရသည်။
လင်ချင်းဟယ်သည် ဒေါ်လေးရှုထံမှ မှာယူခဲ့သော ပထမဦးဆုံး အဝတ်အစားတစ်စုံကို အလွန်ကျေနပ်သွားသဖြင့် နေရာမှာပင် ဒေါ်လေးရှုနှင့် ချက်ချင်းငွေရှင်းခဲ့သည်။ ထို့နောက် ဒေါ်လေးရှုကို နောက်ဒီဇိုင်းပုံကြမ်းတစ်ခု ပေးခဲ့ပြီး ထိုအဝတ်အစားများကို ဆက်လုပ်ပေးရန် ပြောခဲ့သည်။
ဒေါ်လေးရှုကလည်း အဝတ်အစား တစ်စုံအတွက် ၂ယွမ်နီးပါး ရသည်။ ချည်ကုန်ကျစရိတ်ကိုပါ လင်ချင်းဟယ် ထည့်တွက်မည်ဆိုလျှင် အဝတ်အစားတစ်စုံလျှင် ၄ယွမ်နီးပါး သွားကျသည်။
ထိုကဲ့သို့ အဝတ်အစားတစ်စုံကို ၈ယွမ်နှင့် ရောင်းချနိုင်ပြီး အမြတ်ငွေကို ထက်ဝက် ရမည်။
စတိုင်အသစ်ကြောင့် စျေးမပေါဘူးဆိုလျှင်ပင် တစ်စုံတစ်ယောက်ကတော့ သေချာပေါက်ဝယ်လိမ့်မည်။
လင်ချင်းဟယ်က ဒေါ်လေးရှုကို နွေဦးနှင့် နွေရာသီ အဝတ်အစားနမူနာများ ဆက်လုပ်ရန် ပြောခဲ့သည်။ သူမနှင့်အတူ ကျိုးချင်းပိုင်ကိုပါ အထည်အလုပ်ရုံသို့ခေါ်သွားသည်။
အထည်အလုပ်ရုံ၏ မန်နေဂျာတစ်ယောက်နှင့် ဆက်သွယ်ပြီး ထိုကဲ့သို့သော အဝတ်အစားမျိုး တစ်တွဲ မှာယူခဲ့သည်။
လဝက်ကျော်ခန့် ပြင်ဆင်ပြီးသည့်နောက်တွင် အထည်ပထမတွဲများ ထုတ်လုပ်နိုင်ခဲ့သည်။ ဂါဝန်များဖြစ်ပြီး ဒီတစ်ကြိမ်တွင် ထိုကဲ့သို့သော ဂါဝန် အစုံ ၂၀၀ကို မှာယူခဲ့သည်။
လင်ချင်းဟယ်လည်း ဝတ်ဆင်နိုင်သည်။ ပထမဆုံးအကြိမ် သူစမ်းဝတ်ကြည့်သေးသည်။ သူမကအရပ်ရှည်ပြီး၊ သာမန်ထက်ပိုသော ခန္ဓာကိုယ်အချိုးအစားနှင့် အသေအချာထိန်းသိမ်းထားသော အသားအရည်တို့ကို ပိုင်ဆိုင်ထားသည်။
ကျိုးချင်းပိုင် သူ့ဇနီးကိုကြည့်ရုံနဲ့တင် မိန်းမောသွားလေသည်။
"ဘယ်လိုနေလဲ။" ဟု လင်ချင်းဟယ်က မေးလိုက်ပြီး လိပ်ပြာလေးတစ်ကောင်ကဲ့သို့ သူမယောက်ျားအရှေ့တွင် လှည့်ပြလိုက်သည်။
"လှပါတယ်" ကျိုးချင်းပိုင်က တည်တည်တံ့တံ့ကြည့်ကာဖြင့် ပြောလိုက်သည်။
သူ့ဇနီးက အမြဲတမ်း ကြည့်ကောင်းခဲ့ပါသည်။ သူမ ထွေထွေထူးထူး ဝတ်မထားလျှင်ပင် လူကြားထဲ အမြဲထင်ပေါ်နေသဖြင့် ဤကဲ့သို့ လှပသော ဂါဝန်ကို ဝတ်လိုက်တော့ ပြောစရာပင် လိုတော့မည် မထင်ပါ။
"မွ" လင်ချင်းဟယ်က သူ့မျက်နှာကို ကိုင်ကာ နမ်းရှိုက်လိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး "ဆုချတာ" ဟုပြောလိုက်သည်။
ထို့နောက် သူမကလေးများကို ပြသလိုက်သည်။ တီဗီအတူတူ ကြည့်နေကြသော ကလေးများကတော့ မော်ဒယ် လင်ချင်းဟယ်ကြောင့် အံ့အားသင့်သွားရတော့သည်။