← Chapters

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး

Vol. 52 Ch. 724

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး

Vol. 52 Ch. 724

ရိုး ရှင်းသော ညစာတစ်ဝိုင်းအား စားသောက်ပြီးနောက် သုံးယောက်သား မြေအောက်တိုက်ပွဲနေရာသို့ အပြေးသွားကြသည်။ ဟန်ကျင်းဝူသည် ထိုတိုက်ပွဲတွင် သူမ ပါဝင်သည်ကို ဘယ်သူမှ မသိစေလိုသောကြောင့် သူမ၏ဖုန်းကို တစ်ခါတည်း စက်ပိတ်လိုက်သည်။

"ဖိုင်နယ်ပွဲက ဘယ်နှစ်ပွဲ ကျင်းပမှာလဲ။"

ထန်ရှုက ထိုင်ခုံမှာ ပြန်ထိုင်ပြီး ဟန်ကျင်းဝူကို စိုက်ကြည့်ကာ မေးလိုက်သည်။

"စုစုပေါင်း ပွဲစဉ်နှစ်ပွဲ။ ပထမတစ်ပွဲက ဆီမီးဖိုင်နယ်၊ နောက်တစ်ပွဲက ချန်ပီယံကို အဆုံးအဖြတ်ပေးမယ့် ပွဲ။" ဟန်ကျင်းဝူက ဖြေသည်။

"ပြိုင်ပွဲမှာ သတိထား။ ပြိုင်ဘက်နဲ့ မကိုက်ညီဘူးလို့ မင်း မြင်ရင် မျက်နှာသုတ်ပုဝါကို ပစ်လိုက်ပါ။" ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အသေးအဖွဲပြိုင်ပွဲရဲ့တိုက်ပွဲကြောင့် မင်းရဲ့အသက် ဆုံးရှုံးဖို့ဆိုတာ မတန်ဘူး။"

"ငါ သိပါတယ်။"

ဟန်ကျင်းဝူက ထိုကဲ့သို့ ပြန်ဖြေသော်လည်း သူမ၏ အသက်ကို စွန့်စားရလျှင်ပင် တိုက်ပွဲတွင် မရှုံးစေရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားသည်။ သူမအား မထီမဲ့မြင်ပြုသည်ကို ထန်ရှုအား မြင်ခွင့်မပြုနိုင်ပေ။

ကားမောင်းနေသော ကျိမုက အံ့အားသင့်စွာဖြင့်

"မစ္စဟန်က မြေအောက်တိုက်ပွဲမှာ ပါနေတာလား။ ပြီးတော့ နိုင်ငံတစ်ဝှမ်းလုံးက ထောင်ချီတဲ့ ပြိုင်ပွဲဝင်တွေထဲကမှ ထိပ်သီးလေးယောက်ထဲမှာလည်း ပါတယ်ပေါ့။"

"ဟုတ်တယ်။"

ဟန်ကျင်းဝူက သာမန်ကာလျှံကာ ဖြေလိုက်သည်။

ကျိမု အနည်းငယ် ထိတ်လန့်သွားသည်။ ဟန်ကျင်းဝူကို သူ ပထမဆုံးမြင်လိုက်သည့်အချိန်က သူမအား နူးညံ့သိမ်မွေ့ပြီး အားနည်းသော မိန်းမပျိုတစ်ယောက်ဟု ထင်ခဲ့မိသည်။ သူမ၏ နူးညံ့သော သွင်ပြင်အောက်တွင် ကြောက်စရာကောင်းသော အစွမ်းသတ္တိများ ဖုံးကွယ်ထားလောက်သည်ဟု သူ လုံးဝကို မတွေးခဲ့မိချေ။ မည်သို့ပင်ဆိုစေကာမူ ထန်ရှု၏ကိုယ်ပိုင်ဂုဏ်ပုဒ်ကို ပြန်အမှတ်ရပြီး သူမနှင့် ကိုယ်တိုင်လိုက်လာရသောအကြောင်းကို တွေးကြည့်လိုက်သောအခါတွင် သူမသည်လည်း ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ဖွယ်ရှိသောကြောင့် ကျိမု စိတ်အေးသွားရသည်။

ယနေ့တွင် ဉာဏ်ရှိပြီး မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်နိုင်သည်ဟု ကျိမု ရုတ်တရက် ခံစားလိုက်ရပြီး ထန်ရှုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါက မျှော်လင့်မထားသော အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဟုလည်း တွေးနေမိသည်။

ထို့အပြင် သူ လက်ထပ်ပြီးသောအခါ လက်ဆောင်ကောင်းတစ်ခု ပေးမည်ဟု ထန်ရှုက ကတိပေးခဲ့သည်။

ထိုလက်ဆောင်အကြောင်း စဉ်းစားနေရင်း ရုတ်တရက် ရင်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ဝင်လာပြီး ထိုအရာကို စောင့်မျှော်နေမိတော့သည်။

မြစိမ်းရောင်အပန်းဖြေစခန်းသည် ချန်ရှီမြို့၏ တောင်ပိုင်းဆင်ခြေဖုံးအရပ်တွင် တည်ရှိပြီး တောင်များနှင့်ရေကန်များဝန်းရံထားသည့် နေရာတစ်ခုတွင် တည်ရှိခြင်းဖြစ်ပေရာ မရေမတွက်နိုင်သော မီးအိမ်များဖြင့် အလှဆင်ထားမှုကြောင့် အိပ်မက်ကမ္ဘာအလားပင်။ အပန်းဖြေစခန်းသည် အလွန်ကျယ်ဝန်းပြီး လုံးဝလျှို့ဝှက်ရေးမူဝါဒကိုလည်း အသုံးပြုထားသောကြောင့် သာမန်ဧည့်သည်များကို လက်မခံပေ။ ဤနေရာ၌ အားလပ်ရက် အပန်းဖြေလိုပါက အဖွဲ့ဝင်နှစ်ဦးထံမှ  ထောက်ခံချက် ရယူရမည်ဖြစ်ပြီး ၎င်းတို့သည် အနည်းဆုံး ယွမ်ငွေ မီလီယံ၂၀ ပိုင်ဆိုင်မှုရှိရန်လည်း လိုအပ်သည်။

"ဒီမှာ လုံခြုံရေးက အတော်ကောင်းသားပဲ။" ကားသည် အပန်းဖြေစခန်း၏ဝင်ပေါက်ဆီသို့ ဦးတည်မောင်းလာသောအခါ ထန်ရှုက ကားပြတင်းပေါက်မှတဆင့် ထိုနေရာအား အကဲခတ်ကြည့်ရှုရင်း ရေရွတ်လိုက်သည်။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လုံခြုံရေးအစောင့် ၄၀ကျော်သည် ရောက်ရှိလာသည့် ယာဉ်များကို စနစ်တကျ ညွှန်ကြားပြီး လုံခြုံရေးစစ်ဆေးမှုများ အောင်မြင်ပြီးသော ဧည့်သည်များကို အတွင်းရှိ ရှုခင်းကြည့်ကားပေါ်သို့ တက်ရန် လမ်းပြခဲ့သည်။ အမှောင်ထဲတွင် ဖုံးကွယ်ထားနိုင်သော ကျွမ်းကျင်ပညာရှင် အနည်းဆုံး ဒါဇင်ချီကာ ရှိနေပြီး လှုပ်ရှားမှုတိုင်းအား တိတ်တဆိတ် စောင့်ကြည့်လျက် ရှိသည်။

မိုအားဝူနှင့် တခြားလူ၁၁ယောက်ကို ခေါ်လာပြီး သည်နေရာကို အတင်းဝင်ရောက်ဖို့ ကြိုးစားမည်ဆိုပါက အထဲသို့ ဝင်ရန် အချိန်နှင့် ခွန်အားအချို့ သုံးရလိမ့်မည်ဟု ထန်ရှုက ခန့်မှန်းလိုက်သည်။

"ဆင်းရအောင်။" ထန်ရှုက ဟန်ကျင်းဝူကို တို့လိုက်ပြီး တံခါးကို တန်းဖွင့်လိုက်သည်။

မကြာခင်မှာပင် သူတို့သည် တရုတ်ရိုးရာအင်္ကျီများ ဝတ်ဆင်ထားသော ကြံ့ခိုင်သော လူများ စောင့်ကြပ်နေရာ အရှေ့တံခါးဝဆီသို့ ရောက်လာကြသည်။ စိတ်အားတက်ကြွနေသော ဆံပင်ဖြူဖြူ အဘိုးအိုက ပေါ့ပေါ့ပါးပါး အပြုံးဖြင့် သူတို့ကို နှုတ်ဆက်လာသည်။

"ကြိုဆိုပါတယ် လူကြီးမင်းနဲ့ ဂုဏ်သရေရှိ အမျိုးသမီးတို့ … ကျေးဇူးပြုပြီး မင်းတို့ရဲ့ သက်သေခံကတ်ပြားကို ပြပေးပါ။"

ဟန်ကျင်းဝူက အနက်ရောင်ကတ်ကို ထုတ်လိုက်ပြီး "ကျွန်မက ဒီညပွဲအတွက် ပါဝင်သူဖြစ်ပြီး သူတို့က ကျွန်မရဲ့သူငယ်ချင်းတွေပါ။"

ဆံပင်ဖြူအဘိုးကြီးက အံ့သြစွာ ငေးကြည့်နေသည်။ နိုင်ငံလုံးဆိုင်ရာ မြေအောက်တိုက်ပွဲ၏ ထိပ်သီးလေးယောက်တွင် ထိုကဲ့သို့ လှပကြော့ရှင်းသော အမျိုးသမီးတစ်ဦး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အနက်ရောင်ကတ်ကို စစ်ဆေးရေးကိရိယာဖြင့် စစ်ဆေးပြီးနောက် အစစ်အမှန်ကတ် ဖြစ်ကြောင်း တွေ့ရှိပြီးနောက်

"မင်းက အမှန်တကယ် ပါဝင်တဲ့သူတစ်ယောက်ပဲ။ ဒါပေမယ့် မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ စည်းမျဉ်းအရ လူတစ်ဦးပဲ အပိုခေါ်နိုင်ပါတယ်။"

"ငါ့ကိုယ်ပိုင်ကဒ် ယူလာတယ်။" ကျိမုက ရွှေရောင်ကတ်တစ်ကတ်ကို ထုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဆံပင်ဖြူ အဘိုးအိုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ကျိမိသားစုရဲ့သခင်လေးက ငါတို့မြစိမ်းရောင် အပန်းဖြေစခန်းရဲ့ ရွှေရောင်ကတ်အသင်းဝင်မို့ ဝင်လို့ ရပါပြီ။ မင်းတို့၃ယောက် ကျေးဇူးပြုပြီး ရှုခင်းကြည့်ကားပေါ်ကို တက်ပါ။ ပြိုင်ပွဲကျင်းပရာ နေရာကို ခေါ်သွားပါလိမ့်မယ်။"

မြစိမ်းရောင်အပန်းဖြေစခန်းဧရိယာသည် လွန်စွာကျယ်ဝန်းလှပေရာ ရှုခင်းကြည့်ကားသည် ခုနစ်မိနစ်ကျော်ခန့်အထိ ဧရိယာတစ်ဝက်ကို ဖြတ်ကျော်ခဲ့ပြီးမှ သုံးထပ်အဆောက်အဦး၏ရှေ့တွင် ရပ်သွားသည်။ အရှေ့အဝင်ဝတွင် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည်နှင့် မိန်းမလှလေး ဒါဇင်ပေါင်းများစွာသည် စနစ်တကျ တန်းစီကာ စောင့်ဆိုင်းနေကြသည်။

ထိုမိန်းကလေးများအနက် မိန်းကလေးတစ်ယောက်က တန်းစီရာမှ ထွက်လာပြီး သူတို့သုံးယောက်အရှေ့သို့ အမြန်ရောက်လာကာ

"မင်္ဂလာညချမ်းအချိန်လေး ဖြစ်ပါစေရှင် … မြစိမ်းရောင်အပန်းဖြေစခန်းမှ ဂုဏ်သရေရှိ ဧည့်သည်တော်သုံးဦးကို ကြိုဆိုပါတယ်။ ကျွန်မက ရှောင်ယင်ပါ။ ရှင်တို့တွေက တိုက်ခိုက်ပွဲကို လာကြည့်ကြတာပါလားရှင့်။”

“ဟုတ်ပါတယ်။” ထန်ရှု ခေါင်းညိတ်သည်။

"ဒါဆို ကျွန်မနဲ့ လိုက်ခဲ့ကြပါရှင့်။" ရှောင်ယင်က အပြုံးဖြင့် ပြောလိုက်သည်။

သူမ၏ဦးဆောင်မှုအောက်တွင် ထန်ရှုတို့သည် အဆောက်အဦး၏ခန်းမထဲသို့ ဝင်ကာ ဓာတ်လှေကားဆီသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားကြသည်။ ရှောင်ယင်သည် မြေအောက်ခန်းခလုတ်ကို နှိပ်လိုက်ရာ ဓာတ်လှေကားသည် မြေအောက် မီတာ၂၀ကျော်ထိ ဆင်းသွားသည်။ ဓာတ်လှေကား ရပ်သွားပြီး တံခါးပွင့်သွားသည်နှင့် ရှောင်ယင်က အပြုံးဖြင့် "မြေအောက်တိုက်ပွဲကွင်းက ဒီမှာပါရှင်။ ဆောက်လုပ်ထားတဲ့ အားကစားကွင်းနဲ့ ခန်းမက တော်တော်လေး ကျယ်ပါတယ်။ လေးစားရတဲ့ ဧည့်သည်တော်တို့ရှင့် … ကျွန်မ ရှင်တို့ကို သတ်မှတ်ထားတဲ့ ကြည့်ရှုခန်းဆီ ခေါ်သွားပေးပါ့မယ်။ အခု ကျွန်မနဲ့ ခန်းမဆီကို လိုက်ခဲ့ကြပါ။"

"ငါက ဒီကို လာကြည့်တဲ့သူ မဟုတ်ပါဘူး။ ပါဝင်တဲ့သူ တစ်ယောက်ပါ။" ဟန်ကျင်းဝူက ပြောသည်။ "ပွဲစီစဉ်သူတွေက မင်းကို အချိန်မီ အကြောင်းကြားသင့်တယ်ထင်တယ်။"

"ရှင်က ပြိုင်မယ့်သူလား။"

ရှောင်ယင် အံ့သြသွားပြီး ဟန်ကျင်းဝူကို လေးနက်သော အမူအရာဖြင့် ကြည့်မိသည်။ ဟန်ကျင်းဝူက အနက်ရောင်ကတ်ကို ထုတ်ယူလိုက်သည်ကို မြင်သည်နှင့် သူမက ချက်ချင်းပင်

"ဟဲလို မစ္စ … ငါ မင်းကို စင်အနောက်ကို ချက်ချင်း လိုက်ပို့ပေးပါမယ်။ ငါတို့ရဲ့ ကြီးကြပ်ရေးမှူးက အဲ့ဒီမှာ စောင့်နေတာ ကြာပါပြီရှင်။”

ထို့နောက် သူမက ထန်ရှုတို့ဘက် လှည့်လာပြီး ပြောလိုက်သည်။

"လူကြီးမင်းတို့ … ခဏလေး စောင့်ပေးလို့ ရမလားရှင့်။ ဒီမိန်းကလေးကို ပို့ပေးပြီးရင် ကျွန်မ ချက်ချင်း လိုက်ပို့ပေးပါမယ်။"

“ကောင်းပြီ။” ထန်ရှု ခေါင်းညိတ်ပြသည်။ ထို့နောက် သူ့အကြည့်များသည် ဟန်ကျင်းဝူဆီသို့ ရောက်သွားပြီး “မင်းကို ငါပြောခဲ့တာကို သတိရနော်။ မနိုင် နိုင်ရင် အရှုံးကို ဝန်ခံလိုက်ပါ။ မင်း လေ့ကျင့်တာ မကြာသေးတာမို့ ရှုံးရင်တောင် ရှက်ဖို့မလိုဘူး။ ကောင်းပြီ မင်းရှုံးပြီး ပြန်လာတဲ့အခါ ငါ မင်းကို တစ်ခုခု လက်ဆောင်ပေးမယ်။ ဒါပေမယ့် မင်း အနိုင်ရရင် ငါ ဘာမှ လက်ဆောင်ပေးမှာ မဟုတ်ဘူး။"

ဟန်ကျင်းဝူသည် စကားမပြောနိုင်ဘဲ အံသြနေရင်း ထန်ရှုကို စိုက်ကြည့်နေမိသည်။ ထို့နောက် ချက်ချင်း မျက်ဆံလှန်ကာ ဆတ်ကနဲ ပြောလိုက်သည်။

“နင်က ငါ့ကို အရှုံးပေးစေချင်နေတာလား။ ရှုံးရင် လက်ဆောင် ပေးမယ်။ အနိုင်ရရင် ဘာမှ မပေးဘူးပေါ့လေ။”

သို့သော်လည်း သူမ တုံ့ပြန်ပြီးနောက် ထန်ရှု၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်ခဲ့သည်။ ပြိုင်ကွင်းထဲမှ ပြိုင်ဘက်များကို သူမ သက်စွန့်ဆံဖျား တိုက်ခိုက်မည်ကို သူ စိုးရိမ်နေသောကြောင့် လက်ဆောင်ကိစ္စကို တမင်တကာ ပြောနေခြင်း ဖြစ်ပေသည်။

ဒါက ... သူမအပေါ် သူ့ရဲ့ဂရုစိုက်မှုနဲ့စိုးရိမ်မှုကို ပြသသော နည်းလမ်းတစ်ခုပဲလား။

ထို့နောက် ဟန်ကျင်းဝူသည် နွေးထွေးသောနှလုံးသားဖြင့် ရှောင်ယန်နှင့်ထွက်ခွာသွားခဲ့သည်။ မည်မျှခက်ခဲသည်ဖြစ်စေ ယနေ့ညပြိုင်ပွဲတွင် အနိုင်ရရန်နှင့် ဗိုလ်လုပွဲတွင် ချန်ပီယံဆုရယူရန် သူမ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။

လက်ရှိတွင် လူပေါင်း ဒါဇင်နှင့်ချီကာ ခန်းမထဲတွင် ရှိနေပြီဖြစ်သည်။ နောက်ဆုံးအတန်းတွင် ဖောင်းကားသောသော မျက်နှာနှင့် ပါးစပ်ထဲတွင် ဆေးပြင်းလိပ်တစ်လိပ် ခဲထားသော ခပ်၀၀ အမျိုးသားတစ်ဦးသည် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် စကားလက်ဆုံကျနေသည်။

"ငါ မကြွားပါဘူး ရွှဲ့ချန်ရ။ ဒီမြေအောက်တိုက်ပွဲမှာ ငါ ပါဝင်မယ်ဆိုရင် ချန်ပီယံ မဖြစ်နိုင်ရင်တောင်မှ ဒုတိယနေရာကိုရဖို့ ငါ့အတွက် လွယ်တယ်။ ငါ့ကို အဆီတွေချည်းပဲလို့ မင်း မမြင်နဲ့။ ငါ့ခန္ဓာကိုယ်က ဝပေမယ့် မြန်ဆန်ပြီး လိုက်လျောညီထွေ ဖြစ်တယ်။”

"ဒါကို မင်း မလျှော့နိုင်သေးဘူးလား ဖက်တီးလီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်း ပြောခဲ့တယ်ဆိုရင် ငါ မင်းကို နည်းနည်းယုံနိုင်ဦးမယ်။ ဒါပေမယ့် အခုတော့ … ဟားဟားဟား။ ဒါနဲ့ မင်း ချန်းကျီကျုံးနဲ့ တိုက်ခိုက်ဖို့ မနှစ်တုန်းက ကြယ်တာရာကို သွားခဲ့တယ်လို့ ငါ ကြားတယ်။ ရလဒ်က ဘာလဲ။ မင်း သွားတွေ မကျိုးမချင်း သူ ထိုးတာ မခံလိုက်ရဘူးလား။ ကိုယ့်လူ … ငါတို့ သူငယ်ချင်း တော်တော်များများ မင်းကို ရယ်နေကြတယ်နော်။”

“ချီးတဲ့မှ။ အဲ့ဒီပေါက်ပန်းလေးဆယ် ဘယ်သူ ပြောတာလဲ။ သတင်းကောင်းက တရွေ့ရွေ့နဲ့ သွားနေတုန်း မကောင်းသတင်းတွေ အရှိန်အဟုန်နဲ့ ပျံနေတယ်။ ချန်းကျီကျုံးမှာ ဆရာကောင်း မရှိရင် ငါ ရ … အာ … ဒီအကြောင်းအရာကို ပြောနေတာတော်ပြီ။ အဲ့ဒါကို တွေးကြည့်ရုံနဲ့ ရင်ထဲကို မကောင်းတော့ဘူး။”

"အဲ့ဒါကို မင်းက ဝမ်းနည်းနေတုန်းပဲလား။ မင်းမှာ ခြစ်ရာတွေလောက်ပဲလို့ ရခဲ့တယ်လို့ ထင်နေတာ။ ဒါနဲ့ ချန်းကျီကျုံးမှာ ဆရာသခင်ကောင်းတစ်ယောက် ရှိတယ်လို့ မင်းပြောလိုက်တာလေ … အဲ့ဒါက ဘယ်သူလဲ။"

"မင်းသိချင်လား။"

"သိချင်တယ်။"

"ဟမ့် … ငါ မင်းကို မပြောဘူး။ မင်းက ငါလီလောင်ရှန်းကို ရယ်ဝံ့တယ်။ မင်းအပြစ်ပဲ။"

“ဘုရားသခင်…”

သူတို့စကားပြောနေကြရင်း လီလောင်ရှန်း၏ ကျေနပ်နေသောအမူအရာများ ရုတ်တရက် ရပ်တန့်သွားကာ သူ၏ဝလွန်းသောခန္ဓာကိုယ်သည် လျင်မြန်စွာ ထရပ်လိုက်ပြီး သူ့သူငယ်ချင်း၏ မင်သက်နေသော မျက်လုံးများအောက်တွင် သူသည် ခန်းမ၏အဝင်ပေါက်ဆီသို့ အမြန်ပြေးသွားခဲ့သည်။

“ဘာရီး … ဖက်တီးလီရဲ့ခန္ဓာကိုယ်က အဆီတွေနဲ့ ပြည့်နေတာတောင် သူက လျင်မြန်ပြီး လိုက်လျော ညီထွေ ရှိသလား။”

ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားက တံတွေးမျိုချပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

လီလောင်ရှန်းသည် ထန်ရှုနှင့် မီတာတစ်ဒါဇင်အကွာသို့ ရောက်သောအခါ သူ၏ထန်းရွက်ဖြင့် ပြုလုပ်ထားသော ယပ်တောင်အား ဝှေ့ယမ်းပြီး

"ယို့ … ညီအစ်ကိုထန် … ဒီကို လာ။ ဟားဟားဟား … ဒါဟာ တကယ်ကို ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ။ ငါတို့ ညီအစ်ကိုတွေ တကယ်ရေစက် ရှိနေတာပဲ။”

ထန်ရှု ခေါ်သံကြားသဖြင့် လှမ်းကြည့်ရာ လီလောင်ရှန်းကို မြင်လိုက်ရသဖြင့် မရယ်ဘဲ မနေနိုင်တော့ချေ။ သည်လူက သိုင်းပညာရှင်တစ်ယောက် ဖြစ်သောကြောင့် ဒီမြေအောက်တိုက်ခိုက်ရေး ပြိုင်ပွဲနေရာသည် လီလောင်ရှန်း တကယ်စိတ်ဝင်စားမည့် အရာတစ်ခု ဆိုသည်ကို သူ မေ့နေပေသည်။

"အစ်ကိုလီ … ခင်ဗျားနဲ့ နောက်ဆုံးတွေ့တာ လအနည်းငယ်တောင် ကြာနေပြီ။ ဒါပေမယ့် ကိုယ်အလေးချိန် ပြန်တက်လာပြန်ပြီလား။"

လီလောင်ရှန်းနှင့် ထန်ရှုတို့သည် အားရပါးရ ပွေ့ဖက်ကာ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် လွှတ်ပေးလိုက်ကြပြီး လီလောင်ရှန်းက ကျယ်လောင်စွာ ရယ်မောကာ

“အဲ့ဒါက တကယ်ကို မတတ်နိုင်ဘူး။ မင်းအစ်ကိုကြီးက အမြဲတမ်း ရေအေးသောက်တာလေ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှ လုပ်လို့မရဘူး။ ကံကောင်းထောက်မလို့ ငါ့ရဲ့အိုမင်းတဲ့ခါးလေးက ကောင်းကောင်း အလုပ်လုပ်နေသေးလို့ပေါ့။ နို့မဟုတ်ရင် ငါ ရေအေး ထပ်သောက်ရဲတော့မှာ မဟုတ်ဘူး။"

အာ့ ... ထန်ရှု ငိုရမလို ရယ်ရမလိုဖြစ်သွားကာ ထိုသူအား မျက်လုံးသာ လှိမ့်ပြမိသည်။ သူရဲ့အိုမင်းသောခါးက ကောင်းကောင်း အလုပ်လုပ်နေသေးတယ်ဆိုတာ ဘာလဲ။ အဲ့ဒါသာ ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် အသက်ရှင်နေသော မိန်းမစိုးတစ်ယောက် ဖြစ်ရုံပဲလို့ ဆိုချင်တာပေါ့လေ။

လီလောင်ရှန်းသည် ထန်ရှု၏နံဘေးမှ ကျိမုကို တစ်ချက် ကြည့်လိုက်ကာ

"အာ … ဒါ မင်းရဲ့သူငယ်ချင်းလား ညီအစ်ကိုထန်…။"

"ဟုတ်တယ်။ သူက ချန်ရှီက ကျိမိသားစုရဲ့ သခင်လေးပါ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ "ကျိမု … ဒါက လီလောင်ရှန်း … အစ်ကိုလီ။"

“မင်္ဂလာပါ အစ်ကိုလီ။” ကျိမုက အလျင်စလို နှုတ်ဆက်သည်။

"ကျိမိသားစုရဲ့ ကောင်လေး … ကောင်းတယ် … ကောင်းတယ်။" လီလောင်ရှန်းက ပြုံးလိုက်သည်။ "မင်းမိသားစုက ကျိချွန်းလေ့က ငါနဲ့ နည်းနည်း ရင်းနှီးတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀လောက်တုန်းက ငါတို့တွေ ပဋိပက္ခ ဖြစ်ခဲ့ကြတာပေါ့။ နောက်တော့ ငါတို့ကောင်တွေ တခြားတစ်ယောက်ကို တိုက်ခိုက်ဖို့ လက်တွဲပြီးနောက်ပိုင်း လက်သီးတွေကြားထဲက သူငယ်ချင်းတွေ ဖြစ်သွားကြတာကွ။”

ကျိချွန်းလေ့လား … ကျိမု၏ရင်ထဲ တုန်လှုပ်သွားသည်။ အဲ့ဒါ ငါ့အဖေလေ…။

ထိုအချိန်တွင် သူသည် လီလောင်ရှန်း၏သွင်ပြင်ပုံစံအား သေချာအကဲခတ်ကြည့်မိသည်။ သူ့အဖေသည် အပေါ်ယံတွင် လိုက်လျောညီထွေရှိသူတစ်ယောက် ဖြစ်သော်လည်း အရိုးထဲထိ မာနကြီးသူ ဖြစ်ပြီး လီလောင်ရှန်းမှာမူ သူ့အား ပုံမှန်အတိုင်း မိတ်ဖွဲ့နိုင်သည်ကို တွေ့ရပေသည်။

ဟန်ကျင်းဝူအား ခေါ်ဆောင်သွားသော ရှောင်ယင် ပြန်ရောက်လာပြီး

"လူကြီးမင်းတို့ … ရှင်တို့ စကားပြောရတာ ပိုအဆင်ပြေအောင် ကျွန်မ လူကြီးမင်းတို့ကို ထိုင်ခုံနေရာ အရင်ခေါ်သွားပေးရမလားရှင့်။"

လီလောင်ရှန်းသည် ထန်ရှု၏လက်ထဲက ခုံနံပါတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ယင်ကို ပြန်ပေးလိုက်သည်။

“ငါက ၁၂၈ပါ။ သူတို့ကို ငါ့ဘေးနားက ထိုင်ခုံနေရာကို ပြောင်းဖို့ ကူပြီးစီစဉ်ပေးပါဦး။"

“ဒါက …” ရှောင်ယင် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ထန်ရှုတို့၏ထိုင်ခုံကတ်များကို ယူကာ အပြင်ဘက်သို့ အမြန်ပြေးသွားခဲ့သည်။

လီလောင်ရှန်းသည် ထန်ရှု၏ပခုံးကို ဖက်ကာ သူတို့အား သူ့ထိုင်ခုံနေရာရှိသော နောက်တန်းသို့ စိတ်အားထက်သန်စွာ ခေါ်သွားပြီး သူ့သူငယ်ချင်းနှင့် ထန်ရှုကို မိတ်ဆက်ပေးလိုက်သည်။

ထိုလူ၏အမည်မှာ ချူရွှဲ့ချန်ဖြစ်ပြီး မြောက်ပိုင်းဒေသရှိ စက်ယန္တရားလုပ်ငန်း၏ခေါင်းဆောင်ဖြစ်သော ပေ့ကုန်အုပ်စု၏သူဌေး ဖြစ်သည်။ ထိုလူသည် လီလောင်ရှန်းနှင့်ယှဉ်နိုင်သည့် ချမ်းသာကြွယ်ဝမှု ရှိသော်လည်း လူ့အဖွဲ့အစည်းတွင် သူ့ကိုယ်သူ သိုသိုသိပ်သိပ်ပုံစံဖြင့်သာ အမြဲပြုမူလုပ်ဆောင်တတ်ပေသည်။

***

All Chapters