မထိန်းချုပ်ထားသော လောင်းကစား
Vol. 52 Ch. 725
မြေအောက်တိုက်ခိုက်ပွဲသည် ည၈ နာရီတွင် ကျင်းပမည်ဖြစ်သော်လည်း ဧည့်သည်များသည် ခုနစ်နာရီခွဲမတိုင်မီ ခန်းမအတွင်း ထိုင်ခုံများကို အပြည့်အ၀ နေရာယူထားပြီးဖြစ်သည်။ ဧည့်ပရိသတ်အရေအတွက်က မများသည့်တိုင် အယောက် ၄၀၀ ကနေ ၅၀၀ အထိ ရှိနေပါသေးသည်။ ထန်ရှုကိုယ်တိုင်က သည်လိုပွဲမျိုးတွင် တစ်ခါမှ မပါဝင်ဖူးသောကြောင့် အနက်ရောင်မဲပေးခြင်းနှင့် လောင်းကစားခြင်းလိုမျိုး ထိုနေရာ၏ ပြောစရာမလိုသော စည်းမျဉ်းအချို့ကို နားမလည်ခဲ့ချေ။
"မင်း ဂိမ်းအကြီးကြီး ကစားမှာလား ညီအစ်ကိုထန်။" လီလောင်ရှန်းက အဆီပြန်နေသော သူ့မျက်နှာအား သုတ်ကာ စူးစမ်းလိုက်သည်။
ထန်ရှုက အူကြောင်ကြောင်ဖြင့် စိုက်ကြည့်လာပြီး "ဘာဂိမ်းတွေလဲ။"
"လောင်းကစားလေ ကိုယ့်လူ။ မင်း မကစားဘူးလို့ ငါ့ကို မပြောဘူးမလား။" လီလောင်ရှန်းက ပြောသည်။
ထန်ရှုက သူ့ကို တန်းမဖြေဘဲ မျက်မှောင်ကြုတ်ကာ “မြေအောက်တိုက်ပွဲတွေကို ကြည့်နေရင်းနဲ့ လောင်းကစားလို့ရတာပဲလား။”
လီလောင်ရှန်း ပြောစရာ စကားမဲ့သွားကာ မျက်လုံးသာ လှိမ့်ပြလိုက်တော့သည်။
တစ်ဖက်တွင် ထိုင်နေသော ချူ ရွှဲ့ချန်က အပြုံးဖြင့် ရှင်းပြလာသည်။
"ညီအစ်ကိုထန်က မြေအောက်တိုက်ပွဲကို တစ်ခါမှ မတက်ရောက်ဖူးပုံပဲ။ တကယ်တော့ မြေအောက်တိုက်ပွဲတစ်ခုစီရဲ့ အဓိကရည်ရွယ်ချက်က ချမ်းသာတဲ့သူတွေကို လောင်းကစားဖို့ အခွင့်အလမ်း ပေးတာလေ။ လူတိုင်းက သိုင်းပညာ တတ်မြောက်ဖို့ အိပ်မက်ရှိကြပေမယ့် သူတို့မှာ စွမ်းရည်မရှိကြဘူး။ ဒါကြောင့် ကြိုးဝိုင်းထဲက ရှိသမျှတိုက်ပွဲတွေမှာ သူတို့ကိုယ်သူတို့ အစားထိုးလိုတဲ့ တိုက်ခိုက်ရေးသမားတွေကို သူတို့ကိုယ်ထဲက ဆူပွက်နေတဲ့သွေးတွေနဲ့အတူ ပိုက်ဆံတွေ ပုံအောပြီး လောင်းကြတယ်။ ပြတ်ပြတ်သားသားပြောရရင် သူတို့က စိတ်လှုံ့ဆော်မှုနဲ့ စိတ်လှုပ်ရှားမှုကို ရှာချင်ကြတာ။”
ထန်ရှုသည် လျှပ်တပြက်အတွင်း သဘောပေါက်သွားပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။
“အရင်က မြေအောက်တိုက်ပွဲကို တစ်ခါမှ မကြုံဖူးဘူးဆိုတော့ ဒါကို ကျွန်တော် တကယ် မသိလိုက်ဘူး။ ဒါဆို အကိုတို့နှစ်ယောက်ကော။ လောင်းကစားဖို့ အဆင်သင့်ပဲလား။"
"ဒါပေါ့။ ငါက ဒါဇင်နဲ့ချီတဲ့ ပွဲတွေကို လောင်းထားပြီးပြီ။ ဒီနောက်ဆုံးပွဲတွေကို ငါ ဘယ်လိုလက်လွတ်ခံနိုင်မလဲ။" လီလောင်ရှန်းက ဝင့်ကြွားစွာ ပြောသည်။
“နောက်ပြီး ငါ အကြိုက်ဆုံး တိုက်ခိုက်ရေးသမား သံလက်သီးကျင်းကန်က သိုင်းဆရာကြီးအဆင့်ကို ကျော်လွန်လုနီးပါး ခွန်အားရှိတယ်။ သူက ထိပ်သီးနှစ်ယောက်မှာ အဆုံးသတ် လုပ်ပေးလိမ့်မယ်လို့ လောင်းကြေးထပ်ရုံတင်မကဘဲ ချန်ပီယံဖြစ်ဖို့တောင် ငါ သေချာတယ်။”
"ဟင့်အင်း … ငါကတော့ မထင်ဘူး။" ချူရွှဲ့ချန်က ခေါင်းကို ယမ်းလိုက်ကာ အပြုံးဖြင့် ဝင်ပြောလိုက်သည်။ "သံလက်သီးကျင်းကန်က စူပါလူသားဆန်တဲ့ စွမ်းအားနဲ့ သူ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ လက်သီးချက်ပြင်းပြင်းကို ပိုင်ဆိုင်ထားတာတော့ မှန်တယ်။ ဒါပေမယ့် သူ့ပုံစံက အရမ်းမာကျောတော့ ပျော့ပျောင်းတဲ့ ပုံစံနဲ့ တိုက်ခိုက်တဲ့သူကို ရင်ဆိုင်ရရင် ခက်ခက်ခဲခဲ ရုန်းကန်ရမှာ သေချာတယ်။ နောက်ပြီး ဒီထိပ်သီးလေးယောက်ထဲမှာ အဲ့ဒီလို ပျော့ပျောင်းတဲ့ ပုံစံနဲ့တိုက်ခိုက်တတ်တဲ့ မိန်းမလျာလေး ဝူထုံလည်း ရှိတယ်။ သူ့ရဲ့ချည်နှောင်ပိုးသားလက်များနဲ့ ၁၈လမ်း ခြေကန်ချက် တိုက်ကွက်တွေက သံလက်သီး ကျင်းကန်ကို ထိန်းထားနိုင်တဲ့ အပိုင်ကွက်တွေပဲ။ သူတို့နှစ်ယောက် တိုက်ကြရင် ဘယ်သူ အနိုင်ရမယ်ဆိုတာ ပြောဖို့ခက်တယ်။”
"လီထုံလို့ခေါ်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် ရှိတယ်လို့ ကြားတယ်။ သူက အရမ်း အစွမ်းထက်လား။" ထန်ရှုက မေးလိုက်သည်။
လီလောင်ရှန်းနှင့် ချူရွှဲ့ချန်တို့သည် တစ်ပြိုင်နက်တည်း အကြည့်ချင်းဖလှယ်ကာ ခေါင်းယမ်းလိုက်ကြပြီးနောက် “ညီအစ်ကိုထန် … လီထုံက တကယ်ကို အစွမ်းထက်တယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သိုင်းဆရာကြီးအဆင့်ကို ချိုးဖြတ်ပြီးသွားပြီ။ သူရဲ့သိုင်းပညာပုံစံက တအား ရက်စက်ကြမ်းကြုတ်တယ်။ ကောက်ကျစ်စဉ်းလဲပြီး ကြမ်းတမ်းလွန်းတယ်။ အသေသတ်တဲ့ လူစားမျိုးပဲ။ သူ ရိုက်တာခံရရင် သေရင် သေ … မသေရင် မသန်မစွမ်း ဖြစ်သွားမယ်။ ဒါပေမယ့် သူက သံလက်သီး ကျင်းကန်နဲ့ မိန်းမလျာလေး ဝူထုံထက် ပိုညံ့တယ်လို့ ငါ ထင်တယ်။”
ထန်ရှုက စကားမပြောဘဲ ခေါင်းညိတ်ပြသည်။
လီလောင်ရှန်းက ထပ်မေးလိုက်သည်။
"မင်း လောင်းမယ် မလောင်းဘူး… မပြောသေးဘူးနော် ညီအစ်ကိုထန်။ လောင်းကြေး ထည့်ဖို့ စင်မြင့်အနောက်ကို ငါတို့ သွားတော့မယ်။ မင်း ငါနဲ့ လိုက်ချင်လား။"
"ခင်ဗျားတို့အားလုံး ကစားနေကြပြီဆိုတော့ ကျွန်တော်လည်း ပါမှာပေါ့။ ကျိမု … မင်းရော ဘယ်လိုလဲ။"
“ငါလည်း ပါမယ်။” ကျိမုက ပြောသည်။
သူတို့အားလုံး လျင်မြန်စွာဖြင့် စင်မြင့်အနောက်ဘက်ရှိ ဝန်ထမ်းတစ်ဒါဇင်ကျော် ဝန်ဆောင်မှုပေးနေသော ကျယ်ဝန်းပြီး ရှည်လျားသည့် ကောင်တာစားပွဲကြီးဆီသို့ အမြန်ရောက်လာသည်။ သန်မာတောင့်တင်းသော လူတစ်ဒါဇင်ခန့်သည် သတိအနေအထားဖြင့် စောင့်ကြပ်နေကြသော်လည်း လောင်းကြေး ထည့်ကြသော ဧည့်သည်တော်များကို နှုတ်ဆက်သည့်အခါတွင်မူ ဖော်ရွေသောအမူအရာကို ပြသနေကြဆဲဖြစ်သည်။
"သူဌေးလီ … သူဌေးချူ … ကြိုဆိုပါတယ်။ လောင်းကြတော့မှာလား။ နောက်ပြီး ဒီလူချောလေးနှစ်ယောက်ရော လောင်းကြမယ်မလား။”
လီလောင်ရှန်းတို့အဖွဲ့ ရောက်လာသောအခါ ဝန်ထမ်းများက ချက်ချင်း နွေးထွေးစွာ နှုတ်ဆက်ကြသည်။
လီလောင်ရှန်းက ရယ်ရယ်မောမောဖြင့်
“အသေအချာပေါ့။ ဒီလိုကစားဖို့ အခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရင် အချိန်ကောင်းကို ဖြုန်းတီးပစ်လိုက်ရသလိုပဲ။ ငါ လောင်းမယ် … ပင့်ကူနက် … ငါ လောင်းမယ် …”
သူက ရုတ်တရက် ထန်ရှုကို လှည့်ကြည့်လိုက်ပြီး
"အာ… ညီအစ်ကိုထန် … မင်းက ဘယ်သူ့ကို လောင်းမယ်ဆိုတာ မပြောသေးဘူး မဟုတ်လား။"
"ဟန်ကျင်းဝူ" ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်။
လီလောင်ရှန်း အံ့အားသင့်သွားသည့်နည်းတူ ချူရွှဲ့ချန်သည်လည်း ထူးဆန်းသောအမူအရာ ဖြစ်နေသည်။ သူတို့အမြင်တွင် ဟန်ကျင်းဝူသည် နောက်ဆုံးပွဲစဉ်ထိ ရောက်အောင် အဆုံးသတ်နိုင်ခဲ့သည်မှာ မမျှော်လင့်ထားသော အံ့အားသင့်စရာ ဖြစ်နေပြီးသားပင်။ ထန်ရှုက သူမကို ရွေးချယ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
မျက်လုံးများကို မှေးစင်းထားရင်း လီလောင်ရှန်းသည် ထန်ရှုကို စူးစူးစိုက်စိုက်ကြည့်ကာ ချက်ချင်းပင် ကစားဝိုင်း၏အလျော်အစားလုပ်သူထံ လှည့်ကြည့်ပြီး
"ပင့်ကူနက် … ဟန်ကျင်းဝူအပေါ် အလျော်အစားက ဘယ်လောက်လဲ။"
“ခုနစ်အချိုးတစ်။” အလျော်အစားလုပ်သူက ဖြေသည်။
လီလောင်ရှန် ရုတ်တရက် ခေါင်း၏အနောက်ကို ကုတ်လိုက်မိသည်။ သည်တစ်ကြိမ် လောင်းမည့် ပမာဏသည် မနည်းချေ … ယွမ်မီလီယံ ၁၀၀ခန့် ရှိပေသည်။ သူသည် ချမ်းသာနေသော်လည်း ဆုံးရှုံးရလျှင် နေမထိထိုင်မသာ ဖြစ်နေဦးမည်ဟု ခံစားမိသည်။ သို့သော်လည်း ထန်ရှု၏ ကြောက်မက်ဖွယ်ခွန်အားနှင့် ဂုဏ်ပုဒ်ကို ပြန်သတိရသောအခါတွင် သူသည် ချီတုံချတုံ ဖြစ်နေပြီးမှ ဘဏ်ကတ်ကို ဆွဲထုတ်ကာ အလျော်အစားလုပ်မည့်သူထံ ပေးလိုက်ကာ
"ဟန်ကျင်းဝူကို နိုင်မယ့်ဘက်က လောင်းကြေး ထပ်မယ်။ ပထမပွဲအတွက် ယွမ်မီလီယံ ၅၀ နဲ့ ဒုတိယပွဲအတွက်လည်း ၅၀ပဲ။”
အလျော်အစားလုပ်မည့် ပင့်ကူနက်က အံ့အားသင့်နေပုံရသော်လည်း သူမက ခေါင်းညိတ်ကာ လီလောင်ရှန်း၏ဘဏ်ကတ်ကို စက်တွင် အမြန်ဖြတ်ဆွဲပြီး ပြေစာကို အမြန်ပေးလိုက်သည်။
ချူ ရွှဲ့ချန်သည် လီလောင်ရှန်းတစ်ယောက် မည်သည့်အတွက်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို နားမလည်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ မီလီယံ၁၀၀ လောင်းကြေးသည် ၎င်းတို့ကို များစွာထိခိုက်စေမည့် အရာမဟုတ်သော်လည်း ဆုံးရှုံးသွားသည့်အခါ ခိုးလို့ခုလု ခံစားရသေးကြောင်း မှတ်ရပေမည်။
ထန်ရှုကြောင့်များလား။
ချူ ရွှဲ့ချန်သည် ထန်ရှုအား စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် သူ အကြိုက်ဆုံး တိုက်ခိုက်ရေးသမားဖြစ်သည့် မိန်းမလျာလေး ဝူထုံအပေါ် လောင်းကြေးတင်ရန် ရွေးချယ်လိုက်သည်။ သူမအပေါ် လောင်းကြေးစုစုပေါင်းမှာ ယွမ်မီလီယံ ၁၀၀ ဖြစ်သည်။
ထန်ရှုသည် သူ၏လောင်းကြေးကိစ္စကို လျင်မြန်စွာ လုပ်ဆောင်လိုက်သကဲ့သို့ ထန်ရှုအား ကောင်းကင်ဘုံသားသဖွယ် ကြည်ညိုနေသော ကျိမုသည်လည်း သဘာဝအတိုင်း ဟန်ကျင်းဝူကို လောင်းကြေးထပ်ခဲ့သည်။ သူသည် မကြာသေးမီက ငွေကြေးများစွာ သုံးစွဲခဲ့လေရာ ယွမ် ၂၀မီလီယံသာ ကျန်တော့သဖြင့် အကုန်လုံးကို လောင်းကြေး ထပ်ပစ်ခဲ့သည်။
“မင်းက တကယ်လုပ်ရဲကိုင်ရဲပဲ ညီအစ်ကိုထန်။ ယွမ် မီလီယံ ၁၀၀လောင်းဖို့တောင် သတ္တိရှိသေးတယ်။ ကြည့်ရတာ ဒီနေ့ ဒီအဘိုးကြီးလီက မင်းနဲ့အတူ ပိုက်ဆံကို ရေတွက်ပေးရမယ့်ပုံပဲ ဟားဟားဟား။" လီလောင်ရှန်းက ရယ်ရယ်မောမော ပြောလိုက်သည်။ သို့သော် သူ၏ရယ်မောမှုသည် အနည်းငယ် ခြောက်ကပ်ကပ်ဖြစ်နေသောကြောင့် ပြိုင်ပွဲတွင် ဟန်ကျင်းဝူ အနိုင်ရမည့် အခွင့်အလမ်းနှင့်ပတ်သက်၍ သံသယ ရှိနေသေးကြောင်း ပြသနေသည်။
ထို့နောက် သူတို့သည် ခန်းမအတွင်းရှိ ၎င်းတို့၏ မူလနေရာများသို့ ပြန်သွားကာ မြေအောက်တိုက်ပွဲ စမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့သည် လောင်းကြေးကို ချထားပြီးသားဖြစ်ပြီး အလျင်မလိုသောကြောင့် ခန်းမအတွင်းရှိ အခြားသော လူချမ်းသာဧည့်သည်များကို နေရာတွင်ထိုင်ကာ အကဲခတ်ကြည့်ရှုရန် အချိန်ရခဲ့သည်။ ရံဖန်ရံခါတွင် သူတို့သည် ရင်းနှီးသောမျက်နှာများကို မြင်ရသည့်အခါ ခေါင်းညိတ်ပြ နှုတ်ဆက်ကြသေးသည်။
အဝင်ဝတွင် ကျိုးချုံနှင့် ချန်းရွိုက်တို့ အတူတူ ဝင်လာကြသည်။ ကျိမုက သူတို့အား အကြိမ်များစွာ ပါးရိုက်ခဲ့သော်လည်း အေးစက်နေသော ရေခဲဖြင့် ပွတ်တိုက်ပြီးနောက် ၎င်းတို့၏မျက်နှာပေါ်ရှိ အနီကွက်များ ပျောက်ကွယ်သွားခဲ့သည်။
"ကျိုးချုံ … မင်း လောင်းမှာလား။"
ချန်းရွိုက်တွင် ပိုက်ဆံအများကြီးမရှိသောကြောင့် ယွမ်တစ်မီလီယံသာ လောင်းရန် ကြံရွယ်ထားသည်။ ကျိုးချုံတွင် ပိုက်ဆံ ပိုရှိမှန်း သူ သိသော်လည်း မည်မျှ လောင်းမည်ကို သူ မသိချေ။
“လောင်းမယ် … ငါ ၅မီလီယံ လောင်းမယ်။ ငါ ရှုံးရင် ဂရုမစိုက်ဘူးဆိုပေမယ့် နိုင်ရင်တော့ ကောင်းလိမ့်မယ်။ ငါ ဒီနေ့ စိတ်မကြည်ဘူး။ ဒီစိတ်ပျက်စရာကောင်းတဲ့ ခံစားချက်ကို ဖြေဖျောက်ဖို့ သွေးထွက်သံယို တိုက်ခိုက်ကြတာကို မြင်ချင်တယ်။"
ချန်းရွိုက်က ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများက ခန်းမထဲက ပရိသတ်ကို အမြန်ကြည့်လိုက်သည်။ သူ့အကြည့်ကို ပြန်ရုတ်သိမ်းတော့မည့်အချိန်၌ ထန်ရှုနှင့် ကျိမုအား တိုက်ဆိုင်စွာဖြင့် ရုတ်တရက် တွေ့လိုက်ရသည်။
"ညာဘက်နောက်ထောင့်ကို ကြည့်လိုက် ကျိုးချုံ။"
ကျိုးချုံ အံ့အားသင့်သွားပြီး လိုက်ကြည့်မိသည်။ ထန်ရှုနှင့် ကျိမုတို့အား တွေ့လိုက်သောအခါ ချက်ချင်း မျက်နှာပျက်သွားကာ သူ့ကံဆိုးမှုအတွက် တိတ်တဆိတ် ဆဲဆိုမိတော့သည်။ သို့သော်လည်း သူက မမြင်ဟန်ဆောင်လိုက်ကာ ထိုင်ခုံနံပါတ်ယူရန် ဝန်ထမ်းအနောက်သို့ အလျင်အမြန် လိုက်သွားလိုက်ပြီး စင်အနောက်ရှိ လောင်းကစားကောင်တာသို့ သွားရန် စီစဉ်ခဲ့သည်။
ထိုအချိန်တွင် ထိုင်ခုံအားလုံး နေရာပြည့်နေပြီ ဖြစ်ပြီး သူတို့သည် နောက်ကျမှ ရောက်လာသောကြောင့် ကြည့်ရှုရန် နောက်ဆုံးတွင်သာ ရပ်ကြည့်ရမည်ဖြစ်သောကြောင့် နှစ်ယောက်စလုံး ကူကယ်ရာမဲ့ခဲ့ရပေသည်။
ရှစ်နာရီတိတိ …
လီလောင်ရှန်းမှ 'ပင့်ကူနက်' ဟုခေါ်သော လောင်းကစား အလျော်အစား လုပ်သူသည် ခန်းမဆောင်အလယ်ရှိ ကြိုးဝိုင်းထဲသို့ ဝင်လာပြီးနောက် သူမသည် မိုက်ခရိုဖုန်းကိုယူကာ တောက်ပသော အပြုံးဖြင့် "ဂုဏ်သရေရှိ လူကြီးမင်းများရှင် … ကျွန်မတို့ရဲ့ မြေအောက်တိုက်ပွဲနောက်ဆုံးပွဲစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်မက ပင့်ကူနက်ဖြစ်ပြီး ဒီညအတွက် တင်ဆက်သူပါ။
“အရင်ဆုံး ဒီနေ့ည ပြိုင်ပွဲဝင်လေးယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ တကယ်တော့ ဒီတိုက်ခိုက်ရေးသမားတွေရဲ့အသေးစိတ်အချက်အလက်အားလုံးကို လူတိုင်းသိပြီးသားဆိုတာ သေချာပါတယ်။ တစ်ချို့က သိရုံတင်မကဘဲ အရမ်းရင်းနှီးကြပါတယ်။ ဒါကြောင့်မို့ ဆူဆူညံညံ မလုပ်ကြဘဲ ပထမဦးဆုံး တိုက်ခိုက်ရေးသမား … ကျေးဇူးပြု၍ စင်ပေါ်ကို လာခဲ့ပေးပါ။”
သူမ၏စကားသံဆုံးသွားသည်နှင့် စင်မြင့်၏အနောက်ထွက်ပေါက်မှ ကြောက်မက်ဖွယ်ကောင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ထိုအမျိုးသားသည် မျက်နှာပေါ်တွင် တောင်တက်ကင်းခြေများသဖွယ် အမာရွတ်များရှိခဲ့ပြီး သူ၏အသွင်အပြင်မှာ ထူးထူးခြားခြား သားရဲကောင်ကြီးသဖွယ် ကြမ်းတမ်းနေပုံပေါ်သည်။
"သားရဲကြီး လီထုံ…"
သူဌေးများလည်း ခန်းမထဲတွင် အော်ဟစ်နေကြပြီဖြစ်သည်။
သားရဲကြီးဟု နာမည်ပြောင်တွင်သည့် လီထုံသည် ခက်ထန်ကြမ်းကြုတ်မှု၊ ရက်စက်မှုတို့နှင့် အဓိပ္ပါယ် တူပေသည်။ သူ့နာမည်တစ်ခုတည်းနှင့်ပင် သည်ချမ်းသာသောလူများစွာက သူ အနိုင်ရမည်ဟု ထင်မြင်ကြသည်။ သူ၏ယခင်လက်သီးပုံစံနှင့် တွဲလျက် ဤချမ်းသာသူများ၏ထက်ဝက်နီးပါးသည် ပြိုင်ပွဲတွင် အနိုင်ရရန် သူ့အပေါ် လောင်းကြေးထပ်ကြသည်။
“ငါ့ပြိုင်ဘက်တွေအတွက် ဒီညက သေရင်သေ၊ မသေရင် မသန်မစွမ်းဖြစ်ပြီး သူတို့ရဲ့သွေးတွေကို ငါ့ကိုယ်ပေါ် သုတ်လိမ်းဖို့ပဲ။”
လီထုံသည် ကွင်းထဲသို့ ဝင်လာပြီး သူ၏လက်သီးများကို ဝှေ့ယမ်းကာ ကြုံးဝါးလိုက်သည်။
လီထုံ၏ယုံကြည်ချက်ကြောင့် ပရိသတ်များထဲမှ သူ့အပေါ် လောင်းကြေး ထပ်ထားသော ချမ်းသာသူများသည် အော်ဟစ်နေကြသည်။ သူတို့၏ကြမ်းကြုတ်ရက်စက်သော သဘာဝကို ဖော်ပြရန် ထိုသူတို့သည် ယခင်က စီးပွားရေး သဘောတူညီဆွေးနွေးမှုများတွင် အသုံးပြုခဲ့ကြသော ဟန်ဆောင်မျက်နှာဖုံးများအားလုံးကို ချွတ်လိုက်ကြပြီဖြစ်သည်။
ဒုတိယဝင်လာသူသည် မိန်းမလျာလေး ဝူထုံ ဖြစ်သည်။ သူသည် ယောက်ျားတစ်ယောက် ဖြစ်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ယောက်ျားလည်း မဟုတ်ချေ။ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှုခံယူပြီးနောက်တွင် သူသည် သူ့အမည်နှင့် လွန်စွာ လိုက်ဖက်သည်ဟု ဆိုနိုင်သည်။
"ငါ့ကို ချန်ပီယံဆု မရအောင် တားထားတဲ့သူတွေကို ညှာတာမှု မရှိဘဲ ငါသတ်မယ်။"
ဝူထုံ၏ပါးစပ်မှ ထွက်ပေါ်လာသော အေးစက်စက် အသံတစ်ခုနှင့်အတူ သူ့မျက်လုံးများမှ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူ့အကြည့်နှင့် ဆုံမိသော သူဌေးတိုင်းသည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံရသကဲ့သို့ ထိတ်လန့်တုန်လှုပ်ကာ ကြက်သီးများထလာကြပြီး ကျောရိုးများ စိမ့်အောင် အေးစက်သွားကြသည်။
တတိယတစ်ယောက်သည် သံလက်သီးကျင်းကန် ဖြစ်ပြီး သူသည် ရန်လိုကာ မာနကြီးသူလည်း ဖြစ်သည်။ ကွင်းထဲသို့ သူ ဝင်လာစဉ်တွင် သူ၏ဝတ်ရုံကို ဆုတ်ဖြဲကာ ကြေးဝါရောင်ပေါက်နေသော သူ၏ခန္ဓာကိုယ်အထက်ပိုင်းကို ထုတ်ဖော်ပြသလိုက်ပြီး “ငါက သံလက်သီးကျင်းကန်။ ဒီနေ့ ပြိုင်ပွဲမှာ ပြိုင်ဘက်တွေရဲ့ခေါင်းတွေကို ငါ ချိုးပြီး ခြေလက်အင်္ဂါတွေကို ဆုတ်ဖြဲပစ်မယ်။ သူတို့ရဲ့နှလုံးကို ထုတ်ပြီး မင်းတို့အရှေ့မှာ ငါ စားပြမယ်။"
"ကျင်းကန် … (ကျင်းကန်…)"
"သံလက်သီး… (သံလက်သီး…)"
များပြားလှသော အသံများက သူ့ကို ကျယ်လောင်စွာ အော်ဟစ် အားပေးကြသည်။ သူ အနိုင်ရရန် လောင်းကြေးငွေများ ထည့်ထားသော သူဌေးများက မတ်တပ်ထရပ်ပြီး သွေးဆူနေသော လက်သီးများကို ဝှေ့ယမ်းကြသည်။
စတုတ္ထဝင်လာသူသည် ဟန်ကျင်းဝူဖြစ်သည်။ သူမသည် လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားကာ ဆံပင်ရှည်ရှည်နှင့် ရဲရင့်သော မိန်းမချောလေးတစ်ယောက်အလားပင်။ သူမသည် အေးစက်သောအမူအရာဖြင့် ကြိုးဝိုင်းထဲသို့ ဝင်လာကာ လှည့်ပတ်ကြည့်လိုက်သည်။ ခန်းမထဲတွင် ထန်ရှုကို သူမ တွေ့လိုက်ရသဖြင့် သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာပြီး
"ဒီနေ့ ငါ့ရဲ့ပြိုင်ဘက်တွေက သူတို့တွေ မဟုတ်ဘူး … ငါကိုယ်တိုင်ပဲ။ ငါ အနိုင်ရရင် ရင်ကော့ပြီး ဝင့်ဝင့်ကြွားကြွား ထွက်သွားမယ်။ ငါ ရှုံးရင် ငါ့အလောင်းပဲ ကျန်ခဲ့လိမ့်မယ်။”
ယခုတစ်ကြိမ်တွင် သူဌေးလက်တစ်ဆုပ်စာမျှသာ တုံ့ပြန်ခဲ့သည်။ သူဌေးအများစုက သူမကို မျက်နှာသာမပေး၊ အကောင်းမြင်စိတ် မရှိကြပေ။ သူမအပေါ် အလောင်းအစားလုပ်သူများ၏ ၆၀%သည်ပင် သူမ၏ချောမောသော ရုပ်ရည်ကြောင့်သာ လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။
***